no

Font
Theme

Chapter 40.1

ညစာပြင်ပြီးနောက် လီဖုန်းပြန်ရောက်လာခဲ့သည်။ သူမပြန်ခင် ရွာလူကြီးကို အရင်လိုက်ပို့ခဲ့သည်။ သူ ရွာလူကြီးအိမ်ကိုရောက်တော့ နေ့လည်က ကျောက်မိသားစု၌ ဖြစ်ပျက်ခဲ့တာကို ရှန်းဖူလန်မှတစ်ဆင့် ကြားလိုက်ရသည်။ သူက ရည်ရွယ်ချက်ရှိရှိ နားထောင်ခဲ့တာမဟုတ်ပဲ အိမ်မှာရှိသော မင်ကောအာကိုစိတ်ပူကာ အမြန်ပြန်ချင်ခဲ့သည်။ သို့ပေမယ့် ရွာလူကြီးအိမ်မှာ လူပြည့်နေပြီး ရွာ၏အကြီးအကဲများနှင့် ကျောက်မိသားစုဝင်များက ရွာလူကြီးကိုစောင့်နေခဲ့သည်။

 

ကျောက်မိသားစုက ရွာလူကြီးကို အခေါ်လွှတ်ခဲ့ပြီး ထိုအချိန်က ရွာလူကြီးအပြင်ထွက်သွားတာ သူတို့မယုံခဲ့ပေ။ မနက်ခင်းက ရွာအနှံ့ နှုတ်ဆက်နေသည်ကိို တချို့လူတွေကမြင်သော်လည်း အသိဉာဏ်ရှိသူများက ရှန်းဖူလန်မလိမ်ဘူးဆိုတာ သိခဲ့သည်။

ရှန်းမိသားစုထွက်ခွာသွားပြီးနောက် သူတို့က ရွာလူကြီးအိမ်ကိုပြေးလာပြီး အခြေအနေအား တာဝန်ယူဖြေရှင်းပေးရန် သူ့အလာကို စောင့်ခဲ့ကြသည်။

 

ဘိုးဘိုးကျောက်က တံခါးဘောင်ပေါ်မှာမှီနေပြီး မထနိုင်ပေမယ့် ဝမ်ချွန်းဟွာနှင့် ကျောက်တာနျိုက သူ့ကို ရွာလူကြီးအိမ်သို့ ခေါ်လာကာ ရွာလူကြီးပြန်လာလျှင် သူတို့အတွက် တရားမျှတမှုရှာပေးရန် စောင့်ဆိုင်းခဲ့ကြသည်။ ရှန်းမိသားစုက တရားလွန်သွားပြီဖြစ်၏။

 

လီဖုန်းက ရွာလူကြီးအား လှည်းဖြင့်ပြန်လိုက်ပို့တာကိုတွေ့လျှင် ထိုလူတွေက ရွာလူကြီး တကယ်အပြင်ထွက်သွားမှန်း သိလိုက်ရသည်။ သူတို့က အရင်ကဖြစ်ပျက်ခဲ့တာကို အများကြီးမပြောနိုင်၍ ထိုအရေးကြီးသော အခိုက်အတန့်မှာ ရွာလူကြီးကို အပြင်ခေါ်သွားသည့် လီဖုန်းအား အပြစ်တင်လို့မရပေ။ ဖြစ်ချင်တော့ ရှန်းမိသားစုက ထိုအချိန်မှာ ပြဿနာလာရှာခဲ့ကြောင်း လီဖုန်းမသိခဲ့ပေ။

 

သို့သော် ကျောက်မိသားစုမှလူများက လီဖုန်းကို ဖော်ပြလို့မရသော မျက်လုံးများဖြင့် ကြည့်နေသည်။ လီဖုန်းက ထန်ချွန်းမင်၏အိမ်ကို​ ရောက်လာသော အောင်သွယ်တော်ကို နှင်ထုတ်ခဲ့ကြောင်း သူတို့အားလုံးသိသည်။ သူတို့မျက်လုံးထဲတွင် မင်ကောအာက ကျောက်မိသားစုဝင်ဖြစ်နေဆဲပင်။ လီဖုန်း၏လှုပ်ရှားမှုက ကျောက်မိသားစုကိုဆွပြီး ကျောက်မိသားစုအား မျက်နှာပျက်စေသည်မှာ သေချာသည်။

 

လီဖုန်းက သူတို့အကြည့်ကို လျစ်လျူရှုလိုက်၏။ စကားအနည်းငယ်နားထောင်ပြီးနောက် သူက ရွာလူကြီးနှင့် လီမိသားစုမှ ထိုက်သင့်သော လူတစ်ချို့ကိုနှုတ်ဆက်ကာ အလောတကြီးပြန်သွားခဲ့သည်။ သူ​ပြန်သွားပြီးနောက် တချို့လူတွေက သူနဲ့ မင်ကောအာကို ထေ့ငေါ့ပြောဆိုခဲ့သည်။ ဤလူများက သူ့ရှေ့မှာတော့ ဘာမှမပြောဝံ့ပေ။ အမှန်မှာ ထိုမျက်နှာက အလွန်ကြောက်စရာကောင်းပြီး သူ့စွမ်းရည်က လူသန်ကြီးယွိမုထက်ပင် ဆိုးသည်ဟုဆိုကြသည်။

 

သို့သော် ကျောက်မိသားစု၏ အရေးကိစ္စကြောင့် စုပြုံနေသော လူတွေက ရွာလူကြီးနဲ့ လီဖုန်းအကြောင်းကို မေးဖို့သတိမရခဲ့ပေ။ သို့ဖြစ်၍ လောလောဆယ်၌ မင်ကောအာ တောင်တစ်လုံးဝယ်မည့်ကိစ္စကို ဘယ်သူမှမသိခဲ့ပေ။

 

ထန်ချွန်းမင် ညစာချက်နေစဥ် ကျန်းရှို့က လာကူပြီး ကျောက်မိသားစုအကြောင်း ပြောပြခဲ့သည်။ နားထောင်ပြီးနောက် ထန်ချွန်းမင်က သူ ကျောက်မိသားစုအား စာနာသင့်သလားပင် မသိတော့ချေ။ ကျောက်မိသားစုဟာ အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ကြသည့် အနိုင်ကျင့်သူအုပ်စုဖြစ်ကြောင်း ကျောက်တာဟူသေဆုံးပြီးနောက် သိခဲ့ရသည်။ ကျောက်တာဟူ အသက်ရှင်နေသေးလျှင် နေ့ခင်းဘက်က ရှန်းမိသားစုနှင့် ထိပ်တိုက်ရင်ဆိုင်ရာမှာ သူတို့ဘက်က လုံးဝဥဿုံ ရှုံးနိမ့်ခဲ့မှာမဟုတ်ပေ။ တကယ်တော့ ကျောက်တာဟူက သန်မာသော လူတစ်ဦးဖြစ်ပေမယ့် ယခုမူ ကျောက်မိသားစု၌ အားနည်းသူနှင့် အသက်ကြီးသူသာရှိတာကြောင့် အခြေအနေက ရှန်းမိသားစုဘက်သို့ အားသာသွားခဲ့သည်။

 

လီဖုန်းအိမ်ပြန်လာတော့ ထန်ချွန်းမင်က ထမင်းဟင်းများကို စားပွဲပေါ်တင်နေဆဲဖြစ်၏။ လီဖုန်းအိမ်နားရောက်တော့ သူပြန်လာပြီဖြစ်ကြောင်း အကြောင်းကြားရန် အပြင်ဘက်က လူတွေနဲ့သတိပေးခိုင်းခဲ့သည်။ ထို့ကြောင့် ပြန်လာပြီးနောက် သူက လက်ဆေးကာ စားပွဲပေါ်မှာထိုင်လိုက်သည်။ တာမောင်းနှင့်အာမောင်းက မြင်းပေါက်စလေးကို စောင့်ချင်ပေမယ့် ကျန်းရှို့အိမ်ပြန်သောအခါ သူ့သားနှစ်ယောက်၏နားရွက်ကိုဆွဲ၍ တစ်ခါတည်းပြန်ခေါ်သွားခဲ့သည်။

  

“ဦးလေးဖုန်း…. မြင်းပေါက်စက ဘယ်မှာလဲ?” အားလင်းက သူ့နောက်လိုက်လာကာ မြင်းပေါက်စကိုမတွေ့တော့ စိတ်ပျက်သွားသည်။ သူ ဦးလေးလီဖုန်းကို ချက်ချင်းမေးသင့်တယ်လို့ အာမောင်းမပြန်ခင် ပြောသွားခဲ့သည်။ သူ မြင်းပေါက်စကိုတွေ့လျှင် သူလည်းပဲ တူတူလာကြည့်မလို့ဖြစ်၏။

  

လီဖုန်းက လက်ပေါ်ကရေကိုခါကာ အဝတ်စနဲ့သုတ်လိုက်ပြီး အားလင်းကိုချီကာ ပြောလိုက်သည်။ “ဦးလေး မြင်းကိုရွေးပြီးပြီ။ စရံလည်းပေးပြီးပြီ။ မနက်ဖြန် သွားယူလို့ရပြီ။ မင်းရဲ့ဦးလေးဖုန်းက ရွာလူကြီးကို အမြန်လိုက်ပို့ပေးခဲ့ရလို့ အားလင်းအတွက် မြင်းပေါက်လေး ခေါ်မလာနိုင်တာ။ မနက်ဖြန်နေ့လည်မြင်စေရမယ်လို့ ဦးလေးဖုန်း ကတိပေးတယ်။”

 

အားလင်းက သူကြားခဲ့တာကို တစ်ဝက်ပဲနားလည်သော်လည်း သူ တစ်ခုတော့ သေချာနားလည်သည်။ ဦးလေးဖုန်းက မြင်းပေါက်စလေးဝယ်လာမှာ ဆိုပေမယ့် သူမနက်ဖြန်ထိစောင့်ရလိမ့်မယ်။ အားလင်းက ဦးလေးဖုန်းကို သဘောထားကြီးစွာ ခွင့်လွှတ်လိုက်ပြီး နောက်တစ်ကြိမ် ထပ်မံပျော်ရွှင်လာ၏။ သူက လီဖုန်းကို ပွတ်သပ်လိုက်ပြီး လီဖုန်းကလည်း အားလင်းကို အမာရွတ်ရှိသောမျက်နှာဖြင့် ပွတ်သပ်လိုက်သဖြင့် အားလင်းက တခစ်ခစ်ရယ်သွားလေ၏။

 

ထန်ချွန်းမင်က ခါးထောက်ကာ တံခါးဝမှာရပ်နေပြီး သူတို့နှစ်ယောက်အား အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။ သူက လီဖုန်း၏ရှင်းပြချက်ကို ယခုလေးတင် ကြားခဲ့ရသည်။ သူတို့က ခရိုင်အစိုးရရုံးကိုသွားခဲ့ပြီး ခရီးကအရမ်းဝေးသည်။ သူတို့က ကတိမတည်တာမဟုတ်ပဲ မြင်းပေါက်လေးကို ပြန်မခေါ်လာနိုင်တာဖြစ်၏။

ထို့အပြင် ထိုလူသည် ကလေးများအား ကြောက်လန့်စေမည့် လူကြီးလေသံနှင့်ပြောမယ့်အစား စိတ်ရှည်သောလေသံဖြင့် အားလင်းကို ရှင်းပြခဲ့လေသည်။

 

လီဖုန်းက အားလင်းကိုချီထားသည်။ သူက ပြုံးပြုံးကြီးစိုက်ကြည့်နေသော မင်ကောအာနှင့် မျက်လုံးချင်းဆုံပြီး ရွှင်မြူးသွားလေ၏။

  

“ကိုယ် မနက်ဖြန်မြင်းပေါက်လေးကို သွားခေါ်ဖို့ ခရိုင်မြို့ကိုသွားမှာ။” ထိုင်ချပြီးနောက် လီဖုန်းက ထန်ချွန်းမင်ကို ရှင်းပြလိုက်သည်။

  

“ကျွန်တော်အားလုံးကြားပါတယ်။ ခင်ဗျားရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်။”

  

“အရမ်းမခက်ခဲပါဘူး” ယင်းက လုံးဝမခက်ခဲပေမယ့် သူက မင်ကောအာ၏စကားကိုကြားရတော့ အရမ်းပျော်သည်။ ကျောက်မိသားစု၏ကိစ္စရပ်များကို စဥ်းစားကာ သူက စိုးရိမ်တကြီးပြောလိုက်သည်။ “ဒိနေ့လည်မှာ ဖြစ်ပျက်ခဲ့တဲ့ ကျောက်မိသားစုကိစ္စက မင်းကိုလန့်မသွားစေဖို့ မျှော်လင့်တယ်။”

  

“ကျွန်တော် ညနေအထိအိပ်ခဲ့တာ။ ရှန်းမိသားစုထွက်သွားတာ ကြာပါပြီ။ ပြီးတော့ ကလေးသုံးယောက်ကလည်း နေ့လည််ခင်းတစ်ချိန်လုံး တံခါးမဖွင့်ပဲ စောင့်ပေးခဲ့တယ်။ အစ်ကိုရှို့က ကျွန်တော့်ကို အတိအကျပြောပြထားလို့ စိတ်မပူပါနဲ့။” ထန်ချွန်းမင်က တန်ဖိုးထားခံရခြင်း၏ခံစားချက်ကို သဘောကျပြီး အပြုံးလေးဖြင့် တုံ့ပြန်ခဲ့သည်။

  

“ကောင်းတယ်။” လီဖုန်းက မင်ကောအာ၏အကြည့်အောက်မှာ စိတ်သက်သာရာရပြီး အနည်းငယ်နေရခက်နေသည်။ ယခင်က အနမ်းကိုပြန်တွေးရင်း သူက သူ့ကို ရုတ်တရက်ထပ်နမ်းချင်လာသည်။ သူက အရင်က စိတ်လှုပ်ရှားနေသဖြင့် ကောင်းကောင်းမခံစားခဲ့ရပေ။ သို့သော် ယခုမူ ကလေးကအနားမှာရှိနေ၍ လွန်လွန်ကဲကဲမလုပ်ချင်ပေ။ ၎င်းက ကလေးကို ဆိုးဆိုးရွားရွား လွှမ်းမိုးသွားစေနိုင်သည်။ သို့သော် လီဖုန်းက အားလင်းကိုရှောင်ပြီး စားပွဲအောက်ကနေ မင်ကောအာ၏လက်ကို ကိုင်လိုက်သည်။

 

ထန်ချွန်းမင်က စားပွဲအောက် တင်းတင်းဆုပ်ကိုင်ထားသည့် လက်ကိုကြည့်လိုက်သည်။ လက်ပိုင်ရှင်ကတော့ ခေါင်းငုံ့ပြီး အစားကိုအာရုံစိုက်နေ၏။ သူ့မျက်လုံးက ကူကယ်ရာမဲ့ပြုံးလိုက်သည်။ သူက အရင်ဘဝမှာ ယခုလိုအချစ်မျိုးမခံစားဖူးလို့ ယခုအခါ ထိုထဲ၌ နစ်ဝင်နေ၏။ သူတို့နှစ်ယောက်က လက်ကိုင်ကာ သာမန်ထက် ပိုကြာရှည်သော ညစာကိုစားခဲ့သည်။ အလယ်မှာ သူက အားလင်းကိုဂရုစိုက်ပေးပြီး ကောင်းကင်ကြီးက ပိုပိုမှောင်လာခဲ့သည်။

 

စားပြီးနောက် လီဖုန်းက စားပွဲရှင်းကာ ပန်းကန်ဆေးနေ၏။ ဘယ်သူမှမမြင်နိုင်သည့်အချိန်တွင် အမြဲတမ်းအမူအရာမရှိခဲ့သော သူ့မျက်နှာမှာ အပြုံးတစ််ခုရှိနေသည်။ မီးဖိုချောင်ကိုရှင်း​ပြီး အိမ်ထဲဝင်လာပြီးနောက် သူ၏အမူအရာမှာ မူလအခြေအနေသို့ ​ပြန်ရော​က်လာပြီး ယခုနက ပြုံးနေသည်မှာ သူမဟုတ်သလိုပင်။

 

သူက မင်ကောအာကို စာရွ​က်တစ်ရွက်ပေးလိုက်သည်။ ဤသည်မှာ အပြီးသတ်စာချုပ်မဟုတ်သော်လည်း အပ်ငွေ၏ တစ်စိတ်တစ်ပိုင်း ပေးချေခဲ့သည့် အထောက်အထားဖြစ်၏။ သစ်ပင်မပေါက်နိုင်သော တောင်ကြီး၏ဧရိယာကို တိုင်းထွာရန် အထက်လူကြီးများလာပြီးလျှင် ကျန်ငွေကို ပေးချရမည်ဖြစ်ပြီး သူက ဤစာရွက်တစ်ရွက်ဖြင့် အစိုးရရုံးကိုသွားကာ အမည်ပေါက်ပြောင်းလဲရမည်ဖြစ်၏။

သူကလည်း မင်​ကောအာကို ပြောလိုက်သည်။ “တောင်ကုန်းရဲ့ပေါက်စျေးက တစ်ဧကက်ိုငွေတစ်ပြားပေးရမယ်။ မြေရိုင်းလိုပဲ သူက သုံးနှစ်အခွန်ကင်းလွတ်ခွင့်ရှိတယ်။ ပြီးရင်တော့ လွင်​တီးခေါင်မြေတွေရဲ့ အခွန်နှုန်းထားအတိုင်း ပေးဆောင်ရမယ်။ အစိုးရရုံးရဲ့ မှတ်ပုံတင်စာရင်းအရ တောင်ကုန်းနောက်ဘက်မှာ ​မြေဧက၅၀၀လောက်ရှိတယ်လို့ ခန့်မှန်းမိတယ်။” သူဒီနေ့ စပေါ်ငွေတစ်ရာကို​ ပေးချေပြီးပြီဖြစ်သည်။

 

ထန်ချွန်းမင်က စာရွ​က်ကိုယူကာ တုန်လှုပ်သွားသည်။ ဒီလိုလွင်တီးခေါင်တောင်ကုန်းကို ဝယ်ဖို့က ငွေငါးရာကုန်ကျမှာတဲ့လား… သူ အစတုန်းက လျှော့တွက်ခဲ့မိသည်။ လီဖုန်းရဲ့ငွေသာမရှိရင် သူအဲ့ဒီပိုက်ဆံကိုစုဖို့ ဘယ်လောက်တောင် ကြာလိုက်မလဲ? သူက ချမ်းသာသော သူဌေးကြီးကို မတော်တဆရလိုက်သည်။ သူက လက်ထဲကစာရွက်ကို ခါယမ်းကာ ပြောလိုက်၏။ “သူတို့ မြေလာတိုင်းမယ်လို့ ပြောခဲ့လား?”

 

“နောက်နှစ်ရက်နေရင် လာလိမ့်မယ်။ ရွာလူကြီးလည်းလာမှာမို့ စိတ်မပူနဲ့။ ငါ ဒီမှာမရှိရင် မင်း ငွေအရင်ပေးထားလို့ရတယ်။ ငါပြန်လာရင် ကျန်တာကို ဂရုစိုက်လိုက်မယ်။” သူ့ကောလေး ပျော်နေရင် သူပျော်သည်။ ထို့အပြင် တိုက်ပွဲ၊လယ်ယာ၊ အမဲလိုက်ခြင်းမှလွဲ၍ သူက ဘယ်လိုရှင်သန်ရမလဲမသိပေ။ လက်ထဲမှာ ငွေကိုင်ထားရင် အသုံးမဝင်ဖြစ်နေလိမ့်မည်။

သို့ပေမယ့် မင်ကောအာက ကွာခြားသည်။ သူက ကျောက်မိသားစုနဲ့ ခွဲပြီး အိမ်ထောင်စုအသစ်စတင်ခဲ့သည်။ သူက ကောင်းမွန်သောဘဝဖြင့် ဆက်လက်နေထိုင်ခဲ့သည်။ ယင်းမှာ သူစွမ်းဆောင်ရည်ရှိတာကိုပြနေသည်။ သူက ပိုက်ဆံလည်းပိုရှာနိုင်လိမ့်မည်။ ဒုက္ခများစွာအဆုံးသတ်ပြီးလျှင်ပင် သူ့မှာခွန်အားရှိနေဆဲဖြစ်၏။

  

“ကောင်းပြီ။”

 

လီဖုန်းက အားလင်းကိုချီကာ မင်ကောအာနဲ့ စကားပြောနေသည်။ သူက စောလွန်းသဖြင့် ပြန်ဖို့တွန့်ဆုတ်နေ၏။ အားလင်းက တစ်နေကုန်ကစားထားပြီး နေ့လည်မှာ သူ့အားမူနဲ့အတူ မအိပ်ခဲ့ပေ။ သူက လီဖုန်း၏ပခုံးပေါ်တွင် အသံမထွက်ပဲမှီနေ၏။ လီဖုန်းက ကြာကြာဆက်နေလို့မရတာကြောင့် အိပ်ပျော်ခါနီး အားလင်းကို ညင်ညင်သာသာ ပွေ့ချီပြီး ခန်းကုတင်ပေါ်တင်ပေးလိုက်သည်။ ပြီးသွားတော့ သူက ချီတုံချတုံ လျှောက်ထွက်သွားပြီး ခြေလှမ်းတွေနှေးကွေးစေဖို့ ဆုတောင်းနေသည်။

 

ထန်ချွန်းမင်က သူ့နောက်လိုက်ကာ သူထွက်သွား​လျှင် တံခါးပိတ်ရမည်။ သူတို့အပေါက်ဝရောက်သောအခါ လီဖုန်းက ရုတ်တရက်လှည့်လာသည်။ သူ၏နက်မှောင်သောမျက်ဝန်းက ညအမှောင်မှာ တောက်လောင်နေသည်။ သူက ထန်ချွန်းမင်၏လက်ကိုကိုင်ကာ ငြီးတွားရင်းပြောလိုက်၏။ “ကိုယ်အနာဂတ်မှာ မင်းကို ကောင်းကောင်းဆက်ဆံမှာပါ။”

  

“အွန်း”

  

“မင်းနဲ့ အားလင်း အနိုင်ကျင့်မခံစေရဘူး။”

“အွန်း”

  

“မင်း.. ညဘက်တစ်ခုခုဖြစ်ရင် အပြင်မထွက်နဲ့နော်။ ငါအမြန်ပြေးလာခဲ့မယ်။” လီဖုန်းက စိတ်ပူနေသည်။ တောင်ဝယ်သည့်သတင်းပျံ့နှံ့သွားလျှင် မင်ကောအာကို မနာလိုဖြစ်မယ့်သူတွေ ပိုများလာလိမ့်မည်။ မိဘမဲ့မုဆိုးဖိုဖြစ်သည့် မင်ကောအာ၏အိမ်ကို တစ်ယောက်ယောက်က မလာရဲဘူးလို့မပြောနိုင်ပေ။ သူ..အိမ်ပြောင်းလာပြီး သူတို့ကို ကြည့်ရှူစောင့်ရှောက်ပေးချင်သည်။

 

“အွန်း”

 

စကားလုံးအနည်းငယ်ပြောပြီးနောက် လီဖုန်းက ရဲတင်းလာသည်။ သို့သော် မင်ကောအာက ဘာမှမတုံ့ပြန်ပေ။ လီဖုန်းက စိတ်ပူပြီး ဘာပြောရမလဲမသိတော့ပေ။ ထိုအခိုက်အတန့်တွင် သူက မင်ကောအာ၏ ပခုံးများ တုန်ခါလာတာကို တွေ့လိုက်ရသည်။ သူက ထိုအသေးစိတ်ကို သတိထားမိဖို့ စိတ်လှုပ်ရှားလွန်းနေသည်။

 

ထန်ချွန်းမင်က ထိန်းမထားနိုင်တော့ပဲ ကျယ်လောင်စွာရယ်မောလိုက်သည်။ သူက ခေါင်းမော့လိုက်၏။ သူ့မျက်နှာပေါ်မှာ ရှက်ရွံ့ခြင်းလုံးဝမရှိပဲ မျက်လုံးထောင့်မှ မျက်ရည်စီးကျလာ၏။ ဤစကားနည်းသောလူကြီးက လေးနက်သော ဆက်ဆံရေးရှိဖို့မလွယ်ပေ။ သူက အရယ်မရပ်နိုင်ခဲ့ပေ။

 

လီဖုန်း၏မျက်နှာ နက်မှောင်လာတာကိုတွေ့သော် ထန်ချွန်းမင်က မျက်ရည်ကိုသုတ်ရင်း ပြုံးပြီးပြောလိုက်သည်။ “ခင်ဗျားလူကြီးရောဟုတ်သေးရဲ့လား? ခင်ဗျားအချိန်ဆွဲပြီး စကားများနေတာပဲ။ ကျွန်တော်တို့မနက်ဖြန် ပြန်မတွေ့မှာမှမဟုတ်တာ။ အိပ်ရာစောစောဝင်တော့။”

 

လီဖုန်း၏နဖူးကြောများထောင်လာပြီး ဤကော၏တင်ပါးကို ရိုက်လိုက်ချင်သည်။ သူတို့၏ကောများအကြောင်းကို သီးသန့်ဆွေးနွေးပြောဆိုလေ့ရှိသော သူ့လုပ်ဖော်ကိုင်ဖက်နှင့် စစ်သားများ၏ စကားတွေကို မင်ကောအာပေါ် အသုံးချလို့မရမှန်း သူသိလိုက်သည်။ သူ မင်​ကောအာကို ဘယ်လိုပြောပြော အသုံးမဝင်ပေ။ ၎င်းက လက်တွေ့လုပ်ဆောင်တာထက် ထိရောက်မှုနည်းသည်။ သို့ဖြစ်၍ လီဖုန်းက ခေါင်းငုံ့ကာ မင်ကောအာ၏ တွန့်တက်နေသော ပါးစပ်ထောင့်ကို ကိုက်လိုက်သည်။ ယခုမူ ထန်ချွန်းမင်က မရယ်နိုင်တော့ပေ။

 

မထင်မှတ်ထားသည်မှာ လက်တွေ့လုပ်ဆောင်ခြင်းက မင်ကောအာနှင့် ရင်ဆိုင်ရခြင်းထက် ပို၍ပင်ထိရောက်သည်။ လီဖုန်းက သူ့စိတ်ထဲရှိ မငြိမ်သက်မှုကို ထိန်းထားရင်း ကျေနပ်စွာဖြင့် နောက်ပြန်လှည့်ကာ ခြံတံခါးဖွင့်ပြီး ထပ်မံသတိပေးလိုက်သည်။ “ကိုယ်ပြန်တော့မယ်။ တံခါးပိတ်လိုက်။ ရှောင်ဟွာကို ဝင်ခွင့်မပြုနဲ့။ သူ့ကို ခြံစောင့်ခိုင်းလိုက်။ကျင်းဖုန်းကလည်း အရမ်းသတိရှိတယ်။”

 

ထန်ချွန်းမင်က သူ့ပါးစပ်ထောင့်ကိုထိကာ လီဖုန်းကို မကျေမနပ်စိုက်ကြည့်လိုက်သည်။ ဤတစ်ကြိမ်မှာတော့ သူက အွန်းလို့မဖြေတော့ပဲ စူဆောင့်လျက် ပြောလိုက်လေသည်။

“သိပါတယ်.. ရှောင်ဟွာကို အထဲဝင်ခွင့်မပြုပါဘူး။”

 

&&&&&&&&&

Chapter 40.2

တံခါးပိတ်ပြီးနောက် ထန်ချွန်းမင်သည် ပြောစရာပျောက်ရှကာ သူ့ပါးစပ်ထောင့်ကို ​ကိုင်ကြည့်လိုက်သည်။ သူက ဘာလို့ လူကို ဝံပုလွေလိုကိုက်သွားတာလဲ? သူတို့ပိုရင်းနှီးလာရင် သူ့ပါးစပ်တောင် ရှိပါတော့မလား? သူ လူတွေကို မြင်ရပါဦးမလား? မဖြစ်ဘူး ဒီလူရဲ့ အကျင့်ဆိုးတွေ​ကို ပြင်ပေးရမယ်။ သူက နေ့စဥ်နေ့တိုင်း ကျန်းရှို့နှင့် ရှန်းဖူလန်၏ စနောက်ခြင်းကို မခံနိုင်ပေ။ ဤသည်မှာ ချစ်ခင်မှုကိုပြသရန် နည်းလမ်းမဟုတ်ပေ။

 

လီဖုန်း ညဘက်မှာ ကောင်းကောင်းအိပ်ပျော်နိုင်လားဆိုတာ သူကိုယ်တိုင်သာသိလိမ့်မည်။ သူ့ကောအာလေးမရှိသော ဘဝက ခက်ခဲပေမယ့် အတူရှိပြီး အနားမကပ်နိုင်တာက ပိုခက်ခဲသည်။ သို့သော် သူက မနက်အစောတွင် ထန်ချွန်းမင်၏အိမ်ကို အ​ပြေးလေးသွားခဲ့သေးသည်။

 

အားလင်းက မနေ့ည၌ အစောကြီးအိပ်ရာဝင်ခဲ့ပြီး တာမောင်းနှင့်အာမောင်းကို မြင်းပေါက်လေးအကြောင်းပြောပြရန် မေ့သွားခဲ့သည်။ ထိုနှစ်ယောက်က တစ်ညလုံးဂနာမငြိမ်ဖြစ်ပြီး ကောင်းကောင်းအနားမယူနိုင်ခဲ့ပေ။ သူတို့က အားလင်းအိမ်မှာ သွားမေးချင်ပေမယ့် ကျန်းရှို့နဲ့တာရှန်က သူတို့ကို အိမ်မှာပဲထားပြီး မင်ကောအာနဲ့ ဖုန်းရှောင်ကျစ်ကို အနှောင့်အယှက်မဖြစ်စေလိုပေ။ မှောင်နေလို့ အဲ့ဒီကိုသွားရင်တောင် ဘာမှမြင်ရမှာမဟုတ်လို့ မနက်ဖြန်မနက်ထိစောင့်ရမယ်လို့ သူတို့က ပြောခဲ့သည်။

 

ထို့ကြောင့် ကလေးနှစ်ယောက်ကလည်း မနက်အစောပိုင်းတွင် ထန်ချွန်းမင်၏အိမ်ကို ပြေးသွားကြသည်။ ထိုနှစ်ယောက်က ထန်ချွန်းမင်၏အိမ်မှာ မနက်စာစားတာ ပုံမှန်ပင်ဖြစ်၏။ မနက်ခင်းတိုင်းမှာ သူတို့ကို စောင့်မျှော်နေသည့် သိုးနို့နှစ်ပန်းကန်ရှိ၏။

လီဖုန်း မင်ကောအာကို စကားအနည်းငယ်မပြောနိုင်ခင်မှာ ကောင်လေးနှစ်ယောက်က ခြံထဲက လီဖုန်းဆီသို့ အလောတကြီးပြေးလာပြီး မြင်းပေါက်လေးနှင့်ပတ်သက်တာကို စိတ်မရှည်စွာမေးခဲ့သည်။ သူတို့က ခြံထဲရှိ တင်းကုပ်ကိုသွားကြည့်ဖို့လည်း မစောင့်နိုင်ဖြစ်နေ၏။ လီဖုန်းက သူတို့ကိုဆွဲကာ အကြောင်းအရင်းကို ရှင်းပြလိုက်သည်။ ေကာင်လေးနှစ်ယောက်က စိတ်​အေးသွားခဲ့သည်။ သူတို့က စိတ်မပျက်သွားခဲ့ပေ။ တစ်ရက်စောင့်လိုက်ရုံဖြင့် မြင်ရတော့မှာဖြစ်သည်။ သူတို့က နောက်တစ်ကြိမ် ပျော်ရွှင်သွားပြန်သည်။

  

“ဦးလေးဖုန်း… သားတို့ ဟင်းသီးဟင်းရွက် ကူခူးပေးမယ်။” နှစ်​ယောက်သားက တက်တက်ကြွကြွနဲ့ ကူညီဖို့ ကမ်းလှမ်းလိုက်သည်။ ယနေ့က ကျင်းကျိစားသောက်ဆိုင်မှ ဟင်းသီးဟင်းရွက်လာကောက်မည့်နေ့ဖြစ်သည်။ အလုပ်စောစောပြီးရင် ဦးလေးဖုန်းက မြို့ကိုစောစောသွားပြီး မြင်းပေါက်ကိုသွားယူလာနိုင်မှာ သူတို့သိသည်။

  

“သွားမယ် ဒါပေမယ့် ဒီနေ့အိမ်စာတွေကိုတော့ ပြီးအောင်လုပ်ရမယ်နော်။ မဟုတ်လို့ကတော့ မြင်းပေါက်စကိုပြန်ခေါ်လာရင် ငါမင်းတို့ကို ပေးစီးမှာမဟုတ်ဘူး။ တာမောင်း…မင်းက အာမောင်းကို သေချာဂရုစိုက်ရမယ်။” လီဖုန်းက ပြင်းပြင်းထန်ထန် ညွှန်ကြားလိုက်သည်။

 

ကလေးနှစ်ယောက်၏ဦးရေပြား တင်းမာသွားပြီး အထူးသဖြင့် အာမောင်းက တင်ပါးနာကျင်သွားသလိုပင်။ သူတို့မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုများက ရ​ပ်တန့်သွားခဲ့သည်။ သူတို့က ရင်ကော့ကာ ကတိပေးလိုက်သည်။ “သားတို့ အိမ်စာသေချာလုပ်မှာပါ။”

 

လီဖုန်းက ကောင်လေးနှစ်ယော​က်ကို အိမ်ထဲခေါ်သွားပြီး အားလင်းကိုတော့ သူ့အားမူအား​ စောင့်ရှောက်ရန် ​​ပြောထားခဲ့သည်။ ကွဲပြားသောဆက်ဆံရေးက တာမောင်းနှင့် အာမောင်းတို့ မနာလိုမဖြစ်နိုင်သည့်အရာဖြစ်သည်။ အားလင်းက ကောအာလေးဖြစ်၍ အမျိုးသားတစ်ယောက်က ကောအာလေးကို ဂရုစိုက်ပြီး ကာကွယ်ပေးသင့်သည်။

 

ကျန်းရှို့က မင်ကောအာကို စောစောစီးစီး နှောင့်ယှက်နေမည့် သူ့သားနှစ်ယောက်ကို စိတ်ပူနေပြီး တစ်ချက်ကြည့်ရန် ပြေးလာခဲ့သည်။ သူ့သားတွေက အိမ်နောက်ဖေးမှာ လီဖုန်းကို ဟင်းသီးဟင်းရွက်ကူခူးပေးနေမှန်း သိလိုက်ရတော့ သူက ရယ်ရခက် ငိုရခက်ဖြစ်သွားလေသည်။ သူက ထန်ချွန်းမင်ကို ပြောလိုက်သည်။ “ဒီနှစ်ယောက်ကိုကြည့်ဦး…သူတို့က အိမ်မှာတော့ဘာမှမလုပ်​ပဲ မင်းအိမ်မှာတော့ အပိုးကျိုးနေလိုက်တာ။ ထားလိုက်ပါ.. သူတို့မင်းကိုမနှောင့်ယှက်တာပဲ ကျေးဇူးတင်လှပြီ။ ငါလည်း ဟင်းသီးဟင်းရွက်သွားခူးလိုက်ဦးမယ်။”

 

ကျင်းကျိဆိုင်က အရင်တစ်ခေါက် ဟင်းသီးဟင်းရွက်လာကောက်စဥ် ကျန်းရှို့နှင့် ဝမ်မော့က ဟင်းသီးဟင်းရွ​က်တစ်ခြင်းဆီကောက်ပြီး ကျင်းကျိဆိုင်က လိုချင်လားသိစေရန် ရှောင်ရွှင်းကျိနဲ့အတူ ထည့်ပေးခဲ့သည်။ မလိုချင်ရင် သူတို့က ထပ်ခူးပြီး မြို့ပေါ်မှာရောင်းလို့ရသည်။ ကျင်းကျိ၏ဆိုင်ရှင်ချီက သူတို့ဆီကဝယ်ဖို့ သဘောတူခဲ့ပြီး သူတို့ယခုတစ်ကြိမ်ရောက်လာလျှင် ထည့်ပေးလိုက်ဖို့ ပြောခဲ့သည်။ ယခုတစ်ကြိမ်မှာ စျေးနှုန်းလည်းဆွေးနွေးမှာဖြစ်၍ ကျန်ရှို့နှင့် ဝမ်မော့က စောစောထပြီး အိမ်မှာအလုပ်ရှုပ်ကြသည်။ သူတို့ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ သူတို့ပျော်ရွှင်နေကြသည်။

 

လီဖုန်းက တာမောင်းနှင့်အာမောင်းကို ဟင်းသီးဟင်းရွက်ခူးဖို့ ခေါ်သွားပြီး မနက်စာကို အလျင်စလိုစားကာ ကျင်းကျိကလူတွေကို မစောင့်တော့ပဲ မြင်းနှင့်ထွက်သွားခဲ့သည်။ မင်ကောအာက ဤလူများကို ကိုင်တွယ်နိုင်၍ သူစိတ်ပူစရာမရှိပေ။ ထို့အပြင် သူက တစ်ယောက်တည်းဆိုလျှင် အသွားအပြန်အမြန်စီးလို့ရသည်။ ထို့ကြောင့် သူ ထမင်းစားချိန်မှီစေရန် စောစောထွက်လာခဲ့လေသည်။

 

လီဖုန်း ခပ်မိုက်မိုက်ပုံစံဖြင့် မြင်းစီးထွက်သွားတာကိုတွေ့သော တာမောင်းနှင့် အာမောင်းက သူ့ကို မျက်လုံးပြူးဖြင့်ကြည့်ကာ ထိုနေ့ရ​က်မျိုးကို စောင့်ဆိုင်းနေ၏။ ထန်ချွန်းမင်က သွားရည်ကိုသုတ်လိုက်သည်။ ယင်းက ဖြားယောင်းနေခြင်းဖြစ်ပြီး ​ယောကျာ်းပီသလွန်းသည်။ မဟုတ်ဘူး… သူအနီးကပ်စောင့်ကြည့်ရမှာ…လုံးဝအလွတ်မပေးသင့်ဘူး။

 

သိပ်မကြာခင်မှာ ဆိုင်ရှင်ချီနှင့် ရှောင်ရွှင်းကျိက ထပ်ရောက်လာသည်။ ပုံမှန်လိုပင် သူတို့က မနက်စာစားပြီး အသီးအရွက်တွေ ရိတ်သိမ်းဖို့ပြောလိုက်သည်။ လမ်းပေါ်မှာ သူတို့က လီဖုန်းနှင့်တွေ့ခဲ့သည်။ လီဖုန်းက မြင်းကိုအရှိန်လျှော့ကာ သူတို့ကို နှုတ်ဆက်လာပြီး သူ ခရိုင်မြို့ကိုသွားမယ့်အကြောင်း ပြောလာသည်။ ယင်းမှာ ထန်ဖူလန်ကိုစောင့်ရှောက်ရန် သွယ်ဝိုက်ပြောဆိုခဲ့ခြင်းဖြစ်၏။

 

မနက်စာစားပြီးနောက် မိသားစုနှစ်ခုက သူ့ကို ခြံထဲမှာစောင့်နေ၏။ တာရှန်နှင့် ဝမ်မော့မိသားစု၏ အမျိုးသားများက ထိုနေရာမှာရှိနေကြသည်။ ဒီလိုကောင်းတဲ့အရာ​ကို သူတို့က စိတ်မလှုပ်ရှားပဲနေပါ့မလား? ကျင်းကျိစားသောက်ဆိုင်က စျေးကောင်းပေးမည်ဟု မျှော်လင့်လျက် သူတို့အားလုံးက ဆိုင်ရှင်ချီကို မျှော်လင့်တစားကြည့်နေသည်။

ဟင်းသီးဟင်းရွက် အရည်အသွေးက မင်ကောအာလောက် မကောင်းသော်လည်း ၎င်းတို့မှာ ရွာထဲက တခြားမိသားစုတွေထက် ကောင်းလေသည်။ ဝမ်မော့မိသားစု၏ လူကြီးများမှာ ၎င်းတို့ကို ယခင်ကလို လွတ်လွတ်လပ်လပ်စားရန် တွန့်ဆုတ်နေခဲ့သည်။ ဦးလေးကျောက်လျိုက နောက်တစ်ကြိမ်ပြန်လာဖို့ အားနာနေ၏။ ယခင်နှစ်ရက်လောက်က သူသည် ဟင်းသီးဟင်းရွက်များကို မြိုပေါ်မှာသွားရောင်းခဲ့သည်။ တ​​ခြားဟင်းသီးဟင်းရွက်များထက် ဆင့်အနည်းငယ်တင်ပြီး ရောင်းနိုင်ခဲ့လို့ သူက အလွန်ကျေနပ်နေသည်။ ဟင်းသီးဟင်းရွက်များရောင်းချပြီးနောက် သူ ထန်ချွန်းမင်အိမ်နားက ဖြတ်သွားစဥ် အားလင်းအတွက် သကြားလုံးချိုချဥ်တချို့ ယူလာပေးခဲ့သည်။

 

ဆိုင်ရှင်ချီက ထန်ချွန်းမင်အရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်းမပြုမူပေ။ သူက ထိုဟင်းသီးဟင်းရွက်အားလုံးကို ဝယ်ယူရန် စျေးကွက်ပေါက်စျေးထက် နည်းနည်းလေးပိုပေးခဲ့သည်။ အနာဂတ်မှာ သူတို့က အရည်အသွေးတူ ဟင်းသီးဟင်းရွက်များကို လာဝယ်မည်ဖြစ်သည်။ ဤဟင်းသီးဟင်းရွက်များက ကျင်းကျိအတွက်မဟုတ်ပေ။ သူ့သခင်လေးမှာ တခြားနေရာ၌ စားသောက်ဆိုင်များစွာရှိသည်။

ထန်ဖူလန်၏တင်သွင်းကုန်များသာမရှိလျှင် သူတို့ဘာလုပ်ရမလဲမသိပေ။ ဤစားသောက်ဆိုင်နှစ်ဆိုင်မှ ဟင်းလျာများသည် တခြားသူတွေထက် ပိုကောင်း၏။ ရာသီဥတွေးပိုနွေးလာသည်နှင့် ရာသီဟင်းလျာများ ပိုများလာ၍ ထန်ချွန်းမင်၏ ဟင်းသီးဟင်းရွက်ဝယ်စျေးက ကျဆင်းသွားသည်။ သို့သော်လည်း ခြံအသစ်ကနေ ဟင်းသီးဟင်းရွက် အသစ်များထွက်လာတာကြောင့် ဝင်ငွေက အများ​ကြီးမကျဆင်းသွားခဲ့ပေ။

 

ဆိုင်ရှင်ချီက မင်ကောအာကို တစ်ခုခုပြောချင်နေတာတွေ့လျှင် ကျန်းရှို့နဲ့ ဝမ်မော့၏မိသားစုက ဟင်းသီးဟင်းရွက်ရောင်းရငွေကိုယူကာ ဝမ်းသားအားရထွက်သွားခဲ့သည်။ မင်ကောအာ၏ခြံမှထွက်လာပြီးနောက် မိသားစုနှစ်ခုက တစ်​​ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။ သူတို့မျက်ဝန်းထဲက ပျော်ရွှင်မှုက ဖုံးကွယ်လို့မရပဲ သူတို့ကပြောလိုက်သည်။ “ငါတို့ ဒီကိစ္စကို လျှို့ဝှက်ထားပြီး ဘယ်လောက်နဲ့ရောင်းခဲ့ရလဲ သူများတွေကို မပြောသင့်ဘူး။ ငါတို့ ဒီစီးပွားရေးကို အချိန်ကြာအောင် ထိန်းသိမ်းသင့်တယ်။”

ဝမ်မော့ကလည်းပြောလိုက်သည်။ “ဟုတ်တယ်.. ငါတို့ နောင်မှာ ဥယျာဥ်ထဲက ဟင်းသီးဟင်းရွက်တွေကို ပိုဂရုစိုက်ရမယ်။ မင်ကောအာကို ကျေးဇူးတင်ရမယ်။ လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်က ငါတို့ဒီနေ့ကိုရောက်လာမယ်လို့ ဘယ်သူကထင်ထားမှာလဲ။” ဝမ်မော့က အိမ်ကလူကြီးနှင့် ကလေးများကို စောင့်ရှောက်ပြီး သူ့ကလေးတွေက ငယ်သေးတာကြောင့် သူက ကျန်းရှို့လိုမျိုး ခဏခဏလာကူညီလို့ မရခဲ့ပေ။

သူလည်းပဲ မင်ကောအာဆီက အကူအညီရခဲ့မယ်လို့ မထင်ခဲ့တာကြောင့် သူ့ရင်ထဲမှာ မင်ကောအာကို ကျေးဇူးတင်နေမိသည်။ မင်ကောအာ နောင်မှာ ဘယ်လိုအခက်အခဲမျိုးကြုံရပါစေ သူတို့မိသားစုက သူ့ဘက်မှာ အမြဲရှိနေမည်။.

  

“ဟုတ်တယ်…မင်​ကောအာက အမြဲတမ်းစိတ်သဘောထားကောင်းတဲ့သူပါ။ သူများတွေ ဘယ်လောက်ပဲ မနာလိုဖြစ်ပါစေ မင်ကောအာက စိတ်ထဲမထားဘူး။ အဲ့ဒါက သူတို့ခွန်အားကို ဖြုန်းတီးနေတာပဲ။” ကျန်းရှို့က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ သူတို့နှစ်ယောက်က စကားပြောရင်းရယ်မောကာ ထွက်သွားခဲ့သည်။

သူတို့နောက်လိုက်လာသော တာရှန်ကလည်း ပျော်ရွှင်နေ၏။ တစ်နှစ်ဝင်ငွေက လယ်ကွင်းထဲမှာ စိုက်ပျိုးထားသော ကောက်ပဲသီးနှံရိတ်သိမ်းငွေထက် မနည်းလှပေ။ ယခုနှစ်၏ငွေကို စုဆောင်းပြီးလျှင် နောက်နှစ်မှာ သူ့ကလေးတွေကို ကျောင်းပို့နိုင်တော့မယ်လို့ တာရှန်တွေးနေခဲ့သည်။ မင်ကောအာ သူတို့အတွက် ချပေးခဲ့သော အခြေခံအုတ်မြစ်က လုံးဝမဆိုးပေ။

 

ဝမ်မော့မိသားစု၏ လူကြီးများမှာလည်း ဝမ်မော့နဲ့အတွေးတူသည်။ သူတို့က တခြားလူများပြသပေးသော ကြင်နာမှုကိုအမှတ်ရပြီး ရွာထဲမှာ ထန်ချွန်းမင်၏ကောင်းကြောင်းများ ပြောဆိုပေးမှာပင်။

ထန်ချွန်းမင်က ကျောက်မိသားစုနှင့် ခွဲထွက်ပြီးနောက် ဖျင်ရှန်ရွာတွင် အဆက်အသွယ်တချို့ရှိလာခဲ့သည်။ သူက မိသားစုတချို့ကလွဲ၍ တခြားမိသားစုများနဲ့ အဆက်အသွယ်အနည်းငယ်ရှိလာသည်။ တကယ်တမ်းမှာ သူသည် တခြားရွာကဖြစ်၏။

ဝမ်မော့မိသားစု၏ လူကြီးများက ဝမ်မော့နဲ့ ထန်ချွန်းမင်ပတ်သက်နေတာကို မူလကသဘောမကျခဲ့ပေမယ့် ထန်ချွန်းမင်က ဤမျှလောက် သဘောထားကြီးမယ်လို့ မထင်မှတ်ထားတာ​ကြောင့် သူ့အပေါ်အမြင်များ တဖြည်းဖြည်းပြောင်းလဲသွားခဲ့သည်။ အပြောင်းအလဲက မသိသာပေမယ့် အချိန်ကြာလာသည်နှင့်အမျှ ထန်ချွန်းမင်က ဤရွာ၌ ပို၍ပင် အမြစ်တွယ်လာပြီဖြစ်၏။

 

မိသားစုနှစ်ခုထွက်သွားတော့ ထန်ချွန်းမင်က ဆိုင်ရှင်ချီကို ပြောလိုက်သည်။ “ခင်ဗျားဘာပြောချင်လို့လဲ?” ဆိုင်ရှင်ချီလာတိုင်း တစ်ခုခုသတင်းပါးစရာရှိနေ၏။

 

ဆိုင်ရှင်ချီက ပြုံးကာပြောလိုက်သည်။ “ဖျင်ရှန်ရွာက ပညာရှင်တစ်ယောက် မွေးထုတ်ပေးဖို့မလွယ်ကူလို့ ကျောက်ရှို့ချိုက်က ငယ်ရွယ်ပြီး အလားအလာရှိတဲ့ အနာဂတ်ဖြစ်လာမယ်လို့ ငါတို့သခင်လေးက တွေးခဲ့တယ်။ ဒါကြောင့် သူက သူ့ကို ခရိုင်မော်ကွန်းထိန်းမိသားစုရဲ့ ခင်ပွန်းအဖြစ် မိတ်ဆက်ပေးဖို့ လူလွှတ်ပြီးပြောခိုင်းခဲ့တယ်။ ဒီတော့ ခရိုင်မော်ကွန်းထိန်းက သူ့ကိုမျက်စိကျသွားတယ်။ သူတို့က ကျောက်လောင်စန်းကို သားမက်ဖြစ်စေချင်တယ်။ ဒီတော့ ကိစ္စက ရှန်းမိသားစု​ဆီကနေ ဖုံးကွယ်လို့မရဘူးဖြစ်သွားတယ်။ သူတို့ကောလေး အကြောင်းပြချက်မရှိ အငြင်းခံရရင် သူတို့ဂုဏ်သိက္ခာကျဆင်းသွားမှာ​လေ။ ဒီတော့ သူက ဒီကိစ္စနဲ့ပတ်သက်ပြီး ရှန်းသခင်ကြီးကို အကြောင်းကြားဖို့ လူလွှတ်ခဲ့တယ်။ ဟားဟား…. မနေ့က ဖျင်ရှန်ရွာကြီး သက်ဝင်လှုပ်ရှား​နေတယ်လို့ ငါကြားတယ်။”

 

ထန်ချွန်းမင်က ကောင်းကင်ကို မျက်လုံးလှိမ့်ပြလိုက်သည်။ ရှန်းမိသားစုက ဘာလို့ရုတ်တရက် ရန်လိုနေတာလဲ သူအံ့သြခဲ့သည်။ ဤသည်မှာ မကောင်းသောအကြံအစည်များပြည့်နေသည့် သခင်လေးနှင့် ကျွန်တို့၏လက်ချက်ဖြစ်သည်။ ယုတ်မာလိုက်တာ! ဒါပေမယ့် အရမ်းကောင်းတယ်!

  “ကောင်းပြီ။ မာနထောင်လွှားမနေပါနဲ့ ။ စာနာတဲ့လေသံနဲ့ စကားပြောနေချိန်မှာ ပါးစပ်ထောင့်ကို အမြင့်ကြီး မကွေးညွတ်ရဘူး။ ဒါက ခင်ဗျားရဲ့ ခံစားချက်အစစ်ကို ဖော်ထုတ်မိသလိုပဲ။ ဒါပေါ့.. ကျွန်တော်က လူကောင်းမို့လို့ တခြားလူတွေကို ပြန်မပြောပြ​ပါဘူး။” ထန်ချွန်းမင်က ဆိုးသွမ်းစွာပြောလိုက်၏။

 

ဆိုင်ရှင်ချီက သွေးအန်လုနီးပါးပင်။ ထန်ဖူလန်နဲ့ ဆက်ဆံလေ၊ ဤလူက လူကောင်းမဟုတ်မှန်းသိလာလေပင်။ သူက တခြားသူများနှင့် စီးပွားရေးတွဲလုပ်ပြီး အတွေ့အကြုံအများကြီးရှိသည်။ ကံအားလျော်စွာ ဤကောအာမှာ ရည်မှန်းချက်ကြီးကြီးမားမားမရှိပဲ အိမ်မှာနေကာ ​အေးအေးဆေးဆေးချမ်းသာချင်ခဲ့သည်။ မဟုတ်ပါက သူ ထိုလူကို စီးပွားရေးလောကမှာမြင်ရလျှင် သူတို့အားလုံးအတွက် ခေါင်းကိုက်စရာတွေဖြစ်လာလိမ့်မည်။

  

“ငါ စားသောက်ဆိုင်မှာ အလုပ်ရှုပ်နေလို့ ဒီမှာဆက်နေပြီး ထန်ဖူလန်ကို မနှောင့်ယှက်တော့ပါဘူး။” ဆိုင်ရှင်ချီက ဆက်ပြောနေလည်း မနိုင်မှာကိုသိသဖြင့် သူက ထွက်ခွာဖို့ ဆုံးဖြတ်လိုက်သည်။ ထန်ချွန်းမင်က ထိုလူ အလျင်စလိုထွက်သွားတာကိုတွေတော့ နည်းနည်းလေးနောင်တရသွားသည်။ မုန့်မိသားစု ဘာတွေလုပ်နေလဲနှင့် သခင်လေးထန့်က ပညာရှင်ကျောက်လောင်စန်းကို ခရိုင်မော်ကွန်းထိန်း၏သားနှင့် လက်ထပ်ပေးသည်အထိ ကြင်နာပါ့မလား? သိချင်မိသည်။

 

&&&&&&

Chapter 40.3

ကျန်းရှိ့က အိမ်အလုပ်ပြီးတော့ ရောက်ရှိလာပြီး မနေ့ညက ကျောက်လောင်စန်း၏ စေ့စပ်ပွဲဖျက်သိမ်းမှုနောက်ဆက်တွဲများကို ထန်ချွန်းမင်အား ပြောကြားခဲ့သည်။

ကျန်းရှို့ပြောပြပြီးနောက် ထန်ချွန်းမင်နှင့် လီဖုန်းက ထိုအကြောင်းစကားမစခဲ့ပေ။ ထိုအကြောင်းအရာများက သူတို့နှစ်ယောက် အတူရှိနေချိန်ကို ပျက်ပြားစေမှာစိုးရိမ်၏။ သို့သော် ဆိုင်ရှင်ချီ၏ သတိပေးခံရပြီးနောက် ထန်ချွန်းမင်က ထိုအကြောင်းတွေးပြီး ပျော်ရွှင်သွားခဲ့သည်။

မနေ့က ကျောက်မိသားစုသည် ရှန်းမိသားစု၏ အနိုင်ကျင့်ခံခဲ့ရသည်။ ရှန်းမိသားစုသည် မြို့တွင်းရှိ သူတို့၏အာဏာကိုအသုံးပြု​ပြီး ရွာသားများကို အနိုင်ကျင့်လေ့ရှိသည်။ စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်တာနဲ့ တစ်ဖက်လူရဲ့ တံခါးဝကိုလာပြီး အနိုင်ကျင့်စရာလား? ပညာရှင်က တခြားတစ်ယောက်၏သစ်ကိုင်းကို တက်ချင်၍ ရှန်းမိသားစုကို မကြိုက်တော့တာကြောင့် စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့ကြောင်း ကောလာဟလထွက်ပေါ်လာလျှင် ရှန်းမိသားစုက ဒေါသမထွက်ဖို့ ဘယ်လိုဖြစ်နိုင်မလဲ? စကားတစ်ခွန်းမှမပြောပဲ သူတို့က လူသန်ကြီးနှစ်ယောက်ကိုခေါ်လာပြီး တံခါးကိုဖြိုချခဲ့သည်။

 

ကျောက်မိသားစုက လူသန်ကြီးနှစ်ယောက်နှင့် မယှဥ်နိုင်ပေ။ ဝမ်ချွန်းဟွာနဲ့ ဘိုးဘိုးကျောက်က ငိုတာကလွဲရင် ဘာလုပ်နိုင်မှာလဲ? ကျောက်တာနျိုကလည်း သူ့ညီလောက်မတော်ပေ။ သူက အိမ်ထဲမှာပုန်းအောင်းပြီး တခြားသူများတံခါးလာခေါက်လျှင် အရိုက်ခံရမှာစိုး၍ သူရဲဘောကြောင်စွာ အပြင်ထွက်မလာသူဖြစ်၏။ ကျောက်လောင်စန်းက ကြွားဝါဖို့အပြင် ဘာမှမလုပ်တတ်ပေ။ ထို့အပြင် သူက ကျောက်တာဟူလို လူကြမ်းများကို ရှုတ်ချလေ့ရှိသည်။ ဒါပေမယ့် ဘယ်သူက သူ့စကားကိုနားထောင်မှာလဲ? တစ်လုံးတည်းပြောရလျှင် ၎င်းက ရိုက်နှက်ခြင်း နှင့် ဖြိုခွဲခြင်းသာဖြစ်၏။

 

ရှန်းမိသားစုက မောက်မာသောပုံစံဖြင့် ပြေးဝင်လာပြီး ကျောက်မိသားစု၏ပစ္စည်းများကို ရိုက်ခွဲကာ ကြမ်းတမ်းစွာပြောဆိုခဲ့သည်။ ကျောက်လောင်စန်းက စေ့စပ်ပွဲဖျက်ချင်ရင် သူအိပ်မက်မက်နေတာပဲ! ထို့​နောက် သတင်းကြားပြီးနောက် ရောက်လာသော တခြားကျောက်မိသားစုများကိုလည်း အရေးမလုပ်ခဲ့ချေ။

 

တတိယဦးလေးက အပြေးလာခဲ့ပေမယ့် သူမြင်လိုက်ရသည်မှာ ရှုပ်ပွနေသော ခြံနှင့်အိမ်ဖြစ်၏။ လက်ထဲမှာရှိသည့်အရာအားလုံးက အပိုင်းပိုင်းခွဲခံလိုက်ရပြီး သူက ဒေါသထွက်လွန်းလို့ သတိလစ်မတတ်ဖြစ်ခဲ့သည်။ ဤသည်မှာ ကျောက်မိသားစုကို အလေးအနက်မထားခြင်းဖြစ်၏။

ဒါကြောင့် သူက ခြံနှင့်အိမ်ကို သန့်ရှင်းရေးလုပ်ရန်ပြောခဲ့ပြီး နာကျင်မှု​ကြောင့် အော်ဟစ်နေသော လူအနည်းငယ်၏ဒဏ်ရာကို သမားတော်ဟူနှင့် ကုစေခဲ့သည်။ ထိုစဥ် သူက အကူအညီတောင်းခံရန် ရွာလူကြီးအိမ်ကိုသွားခဲ့သည်။ ရှန်းမိသားစုက အလွန်မောက်မာပြီး သူတို့ဖျင်ရှန်ရွာက ပြန်တိုက်ခိုက်ရမည်။ မဟုတ်ပါက သူတို့ကျောက်မိသားစုနှင့် ဖျင်ရှန်ရွာကို ဘယ်သူမှအလေးထားတော့မှာမဟုတ်ပေ။

 

ကျောက်ဖျင်ချွမ် ပညာရှင်စာမေးပွဲအောင်သွားတော့ ကျောက်မိသားစုက ရွာထဲမှာ ပို၍ပင်လေးစားခံရ၍ ယုံကြည်မှုပိုရှိလာတယ်လို့ တတိယဦးလေးက ထင်ခဲ့သည်။ သူ့အမြင်၌ ဖျင်ရှန်ရွာက ရွာထဲက တစ်ဦးတည်းသော ပညာရှင်၏ဂုဏ်သတင်းကို ထိန်းသိမ်းထားရန် လုပ်နိုင်သမျှလုပ်ကြလိမ့်မည်။ နောင်မှာ သူက ကျွီရမ်ဖြစ်လာပြီး တစ်ရွာလုံးက ကျောက်မိသားစုကို မှီခိုရလိမ့်မည်။

(ကျွီရမ်.. အင်ပါယာစာမေးပွဲဘွဲ့ရကျောင်းသား)

  

“မနေ့က ရွာလူကြီးပြန်ရောက်တော့ အိမ်ကြီးက ဆူညံနေတာ။ ငါအိပ်ရာမဝင်ခင် အဲ့ဒီဘက်မှာ မီးထွန်းထားတာကို ငါ့ခြံထဲကမြင်လိုက်ရတယ်။ ငါ့ဦးလေးက တစ်ညလုံးကောင်းကောင်းအနားယူလို့မရခဲ့ဘူးထင်တယ်။”

“ကံကောင်းတာက… အိမ်မှာ လူနှစ်ယောက်ပဲရှိပြီး ကိုယ်ဝန်ရှိနေတဲ့ကောက မြို့ထဲရောက်နေပြီး ပြန်မလာဘူး။ မဟုတ်ရင် သူတို့သည်းခံနိုင်မယ်မထင်ဘူး။ အိမ်နီးနားချင်းတွေတောင် ကောင်းကောင်းမအိပ်ခဲ့ရဘူးထင်တယ်။”

ကျန်းရှို့က အားပါးတရပြောလိုက်သည်။ သူနဲ့မင်ကောအာ၏အိမ်က ရွာဝင်ပေါက်မှာဖြစ်တာကြောင့် ဘာမှမကြားရပေ။ မင်ကောအာက နှစ်နှစ်ခြိုကိခြိုက်အိပ်နေခဲ့ပြီး ဟိုမှာဘာဖြစ်နေလဲ သိခဲ့မှာတောင်မဟုတ်ဘူး။

  

“ဘိုးဘိုးကျောက်က စေ့စပ်ပွဲဖျက်ဖို့ ရှန်းမိသားစုကိုသွားခဲ့တာလား? သူတို့ဘယ်လိုရှင်းပြလိုက်လဲ?” ထန်ချွန်းမင်က ရွာလူကြီးနှင့် သူဇနီးကို သနားပြီး စိတ်ဝင်တစားမေးလိုက်သည်။

  

“ဇာတာခွင်က ကိုက်ညီတယ်လို့ သူတို့မပြောခဲ့ဘူးလား? ဒါပေမယ့် ဘိုးဘိုးကျောက် မြို့ပေါ်ထပ်သွားတော့ ဇာတာခွင်ကမှားနေလို့ သူတို့နှစ်ယောက်က မလိုက်ဖက်ဘူးလို့ အောင်သွယ်တော်ကိုပြောခဲ့တယ်။ သူတို့က ကျောက်လောင်စန်းရဲ့ စေ့စပ်ပွဲကိုဖျက်ချင်ပေမယ့် ရှန်းမိသားစုက ဘယ်လိုလက်ခံမှာလဲ? သူတို့လူလွှတ်စစ်ဆေးခိုင်းမယ်လို့ပြောပြီး မျက်စိတစ်မှိတ်အတွင်းမှာ ဖြစ်ရပ်မှန်ကိုသိသွားတယ်။ ကျောက်မိသားစုက ပိုကောင်းတဲ့မိသားစုကိုလိုချင်ပြီး ရှန်းမိသားစုကို မလိုချင်တော့တာတဲ့။ ရှန်းမိသားစုရဲ့ကောလေးက အိမ်မှာသေတော့မှာလို့လည်း ပြောခဲ့တယ်တဲ့။”

 

ကျန်းရှို့က ရယ်ရလွန်းလို့ ပြုတ်ကျမတတ်ပင်။ “ကျောက်မိသားစုက လတ်တလော ကျေနပ်အားရနေပြီး ဘိုးဘိုးကျောက်က လေပေါ်မှာပျံနေတာ။ သူ​က ရွာက မိသားစုနဲ့ ကွဲပြားသလိုပြုမူနေတာ။ ကျောက်သုန့်ကလည်း သူ့အောက်ဆွဲတစ်သိုက်ကိုခေါ်ပြီး သူမုန်းတဲ့ကလေးတွေကို လိုက်ရိုက်နေတာ။ သူက လူတွေ သူ့ကိုမုန်းလာအောင်လုပ်ရတာ အရမ်းသဘောကျတာပဲ။ အခု ဘိုးဘိုးကျောက်ကို သဘောမကျတဲ့ အဲ့ဒီလူတွေက သူတို့မိသားစုကိုကြည့်ပြီး လှောင်ပြောင်နေကြတယ်။”

  

“ရွာလူကြီးက ကျောက်မိသားစုပြောသလို ရှန်းမိသားစုကိုဆီမှာ ရှင်းပြချက်သွားတောင်းဖို့ သဘောတူလိုက်လား?” ထန်ချွန်းမင်က ထိုစကားကြားတော့ အလွန်ပျော်နေ၏။

  

“ဘာလို့သဘောတူရမှာလဲ? မျိုးနွယ်စုလူကြီးတွေက သူတို့အမြင်မှာ စည်းလုံးမှုမရှိကြဘူး။ သူတို့ မနေ့ညက ရွာလူကြီးအိမ်မှာ မရပ်မနားငြင်းခုံနေကြတာ။ သူတို့က တခြားမိသားစုနဲ့ လက်ထပ်မှာမဟုတ်ပဲ သူတို့သားက ရှန်းမိသားစုရဲ့ကောလေးနဲ့ သဟဇာတမဖြစ်လို့ စေ့စပ်ပွဲဖျက်ပြီး မနှောင့်နှေးစေချင်ခဲ့တာဖြစ်ကြောင်း ဘိုးဘိုးကျောက်နဲ့ တတိယဦးလေးကျောက်က ငြင်းဆိုခဲ့တယ်။”

“ဒါပေမယ့် လူတစ်ချို့ကပဲယုံကြပြီး ရှန်းမိသားစုကတော့ ပစ္စည်းတွေလာရိုက်ခွဲခဲ့တယ်။ တချို့လူတွေက သူတို့ကိုဖျောင်းဖျဖို့ ရှေ့တိုးခဲ့ပေမယ့် ရှန်းသခင်ကြီးကိုယ်တိုင်ရောက်လာပြီး တံခါးဝမှာ ​ကြော်ညာချက်ထုတ်လိုက်တော့ ကျောက်မိသားစုက ရှန်းမိသားစုကို အရင်စော်ကားခဲ့တာဖြစ်ကြောင်း အားလုံးသိသွားပြီး ဘယ်သူကမှ တားဆီးဖို့ရှေ့မတိုးကြတော့ဘူး။”

“တတိယဦးလေးကျောက်က တခြားမိသားစုနဲ့ လက်ထပ်ထိမ်းမြားလိုပြီး ရှန်းမိသားစုနဲ့ စေ့စပ်ပွဲဖျက်ချင်တယ်လို့ ရှန်းသခင်ကြီးကပြောခဲ့တယ်။ သူက အောင်သွယ်တော်ကိုလာဘ်ပေးပြီး မူလရလဒ်ကိုပြောင်းလဲပေးဖို့ ဗေဒင်ဆရာကိုပြောခဲ့တယ်။”

“ပြီးတော့ သူတို့က ကျောက်မိသားစုကိုပ​စ်မှတ်ထားပြီး ဖျင်ရှန်ရွာကို ပြဿနာမရှာဘူးလို့လည်း ပြောခဲ့တယ်။”

ကျန်းရှို့က အာခေါင်ခြောက်နေပြီမို့ ရေတစ်ခွက်သောက်လိုက်သည်။ မင်ကောအာ၏မိသားစုမှရေသည် တခြားမိသားစုများထက် ပိုချိုသည်။

  

“ဒါက နောက်ကွယ်ကနေ ခြယ်လှယ်နေတဲ့ ကျောက်လောင်စန်းရဲ့လက်ချက်ပဲဖြစ်ရမယ်။” ထန်ချွန်းမင်က ထိုလူများ၏ သဘောသဘာဝကိုတွေးကာ မှန်းဆလို့မရတာမရှိခဲ့ပေ။

“ဘိုးဘိုးကျောက်နဲ့ ဝမ်ချွန်းဟွာက သူတို့မှာရှိတဲ့ပိုက်ဆံကိုတော့ မထုတ်ချင်ပေမယ့် ဒါက လိမ္မာပါးနပ်တဲ့ လှုပ်ရှားမှုတစ်ခုပဲ။ တခြားတစ်ယောက်သာဆိုရင် သူတို့အောင်မြင်သွားနိုင်တယ်။”

 

သူ့အမြင်မှာ ရှန်းမိသားစုက သူတို့ကောလေးကို ရိုးရိုးသားသားလက်ထပ်ပေးချင်တယ်ဆိုလျှင် သူတို့ကို လွယ်လွယ်နဲ့ အလွတ်ပေးမှာမဟုတ်ပေ။ တကယ်တော့ ဤကိစ္စကဖြေရှင်းရလွယ်သည်။ ဘုရားကျောင်းမှ ဗေဒင်ဆရာ သို့်မဟုတ် ဘုန်းကြီးကိုရှာ​ကာ ကျောက်််မိသားစုလိမ်နေသလား စစ်ဆေးလိုက်လို့ရသည်။

ထို့အပြင် ရှန်းမိသားစုက မြို့ပေါ်မှာ လေးစားထိုက်သောမိသားစုအဖြစ် သတ်မှတ်ခံထားရသည်။ တစ်​ယောက်ယောက်က စေ့စပ်ပွဲဖျက်လိုလျှင် သူတို့အရှက်ကွဲသွားမှာဖြစ်၏။ ရှန်းမိသားစုက ကောလေးက မ​ကောင်းလို့ စေ့စပ်ပွဲပျက်ရတာပါဆိုပြီး လူတွေပြောလိမ့်မည်။ ကျောက်မိသားစုက အမျိုးသားတစ်​ယောက်ဖြစ်နေလို့ အများကြီးဆုံးရှုံးသွားမှာမဟုတ်ပေ။

  

“ငါလည်း အဲ့လိုထင်တာပဲ” ကျန်းရှို့က ရေသောက်ပြီးနောက် စိတ်ကြည်သွား၏။

“ဘာပဲဖြစ်ဖြစ် မနေ့ညက ဘာရလဒ်မှမထွက်ခဲ့ဘူး။ ရွာလူကြီးက ရှန်းမိသားစုဆီမှာ ပြဿနာသွားမရှာမှာသေချာတယ်။ ငါ့ဦးလေးလည်း ဒီရက်ပိုင်းမှာ ခေါင်းကိူက်နေတာ။ ကျောက်မိသားစုက လွယ်လွယ်နဲ့ရပ်တန့်မှာမဟုတ်ဘူး။ ပြီးတော့ သမားတော်ဟူကလည်း ဆေးတွေအများကြီးညွှန်းပေးပြီး ဘိုးဘိုးကျောက်ဆီက ပိုက်ဆံတောင်းခဲ့တယ်။”

“သူက ပိုက်ဆံမရရင် ဆေးပေးမှာမဟုတ်ဘူး။ ဘိုးဘိုးကျောက်က ပိုက်ဆံမပေးချင်လို့ မသိချင်ယောင်ဆောင်နေတယ်လို့ကြားတယ်။ လူတွေအများကြီးကြည့်နေလို့ ကျောက်လောင်စန်းက အရှက်မကွဲချင်ပဲ ပိုက်ဆံကိုချက်ချင်းထုတ်ပေးခဲ့တယ်။ ဘိုးဘိုးကျောက်က စူးစူးဝါးဝါးထအော်တော့တာပဲ”

 

ထန်ချွန်းမင်က ပြောစရာပျောက်ရှသလို ခေါင်းခါလိုက်သည်။ ဘယ်လိုငတုံးက ဒီလိုလုပ်မှာလဲ? သူပြောရလျှင် ရှန်းမိသားစုလုပ်ခဲ့တာမှန်သည်။ သူတို့က အရိုက်ခံရသင့်သည်!

 

ရှန်းမိသားစုက ဘာလို့အကြောက်တရားမရှိတာလဲ? တစ်ဖက်လူက ခရိုင်မော်ကွန်းထိန်းဖြစ်နေလို့လား? ရှန်းမိသားစုက ကိစ္စကြီးအောင်လုပ်ပြီး ခရိုင်အစိုးရကို ဤခရိုင်မော်ကွန်းထိန်းအကြောင်း သိစေချင်တာဖြစ်မည်။ ဒါမှ သူတို့နှစ်ဖက်လုံးက ယောက္ခမဖြစ်မလာပဲ ရန်သူတွေဖြစ်လာမှာပင်။

ကျောက်လောင်စန်းက ပညာရှင်ဆိုရင်တောင် နောက်ခံမရှိတဲ့လူကို ဘယ်သူက မျက်နှာသာပေးမှာလဲ? ထိုအချိန်တွင် ခရိုင်မော်ကွန်းထိန်းက အနာကိုဆားမသိပ်ရင်ကောင်းမည်။ ကျောက်လောင်စန်း၏အပြုအမူက မိသားစုနှစ်ခုလုံးကို မျက်နှာပျက်စေသည်။

 

မျှော်လင့်ထားသလိုပင် လီဖုန်းက ညနေမှပြန်ရောက်လာ၏။ သူရွာထဲကို ဝင်လိုက်တာနဲ့ လမ်းဘေးကလူတွေသည် လီဖုန်းမြင်း၏နောက်မှလိုက်လာသော မြင်းပုလေးကို မြင်လိုက်ရသည်။ သူတို့က လီဖုန်းထံကိုသွားကာ ထူးဆန်းမှုကိုမေးလိုက်သည်။ လီဖုန်းက အားလင်းအတွက် မြင်းပေါက်လေးဝယ်လာပေးတာကို သိလိုက်ရသောအခါ သူတို့က မနာလိုအားကျသွားခဲ့သည်။

ဒီဖုန်းရှောင်ကျစ်က ဘယ်လောက်တောင် ရက်ရောလိုက်လဲ? သုံးနှစ်အရွယ်ကလေးကစားဖို့ ​မြင်းပေါက်လေးလား? သူတို့လိုရွာလေးမှာ မိုးကြိုးပစ်ခံရသလိုပင်။

 

မြင်းပုလေးက ထန်ချွန်းမင်၏ခြံထဲသို့ ရောက်သွားသည်ကို သူတို့က အားကျသလို ကြည့်နေခဲ့သည်။ တစ်ယောက်ယောက်က တံခါးလာခေါက်ခဲ့တာဖြစ်မည်။ သူတို့အပေါက်ဝရောက်တာနဲ့ တံခါးကပွင့်နေသည်။ အသေးလေးသုံးယောက်က အမြန်ပြေးထွက်လာကာ ဦးလေးဖုန်းကို ချစ်ခင်ယုယစွာခေါ်လိုက်ပြီး မြင်းပုလေးကို စိတ်လှုပ်ရှားစွာ လှည့်ပတ်ကြည့်ရှုလိုက်သည်။

 

ထန်ချွန်းမင်က အနောက်ကနေ ဖြည်းဖြည်းချင်းလျှောက်လာပြီး လီဖုန်းအမြန်ပြန်လာတာကိုတွေ့တော့ အံ့သြသွားကာ ပြောလိုက်သည်။ “ဘာလို့အလောတကြီးပြန်လာတာလဲ? ခင်ဗျားတစ်လမ်းလုံးပင်ပန်းနေမှာပေါ့”

  

“အဆင်ပြေပါတယ်။ အရင်ကထက်ပိုလွယ်တယ်။ ကိုယ် မြောက်ဘက်မှာရှိနေစဥ်ကနဲ့ ယှဥ်ရင် အခုဘဝက သက်တောင့်သက်သာရှိလို့ ပျင်းတတ်နေပြီ။”

 

“ကောင်းပြီ… မြင်းကို အိမ်ထဲအမြန်ခေါ်လာပါ။ ကျွန်တော်တို့ညစာအတူစားကြမယ်။ တာမောင်း… မင်းဦးလေးနဲ့ မြင်းပုလေးကို ကူသယ်ပေးလိုက်။” ထန်ချွန်းမင်ကအော်လိုက်သည်။

မြင်းကိုအိမ်ထဲ​ခေါ်လာပြီးနောက် ခြံတံခါးဝကို မပိတ်ထားပေ။ လူတော်တော်များများက မြင်းကိုအပြေးလေးလာကြည့်ကြသည်။ ထန်ချွန်းမင်က သူတို့ကိုမတားပဲ လုပ်ချင်တာလုပ်ခွင့်ပေးထားသည်။ ရှောင်ဟွာကို စောင့်ကြည့်ပြီး လူတွေကိုလိုက်ကိုက်ခြင်းမှ တားဆီးရန် သူက တာမောင်းနှင့်အာမောင်းအား မှာထားသည်။

 

လူအများစုက ဤခြံထဲကို ​ရောက်ဖူးပေမယ့် ကျောက်တာဟူဆုံးတော့ သူတို့လာတာရှားသည်။ ယခု သူတို့ဝင်လာတော့ ခြံကအများကြီးပြောင်းလဲသွားတာကို တွေ့လိုက်ရသည်။ သူတို့က ထန်ချွန်းမင်၏ဘဝပိုကောင်းလာပြီး သာယာဝပြောနေတယ်လို့ ဆိုကြသည်။ အရင်တုန်းက သူတို့သည် တ​ခြားသူများပြောတာကိုသာ ကြားခဲ့ရပေမယ့် ယခုမူ သူတို့မျက်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့ပြီး ယင်းက တကယ်ကိုကြွယ်ဝချမ်းသာနေတာ သေချာသည်။

 

မင်ကောအာ ဟင်းသီးဟင်းရွက်ရောင်းပြီး ချမ်းသာလာသည်ဟု ကြားသောအခါ တချို့လူတွေက ခြံအနောက်ဘက်နှင့် ခြံအသစ်ကို ဂရုတစိုက်ကြည့်လိုက်သည်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်များကို မြင်ရခြင်းက အံ့ဖွယ်ပင်။ ဟင်းသီးဟင်းရွက်များက အလွန်ကောင်းမွန်စွာ ကြီးထွားနေပြီး ကျင်းကျိစားသောက်ဆိုင်က ဟင်းသီးဟင်းရွက်ကောက်ဖို့ မကြာခဏလာနေတာ မဆန်းတော့ပါပေ။

 

ကျန်းရှို့ကလည်းရောက်လာပြီး ထန်ချွန်းမင်နှင့် လီဖုန်းကို ထမင်းသွားစားခိုင်းလိုက်သည်။ သူနဲ့တာရှန်က ခြံကိုစောင့်ပေးနေပြီး ဟင်းသီးဟင်းရွက်များကို ဘယ်သူမှဖျက်စီးလို့မရအောင် တားဆီးလိုက်သည်။

  

“အားလင်းစားပြီးပြီလား? အားလင်းကိုပါ အတူတူစားဖို့ ခေါ်လိုက်ရမလား?” လက်ဆေးပြီးနောက် လီဖုန်းက အိမ်ထဲဝင်သွားပေမယ့် အားလင်းကို မတွေ့ခဲ့ပေ။ သူ မြင်းပုကိုကြည့်နေရလို့ မစားချင်တော့တာဖြစ်မည်။

  

“သူ့ကိုလွှတ်ထားလိုက်ပါ။ သူကြက်ဥတစ်ပန်းကန်စားထားတယ်။ အဲ့ဒါကြောင့်ဗိုက်မစာတာဖြစ်မယ်။” ထန်ချွန်းမင်က လက်ယမ်းပြကာ ပြောလိုက်သည်။ သူက သူ့ကို အသီးတွေလည်းကျွေးထား၍ ဗိုက်ဆာနေမှာမဟုတ်ပေ။ သူတို့ သူ့ကို ယခုခေါ်လိုက်လျှင် မပျော်တော့မှာသေချာသည်။

“ဟုတ်ပြီ…တာရှန်အပြင်မှာစောင့်နေမှာမို့ စိတ်မ​ပူပဲ အမြန်စားကြတာပေါ့။” လီဖုန်းက ထန်ချွန်းမင်ကို ထမင်းခူးပေးပြီး သူ့ကို ထိုင်ခုံပေါ်မှာ ဂရုတစိုက်ထိုင်စေသည်။

 

ကြည့်ရှုသူအားလုံးထွက်သွားပြီးနောက် ကလေးသုံးယောက်အိမ်ထဲပြန်ဝင်လာကာ ကျန်းရှို့နှင့် တာရှန်လည်းလိုက်လာခဲ့သည်။

အနေအေးသော တာရှန်၏မျက်နှာမှာ အပြုံးတစ်ပွင့်ရှိနေပြီး သူက မြင်းပုလေးကိုကြည့်ကာ ပျော်နေ၏။ သူက လီဖုန်းကိုမေးလိုက်သည်။ “မြင်းပုလေးဝယ်ဖို့ ဘယ်လောက်ကျလဲ?”

  

“အများကြီးမကုန်ဘူး။ ရိုးရိုးမြင်းပုလေးပါပဲ..ကလေးတွေက သဘောကျသလို ကြီးလာရင်လည်း အလုပ်ဖြစ်လိမ့်မယ်။” လီဖုန်းက တာရှန်၏စကားကို တိုက်ရိုက်မဖြေပေ။ ထန်ချွန်းမင်က လီဖုန်းကို ဘေးကနေစိုက်ကြည့်နေသည်။

ဤမြင်းပုလေးက ငွေငါးဆယ်ကျမယ်လို့ လီဖုန်း သူ့ကို မနေ့ညက​ပြောခဲ့သည်။ သူက မြောက်ဘက်ရှိ တရစ္ဆာန်များနှင့် မကြာခဏဆက်ဆံရတာကြောင့် သူက အဆင့်အတန်းမြင့်သည်။

သူက သာမန်မြင်းပုလေးကို မထီမဲ့မြင်ပြုခဲ့သည်။ သူတစ်ခုခုဝယ်လျှင် ကောင်းတာလေးဝယ်သည်။ ကံအားလျော်စွာ ဤသည်မှာ ခရိုင်မြို့ဖြစ်၍ မြင်းကောင်းများစွာမရှိပေ။ မဟုတ်ပါက ငွေမည်မျကုန်ကျမည်ကို သူမသိပေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment