Chapter 36.1
ထန်ချွန်းမင်က ရယ်စရာကောင်းတယ်လို့တွေးလိုက်သည်။ ထန်မျိုးရိုးနာမည်နဲ့လူက ဖျင်ရှန်ရွာတွင် သူတစ်ဦးသာရှိသည်။ ထန်ချွန်းမင်က အောင်သွယ်တော်ကို စိုက်ကြည့်လိုက်သည်။ လီဖုန်း၏ အေးစက်သောအကြည့်ကိုပင် ကြောက်ရွံ့ခြင်းမရှိသော အောင်သွယ်တော်က တုန်လှုပ်သွားလေသည်။ ဒီကောအာက ဘာလို့ အဲ့လောက်ကြောက်ဖို့ကောင်းတာလဲ?
ဆိုင်ရှင်ချီကလည်း အံ့အားသင့်သွားပြီး သူ့ဘေးက ထန်ဖူလန်ကို ကြောင်တက်တက်ကြည့်မိသွားသည်။ သူက ထန်ဖူလန်ကို အောင်သွယ်ပေးဖို့ ရောက်လာတာလား? ထန်ဖူလန်က ဝတ်ပြုဆုတောင်းနေဆဲဆိုတာ မသိဘူးလား?
လီဖုန်း၏မျက်ဝန်းက မုန်တိုင်းကျလာသလိုပင် နက်မှောင်လာ၏။ ဇက်ကြိုးကိုဆုပ်ကိုင်ထားသော သူ့လက်က ရုတ်တရက် တင်းကျပ်သွားပြီး အကြောင်းတစ်ခုခုကြောင့် မြင်းက ရုတ်တရက် မြှောက်တက်သွားကာ ခြေထောက်ကို ရှေ့သို့ ကန်ထုတ်လိုက်လေသည်။ အမြဲတစေရိုးသားပြီး အလုပ်ကြိုးစားသော မြင်းအိုကြီးက ထိတ်လန့်နေပုံရပြီး မောင်းနှင်သူ၏အမိန့်ကို နားမထောင်ပဲ ရှေ့ကိုပြေးသွားခဲ့သည်။
မပြင်ဆင်ထားခဲ့သော အောင်သွယ်တော်နှစ်ယောက်က လှည်းအောက်က ကမုကထစ်များကြောင့် ပြုတ်ကျမလိုဖြစ်သွားခဲ့သည်။ သူတို့က ထ်ိတ်လန့်တကြား လဲလျောင်းလိုက်ပြီး လှည်းဘုတ်ပြားကို တင်းတင်းကျပ်ကျပ် ကိုင်ထားကြသည်။ ပေါင်ဒါရိုက်ထားသော သူတို့မျက်နှာက ပို၍ပင် ဖြူဖျော့လာပြီး နွားကိုအမြန်ထိန်းဖို့ မောင်းနှင်သူကို အော်ဟစ်နေကြသည်။
လီဖုန်းက ရှေ့ခုံမှ အေးအေးလူလူ ဆင်းလိုက်သည်။ မြင်းက ဟန်ချက်မညီပုံရသည်။ လီဖုန်းက မြင်း၏လည်ပင်းကိုပုတ်လိုက်ပြီး မြင်းက မကြာမီငြိမ်သက်သွားခဲ့သည်။ ထို့နောက် မြင်းက ခေါင်းကိုလှည့်ကာ လီဖုန်း၏လက်ဖဝါးကြီးကို ချစ်ခင်ယုယစွာ ပွတ်သပ်လိုက်သည်။ ထန်ချွန်းမင်က မြင်းများစွာကို မမြင်ဖူးသော်လည်း ဆိုင်ရှင်ချီက ခရီးသွားများ ခေါ်ဆောင်လာသော တိရစ္ဆာန်များစွာကို မြင်ဖူးသည်။ သူ့မျက်လုံးထဲမှာ လေးစားသောအကြည့်တစ်ခု ဖြစ်ပေါ်လာပြီး သူက ချောမောပြီး အရှိန်အဝါကြီးပုံရသည့် လီဖုန်းကိုကြည့်လိုက်သည်။ ခဏလောက်တော့ လီဖုန်းက အောင်သွယ်တော်နှစ်ယောက်ကို ဘာလို့ခြောက်လှန့်ချင်မှန်း သူမသိခဲ့ပေ။
မြင်းနှင့်လီဖုန်း၏ အပြန်အလှန်ဆက်သွယ်မှုကိုကြည့်ကာ ဆိုင်ရှင်ချီက မြင်းနဲ့ပိုင်ရှင်ကို အတွေးတူတယ်လို့ ခံစားလိုက်ရသည်။ မြင်းက ပိုင်ရှင်အရိပ်အမြွက်မပေးပဲ လန့်ပြပါ့မလား?
အရင်တစ်ခေါက် သခင်လေးက ထိုလူအကြောင်း စုံစမ်းခိုင်းခဲ့တာကို ပြန်စဥ်းစားကြည့်တော့ ထိုလူက စစ်မှုထမ်းခဲ့ပြီး ဤနှစ်မှာပြန်လာခဲ့သည်ကလွဲလို့ တခြားဘာကိုမှရှာမတွေ့ခဲ့ပေ။ သို့သော် သူနဲ့အတူရှိခဲ့သော စစ်သားက တင်းကျိုးခရိုင်မှာ ပေါ်လာခဲ့ပြီး စစ်တပ်အရာရှိဖြစ်လာခဲ့သည်။ ယခုချိန်မှာ ဆိုင်ရှင်ချီက ထပ်မစုံစမ်းရဲပေမယ့် ဤလူကို သူ့စိတ်ထဲမှာ သာမန်လူအဖြစ် သတ်မှတ်ဖို့က ခက်ခဲလေသည်။
နွားလှည်းနှစ်စင်း၏ မောင်းနှင်သူများသည် အဝေးတစ်နေရာအထိ မောင်းနှင်ပြီးနောက် နွားကိုထိန်းချုပ်နိုင်ခဲ့သည်။ သူတို့က လှည်းပေါ်မှ ခုန်ဆင်းလာပြီး အောင်သွယ်တော်ကို လှည်းပေါ်မှဆင်းရန် ကူညီပေးခဲ့သည်။
သူတို့က ကမန်းကတန်းတောင်းပန်လိုက်သည်။ နွားများကို မထိန်းနိုင်ခဲ့ခြင်း အကြောင်းအရင်းကို မသိသော်လည်း အောင်သွယ်တော်များ ပြုတ်ကျသွားခဲ့လျှင် ပြဿနာတက်လိမ့်မည်။ အောင်သွယ်တော်များက ရိုးသားသော ယာဥ်စီးသူရဲများကို ခက်ခက််ထန်ထန် ပြစ်တင်ခဲ့ကြသည်။
ထိုသို့သော ရုတ်ရုတ်သဲသဲဖြစ်မှုက အနီးအနားက ကျန်းရှို့၏မိသားစုအပါအဝင် ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများကို ထိတ်လန့်စေခဲ့သည်။ တာရှန်က လယ်ကွင်းထဲမှာ အလုပ်လုပ်နေပြီး အပြင်ဘက်က မြင်းနှင့် နွားများ၏ အော်မြည်သံကို ကြားသောအခါ သူက ခြံထဲကနေ အမြန်ထွက်သွားခဲ့သည်။ ထို့နောက် သူက တံခါးဝရှိ သဲထိပ်ရင်ဖိုမြင်ကွင်းကို မြင်ခဲ့ရလေသည်။
“ဘာတွေဖြစ်နေတာလဲ?” ကျန်းရှို့ အိမ်ကထွက်လာခဲ့သည်။ သူနောက်တစ်လှမ်းတိုးလိုက်တော့ လူတွေကို ဆဲဆိုကြိမ်းမောင်းနေသော အောင်သွယ်တော်ကိုတွေ့ခဲ့ရသည်။ သူက ဘာတွေဖြစ်နေလဲနားမလည်ပေ။ ထန်ချွန်းမင် ခြံတံခါးဝမှာရပ်နေသည်ကို မြင်သောအခါ သူ ခြံထဲက ထွက်လာခဲ့သည်။ သူက သူ့ကိုကာကွယ်ဖို့ အသင့်ပြင်ထားပြီး ဘေးမှာရပ်နေသော ဆိုင်ရှင်ချီကို နှုတ်ဆက်လိုက်သည်။ သူက လီဖုန်းဘေးက အောင်သွယ်တော်ကို မြင်သောအခါ အံ့အားသင့်သွားခဲ့သည်။
တာမောင်းနှင့်အာမောင်းကလည်း ပြေးထွက်သွားပြီး လီဖုန်း၏မြင်းအောက်မှာ ဆောင့်ကြောင့်ထိုင်နေကြသည်။ သူတို့က ဦးလေးဖုန်းခေါ်လာသောမြင်းကို ပို၍ပင် စိတ်ဝင်စားနေခဲ့သည်။ သူတို့က ထိချင်ပေမယ့် ကြောက်နေသည်။ အောင်သွယ်တော်နှစ်ယောက်ကတော့ သူ့ကိုလုံးဝဂရုမစိုက်ပါပေ။
လာကြည့်သည့်လူတွေကိုမြင်တော့ အောင်သွယ်တော်နှစ်ယောက်က ပြဿနာရှာရမည့် အချိန်မဟုတ်မှန်း သိသွားခဲ့ပြီး ပါးစပ်ပိတ်လိုက်ကြသည်။ သူတို့မှာ အရေးကြီးလုပ်စရာရှိသည်။ သူတို့က သူတို့၏ကံကြမ္မာဆိုးကိုသာ ရင်ထဲကနေ ကျိန်ဆဲနေပြီး ၎င်းက သူတို့အလုပ်ကို မထိခိုက်ဖို့ မျှော်လင့်သည်။
အောင်သွယ်တော်ချန်က သူ့လက်ကိုင်ပုဝါကို ခါယမ်းကာ လှည်းပေါ်ပြန်တက်ပြီး ကျောက်မိသားစုအိမ်ကို မောင်းနှင်သွားခဲ့သည်။ “မြန်မြန်လုပ်…ရှန်းတာဟူနဲ့ ကျောက်မိသားစုရဲ့ ကံကြမ္မာကို မနှောင့်နှေးစေနဲ့။”
“အို.. ဒါဆို ရှန်းမိသားစုက ကျောက်မိသားစုနဲ့ လက်ထပ်ဖို့ပြင်နေတာအမှန်လား။ ပြီးတော့ သူတို့က အောင်သွယ်တော်ကိုတောင် ဖိတ်လိုက်သေးတယ်။” ထိုကိစ္စက ရွာမှာပျံ့နှံ့နေတာကြာခဲ့ပြီး လူတိုင်းက အောင်သွယ်တော်ရောက်လာမလား စောင့်မျှော်နေခဲ့သည်။
“အမှန်ပဲ…ရှန်းတာဟူက ဘယ်လိုမိသားစုမျိုးလဲ? သူတို့မှာ ဆိုင်တွေ၊မြေတွေအများကြီးရှိပြီး သူတို့ရဲ့ကောလေးက ပိုလို့တောင် ထူးချွန်သေးတယ်။ သူနဲ့ ကျောက်ဖျင်ချွမ်က အလိုက်ဖက်ဆုံးပဲ။” အောင်သွယ်တော်ချန်က ရှန်းမိသားစုကို ချီးကျူးဖို့ အခွင့်အရေးယူခဲ့သည်။
အောင်သွယ်တော်ဟွားက အောင်သွယ်တော်ချန်ကို လှောင်ပြောင်လိုက်သည်။ သူနဲ့ အောင်သွယ်တော်ချန်က မြို့၏အရှေ့နှင့်အနောက်မှာနေသည်။ သူတို့က ရန်သူတွေဖြစ်ပြီး တွေ့ဆုံချိန်တိုင်း တစ်ယောက်နဲ့တစ်ယောက် ပြိုင်ချင်သည်။ တစ်ယောက်ကိုတစ်ယောက် မကြိုက်ကြပေမယ့် အောင်သွယ်တော်များမှာ လုပ်ငန်းကျင့်ဝတ်ရှိ၏။ သူက ရှန်းတာဟူမိသားစုရဲ့ အခြေအနေကို သိသော်လည်း အောင်သွယ်တော်ချန်၏ အကြံအစည်ကို ဖျက်စီးဖို့ မရည်ရွယ်ထားပေ။
သို့ပေမယ့် ယနေ့အောင်သွယ်ပေးခြင်းအတွက် သူရခဲ့သောငွေဟာ တစ်ဖက်လူထက် မနည်းပါပေ။ ရက်ရောသော သခင်လေး ပေးထားသည့် ကတိကို ပြန်စဥ်းစားကြည့်တော့ အောင်သွယ်တော်က စိတ်ရွှင်သွားခဲ့သည်။ သူ၏လျှာစောင်းထက်မှုနှင့် ထန်ကောအာ၏ အခြေအနေပေါ်မှာ မူတည်ပြီး သူ့အမြင်၌ ဤလက်ထပ်ပွဲစီစဥ်မှုက အားစိုက်ထုတ်စရာမလိုပဲ အလွယ်တကူပြီးသွားလိမ့်မည်။
“ဟေး….ငါမေးနေတယ်လေ.. ဖျင်ရှန်ရွာရဲ့ ထန်မိသားစုက ဘယ်မှာလဲလို့? “ အောင်သွယ်တော်ဟွားက ပြုံးလိုက်ပြီး သူ့ပေါင်ကိုပုတ်ကာ ပြောလိုက်သည်။ “ငါအကူအညီရရင် ကောင်းမှာပဲ။ ညီအစ်ကိုတို့ လမ်းပြပေးပါဦး… အခုကစပြီး ငါ မင်းရဲ့ကလေးတွေအတွက် မြို့ထဲက မိသားစုကောင်းတစ်ခုကို ရှာပေးပါ့မယ်။”
မူလက လူတွေသည် ကျောက်မိသားစုနှင့် ရှန်းမိသားစုအကြောင်းကို ပြောနေဆဲဖြစ်သော်လည်း အောင်သွယ်တော်ဟွား၏ အားရကျေနပ်နေသော အသံကိုကြားရသောအခါ ထန်ချွန်းမင်၏ အိမ်တံခါးက တိတ်ဆိတ်သွားပြီး လူတိုင်းက တံခါးဝမှာရပ်နေသော ထန်ချွန်းမင်ကိုကြည့်လိုက်သည်။
ထန်ချွန်းမင်က လီဖုန်းကို ငေးနေဆဲပင်။ ယခုလေးတင် ဖြစ်သွားခဲ့သော ယာဥ်မတော်တဆမှုအတွက် ဘယ်သူတာဝန်ရှိလဲ သူမသိဘူး မထင်လိုက်နဲ့။ ဒီလူက ဘာမှလည်းမပြောဘူး။ မုဆိုးဖို ကလေးနှစ်ယောက်အဖေကို လက်ထပ်ဖို့ လာကမ်းလှမ်းတဲ့ လူရှိတယ်ဆိုတာ ဒီလူမမြင်နိုင်ဘူးလား…..
လီဖုန်းမှာ သူ့အတွက် ခံစားချက်ရှိနေတယ်လို့ သူမှန်းဆပြီးကတည်းက ထန်ချွန်းမင်သည် လီဖုန်း၏ နောက်ထပ်လှုပ်ရှားမှုများကို စောင့်ဆိုင်းနေခဲ့သည်။ မထင်မှတ်ထားသည်မှာ ထိုလူက မလိုအပ်သော လှုပ်ရှားမှုများကို မလုပ်ခဲ့ပဲ ယခင်ကလိုပင် ကောင်းကောင်းပြုမူနေတာကြောင့် လူကို အသည်းယားစေသည်။ ယင်းမှာ ထန်ချွန်းမင်ကို စိတ်မကောင်းဖြစ်စေပြီး သူဟာ စိတ်ကူးယဥ်ဆန်လွန်းသည်ဟု တွေးမိသွားသည်။ ထိုလူမှာ သူ့အတွက် ခံစားချက်မရှိပဲ ကိုယ်ဝန်သည်ကောတစ်ယောက်မို့ သနားနေတာလည်းဖြစ်နိုင်သည်။
.
သို့သော် ယခုမြင်လိုက်ရသည့်မြင်ကွင်းက သူ့ရင်ထဲက ပျော်ရွှင်မှုကို ပွက်လောရိုက်စေပြီး သူက မထိန်းချုပ်နိုင်တော့ပဲ အားရပါးရပြုံးလိုက်သည်။
သို့ပေမယ့် သူက အောင်သွယ်တော်ကို ဘယ်သူလွှတ်လိုက်လဲ သိချင်နေသည်။ ဆိုင်ရှင်ချီ၏စကားအရ ဤအောင်သွယ်တော်က မြို့ပေါ်ကဖြစ်သည်။ ဖျင်အန်းမြို့မှာ သူက ဆိုင်ရှင်ချီ အလုပ်လုပ်သော ကျင်းကျိနဲ့သာ ဆက်သွယ်ပြောဆိုခဲ့ပြီး တခြားဘယ်သူ့ကိုမှမသိပေ။ ဘယ်သူက သူ့ကိုသိလို့ အိမ်ကိုရောက်လာရတာလဲ? သို့ဖြစ်၍ တခြားသူများက အောင်သွယ်တော်ကို လမ်းမညွှန်ပေးခင်မှာ ထန်ချွန်းမင်က ပြောလိုက်သည်။ “ကျွန်တော့်မိသားစုက ဒီရွာမှာ တစ်ခုတည်းသော ထန်မိသားစုပါ။ ဒါပေမယ့် ကျွန်တော်က ဝတ်ပြုဆုတောင်းနေရဆဲမို့ အောင်သွယ်တော်လက်မခံပါဘူး။ အားလင်း… အထဲပြန်ဝင်ရအောင်… ဆိုင်ရှင်ချီ…အာားနာပါတယ်.. ခင်ဗျားကို ရယ်စရာဖြစ်စေမိပြီ။”
“ဖေဖေ…” အားလင်းက သူ့အားမူ၏လက်ကို တင်းတင်းဆုပ်ထားပြီး စိုးရိမ်တကြီးမော့ကြည့်လိုက်သည်။ ပျော်ရွှင်ဖွယ်နေ့ရက်များကြောင့် သူမေ့ပစ်ခဲ့သော မှတ်ဉာဏ်ဆိုးများကို အောင်သွယ်တော်၏အသွင်အပြင်က ပြန်နိုးကြားစေခဲ့သည်။ သူဟာ ငယ်သေးသော်လည်း သူ့ဘိုးဘိုးက သူ့အားမူအား အတင်းအကျပ် နောက်အိမ်ထောင်ပြုခိုင်းခဲ့တာကို မှတ်မိသေးသည်။
သူ့အသိဉာဏ်အရ သူ့အားမူ၏ နောက်အိမ်ထောင်ပြုခြင်းသည် သူ့အားမူနှင့် သူ့ကို ခွဲနေခြင်းဟုဆိုလိုသည်။ သူ့ဘိုးဘိုးနဲ့ သူ့အားမော့က ငွေအရှုံးပေါ်ပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် သူ့ကို စွန့်ပစ်ချင်သည်ဟု ပြောခဲ့ဖူးသည်။
သူ့သားမျက်လုံးထဲက ကြောက်ရွံ့မှုကို မြင်လိုက်ရတော့ ထန်ချွန်းမင်က သူ့သား၏အတွေးကို ချက်ချင်းနားလည်သွားခဲ့သည်။ သူက ရင်ထဲကနေကျိန်ဆဲလိုက်သည်။ သွေးအေးပြီး အမူအရာမဲ့သည့် လီဖုန်းကို စနောက်ဖို့လည်း သူမတွေးတော့ပေ။ သူ့သားကိုချော့ဖို့က ပိုအရေးကြီးသည်။ “အားလင်းက ဖေဖေပြောတာကို မေ့သွားပြီလား… ဖေဖေက အားလင်းနဲ့ မခွဲဘူးဆိုတာလေ။”
ဆိုင်ရှင်ချီက ယဥ်ကျေးသော စကားအနည်းငယ်ပြောမလို့ ပြင်လိုက်ပေမယ့် ထိုသားအဖနှစ်ယောက်၏ အခြေအနေကို မြင်သောအခါ သူ ပါးစပ်ပိတ်ထားလိုက်သည်။ ကောအာလေးက ထိရှလွယ်လွန်းသည်။ သူ့အတိတ်မှာ ဆိုးရွားသော အတွေ့အကြုံတစ်ခုရှိတာဖြစ်ပေမည်။ သူ၏စုံစမ်းစစ်ဆေးမှုအရ နှစ်အစပိုင်း၌ သားအဖနှစ်ယောက်က ခွဲခွာရမလိုဖြစ်ခဲ့ဖူးသည်။
“သေစမ်း!” ကျန်းရှို့က အားလင်းလေး၏အတွေးကိိုသိ၍ ဒုက္ခပေးလွန်းသည့် ကျောက်မိသားစုကို တိတ်တဆိတ်ကျိန်ဆဲလိုက်သည်။ မထင်မှတ်ထားသည်မှာ ကလေးလေးက ထိုဖြစ်ရပ်ကိုမှတ်မိနေသည်။ သူကလည်း အားလင်းကိုပွေ့ဖက်ကာ ချော့လိုက်သည်။ “အားလင်း… ကြည့် …ရှို့အားမော့ လူဆိုးတွေကို မောင်းထုတ်လိုက်ပြီ”
“လူဆိုးတွေ!” သူ့အားမူ၏ အာမခံချက်ရပြီးနောက် အားလင်းက အရင်ကထက် သတ္တိပိုရှိလာသည်။ သူက ကျန်းရှို့၏လည်ပင်းကိုဖက်ကာ အပြင်ဘက်ရှိ အောင်သွယ်တော်ဟွားကို ဒေါသတကြီးအော်ဟစ်လိုက်သည်။ “လူဆိုးတွေ… ထွက်သွား!”
“ဟုတ်တယ်…လူဆိုးတွေ… မင်အားမော့နဲ့ အားလင်းကို ခေါ်သွားခွင့်မပြုဘူး။!” အာမောင်းကလည်း အားလင်းရှေ့ကနေ အောင်သွယ်တော်ကို အော်လိုက်လေသည်။
ရှောင်ဟွာကလည်း အောင်သွယ်တော်ဟွားကို တိုးတိုးလေးအော်ဟစ်ကာ ပွဲဝင်နွှဲခဲ့သည်။ ပိုင်ရှင်က အမိန့်ပေးလျှင် သူက တစ်ယောက်ယောက်ကို ပြေးကိုက်ပစ်ဦးမှာပင်။
အပြင်ကရွာသားများက အရယ်မရပ်တော့ပေ။ ထိုမှသာ အောင်သွယ်တော်ဟွားက သူလုပ်ခဲ့တာ ရယ်စရာဖြစ်သွားမှန်း နားလည်ခဲ့သည်။ သူက လူတစ်ယောက်၏အိမ်ရှေ့မှာရပ်ပြီး လမ်းညွှန်းတောင်းနေသေးသည်။ အောင်သွယ်တော်သည် စကားပြောကောင်းရုံတင်မကပဲ အလွန်အရေထူသော ဝိသေသလက္ခဏာရှိ၏။ သူများတွေဘာပြောပြော သူတို့က သူတို့၏ ပန်းတိုင်ကိုမရောက်မချင်း အရှုံးပေးမှာမဟုတ်ပေ။ ထို့အပြင် သူက သူ့ကို ရန်ငြှိုးဖွဲ့နေသော ကလေးနှစ်ယောက်ကိုလည်း အလေးမထားခဲ့ပေ။
သို့သော်လည်း အောင်သွယ်တော် စေလွှတ်ခဲ့သော ထိုလူသည် မင်ကောအာ၏ ပုံပန်သဏ္ဍန်ကို အသေးစိတ်မဖော်ပြခဲ့ပေ။ သူ၏ဖော်ပြချက်မှာ ကောငယ်လေးတစ်ယောက်ရှိပြီး ကိုယ်ဝန်လွယ်ထားရသည့် လူတစ်ယောက်သာဖြစ်သည်။ အောင်သွယ်တော်က ဘယ်လိုပဲစဥ်းစားပါစေ သူ့စိတ်ထဲ၌ သူသည် ဆိုးရွားသောဘဝမှာ နေထိုင်ရတယ်လို့ ထင်ခဲ့သည်။ သူ(အောင်သွယ်တော်)က ဤခရီးကို ပိုက်ဆံရှာဖို့ထွက်ခဲ့ပေမယ့် တခြားလူတွေအများကြီးရှိသည့်အထဲမှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် မုဆိုးဖိုကလေးနှစ်ယောက်အဖေကို ထိုလူ ဘာလို့ရှာချင်ခဲ့လည်း သူနားမလည်နိုင်ခဲ့ပေ။ သို့သော် ယခုမြင်လိုက်ရတော့ စိတ်ထဲမှာ အံ့သြစပြုလာသည်။ အကယ်၍ သူက လူလွတ်ဖြစ်နေလျှင် ကောင်းမွန်သောမိသားစုမှာ နေထိုင်ရဖို့ သေချာသည်။ သူက ခင်ပွန်းကို ဆုံးရှုံးခဲ့ရုံတင်မကပဲ ကလေးနှစ်ယောက်ပါရှိနေခဲ့သည်။ သို့သော် ၎င်းက အရမ်းမဆိုးပေ။ ယခုလိုမျိုးပင် သူက တစ်စုံတစ်ယောက်၏ နှလုံးသားကို အမိဖမ်းနိုင်ခဲ့ပြီး ထိုလူက ကလေးနှစ်ယောက်ရှိနေတာကို ဂရုမစိုက်ပဲ သူ့ကိုလက်ထပ်ဖို့ ဆန္ဒရှိနေ၏။
ထန်ချွန်းမင်က သူ့ကိုမတုံ့ပြန်တော့ပဲ ခြံဝင်းထဲလျှောက်သွားသည်ကို မြင်လိုက်တော့ အောင်သွယ်တော်က သူ့ကိုအလွတ်မပေးပဲ ကမန်းကတန်း အော်လိုက်လေသည်။ “ဟေး… ဒီတစ်ယောက်က ငါရှာနေတဲ့တစ်ယောက်လို့ ထင်မထားဘူး။ မျက်စိကန်းနေတာငါ့အပြစ်ပါ… ငါအရိုက်ခံရလို့ထိုက်တန်တယ်။” စကားပြောရင်းဖြင့် သူက သူ့မျက်နှာသူရိုက်လိုက်လေသည်။
&&&&&&&&&&&
Chapter 36.2
“စိတ်မပူပါနဲ့… ထန်ဖူလန်။ ငါက မြို့ပေါ်မှာ အောင်သွယ်တော်လုပ်ခဲ့တာ နှစ်တွေလည်းကြာလှပြီ။ ဒီလိုအမှားမျိုးလုပ်ပြီး တစ်ပါးသူငှာ ဝတ်ပြုဆုတောင်းနေတဲ့အချိန်မှာ နောက်အိမ်ထောင်ပြုဖို့ တိုက်တွန်းပါ့မလား? အရင်ဆုံး ဆုံးဖြတ်ပြီးမှ ဝတ်ပြုဆုတောင်းကာလပြီးသွားရင် လက်ထပ်လို့ရတယ်လေ။ ငါပြောပေးမယ့် မိသားစုကလည်း အရမ်းကောင်းတာ မင်းသိဖို့လိုတယ်။ ဒီရွာကိုကျော်သွားရင် ဆိုင်တစ်ဆိုင်တွေ့လိမ့်မယ်။ မင်းက ဘယ်ဆိုင်လဲဆုံးဖြတ်ပြီး ကလေးနှစ်ယောက်ကို ခေါ်သွားလို့ရတယ်။ လက်ရှိမှာ စကားပြောရလွယ်ကူတဲ့ အမျိုးသားတွေမရှိဘူး… မင်း….! ဘာဖြစ်နေတာလဲ! ငါ့လမ်းကိုဘာလို့ပိတ်တာလဲ.. မင်းငါ့ကို အောင်သွယ်တော်လုပ်ခိုင်းချင်တာဆိုရင် ထန်ဖူလန်ရဲ့လက်ထပ်ပွဲပြီးမှ ဆက်ပြောကြတာပေါ့။”
ထန်ချွန်းမင်က နောက်လှည့်ကြည့်ပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ တခြားသူများကို ကြိမ်းမောင်းသည့်အခါ အားလင်းက ပိုရဲရင့်လာတော့ သူက စိတ်သက်သာရာရသွားခဲ့သည်။ သူ့စိတ်ကြည်လာသည်နှင့်အမျှ သူက ထိုမြင်ကွင်းကြောင့် ရယ်မောမိသွားပြန်သည်။
အောင်သွယ်တော်ဟွားက သူနောက်ကနေ ခြံထဲသို့ လိုက်လာချင်ပေမယ့် မမျှော်လင့်ထားစွာပင် လူကြမ်းကြီးတစ်ယောက်က သူ့ရှေ့မှာပိတ်ရပ်ကာ အထဲဝင်ခွင့်မပေးခဲ့ပေ။ အောင်သွယ်တော်ဟွားက ဒေါသထွက်သွားပြီး လီဖုန်းကို တွန်းထုတ်လိုက်သော်လည်း လီဖုန်းက ဘယ်သူမို့လဲ? လူလတ်ပိုင်းကောအာတစ်ယောက်ထံမှ တွန်းခံလိုက်ရပေမယ့် သူက ရွေ့မသွားခဲ့ပေ။
ကျန်းရှို့နှင့် တာရှန်ကလည်း အူမြူးနေသည်။ လီဖုန်း၏ဆိုလိုရင်းကို သူတို့သိသည်။ သူက ပုံမှန်ဆိုလျှင် ဘာမှမလုပ်ပေမယ့် ယခုတစ်ကြိမ်မှာ ဒေါသထွက်သွားမယ်လို့ ဘယ်သူမှမထင်ထားခဲ့ပေ။
ထန်ချွန်းမင်က ကျန်းရှို့ချီထားသော အားလင်းထံမှ ထွက်ကျလာသည့် ရွှေပဲသီးများကို ဖယ်ပေးလိုက်ပြီး “ခင်ဗျား ဘယ်သူ့အကြောင်းပြောနေတာလဲ? ခင်ဗျားပြောပြရင် ကျွန်တော်လက်ခံပေးမယ်။” ထန်ချွန်းမင်က သံသယဝင်နေ၏။ ယခုမူကား ကျန်းရှို့နှင့် ရှန်းဖူလန်က သူ၏ဝတ်ပြုဆုတောင်းကာလပြီးလျှင် လက်ထပ်ပေးမည့်အစီအစဥ်ကို ပယ်ဖျက်ထားခဲ့တာ ကြာပြီဖြစ်၏။
ကိစ္စပြီးသွားတာနဲ့ အောင်သွယ်တော်တစ်ယောက်က တံခါးလာခေါက်ခဲ့သည်။ သာမန်လူတွေက တခြားသူများ၏စည်းစိမ်ကို စိတ်ဝင်စားပေမယ့် အောင်သွယ်တော်၏လေသံအရ တစ်ဖက်လူမှာ ငွေကြေးချို့တဲ့သူမဟုတ်လောက်ပေ။
ရှန်းဖူလန်နှင့် ကျန်းရှို့က သူ့ကို နောက်အိမ်ထောင်ပြုဖို့ ဖျောင်းဖျနေသည်မှာ လီဖုန်းက သူ့ကိုစိတ်ဝင်စားနေ၍ ဖြစ်ကြောင်း ထန်ချွန်းမင် မသိခဲ့ပေ။ လူကအသင့်ရှိသဖြင့် တခြားနေရာကိုသွားပြီး အောင်သွယ်တော်နှင့် အရှာလွှတ်စရာမလိုပေ။
ထန်ချွန်းမင်က အံ့အားသင့်နေပြီး ဆိုင်ရှင်ချီကလည်း ထပ်တူပင်။ မြို့ထဲကလူအများစုက အချင်းချင်းသိကြပြီး အောင်သွယ်တော်ဟွားက ဘယ်သူ့အကြောင်းပြောနေလဲ သူမသိခဲ့ပေ။ ယင်းမှာ ကျင်းကျိနှင့် သခင်လေး၏စီးပွားရေးနှင့် ပတ်သက်နေသည်။ သူတို့က စာချုပ်ချုပ်ထားသော်လည်း အနာဂတ်မှာဘာဖြစ်လာမလဲ အာမခံထားခြင်းမရှိပေ။ မမျှော်လင့်ထားတာတွေဖြစ်လာရင် သူတို့က ဘယ်သူ့ကိုမှ မပါဝင်စေချင်ပေ။ သို့ဖြစ်၍ ဆိုင်ရှင်ချီက ထိုနေရာမှာရပ်နေပြီး တုံ့ဆိုင်းခြင်းမရှိ နားထောင်နေ၏။
အောင်သွယ်တော်က ထန်ချွန်းမင် စိတ်ဝင်စားနေသည်ဟု ထင်လိုက်သည်။ နောက်အိမ်ထောင်ပြုချင်ပြီး ကလေးကိုထည့်တွက်နေရသည့် မုဆိုးဖိုကောများက သူတို့၏ကလေးများကို စိတ်အပူဆုံးဖြစ်သည်။ အကြောင်းမှာ ခင်ပွန်းသည်၏မိသားစုက သူတို့ကလေးများကို လက်ခံပေးတာရှာပါးလို့ပင်။
အောင်သွယ်တော်က အထဲဝင်သွားချင်ပေမယ့် လီဖုန်းက ဝင်ခွင့်မပေးပဲ သူ့သွားမည့်လမ်းကို ပိတ်ဆို့ထားဆဲပင်။ အောင်သွယ်တော်က သူ့လက်ကိုင်ပုဝါကို ဒေါသတကြီးခါယမ်းရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပဲ “အိုး”ဟုပြောကာ ထန်ချွန်းမင်ကို ထိုမိသားစုနှင့် မိတ်ဆက်ပေးလိုက်သည်။ မပြင်ဆင်ထားသော လီဖုန်းက အရည်အသွေးနိမ့်သော ရေမွှေးကြောင့် ပြင်းပြင်းထန်ထန် နှာချေသွားခဲ့သည်။
ထန်ချွန်းမင်က သူ့အသံကြောင့် စိတ်တိုသွားပြီး တစ်ကိုယ်လုံးကြက်သီးထလာသည်။ ဤအောင်သွယ်တော်က သူ့မျက်နှာကို ပေါင်ဒါလိမ်းထားရုံတင်မကပဲ သစ်ခွလက်ချောင်းဖြင့် တွန့်လိမ်လျှောက်လာလေသည်။ ဒီလိုပုံစံ? ဒါရွံစရာမကောင်းလွန်းဘူးလား? ဤကမ္ဘာကိုရောက်လာပြီးနောက် ထန်ချွန်းမင်နှင့် အများဆုံးပြောဆိုဆက်ဆံခဲ့သည့် ကောအာအများစုမှာ သူ့အရင်ကမ္ဘာက အမျိုးသမီးများနှင့် တူကြသည်။ သူတို့သည်လည်း မိန်းမ မဆန်လွန်းသည့် တက်တက်ကြွကြွ လူသားများဖြစ်တာကြောင့် အလွန်အမင်းစိတ်ပျက်ဖို့ မကောင်းခဲ့ပေ။ ကျန်းရှို့နဲ့ရှန်းဖူလန်ကို ထည့်မပြောလျှင်ပင် ဝမ်မော့က အနည်းငယ်သိမ်မွေ့ပေမယ့် ချွဲပစ်ကပ်တွယ်ခြင်းမရှိပေ။ ယခုမူ ထိုအောင်သွယ်တော်နှစ်ယောက်က သူ့မျက်လုံးတွေကို ညစ်ညမ်းစေသည်။
(သစ်ခွလက်ချောင်း… orchid finger = လက်အမူအရာအမျိုးမျိုးပါ)
အောင်သွယ်တော်နှစ်ယောက်က လီဖုန်းကို တိတ်တဆိတ်ကြည့်ကာ ထန်ချွန်းမင်ကို ဆက်လက်သွေးဆောင်ခဲ့သည်။ “အဲ့ဒါက မြို့ပေါ်ဖူမန်ထန်က ဆိုင်ရှင်လီပါ။ သူတို့က မိသားစုကောင်းပါ။ သူ့ဇနီးဆုံးတာ တစ်နှစ်ကြာပြီ။ ပြီးတော့ သူ့မှာ ကောငယ်လေးတစ်ယောက်ပဲရှိတယ်။”
“ဒါက ထန်ဖူလန်နဲ့ ကောင်းကင်ဘုံဖူးစာပဲ။ ပြီးတော့ ဒီထက်ပိုကောင်းတဲ့ အိမ်ထောင်ရေးမရှိဘူး။ ဆိုင်ရှင်ချီ… ခင်ဗျားလည်း ဖူမန်ထန်ကိုသိတယ်မလား? အဲ့လိုစားသောက်ဆိုင်ကြီးကို ဆိုင်ရှင်လီက တစ်ယောက်တည်းအုပ်ချုပ်ရတာ။ ဒီလိုမိသားစုမှာ စိတ်မကျေနပ်စရာ ရှိပါ့မလား?”
ဖူမန်ထန်၏နာမည်ထွက်လာတာနဲ့ ဆိုင်ရှင်ချီ၏မျက်နှာတစ်ခုလုံး နက်မှောင်သွားသည်။ သူ ဤနေရာမှာရှိနေသည်ကိုပင် အောင်သွယ်တော်က သူ့နံရံကို ချောင်းတက်ဖို့ ကြိုးစားနေသည်။ စိတ်ပျက်ဖို့ကောင်းလိုက်တာ! ဖူမန်ထန်က ရှန်းဖူလန်ကို အမြန်ဆုံးရှာတွေ့မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။ သူဘာကိုလိုချင်သေးတာလဲ? ထိုလှည့်ကွက်မျိုးဖြင့် ဆိုင်ရှင်လီက အမှန်တကယ်ပင် ဇနီးဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး နောက်အိမ်ထောင်ပြုတော့မှာ သေချာသည်။ ထန်ချွန်းမင် လက်ခံလိုက်လျှင် နောင်မှာ ကျင်းကျိနှင့် သူ့စားသောက်ဆိုင်ကို သူရွေးချယ်ရလိမ့်မည်။
သို့ပေမယ့် သူ ယခုချိန်မှာ ဘာမှမပြောနိုင်ခဲ့ပေ။ သူက ထန်ချွန်းမင်ကို ဝမ်းနည်းစွာကြည့်လိုက်လေသည်။ သူက စာချုပ်ချုပ်ထား၍ ထန်ချွန်းမင်က တခြားလုပ်ဖော်ကိုင်ဖက်ကို ရှာလို့တော့မရပေ။ အမှန်တိုင်းပြောရလျှင် ဆိုင်ရှင်လီက သူဌေးကောင်းတစ်ယောက်မဟုတ်ပေ။ သူ့မှာ ကလေးတစ်ယောက်ရှိသည့်အပြင် သူက သူ့ဇနီးမဆုံးခင်မှာ နှိပ်စက်ခဲ့သည်။ သို့ပေမယ့် သူ ဤအရာများကို ပြောပြလို့မရပေ။
သူဟာ ကျင်းကျိစားသောက်ဆိုင်နှင့် စာချုပ်ချုပ်ထားသော ကုန်တင်သွင်းသူတစ်ယောက်ဆိုတာကို ထန်ချွန်းမင်က နားလည်သည်။ သူက အိမ်မှာပဲနေကာ ဟင်းသီးဟင်းရွက်စိုက်ပျိုးနေလေ့ရှိသည်။ မြို့ထဲက လူတွေက သူ့ကိုဘယ်လိုသိပြီး လက်ထပ်ပွဲအတွက် လာကမ်းလှမ်းမှာလဲ? တစ်ဖက်လူက ဆိုင်ရှင်တစ်ယောက်ဖြစ်လို့ သူ့ကိုချစ်မိသွားတာတော့ မဖြစ်နိုင်ပေ။ သူချမ်းသာလျှင်ပင် ထန်ချွန်းမင်က နှစ်ခါပြန်ကြည့်မှာမဟုတ်ပေ။
ထန်ချွန်းမင်က ဆိုင်ရှင်ချီကို အပြစ်တင်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ ဤသတင်းက သူ့ဆီက ထွက်သွားတာပဲဖြစ်မည်။ ဤသည်မှာ သူတို့လုပ်ခဲ့သော ပြဿနာပင်။
ဆိုင်ရှင်ချီက ထိုအကြောင်းကို သေချာစဥ်းစားလိုက်ပြီး မဖြစ်နိုင်ဘူးလို့ ခံစားလိုက်ရသည်။ သူတို့က ဤကိစ္စကို လျှို့ဝှက်ထားချင်တာကြောင့် သခင်လေးက ထန်ချွန်းမင်ဆီမှာ ဟင်းသီးဟင်းရွက်လာယူရန် သဘောတူခဲ့ခြင်းဖြစ်သည်။ ထန်ချွန်းမင် ခဏခဏပေါ်လာလျှင် လူတွေက သဲလွန်စကိုရှာတွေ့ပြီး ထန်ချွန်းမင်၏ သရုပ်မှန်ကို သိသွားမယ်လို့ သူစိုးရိမ်ခဲ့သည်။ သတင်းပျံ့တာနောက်ကျလေ ပိုကောင်းလေဖြစ်၏။ ထို့ကြောင့် သူက ရှောင်ရွှင်းကျိအပါအဝင် စားသောက်ဆိုင်မှ လူအားလုံးကို ထပ်ခါတလဲလဲ သတိပေးထားခဲ့သည်။
သူတို့မျက်လုံးဆုံသွားတော့ ထန်ချွန်းမင်က အောင်သွယ်တော်ကို ခေါ်မေးဖို့ဆုံးဖြတ်လိုက်သည်။ “ခင်ဗျားရဲ့ကမ်းလှမ်းမှုက အရမ်းထူးဆန်းနေတယ်။ ကျွန်တော်က မြို့ပေါ်တက်တာရှားလို့ ဆိုင်ရှင်လီကို သိတောင်မသိဘူး။ ခင်ဗျား အထဲဝင်လာပြီး သေသေချာချာ ရှင်းပြပါ။ ခင်ဗျား….. သူ့ကိုဝင်ခွင့်ပေးလိုက်ပါ!” နောက်ဆုံးစကားက လီဖုန်းကိုပြောတာဖြစ်သည်။ သူက ထန်ချွန်းမင်မပြောလျှင် ဝင်ခွင့်ပေးမည်မဟုတ်ပေ။ လူတိုင်းက ဤအရာကိုမြင်ခဲ့တာကြောင့် ကောလာဟလများ ထွက်ပေါ်လာလိမ့်မည်။
ထန်ချွန်းမင်က သံသယဝင်သွားသည်။ ဒီလူက ဒီလိုပဲနေနေမှာလား? သူဟာ အပြင်မှာ ရိုးသားသူဖြစ်ပြီး အတွင်းမှာတော့ သစ္စာဖောက်ဖြစ်နေမှန်း ထန်ချွန်းမင် မထင်မှတ်ထားခဲ့ပေ။
လီဖုန်းက ခေါင်းလှည့်ကာ ထန်ချွန်းမင်ကို နက်မှောင်သောမျက်ဝန်းဖြင့် ကြည့်လိုက်သည်။ ထန်ချွန်းမင်၏နှလုံးသားက တုန်လှုပ်သွားပြီး သူက အမှားလုပ်မိသလိုပင် သက်ပြင်းချလိုက်သည်။
ထန်ချွန်းမင်က တစ်ဖက်သို့လှည့်ကာ အိမ်ထဲကို လျှောက်သွားလိုက်ပြီး သူလျစ်လျူရှုခဲ့သည့် မျက်လုံးက သူ့နောက်ကျောတွင် အပေါက်ဖြစ်တော့မှာကို မသိခဲ့ပေ။
“မင်း…မင်းကြားရဲ့လား? လမ်းဖယ်စမ်း!” အောင်သွယ်တော်က ထန်ချွန်းမင်၏စကားလုံးများကို နားမလည်ပေမယ့် လီဖုန်းကို လမ်းဖယ်ပေးဖို့ ပြောနေသည်။
လီဖုန်းက ခေါင်းပြန်လှည့်ပြီး အောင်သွယ်တော်ကို အေးစက်စက်စိုက်ကြည့်ကာ သူ့မျက်လုံးများက ဝံပုလေအလား လူကို တုန်လှုပ်သွားစေသည်။ ကံအားလျော်စွာ လီဖုန်းက အကြည့်အမြန်လွှဲလိုက်သည်။ မဟုတ်ပါက အောင်သွယ်တော်က ခံနိုင်တော့မှာမဟုတ်ပေ။ ယခုမူကား သူက ရင်တုန်နေဆဲဖြစ်ပြီး ထန်ချွန်းမင်နောက်သို့လိုက်သွားရင်း ရင်ဘတ်ကိုပုတ်လိုက်လေသည်။
ကျန်းရှို့က ထန်ချွန်းမင်နောက်ကို လိုက်သွားခဲ့သည်။ ထန်ချွန်းမင်က ဘာကြောင့် သူ့ကို အထဲခေါ်သွင်းလာသည်ကို မသိသော်လည်း ဤကိစ္စက ထိုမျှလောက်မရိုးရှင်းမှန်းသိသည်။ မူဖန်ထန်က ကျင်းကျိလိုပဲ စားသောက်ဆိုင်တစ်ခုဖြစ်လိမ့်မည်။ တုံးအနေရင်တောင် ဒါဘာကိုဆိုလိုလဲ သိနိုင်လေသည်။
လီတာရှန်က နောက်မှာ နေရစ်ခဲ့သည်။ လီဖုန်း လူလွှတ်ပေးလိုက်သည်ကို တွေ့သောအခါ သူက ထိုနေရာကို လျှောက်သွားခဲ့ပြီး လီဖုန်း၏ပခုံးကို ပုတ်လိုက်သည်။ ယနေ့ဖြစ်ရပ်က လီဖုန်းကို သတိပေးလိုက်သလိုပင်။ ဖုန်းရှောင်ကျစ်က ရာထူးမြင့်အရာရှိဖြစ်ပေမယ့် ငတုံးကြီးတစ်ယောက်သာဖြစ်မည်။ တာရှန်က အရမ်းပျော်နေပြီး “မင်း ဘာဆက်လုပ်မှာလဲ? သူတို့ကဒီကိုရောက်နေပြီ။ နောင်မှာ တခြားလူတွေလည်းရှိလာလိမ့်မယ်။ မင်ကောအာက အရင်ကနဲ့မတူတော့ဘူး။” မင်ကောအာက ယခုချိန်တွင် ကောင်းမွန်သောဘဝမှာ နေထိုင်နေပြီး သူတို့ရွာအပါအဝင် လူအများအပြားက သူ့ကိုအာရုံစိုက်နေသော်လည်း ရှန်းဖူလန်က သူတို့ကို စကားလုံးနည်းနည်းဖြင့် ငြင်းဆိုခဲ့သည်။
မင်ကောအာကို လိုချင်သူများသည်။ အထူးသဖြင့် ထိုလူတွေက စွမ်းဆောင်ရည်မရှိပဲ မင်ကောအာ၏ စည်းစိမ်ဥစ္စာကို မက်မောနေခြင်းဖြစ်သည်။ လူအများစုက သူ့ကို ချဥ်းကပ်ချင်ပေမယ့် လီဖုန်းက သူတို့ကို ခြောက်လှန့်ပစ်ခဲ့သည်။ သို့သော် သူနှင့် ကျန်းရှို့က မင်ကောအာ စိတ်မဆိုးစေရန် ထိုအကြောင်းအရာများကို မပြောပြခဲ့ပေ။
လီဖုန်းက တာရှန်ကိုပြန်ကြည့်ကာ ဘာမှမပြောခဲ့ပေ။ တာရှန်က သူ၏ဆိုလိုရင်းကိုနားမလည်ပဲ ရှုပ်ထွေးသွားခဲ့သည်။ သူက ခေါင်းကုတ်ကာ လှည်းဆီသို့ လျှောက်သွားနေသော လီဖုန်းကို ကြည့်နေခဲ့သည်။ မြင်းက ထိုနေရာမှာ ပိုင်ရှင်ကို ငြိမ်ငြိမ်လေးစောင့်နေသည်။ ပိုင်ရှင်ရောက်လာမှ ခေါင်းကိုထုတ်ပြီး ပိုင်ရှင်ကို လှောင်ပြောင်နေသလို အော်ဟစ်နေ၏။
လီဖုန်းက လျစ်လျူရှုပြီး နောက်ဘက်ရှိ လှည်းဆီကိုသွားကာ တချို့ပစ္စည်းများကို ချလိုက်သည်။ တာရှန်က သူ့ကိုကြည့်ကာ ရယ်မောနေ၏။ လီဖုန်းက မင်ကောအာကို တကယ်သဘောကျနေပုံရပြီး စိတ်ပြောင်းမှာမဟုတ်ပေ။
လီဖုန်းက အပင်တချို့ကိုထမ်းပြီး အဝတ်ထုတ်ကိုကိုင်ကာ နောက်ပြန်လှည့်ပြီး ထန်ချွန်းမင်၏အိမ်ထဲရောက်လာခဲ့သည်။ စိတ်လှုပ်ရှားစရာကို စောင့်ကြည့်နေသော ရွာသားများမှာ ထန်ချွန်းမင်၏အိမ်ထဲသို့ တစ်လှမ်းမှမရပ်ပဲ လျှောက်သွားသည့် လီဖုန်းကိုကြည့်နေသည်။ တာရှန်က ရွာသားများ၏မျက်နှာပေါ်က အမူအရာကိုကြည့်လိုက်သည်။ သူတို့က တီးတိုးပြောဆိုနေကာ လီဖုန်း၏ပုံစံကိုကြည့်နေပြီး ထိုသို့လုပ်ခြင်းဖြင့် လီဖုန်းဒေါသထွက်မှာကို မစိုးရိမ်ပေ။ မင်ကောအာက လက်မခံသေးတာကြောင့် တာရှန်က စိုးရိမ်တကြီးဖြင့် သူ့နောက်အမြန်လိုက်သွားခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူ့ကောကလည်း အထဲမှာရှိနေတာမို့ သူဟာ အတင်းအဖျင်းကို ရင်ဆိုင်ရမှာမဟုတ်ပေ။
ထန်ချွန်းမင်က သူ့နဖူးသူပွတ်လိုက်သည်။ ဒါဘယ်လိုနေ့မျိုးလဲ? အားလုံးက မူမမှန်ပေ။
လီဖုန်းက ထန်ချွန်းမင်ကို မျက်နှာတည်ဖြင့် ပြောလိုက်သည်။ “ဒါတွေက တင်းကျိုးခရိုင်က ချယ်ရီပင်တွေ။ ဒီအိတ်ထဲမှာ သာမန်မဟုတ်တဲ့ အစေ့တွေပါတယ်။”
သူ့မျက်နှာမှာ အပြုံးမရှိသော်လည်း သူက ထန်ချွန်းမင်ကို မျက်လုံးထောင့်မှ ချောင်းကြည့်နေသည်။ သူ အရင်တည်းကစိတ်ဝင်စားပေမယ့် ယခုချိန်မှာတော့ စိတ်ပိုင်းဖြတ်ထားသည်။ သူက အနှီကောကို တခြားမိသားစုထဲ ဝင်ခွင့်ပေးမှာမဟုတ်ပေ။ သူ လီဖုန်းမိသားစုကိုပဲ ဝင်ရောက်လာရမည်။ ဘယ်လိုတစ္ဆေသရဲမျိုးနှင့် မကောင်းဆိုးဝါးဖြစ်ဖြစ် သူတို့မောင်းထုတ်ခံရမည်ဖြစ်သည်။
“ငါ တင်းကျိုးခရိုင်က ယွိမုကို ဒါတွေခူးပေးဖို့စာပို့ခဲ့တာ။” မင်ကောအာက သူ့ကို ကြည်လင်သောမျက်လုံးများဖြင့် ကြည့်နေသည်။ လီဖုန်းက နောက်တစ်ကြောင်းထပ်မပြောပဲ မနေနိုင်ခဲ့ချေ။
ပြောပြီးသည်နှင့် သူက သူ့ပါးစပ်ကိုပင် ပြန်ရိုက်ချင်လာသည်။ ဘာလို့အဲ့လောက်စကားများရတာလဲ? ထိုရှင်းပြချက်ကြောင့် မင်ကောအာ၏မျက်လုံးများ တောက်ပလာလေသည်။ သူသာကြိုသိမယ်ဆိုလျှင် သူ ထိုကောင်ယွိမုကို လုပ်ခိုင်းခဲ့မှာမဟုတ်ပေ။
“အင်းပါ…. ကျွန်တော့်ကိုယ်စား ယွိမုကို ကျေးဇူးတင်တယ်ပြောပေးပါ။” ထန်ချွန်းမင်က ပျော်နေသည်။ အိမ်ထဲမှာ ဘယ်လိုအစေ့မျိုးရှိလဲ မသိပေမယ့် ဤချယ်ရီပင်အနည်းငယ်က သူ့ကို ပျော်ရွှင်စေသည်။ လီဖုန်းကလည်း တွေးနေခဲ့သည်။ သူ ဒါတွေခူးဖို့ ယွိမုကို ဘာလို့စာပို့ခဲ့မိတာလဲ?
“မလိုပါဘူး။” လီဖုန်းက ခြောက်ကပ်ကပ်ဖြေလိုက်သည်။ ထန်ချွန်းမင်က ရယ်မောကာ မျက်စောင်းထိုးလိုက်သည်။ အနှီလူက သူရယ်မောလေ နေရခက်ပြီး ရှက်သွေးဖြာလေဖြစ်သည်။
----------
Chapter 36.3
ကျန်းရှို့နှင့်တာရှန်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မောလိုက်သည်။ သူတို့နှစ်ယောက်က သူတို့ကြားရှိအခြေအနေကို မြင်နေရသည်။ ဖုန်းရှောင်ကျစ်နှင့် မင်ကောအာက တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားနေသည်။ သူတို့နှစ်ယောက်အတူရှိမှာကို သူတို့မြင်ချင်သည်။ မင်ကောအာက အားလင်းအတွက် ပထွေးမရှာချင်ဘူးလို့ ဆက်တိုက်ပြောနေသော်လည်း ဖုန်းရှောင်ကျစ်က အားလင်းကို ဂရုစိုက်တာမြင်နိုင်လေသည်။
ယခု သူ့သံသယများကို အတည်ပြုပြီးသည့် ဆိုင်ရှင်ချီက မျက်လုံးလှိမ့်လိုက်ပေမယ့် နောက်ကွယ်ကအမှန်တရားကို သိသွားခဲ့သည်။ သူက နောက်ဆုံးမှာ စိတ်သက်သာရာရသွားခဲ့သည်။ ဖူမန်ထန်ကတော့ ငါတို့စောင့်ကြည့်တာပေါ့!
တစ်ဖက်တွင် အောင်သွယ်တော်ဟွားက သူ့ကို စိတ်မချမ်းမသာဖြစ်အောင် နှောင့်ယှက်နေသော လူကိုကြည့်လိုက်သည်။ သူက ဒေါသထွက်လွန်းတာကြောင့် ထိုလူ၏စကားတစ်ဝက်ကိုသာ နားထောင်နိုင်ခဲ့သည်။ သူက လီဖုန်းကို ပစ္စည်းပို့သမားလို့သာ ထင်ခဲ့သည်။ လက်ကိုင်ပုဝါကို ခါယမ်းပြီး သူက ထန်ဖူလန်၏အာရုံကို အမြန်ပြန်ဆွဲခေါ်ကာ ဆိုင်ရှင်လီကို အတင်းကာရော ချီးကျူးလိုက်သည်။ “ဖူမန်ထန်က မြို့ပေါ်က ကျင်းစားသောက်ဆိုင်နဲ့ပဲ ယှဥ်လို့ရတာ။” ဆိုင်ရှင်ချီသာမရှိလျှင် သူက သေချာပေါက် ကွဲပြားသောစကားကိုပြောမည်ဖြစ်ပြီး ဖူမန်ထန်က ကမ္ဘာပေါ်က အကောင်းဆုံးစားသောက်ဆိုင်ဖြစ်သည်ဟု ချီးကျူးမှာပင်။
“အိမ်ကြီးကလည်း ဧည့်သည်တွေနဲ့ အမြဲပြည့်နေပြီး ဆိုင်ရှင်လီက ဖူမန်ထန်ကိုလည်ပတ်ပြီး ငွေအများကြီးစုဆောင်းနိုင်ခဲ့တာ။ အိမ်ထဲမှာလည်း အစေခံအပြည့်ပဲ။ ဒီလိုဆိုရင် မင်းလက်ထပ်တဲ့အခါ ဘဝကောင်းမှာ အဆင်သင့်နေရုံပဲ။ ထန်ဖူလန်သဘောတူရင် လက်ထပ်ပြီးတာနဲ့ အိမ်ထောင်ဦးစီးပါ ဖြစ်ခွင့်ပေးမှာပါ။ ပြီးရင်တော့ ထန်ဖူလန်က ဆိုင်ရှင်လီအတွက် သားလေးတစ်ယောက်မွေးပေးပြီး လီမိသားစုရဲ့ ပိုင်ဆိုင်မှုတွေက မင်းရဲ့သားအတွက်ပဲ ဖြစ်လာမှာ။”
လီဖုန်းက လက်သီးကိုတင်းတင်းဆုပ်ထားလိုက်သည်။ ထန်ချွန်းမင်ကတော့ စိတ်မရှည်ဖြစ်နေသည်။ သူက သူ့ကို အိမ်ထဲဝင်ခွင့်ပြုခဲ့ပေမယ့် ထိုစကားတွေက်ိုတော့ မကြားချင်ခဲ့ပေ။ သူက ထိုစကားကြားတော့ စိုးထိတ်သွားခဲ့သည်။ တစ်ဖက်လူက ထိုသို့လုပ်နိုင်မယ် မထင်ထား၍ သူက လက်ပြကာ နှောင့်ယှက်လိုက်ရသည်။ ထန်ချွန်းမင်က မေးလိုက်သည်။ “တစ်ခုလောက်မေးပါရစေဦး… ဆိုင်ရှင်လီက ကျွန်တော့်နေရာကိုဘယ်လိုသိတာလဲ? သူက ကျွန်တော့်ပုံစံကိုတောင် မသိဘူးမလား?”
သူက အောင်သွယ်တော်ဟွားကို လှောင်ပြောင်သောမျက်လုံးဖြင့် ကြည့်လိုက်သည်။ အောင်သွယ်တော်ဟွားက လျှာလိပ်သွားသည်။ သူက တစ်ခုခုပြောပြီး ငြင်းမလို့လုပ်စဥ် ထန်ချွန်းမင် ထပ်ပြောတာကို ကြားလိုက်ရသည်။ “ဖျင်ရှန်ရွာကို ရောက်လာပြီး ခင်ဗျားက ကျွန်တော့်လမ်းတောင်မသိဘူး။ ဒါတောင် ကျွန်တော့်ကိုသိတယ်လို့ ပြောရဲသေးတယ်ပေါ့။” သူပြောပြီးနောက် သူက ဆိုင်ရှင်ချီကို တစ်ချက်ကြည့်လိုက်သည်။ ဤသတင်းက မြို့ပေါ်မှ ေပေါက်ကြားခဲ့တာဖြစ်မည်။ “ကျွန်တော်သိချင်လို့ပါ… ဒီအိမ်ထောင်ရေးအစီအစဥ်က ဆိုင်ရှင်လီကိုယ်တိုင်လုပ်ခိုင်းတာလား? ဒါမှမဟုတ် သူ့နောက်ကွယ်မှာ တစ်ယောက်ယောက်က ပြောခိုင်းတာလား?”
“ဒါက….” အောင်သွယ်တော်၏မျက်လုံးက တခဏမျှရှောင်လွှဲသွားပြီး ထန်ချွန်းမင်က သူ့ခန့်မှန်းတာမှန်နေကြောင်းသိလိုက်သည်။ သူက ထိုအောင်သွယ်တော်၏စကားများကို နားမထောင်ချင်တော့ပေ။ ယင်းမှာ ရွံစရာကောင်းလွန်းလှသည်။ သူက ဧည့်သည်ကိုပြန်ပို့ဖို့ မတ်တပ်ထရပ်ကာပြောလိုက်၏။ “ပြန်ပါတော့… ဒီကိစ္စနောက်ကွယ်က လူတွေကိုပြန်ပြောလိုက်ပါ။ ကျွန်တော်ဆိုတဲ့ ထန်ချွန်းမင်က လူတွေကို ကျွန်တော့်အိမ်ထဲဝင်ပြီး လုပ်ကြံခွင့်ပေးမှာမဟုတ်ဘူးလို့…. စီးပွားရေးဆိုတာ ရိုးသားဖို့လိုပေမယ့် ဒီနည်းလမ်းက အတော်လေးရွံဖို့ကောင်းတယ်…ဒါကြောင့် ထွက်သွားပါတော့။”
“မင်း… မင်းက လူကောင်းတွေကို ဘာလို့နားမလည်နိုင်ရတာလဲ? ကလေးရှိတဲ့ကောတစ်ယောက်က ဘယ်လောက်ထိကောင်းတဲ့ မိသားစုကို ရှာလို့ရမှာမို့လဲ? ဆိုင်ရှင်လီက မင်းကို ကလေးခေါ်လာခွင့်ပေးပြီး အမြင့်မှာထားဖို့တွေးထားတာ။ မဟုတ်ရင် နိုင်ငံအနှံ့က လူတွေကိုပဲကြည့်လိုက်။ သားတစ်ယောက်ရှိတဲ့ ဘယ်ကောအာကများ မိသားစုကောင်းတစ်ခုကို ဝင်ခွင့်ရလို့လဲ?” အောင်သွယ်တော်ဟွားက ဤကျေးလက်ဒေသကို ရောက်လာစဥ် သူက တခြားသူများ၏ ချီးကျူးခံခဲ့ရပေမယ့် ယနေ့မှာတော့ အရာအားလုံးက လွဲချော်နေခဲ့၍ သူ ဒေါသထွက်သွားခဲ့သည်။
“ရှောင်ဟွာ….” ထန်ချွန်းမင်က ဒေါသူပုန်ထပြီး ရှောင်ဟွာကို လူနှင်ဖို့ အမိန့်ပေးခဲ့သည်။
သို့သော် သူ့ထက် မြန်နေသော လူတစ်ယောက်ရှိခဲ့သည်။ သူက ရှေ့တစ်လှမ်းတိုးကာ ပေါင်နှစ်ရာနီးပါးရှိသော အောင်သွယ်တော်ဟွားကို ကောက်ချီလိုက်သည်။ သူက သူ့ကို အလွယ်တကူချီမပြီး အပြင်ကို လျှောက်ထွက်သွားခဲ့သည်။ ခြံတံခါးက အစတည်းက မပိတ်ထားပေ။ လူတွေက တံခါးဝမှာ စုဝေးနေပြီး လူစုမခွဲသေးပေ။ ခဏအကြာတွင် လီဖုန်းက အပြင်ပြန်ထွက်လာပေမယ့် သူ တံခါးအပြင်မထွက်နိုင်ခင်မှာ ရေဘောလုံးတစ်လုံးက အပြင်ကို လွှင့်ပစ်ခံလိုက်ရပြီး ထိုရေဘောလုံးက အသတ်ခံရသော ဝက်တစ်ကောင်လို အော်ဟစ်လိုက်လေသည်။
“အို… ဒါက ခုနတုန်းက အထဲဝင်သွားတဲ့ အောင်သွယ်တော်မဟုတ်ဘူးလား? ဘာဖြစ်သွားတာလဲ? သူဘာလို့ လွှင့်ပစ်ခံလိုက်ရတာလဲ?”
“မင်း လူသတ်နေတာပဲ! ဒီလူက ငါ့ကို ဒီလိုလုပ်ရဲတယ်။ ဖျင်ရှန်ရွာမှာ မင်းကိုနိုင်တဲ့သူတစ်ယောက်မှမရှိဘူးလား?” အောင်သွယ်တော်ဟွားက အဆုတ်ကွဲမတတ် အော်လိုက်လေသည်။
သို့သော် ဘယ်သူကမှ သူပြောတာကိုလက်မခံပေ။ လူသန်ကြီးယွိမုက အလွန်ကျွမ်းကျင်တယ်လို့ သူတို့ထင်ခဲ့သော်ငြား ယနေ့မှာ ဖုန်းရှောင်ကျစ်က ထိုလူကို အသာလေးချီပြီး လွှင့်ပစ်နိုင်ခဲ့သည်။ ယင်းက လီဖုန်း၏အိမ်နံရံကို ကန်ခဲ့သော ယွိမုအား သတိရသွားစေခဲ့သည်။ အပေါက်ဖြစ်သွားခဲ့သည့် လက်သီးတစ်ချက်ကြောင့် သူတို့က ဖုန်းရှောင်ကျစ်ကို လျှော့တွက်ခဲ့မိသည်။
“ခင်ဗျားကိုနောက်တစ်ခါမတွေ့ရစေနဲ့။ မဟုတ်ရင် မြင်တာနဲ့ ကိုင်ပေါက်ပစ်မယ်။ ဒီကထွက်သွားတော့!” လီဖုန်းက အေးစက်စက်ခြိမ်းခြောက်လိုက်သည်။
အေးစက်သောမျက်လုံးများက အောင်သွယ်တော်အား မအော်နိုင်သည့်အဆင့်သို့ တွန်းပို့ခဲ့သည်။ ဤလူက နတ်ဆိုးဖြစ်၏။ သူကလှည်းပေါ်အမြန်တက်ကာ လှည်းသမားကို အမြန်မောင်းဖို့ ပြောလိုက်ရသည်။ သူ အဝေးရောက်သွားမှ လှည့်ပြောလိုက်သည်။ “မင်းကိုယ်မင်းပြန်ကြည့်ပါဦး? ရို့ကျိုးသလိုဟန်ဆောင်ပြီး ကောင်းကင်ကကျလာတဲ့ အခွင့်အရေးကို ဖြုန်းတီးပစ်နေတယ်။ ဒီလူက မုဆိုးဖိုဖြစ်ဖို့ပဲတန်တယ်!” သူက အိမ်ပြန်ရောက်လျှင် ထိုမိသားစုကို ဘယ်လိုအပုပ်ချရမလဲ တွေးနေခဲ့သည်။
အိမ်ထောင်ပြုဖို့ ကမ်းလှမ်းတာက သူ့ကြောင့် ပျက်သွားတာမဟုတ်ပဲ ဤမိသားစုကြောင့်ဖြစ်သည်။ ထိုကောက အသိဉာဏ်နည်းလွန်းသည်။ သူ ထိုသို့တွေးနေပေမယ့်လည်း ပျံထွက်သွားသည့် ပိုက်ဆံတွေအတွက် ကြေကွဲနေဆဲပင်။ ကံဆိုးစွာပင် သူက ထန်ချွန်းမင်ကို ပိုမုန်းလာပြီး ကျိန်ဆဲလိုက်သည်။ ဒီလိုလျှာစောင်းထက်ပုံနဲ့ အနာဂတ်မှာ ဘယ်လိုယောကျာ်းရှာတွေ့နိုင်တော့မလဲ? ဘယ်သူက ဒီလိုကောကို လက်ထပ်ရဲမှာလဲ?
လီဖုန်းက ထန်ချွန်းမင်၏အိမ်ထဲ ပြန်ဝင်သွားပြန်သည်။ အပြင်လူတွေက ထိုအကြောင်းကို ပြောနေဆဲပင်။ သူတို့က လီဖုန်း၏အတွေးကို မမြင်နိုင်လျှင် သူတို့ဘဝက အချည်းအနှီးဖြစ်သွားပေမည်။
အရင်က ရွာမှာ ကောလာဟလတွေရှိခဲ့သော်လည်း လူအများက မယုံခဲ့ကြပေ။ ဖုန်းရှောင်ကျစ်က မငယ်ပေမယ့် သူက လူလွတ်တစ်ယောက်ဖြစ်သည်။ သူက မင်ကောအာကို ဘာကြောင့် သဘောကျပြီး လက်ထပ်ချင်နေရတာလဲ? သို့ပေမယ့် ဤမြင်ကွင်းက သူ့အတွေးများကို ထုတ်ဖော်ပေးခဲ့သည်။
ထန်ချွန်းမင် မျှော်လင့်ထားသလိုပင် ယနေ့အဖြစ်အပျက်က အတိတ်ကကောလာဟလများကို အတည်ပြုပေးခဲ့သည်။ ယခုကစပြီး ရှန်းမိသားစုနှင့် ကျောက်မိသားစုကြားက အိမ်ထောင်ရေးက လူတိုင်း၏သိချင်စိတ်ကို ရပ်တန့်နိုင်တော့မည်မဟုတ်ပေ။
သို့ပေမယ့် လီဖုန်း ခြံထဲပြန်ဝင်လာသောအခါ ထန်ချွန်းမင်က သူ့ကိုလျစ်လျူရှုပြီး ဆိုင်ရှင်ချီကိုသာ ကြည့်နေသည်။ ဒါက သူရှာခဲ့တဲ့ပြဿနာပဲ….
ဆိုင်ရှင်ချီက အရှက်ရနေခဲ့သည်။ သူ ယနေ့အများကြီးကြုံတွေ့ခဲ့ရသည်။ ကောတစ်ယောက်က အောင်သွယ်တော်ကို တစ်ယောက်တည်းဖြေရှင်းခဲ့ပြီး သူကတော့ ပြောစရာစကားပျောက်ရှနေခဲ့သည်။ တခြားလူတွေရဲ့ကောများက ဤအခြေအနေဖြင့် သူတို့ဘဝကိုမရှင်သန်နိုင်တာ မဆန်းတော့ပေ။ သူ့နေရက်များက ပိုကောင်းလာပြီး တာဟူရှိစဥ်ကထက် ပိုအဆင်ပြေနေသည်။ တာဟူက ရူးမိုက်ပြီး မိဘကိုသာ သိတတ်သည့် လူတစ်ယောက်ဖြစ်မှန်း ထန်ချွန်းမင်မသိခဲ့၍ အရင်တုန်းက အမှားလုပ်ခဲ့မိခြင်းဖြစ်၏။
“စိတ်မပူပါနဲ့…ထန်ဖူလန်… ငါဒါကိုဖြေရှင်းပြီး ပြန်ရောက်တာနဲ့ မင်းကိုရှင်းပြပါ့မယ်။ ထန်ဖူလန်က ငါတို့ကျင်းကျိကို ဒီအတွက်နဲ့ အပြစ်မမြင်ဖို့ မျှော်လင့်ပါတယ်။”
“ကောင်းပါပြီ။ ဆိုင်ရှင်ချန်ဆီက ရလဒ်ကိုစောင့်နေပါမယ်။ အဲ့လိုရွံစရာကောင်းတဲ့လူကို ကျွန်တော့်အိမ် ထပ်မလာစေချင်ဘူး။” ထန်ချွန်းမင်က လက်ယမ်းပြသည်။ သူက ကျိုးကြောင်းသင့်သူမဟုတ်လို့ သတင်းမထွက်ခင် အချိန်တစ်ခုသာလိုမှန်းသိသည်။ ယင်းက မျှော်လင့်ထားသည်ထက် အနည်းငယ်စော၍ပေါ်လာပြီး ရွံစရာကောင်းလှသည်။ ထိုအောင်သွယ်တော်၏မျက်နှာက ကြီးကြီးမားမားအမြတ်ရခဲ့သလိုပင်။ သူ့စကားနားထောင်ပြီးလျှင် ကလေးရှိသော ကောများက ထိုအယုတ်တမာများကို ရွေးချယ််မိသွားလိမ့်မည်။ တကယ်ပါပဲ! သူက လက်မထပ်ရသေးသည့် လူလွတ်ကောအာတိုင်း မနာလိုဖြစ်ကြမည့် ယောကျာ်းတစ်ယောက်ကိုသာ ရှာလိုသည်။
ထိုအကြောင်းတွေးလိုက်တော့ သူ့မျက်ဝန်းက လီဖုန်းထံသို့ရောက်သွားသည်။ မင်း နောက်တစ်ကြိမ် စဥ်းစားကြည့်ဦးမလား?
လီဖုန်းက ရင်ခုန်သွားသည်။ ဒီလျှာစောင်းထက်တဲ့ ကောလေးက ဘာလုပ်ဖို့ကြံနေတာလဲ? သူဒီနေ့ ကောင်းကောင်းမလုပ်ပြခဲ့လို့လား?
ဆိုင်ရှင်ချီက မပြန်ခင် ထန်ချွန်းမင်ကို တစ်ခုခုပြောသွားခဲ့သည်။ “ဖူမန်တန်က ငါတို့ကျင်းကျိနဲ့ ပြဿနာတက်ဖူးလို့ ငါက သူတို့မကောင်းကြောင်းပြောနေတာတော့မဟုတ်ဘူး။ ဒါပေမယ့် ဒီလူက လူကောင်းမဟုတ်ဘူး။ သူက သူ့ဇနီးကို သေအောင်နှိပ်စက်ခဲ့တာလို့ပြောကြတယ်။” သူက ဒေါသထွက်လွန်းလို့ အကုန်ပြောချလိုက်သည်။ သခင်လေးက လီမိသားစုကို အများကြီးဒုက္ခပေးပြီးပြီဖြစ်၏။ ထန်ချွန်းမင်က ကလေးနှစ်ယောက်ရှိသော်လည်း သူ့အမြင်မှာတော့ သူက ကြည့်ကောင်းပြီး ဟင်းသီးဟင်းရွက်စိုက်ပျိုးရာမှာ ကျွမ်းကျင်သည်။ သူက စားဝတ်နေရေးကိုလည်း စိတ်ပူစရာမလိုပေ။ ဒီတော့ ဒီလိုလူမျိုးက အိမ်ထောင်ပြုပြီး ကိုယ့်ဒုက္ခကိုယ်ရှာစရာလိုလို့လား?
ထန်ချွန်းမင်က နောက်တစ်ကြိမ် ရွံရှာသွားပြီး လီဖုန်းက ထိုအောင်သွယ်တော်ကို အတော်လေးသက်ညှာပေးလိုက်တယ်လို့ တွေးမိသွားသည်။ သူသာ စောစောသိခဲ့လျှင် ရှောင်ဟွာကို ပြေးကိုက်ဖို့ အမိန့်ပေးလိုက်မှာပင်။
“ဒါက ဒေါသထွက်စရာပဲ! ကျန်းရှို့က ဒေါသထွက်သွားသည်။
ထန်ချွန်းမင်က နောက်ပြန်လှည့်လိုက်ပြီး လီဖုန်း၏ပေါင်ပေါ်မှာ လီဖုန်းအား ချစ်ခင်ယုယစွာ စကားပြောနေသော အားလင်းကိုတွေ့လိုက်ရသည်။ လီဖုန်း၏မျက်ဝန်းက အလွန်ပျော့ပျောင်းနေသည်။ အာမောင်းကလည်း လီဖုန်းအနားမှာရှိပြီး တာမောင်း၏မျက်လုံးထဲမှာလည်း လေးစားမှုကိုပြနေသည်။ လှုပ်ရှားမှုတစ်ခုဖြင့် သူဟာ ဤကလေးများ၏နှလုံးသားကို အပိုင်ရခဲ့သည်။
“ဦးလေးဖုန်း…အဲဲဒီမြင်းကြီးက ဦးလေးပိုင်တာလား? နောက်ကျရင် မြင်းစီးသင်ပေးပါလား?” ယခုချိန်တွင် အာမောင်းက ဦးလေးဖုန်း၏အပြုအမူကို တကယ်မိုက်ပြီး ခန့်ညားတယ်လို့ ခံစားရသည်။ သူက အပြင်ကမြင်းလိုပင် အထင်ကြီးနေ၏။ လီဖုန်းက အာမောင်း၏ အတွင်းစိတ်ကို ကြားနိုင်မယ်ဆိုလျှင် သူဟာ အောင်သွယ်တော်လိုပင် ဆက်ဆံခံရလောက်သည်။
“မြင်းကြီးစီးမယ်!” အားလင်းကလည်း ဝင်ပြောလိုက်ပြီး သူ့မျက်ဝန်းက တောက်ပနေသည်။ ဦးလေးဖုန်းက အင်မတန်အစွမ်းထက်ပြီး သူက ယခုလေးတင် လူဆိုးတွေကို နှင်ထုတ်ခဲ့သည်။ သူ့အားမူကလွဲရင် အားလင်းက ဦးလေးဖုန်းကို အကြိုက်ဆုံးဖြစ်သည်။
“ဟုတ်ပါပြီ… ဦးလေးဖုန်းက အားလင်းကို မြင်းစီးဖို့ခေါ်သွားပေးမယ်။” သူ ထန်ချွန်းမင်ကို တစ်ချက်ကြည့်လိုက်တော့ သူ့မျက်နှာပေါ်မှာ မူမမှန်သည့် အမူအရာကို မတွေ့ခဲ့ရပေ။ သူက အားလင်းကို ပခုံးပေါ်တင်ပြီး မြင်းကြီးကြည့်ဖို့ ခေါ်သွားခဲ့သည်။ မင်ကောအာက သူ့ကလေးကို ဘယ်လောက်ချစ်လဲဆိုတာ သိသဖြင့် သူကလည်း ကလေးကို ချစ်ပေးမည်ဖြစ်သည်။
တာရှန်နှင့် တခြားသူတွေထွက်သွားတော့ ကျန်းရှို့က ရယ်မောလိုက်ပြီး ထန်ချွန်းမင်၏ပခုံးကို ပုတ်လိုက်သည်။ “မင်းကျေနပ်ပြီလား? သူက တော်တော်ကောင်းတယ်လို့ ငါထင်တယ်။ သူက အားလင်းကိုလည်း သဘောကျတယ်။”
ထန်ချွန်းမင်က ကျန်းရှို့ကို တစ်ချက်ကြည့်လိုက်သည်။
ကျန်းရှို့က ထန်ချွန်းမင်ရှက်နေတယ်ထင်ပြီး စကားဆက်မပြောတော့ပေမယ့် တခြားကိစ္စတစ်ခုကို ပြောလိုက်သည်။ “သူတို့ မြင်းကြီးအကြောင်းပြောမှပဲ သတိရတယ်။ အပြင်ကမြင်းကြီးက လီဖုန်းပိုင်တာလား? မြင်းကကောင်းမယ့်ပုံပဲ။ ဒါပေမယ့် ငွေအများကြီးကုန်ကျလိမ့်မယ်။ လီဖုန်းက ချမ်းသာတဲ့ပုံပဲ။ ရွာကလူတွေတော့ သေအောင်နောင်တရလိမ့်မယ်” တခြားမိသားစုအကြောင်း ထည့်မပြောလျှင်ပင် သူ့ဦးလေးဖြစ်သူကတော့ ဘယ်လောက်တောင် နောင်တရနေလိုက်မလဲ……