no

Font
Theme

Chapter 24.1

“အစားပုပ်”

အန်ဖျင်ခရိုင်ရှိ ထင်ကျင့်စားသောက်ဆိုင်၌။

.

ဆိုင်ရှင်ချန်က မကြာသေးခင်က ပျော်ရွှင်ခဲ့ရပြီး တစ်ချိန်တည်းမှာ စိတ်ဆင်းရဲနေခဲ့သည်။ သူ​ဌေးက သူ့စာကိုရပြီးနောက် အမြန်ပြန်လာခဲ့သည်။ တစ်ဆိုင်လုံး ဧည့်သည်ပြည့်နေလို့ ကျေနပ်ခဲ့ပေမယ့် သူက ဆိုင်ရှင်ချန်၏နောက်ကနေ သိုလှောင်ခန်းကို လိုက်သွားသောအခါ သူ့မျက်ခုံးကလည်း ဆိုင်ရှင်ချန်လိုပင် ရှုံ့တွသွားသည်။

သူဌေးက အရမ်းငယ်ပြီး အသက်နှစ်ဆယ်လောက်သာရှိသည်။ သူက ဘရိုကိတ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လူချမ်းသာသခင်လေးနဲ့တူ၏။ သို့ရာတွင် ယခုချိန်မှာ သူက သခွားသီးကိုင်ကာ ကတိုက်ကရိုက် ဝါးစားနေသည်။

သူက ကိုက်ပြီးနောက် မရပ်တန့်နိုင်ဖြစ်နေ၏။ ယခုမူ ထင်ကျင့်စားသောက်ဆိုင် ဘာကြောင့် အရှိန်ပြင်းပြင်းတိုးတက်လာသည်ကို နားလည်ခဲ့လေပြီ။ ဟင်းလျာ၏အရသာကြောင့် စားသုံးသူများက ပြန်လာစားဖို့ ဆန္ဒရှိကြသည်။

ယာယီအခက်အခဲကို ဖြေရှင်းထားပြီးဖြစ်သော်လည်း ယခုချိန်တွင် ပိုအရေးကြီးသော ပြဿနာမှာ နောက်ဆက်တွဲ ရိက္ခာထောက်ပံ့မှုဖြစ်သည်။ မဟုတ်ပါက သူတို့စားသောက်ဆိုင်၏လုပ်ငန်းက ယခင်အဆင့်သို့ ပြန်ရောက်သွားမှာပင်။

“ဆိုင်ရှင်ချန် အဲ့ဒီနေ့က ဘာဖြစ်ခဲ့တာလဲ ကျုပ်ကိုထပ်ပြောပါဦး”

သူဌေးက ဦးဆောင်ပြီး သိုလှောင်ခန်းအပြင်ထွက်သွားခဲ့သည်။ ဆိုင်ရှင်ချန်က နောက်မှလိုက်ထွက်သွားပြီး ထိုနေ့က ဖြစ်ရပ်အသေးစိတ်အပါအဝင် သူ့စိတ်ထဲက သံသယနှင့် မည်သူမည်ဝါဖြစ်ကြောင်း ထင်မြင်ကြေးကို ပြန်ပြောပြခဲ့သည်။

သူတို့အောက်ဆင်းလာသောအခါ သူဌေးက သူ့မျက်ခုံးကြားကို လက်ချောင်းဖြင့် ဖိလိုက်သည်။ ဖော်ပြချက်များအရ အစားအသောက်ပေးပို့သူမှာ သူတို့ကို သက်ဆိုင်ရာအချက်အလက်များ မပေးခဲ့ပေ။ သူတို့ဘယ်မှာသွားရှာရမလဲ?

“သခင်လေး ..” ဆိုင်ရှင်ချန်က ဆက်ပြောလိုက်သည်။ “ အနောက်စျေးက ပန့်ကျီးအိမ်မှာ အဲ့ဒီဖူလန်က နွားလှည်းငှားခဲ့တာကိုပဲ ကျွန်တော်တို့သိခဲ့ရသည်။ ဒါပေမယ့် သူဘယ်ကလာလဲ ဘယ်သူမှမသိကြဘူး။ အရင်နှစ်ရက်မှာ မင်လန်ကျွီက အဲ့ဒီလူဘယ်ကိုသွားလဲနဲ့ ဟင်းသီးဟင်းရွက်တွေကို ဘယ်ကရခဲ့လဲ လျှို့ဝှက်စုံစမ်းနေတာ။”

ထင်ကျင့်စားသောက်ဆိုင်က ဟင်းလျာအရသာများမှာ အင်မတန်တိုးတက်လာပြီး စားဖိုမှုးပြောင်းလဲမှုမရှိခဲ့၍ ထင်ကျင့်စားသောက်ဆိုင်မှာ စားဖိုမှူးအရသာထက် သာလွန်သော လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်တစ်သုတ်ကို ရရှိထားကြောင်း မင်လန်ကျွီ သိခဲ့ရသည််။

ဆိုင်ရှင်ချန်က ဟင်းသီးဟင်းရွက် မြန်မြန်ကုန်သွားခဲ့တာကို သိခဲ့ရသည်။ လောလောဆယ် တင်သွင်းဖို့ ဘယ်သူ့ကိုမှ ရှာမတွေ့တာကြောင့် သူက အချိန်ဆွဲရန် နေ့စဥ်နေ့တိုင်း အကန့်အသတ်ဖြင့် ရောင်းချမည့် နည်းလမ်းကို စဥ်းစားခဲ့​ပြီး ထိုကောလေးကိုရှာဖို့ လူလွှတ်ထားသည်။ ဤနည်းဖြင့် ထင်ကျင့်စားသော​က်ဆိုင်တွင် လက်ဝယ်ရှိသော ပစ္စည်းများကို ထိန်းသိမ်းရန် ကြိုးစားခဲ့လေသည်။

