no

Font
Theme

Chapter 17.1

ထန်ချွန်းမင်က ကျောက်မိသားစု ဘယ်လိုနေထိုင်နေလဲ ဂရုမစိုက်ပေ။ သူက သိုးမွေးမြူပြီး သူ့သားကို သိုးနို့တိုက်ဖို့သာ စိတ်ထဲရှိသည်။ သူက အသားအရမ်းစားချင်တာကြောင့် ဝက်ဆီ၊အရိုးကြီးများနှင့် အတွင်းအင်္ဂါတချို့ကို ယူလာပေးရန် ကျန်းရှို့ခင်ပွန်းအား ပိုက်ဆံပေးခဲ့သည်။ ဝက်ဆီသည် မရှိမဖြစ်လိုအပ်သည်။ မဟုတ်ပါက အားလင်းသည် ဆီမပါပဲ ချက်ပြုတ်ခြင်းကို သည်းခံနိုင်သော်လည်း ထန်ချွန်းမင်က မခံနိုင်ပေ။ အရိုးနှင့် နှလုံးအသဲအင်္ဂါများ၏စျေးမှာ ပုံမှန်အားဖြင့် ဝက်သားစျေးထက်နိမ့်သည်။ သူ့အရင်ဘဝကလိုပင်ဖြစ်၏။

ကျန်းရှို့က သက်ပြင်းချပြီး သူ့ကို ဖျောင်းဖျဖို့ မကြိုးစားခဲ့ပေ။ ကိုယ်ဝန်ရှိစဥ် တစ်စုံတစ်ခုကို တောင့်တတတ်တယ်ဆိုတာ သူသိသည်။ မင်ကောအာက အသားစားချင်နေတာဖြစ်နိုင်သည်။ ထို့အပြင် မင်ကောအာ သိတတ်နားလည်ပြီး စျေးပေါတာကို ရွေးချယ်ဝယ်ယူလေ့ရှိသည်။

သို့ရာတွင် မင်ကောအာချက်ပြုတ်ထားသော အရိုးစွတ်ပြုတ်သောက်ပြီးနောက် အရိုးကြီးတွေယူလာပေးဖို့ တာရှန်အား တောင်းဆိုခြင်းကို သူမကန့်ကွက်တော့ပေ။ သူ့သားနှစ်ယောက်ကလည်း ပန်ကိတ်စားရင်း အရိုးကြီးစွပ်ပြုတ်သောက်ရတာကြိုက်သည်။ ဝက်အသည်း၊နှလုံး စတာတွေထည့်ပြီး အရမ်းအရသာကောင်းတာကြောင့် ရက်အတော်ကြာအောင် စားပြီး​နောက်မှာ တာရှန်က သူ့သားနှစ်ယောက်၏ အသားတွေပိုဖြူလာတယ်လို့ ခံစားခဲ့ရသည်။

ထန်ချွန်းမင်က တာရှန်မြို့ထဲမှာ အလုပ်လုပ်ရတာ အဆင်ပြေတယ်လို့ ခံစားရသည်။ သူစောစောသွားပြီး နောက်ကျမှပြန်လာပေမယ့်လည်း ထန်ချွန်းမင် ဝယ်ဖို့လိုတာကို တာရှန်က ညဘက်မှာ ယူလာပေးတတ်သည်။ အဆင်ပြေပြီး အကျိုးအမြတ်ရှိတာကြောင့် အနည်းငယ် အကူအညီတောင်းလို့ရသည်။

