Chapter 34.1
ဖျင်ရှန်ရွာရှိ ထန်မိသားစု၌။
လယ်ကွင်းထဲမှာ အလုပ်များနေသူများက ကျောက်မိသားစုထဲသို့ သွားလာနေသူများကိုကြည့်ကာ ကျောက်မိသားစုထဲမှ ရယ်မောသံများကို ကြားနေရသည်။ ယင်းမှာ ထန်မိသားစုနှင့် အပြတ်အသတ် ကွာခြားနေသည်။
တာရှန်က မြေပြင်ရှိ ကျောက်တုံးများကို တိတ်တဆိတ်ခြစ်ထုတ်ကာ ကျောက်တုံးကြီးများကို မလိုက်ပြီး စုစည်းသယ်ဆောင်သွားခဲ့သည်။ ဤအလုပ်မျိုးက သိပ်ပင်ပန်းတာမဟုတ်သော်လည်း ငြီးငွေ့ဖွယ်ကောင်းသည်။ ကံအားလျော်စွာ အမျိုးသားဆယ်ယောက်က အလုပ်လုပ်နေကြ၍ ပျင်းရိမနေခဲ့ပေ။ သူတို့က တစ်ရက်တည်းဖြင့် ရှင်းလင်းနိုင်ခဲ့ပြီး ကျန်တာတွေကို တဖြေးဖြေးသယ်ယူနေသည်။
တခြားသူများက ကျောက်မိသားစုကို အားကျသည့်အကြောင်း ရံဖန်ရံခါပြောဆိုကြသည်။ တခြားအရာများကို မပြောလျှင်ပင် ကျောက်ဖျင်ချွမ်က စာမေးပွဲအောင်ခဲ့တာကြောင့် ကျောက်မိသားစုက တစ်နှစ်ပတ်လုံး အခွန်ချွေတာနိုင်ပြီး လုပ်အားပေးစရာမလိုတော့ပေ။ လူတစ်ယောက်က ရုတ်တရက် ထပြောခဲ့သည်။ “ ကျောက်မိသားစုက လုပ်အားပေးခွန်အတွက် ငွေပေးခဲ့တယ်မဟုတ်ဘူးလား? မျက်စိတစ်မှိတ်အတွင်းမှာ ကျောက်ဖျင်ချွမ်က စာမေးပွဲအောင်ပြီး သူတို့မိသားစုက တိုင်းပြည်အတွက် လုပ်အားပေးစရာမလိုတော့ဘူးလို့ ပြောလာတယ်။ သူတို့မိသားစု ယာမန်ကိုသွားပြီး ငွေပြန်တောင်းလို့ရလား?”
သူတို့က ကျောက်မိသားစု၏ လက်ရှိအခြေအနေကို အားကျသော်လည်း တချို့လူတွေက ထိုစကားကြားပြီး ရယ်မောနေသည်။ ဘိုးဘိုးကျောက် ဘယ်လိုလူလဲဆိုတာ တစ်ရွာလုံးသိတာမို့ သူတို့ ထိုသို့လုပ်နိုင်သည်။
တာရှန်က ခေါင်းမော့ကာ ကျောက်မိသားစုအိမ်ဘက်ကို လှမ်းကြည့်လိုက်သည်။ သူက သူ့ဘေးမှာ ငြိမ်ငြိမ်လေး အလုပ်လုပ်နေသော လီဖုန်းကိုတွေ့တော့ တိုးတိုးလေးခေါ်လိုက်သည်။ “ဟေး…. ဖုန်းရှောင်ကျစ်… မင်ကောအာ ဒါကိုမြင်ပြီး စိတ်ညစ်နေမယ်လို့ ထင်လား? ပြီးတော့ ကျောက််မိသားစုက သူ့ကို ထပ်ပြီး နှောင့်ယှက်လာမှာလား?”
လီဖုန်းက ခေါင်းမော့ပြီး အပြင်ကို စောင်းကြည့်လိုက်သည်။ ထိုအချိန်တွင် တာရှန်က သူဘယ်လိုခံစားရလဲဆိုတာ မပြောနိုင်ခဲ့ပေ။ ဖုန်းရှောင်ကျစ်က သူတို့လို ကျေးလက်နေအမျိုးသားတွေနဲ့ ကွာခြားပြီး သူ့အမြင်က ကွဲပြားသည်။ “သူက ပညာရှင်တစ်ယောက်ပါပဲ။”
ထိုစကားတွေက တာရှန်ကို အေးခဲသွားစေသည်။ ရွာသားများအတွက်မူ ပညာရှင်ဆိုတာ ဂုဏ်သိက္ခာကြီးမားသော အဆင့်အတန်းတစ်ခုဖြစ်သည်။ ဖုန်းရှောင်ကျစ် ပြန်မလာခင်က ဘာတွေများလုပ်ခဲ့လဲ သူသိချင်သွားသည်။ ဤအရောင်အဝါက ဗိုလ်မှူးယွီမုထက်ပင် ကြောက်ဖို့ကောင်းလေသည်။
“စိတ်မပူပါနဲ့။ ပညာရှင်တစ်ယောက်က လုပ်ချင်တာလုပ်လို့မရဘူး။ ပြီးတော့ သူ အရာရှိဖြစ်လာရင်တောင် ရာထူးချခံရပြီး ခေါင်းဖြတ်ခံရမယ့် အချိန်ရှိလာလိမ့်မယ်။ အဲ့ထက်ပိုတာက သူက ပညာရှင်တစ်ယောက်သာသာပဲ” သူက အေးစက်စက်ထပ်ပြောလိုက်သည်။
တာရှန်က ဖုန်းရှောင်ကျစ်အပေါ် အတန်ငယ် ကြောက်ရွံ့မှုရှိလာခဲ့သည်။ မင်ကောအာနဲ့ ပတ်သက်ပြီး သူ၏စိုးရိမ်သောကများက ပျောက်ကွယ်သွားသလိုပင်။ ဖုန်းရှောင်ကျစ်က မင်ကောအာကို ကာကွယ်ပေးနိုင်တယ်လို့ သူအမြဲတမ်း ခံစားခဲ့ရသည်။ ကျောက်မိသားစုက ကိုယ့်ဒုက္ခကိုယ်ရှာပြီး ဖုန်းရှောင်ကျစ်ကို မနှောင့်ယှက်မိဖို့ မျှော်လင့်သည်။
သူက အလုပ်ကိုမရပ်နားပဲ စကားပြောနေ၏။ ခြင်းတောင်းနှစ်တောင်းက ကျောက်တုံးများဖြင့် ပြည့်နေပြီး ကျောက်တွေစုထားသော နေရာကို သယ်မလို့လုပ်စဥ်မှာ ဦးလေးကျောက်က လမ်းဘေးကနေ နွားလှည်းတစ်စီးမောင်းနှင်လာသည်။ ထိုနေရာမှာ အလုပ်လုပ်နေသော အမျိုးသားများက ဝမ်းသာအားရနှုတ်ဆက်လိုက်သည်။ “ဦးလေးကျောက်လျိို ထပ်ရောက်လာပြီလား? ကျွန်တော်တို့ ခင်ဗျားကိုစောင့်နေတာ။” သူတို့အားလုံးက လုပ်အားခရဖို့ အလုပ်လုပ်နေပေမယ့် ဦးလေးကျောက်လျိုကတော့ ကွာခြားသည်။ သူက မင်ကောအာ၏ လုပ်အားခကို လက်မခံခဲ့ပေ။ သူမြို့ကပြန်လာတာနဲ့ နေ့တိုင်းနွားလှည်းမောင်းပေးကာ ကျောက်ခဲတွေကို နွားလှည်းပေါ်တင်ပြီး လူအင်အားကိုချွေတာပေးခဲ့သည်။
ယနေ့ ကျောက်မိသားစုအိမ်ရှိ စိတ်လှုပ်ရှားမှုကိုကြည့်ကာ ဦးလေးလျိုက ထိုဘက်ကို အာရုံစိုက်နေမယ်လို့ ထင်ခဲ့ပေမယ့် ယခုမူ ဦးလေးလျိုက တစ်ချက်တောင် လှည့်မကြည့်ခဲ့ပဲ နွားလှည်းတိုက်ရိုက်နှင်လာခဲ့သည်။ ရွာထဲက လူတွေက ဦးလေးလျိုနှင့် ကျောက်မိသားစုကြားရှိ အာဃာတကိုသိသည်။
ထိုထဲ၌ တာလျန်၏ဘဝပါဝင်သော်လည်း ဦးလေးလျိုက ထိုအာဃာတကို စွန့်လွတ်ဖို့မဖြစ်နိုင်ပေ။ မိသားစုအားလုံးက သူတို့၏ကောတွေကို အလေးမထားကြပေ။
ဦးလေးလျိုက ပြုံးပြီး ပြောလိုက်သည်။ “ငါဒီကိုရောက်နေပြီမို့ မင်းတို့ပျင်းလို့ရပြီ။ နွားလှည်းရောက်လာရင် မင်းကသယ်လိုက် ငါကဆွဲလိုက်မယ်။”
“ဟားဟား…ကျေးဇူးပါ။ ဦးလေးလျို” ဦးလေးလျို၏မိသားစုရှေ့၌ ကျောက်မိသားစုအကြောင်းကို ဘယ်သူမှထပ်မဟရဲတော့ပေ။
ညနေစောင်းနေပြီး နွေရာသီမရောက်သေးသော်လည်း လူတိုင်းက ချွေးပျံနေသည်။ လူတစ်ယောက်က ချွေးသုတ်ရင်း ခြံတံခါးဝကို ကြည့်လိုက်သည်။ သူက ဝမ်းသာအားရပြောလိုက်၏။ “အိုအချစ်လေးး…. ကလေးတွေက ငါတို့စားဖို့သောက်ဖို့ စားစရာတွေယူလာတာပဲ။”
အားလုံးက လုပ်နေတာကိုရပ်ပြီး မော့ကြည့်လိုက်တော့ တာရှန်၏မိသားစုမှ တာမောင်းကဦးဆောင်ကာ ရေအိုးအကြီးတစ်လုံးသယ်လာသည်။ သူ့နောက်မှာ အာမောင်းနဲ့ ဦးလေးလျို၏မြေးလေး ရှောင်ကျိုးက ခြင်းတောင်းအကြီးကြီးကို နှစ်ယောက်အတူသယ်လာသည်။ အထဲမှာ စားစရာရှိလောက်သည်။ စားပြီးတာနဲ့ ရေကအလွန်အရေးကြီးတာကို သိတာကြောင့် ယင်းကို အကြီးဆုံးကလေးက သယ်လာသည်။ နောက်တွင် အနက်ညီုရောင်ခွေးတစ်ကောင်က တံခါးဝမှာရပ်ကာ နှစ်ကြိမ်ဟောင်လိုက်ပြီး ကျားရုပ်ကိုင်လာသော နောက်ဆုံးကလေးမှာ ထန်ချွန်းမင်မိသားစု၏ ကလေးဖြစ်သည်။
ကလေးများစွာက အလုပ်ခွင်သို့ ခွေးတွေခေါ်လာသည်။ ထန်ချွန်းမင်က တံခါးနားမှာရပ်ပြီး ကူညီဖို့ရှေ့မတိုးရဲပေ။ သူက ပစ္စည်းသယ်တာ ခက်ခဲနေသော ကလေးတွေကို ကြည့်လိုက်သည်။ ထိုလူတွေက တစ်ဝက်တစ်ပျက်ဖြင့် အလုပ်ရပ်နားလိုက်ကြသည််။ သူတို့က လုပ်နေတာကိုပစ်ချကာ တာဟူ၏လက်ထဲက အိုးကိုယူသွားပြီး တာမောင်းနှင့် အာမောင်းက သူတို့ကို ကျေးဇူးတင်လိုက်သေးသည်။
လုပ်အားခပေးပြီး စားစရာမကျွေးဘူးလို့ သဘောတူထားသော်လည်း နေ့လည်ခင်းမှာ ထန်ချွန်းမင်က မုန့်ပေါင်းနှင့်ရေကိုပြင်ဆင်ကာ ပို့ပေးခဲ့ပြီး တစ်ခါတစ်လေ အရိုးစွပ်ပြုတ်ပါ လုပ်ကျွေးသေးသည်။ ဤအရာတွေကို သူ၊ ကျန်းရှို့နဲ့ ဝမ်မော့တို့ အတူပြင်ဆင်ထားပြီး ဝမ်မိသားစု၏ အိမ်ထောင်ဦးစီးကလည်း ဤနေရာမှာအလုပ်လုပ်သည်။
သူတို့လူငှားရာတွင် မိသားစုနှစ်စု၏ အမျိုးသားများက ထန်ချွန်းမင်က အကဲဖြစ်ခွင့်မပေးပဲ ရွေးချယ်ခဲ့သည်။ မိသားစုနှစ်စုရဲ့ ကောလေးတွေက မင်ကာအာနဲ့ ရင်းနှီးတယ်ဆိုတော့ တခြားလူများက ဘာမှပြောစရာမရှိချေ။
ဝမ်မော့၏ခင်ပွန်းက တာရှန်ထက်ပင် စကားများသည်။ ထန်ချွန်းမင်ကိုတွေ့ပြီးနောက် သူက သူ့ကောလေးကို ဂရုစိုက်ပေးသည့် ထန်ချွန်းမင်ကို ပြုံးပြခဲ့၍ ထန်ချွန်းမင်က စိတ်ရွှင်သွားခဲ့သည်။
ကလေးတွေက ယခုချိန််မှာ လွတ်လပ်နေပြီး ပြုံးနေသည်။ တာမောင်းနှင့်အာမောင်းက ဦးလေးလီဖုန်း၏ ပိတ်ရက်နှစ်ရက်ကြောင့် အလွန်ပျော်ရွှင်နေ၏။ အရင်တုန်းက သူတို့သည် ဦးလေးယွိမုနဲ့ ကိုယ်ခံပညာလေ့ကျင့်လေ့ရှိပြီး ကစားရင်းဖြင့် သင်ယူခဲ့သည်။
သို့ပေမယ့် ယွိမုထွက်သွားတော့ လီဖုန်းအစားထိုးရောက်လာပြီး သူတို့ဘဝခက်ခဲခဲ့သည်။ ဦးလေးလီဖုန်းက ဦးလေးယွိမုလောက် စကားပြောရမလွယ်ကူပဲ အကြာကြီးဆောင့်ကြောင့်ထိုင်ခိုင်းပြီး ပျင်းရိဖို့ခွင့်မပြုပေ။ တာမောင်းက ဉာဏ်ကောင်းလို့ အံကြိတ်ကာ သည်းခံသော်လည်း အာမောင်းကတော့ နောက်ဆုတ်ချင်သည်။ ကျန်းရှို့ မူလက အာမောင်းအတွက် ဝမ်းနည်းခဲ့သည်။ အကြောင်းမှာ သူကငယ်လွန်းပြိး ကိုယ်ခံပညာလေ့ကျင့်ရတာ ခက်ခဲနေသည်။ သို့ဖြစ်၍ သူက တာရှန်ကို လီဖုန်းနဲ့စကားပြောခိုင်းပေမယ့် တာရှန်က လီဖုန်းနဲ့စကားပြောပြီးနောက် အာမောင်းကို စည်းကမ်းရှိလာအောင် သင်ပေးဖို့ပို့ခဲ့သည်။ လီဖုန်းဆီမှ အကြိမ်ရေအနည်းငယ် ဆုံးမပဲ့ပြင်ခံရပြီးနောက် အားကျမနာလိုအဖြစ်ခံရသည်မှာ အားလင်းဖြစ်သည်။ ဦးလေးလီဖုန်းက အားလင်းကိုတော့ သဘောကောင်းပြီး သူတို့အပေါ်ရက်စက်သည်။ ဦးလေးလီဖုန်းက အားလင်းကို သစ်သားမြင်းရုပ်ပေးခဲ့၍ သူတို့ကလည်း ဦးလေးလီဖုန်းလုပ်ပေးသော အရုပ်ကိုလိုချင်ခဲ့ပေမယ့် ဦးလေးလီဖုန်းက အတော်လေးဘက်လိုက်သည်။!
ယခုမူ သူတို့ လီဖုန်းကိုမြင်လိုက်ရတော့ ကြောင်နဲ့ကြွက်ဆုံသွားသလိုပင်။ သူတို့က သူတို့ဖခင်နဲ့သာ စကားပြောပြီး လီဖုန်းကိုတွေ့သောအခါ နှုတ်ဆိတ်သွားပြီး နာခံမှုရှိရှိ နှုတ်ဆက်လိုက်သည်။
ထန်ချွန်းမင်က ကလေးတွေကို အပြင်မှာထားခဲ့ပြီး အိမ်ထဲပြန်ဝင်သွားခဲ့သည်။ ကျန်းရှို့နှင့်ဝမ်မော့က လက်ဆေးပြီး လက်ကျန်မုန့်ပေါင်းများကို စားပွဲပေါ်တင်ကာ စားလိုက်သည်။ သူတို့က ကျောက်မိသားစုကို မသွားခဲ့ပေ။ ယခုချိန်၌ ကျောက်မိသားစုအိမ်ကိုသွားပြီး ပျော်ဖို့က မင်ကောအာ၏စိတ်ကို ကစားသလိုဖြစ်လိမ့်မည်။ ရှန်းဖူလန်သာဆိုလျှင် သူက ရွာလူကြီးနဲ့အတူ ရှိနေလို့ နားလည်နိုင်သေးသည်။ သို့သော် သူက မနက်အစောကြီးမြို့ထဲသွားကာ သူ့ကောအာလေးထံလည်ပတ်ခဲ့သည်။
ကျန်းရှို့က ထန်ချွန်းမင်ကို မုန့်ပေါင်းတစ်လုံးပေးပြီး သူ့ရှေ့မှာ စွပ်ပြုတ်တစ်ခွက်ချပေးလိုက်သည်။ ထန်ချွန်းမင်က မုန့်ပေါင်းကိုဖဲ့စားပြီး ပြောလိုက်၏။ “ကျောက်မိသားစု အလုပ်ရှုပ်နေတာကို ကျွန်တော်တွေ့တယ်။ သူတို့တံခါးရှေ့မှာ ရထားလုံးတစ်စီးနဲ့ လှည်းတွေအများကြီး ရပ်သွားတယ်။ ဟေ…. ခင်ဗျားရဲ့အမူအရာကိုလည်းကြည့်ပါဦး။ ပြောပြပါရစေ… ကျောက်မိသားစုရဲ့ ဂုဏ်သတင်းက သူတို့ကိစ္စပါ။ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ? ကျောက်လောင်စန်း အင်ပါယာစာမေးပွဲအောင်ပြီး အရာရှိဖြစ်သွားရင်တောင် ကျွန်တော့်အတွက် ဘာမှမထူးခြားဘူး။”
အရိပ်အကဲကြည့်နေသော လူနှစ်ယောက်၏ မျက်နှာကို တွေ့လိုက်ရတော့ ထန်ချွန်းမင်က ပေါ့ပေါ့တန်တန် လက်ဝှေ့ယမ်းပြလိုက်သည်။ သူစိတ်ထဲမထားပေ။ ယင်းက ပညာရှင်တစ်ယောက်သာဖြစ်၏။ သူကတော့ နာမည်ကြီးတက္ကသိုလ်တစ်ခုက ဘွဲ့ရတစ်ယောက်ဖြစ်သည်။ သူ့ညီလေးချွန်းရုံကလည်း စာတော်တာမို့ ကျောက်လောင်စန်းထက်မနိမ့်ပေ။ သူက လူကောင်းတစ်ယောက်လည်းဖြစ်လို့ ကျောက်လောင်စန်းထက် အများကြီးသာလွန်သည်။
“မင်း…ငါဘာပြောရမလဲမသိတော့ဘူး။ ကျောက်မိသားစုမှာ ပညာရှင်ရှိလာတော့ ရွာထဲက ရေစီးကြောင်းက ပြောင်းသွားမှာ။ အခုကစပြီး ကျောက်မိသားစုက မင်းနာမည်ကိုဖျက်ဖို့ ဘာတွေလုပ်လာမလဲမသိဘူး။ သူတို့မိသားစုကဘယ်လိုလဲ ငါတို့သိပေမယ့် တချို့လူတွေက မင်းနဲ့ပတ်သက်ပြီး မဟုတ်တာတွေ မလွဲမသွေပြောကြတော့မှာ။ ဘိုးဘိုးကျောက်ကို အားပေးဖို့အတွက်လေ” ကျန်းရှို့က စိုးရိမ်တကြီးပြောလိုက်ပေမယ့် သူက ကျောက်လောင်စန်း စာမေးပွဲအောင်သွားမယ်လို့ မထင်ထားခဲ့ပေ။ သူအရင်က မင်ကောအာ၏လက်ထဲတွင် ရှုံးနိမ့်ခဲ့ဖူးသည်။ ဘိုးဘိုးကျောက်ရဲ့စိတ်ဓာတ်နဲ့ဆို သူ့ကိုအလွတ်ပေးပါ့မလား?
ထန်ချွန်းမင်က နှာမှုတ်ကာပြောလိုက်သည်။ “ကျွန်တော်တံခါးပိတ်ပြီး အသီးအရွက်တွေစိုက်၊ ကိုယ့်ဘဝကိုယ်ရှင်သန်နေတာ။ သူတို့ဘာပြောပြောကိစ္စမရှိဘူး။ ပြီးတော့ ကျောက်လောင်စန်းက ပညာရှင်တစ်ယောက်မို့ တခြားသူတွေထက် သူ့ဂုဏ်သိက္ခာကို ပိုဂရုစိုက်ရမှာ။ သူ ဘာမှလုပ်ရဲမှာမဟုတ်ဘူး။ မဟုတ်ရင်တော့ သူ့ဂုဏ်သတင်းပဲ ပျက်စီးသွားလိမ့်မယ်။” ထန်ချွန်းမင်အတွက် ဤအရာများက အရေးမကြီးပေ။
“မင်းက တော်တော်ပွင့်လင်းတယ်။” ဝမ်မော့ကပြောခဲ့သည်။ ထန်ချွန်းမင်က စိတ်ထဲမထားပေမယ့် ထိုအရာက ကျန်းမာရေးကို ထိခိုက်နိုင်၍ ဤနည်းကသာ အကောင်းဆုံးဖြစ်၏။
ထိုနေ့တွင် အလုပ်သမားများ လူစုမခွဲမီ ထန်ချွန်းရုံက ဖျင်ရှန်ရွာကို အလောတကြီးရောက်လာခဲ့သည်။ ထင်သည့်အတိုင်းပင် သူက ပညာရှင်စာမေးပွဲရလဒ်ကို ကြားခဲ့ရသည်။ ဖျင်အန်းမြို့မှ ကလေးခုနှစ်ယောက်၊ ရှစ်ယောက်က ပညာရှင်စာမေးပွဲဖြေဖို့ ရောက်လာခဲ့သည်။ အဆုံးမှာ နှစ်ယောက်သာအောင်မြင်ခဲ့သည်။ တစ်ယောက်က ဖျင်ရှန်ရွာရှိ ကျောက်ဖျင်ချွမ်ဖြစ်၏။ ထန်ချွန်းရုံကြားတော့ စိုးရိမ်လာခဲ့သည်။ သူက ကျောက်မိသားစုနှင့် သူ့အစ်ကိုကြားရှိ ပဋိပက္ခကို ကောင်းကောင်းသိသည်။
ယခု ကျောက်မိသားစုက အသာစီးရသွားတော့ သူ့အစ်ကိုကို ဘယ်လိုအနိုင်ကျင့်မလဲ သူမသိပေ။ သို့ဖြစ်၍ သူက ကျောင်းပြီးသည်နှင့် ဖျင်ရှန်ရွာကို အပြေးလာပြီး သူ ဖျင်ရှန်ရွာမှာ တစ်ညနေမည့်အကြောင်း သူ့အားမူအား တစ်ယောက်ယောက်နှင့် မှာခဲ့သည်။
“အစ်ကို၊ အစ်ကို…အဆင်ပြေရဲ့လား?” အပြေးအလွှားလာရလို့ နဖူးချွေးပျံနေသော ထန်ချွန်းရုံက ထန်ချွန်းမင်ကိုတွေ့သောအခါ ထိတ်လန့်တကြားမေးလိုက်သည်။
ထန်ချွန်းမင်က သူ့နဖူးကိုသူရိုက်လိုက်သည်။ လူတိုင်းက သူ့ကို ထိရှလွယ်သည့် ကြွေလွှာအပိုင်းအစလို သတ်မှတ်ထား၏။ သူက သူ့နဖူးကို ဒေါသတကြီးပုတ်ကာ ပြောလိုက်သည်။ “ကျောက်မိသားစုရဲ့ တတိယသား ပညာရှင်ဖြစ်သွားရုံပဲ မဟုတ်ဘူးလား? သူ စာမေးပွဲအောင်ပြီး ပညာရှင်ဖြစ်ဖို့ စောင့်နေတာ သုံးနှစ်ရှိပြီ။ နောက်နှစ်ဆိုမင်းလည်း ပညာရှင်ဖြစ်လာမှာ။ ပညာရှင်ဖြစ်တာ ဘာများကြီးကျယ်နေလို့လဲ? ကျောက်မိသားစု တခြားလူတွေကို အနိုင့်ကျင်မှာစိုးရိမ်ရင် မင်းလည်းပညာရှင်ဖြစ်လာမှ သူ့ကိုလာရိုက်လိုက်။”
ဝမ်မော့က ကလေးထိန်းဖို့ အိမ်ပြန်သွားပေမယ့် ကျန်းရှို့ရှိနေသေးသည်။ သူက ထန်ချွန်းမင်၏စကားကိုကြားပြီး ဟက်ဟက်ပက်ပက် ထရယ်သည်။
ထန်ချွန်းရုံက ရှက်ရှက်ဖြင့် မျက်နှာနီရဲသွားပေမယ့် သူက စိတ်ထဲမှာတွေးနေ၏။ သူ ကျောက်မိသားစုကို အနိုင်ရချင်ရင် ကျောက်လောင်စန်းထက် အမှတ်မြင့်ဖို့လိုတာကြောင့် သူ ပိုကြိုးစားဖို့ဆုံးဖြတ်လိုက်သည်။ သူ ကျောက်လောင်စန်းကို မရှုံးချင်ပေ။ ထန်ချွန်းရုံက ကျောက်လောင်စန်းကို အထင်သေးသည်။ “အစ်ကို…စောင့်ကြည့်နေပါ။ ကျွန်တော် အစ်ကို့ကိုထောက်ပံ့ဖို့ စာမေးပွဲအောင်စေရမယ်!”
“အင်းပါ… ဒါမှ ရည်မှန်းချက်လို့ခေါ်တာ။ မင်းရှေ့မှာ ရှိနေတာတွေက အရေးမပါဘူး။ မင်းစာမေးပွဲအောင်ရင် ကမ္ဘာကြီးကို ပိုသိလာလိမ့်မယ်။ ဒီလိုလူမျိုးက အချိန်အများကြီးပေးဖို့ မတန်ဘူး။” ထန်ချွန်းမင်က သူ၏သင်ကြားရေးမုဒ်ကို ဖွင့်လိုက်သည်။
ထန်ချွန်းရုံက နားမလည်နိုင်ဖြစ်သွားပြီး သူ့အစ်ကိုပြောတာကို ရှုပ်ထွေးနေသည်။ ထန်ချွန်းမင်က ဆက်ပြောလိုက်သည်။ “ကျောက်လောင်စန်းလို လူမျိုးက ဘာကို ဂရုအစိုက်ဆုံးလဲသိလား? ငါ ကျောက်မိသားစုနဲ့ ဘာလို့ခွဲထွက်ခဲ့တာလဲ?”
&&&&&&&&&
Chapter 34.2
“ဂုဏ်သတင်း?” ထန်ချွန်းရုံက တုံ့ပြန်လိုက်သည်။
“ဟုတ်တယ်။ ဂုဏ်သတင်းက ဒီလိုလူမျိုးတွေ ဂရုစိုက်ဆုံးအရာပဲ။ သူ ပညာရှင်ဘွဲ့ရထားလို့ လူတစ်ချို့က သူ့ကို မျက်နှာသာပေးချင်ပေမယ့် ငါ့လို မျက်နှာသာမပေးတဲ့လူနဲ့တွေ့ရင် သူငါ့ကိုထိရဲမှာတဲ့လား? ဟမ်… ငါသူ့ကိုအထင်သေးတာတော့မဟုတ်ပေမယ့် သူ့မှာလည်း အားနည်းချက်တွေရှိတယ်။ သူ အင်ပါယာစာမေးပွဲ ဆက်ဖြေမယ်ဆိုရင် သူ့နာမည်ကို ဂရုစိုက်ပြီး မိသားစုက ထိန်းသိမ်းရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သူက ကျောက်မိသားစုရဲ့ အသွေးအသားပဲလေ။”
ထန်ချွန်းမင်က ထန်ချွန်းရုံနားလည်အောင် ရှင်းပြနေခြင်းဖြစ်သည်။ တခြားသူတွေ ဘာကိုမှဂရုမစိုက်တာ နားလည်လို့ရပေမယ့် သူ့အတွက်တော့ နာမည်နဲ့ ဂုဏ်သိက္ခာက အရေးကြီးဆုံးပင်။ သူဂရုစိုက်လေ ထိန်းထိန်းသိမ်းသိမ်း ပိုနေရလေဖြစ်၏။ တခြားသူများက သူတို့ကိုယ်သူတို့ထိန်းသိမ်းဖို့ ထိုအရာတွေကို သုံးဖို့ဆန္ဒရှိလျှင် ထန်ချွန်းမင်က မရိုးမသားပြုမူနိုင်လေ၏။ ဘာလိုပဲဖြစ်စေ.. သူက တခြားသူများ၏စကားကို ကြောက်ရွံ့ခြင်းမရှိသော ကောတစ်ယောက်ဖြစ်၍ အဆိုးဆုံးမှ သူသည် အထုပ်ပိုးပြင်ပြီး ထွက်သွားရုံပင်။
“အစ်ကို…” ထန်ချွန်းရုံက တစ်ခုခုကို နားလည်သွားပုံရပေမယ့် သူက စိတ်မကောင်းဖြစ်နေဆဲပင်။ သူ သူ့အစ်ကိုကို ကာကွယ်မပေးနိုင်လျှင် ကျောက်မိသားစုလိုလူတွေကို ခယဝယလုပ်မယ့်အစား နာမည်အပျက်ခံလိုက်တာ ပိုကောင်းသည်။
“ငယ်ငယ်လေးနဲ့ မျက်မှောင်ကြုတ်နေတာ အဘိုးအိုနဲ့တူနေပြီ။ ဒါတွေကိုမတွေးနဲ့တော့။ ရောက်တုန်းရောက်ခိုက် အေးအေးဆေးဆေးနေပါ။ ငါ ညနေကျရင် မင်းအတွက် အရသာရှိတာလေးချက်ပေးမယ်။ ငါ ဦးလေးလျိုကို အသားနည်းနည်းယူလာပေးဖို့ မနက်ကပြောခဲ့တယ်။” ထန်ချွန်းမင်က သူ့ညီ၏ဆံပင်ကို စိတ်ဆိုးသလို ဆွဲလိုက်သည်။
ထန်ချွန်းရုံက ရှုပ်ပွနေသော ဆံပင်ဖြင့် ဒေါသတကြီး ထွက်ပြေးသွားခဲ့သည်။ သူသာ သူ့အစ်ကို၏ဗိုက်ကို ဂရုမစိုက်လျှင် တွန်းထုတ်လိုက်မှာဖြစ်၏။ ကျန်းရှို့က သူတို့ကို ရွှင်ပြပြကြည့်နေပြီး ထန်ချွန်းမင်အား ပြောလိုက်သည်။ “ညီလေးကို ဒီလိုအနိုင်မကျင့်သင့်ဘူး”
ထိုအချိန်တွင် သူ့စကားများက ထန်ချွန်းရုံ၏ အနာဂတ်အတွေးများအပေါ် သက်ရောက်စေပြီး သူ၏ ဖြူစင်သောညီလေးကို တခြားလမ်းကြောင်းပြောင်းသွားစေခဲ့မယ်လို့ ထန်ချွန်းမင်က သတိမထားမိခဲ့ပေ။ ထန်ချွန်းရုံက သူ့ကိုယ်သူ ထပ်ခါတလဲလဲမေးသည်။ သူ့အားနည်းချက်ကဘာလဲ? သူက ကျောက်လောင်စန်းလိုမဖြစ်ချင်ပေ။ သူက အပေါ်ယံကိစ္စများကိုလည်း ဂရုမစိုက်ပေ။ သို့ပေမယ့် သူ့မိသားစု၊ သူ့အားမူနှင့် အစ်ကိုက သူ့အားနည်းချက်ဖြစ်၏။ သူက သူ့အားနည်းချက်များကို ကာကွယ်ရန် သန်မာလာမှဖြစ်မည်။
အန်ဖျင်ခရိုင်တွင်။
ခရိုင်မြို့က ပညာရှင်စာမေးပွဲအောင်စာရင်းကို မြို့တွင်းထက် စောစောရခဲ့သည်။ အစောပိုင်းက မြို့ပေါ်မှပြန်လာသော ထန့်ယွီက ပညာရှင်စာမေးပွဲကို အာရုံစိုက်နေသည်။ ဆိုင်ရှင်ချန်ကလည်း မနက်စောစောတွင် ပညာရှင်စာမေးပွဲအောင်စာရင်းကို ရရှိခဲ့သည်။ သူ စာရင်းကိုကြည့်လိုက်တော့ ပထမအဆင့်ရခဲ့သည့် နာမည်ကိုတွေ့သွားပြီး အံ့အားသင့်သွားခဲ့သည်။ သူက မျက်လုံးကိုပွတ်သပ်ကာ သူမြင်ခဲ့တာအမှန်လား စစ်ဆေးလိုက်သည်။
ဒီစာမေးပွဲမှာ ဘယ်သူက ပထမနေရာလို့ထင်လဲ? ယင်းမှာ ထင်ကျင့်စားသောက်ဆိုင်ကို လာဖူးသည့် ထောင်ကုန်းဇီဖြစ်သည်။ အစပိုင်းမှာ ဆိုင်ရှင်ချန်က ထင်ကျင့်စားသောက်ဆိုင်အတွက် နာမည်ကောင်းတစ်ခုတည်ဆောက်ရန် ကျယ်ပြန့်သောပိုက်ကွန်ချထားဖို့သာ ရည်ရွယ်ခဲ့သော်လည်း မမျှော်လင့်ထားစွာပင် ထိုပိုက်ကွန်က ငါးကြီးတစ်ကောင်ကို ဖမ်းမိခဲ့သည်။ ထိုအချိန်က ထောင်ကုန်းဇီ၏ ရှက်ရွံ့နေသော အမူအရာကို စဥ်းစားကြည့်ပြီး ဆိုင်ရှင်ချန်က သူ့ကို ထိုမျှလောက်ပညာတတ်မဲ့လို့ မထင်ထားခဲ့ပေ။
“သခင်လေး…ထောင်ကုန်းဇီ ဘယ်မှာနေလဲစုံစမ်းပြီး သူ့ကို လက်ဆောင်ကြီးကြီးပေးလိုက်ရမလား?” ဆိုင်ရှင်ချန်က အကြံပြုသည်။
“အင်း ဒါပေမယ့် အဲ့ဒီတုန်းကဖြစ်ပျက်ခဲ့တာကို ပြန်မပြောနဲ့။ ထင်ကျင့်စားသောက်ဆိုင်က အဲ့ဒီတုန်းက ကိစ္စကို ကျေးဇူးတရားတစ်ခုလို မှတ်ယူလို့မရဘူး။ ငါတို့က စီးပွားရေးသမားတွေဆိုတာကို သိရမယ်။ ငါတို့က တစ်ဖက်နဲ့ ငွေပေးပြီး တစ်ဖက်နဲ့ ကုန်ပစ္စည်းကိုယူတယ်။ ဘယ်သူကမှ ထင်ကျင့်စားသောက်ဆိုင်ကို ကျေးဇူးကြွေးတင်မနေဘူး။” ထန့်ယွီက ဆိုင်ရှင်ချန်ကို သတိပေးလိုက်သည်။ ပညာရှင်တစ်ယောက်အတွက် အရေးကြီးဆုံးက ဂုဏ်သတင်းဖြစ်သည်။ ထင်ကျင့်စားသောက်ဆိုင်က သူ့ကိုထောက်ပံ့ထားမှန်း လူတွေသိသွားရင် ၎င်းက ထိုလူအတွက် မကျေမနပ်ဖြစ်စေပြီး နောက်ဆုံးမှာ ထင်ကျင့်စားသောက်ဆိုင်ကို ထိခိုက်စေလိမ့်မည်။
“ဟုတ်ကဲ့ပါ…သခင်လေး. မှတ်ထားလိုက်ပါမယ်။” ဆိုင်ရှန်ချန်၏နှလုံးက တင်းကျပ်လာသည်။ တကယ်တော့ သူ့မှာ ထိုအတွေးမျိုးရှိခဲ့သည်။ သူတို့၏ပံ့ပိုးမှုကြောင့် ထောင်ကုန်းဇီက ပထမနေရာကိုရခဲ့တာဖြစ်၏။ မဟုတ်ပါက ထောင်ကုန်းဇီ၏ အရှက်ရစရာအခြေအနေကြောင့် စာမေးပွဲဝင်ဖြေနိုင််ခဲ့မှာမဟုတ်ပေ။ သို့ပေမယ့် သခင်လေးပြောသည့်အတိုင်းပင် ထိုနေ့ကအဖြစ်အပျက်အတွက် အမြတ်ထုတ်ခံရတယ်လို့ ထောင်ကုန်းဇီထင်သွားလျှင် သူက တေးမှတ်ထားပြီး ထင်ကျင့်စားသောက်ဆိုင်ကို ဘေးဥပဒ်များ သယ်ဆောင်လာနိုင်သည်။
သို့ဖြစ်၍ ဆိုင်ရှင်ချန်က တခြားမိသားစုတွေလိုပင် ရတနာလေးပါးနှင့် စာအိတ်နီတစ်အိတ်ပြင်ဆင်ပြီး ထောင်ကုန်းဇီ၏အိမ်ကို ပို့ပေးလိုက်သည်။ သူက လက်ဆောင်ပေးသူများစာရင်း၌ မထင်ရှားသော်လည်း အောင်ပွဲခံပြီးနောက် သူတို့ဆီကို အရင်ဆုံးရောက်လာခဲ့သည်။ သူက ထင်ကျင့်ဆိုင်က သူဌေးကို ကျေးဇူးတင်ကြောင်းဖော်ပြရန် ရောက်ရှိလာခဲ့သည်။
ကျောက်မိသားစုတွင် သက်ဝင်နေသောလူအုပ်က လူစုကွဲသွားခဲ့သည်။ ဘိုးဘိုးကျောက်က ဝမ်ချွန်းဟွာကို အိမ်သန့်ရှင်းရေးလုပ်ဖို့ တွန်းအားပေးခဲ့သည်။ ဝမ်ချွန်းဟွာကလည်း အပြုံးတစ်ခုဖြင့် လက်ခံခဲ့သည်။ ယခင်က ဘိုးဘိုးကျောက် သူ့ကို အမိန့်ပေးလျှင် တွန့်ဆုတ်ခဲ့ပေမယ့် ယခုအခါ သူက သူ့သားကို မောင်းထုတ်ပြီး ဘိုးဘိုးကျောက်ကို အဖော်ပြုပေးနေသည်။ သူက ကျောက်မိန်ကို ဆွဲဆိတ်ကာ မပျင်းရိပဲ အလုပ်အမြန်လုပ်ဖို့ပြောခဲ့ပြီး ကျောက်မိန်ကိုဆူပြီးနောက် သူ စိတ်သက်သာရာရသွားသည်။
သူက ဘိုးဘိုးကျောက်၏ ယခုလိုဆက်ဆံခြင်းကို စိတ်မဆိုးပေမယ့် ကောင်းမွန်သောဘဝမှာ နေထိုင်နိုင်ရန် သူက ဘိုးဘိုးကျောက်ကို ချော့မော့ပေးရဦးမည်။
ဘိုးဘိုးကျောက်က ငွေတွေအားလုံးကိုသိမ်းသွားတာ နှမြောစရာပင်။ တွေးကြည့်ရုံဖြင့် နှလုံးသားက သွေးတွေစီးကျလာသည်။
ကျောက်ဖျင်ချွမ်က နောက်ဆုံးဧည့်သည်ကို ပြန်ပို့ပြီး ဘိုးဘိုးကျောက်နှင့် လက်ထပ်ပွဲကိစ္စဆွေးနွေးလိုက်သည်။ ယနေ့မှာ ရှန်းမိသားစုက သူတို့ကိုဂုဏ်ပြုဖို့ ရောက်လာပေမယ့် သူနဲ့ ဘိုးဘိုးကျောက်က ဆိုလိုရင်းကိုနားလည်သည်။ သူတို့က ကျောက်ဖျင်ချွမ်ကို သားမက်အဖြစ်လိုချင်တာပင်။
“ဖျင်ချွမ်… မင်းဘယ်လိုထင်လဲ? တတိယဦးလေးဘာပြောလဲ?” ဘိုးဘိုးကျောက်က စိတ်မရှည်စွာမေးလိုက်သည်။ သူ့မျက်နှာပေါ်က လျော့တွဲနေသော အသားအရေမှာ ဘောလုံးလိုတွန့်လာသည်။
“တတိယဦးလေးလား? သူကတော့ သဘောတူတာပေါ့။” ကျောက်ဖျင်ချွမ်က လက်ဖက်ရည်တစ်ခွက်ထည့်သောက်လိုက်သည်။ သူ့မှာတစ်နေကုန်အနားယူဖို့ အချိန်မရှိသလို လည်ချောင်းကလည်း ခြောက်သွေ့နေသည်။ “ဒါပေမယ့် ကျွန်တော် အဲ့ဒါနဲ့ပတ်သက်ပြီး မြို့ထဲမှာ အများကြီးမကြားခဲ့ဘူး။ ရှန်းတာဟူမိသားစုရဲ့ကောက ဘယ်လိုမျိုးလဲ?”
ကျောက်ဖျင်ချွမ်က ဘိုးဘိုးကျောက်နဲ့ တတိယဦးလေးလို ချက်ချင်းသဘောမတူပေ။ ကျောက်ဖျင်ချွမ်က ထိုအတောအတွင်း တင်းကျိုးခရိုင်မှာနေခဲ့ပြီး တင်းကျိုးမှာပဲ စားသောက်ခဲ့သည်။ တင်းကျိုးခရိုင်၏ သာယာဝပြောမှုကို မြင်ပြီး တင်းကျိုးခရိုင်ရှိ အတန်းဖော်မိသားစုများနှင့် မိတ်ဆက်ခွင့်ရပြီးနောက် သူ့အမြင်က ကျယ်ပြန့်လာခဲ့သည်။
အပြင်လောကက သူထင်ထားတာထက် အများကြီးပိုကျယ်သည်။ ဒီလိုသေးငယ်တဲ့နေရာမှာ သူဘယ်လိုနေနိုင်မလဲ? ရှန်းတာဟူမိသားစု၏အခြေအနေ ပိုကောင်းလာလျှင်ပင် သူ့အမြင်မှာ သူတို့က နည်းနည်းလေးသာချမ်းသာပြီး တခြားသူတွေလို မျိုးရိုးနောက်ခံမရှိသည့်အပြင် သူ၏ပညာရှင်စာမေးပွဲ၌ အကျိုးရှိစေမှာမဟုတ်ပေ။
သူ တတိယဦးလေးကို ထိုအကြောင်းပြောပြပြီးနောက် သူ့ရင်ထဲက စိတ်လှုပ်ရှားမှုမှာ အနည်းငယ်ငြိမ်သက်သွားခဲ့သည်။ ကျောက်လောင်စန်း၏ အနာဂတ်လမ်းကြောင်းက ရိုးရှင်းသောပညာရှင်တစ်ဦးထက် ပိုနိုင်သည်။ သို့ဖြစ်၍ ကျောက်လောင်စန်းပြောသလိုပင် ရှန်းမိသားစုက သူအရာရှိဖြစ်လာစေဖို့ မကူညီနိုင်ပေ။ ရှန်းတာဟူလို မိသားစုက ကျောက်လောင်စန်းရဲ့အနာဂတ်ကို နှောင့်နှေးစေမှာလား?
“ကိုင်တွယ်ရလွယ်ပါတယ်။”ဘိုးဘိုးကျောက်က သူ့ပေါင်ကိုရိုက်ကာ ပြောလိုက်သည်။ “မနက်ဖြန်… ငါအဖြေရှာဖို့ မြို့ကိုသွားမယ်။ မြို့ပေါ်က အောင်သွယ်တော်တွေက ရှန်းတာဟူရဲ့ကောအကြောင်းကို သိမှာပဲ။ သူတို့ကောက တစ်ခုခုဖြစ်နေမလားဆိုတာကိုပေါ့! သူတို့ ခန်းဝင်ပစ္စည်းဘယ်လောက်ပေးပေး… ငါဂရုစိုက်မှာမဟုတ်ဘူး။!” ဘိုးဘိုးကျောက်က တခြားသူများအပေါ်ရက်စက်သည်။ သူက ငွေမက်လို့ သုံးဖို့တွန့်တိုပေမယ့် သူ့သားကိုတော့ တကယ်ချစ်ပြီး ဂရုစိုက်သည်။ ငွေကြေးက သူ့သားလောက်အရေးမကြီးပေ။
“ကောင်းပြီ…ဖေဖေ… မနက်ဖြန်စုံစမ်းပြီးတဲ့ထိ စောင့်ကြတာပေါ့။ ဖေဖေ ဒီနေ့ပင်ပန်းနေပြီ။ စောစောအနားယူတော့” သူကိုယ်တိုင်လည်း ပင်ပန်းနေပေမယ့် သူ့မျက်နှာပေါ်တွင် စဥ်းစားပေးတတ်သည့် သားတစ်ယောက်လို ပြုမူနိုင်သေးသည်။
“တတိယသားက တခြားညီအစ်ကိုနှစ်ယောက်နဲ့မတူပဲ အလိုက်သိတယ်။” ဘိုးဘိုးကျောက်က စိတ်လှုပ်ရှားသွားပြီး တတိယသား၏လက်ကိုယူကာ ညည်းတွားလိုက်သည်။ “မင်းမရှိတုန်းက အဲ့ဒီလာဘ်ပိတ်ကောင် ဘာလုပ်ခဲ့လဲ မင်းမသိပါဘူး။ အခု မင်းစာမေးပွဲအောင်ပြီဆိုတော့ မင်းရဲ့အားမူဘက်က ရပ်တည်လို့ရပြီ။ မနက်ဖြန်… မဟုတ်ဘူး… သဘက်ခါကျရင် ငါ အဲ့ဒီကောင်ကို ဘယ်လိုလုပ်မလဲကြည့်ထား။”
ထိုနေ့မှာ သူက နေမကောင်းဖြစ်ဟန်ဆောင်ကာ ဘိုးဘိုးကျောက်ကို အရှက်ခွဲခဲ့သည်။ သူက ထန်ချွန်းမင်ကို အပြစ်တင်လိုက်သည်။ ထိုလာဘ်ပိတ်ကောင်ကြောင့်သာမဟုတ်လျှင် သူလူငယ်တွေရဲ့ လှောင်ပြောင်ခံရပြီး တတိယဦးလေးဆူတာကို ခံရမှာမဟုတ်ပေ။ ယခုသူက ပညာရှင်၏မိခင်ဖြစ်လာပြီမို့ ဘယ်သူမှ သူ့ကိုလှောင်ရဲမှာမဟုတ်သလို တတိယဦးလေးကလည်း သူ့ကို မလေးမစားလုပ်လို့မရတော့ပေ။
ဘိုးဘိုးကျောက်က သူ့ရင်ထဲက ဒေါသကို ဖြေဖျောက်ချင်သည်။
ကျောက်ဖျင်ချွန်က ထိုစကားကြားတော့ သူ့အားမူပြောနေသည့် လူကိုချက်ချင်းသိသွားသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ အဲ့ဒီလူကို ပြဿနာထပ်မရှာဖို့ သူ့အားမူကို ပြောခဲ့ပြီးပြီမဟုတ်ဘူးလား? ထိုကိစ္စက သူ့အားမူ ဒေါသထွက်ပြီး ထိုလူကို ပြဿနာရှာခဲ့လို့ ဖြစ်လာမှန်းလည်း သူသိသည်။ သူ့အားမူက ထိုလူကို အမြဲနိုင်ကျင့်တတ်တာ သူသိသည်။ သူ့အရှုံးကိုလက်ခံလိုက်ဖို့ ဘယ်လိုပြောရမလဲ?
ထိုအကြောင်းစဥ်းစားကြည့်တော့ သူ့အားမူ၏ မသိနားမလည်မှုကို ရှုတ်ချချင်ခဲ့သည်။ ဒီလိုအားမူမျိုး ဘယ်လိုထွက်လာတာလဲ?
“ဖေဖေ” ကျောက်ဖျင်ချွမ်က စိတ်မရှည်သလို မေးလိုက်သည်။ “ဘာဖြစ်ခဲ့တာလဲ?”
ယခုမှ ဘိုးဘိုးကျောက်က ထုတ်ပြောခွင့်ရတော့သည်။ လယ်ထွန်ဖို့ ယောကျာ်းများကို မြှူစွယ်ခြင်းမှစ၍ သူလုပ်ခဲ့တာအားလုံးအပါအဝင် ထန်ချွန်းမင်၏အရှက်မဲ့သည့် ကိစ္စများကို ပြောပြလိုက်သည်။ သူက စားသောက်ဆိုင်ပိုင်ရှင်နဲ့ ပရော်ပရည်လုပ်ခဲ့သည်။ မဟုတ်ရင် ထိုလူက သူ့ဟင်းသီးဟင်းရွက်တွေကိုဝယ်ဖို့ ပိုက်ဆံအများကြီးသုံးပါ့မလား? ယခုမူ သူ့လယ်ကွင်းထဲ၌ ယောကျာ်းတွေအများကြီး ဝင်ထွက်နေကြသည်။ ၎င်းက ကောတစ်ယောက်၏ပုံရိပ်ကို ပျက်စီးစေပြီး ရှက်ဖို့ကောင်းလှသည်။ ဒီကောင့်လိုလူကို ဝက်လှောင်အိမ်ထဲမှာ ပိတ်ထားသင့်သည်။
သားရှေ့၌ ဘိုးဘိုးကျောက်က အားရပါးရကြိမ်းမောင်းခဲ့သည်။
သို့ပေသိ ကျောက်ဖျင်ချွမ်က နဖူးတွန့်သွားသည်။ သူ၏စိတ်ရှည်သည်းခံမှုက တစ်ရက်တည်းဖြင့် ကုန်ဆုံးလုနီးပါးပင်။ သူ့တတိယဦးလေးက သူ့ကိုသတိပေးပြီး သူ့အားမူကို ဖျောင်းဖျခိုင်းခဲ့သည်မှာ အံ့သြစရာမရှိတော့ပေ။ ယခုလိုဖြစ်လာမှာမို့ဖြစ်၏။ သူက ထန်ချွန်းမင်ကို စိတ်ပျက်ရွံရှာနေတာကြာပြီပင်။ ထန်ချွန်းမင်ကြောင့်သာမဟုတ်လျှင် သူဟာ ရွာသားများ၏ ဝေဖန်ခံခဲ့ရမှာမဟုတ်သလို မြို့ကိုလည်း စောစောထွက်သွားဖို့ လိုမှာမဟုတ်ခဲ့ပေ။
ယခု ထန်ချွန်းမင်က ရွာရှိအမျိုးသားများနှင့် တစ်နေကုန်ပတ်သက်နေသဖြင့် သူ့ရင်ထဲက ရွံရှာမှုက ပိုဆိုးလာခဲ့သည်။ သို့သော် သူ့ကိုစိတ်ပျက်စေသည်မှာ ထန်ချွန်းမင်ဘဝက ပိုကောင်းလာပြီး မြေဝယ်ကာ မြို့ထဲရှိ ကျင်းကျိစားသောက်ဆိုင်နှင့်ပင် အလုပ်တွဲလုပ်နိုင်ခဲ့သည်။
ထန်ချွန်းမင်နှင့် သတင်းထွက်နေသည့် ကျင်းကျိစားသောက်ဆိုင်ပိုင်ရှင်ကို သူသိသည်။ သူက ကျင်းကျိကိုရောက်ဖူးပြီး ၎င်းက မြို့ထဲက အကောင်းဆုံးစားသောက်ဆိုင်ဖြစ်သည်။ အဲ့ဒီစားသောက်ဆိုင်ပိုင်ရှင်က ကျေးလက်နေကောတစ်ယောက်ကို သဘောကျမှာတဲ့လား? သူပြန်ရောက်တော့ ကျင်းကျိစားသောက်ဆိုင်က ယခင်ကထက် ပိုကောင်းလာပြီး တစ်ရက် သူ့ကို ဖိတ်ကျွေးမယ်လို့ သူ့သူငယ်ချင်းတွေက ပြောဖူးသည်။ ထန်ချွန်းမင်၏ဟင်းသီးဟင်းရွက်တွေက ထိုကိစ္စနဲ့သက်ဆိုင်နေမယ်လို့ သူမတွေးမိခဲ့ပဲ သူက သူ့အားမူ၏စကားကိုပဲယုံခဲ့သည်။
သူက ထန်ချွန်းမင် အကူအညီလာတောင်းတာကို မြင်ချင်ခဲ့ပေမယ့် ယခုတော့ ဆန့်ကျင်ဘက်ဖြစ်လာခဲ့သည်။
ထန်ချွန်းမင်က တာဟူ၏ငွေကို အလွဲသုံးစားလုပ်သည်ဟု ဘိုးဘိုးကျောက်ပြောခဲ့တာကို ကျောက်ဖျင်ချွမ်မယုံပေ။ ကျောက်တာဟူက ဘယ်လိုလူစားမျိုးလဲသူသိသည်။ သူ့အစ်ကိုနှစ်ယောက်မှာ တစ်ယောက်က ပျင်းပြီး တစ်ယောက်ကတုံးသည်။ တစ်ယောက်ကရိုးသားပြီး သစ္စာရှိသလို သူ့အားမူကိုလည်း သိတတ်ပြီး ညီငယ်လေးကိုလည်း ဂရုစိုက်သည်။ သို့သော် တချို့အကြောင်းကြောင့် ကျောက်ဖျင်ချွမ်က သူ့အစ်ကို၏နိမ့်ကျမှုကို မကျေမနပ်ဖြစ်ပြီး အစ်ကိုကိုမျက်ကွယ်ပြုဖို့ သူ့အားမူကိုပြောခဲ့သည်။
သူ့အားမူက ပိုက်ဆံမက်တာ သူသိသည်။
-----//////--
Chapter 34.3
“ကောင်းပြီ… ဖေဖေ..” ကျောက်ဖျင်ချွမ်က စိတ်မရှည်သလို ပြောလိုက်သည်။ “သူ့မိသားစုကိစ္စတွေမှာ သွားမရှုပ်ဖို့ တတိယဦးလေး ဖေဖေ့ကိုပြောထားတယ်မလား? ဘာလို့နားမထောင်တာလဲ? အစ်ကိုကြီးရောပဲ… ဖေဖေ ခုကစပြီး အေးဆေးနေမယ်မလား? အဲ့ဒီလူက ကျွန်တော်တို့နဲ့ ခွဲထွက်ပြီးပြီမို့ ဘာမှမပတ်သက်တော့ဘူး။ အခု လူတွေအတင်းပြောစရာဖြစ်အောင် လုပ်နေတာလား? ကျောက်မိသားစုက မုဆိုးဖိုကို မခံမရပ်နိုင်ဖြစ်နေတယ်လို့ ပြောစေချင်တာလား? ဖေဖေ… အခုချိန်မှာ လူဘယ်နှစ်ယောက်က ကျွန်တော်တို့မိသားစုကို မနာလိုဖြစ်နေလဲ သိရဲ့လား?”
“ငါ့သားက ပညာရှင်ဖြစ်သွားပြီလေ…ငါက ဘာကိုကြောက်ရဦးမှာလဲ?” ဘိုးဘိုးကျောက်က အော်ဟစ်ပြောဆိုလိုက်သည်။ သူ့ကို အဲ့ဒီကောင်ရှေ့မှာ ဦးညွတ်ဖို့ပြောနေတာက နောင်ဘဝထိတောင် မဖြစ်နိုင်ပေ။
“ဟုတ်တယ်…ကြောက်စရာမလိုဘူး။ ဒါပေမယ့် ခင်ဗျားသားကတော့ ကြောက်ရမယ်…နားလည်လား” ကျောက်ဖျင်ချွမ်က သူ့အားမူ၏စိတ်ကို မပြောင်းလဲနိုင်မှန်းသိတာကြောင့် သူက ခြိမ်းခြောက်လိုက်လေသည်။ “ကျွန်တော့်အစ်ကိုရဲ့မုဆိုးဖိုကို သေအောင်တွန်းအားပေးခဲ့တယ်လို့ သတင်းထွက်လာမှာကြောက်တယ်။ အဲ့လိုဖြစ်သွားရင် ပညာရှင်တစ်ယောက်ဆိုတဲ့နာမည်ကိုပါ ဆုံးရှုံးရလိမ့်မယ်။ ကျွန်တော်တောင်းပန်ပါတယ်…ဖေဖေ… ကျွန်တော် အင်ပါယာစာမေးပွဲဆက်ဖြေချင်တယ်။ အဲ့လိုအရှက်မရှိတဲ့ ကောတစ်ယောက်အတွက်နဲ့ ကျွန်တော်က နာမည်အပျက်ခံပြီး အနာဂတ်ကို ဖျက်စီးစရာလား? ကျွန်တော့်အားမူက ကျွန်တော်နဲ့အတူ မြို့ထဲလိုက်လာပြီး ပဒေသရာဇ်ဘုရင်ဖြစ်လာမှာ။ ကောင်းတဲ့နေရက်တွေလာတော့မှာ။ ဖေဖေက အဲ့ဒီလူနဲ့ စာရင်းရှင်းဖို့ပဲ စိတ်ထဲရှိရင် ကျွန်တော် စာမေးပွဲဖြေမယ့်အစား အိမ်မှာနေပြီး လယ်ပဲလုပ်တော့မယ်။ ဒါမှ ကျွန်တော့်ရဲ့ကြိုးစားမှုတွေ အချည်းနှီးမဖြစ်တော့မှာ။”
“မဖြစ်ရပါဘူး။ သူ့လိုကောင်အတွက် ငါ့သားရဲ့အနာဂတ်ကို ဖျက်စီးစရာလား? ငါသူ့ကို လည်ပင်းညှစ်သတ်လိုက်မှာ!” ထန်ချွန်းမင်က သူ့သား၏အနာဂတ်ကို နှောင့်နှေးစေခဲ့သလိုပင် သူ့မျက်လုံးများက အမုန်းတရားနဲ့ပြည့်နေ၏။ ယခု ထန်ချွန်းမင်က အများကြီးပြောင်းလဲသွားခဲ့သော်လည်း ဘိုးဘိုးကျောက်၏ရင်ထဲမှာ သူက သူထိန်းချုပ်လို့ရခဲ့သည့် ကောအာလေးဖြစ်နေဆဲပင်။ သို့ဖြစ်၍ သူ ယခု ထိန်းချုပ်မှုအောက်က လွတ်သွားလေ ဘိုးဘိုးကျောက်က ဒေါသထွက်လေဖြစ်၏။
“ကျွန်တော် အနာဂတ်မှာ အန်ဖျင်ခရိုင်ကို အုပ်ချုပ်နိုင်ခဲ့ရင် ဖေဖေ သူ့ကိုလုပ်ချင်သလို လုပ်လို့ရတယ်။ ဒါပေမယ့် အခုတော့မရဘူး။” ကျောက်ဖျင်ချွမ်က ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ့အားမူကို မျှော်လင့်ချက်ပေးခဲ့သည်။ ကျောက်ဖျင်ချွမ်က ရည်မှန်းချက်ကြီးပြီး ထိုနေ့ကို ရောက်မလာနိုင်ဘူးလို့ မထင်ခဲ့ပေ။ သူက သူရှေ့ဆက်မည့်လမ်းတွင် အနာဂတ်ကိုပျက်စီးစေမည့် လူတွေကို အလိုမရှိပေ။
“ကောင်းပြီ…” ဘိုးဘိုးကျောက်က သူ့ဒေါသကိုမျိုချကာ ပြောလိုက်သည်။ “ဖေဖေ…အဲ့နေ့ကို စောင့်နေမယ်!” သူက ထိုကောင်ကို အလွတ်ပေးမှာမဟုတ်ပေ။
ကျောက်ဖျင်ချွမ်က သူ့အားမူ၏ယုတ်မာမှုကို သဘောမကျသော်လည်း သူက သူ့အကျိုးစီးပွားကို မထိခိုက်သရွေ့ အဆင်ပြေသည်။ သူ ယခုလို ပညာရှင်ဖြစ်လာတာ သူ့အားမူ၏ပံ့ပိုးမှုကြောင့်ဆိုတာ သူသိသည်။ သူ့အားမူမရှိရင် သူ့ဖခင်ဆုံးပါးသွားပြီးနောက်ပိုင်းမှာ ကျောင်းတက်ဖို့ ငွေအများကြီးသုံးနိုင်ခဲ့မှာမဟုတ်ပေ။ သို့ဖြစ်၍ သူ့အားမူစိတ်ကျေနပ်စေဖို့ ကျင်းကျိစားသောက်ဆိုင်နှင့် သူဌေးအကြောင်းကို သူ့အတန်းဖော်များအား မေးရန်ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူသာ ထိုလူ၏ငွေအရင်းအမြစ်ကို ဖြတ်တောက်နိုင်ခဲ့လျှင်….
အမှောင်ရိပ်တစ်ခုက ပြတင်းပေါက်မှ ဖြည်းဖြည်းချင်းရွေ့လျားလာခဲ့သည်။ ယင်းက အဝေးသို့ရောက်သွားမှ အရိပ်က တဖြေးဖြေးဖြောင့်တန်းသွားကာ သက်ပြင်းရှည်ချလိုက်သည်။ တတိယညီက သူနဲ့တာဟူကို အထင်သေးမှန်း သူအမြဲသိခဲ့သည်။ သူ့အားမူကလည်း တတိယညီကိုသာ သူ့သားအဖြစ်သတ်မှတ်ခဲ့သည်။ သူက တာဟူနဲ့သူ့ကို အလေးမထားပေ။ တာဟူဆုံးသွားတာတောင် သူ့အားမူငိုတာကို မတွေ့ခဲ့ရပေ။
ဂုဏ်သတင်း? ဟားဟား.. ကျောက်တာနျိုက ရယ်လိုက်သည်။ ကျောက်ဖျင်ချွမ်က နာမည်ပျက်မှာကို ကြောက်တာလား? ကျောက်တာနျို၏နေ့ရက်ကောင်းများ ရောက်လာတော့မည်။ ကျောက်ဖျင်ချွမ်က သူ့အစ်ကိုကြီးကိုလုပ်ခဲ့သလို သူ့ကိုဖယ်ရှားနိုင်မှာမဟုတ်ပေ။ မဟုတ်လျှင် သူ့ဂုဏ်သတင်းပျက်စီးသွားလိမ့်မည်!
ပိုက်ဆံ! ပိုက်ဆံထက် အရေးကြီးတာဘာမှမရှိပေ! သူ့တံခါးဆီကို ရောက်လာသော လက်ဆောင်များကိုကြည့်ရင်း ကျောက်တာနျို၏မျက်ဝန်းက လောဘဇောတွေ တဖျပ်ဖျပ်တောက်နေခဲ့သည်။
ထန်ချွန်းရုံက သူ့အစ်ကို၏နေရာမှာ နှစ်ရက်ဆက်တိုက်နေခဲ့သည်။ ကျောက်မိသားစုမှ ဧည့်သည်များပြန်သွားပြီးနောက် ဘိုးဘိုးကျောက်နှင့် ဝမ်ချွန်းဟွာက ပြဿနာလာမရှာသောအခါ သူက စိတ်သက်သာရာရသွားခဲ့သည်။ သူ့အစ်ကိုပြောတာမှန်သည်။ ကျောက်ဖျင်ချွမ်က ယုတ်မာသောမိသားစုဝင်များကို ထိန်းချုပ်ထားပေမယ့် ထိုချုပ်နှောင်ထားခြင်းက ယာယီမှန်းသိသည်။ တချို့လူတွေက အကျင့်ဆိုးများကို မပြောင်းလဲနိုင်ပေ။ သုံးနှစ်အကြာမှာ သူ ကျောက်လောင်စန်းထက် မြင့်သော ရာထူးတစ်ခုကို ရောက်လာရမည်!
ထန်ချွန်းရုံက သူ့အစ်ကို မြေဝယ်ပြီး စားသောက်ဆိုင်ကို ဟင်းသီးဟင်းရွက်တင်သွင်းတာနဲ့ ပတ်သက်၍ အလွန်ပျော်ရွှင်သွားခဲ့သည်။ သူ့ဘဝပိုကောင်းလေ သူပိုပြီး စိတ်သက်သာရာရလေဖြစ်၏။ သူ့မှာမျိုးစေ့ကောင်းတွေရှိပြီး မူရင်းထက်ပိုကောင်းနိုင်တယ်လို့ သူ့အစ်ကိုက ပြောခဲ့သည်။ ယခုနှစ်မှာ စပါးအထွက်နှုန်းတိုးရင် နောက်နှစ်မှာ တချို့မျိုးစေ့များကို သူ့အားမူအား ပေးလိုက်မယ်လို့ ပြောသည်။ ထန်ချွန်းမင်က ထိုစကားကြားတော့ ပိုလို့ပင် ပျော်ရွှင်သွားခဲ့သည်။ သူ့အစ်ကိုက သူ့အားမူနဲ့ ဆက်ဆံရေးတိုးတက်လာအောင် ကြိုးစားနေမှန်းသိ၍ သူက စိတ်ချမ်းသာနေခဲ့သည်။
ထန်ချွန်းရုံပြန်သွားပေမယ့် ရွာထဲရှိ ပွဲကြည့်ပရိသတ်များက စိတ်ပျက်နေသည်။ ထိုနေ့က ကျောက်မိသားစုပြောခဲ့သည့်စကားကို တစ်ယောက်ယောက်က ဖြန့်ခဲ့သည်။ တချို့လူတွေက ထန်ချွန်းမင်၏ကံတရားကို မနာလိုဖြစ်နေပြီး သူ့ကို အစတည်းက သဘောမကျသူများသည် ပွဲကြည့်ဖို့စောင့်နေခဲ့သည်။
မထင်မှတ်ထားသည်မှာ ရက်အနည်းငယ်ကြာအောင် စောင့်ဆိုင်းပြီးနောက် ဘာလှုပ်ရှားမှုမှမရှိခဲ့ပေ။ ဘိုးဘိုးကျောက်က အိမ်ပြင်ထွက်တာ ရှားပေမယ့် သူက ယနေ့မှာ မြို့ပေါ်သွားခဲ့သည်။ သူက ထိုနေရာကို ခြေလျင်လျှောက်သွားခဲ့တာဖြစ်၏။ ဦးလေးကျောက်လျိုက ဘယ်လိုကိစ္စပဲရှိရှိ သူ့နွားလှည်းပေါ် တက်ခွင့်မပေးခဲ့သလို တတိယဦးလေး၏ တောင်းဆိုမှုကလည်း အသုံးမဝင်ခဲ့ပေ။
ထန်ချွန်းမင်လိုပင် ကျောက်လောင်စန်း၏ သြဇာလွှမ်းမိုးမှုကို သူဂရုမစိုက်ပေ။ သူက အတိတ်ကအမုန်းတရားကို ကျေအေးမပေးနိုင်လို့ သူတို့နဲ့ ဝေးဝေးနေချင်သည်။
ဘိုးဘိုးကျောက် ပြဿနာမရှာတာကိုတွေ့တော့ တတိယဦးလေးက နာခံသော ကျောက်ဖျင်ချွမ်နဲ့အတူ ကျေနပ်သွားခဲ့ပြီး ကျောက်ဖျင်ချွမ်၏ဂုဏ်သတင်းကို ရွာနှင့်အနီးနားဒေသ၌ ပျံ့နှံ့စေရန် အများကြီးအားစိုက်ထုတ်ခဲ့လေသည်။
တချို့လူတွေက ပွဲကြည့်ဖို့စောင့်နေပေမယ့် မျှော်လင့်ချက်မရှိတော့ပေ။ ထန်ချွန်းမင်အိမ်တစ်ဝိုက်က တံတိုင်းအသစ်က ဆောက်လုပ်ပြီးစီးသွားခဲ့သည်။ ၎င်းကို မြေကြီးနှင့်ကျောက်တုံးများ ရောနှော၍ ပြုလုပ်ထားသည်။ ထို့အပြင် ထန်ချွန်းမင်သည် နံရံပေါ် လူတက်လာခြင်းကိုတားဆီးရန် ချွန်ထက်သော ကျောက်စရစ်ခဲများကို ချထားခဲ့သည်။ ဘာပဲဖြစ်ဖြစ် ထန်ချွန်းမင်က ငွေပေးထားတာမို့ အလုပ်သမားများက သူပြောသလို လုပ်ကြရသည်။ သူတို့လုပ်ရသည့် အပိုဆောင်းအလုပ်များအတွက် အပိုလုပ်အားခများရခဲ့သည်။
နောက်ဆုံးနေ့တွင် သူတို့က ဦးလေးကျောက်လျို၏ မိသားစုထံမှ နွားနှင့် လီကျန့်မိသားစုမှ မြင်းပြာကြီးကိုငှားခဲ့ပြီး ခြံခတ်ထားသောမြေကို ထွန်ယက်ကာ ထန်ချွန်းမင် စုဆောင်းထားသော မြေသြဇာများချပေးခဲ့သည်။ လုပ်အားခများ ပေးချေပြီးနောက် ထန်ချွန်းမင်က ထိုလူများကို စိတ်ကျေနပ်စေမည့် အစားအသောက်ကောင်းကောင်း ချက်ကျွေးခဲ့သည်။ ထန်ချွန်းမင်၏ အချက်အပြုတ်စွမ်းရည်က ရွာထဲ၌ ပျံ့နှံ့သွားလေသည်။
ခြံတံခါးအသစ်ဆောက်လုပ်ထားပြီး ခြံတံခါးဟောင်းနှင့် ချိတ်ဆက်ထားတာကြောင့် အပြင်ထွက်စရာမလိုပဲ မူလခြံကနေ ဖြတ်သန်းသွားလာနိုင်သည်။ ခြံအသစ်ကပိုကျယ်သည်။ မကြားသေးမီက ကလေးသုံးယောက်နှင့် လာရောက်ဆော့ကစားလေ့ရှိသော ရှောင်ကျိုးက ရှောင်ဟွာနဲ့အတူ ပျော်ရွှင်စွာ ပြေးလွှားကစားနေကြသည်။ ထန်ချွန်းမင်က သူတို့ကိုမတားပဲ လေ့ကျင့်ခန်းလုပ်ဖို့သာပြင်လိုက်သည်။ သူကိုယ်တိုင်လည်း ခြံသစ်ကိုလျှောက်သွားချင်နေခဲ့သည်။ သူသွားနိုင်သည့် နေရာက အကန့်အသတ်ရှိ၏။ သူက ဗိုက်ပူကြီးဖြင့် ရွာထဲမသွားချင်တာကြောင့် အိမ်မှာပဲ စိတ်ပျက်လက်ပျက် နေခဲ့ရသည်။ ထိုအကြောင်းစဥ်းစားရုံဖြင့် သနားစရာကောင်းလှသည်။ ယခုသူ့မှာ ကြီးမားကျယ်ပြန့်သော နေရာတစ်ခုရှိနေ၍ ထန်ချွန်းမင်က ဆန္ဒပြည့်သွားသလို ခံစားလိုက်ရသည်။
ခြံအသစ်ကိုဆောက်ပြီးနောက် ထန်ချွန်းမင်က ရေတွင်းတူးဖို့ အစီအစဥ်ချမှတ်ခဲ့သည်။ မဟုတ်ပါက နောင်မှာ တာရှန်ကို ရေခပ်ပေးဖို့ပြောပြီး အရှက်ရနေလိမ့်မည်။ ကျန်းရှို့ကလည်း လုပ်အားခမယူတာကြောင့် ရေတွင်းတူးဖို့ လိုအပ်လာသည်။
ယခုချိန်တွင် လူတိုင်း၏အာရုံက ကျောက်မိသားစုထံမှာ ရှိနေသည်။ ထန်ချွန်းမင်က ကျွမ်းကျင်ပညာရှင်ဟောင်းတစ်ယောက်ကို ရှာရန် လီကျန့်ကို အမြန်ဆုံးအကူအညီတောင်းလိုက်သည်။ ထိုလူက မြေအောက်ရေကြောများကို ကောင်းကောင်းသိပြီး အချိန်မှန်မှာ တူးဖော်ပေးဖို့လိုအပ်သည်။ ခြံတံခါးကိုပိတ်လိုက်သည်နှင့် အထဲမှာဘာဖြစ်နေလဲ ဘယ်သူမှမသိပေ။ ကျောက်မိသားစုက မြို့ပေါ်က လူချမ်းသာတစ်ယောက်နဲ့ လက်ထပ်မည့်သတင်း ရွာထဲမှာ ပျံ့နှံ့လာစဥ် ထန်ချွန်းမင်၏ရေတွင်းက တူးဖော်ပြီးစီးသွားခဲ့သည်။ ရေတွင်းမှထွက်လာသော ရေကြည်အေးများကိုကြည့်ရင်း ထန်ချွန်းမင်က အားပါးတရပြုံးလိုက်သည်။