“အဲ့ဒီလူက သူဘယ်မှာနေလဲဆိုတာ တမင်တကာ ဖုံးကွယ်ထားတာထင်တယ်။ လောင်ချန်… ခင်ဗျားက ဒီကိစ္စမှာ ကောင်းကောင်းလုပ်ခဲ့တယ်။ အရင်ဆုံး ဒီအချိန်ကို ကျော်ဖြတ်ဖို့ ကြိုးစားလိုက်ရအောင်။ နွေဦးစိုက်ပျိုးရာသီလည်း ရောက်တော့မှာဆိုတော့ ကျုပ်တို့ သူ့ကိုရှာတွေ့မှာပါ။ ခင်ဗျားက ဒီမှာနေ။ တစ်ခုခုရှာတွေ့ရင် ကျုပ်ကိုစာပို့လိုက်ပါ။ ကျုပ်အနီးနားဝန်းကျင်မှာ တစ်ချက်ရှာကြည့်ဦးမယ်။”

ထိုလူက ခရိုင်မြို့နှင့် သိပ်မဝေးဘူးလို့ သူဌေးက ယုံကြည်နေသည်။ သို့ပေမယ့် အသီးအရွက်များလာပို့ရာတွင် လောလောလတ်လတ် စိုက််ခင်းထဲမှ ရိတ်သိမ်းထားတာနဲ့တူကြောင်း ဆိုင်ရှင်ချန်က ပြောပြခဲ့သည်။ သို့ဖြစ်၍ လမ်းခရီးက အရမ်းမဝေးလောက်ပေ။

သူဌေးလေးက အနီးနားမှာ ပတ်ရှာကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ နောက်တစ်ကြိမ်ပြန်ဆုံရင် သူက ဟင်းသီးဟင်းရွက်အရင်းအမြစ်ကို သိရဖို့ နည်းလမ်းရှာရမည်။

“ဟုတ်ကဲ့ပါ။ သခင်လေး… အဲ့ဒီဖူလန် ပြန်ပေါ်လာရင် ခင်ဗျားကိုခေါ်ဖို့ ချက်ချင်း​လူလွှတ်လိုက်ပါမယ်။” ဆိုင်ရှင်ချန်က တုံ့ပြန်လိုက်သည်။

.

ထန်ချွန်းမင်က သူရောင်းခဲ့သည့် ဟင်းသီးဟင်းရွက်တွေ ဘာဖြစ်ခဲ့လဲ မသိပါပေ။ ထင်ကျင့်ဆိုင်က သူ့ကိုစောင့်ကြည့်နေပြီး မင်လန်ကျွီကလည်း သူ့ကိုစုံစမ်းနေကြောင်း သတိမထားမိခဲ့ပေ။

သို့ပေမယ့် သူဟာ လယ်သမားတစ်ဦးဖြစ်ပြီး နောက်ခံသူဌေးမရှိသော မုဆိုးဖိုကောတစ်ယောက်ဖြစ်ကြောင်း ဆိုင်ရှင်ချန်က မသိခဲ့​ပေ။ ဆိုတော့ ထန်ချွန်းမင်သိခဲ့လျှင်ပင် သူက တိတ်တဆိတ်သာ ဂုဏ်ယူနေလိမ့်မည်။

ထိုအချိန်တွင် သူက ဟင်းသီးဟင်းရွက်ခြံထဲမှာ ရေလောင်းနေသည်။ သူသည် အရင်ဘဝ၌ လယ်ကွင်းထဲရှိ ဟင်းသီးဟင်းရွက် ကြီးထွားမှုနှုန်းကို အရမ်းမသိသာစေရန် စမ်းရေကို ဘယ်လိုရောစပ်ရမလဲ လေ့လာခဲ့သည်း

ထို့ကြောင့် စမ်းရေက သူ့လက်ချောင်းမှတစ်ဆင့် ရေပုံးထဲကို စီးဆင်းသွားသည်။ ရေလောင်းချပြီးနောက် မြေပြင်ပေါ်က အရွက်နုများက ပို၍စိမ်းလာသည်။

ထန်ချွန်းမင်က ကျန်းရှို့နှင့် သူ့ခင်ပွန်းကို ခြံရှေ့မှာ ခြံစည်းရိုးခတ်ပေးဖို့ အကူအညီတောင်းခဲ့သည်။

မဟုတ်ပါက ကြက်ပေါက်လေးတွေပြေးလွှားကာ အိမ်ကိုညစ်ပတ်စေလိမ့်မည်။ ဤသည်မှာ ယာယီနည်းလမ်းသာဖြစ်၏။ ယခုနေအဆင်ပြေပေမယ့် နွေရာသီမှာ ရာသီဥတုပူလာလျှင် အနံ့ပိုပြင်းလာပြီး ခြင်များနှင့် ယင်ကောင်များကို ဆွဲဆောင်နေလိမ့်မည်။

သူ၏အစီအစဥ်မှာ ကြက်ပေါက်နှင့် သိုးပေါက်လေးများမွေးမြူရန် အနောက်ဘက်က မြေရိုင်းများဝယ်ဖို့ဖြစ်သည်။

မူလက ဤအလုပ်မျိုးသည် မခက်ခဲပဲ တာရှန်က နေ့တစ်ဝက်ဖြင့် လုပ်နိုင်ခဲ့သည်။ သို့သော် ထိုအကြောင်းကို လူသန်ကြီး ယွိမုကြားသွား​၍ လီဖုန်းကိုခေါ်ကာ ကူညီဖို့ရောက်လာသည်။

ထန်ချွန်းမင်က နေရာကျဥ်း၍ လူအများကြီး လာကူလို့မရဘူးလို့ ငြင်းချင်ခဲ့သည်။

သို့ပေသိ ဟင်းသီးဟင်းရွက်ဥယျာဥ်ကို ရေလောင်းပြီးနောက် သူက ရေပုံးကို ခြံရှေ့ပြန်သယ်သွားခဲ့သည်။ ထိုနေရာတွင် ယောကျာ်းကြီးသုံးယောက်က အလုပ်ကြိုးစားနေခဲ့သည်။ သူတို့က အတွေးတစ်ခုရသွားပြီး ထန်ချွန်းမင်အတွက် ကြက်လှောင်အိမ်ဆောက်ပေးဖို့ ဆုံးဖြတ်ခဲ့သည်။

ကျန်းရှို့က ဘေးနားရှိအရာများကို ကူရှင်းပေးနေပြီး ထန်ချွန်းမင်ရောက်လာတာကိုတွေ့တော့ သူက အဝတ်အစားဖုန်ခါပြီး သူနဲ့အတူ ဝင်သွားလိုက်သည်။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ယွိမုက မင်းအိမ်အကြောင်းကို ဘယ်လိုကြားခဲ့လဲသိရဲ့လား? တာမောင်းနဲ့ အာမောင်းပေါ့။ သူတို့နှစ်​ယောက်က ပါးစပ်မပိတ်ထားနိုင်ပဲ မင်းချက်တာအရသာအရမ်းရှိတယ်လို့ ပြောခဲ့တယ်။ အဲ့လူနှစ်ယောက်က အဲ့ဒါကိုတွေးပြီး ရောက်လာတာ။”

ထန်ချွန်းမင်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ “အဲ့ဒါကြောင့်နဲ့လာတာ​ဟုတ်ပါ့မလား?”