လတစ်လ၏အစမှာ ရာသီဥတု ပိုနွေးလာတာကိုတွေ့တော့ ထန်ချွန်းမင်မှာ မိသားစုဝင်အသစ်တွေ ရှိလာခဲ့သည်။ ပထမဦးစွာ ထန်ချွန်းမင် အိမ်ကိုစောင့်ရှောက်ဖို့ အသုံးပြုချင်သော ခွေးကလေးကို ရှာတွေ့ခဲ့သည်။ ရှန်းဖူလန်က လှည့်ပတ်မေးပြီး မုဆိုးတစ်ယောက်ကို ရှာတွေ့ခဲ့သည်။ ထိုမုဆိုးက ကျောက်တာဟူကိုသိပြီး သူ့ခွေးက အလွန်ကြမ်းတမ်းကာ သူအမဲလိုက်ဖို့ ကူညီပေးလေ့ရှိသည်။ သူ့ခွေးက ခွေးပေါက်​လေးမွေးပြီး မုဆိုးကြီးက ကျောက်တာဟူရဲ့ဇနီး ခွေးပေါက်​လေးရှာနေတာကို သိခဲ့ရသည်။ သို့ကြောင့် သူက အဖိုးအခမတောင်းပဲ ရှန်းဖူလန်နဲ့အတူ တစ်ကောင်ထည့်ပေးခဲ့သည်။ ထန်ချွန်းမင်က ခွေးကလေး၏ ရှေ့မျိုးဆက်က ဝံပုလွေခွေးဖြစ်ကြောင်း သိသောအခါ အရမ်းဝမ်းသာခဲ့သည်။ မုဆိုးကြီးက ထိုအကြောင်းကို ရှန်းဖူလန်မှတစ်ဆင့် ကြားခဲ့ရသည်။

ကျောက်လင်းက အိမ်မွေးတိရစ္ဆာန်တစ်ကောင်ရရှိခဲ့ပြီး သူ့ဖေဖေက သူ့ကို နာမည်ပေးရန် တိုက်တွန်းခဲ့သည်။ ထို့နောက် လင်းအာလေးက ရှောင်ဟွာလို့ပေးခဲ့သည်။ တာမောင်းနှင့် အာ​မောင်းက ရှောင်ဟွာကိုစောင့်ရှောက်ရန် ကျောက်လင်းနှင့် တစ်နေကုန်နေခဲ့သည်။ ကလေးသုံးဦးက ရှောင်ဟွာကို သူတို့၏သိုးနို့များ မျှဝေကျွေးခဲ့သေးသည်။ ထန်ချွန်းမင်က ရှောင်ဟွာ၏နာမည်ကြားတိုင်း နှာမှုတ်လေ့ရှိသည်။ ထိုခွေးလေးမှာ ဝံပုလွေသွေးပါပြီး သူကြီးလာရင် အင်အားကြီးသော ခွေးတစ်ကောင် ဖြစ်လာလိမ့်မည်။ ဒါကြောင့် ရှောင်ဟွာဆိုတဲ့ နာမည်နဲ့ ဘယ်လိုလိုက်ဖက်မှာလဲ…

မှာယူထားသော ကြက်များလည်း ရောက်လာခဲ့ပြီး နောက်ထပ် အကောင်ပေါက်ငါးဆယ်နဲ့အတူ ခြံဝင်းက ပိုအသက်ဝင်လာသည်။ ထန်ချွန်းမင်က နေ့စဥ်လုပ်စရာများရှိသဖြင့် ခန်းကုတင်ပေါ်မှာ တစ်နေကုန် လှဲနေစရာမလိုတော့ပဲ သူ့ကို အလွန်ပျော်ရွှင်စေသည်။ နေရာလွတ်တွင် ပေါက်ရောက်သော စမ်းရေနှင့် ဟင်းသီးဟင်းရွက်များကို အသုံးပြုပြီး ယခင်က ဘဲပေါက်နှင့် သိုးပေါက်များကို ကျွေးသလိုပင် ကြက်ပေါက်လေးများကို ကျွေးမွေးခဲ့သည်။ သူတို့က အိမ်ကိုရောက်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ ရောက်ခါစအခြေအနေထက် ပိုမိုကောင်းမွန်လာသည်။

ထိုနေ့တွင် ကျန်းရှို့က အဝတ်လျှော်ဖို့ မြစ်ထဲသို့ ဇလုံတစ်ခုသယ်သွားခဲ့သည်။ သူ မြစ်ကိုရောက်တော့ သိမ်သိမ်မွေ့မွေ့နှင့် ရန်ဖြစ်လေ့မရှိသော ဝမ်မော့၏ ကျယ်လောင်သော အသံကို ကြားလိုက်ရသည်။ “အဲဲ့ဒီနေ့က ဖြစ်ပျက်ခဲ့တာကို အားလုံးသိတယ်မလား။ တာဟူဆုံးသွားကတည်းက မင်ကောအာက ရွာထဲကို အကြိမ်ရေနည်းနည်းပဲသွားခဲ့တာ။ သူ တခြားသူတွေနဲ့ စကားပြောတာကို မြင်ဖူးလား? တခြားသူတွေနဲ့ ပတ်သက်နေတာကို မြင်ဖူးလား?”

“ဟုတ်လား… ဒီလိုပြောပေးလို့ ထန်ချွန်းမင်က မင်းကိုဘာပေးလဲတော့ ငါမသိဘူး။ ကြားဖူးတယ်မလား… သမာဓိရှိတဲ့လူက ကောက်ကျစ်တဲ့လူကို မကြောက်ဖူးတဲ့။ သူ တကယ်မလုပ်ရင် ရွာထဲမှာ ဘာလို့ပျံ့နေမှာလဲ?”

“အင်း…ပြီးတော့ ဘိုးဘိုးကျောက်က မင်ကောအာ နောက်အိမ်ထောင်ပြုတာကို မကန့်ကွက်ပါဘူး။ ငါတို့ကလည်း မင်ကောအာ မိသားစုကောင်းနဲ့တွေ့ရဖို့ မျှော်လင့်နေတာ။ ငါ့အမြင်အရတော့ အဲ့ဒီစစ်သားက….”

“မင်း….” ဝမ်မော့က သူ့စကားကြောင့် ဒေါသထွက်နေခဲ့သည်။ ဒေါသထွက်လွန်းလို့ အဝတ်လျှော်တုတ်ကို ရေထဲပစ်ချပြီး နေရာအနှံ့ရေစင်သွားစေသည်။

ထိုမှသာ စိတ်ကောင်းရှိတဲ့ ဝမ်းမော့ ဘာလို့အသံကျယ်နေတာလဲ ကျန်းရှို့နားလည်သွားသည်။ သူကတော့ ဝမ်မော့လောက် စိတ်ကောင်းမရှိ၍ သစ်သားအင်တုံကို မြေပြင်ပေါ်ပစ်ချလိုက်သည်။ ယခုနက စကားစမြည်ပြောနေသော ကောတွေက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပါးစပ်ပိတ်သွားကြသည်။

“ပြောလေ… မင်ကောအာ ဘာဖြစ်သွားတာလဲ? မင်းက အရမ်းသဘောထားကြီးပြနေတော့ စစ်သားရဲ့အိမ်မှာ အောင်သွယ်လုပ်ပေးလိုက်ပါလား? မင်းတို့အားလုံးက အဲ့ဒီစစ်သားကို စောင့်ကြည့်နေလို့ သူဘယ်သူနဲ့ပတ်သက်နေလဲ သိနေတာမလား။ အခုပြော… ဘယ်သူက အဲဲဒီလူနဲ့ ပရော်ပရည်လုပ်နေတာလဲ?”

“ဘာ…မင်းဘာ​ပြောတယ်…တာရှန်ရဲ့ဇနီး.. ဘယ်သူက ပရော်ပရည်လုပ်လို့လဲ? မင်းမြင်လို့လား?” သုံးဆယ်အရွယ် အသားဖြူဖြူ ကောတစ်ယောက်က လက်ထဲက အဝတ်အစားကိုချကာ ကျန်းရှို့ကိုလက်ညှိုးထိုးပြီး ရှင်းရှင်းပြောဖို့ အမိန့်ပေးနေသည်။

“မင်းတို့ထဲက ဘယ်သူကရော မင်ကောအာ တခြားတစ်ယောက်နဲ့ ပရော်ပရည်လုပ်နေတာ တွေ့ဖူးလို့လဲ? မင်းတို့ တခြားတစ်ယောက်နဲ့ မှား​နေတာဖြစ်မယ်။ ကျန်းလန်ဟွာက… ဟွမ်စစ်ကုံးနဲ့ စိုက်ခင်းတစ်ခုမှာ စကားပြောနေတာ ငါတွေ့ခဲ့တယ်။ မင်းတို့က အရမ်းရင်းနှီးနေ​တော့ ဘာတွေပြောနေတာလဲ” ကျန်းရှို့က သူ၏ခြိမ်းခြောက်မှုကို လုံးဝမကြောက်ပေ။ သူက တစ်ချက်ကြည့်လိုက်ရုံဖြင့် အားလုံးဘာလုပ်ခဲ့လဲ သိနိုင်သည်။ ကျန်းလန်ဟွာက ဝမ်ချွန်းဟွာ၊ လီစုန့်ကမ်းတို့နှင့် ရင်းနှီးသည်။

“မင်း….မင်း….ငါ သူ့ကို စကားမပြောဖူးဘူး!” ကျန်းလန်ဟွာက ထိတ်လန့်သွားသည်။ သူက မျက်လုံးပြူးပြီး ဝန်ခံဖို့ ငြင်းဆန်နေသည်။ သူက ဟွမ်စစ်ကုံးနဲ့ လက်ထပ်ချင်ခဲ့ပေမယ့် ယခုခင်ပွန်းနဲ့သာ လက်ထပ်ခဲ့ရသည်။ သူ့ခင်ပွန်းသာသိရင် အရိုက်ခံရမှာဖြစ်သည်။ “ငါလျှော်ပြီးပြီ…မင်းတို့တွေ အေးဆေးလုပ်ပါ။ ငါအိမ်ပြန်တော့မယ်။” သူက သူ့အင်တုံထဲက အဝတ်အစားများထည့်ကာ လှည့်ထွက်ခဲ့သည်။ သူက ကျန်းရှို့၏ပါးစပ်ကို ဆုတ်ဖြဲချင်နေ၏။

ကျန်လူများက သူတို့၏အပြင်းထန်ဆုံး တိုက်ခိုက်ရေးသမားမရှိတော့တာကို မြင်လိုက်ရသောအခါ သူတို့က ကျန်းရှို့နဲ့မယှဥ်နိုင်မှန်းသိလိုက်သည်။ ကောတစ်ယောက်က ကျန်းရှို့ကိုပြောလိုက်သည်။ “ရှို့ကောအာ… ငါတို့က တခြားသူတွေပြောတာ အဓိပ္ပါယ်မရှိမှန်းသိတယ်။”

“ဟုတ်တယ်… မင်ကောအာက ကိုယ်ဝန်လွယ်ထားရတာ။ ဘယ်လိုလုပ်အပြင်ထွက်ပြီး လျှောက်ပတ်နိုင်မှာလဲ” နောက်တစ်ယောက်ကပြောလာသည်။

ကျန်းရှို့က သူတို့နဲ့ငြင်းခုံဖို့ပင် ပျင်းရိနေ၏။ ကျန်းလန်ဟွာနှင့်ပတ်သက်၍ သူက သူ့ကို မင်ကောအာအကြောင်း မပြောစေချင်ခဲ့ပေ။ သူက အင်တုံကိုယူကာ ဝမ်မော့ဘေးမှာ ထိုင်ချလိုက်သည်။ ဝမ်မော့က ကျန်းရှို့က အရောင်လက်သော မျက်လုံးများဖြင့် ကြည့်လာသည်။ “အစ်ကိုရှို့…. ခင်ဗျားအရမ်းတော်တာပဲ။ ကျွန်တော်ပြောတာ အသုံးမဝင်ပေမယ့် အစ်ကိုလာတော့ အကုန်ပြီးသွားတယ်။ ဒါပေမယ့် အစ်ကိုရှို့။ အစ်ကိုရှို့ပြောတဲ့ ကျန်းလန်ဟွာနဲ့ ဟွမ်စစ်ကုံးအကြောင်းက အမှန်လား?”

သူတို့ဘေးက လူတွေက အသံတိတ်နေပြီး သူတို့မျက်လုံးထဲတွင် သိလိုစ်ိတ်ပြင်းပြနေ၏။ ကျန်းရှို့က ပြောလိုက်သည်။ “ငါက သူတို့လို မဟုတ်တာပြောစရာလား။ သူတို့ဘာပြောနေတာလဲ ငါမသိဘူး။ ကျန်းလန်ဟွာက မလုံမလဲဖြစ်သွားပြီထင်တယ်။ သူ့လုပ်ရပ်အတွက် သူပြန်ခံစားသင့်တယ်။”

အနီးနားရှိ သက်ကြီးရွယ်အိုတချို့ကလည်း ကျန်းရှို့ ဘာဖြစ်နေလဲ စပ်စုနေသည်။ ကျန်းရှို့မရောက်ခင်က သူတို့သည် မင်ကောအာ၏အကြောင်းကို ပြောခဲ့သည်။ စိုက်ပျိုးရာသီမရောက်ခင် ကာလမှာ လူတွေက ယခုလို အားလပ်နေတတ်သည်။ ယခု စစ်သားတစ်ယောက်နှင့် လီဖုန်းက ပြန်ရောက်လာတော့ လူအများအပြားက အခြေအနေကို သိချင်နေသည်။ စစ်သားတွေက ဆက်ဆံရမလွယ်ကူပေ။ ဒါကြောင့် ကောလာဟလထွက်လာတော့ အတင်းအဖျင်းကြိုက်သော လူတွေရဲ့ဆန္ဒက ပြည့်သွားခဲ့သည်။

ကျန်းရှို့က ဤလူများ၏အတွေးကို သေချာပေါက်သိပြီး သူက မြစ်ထဲမှာ အဝတ်အစားနှစ်ရင်း ပြောလိုက်သည်။ “ငါ​ပြောသလိုပဲ အဲ့တုန်းက အဝေးမှာမို့ သေချာမမြင်ခဲ့ရဘူး။ မင်ကောအာကို မတရားပြောလို့သာ ငါသူ့ကို ခြိမ်းခြောက်ခဲ့တာ။”

ထိုစကားကြောင့် သူပြောတာ အမှန်လား အမှန်လား သူတို့သေချာမသိတော့ပေ။ တချို့လူတွေက ကျန်းလန်ဟွာ၏ အချစ်ရေးကို ဟာသလုပ်နေသည်။ ခဏကြာတော့ မင်ကောအာကို အပုပ်ချနေသော ထိုကောအာများက ကျန်းရှို့၏လျစ်လျူရှုခံရသောအခါ အရှက်ကွဲပြီး အမြန်ထွက်သွားကြသည်။

အဝတ်များကို လျှော်ဖွပ်ပြီး ခြောက်အောင်ချည်နှောင်ပြီးနောက် ကျန်းရှို့က ထိုအကြောင်းတွေးကာ ထန်ချွန်းမင် စိတ်ပြင်ဆင်လို့ရအောင် ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။ နောက်တစ်ချိန် သူ ရွာမှာလမ်းလျှောက်ထွက်သည့်အခါ အတင်းအဖျင်းကြားခဲ့သည်ရှိသော် တခြားသူတွေနဲ့ ရန်ဖြစ်နေရလိမ့်မည်။ အဝတ်လှန်းတုတ်တစ်ခုနဲ့ ပတ်ပြေးနေသော သူ့ကို ကျန်းရှို့အမှတ်ရနေသေးသည်။

ထို့အပြင် တစ်ရွာလုံးက မင်ကောအာနှင့် စစ်သားအကြောင်း ပြောနေတာကို ဝမ်မော့က သူ့အားပြောပြခဲ့သည်။ တချို့က လီဖုန်းနှင့် မင်ကောအာလို့ပင်ပြောနေသည်။ ဖုန်းရှောင်ကျစ် (လီဖုန်း)က ယခုအသက်ကြီးနေပြီး ကြည့်မကောင်းတာကြောင့် သာမန်ကောတစ်ယောက်နဲ့ဆိုလျှင် အဆင်ပြေနိုင်သည်ဟု ဆိုသည်။ ထိုစကားကြားတော့ ​ကျန်းရှို့က ရယ်လိုက်သည်။ ဖုန်းရှောင်ကျစ်ဖြစ်စေ စစ်သားယွိမုဖြစ်စေ သူတို့က အားလင်း အနိုင်ကျင့်ခံရတာကို ထိုင်မကြည့်ခဲ့လို့ ဒီလူတွေက ကောလာဟလဖြန့်နေကြတာပင်။

&&&&&&&&&&&&&

Chapter 17.2

ထန်ချွန်းမင်က ယခုအခါ တံခါးပိတ်ပြီး နေထိုင်သောကြောင့် ကျန်းရှို့က တံခါးခေါက်လိုက်တော့ မဖွင့်ခင် ခဏစောင့်ခဲ့သည်။

“အစ်ကိုရှို့… ဘာဖြစ်လို့လဲ… ခင်ဗျားအရမ်းဒေါသထွက်နေပုံပဲ… တာရှန်အိမ်မှာမရှိတော့ ဘယ်သူ့ကိုစိတ်ဆိုးနေတာလဲ!” ထန်ချွန်းမင်က ကျန်းရှို့ဝင်လာတော့ အရွှန်းဖောက်လိုက်သဖြင့် ကျန်းရှို့က မထိန်းနိုင်ပဲ ရယ်မောလိုက်သည်။

တံခါးပိတ်လိုက်ပြီးနောက် ကျန်းရှို့က အိမ်မကြီးသို့သွားရာလမ်းတွင် သူကြားခဲ့သမျှ အကုန်ပြောပြလိုက်သည်။ သူက ထန်ချွန်းမင် စိတ်ဆိုးမှာစိုး၍ သူ့အမူအရာကို အာရုံစိုက်နေသည်။ သူတို့အိမ်မကြီးကိုရောက်တော့ ကျန်းရှိ့ပြောလို့ပြီးသွားခဲ့ပြီး သူက ခန်းပေါ်မှာ တုတ်နှစ်ချောင်းကိုင်ကာ သဲစားပွဲကို ရေးခြစ်နေသော သားနှစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့ဒေါသကပျောက်ကွယ်သွားပြီး အပြုံးတစ်ခုက သူ့မျက်နှာမှာ အမြန်ဖြစ်ပေါ်လာသည်။

“ဖေဖေ….”

“ဖေဖေ…”

“ရှို့အား​မော့”

ကလေးသုံးယောက်က ခေါင်းမော့ကာ သူ့ကိုခေါ်ပြီး ခေါင်းပြန်ငုံ့သွားသည်။ ယခု သူတို့က ထန်ချွန်းမင်နဲ့အတူ မနက်ခင်းမှာ လက်ရေးလှရေးနည်းသင်ယူနေသည်။ သို့သော် စုတ်တံ၊ မှင်နှင့် စာရွက်က အလွန်စျေးကြီးတာကြောင့် ထန်ချွန်းမင်က သူတို့လေ့ကျင့်ဖို့ သဲစားပွဲပြုလုပ်ပေးခဲ့သည်။ ကျန်းရှို့က ကလေးနှစ်ယောက်ကို အူတူတူမဖြစ်စေလို့ ကောင်ကောင်းသင်ယူစေချင်ပြီး သူတို့ကို စာမေးပွဲဖြေရန် တွန်းအားပေးမှာတော့မဟုတ်ပေ။ စာဖတ်ခြင်းနှင့် စာရေးတတ်ခြင်းက ရွာသားများ၏ရင်ထဲမှာ တန်ဖိုးထားသောအရာဖြစ်ပြီး ကျောက်လောင်စန်း ထုံရှန့်ဖြစ်သွားတော့ ရွာသားတွေ အားကျခဲ့ရသည်။ ဘိုးဘိုးကျောက်က ဆင်ခြင်တုံတရားမဲ့ပြီး ရမ်းကားသော်ငြား သူ့သားအကြောင်းပြောသည့်အခါ လူတွေက သူလုပ်ခဲ့တာကို မသိစိတ်အလျောက် လျစ်လျူရှုပေးလိမ့်မည်။

“ကောင်လေးနှစ်ယောက်က မင်းရဲ့သားလို မလိမ္မာပဲ အမြဲတမ်းညစ်ပေအောင် ဆော့တယ်လို့ တွေးခဲ့ဖူးတယ်။ သူတို့ ဒီလို လေးလေးနက်နက် လုပ်နေမယ်လို့ မမျှော်လင့်ထားဘူး။ မင်ကောအာကို ကျေးဇူးတင်ပါတယ်။ သူတို့အာရုံစိုက်တာကိုကြည့်ပြီး စိတ်ချမ်းသာသွားပြီ။” ကျန်းရှို့က ခံစားချက်ဖြင့် ပြောလိုက်သည်။

“တာမောင်းနဲ့ အာမောင်းက မင်းပြောသလောက်မဆိုးပါဘူး။ သူတို့ငါ့ကိုကူညီပေးတယ်။ ငါသူတို့မရှိပဲနေလို့မရတော့ဘူး။” ထန်ချွန်းမင်က ကျန်းရှို့၏စကားကိုနားလည်သည်။ တကယ်တော့ သူ့မျက်လုံးထဲမှာ သားနှစ်ယောက်က အဖိုးတန်ပေမယ့် မိဘအများစုက ယခုလိုပင် ကိုယ်ပိုင်အမြင်များရှိကြသည်။ တာမောင်းနဲ့အာမောင်းက ငယ်ငယ်လေးတည်းက ဉာဏ်ရည်ထက်မြက်ပြီး သူကတော့ သူ့သမိုင်းကိုပင် ပြန်လှည့်မကြည့်ရဲပါပေ။

“မင်အားမော့…. သားရေးထားတာကို ကြည့်ပါဦး။ ဒီတစ်ခါမှန်လား” အာမောင်းက တာမောင်းထက် ပိုသွက်ပြီး ထန်ချွန်းမင်၏ ချီးမွမ်းမှုကို မစောင့်နိုင်ပဲ သူ့ဖေဖေကိုပင် လျစ်လျူရှုထားလေ၏။

ထန်ချွန်းမင်က ကျန်းရှို့ကို ခန်းပေါ်မှာ ထိုင်ဖို့ပြောလိုက်ပြီး ကလေးသုံးယောက်ကို သွားကြည့်ပေးလိုက်သည်။ သဲစားပွဲပေါ်က လက်ရေးက နည်းနည်းကောက်နေပေမယ့် ရေးဆွဲချက်က မှန်သည်။ ထန်ချွန်းမင်က ချီးကျူးဖို့ မမေ့ခဲ့ပေ။ တာမောင်းကလည်း ထန်ချွန်းမင်၏ ချီးကျူးခံခဲ့ရသည်။ သူက ပုံမှန်ဆိုရင် အာမောင်းထက် ​အေးပေမယ့် သူ့မျက်ဝန်းက ယခုချိန်မှာ ကွေးညွတ်နေသည်။ သူ့ကောလေး ကျောက်လင်းကိုတော့ ထန်ချွန်းမင်က မျှော်လင့်ချက်ကို ​လျှော့ချထားသည်။ အားလင်းက တာမောင်း၊အာမောင်းထက်ငယ်ပြီး သုံးနှစ်သာရှိသေးသည်။ ဒါကြောင့် ထန်ချွန်းမင်က သူ့ကို နည်းနည်းပဲသင်ပေးပေမယ့် သူ့သားက ထက်မြက်ပြီး တစ်လုံးမကျန်ရေးပြီးသွားသည်။

“ဟုတ်ပြီ….ဒီနေတော့.ဒီလောက်ပဲ… အပြင်မှာသွားကစားတော့။”

တာမောင်းနဲ့အာမောင်းက ပျော်သွားပြီး အားလင်း၏လက်ကို ဆုပ်ကိုင်ကာ ရှောင်ဟွာကိုကြည့်ဖို့ ခန်းပေါ်မှ ဆင်းသွားသည်။ တစ်နေကုန် အပြင်မှာ ကစားတတ်သော ကလေးနှစ်ယောက်အတွက် ဤမျှလောက် အကြာကြီး ငြိမ်သက်နေဖို့က မဖြစ်နိုင်ပေ။ သို့သော် ထိုအရာ​က ရွာကကလေးတွေကို ကြွားနိုင်ပြီး အားကျစေလိမ့်မည်။

သို့ပေမယ့် ကျန်းရှို့နဲ့ မင်ကောအာက ဆက်ဆံရေးကောင်းတာကြောင့် ထိုကလေးများ၏မိဘများက အားကျရုံသာတတ်နိုင်ပြီး သင်ပေးဖို့ပြောရန် အားနာနေလိမ့်မည်။

ယခုချိန်က အေးနေတော့ ကြက်ပေါက်ငါးဆယ်ကို အိမ်ထဲမှာသိမ်းထားသည်။ မွန်းတည့်ချိန်တွင် နေပူစာလုံရန် အပြင်ထုတ်ပြီး ထန်ချွန်းမင်က အိမ်မှာ အနံ့အသက်မထွက်စေရန် သတိဝီရိယဖြင့် သန့်ရှင်းရေးလုပ်ခဲ့သည်။ ကျန်းရှို့က ကြက်ပေါက်လေးများကိုကြည့်ပြီး မူလကသူသည် မင်ကောအာ စွန့်စားနေတယ်လို့ ခံစားရသော်လည်း သူတို့လေးတွေ အသက်ရှင်တာကိုတွေ့သောအခါ သူက ဝမ်းသာသွားခဲ့သည်။ သူကိုယ်နှိုက်ကလည်း သတိဝီရိယရှိပြီး နည်းနည်းလောက် မွေးမြူရန် ရာသီဥတု ပိုနွေးလာတာကို စောင့်နေတာပင်။

“မင်း အဲ့ဒီကောလာဟလတွေကို ဘယ်လိုထင်လဲ?” ကျန်းရှို့က ဆိုသည်။ “ဘယ်သူအရင်ဖြန့်တာလဲ…ဝမ်ချွန်းဟွာထင်လား?” မင်ကောအာ လူရိုင်းတစ်ယောက်ကို မြှူစွယ်နေတယ်လို့ ဝမ်ချွန်းဟွာပြောဖူးသည်။

ထန်ချွန်းမင်က မျက်မှောင်ကြုတ်လိုက်သည်။ သူနဲ့ပတ်သက်ပြီး ကောလာဟလတွေ အများကြီးထွက်လာပေမယ့် သူက ယခုချိန်မှာ ယောကျာ်းရှာဖို့ ရည်ရွယ်ချက်မရှိပေ။ သူက သူ့သားကိုပဲပျိုးထောင်ချင်ပြီး ချမ်းသာအောင်လုပ်ချင်သည်။ သူ ယောကျာ်းယူချင်ရင်တောင် ဒီလူတွေဂရုစိုက်စရာမလိုပေ။ “ဒီကောလာဟလတွေကို ဘယ်သူကယုံမှာလဲ? ကျွန်တော်ဘာပြောပြော ကောလာဟာလတွေကို မပြောင်းလဲနိုင်ဘူး။ ဒါတွေကြောင့် ကျွန်တော်ဆုံးရှုံးစရာလည်းမရှိဘူး။ ပြီးတော့ ဝမ်ချွန်းဟွာလို့လည်း မထင်ဘူး။ သူက အိမ်မှာ အိပ်ရာထဲကတောင် မထနိုင်ဘူး။” ထိုနေ့က ဝမ်ချွန်းဟွာ စိတ်မထိခိုက်သွားဘူးလို့ သူမယုံပေ။ သူမြန်မြန်ပြန်ကောင်းသွားရင် ရွာထဲမှာ ခုန်ပေါက်နေလိမ့်မည်။ “သံသယဝင်စရာကောင်းတာက သူ့တူရဲ့ပိုင်ဆိုင်မှုကို တံတွေးထွေးချင်တဲ့ လီမိသားစုလို့ထင်တယ်”

“လီစုန့်ကမ်းရဲ့မိသားစုလား?” ကျန်းရှို့၏မျက်ဝန်းက ပြူးကျယ်သွားပြီး သူက သူ့ပေါင်ကိုရိုက်ကာ အာမေဋိတ်ပြုလိုက်သည်။ “သူပဲထင်တယ်။ အဲ့နေ့က သူ့အငယ်ဆုံးသားက ကျောက်မိသားစုအိမ်ကို ပြေးသွားပြီး ဝမ်ချွန်းဟွာကိုသွား​ခေါ်တာ။ သူ့အငယ်ဆုံးသားက ကျောက်သုန့်နဲ့ ကစားနေကြမို့ တခြားကလေးတွေကို အနိုင်ကျင့်တတ်တယ်။”

“သိပ်စိတ်မပူပါနဲ့။ ကျွန်တော် တကယ်ဂရုမစိုက်ဘူး။ ပြီးတော့ အစ်ကိုလည်း ကျွန်တော့်အတွက် လက်စားချေပေးပြီးပါပြီ။” ထန်ချွန်းမင်က ပြောလိုက်သည်။ တခြားသူတွေနဲ့ ပတ်သက်သော သံသယဝင်စရာစကားများကို ပြောခဲ့သည့် ကျန်းရှို့ကလည်း မှားတယ်ဆိုပေမယ့် ထိုစကားတွေပျံ့သွားလျှင် ဘာဖြစ်မလဲ မသိပေ။ သို့ပေမယ့် သူက ကျန်းရှို့၏ ကာကွယ်ပေးမှုကို ကျေးဇူးတင်သည်။ သူဒီကိုရောက်လာတည်းက ကျန်းရှို့ကပဲ သူ့ကိုအများကြီးကူညီပေးခဲ့တာဖြစ်၏။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment