Chapter 9.1
“စာရင်းစာအုပ်”
လီကျန့်သည် ဖျင်ရှန်ရွာတွင် ဂုဏ်သတင်းကြီးသူဖြစ်၏။ လက်ရှိ ကျောက်မိသားစုက အထက်တန်းစားမိသားစုဆိုလျှင် ရွာလူကြီးက ပထမတန်းစားမိသားစုဖြစ်၏။ ရွာလူကြီးက တရားမျှတပြီး တခြားရွာမှလူတွေကို ဖိနှိပ်ပြီး လီမိသားစုကို အားမကိုးခဲ့ပေ။ တခါတရံ မျှမျှတတ ဆက်ဆံခြင်းက လွဲချော်တာရှိသော်ငြား အချိန်အများစုမှာ သူက ယုံကြည့်လို့ရသည်။
ရွာလူကြီးမိသားစုမှ လူငယ်လေးနှစ်ယောက်က စာမေးပွဲမအောင်သေး၍ ထုံရှန့်ဘွဲ့ရထားသော ကျောက်ဖျင်ချွမ်လောက် မတော်ကြသော်လည်း သူ့မိသားစုမှ ကောင်လေးနှစ်ယောက်က ခရိုင်မြို့မှာ စာသင်နေတာကို လူတိုင်းသိသည်။ ခရိုင်မြို့တွင်းကျောင်းများ၏ အဆင့်အတန်းက မြို့ပေါ်က ကျောင်းထက်မြင့်မားသည်။
ရွာလူကြီး၏မိသားစုမှ ကောင်လေးနှစ်ယောက်က ရွာထဲက ကျောက်ဖျင်ချွမ်ထက်ပင် ပို၍ကျော်ကြားသည်။ သူတို့က တခြားလူတွေကို အမြဲယဥ်ကျေးသည်။ သူတို့က ပညာရှင်တစ်ဦးဖြစ်ကြောင်း လူတိုင်းကို သိစေချင်သည့် ကျောက်မိသားစု၏ တတိယသားနှင့်မတူပေ။
ရွာလူကြီး၏မိသားစုမှာ မြို့ထဲမှာ အိမ်ထောင်ကျခဲ့သော ကောတစ်ယောက်ရှိ၏။ သမက်က ယာမန်ရှိ ရဲအရာရှိဖြစ်ပြီး အစိုးရလစာကိုရရှိသည်။
(ယာမန်- အစိုးရရုံး)
ရွာလူကြီးက လူရောင်းနေသည့် သတင်းကိုကြားခဲ့ရသည်။ သူ့ဇနီးက သူ့ကို ကျောက်မိသားစု၏ ယခုရက်ပိုင်း လုပ်ရပ်များကို ပြောပြခဲ့သည်။ သူက ဒေါသကိုထိန်းချုပ်နေရသည်။ ယခုချိန်တွင် လူတိုင်း၏ဘဝက ပိုမိုကောင်းမွန်လာပြီး ဖျင်ရှန်ရွာက ပိုမိုသာယာဝပြောလာခဲ့သည်။ ကျောက်မိသားစုက အရှက်မဲ့သည့် မိသားစုဖြစ်၏။ သူတို့နဲ့အတူပါလာသော ကျောက်မိသားစု၏ တတိယသားက မျက်နှာမှာ ဆိုးရွားသော အမူအရာရှိနေ၏။ လီကျန့်က ဘိုးဘိုးကျောက်နှင့် ကျောက်ဖျင်ချွမ်ကို စိုက်ကြည့်လိုက်သည်။ ယခုကိစ္စကို ဖြစ်ပေါ်စေခဲ့သော ထန်ချွန်းမင်မှာလည်း ဖော်ရွေမှုမရှိသော မျက်လုံးရှိနေ၏။
ဘိုးဘိုးကျောက်က သူ့သားကို ကျေးဇူးကန်တယ်လို့ ထင်ခဲ့သည်။ သူကတော့ သူ့အတွက် ပိုက်ဆံရှာဖို့ ကြိုးစားခဲ့ရပေမယ့် သူ့သားကတော့ ခွေးကောင်ကိုသာ ကာကွယ်ပေးခဲ့သည်။ ထိုခွေးကောင်က တကယ့်ကိုလာဘ်ပိတ်သူဖြစ်လို့ ကျောက်မိသားစု၏အိမ်မှာ နေခွင့်မပေးခဲ့တာဖြစ်၏။ တတိယသားက သူ့ကို ဘာလို့တားခဲ့တာလဲ သူအခုထိနားမလည်ပေ။ ယခု ရွာလူကြီးရှိနေလို့ သူက နည်းနည်းလန့်နေသည်။ သူ ဒီလူကို ဘယ်လိုထိန်းချုပ်မှာလဲ? သူက ရွာထဲက သားအဖတွေကို ကောင်းကောင်းကိုင်တွယ်နိုင်သည်။ သို့သော် သူက အုပ်ချုပ်သူဖြစ်နေသဖြင့် လူအိုကြီးများကိုတော့ မအော်ရဲပေ။
“ကျွန်တော့်အတွက် စီရီချက်ချပေးဖို့ ရွာလူကြီးနဲ့ အကြီးအကဲတို့ကို တောင်းဆိုပါတယ်။” ထန်ချွန်းမင်က သူ့နှလုံးသားထဲတွင် ကြောက်ရွံမှုမရှိပေ။ သူက အခွင့်အရေးကို စောင့်နေတာကြောင့် နောက်တစ်ကြိမ်ဒူးထောက်လိုက်သည်။ သူ အရင်ဘဝတုန်းက သူ့အဖေကိုသာ ဒူးထောက်ဖူးသည်။ ယနေ့မှာ ကျောက်မိသားစုနှင့် စာရင်းရှင်းရမှာဖြစ်၍ တတိယသား စာမေးပွဲအောင်သွားရင် ဒီစာရင်းက ဘယ်လိုကျေတော့မှာလဲ?
ထန်ချွန်းမင်က တခြားသူများကို ပြောခွင့်မပေးပဲ အရာအားလုံးကို ထုတ်ဖော်ပြောဆိုခဲ့သည်။ တာဟူသေရသော အကြောင်းအရင်းက မရှင်းသေးပဲ ကျောက်ဖျင်ချွမ်က သူ့အစ်ကို၏ဇနီးနဲ့ကလေးကို ရောင်းပြီး ပိုက်ဆံရှာဖို့ အလောကြီးနေခဲ့သည်။ ဝမ်ချွန်းဟွာက နောက်ကွယ်မှ လှုံ့ဆော်နေမှန်းသူသိသော်လည်း ထန်ချွန်းမင်က သူ့အကြောင်းထည့်မပြောခဲ့ပေ။ သူက ကျောက်မိသားစု ဤကိစ္စများကို လုပ်စေရန် ခွင့်ပြုပေးခဲ့သည့် ကျောက်ဖျင်ချွမ်ကို ပုံချခဲ့သည်။
ကျန်းရှို့က ရပ်ကြည့်မနေပဲ မိသားစုနှစ်စု၏ကိစ္စများကို အမြန်ဖော်ထုတ်ခဲ့သည်။ ခြေမသန်သောအမျိုးသားအပြင် ကျောက်မိသားစုက လင်းအာလေးကို ရောင်းချင်နေကြောင်း သူပြောပြခဲ့သည်။ ဝမ်ချွန်းဟွာက ရွာထဲမှာ အတင်းအဖျင်းပြောလေ့ရှိပြီး ဘိုးဘိုးကျောက်က မောက်မာစွာ ပတ်ကြွားလေ့ရှိတာကြောင့် ကျန်းရှို့က သူတို့အားနည်းချက်ကို ဆုပ်ကိုင်ခဲ့သည်။ မိသားစုတစ်ခုက သူတို့အိမ်က အရူးအတွက် ကလေးသတို့သမီးရှာဖွေနေ၏။ ထိုကောင်လေးက ရူးနေရုံတင်အကပဲ သူထဖောက်ရင် လူတွေကိုရိုက်နှက်တတ်သည်။ နှလုံးသားမဲသော လူတွေကသာ ကောတစ်ယောက်ကို ထိုမိသားစုဆီပို့နိုင်လိမ့်မည်။
ထန်ချွန်းမင်က ငိုနေပြီး သူ့မျက်နှာက ကြောက်စရာကောင်းအောင် ဖြူဖျော့နေကာ ခန္ဓာကိုယ်က မူးလဲတော့မလို နွမ်းနယ်နေသည်။ “ရွာလူကြီး… အားလင်းနဲ့ ကျွန်တော်က ဦးလေးငယ်ကို မမှီခိုချင်ပါဘူး။ ကျွန်တော်က ကျွန်တော်တို့သားအဖကို ရှင်သန်ခွင့်ပေးဖို့ပဲ တောင်းဆိုခဲ့တာပါ။ ကျွန်တော့်ကို အဲ့လိုမိသားစုဆီမှာ ရောင်းစားရင် ကျွန်တော်နဲ့ အားလင်းက ဘယ်လိုနေရတော့မလဲ? အနှေးနဲ့အမြန် ကျွန်တော်တို့သေသွားမှာပဲ။ ဘာပဲဖြစ်ဖြစ် စောစောသေသွားတာက ပိုကောင်းပါတယ်။ ဒါမှ ကျွန်တော်နဲ့အားလင်းက တာဟူနဲ့ပြန်ဆုံနိုင်မှာ။”
“ပေါက်ကရတွေ! ပေါက်ကရတွေ!” အကြီးအကဲဖြစ်သူ တတိယဦးလေးကျောက်က စိတ်ဆိုးလွန်းလို့ သူ့မုတ်ဆိတ်တွေ ထောင်နေသည်။ “ ကျောက်ဖျင်ချွမ်.. မင်းယောက်ဖပြောတာအမှန်လား? မင်း ဒီလိုလုပ်ဖို့ စီစဥ်နေတာလား?” အဆုံးမှာ သူကလည်း ကျောက်မျိုးရိုးဖြစ်သည်။ ထန်ချွန်းမင်နဲ့ သူ့သားကို ကျောက်မိသားစုတံခါးဝမှာ ချိတ်ထားမယ်ဆိုရင် ဤကျောက်မိသားစုတင်မကပဲ ရွာထဲရှိ ကျောက်မိသားစုအားလုံး အရှက်ရနေပေမည်။ ယောက်ဖကို သတ်တဲ့ ကျောက်မိသားစုမှာ ဘယ်သူက လက်ထပ်ရဲတော့မှာလဲ?
“တတိယဦးလေး” ကျောက်ဖျင်ချွမ်က ဝမ်းနည်းစွာပြောလိုက်သည်။ “စာမေးပွဲရောက်တော့မှာ ဦးလေးလည်းသိပါတယ်။ ကျွန်တော့်မှာ တစ်နေကုန်စာလေ့လာဖို့ အချိန်မလောက်ဘူး။ အဲ့ဒါကြောင့် ဒီလိိုနိမ့်ကျတဲ့အလုပ်တွေ လုပ်ဖို့အချိန်မရှိဘူး”
“ဒါဆို မင်းဖေဖေလုပ်တာတွေကို မင်းမသိဘူးပေါ့။ ကျောက်မိသားစုက မင်းစာမေးပွဲအတွက် ပိုက်ဆံရဖို့ လူရောင်းစားနေတာလေ။” ရွာလူကြီးက ဝင်ပြောသည်။ ဒီကျောက်လောင်စန်းက တခြားသူတွေကို ပုံချချင်တာလား?”
“ဖေဖေ….” ကျောက်ဖျင်ချွမ်က ဘိုးဘိုးကျောက်ကို ဝမ်းနည်းသောမျက်ဝန်းဖြင့် လှည့်ကြည့်ပြီး “အဲ့ဒါ ဖျင်ချွန်တာဝန်မကျေခဲ့လို့ပါ။ ဖေဖေ မိသားစုကို စီမံခန့်ခွဲရတာ ခက်ခဲရမှာပဲ။ ဒီလိုဖေဖေမျိုးကို ဖျင်ချွမ် အပြစ်မတင်ဝံ့ပါဘူး။”
ဒီပညာရှင်ကိုကြည့်စမ်း.. စကားကတော့ပြောတတ်တယ်။ ကြင်နာတတ်တဲ့ဖခင်တစ်ယောက်က ဒီလိုလုပ်ပါ့မလား? ပြီးတော့ သူ့စကား၏အဓိပ္ပါယ်မှာ အားလုံးကိုလုပ်ခဲ့တာ ဘိုးဘိုးကျောက်ဖြစ်ပြီး သူက ရပ်တန့်ဖို့ အစွမ်းအစမရှိဟုဆိုကာ တာဝန်အားလုံးကို ပုံချပစ်လိုက်တာဖြစ်၏။
ဘိုးဘိုးကျောက်က သူ့ရင်ဘတ်ကို ဖိကာ ငိုပြလိုက်သည်။ “ယောကျာ်းရယ်… ခင်ဗျားဘာကြောင့် စောစောသေသွားရတာလဲ? ဘာလို့ ငါ့ကိုပါ တစ်ခါတည်း အပါမခေါ်သွားတာလဲ? ယောကျာ်း… မုဆိုးဖိုတစ်ယောက်ကို ဒီလိုလုပ်တော့မှာလား? အမှားတိုင်းအတွက် ဒီအဘိုးကြီးကိုပဲ အပြစ်တင်နေတယ်။”
တချို့လူအိုကြီးတွေက တုံ့ဆိုင်းသွားသည်။ အဘိုးကြီးမှာ အရည်အချင်းတော့ရှိသည်။ နှစ်များစွာ ကြိုးစားခဲ့ပြီး ပညာရှင်သားလေးတစ်ယောက်ရခဲ့သည်။
ထန်ချွန်းမင်က စိတ်ထဲကနေ လှောင်ရယ်လိုက်သည်။ မင်းတို့မိသားစုကို ကျောက်တာဟူက ထောက်ပံပေးခဲ့တာမဟုတ်ဘူးလား… မင်းဖေဖေက ကျောက်တာဟူကို သူဘယ်လောက်ခက်ခဲနေကြောင်း အမြဲပြောနေတာ။ အိမ်က ဆီနဲ့ရေမရှိတော့ဘူး။ မင်းအစ်ကိုဝိတ်ချသွားပြီ။ သူ့ခေါင်းက ကိုက်လာပြန်ပြီ။ တစ်ချိန်လုံး ကျောက်တာဟူက နာနာခံခံလုပ်ပေးပြီး သူမစားခင် မင်းဖေဖေကို အရင်ပို့ပေးခဲ့တာ။
ထန်ချွန်းမင်က သူ့ရင်ခွင်ထဲမှ မှတ်စုစာအုပ်ကို ထုတ်ယူကာ ပြောလိုက်၏။ “ဦးလေးငယ်.. တာဟူက သူ့ဖေဖေကို တာဝန်မကျေခဲ့ဘူးလို့ ပြောချင်တာလား? ဦးလေးငယ်…. ကျောက်မိသားစုက ကျပ်တည်းလွန်းလို့ ငါနဲ့ငါ့သားကို ရောင်းဖို့လိုတယ်လို့ ပြောချင်တာလား? ရွာလူကြီးနဲ့ တတိယဦးလေး… ကျွန်တော့်အဖေက ကျွန်တော် ငယ်ငယ်လေးတည်းက စာသင်ပေးခဲ့တာ ခင်ဗျားတို့လည်းသိမှာပေါ့။ အသုံးစရိတ်တွေကို သေချာဂရုစိုက်နိုင်မှ ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်မှာမို့ ကျွန်တော်ရဲ့ အသုံးစရိတ်သုံးစွဲပုံကို ဒီစာအုပ်ထဲမှာရေးထားတယ်။ အခု ကျွန်တော်နဲ့ တာဟူ တာဝန်ကျေလား မကျေလား ဦးလေးတို့ပဲကြည့်လိုက်ပါ။ ဒါမှတာဟူ အေးအေးချမ်းချမ်း အနားယူနိုင်မှာ။ ဝူး… တာဟူကို မစွပ်စွဲကြပါနဲ့။”
လူအများစုက ပြောစရာပျောက်ရှသွားပြီး ကျောက်ဖျင်ချွမ်နဲ့ သူ့ဦးရေပြားကလည်း ထုံကျင်လာခဲ့သည်။
ကျန်းရှို့ကလည်း မမျှော်လင့်ထားပေမယ့် အမြန်ဆုံးတုံ့ပြန်လိုက်သည်။ ဘိုးဘိုးကျောက်မတုံ့ပြန်နိုင်ခင် သူက ရှေ့တိုးကာ ရွာလူကြီးကို ပေးလိုက်၏။ စာရင်းစာအုပ်ရှိတာကောင်း၏။ ကျောက်တာဟူက ကျောက်မိသားစုကို တာဝန်ကျေခဲ့တာ သူတစ်ယောက်ပဲသိ၍ ယခုဆိုလျှင် ကျောက်မိသားစုတစ်ခုလုံးက သူတို့သားအပေါ် ဘယ်လောက်တောင်မှီခိုခဲ့လဲ လူတိုင်းသိတော့မည်။
ဝမ်ယင်က ဟနေသောပါးစပ်ကို ပိတ်ဖို့ပင် အချိန်အတော်ကြာခဲ့သည်။ သူ့လင်ပါသား၏ လှုပ်ရှားမှုက မုန်းစရာကောင်းသော်လည်း သူ့မှာ ထိုအတွေးမျိုးရှိမယ်လို့ မထင်ထားခဲ့ပေ။
ဝမ်ယင်မှန်းထားတာမှန်သည်။ မူလမင်ကောအာ ထိုအတွေးမျိုးရှိမှာမဟုတ်ပေ။ သို့သော် ထန်ချွန်းမင်က ဘယ်သူမို့လို့လဲ.. သူက စစ်ပြေပြင်ကိုမဆင်းခင် သေချာပြင်ဆင်ထားခဲ့သည်။ သူ ကူးပြောင်းလာတော့ မင်ကောအာ၏ မှတ်ဉာဏ်အားလုံးကို ရှာဖွေခဲ့သည်။ မင်ကောအာ ကိုယ်တိုင်မမှတ်မိသော အရာများကလည်း သူ့ရှေ့မှာ ကွက်ကွက်ကွင်းကွင်း ပေါ်လာခဲ့သည်။ ထို့ကြောင့် သူက ဤစာအုပ်ကို လွန်ခဲ့သည့်ရက်အနည်းငယ်က ဖန်တီးခဲ့ပြီး အိုဟောင်းသည့်ပုံပေါ်ရန် တမင်တကာပြုလုပ်ခဲ့သည်။ ဒါကြောင့် ဤစာအုပ်က အရင်ထဲက ရှိခဲ့တယ်လို့ လူတွေယုံသွားခဲ့သည်။
&&&&&&&&&&&&&&
Chapter 9.2
“စာရင်းစာအုပ်”
နေရာလွတ်က အလုံးစုံပြည့်စုံပြီး လှည့်စားနိုင်သော စိတ်စွမ်းအားရှိသည်။
ရွာလူကြီးက ထန်ချွန်းမင်ကို မကြည့်ပဲ မနေနိုင်တော့ပေ။ အမြဲတမ်းရိုးသားပြီး သိမ်မွေ့သည့် မင်ကောအာမှာလည်း ထိုအတွေးမျိုးရှိမယ်လို့ မထင်ထားခဲ့ပေ။ သူက ရင်ထဲမှာ သတိရှိလာသည်။ ယနေ့ မင်ကောအာလုပ်ခဲ့သော အရာကြောင့် သူကောတွေကို အထင်မသေးရဲတော့ပေ။ သို့သော် ထိုအကြောင်းတွေးပြီးနောက် တစ်ယောက်ယောက်က အသက်မရှင်နိုင်လောက်အောင် ဖိအားပေးခံရရင် သူသည်းခံနိုင်မှာမဟုတ်ဘူးလို့ စိုးရိမ်မိသည်။ သက်ပြင်းချရင်း သူ့လက်ထဲက စာအုပ်ကိုလှန်ကာ သူကြည့်လေ သူ့မျက်နှာက အရုပ်ဆိုးလာလေဖြစ်၏။
ဒီအရာတွေ တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေတာကိုမှ ကျောက်တာဟူက သူ့ဖခင်ကို တာဝန်မကျေရင် ဒီကမ္ဘာပေါ်က ဘယ်သူက တာဝန်ကျေတော့မှာလဲ?
“တတိယဦးလေး.. ခင်ဗျားလည်း တစ်ချက်ကြည့်သင့်တယ်။” စာရင်းစာအုပ်ဖတ်ပြီးနောက် သူက ကျောက်မိသားစု၏ တတိယဦးလေးကို ကမ်းပေးလိုက်သည်။ တတိယဦးလေးက ပညာမတတ်ပေမယ့် ကျောက်မိသားစုက အငယ်လေးက သူ့ဘေးမှာမတ်တပ်ရပ်ကာ တိုးတိုးလေး ဖတ်ပြလိုက်သည်။ အိုး… အုံနေသော လူတစ်စုက နားစွင့်ထားပြီး အဆုံးမှာ စာအုပ်ထဲက မှတ်တမ်းကို သိသွားခဲ့သည်။
ရွာလူကြီးက ထိုအရာတွေကို ဂရုမစိုက်ပေမယ့် ဝမ်းနည်းနေသော ထန်ချွန်းမင်ကို ကြည့်လိုက်သည်။ ထန်ချွန်းမင်က ဘာတွေးနေလဲ သူနားမလည်ပေမယ့် ရွာလူကြီးတစ်ယောက်အနေဖြင့် သူက သူ့ကိုကူညီရမည်။ မဟုတ်ပါက သူ့ကို သေအောင် တွန်းအားပေးသလိို ဖြစ်သွားလိမ့်မည်။ ယနေ့ပြဇာတ်အပြီးမှာ ထန်ချွန်းမင် နောက်အိမ်ထောင်ပြုဖို့ မိသားစုကောင်းရှာရန် ခက်ခဲလိမ့်မည်။ ဤအမြော်အမြင်ရှိသော တွက်ချက်မှု၏ ဂုဏ်သတင်းက အမြန်ပြန့်သွားမှာဖြစ်၏။ ရွာထဲက ဖခင်ကောအာတွေက သူတို့သားကို ဒီလိုဇနီးမျိုးနဲ့ ပေးစားချင်မှာမဟုတ်ပေ။ တစ်နေ့ကျရင် သူတို့လည်း ယခုလိုဆက်ဆံခံရမယ်လို့ တွေးပြီးကြောက်နေလိမ့်မည်။
ကျောက်မိသားစု၏ဂုဏ်သတင်းက ညှိုးနွမ်းနေပြီး ထန်ချွန်းမင်၏ ဂုဏ်သတင်းဟာလည်း မကောင်းပါပေ။ သူ့သားကိုလည်း ထိခိုက်နိုင်သည်။ သို့သော် ပြန်စဥ်းစားကြည့်တော့ သူသာ ယခုလိုမလုပ်လျှင် ဘိုးဘိုးကျောက်၏ ဖိအားကို ရှောင်နိုင်မှာမဟုတ်ပေ။ ယနေ့ပြိးရင် ဘိုးဘိုးကျောက်က ထန်ချွန်းမင်ကို ပို၍ပင် မုန်းတီးလာလိမ့်မည်။
ကျောက်လင်းကို ချီထားသော လူငယ်လေးကို ကြည့်လိုက်တော့ သူက ရွာကမဟုတ်မှန်း သိသာသည်။ ရွာလူကြီးက ခဏလောက်စဥ်းစားပြီး ဘိုးဘိုးကျောက်၏ အကြံအစည် ပျက်သွားတာကို သဘောပေါက်သွားသည်။ ထိုလူငယ်လေးက ထန်မိသားစုက ဖြစ်၏။ မင်ကောအာမှာ မွေးမိသားစု၏ ကျောထောက်နောက်ခံမရှိတာကြောင့် ဘိုးဘိုးကျောက် မရိုးမသားလုပ်ခဲ့တာပင်။ ကောင်းပါသည်။ သူ သင်ခန်းစာယူဖို့ အချိန်ကျခဲ့ပြီ။ ဒါမှ ဖျင်ရှန်ရွာ၏ ဂုဏ်သတင်းမပျက်စီးမှာဖြစ်၏။ ထန်မိသားစု ပါဝင်လာတာကြောင့် တတိယဦးလေးက ကျောက်မိသားစု၏ ဂုဏ်သတင်းကို ထည့်စဥ်းစားဖို့ မလိုတော့ပါချေ။
လူအုပ်ကြီးက စာရင်းများကြောင့် အံ့အားသင့်နေပြီး တချို့စာရင်းများဆိုလျှင် ဘိုးဘိုးကျောက်နှင့် ဝမ်ချွန်းဟွာပင် မမှတ်မိတော့ပေ။ သူတို့က အမြဲလိုလို ငွေညစ်တတ်၍ ကျောက်တာဟူဆီက ယူထားတာကို မှတ်မိဖို့ခက်သည်။
“ဘိုးဘိုးကျောက်က တွက်ချက်တာ တကယ်တော်ပုံပဲ။ သူက ကျောက်မိသားစုတစ်ခုကို ထောက်ပံ့ပေးစေချင်လို့ ဒုတိယသားကို ခွဲထုတ်လိုက်တာပဲ။”
“မင်ကောအာရဲ့မိသားစုမှာ သုံးခန်းတွဲအိမ်ကြီးရှိတာတွေ့ခဲ့လို့ သူတို့ဘဝကို သာယာဝပြောတယ်လို့ ထင်ခဲ့တာ။ အပြင်က ကြည့်ရင်တော့ ကြည့်ကောင်းပေမယ့် ကျောက်မိသားစု အိမ်ခွဲတော့ သူတို့ မြေနှစ်ဧကအပြင် ဘာမှမရခဲ့တာကို ငါမသိခဲ့ဘူး။ သုံးခန်းတွဲအိမ်ကြီးကို မင်ကောအာရဲ့ခန်းဝင်ပစ္စည်းနဲ့ ဆောက်ထားတာတော့ မှတ်မိတယ်။ ကျွတ်… ကျွတ်… ကျောက်မိသားစုက လည်လိုက်တာ။”
ကျောက်ဖျင်ချွမ်က ရှက်လွန်းလို့ မြေကြီးထဲအပေါက်ဖောက်ပြီး ပုန်းလိုက်ချင်သည်။ ထန်ချွန်းမင်က ဘိုးဘိုးကျောက် ပိုက်ဆံတောင်းခဲ့သည့် အကြောင်းအရင်းများကိုပင် ရေးထားသေးသည်။ တတိယညီက ကျန်းမာရေးမကောင်း၊ တတိယညီက ဖောင်တိန်၊မှင်၊မှင်စက္ကူကို ဝယ်ချင်၊ တတိယညီက သူ့အတန်းဖော်တွေကို ဧည့်ခံချင်….. ကျောက်တာဟူ တောင်ပေါ်သွားခဲ့တာလည်း အံ့သြစရာမရှိတော့ပေ။ စိုက်ပျိုးရာသီမှာ အနားယူချိန်မရှိသော်လည်း သူက သူ၏သွေးစုပ်သောမိသားစုအတွက် ပိုက်ဆံရှာဖို့ ကြိုးစားနေခဲ့သည်။
မိသားစုခွဲပြီးကတည်းက ဤစာရင်းမှာ ငွေပြားငါးဆယ်ခန့်ရှိ၏။ ထိုပမာဏက သာမန်မိသားစုကို ကြီးပွားချမ်းသာစေသော်လည်း ထန်ချွန်းမင်နှင့် သူ့သား၏ပုံစံကိုကြည့်ကာ ဘာပြောကောင်းတော့မလဲ…
“တုံးလိုက်တာ! တုံးလိုက်တာ!” တတိယဦးလေးက ဒေါသထွက်လွန်းလို့ ဘိုးဘိုးကျောက်နှင့် ကျောက်ဖျင်ချွမ်ကို လက်ညိုးထိုးလိုက်စဥ် သူ့လက်ချောင်းများက တုန်ယင်နေ၏။ “ဒါက အကြီးတွေကို ရိုသေလေးစားမှုမရှိတဲ့ သားလား? မင်ကောအာက လူကြီးကို တာဝန်မသိတတ်ရင် မင်းတို့အိမ်ကို ပစ္စည်းတွေ ခဏခဏပို့ပေးဖို့ တာဟူကို ခွင့်ပြုပေးခဲ့မလား? ပြောတော့ တာဟူက မင်ကောအာကြောင့် သေတာဆို.. ဒါက ရှင်းနေတာကို….” တတိယဦးလေးက ဒေါသထွက်လွန်းလို့ စကားဆုံးအောင်ပင် မပြောနိုင်ခဲ့ပေ။ ဘိုးဘိုးကျောက်က သူ့သားကို သတ်ခဲ့တာအမှန်ဆိုလျှင် ဘိုးဘိုးကျောက် ဖျင်ရှန်ရွာကနေ နှင်ထုတ်ခံရလိမ့်မည်။
ဘေးက လူငယ်လေးက စာအုပ်ကို ရွာလူကြီးအား ကမန်းကတန်းပြန်ပေးလိုက်ပြီး တတိယဦးလေးကို စောင့်ကြည့်ကာ တိုးတိုးလေး နှစ်သိမ့်ပေးနေခဲ့သည်။
ဘိုးဘိုးကျောက်က အော်ဟစ်ပြီး ငိုခါနီးတွင် တတိယဦးလေးက သူကို အော်ပြီး ဖြတ်ပြောလိုက်၏။ “ဘာလဲ? မင်းမှာ ညည်းညူစရာရှိသေးလို့လား? ဒါမှမဟုတ် ဒီကလေးမှတ်ထားတာမှားနေလို့လား? ငါတို့ကို မင်းလိုရှုပ်တယ်ထင်နေလား။ ဒီမှာရက်စွဲတွေတောင်ပါတယ်။ ငါတို့လူကြီးတွေ မင်းကို မောင်းမထုတ်ရဲဘူးထင်နေလား?”
ဘိုးဘိုးကျောက်က အကြောက်လွန်ပြီး အသက်ရှူကြပ်ကာ ကြို့ထိုးနေ၏။ စိုးရိမ်စိတ်ဖြင့် သူ့ရင်ဘတ်ကိုဖိလိုက်တော့ ယခုတစ်ကြိမ်တွင် တကယ်နာနေခဲ့သည်။
“မင်းတကယ်ရှုပ်ထွေးနေတာပဲ။ ကျောက်တာဟူက မင်းရဲ့သားမဟုတ်ဘူးလား? ကျောက်ဖျင်ချွမ်က မင်းရဲ့တစ်ဦးတည်းသောသားလား? မင်းက အသက်ကြီးလာလို့ တကယ်ရှုပ်ထွေးနေတာပဲ။ ဒါက တတိယကလေးအတွက် ကောင်းတယ်လို့ထင်လား? ဒါက သူ့အနာဂတ်ကို နှောင့်နှေးစေမယ်ဆိုတာ မင်းသိရဲ့လား။ အပြင်မှာ သွားနားထောင်ကြည့်… ဘယ်ပညာရှင်က ဂုဏ်သတင်းကောင်းဖို့ မလိုလို့လဲ။” ကျောက်မိသားစု တစ်စိတ်တစ်ပိုင်းအဖြစ် သူကလည်း တတိယသားကို စာမေးပွဲအောင်စေချင်သည့် မျှော်လင့်ချက်ရှိ၏။ ထိုနည်းအားဖြင့် ကျောက်မိသားစုက ဖျင်ရှန်ရွာမှာ ပိုမိုခိုင်မာစွာရပ်တည်နိုင်ပြီး အနီးနားက ကျေးရွာများကလည်း ကျောက်မိသားစုနဲ့ပတ်သက်ပြီး ဆိုးဆိုးရွားရွား ပြောဆို့လို့မရတော့ချေ။ သို့သော် ယခုတော့ ဒီအသိတရားမရှိတဲ့ အဘိုးကြီးက ဘာလုပ်လိုက်ပြီလဲ?
ထန်ချွန်းမင်က ခေါင်းငုံ့ကာ အထင်သေးသလို ကြည့်လိုက်၏။ သူသာ တတိယဦးလေးကို ခေါ်ပြီး တွန်းအားမပေးခဲ့ရင် ယခုချိန်စိတ်ရှုပ်ထွေးတယ်လို့ အပြောခံရမှာ ဘိုးဘိုးကျောက်မဟုတ်ပဲ သူပင်ဖြစ်၏။ ထန်ချွန်းမင်က ပြစ်တင်ရှုတ်ချစရာဖြစ်လာပြီး ကျောက်မိသားစု၏ ဂုဏ်သိက္ခာကို ထိခိုက်စေသူဖြစ်လိမ့်မည်။ လေသံကို နားထောင်ကာ အနှီလူက ကျောက်မိသားစု၏ တတိယသားကို ဘယ်လောက်သဘောကျလဲ မြင်နိုင်၏။
“ဒါမဖြစ်နိုင်ဘူး!” ဘိုးဘိုးကျောက်က သက်ပြင်းရှူထုတ်လိုက်ပြီး ထိတ်လန့်တကြား အော်ဟစ်ကာ အတည်ပြုရန် တတိယကလေးဘက်ကို လှည့်လိုက်သည်။ “ဖျင်ချွမ်…. ဖေဖေ ဒီကိစ္စကို တစ်ခါမှမတွေးဖူးဘူး။ ဒါတွေအားလုံးက ဒီကောင်ထန်ချွန်းမင်ကြောင့်ပဲ။ မဟုတ်ရင် ခင်ပွန်းနဲ့ဇနီးကြားက ကိစ္စကို ဘယ်သူသိမှာလဲ။ ဘယ်ဇနီးက သူတို့မိသားစုကိစ္စကို အပြင်ထုတ်ပြလို့လဲ? ဖျင်ချွမ်…ဒါ မင်းကို ထိခိုက်စေမှာမဟုတ်ဘူး… ဟုတ်တယ်မလား?”
“ဖေဖေ….” ကျောက်ဖျင်ချွမ်က ဘာလုပ်ရမှန်းမသိတော့ပေ။ “ကျွန်တော်တိို့အိမ်ခွဲပြီးရင် ဒုတိယအစ်ကိုရဲ့ မိသားစုကို ကိုယ့်ဘဝကိုယ်ရှင်သန်ခိုင်းလိုက်ပါလို့ ပြောခဲ့တယ်လေ။ ဒါပေမယ့် ဖေဖေက…” သူက ခါးသီးစွာ မျက်နှာလှည့်လိုက်သည်။ တခြားသူများ၏အမြင်မှာတော့ သူ့လုပ်ရပ်က ဘိုးဘိုးကျောက်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ပြီး သူက တာဟူထံမှ တစ်ပြားတစ်ချပ်မှ ယူဖို့ မတွေးခဲ့ဟု ထင်စေခဲ့သည်။
သေချာတာက သူသည် ပညာရှင်တစ်ယောက်ဖြစ်လို့ မျက်နှာအမျိုးမျိုးပြောင်းလဲနိုင်သည်။ ထန်ချွန်းမင်၏အမြင်တွင် ဘိုးဘိုးကျောက်က အသိတရားမရှိသော်လည်း ကျောက်ဖျင်ချွမ်က သူ့ကိုဖိအားပေးခဲ့တာဖြစ်၍ ၎င်းမှာ ကျောက်ဖျင်ချွမ်နှင့် သက်ဆိုင်သည်။ ဘိုးဘိုးကျောက်က သူ့ရှေ့မှာရပ်တည်ပေးခဲ့သူပင်။ ထန်ချွန်းမင်၏ အခက်အခဲကြောင့်သာမဟုတ်လျှင် သူက ဖျင်ချွမ်ကို သေနတ်နဲ့ချိန်လိုက်မှာဖြစ်၏။ စကားအနည်းငယ်ပြောလိုက်ရုံဖြင့် ကျောက်ဖျင်ချွမ်က လူကောင်းတစ်ယောက်ဖြစ်သွားပြီး ပညာရှင်ဂုဏ်သတင်းကို ရရှိမှာပင်။