“ထားလိုက်ပါ။ ကျွန်တော် နေ့လည်စာအတွက် ပိုချက်ပေးလိုက်မယ်။ အစ်ကိုရှို့နဲ့ တာရှန်လည်း စားသွားပါ။”

“ဟုတ်ပြီ။ ငါလည်း ဝိုင်းကူပေးမယ်။” ကျန်းရှို့က မငြင်းခဲ့ပေ။ သူတို့နှစ်ယောက်က ဆက်ဆံရေးကောင်းသလို တာရှန်ကလည်း အလုပ်တချို့ကူညီပေးနေ၏။”

သို့ပေမယ့် အပြင်ကလူနှစ်ယောက်နဲ့ဆိုလျှင် အခြေအနေက ကွာခြားသည်။ မုဆိုးဖိုကောတစ်ယောက်က အမျိုးသားနှစ်ယောက်ကို တစ်ယောက်တည်းဧည့်ခံရင် ကောလာဟလထွက်သွားလိမ့်မည်။

နှစ်ယောက်သား လက်ဆေးလိုက်ပြီး ထန်ချွန်းမင်က ဝက်သားပြုတ်၊ ကြက်သွန်မြိတ်ကြော်နှင့် ကြက်ဥပြုတ်ခဲ့သည်။

ဝက်အသည်းနည်းနည်းကျန်နေသေး၍ တစ်ခါတည်းစားလို့ရသည်။ အသားဝယ်ပြီးနောက် ထန်ချွန်းမင်က တစ်ယောက်တည်းမစားရဲပေ။ သူက ဖက်ထုပ်လုပ်စားခဲ့ပြီး တစ်ဝက်ကို လက်ဆောင်ပေးပစ်ခဲ့သည်။

ရံဖန်ရံခါတွင် သူက ဝက်သားနည်းနည်းလောက်ကို အပိုင်းပိုင်းလှီးဖြတ်ပြီး အရွက်တချို့နှင့် ရောကြော်လေ့ရှိသည်။ ယနေ့အသားက မနေ့က မြို့ပေါ်က ဝယ်လာခဲ့​တာဖြစ်သည်။

ကြက်သွန်မိတ်နှင့် ဟင်းသီးဟင်းရွက်များကို လယ်ကွင်းထဲမှာ စိုက်ပျိုးခဲ့ပြီး ဥတွေက ကျန်းရှို့အိမ်က ယူလာတာဖြစ်၏။

.

ထန်ချွန်းမင်က သကြားကျိုဖို့ ဆီကိုအပူပေးလိုက်ပြီး ကျန်းရှို့က မီးမွှေးပေးခဲ့သည်။ တုံးထားသောအသားများကို အိုးထဲထည့်လိုက်ပြီး မွှေးပျံသောရနံများ ထွက်လာခဲ့သည်။ အခန်းထဲမှာ စာရေးနေသော ကလေးသုံးယောက်က ငြိမ်ငြိမ်မထိုင်နိုင်တော့ပဲ မီးဖိုးချောင်ထဲပြေးဝင်လာသည်။

“မင်အားမော့ ဘာတွေချက်နေတာလဲ?” အာမောင်း၏အသံက လူဝင်မလာခင်တည်းက ကြားနေရသည်။

“အိမ်ရောက်မှ ဒီပြဿနာအိုးလေးကို တာရှန်နဲ့ ဆူခိုင်းဦးမယ်။”

အာမောင်းက သူ့ကိုဆူနေသော သူ့အားမူကို မျက်နှာမဲ့ပြသည်။ သူ့နောက်မှာ တာ​မောင်းနဲ့ အားလင်းရောက်လာခဲ့သည်။

(အားမူ= ဖခင်(ကော))

အားလင်းကလည်း မီးဖိုပေါ်ကအိုးကို တောက်ပသောမျက်ဝန်းဖြင့် စိုက်ကြည့်နေသည်။ ထန်ချွန်းမင်က ရယ်မောလိုက်သည်။ “ဒီနေ့မင်းတို့အတွက် ဝက်သားပြုတ်ဟင်းချက်ပေးမယ်။ မင်းတို့စားပြီးရင်း စားချင်လာမယ်လို့ အာမခံတယ်။”

အာမောင်းနဲ့တာမောင်းက ဝမ်းသာအားရ ထအော်လိုက်ပြီး တာမောင်းကတော့ ရှက်ကိုးရှက်ကန်းပြုံးကာ မျှော်လင့်ချက်အပြည့်ပင်။

အိုးထဲက အသားက သကြားနဲ့ချက်ထားလို့ ဆွဲဆောင်မှုရှိ​နေသည်။ ထန်ချွန်းမင်က အိုးထဲကို တခြားဟင်းခတ်အမွှေးအကြိုင်များ ထည့်လိုက်သဖြင့် အနံ့ကပိုပြင်းလာခဲ့သည်။

ခြံထဲမှာ အလုပ်လုပ်နေသော လူသုံးယောက်က နှာခေါင်းမရှုံ့ပဲ မနေနိုင်ခဲ့ပေ။ ယွိမုက ပြုံးကာ အကျယ်ကြီးအော်ပြောလိုက်သည်။ “တာမောင်းနဲ့ အာမောင်းပြောတာမှန်တယ်။ အားလင်းရဲ့အားမူက အချက်အပြုတ် တကယ်ကျွမ်းတာပဲ။ ကြည့်… ကျွန်တော် အစ်ကိုကြီးကို ခေါ်လာတာ မှန်သွားတယ်မလား?”

သူက လီဖုန်းကို ဂုဏ်ယူစွာကြည့်လိုက်သည်။

“မင်းအလုပ်မင်းလုပ်။ အလုပ်နည်းနည်းလုပ်ပြီး စားသောက်ဖို့တွေးနေတာ မရှက်​ဘူးလား” လီဖုန်းက မီးဖိုချောင်ဘက် လှမ်းကြည့်လိုက်ပြီး ယွိမု၏ ဂုဏ်ယူနေသောမျက်လုံးကတော့ ညှိုးကျသွားသည်။ သူက ဤနေရာကိုလာကူညီဖို့ အကြောင်းပြချက်ရှာခဲ့ပေမယ့် မင်ကောအာကိုတော့ ဝန်ထုပ်ဝန်ပိုးမပေးချင်ပေ။

“ဒီလိုဆိုရင်ရော?” ယွိမုက အစားကောင်းစားရဖို့ ဝက်ဦးနှောက်ဖြင့်တွေးနေသည်။ သူ့ဦးနှောက်ထဲမှာ အကြံကောင်းတစ်ခုရှိ၏။ “မင်ကောအာမှာ မြေဧကနည်းနည်းရှိတယ်မလား? ကျုပ်တို့နှစ်ယောက် လယ်ထဲမှာ အလုပ်လုပ်ပေးမယ်လေ။ မင်ကောအာက အရသာရှိတာတွေချက်ကျွေး ဘယ်လိုလဲ?”

လီတာရှန်းက အော်ရယ်လိုက်သည်။ သူကလည်း ရိုးသားသူဖြစ်ပြီး သူ့ကောင်လေးနှစ်ယော​က်ကိုလည်း မင်ကောအာက အများကြီးဂရုစိုက်ပေးခဲ့သည်။ သူက အလုပ်လုပ်ကာ ကူညီပေးချင်ခဲ့ပေမယ့် ထိုနှစ်ယောက်ကတော့ အစားတစ်လုပ်ဖြင့် ဆွဲဆောင်ခံလိုက်ရမယ်လို့ မမျှော်လင့်ခဲ့ပေ။

“တာရှန်… ငါပြောတာကိုဘယ်လိုထင်လဲ? ပြီးတော့ မင်ကာအာက ဗိုက်ကြီးနေတော့ လယ်လုပ်နိုင်မှာမဟုတ်ဘူး။ သူ အကူညီတောင်းပြီး လုပ်အားခပေးရမယ်ထင်တယ်။ ငါတို့က စားစရာပဲလိုတာပါ။”

ယွိမုက လီတာရှန်ကို သူ့အတွက် ပြောပေးဖို့ အပါခေါ်နေသည်။

လီတာရှန်က ပြုံးပြုံးရွှင်ရွှင်ပြောလိုက်သည်။ “မင်းတို့နှစ်ယောက် အမြန်ဆုံးလက်ထပ်သင့်တယ်လို့ ငါထင်တယ်။ တခြားဘာမှမထူးရင်တောင် အိမ်မှာ ချက်ကျွေးမယ့်လူ ရှိလာလိမ့်မယ်။”

လီတာရှန်က လူပျိုလူလွတ်တွေအတွက် ဘဝက ဘယ်လောက်ခက်ခဲလဲသိသည်။ ဥပမာ မြို့ပေါ်အလုပ်သွားလုပ်တုန်းက သူ့ဘာသာသူချက်စားရသည်။ သူပြန်လာတော့ သူ့ကောအာလေး ချက်ပြုတ်ပေးသော ပူပူနွေးနွေးဟင်းရည်ကို သောက်နိုင်သည်။ စိတ်ထဲမှာနွေးနေသရွေ့ အရာအားလုံးတန်ပါသည်။

“ဒါပေမယ့် အစ််ကိုကြီးက လက်မထပ်ချင်….”

သူပြောလို့မဆုံးခင်မှာ ယွိမု၏ခေါင်းပေါ်၌ ရွှံလောင်းချခံလိုက်ရသည်။ ယွိမုက ပါးစပ်ထဲမဝင်သွားစေရန် စ​ကားပြောရပ်လိုက်ရသည်။

လီတာရှန်က တစ်ခုခုမှားနေတာကို တွေ့လိုက်ရ၍ စိတ်ဝင်တစားမေးလိုက်သည်။ “လီဖုန်း… မင်းက အပြင်မှာ နှစ်တွေအများကြီး​နေခဲ့ရတာ။ မင်းသ​ဘောကျတဲ့သူကို မတွေ့သေးဘူးလား? မင်းအတွက် အိမ်ထောင်ဖက်ရှာပေးဖို့ ရှန်းဖူလန်ကို ပြောလိုက်ပါလာ?”

လက်ရှိရွာက ယခုရက်ပိုင်းမှာ ပြောင်းလဲသွားခဲ့သည်။ လီဖုန်းက အိမ်ကိုဖြိုဖျက်ပြီး ပြန်ဆောက်မယ့်အစား အိမ်ကိုပြုပြင်ခဲ့ပေမယ့် သူ ခရိုင်မြို့က သယ်လာသော ပစ္စည်းများက အများကြီးတန်ဖိုးရှိသည်။ လီဖုန်း ယခင်နှစ်များမှာ ငွေတွေအများကြီးရှာနိုင်ခဲ့လား ရွာသားတွေက သိချင်နေသည်။

မဟုတ်ပါက သူက ဒီလောက်အများကြီးကို ဝယ်နိုင်မှာမဟုတ်ပေ။ ထို့အပြင် သူ့တွင် မြေပိုင်မြောက်များစွာရှိတာကြောင့် တချို့လူတွေက မတွေးတောပဲ မနေနိုင်ပေ။

လီဖုန်း ကြောက်စရာကောင်းသည့်ပုံပေါက်နေတာက အကြောင်းမဟုတ်ပေ။ အရေးကြီးဆုံးအရာက ဘဝကောင်းမှာနေထိုင်ရဖို့ဖြစ်၏။ ပျင်းရိသော ဆင်းရဲသားကို လက်ထပ်တာထက် ထိုလူမျိုးကို လက်ထပ်တာပိုကောင်းသည်။ တချို့လူတွေက ရှန်းဖူလန်မှတစ်ဆင့် ကမ်းလှမ်းခဲ့ပေမယ့် သူက လီဖုန်းကိုမမေးပဲ အားလုံးကို ငြင်းဆိုခဲ့သည်။ ဘယ်လိုကောမျိုးကို ဒီလူတွေက တွေးနေတာလဲ… သူ့အမြင်မှာတော့ လီဖုန်းက သူတို့အားလုံးနဲ့မတန်ပေ။

ပုံမှန်အားဖြင့် ရွာ၏အ​ခြေအနေကို ကျန်းရှို့ထံမှ ဖုံးကွယ်ထားလို့မရ​နိုင်ပေ။ ယွိမုက တာရှန်ကိုပြောလိုက်တော့ တာရှန်က အ​ခြေအနေကိုသိသွားပြီး လီဖုန်းအတွက် ဘယ်လိုကောမျိုးက သင့်တော်လဲမသိပေ။ ယင်းမှာ ဖုန်းရှောင်ကျစ်၏ စံနှုန်းအပေါ်မူတည်သည်။

ယွိမုက ခေါင်းငုံ့ရယ်မောပြီး သူ့အစ်ကိုကြီးကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။ လီဖုန်းက ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး တာရှန်ဘက်ကို လှည့်ပြောလိုက်သည်။ “အလျင်လိုစရာမရှိဘူး။ ခုမှပြန်​ရောက်လာတာဆိုတော့ ဘဝကိုအရင်ရှင်သန်ဦးမယ်။”

&&&&&&&

Chapter 24.2

လီတာရှန်က ခေါင်းခါရုံသာတတ်နိုင်ပြီး ဖုန်းရှောင်ကျစ်၏ စကားတွေက ဆင်ခြေတစ်ခုဖြစ်မှန်းသိသည်။ သူ့အသက်အရွယ်နဲ့ အလျင်မလိုဘူးဆိုတာ ဖြစ်နိုင်ပါ့မလား?

သို့သော်လည်း လီဖုန်းက ကိုယ်ပိုင်အတွေးအခေါ်ရှိသူဖြစ်ပြီး တခြားသူထံမှ စကားလုံးအနည်းငယ်ဖြင့် စိတ်ပြောင်းမည့်လူမဟုတ်တာပြောင့် သူက တိတ်တဆိတ် အလုပ်ဆက်လုပ်လိုက်သည်။ သူနဲ့ လီဖုန်းက တိတ်ဆိတ်နေပြီး ယွိမုက စကားနည်းနည်းပြောနေစဥ် မီးဖိုချောင်ထဲမှ ထွက်လာသော ရနံ့က ဗိုက်ဆာသွားစေခဲ့သည်။

ကျန်းရှို့က သူတို့သုံးယောက်ကို ထွက်ခေါ်ခဲ့သည်။ “မြန်မြန်လာ။ လက်ဆေးခဲ့ဦး။ နေ့လည်စာရပြီ။ ပူတုန်းစားကြမယ်။”

“ဟုတ်ကဲ့ပါ ၊ ခင်ဗျားနဲ့ မင်ကောအာကို ကျေးဇူးတင်ပါတယ်။”

ယ်ွိမုက ထိုစကားကိုစောင့်နေပြီး သူက သူ့လက်ထဲက ကိရိယာကိုချကာ သူ့ဘေးက ပုံး​ဆီကိုလျှောက်သွားပြီး လက်ဆေးလိုက်သည်။ ထို့နောက် သူက ကျန်းရှို့နော​က်ကို ပြုံးစိစိဖြင့် လိုက်လာ၏။

ရွာထဲမှာ စည်းမျဥ်းသိပ်မရှိပေ။ လူကြီးငါးယောက်နဲ့ ကလေးသုံးယောက်က စားပွဲပေါ်မှာ တူတူထိုင်စားလိုက်သည်။ ဟင်းအများကြီးမပါပေမယ့် နည်းနည်းစီက လုံလောက်သည်။ အလယ်တွင်ရှိသော ဝက်သားပြုတ်အိုးက အသားတုံးကြီးများဖြင့် ပြည့်နေ၍ ကြည့်လိုက်ရုံဖြင့် လူတွေကို သရေယိုစေသည်။

လူတိုင်းက စားရတာကျေနပ်နေပြီး ထန်ချွန်းမင်က သူ့ဆန္ဒအတိုင်း အသားအများကြီးကို စားလိုက်ရသည်။ ဤခေတ်တွင် ရေထိုးထားသော အသားမရှိပေ။ ဝက်သားစစ်စစ်ဖြစ်ပြီး အရသာစစ်မှန်သည်။

စားကောင်းလွန်းလို့ ငိုမိမတတ်ပင်။ ယွိမုက အသားကို ပါးစပ်ထဲထိုးထည့်ကာ အရသာရှိတယ်လို့ ချီးကျူးလိုက်သည်။ လီဖုန်းနှင့် တာရှန်က စကားနည်းပြီး ကလေးသုံးယောက်က စားလို့ပြီးတော့ လေတက်သွားသည်။

“ဦးလေးယွိ၊ သားပြောတာမှန်တယ်မလား၊ မင်အားမော့ရဲ့ လက်ရာက အကောင်းဆုံးပဲ!” အာမောင်းက နှုတ်ခမ်းလျက်ကာ လက်ကျန်အရသာကို မြည်းစမ်းလိုက်သေးသည်။

“စားဖိုမှူးချက်တာထက်တောင် အရသာရှိတယ်။” ယင်းမှာ အိမ်ချက်လက်ရာဖြစ်သော်လည်း အရသာက အံ့မခန်းဖြစ်၏။ ထန်ချွန်းမင်က ပစ္စည်းကောင်းများနှင့် စမ်းရေကို ပေါင်းစပ်ထားကြောင်း သူတို့ကို ဘယ်လိုပြောပြလို့ရမလဲ? ဒါပေါ့ ပြောလို့မရဘူး….

ထန်ချွန်းမင် ပြင်ဆင်ထားသော အရွက်ကြော်နှင့် ပန်ကိတ်များကို ယွိမုက သပ်ရပ်စွာစားလိုက်သည်။ အစာပုပ်များ၏ ဦးနှောက်ပတ်လမ်းက တူတူပင်ဖြစ်ပြီး ထန်ချွန်းမင်က တခြားသူများ၏ ချီးကျူးခြင်းခံရလို့ ပျော်နေပြီး လက်ဝေ့ယမ်းကာ သတိလက်လွတ်ပြောလိုက်၏။

“ခင်ဗျားကြိုက်ရင် မကြာမကြာလာစားလို့ရတယ်။”

သူပြောလို့ပြီးသည်နှင့် ကျန်းရှို့က သူ့ခါးကို ဆွဲဆိတ်လိုက်သည်။ ထန်ချွန်းမင်က ရှုပ်ထွေးနေတုန်းမှာ ယွိမုက ပြုံးပြီး လက်ခံလိုက်သည်။

“ကောင်းတယ်။ မင်ကောအာက အရမ်းရက်ရောတာပဲ။ မင်း အဲ့ဒီမြေတွေကို ငါနဲ့ ငါ့အစ်ကိုကြီးကိုသာ အပ်လိုက်။ ပြီးရင်တော့ ဒီနေ့လိုပဲ စားစရာ​ပြင်ပေးပါနော်။”

“ဒါက သိပ်မကောင်းဘူး။” ထန်ချွန်းမင်က အသိစိတ်ဝင်လာပြီးနောက် တစ်ခဏမျှတုံ့ဆိုင်းနေသည်။ “အဲ့ဒီအစားအစာတွေက အများကြီးမတန်ဘူး။ ဒါပေမယ့် မြေငါးဧကမှာ လယ်စိုက်ဖို့က လုပ်အားခအများကြီးပေးရမှာ။”

“ဘယ်သူမှ မင်းချက်တာလောက် မကောင်းဘူး။ မင်ကောအာ မင်းက စားဖိုမှူးတွေထက် မနိမ့်ပါဘူး။ စိတ်မပူပါနဲ့။ ငါနဲ့ငါ့အစ်ကိုကြီးကိုအပ်လိုက်။ ပြေလည်သွားပြီ။ အစ်ကိုကြီး… အစ်ကိုတာရှန်… အလုပ်မြန်မြန်ပြီးအောင် လုပ်ကြမယ်။”

ယွိမုက မင်ကောအာ စကားရုတ်သိမ်းလိုက်မှာကို ​စိုးရိမ်တာကြောင့် တခြားနှစ်ယောက်ကို အလုပ်လုပ်ဖို့ ကမန်းကတန်းဆွဲခေါ်သွားခဲ့သည်။

အားလုံးထွက်သွားပြီးနောက် ထန်ချွန်းမင်က တစ်ခုခုလွဲနေတာကို သိလိုက်သည်။ သူက သူ့မေးစေ့ကိုကုတ်ကာ ခြောက်ကပ်ကပ် ရယ်လိုက်သည်။ “ကိစ္စမရှိဘူး။ သန့်ရှင်းရေးလုပ်ဖို့ တစ်ယောက်ယောက်ကို ငှားလိုက်မယ်။”

ထန်ချွန်းမင်က ကိုယ်ဝန်ရှိနေ၍ မြေငါးဧကကို သန့်ရှင်းရေးလု​ပ်မည်ဆိုလျှင် မောပန်းနွမ်းနယ်နေလိမ့်မည်။ သို့ဖြစ်၍ သူက တခြားသူများ သူတို့၏ နွေဦးထွန်ယက်ခြင်းပြီးသောအခါ သူ့လယ်ကွင်းထဲမှ ကောက်ပဲသီးနှံအထွက်နှုန်း မနှေးစေရန် လူတစ်ချို့ကိုငှားပြီး လုပ်အားခပေးဖို့ စီစဥ်ထားတာဖြစ်၏။

“ထားလိုက်တော့။ ကျွန်တော်က ရွာသားတွေ အတင်းဖျင်းပြောမှာ စိုးရိမ်နေတာ။ ခင်ဗျားက ဂရုမစိုက်ဘူးဆိုတော့လည်း ကျွန်တော်လည်း စိတ်ထဲမထားပါဘူး။ ကျွန်တော် တာရှန်ကိုလည်း ဝိုင်းကူဖို့ ပြောလိုက်ပါမယ်။”

ယွိမုက သူ့တုံ့ပြန်မှုကိုကြည့်ပြီး ထိုနေ့က လီစုန့်ကမ်းအား လှောင်ပြောင်ခဲ့သည့် မင်ကောအာကို သတိရသွားသည်။ ၎င်းက ရွာထဲတွင် ပျံနှံ့သွားပြီး ရွာသားများသည်လည်း ဖုန်းရှောင်ကျစ်အပေါ် လုပ်ကြံခဲ့သည့် လီစုန့်ကမ်းအကြောင်းကို သိသွားခဲ့သည်။

“မင်းတို့လမ်းလျှောက်ထွက်ကြ။ ငါဒီမှာ သန့်ရှင်းရေးလုပ်ပေးမယ်။” ကျန်းရှို့က မင်ကောအာနှင့် ကလေးကို နှင်ထုတ်လိုက်သည်။ ထန်ချွန်းမင်က စိတ်တည်ငြိမ်နေပြီး ရှက်ရွံ့မနေပေ။ သူက ကလေးတွေနဲ့ ခြံထဲမှာ လမ်းထွက်လျှောက်လိုက်သည်။ ကလေးသုံးယောက်က ဗိုက်အင့်နေသဖြင့် ထန်ချွန်းမင်က ရယ်မောလိုက်သည်။

ထန်ချွန်းမင်က သူ့မြေကိုစစ်ဆေးဖို့ ထွက်သွားခဲ့သည်။ ယမန်နှစ်ဆောင်းရာသီမတိုင်ခင် ရိတ်သိမ်းချိန်အပြီးမှာ ၎င်းက လွတ်နေခဲ့ပြီး ယခုတော့ ရာသီဥတုပူလာလို့ မြေပြင်က စိိမ်းစိုလာ၏။ နေရာက သိပ်မဝေးပဲ ရွာလယ်ခေါင်က တောင်ကုန်းပေါ်တွင်ရှိသည်။ ၎င်းက ငါးဧကကျယ်ဝန်းသော မြေဖြစ်ပြီး ဘေးရှိကျေးရွာများက တခြားမိသားစုမှ မဖြစ်ထွန်းသော မြေရိုင်းများဖြစ်သည်။

ယခုခတ်မှာ ခွန်အားအပြည့်ဖြင့် အလု​​ပ်လုပ်ချင်စိတ်ရှိသူတွေကပဲ မြေသန့်ရှင်းရေးလုပ်ကြသည်။ ထို့အပြင် မဖြစ်ထွန်းသောမြေမှာ စိုက်ပျိုးမယ်ဆိုရင် ပထမသုံးနှစ် အခွန်ကင်းလွတ်ခွင့်ရမည်။ သုံးနှစ်ကြာစိုက်ပျိုးပြီးပါက မြေခွန်ပေးဆောင်ပြီး စာရွက်စာတမ်းများ တင်သွင်းကာ ၎င်းက မြေပိုင်ဖြစ်လာလိမ့်မည်။ သို့ရာတွင် ထိုမြုံနေသောမြေတွင် အကျိုးရလဒ်က အမြဲနည်းနေမှာပင်။

လယ်မရှိလို့ စပါးမထုတ်နိုင်တာက သနားစရာကောင်းတယ်လို့ ထန်ချွန်းမင်ခံစားရသည်။ ရွာသားများက များသောအားဖြင့် မဖြစ်ထွန်းသောမြေများ၌ ပဲပုပ်နှင့် ပြောင်းဆန်ကဲ့သို့သော အစေ့အဆန်များ စိုက်ပျိုးမှာဖြစ်သော်လည်း ထန်ချွန်းမင်ကတော့ ဂျုံစိုက်ပျိုးရန် ​မြေတစ်ဝက်ကို အသုံးပြုချင်ခဲ့သည်။ ရိတ်သိမ်းမှုနည်းတာ​ကတော့ သူစိတ်မပူပေ။ သူက ကျန်သည့်နေရာမှာ ပဲပုပ်၊ဂျုံနဲ့မြေပဲ အနည်းငယ်စိုက်နိုင်သည်။

အိမ်ပြန်ရောက်တော့ ထန်ချွန်းမင်က ကျန်းရှို့အား သူ့အစီအစဥ်အ​ကြောင်း ပြောပြလိုက်သည်။ ကျန်းရှို့က သူ့စိတ်ကိုပြောင်းဖို့ မကြိုးစားခဲ့ပေ။ စပါးအထွက်နည်းတာကိစ္စမရှိပဲ အိမ်မှာစားစရာရှိရင်ဖြစ်သည်။ ဒုတိယနှစ်ဝက်မှာ သူကလေးမွေးမှာဖြစ်၏။ သူ့ဥယျာဥ်ရှိ ဟင်းသီးဟင်းရွက်များက ကောင်းကောင်းကြီးထွားနေပြီး နေ့လည်ကစားခဲ့သော ကြက်သွန်မြိန်ကြက်ဥကြော်က အလွန်စားကောင်းခဲ့သည်။

များမကြာမီ ရွာကအလုပ်များလာပြီး အိမ်ထောင်စုတိုင်းက ကိုယ့်လယ်ကွင်းများကို သန့်ရှင်းရေးလု​​ပ်ရမည်။ ရှန်းဖူလန်က ထန်ချွန်းမင်၏ အစီအစဥ်ကို မသိတာကြောင့် လာရောက်မေးမြန်းခဲ့သည်။ ထန်ချွန်းမင်က လီဖုန်းနဲ့ ယွိမုကို မြေကိုင်တွယ်ရန် အလုပ်ပေးထားကြောင်း သူသိသောအခါ ဘာမှမပြောခဲ့ပေ။

လီဖုန်းကူညီပေးမှာသိတော့ သူက လီဖုန်းအိမ်ကိုပြေးသွားပြီး လယ်ထွန်ဖို့ အပြာရောင်မြင်းကြီးကို ငှားပေးခဲ့သည်။ သန်မာသော အမျိုးသားနှစ်ဦး ကြိုးကြိုးစားစားလုပ်ကိုင်ပါက လီဖုန်း၏ မြေလေးဧကကို နှစ်ရက်အတွင်း အပြီးသတ်နိုင်လိမ့်မည်။

ထိုအကြောင်းသိပြီးတော့ ထန်ချွန်းမင်က သူနဲ့အားလင်းကို ဂရုစိုက်ပေးသည့် လီကျန့်၏မိသားစုကို ကျေးဇူးတင်လိုက်သည်။

ရွာလူကြီးက သူတို့သားအဖကို စောင့်ရှောက်နေကြောင်း သူသိသည်။ အကြောင်းမှာ လီကျန့်၏ တိရစ္ဆာန်ကို ချေးငှားရန် စောင့်ဆိုင်းနေသည့် မိသားစုများစွာရှိနေလို့ပင်။ လီကျန့်၏ မိသားစုမှာ လူအများကြီးရှိပေမယ့် သူက လီမျိုးရိုးမဟုတ်သော လူကို ငှားပေးခဲ့ပြီး သူသည် ဖိအားအများကြီးကို တစ်ယောက်တည်း ခံနေရလောက်သည်။

ထန်ချွန်းမင်က ရေအိုးတစ်လုံးနှင့် စားစရာခြင်းတစ်ခုကိုထမ်းကာ အားလင်း၏လက်ကိုဆွဲပြီး လယ်ကွင်းထဲလျှောက်သွားခဲ့သည်။ တည်နေရာ​ကြောင့် သူက လမ်းတစ်လျှောက် ရွာရှိ တခြားလူများနှင့် မလွဲမသွေဆုံခဲ့ရသည်။

တချို့က သူ့လိုပင် ရိက္ခာပို့ဖို့ ရောက်လာပြီး တချို့လူတွေကတော့ ကိရိယာများသယ်ကာ လမ်းလျှောက်ရင်း သူ့ကို နှုတ်ဆက်လာခဲ့သည်။

ထန်ချွန်းမင်၏ မြေနေရာကို လူတိုင်းသိကြသည်။ သူတို့က အလုပ်ရှုပ်နေရင်းဖြင့် လွန်ခဲ့သည့် ရက်အနည်းငယ်က ကြားခဲ့သော ကောလာဟလများကို စဥ်းစားနေသည်။ အဲ့ဒါက အမှန်ပဲမလား မဟုတ်ရင် လီဖုန်းက ဘယ်လိုလုပ် သူ့ကိုလာတွေ့တဲ့သူတွေကို ငြင်းမှာလဲ?

မင်ကောအာက ကလေးရပြီး ဗိုက်ထဲမှာ တစ်ယောက်လွယ်ထားရသော်လည်း ရုပ်ရည်မှာတော့ ထိုကောလေးတွေက သူ့ထက်နိမ့်ပါးကြသည်။

ထို့အပြင် မင်ကောအာက စာလည်းတတ်ပြီး တာရှန်အိမ်က ကလေးနှစ်ယောက်က သူ့ဆီက သင်ယူနေသည်။ တာဟူ ထိုအချိန်က ထိုကောလေးကို လက်ထပ်ခဲ့ရတာ ကံကောင်းလှသည်။ မဟုတ်လျှင် ထိုကောလေးက လူချမ်းသာမိသားစုမှာ လက်ထ​ပ်ရလောက်သည်။

“မင်ကောအာ…. မင်း လီဖုန်းကို စားစရာသွားပို့မလို့လား?” အတင်းအဖျင်းပြောရတာကြိုက်သော ကောလေးတစ်ယော​က်က သူ့ကို ယဥ်ယဥ်ကျေးကျေး လာနှုတ်ဆက်သည်။

“အစ်ကိုလီဖုန်းလား? မဟုတ်တာ… ငါ့မြေမှာ လူအများကြီးအလုပ်ရှုပ်နေတာ? ငါက မုဆိုးဖိုဖြစ််ပြီး ဒီမြေတွေကို မထိန်းနိုင်တာကို ကျန်းရှို့မြင်တော့ သူက သူ့မိသားစုရဲ့တာရှန်ကို အကူအညီတောင်းပေးထားတာ။ ဖြစ်ချင်တော့ အစ်ကိုလီဖုန်းရဲ့မြေက တာရှန်နဲ့နီးတယ်လေ။ လီမိသားစုရဲ့ မြင်းကိုငှားပြီးတော့ မိသားစု ၃စုလုံးက အတူတူရှင်းလိုက်ကြတာ။ ကျန်းရှို့ အမြဲအလုပ်ရှုပ်နေတာကို မင်းလည်းသိပါတယ်။ ငါက အိမ်မှာနေတဲ့ တစ်ဦးတည်းသောလူမို့ အချက်အပြုတ်တာဝန်ယူပြီး စားဖို့သောက်ဖို့ လာပို့ပေးတာ။ တာမောင်းလည်း လူကြီးတွနဲ့အတူ လယ်ကွင်းထဲမှာ အလုပ်သွားလုပ်တယ်။ ငါ ဘာမှမလုပ်ပဲနေလို့မရဘူးလေ… ဟုတ်တယ်မလား?”

ထန်ချွန်းမင်က လူတွေကို အပြုံးတစ်ခုဖြင့် ရှင်းပြလိုက်သည်။ အများကြီးပြောတာက ပြဿနာများသော်လည်း ကျန်းရှို့က မိသားစုသုံးစုတွဲလုပ်တာဖြစ်ကြောင်း ရှင်းပြဖို့ပြောထားသည်။ ရွာထဲမှာ အတူလုပ်ကိုင်ကြသည့်​ ဆွေမျိုးများစွာရှိတာမို့ ထန်ချွန်းမင်အား တခြားသူတွေ ကူညီပေးနေခြင်းက အထွေအထူးမဟုတ်ပေ။

“မှန်ပါတယ်….မှန်ပါတယ်….” ကောလေးက ရယ်မောရင်း မျက်နှာက တင်းမာလာသည်။ “အလုပ်ရှုပ်တဲ့စိုက်ပျိုးရာသီမှာ ဘယ်သူကအိမ်မှာနေနိုင်မှာလဲ၊ ပျင်းရိနေရင် ဆူပူကြိမ်းမောင်းခံရမှာပဲ။ မင်းရဲ့အစ်ကိုကြီးက အမြဲကံကောင်းပေမယ့် ဒီနှစ်တော့ သူပျင်းလို့မရတော့ဘူး။”

“အစ်ကိုကြီးဆိုတာ?” ထန်ချွန်းမင်က ခဏလောက် အံ့အားသင့်သွားပြီးမှ ထိုလူက ဝမ်ချွန်းဟွာအကြောင်းပြောနေတာကို သိလိုက်ရသည်။ အမှန်မှာ ကျောက်တာဟူနှင့် ကျောက်တာနျိုက လယ်ကွင်းထဲမှာ အလုပ်လုပ်​နေစဥ် တခြားအလုပ်တွေအားလုံးက မင်ကောအာ၏တာဝန်ဖြစ်ခဲ့တာပင်။

အလုပ်ရှုပ်သော စိုက်ပျိုးရာသီတိုင်းမှာ ဝမ်ချွန်းဟွာက ထိခိုက်နာကျင်ပြီး မအီမသာဖြစ်ခြင်း…စသဖြင့် ပျင်းရိဖို့ အ​ကြောင်းပြချက်ရှာခဲ့သည်။ သို့ပေမယ့် ဘိုးဘိုးကျောက်က သိလျက်နဲ့ ဘာမှမပြောပဲ လျစ်လျူရှုပေးခဲ့တာဖြစ်၏။

သူက မင်ကောအာကိုပဲ စောင့်ကြည့်နေပြီး အနားယူခွင့်တစိုးတစိမျှ မပေးခဲ့ပေ။

စိုက်ပျိုးရာသီပြီးတိုင်း မင်ကောအာက ကိုယ်အလေးချိန်ကျဆင်းသွားပေမယ့် ဝမ်ချွန်းဟွာကတော့ ကိုယ်အလေးချိန်တက်လာပြီး ဘိုးဘိုးကျောက်သည်လည်း မင်ကောအာနှင့် အားလင်းကို လျစ်လျူရှုကာ စားစရာချွေတာခဲ့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment