no

Font
Theme

Chapter 26.1

“အရှက်မရှိဘူး”

ဝမ်ချွန်းဟွာက ဒေါသထွက်လွန်းလို့ သူတစ်ကိုယ်လုံးတုန်ခါနေသည်။ ထန်ချွန်းမင်​ရှေ့မှာ ဘယ်တုန်းက အရှက်မကွဲခဲ့လို့လဲ? သူက မုန်းတီးစွာပြောလိုက်၏။ “ဟုတ်တယ်။ ငါက မင်းလောက်မတော်ပါဘူး။ လူရိုင်းတွေက မင်းကိုကူညီဖို့ အသင့်ဖြစ်နေတာလေ။ ငါမင်းရဲ့ အရည်အချင်းကို လျှော့မတွက်ခဲ့သင့်ဘူး။”

“မင်းရဲ့ မြှူစွယ်တတ်တဲ့ မျက်နှာကိုကြည့်၊ မင်းက ကျောက်မိသားစုကို အရှက်ရစေတာပဲ! မင်းတို့အားလုံးကရော ဒါကို ဟာသလို့ထင်နေလား! တစ်နေ့မင်းတို့လူတွေ မြှူစွယ်ခံရရင် ငိုဖို့နေရာမရှိဘူးနော်!”

ထိုစကားများက တချို့ကောတွေရဲ့ နှလုံးသားကို ထိမှန်သွားခဲ့သည်။ အထူးသဖြင့် လွန်ခဲ့သည့်နှစ်ရက်မှာ ယွိမုထံမှ စားစရာယူခဲ့သော အမျိုးသားများ၏ မိသားစုဖြစ်သည်။ သူတို့၏ ထန်ချွန်းမင်ကိုကြည့်သော အမူအရာက မကောင်းလှပေ။

ယခု သူတို့က လယ်ကွင်းထဲမှာ အလုပ်အတူလုပ်ပေမယ့် ထန်ချွန်းမင်လောက် မျက်နှာလှသူတစ်ယောက်မျှမရှိပေ။ ကျောက်တာဟူဆုံးသွားပြီး လွန်ခဲ့သည့် လအနည်းငယ်မှာ ထန်ချွန်းမင်၏ဘဝက မခက်ခဲပဲ ပို၍ပင် အဆင်ပြေလာတာကို သူတို့သတိထားမိသည်။ လီဖုန်းက မြေစိုက်ဖို့ သူ့ဆွေမျိုးတွေကိုတောင် မကူညီခဲ့ပဲ မင်ကောအာ၏အိမ်ကို ပြေးသွားခဲ့သည်။ ၎င်း၌ ဘာမှမမှားဘူးလို့ ယုံကြည်ရခက်စေသည်။

ရွာထဲက အသက်ကြီးသော ကောတချို့က အစကတည်းက မင်ကောအာကို မကျေမနပ်ဖြစ်ခဲ့သည်။ သူတို့က မင်ကောအာကို ကိုယ်ချင်းမစာပဲ မင်ကောအာ ကျောက်မိသားစုကို ဆန့်ကျင်ရဲတယ်လို့ပဲ ပြောခဲ့သည်။

အိမ်ခွဲနေခြင်းက သူတို့အမြင်မှာ မသင့်တော်ပေမယ့် မင်ကောအာ၏အပြုအမူက လူငယ်လေးတွေအပေါ် သက်ရောက်နိုင်ပြီး ရွာရှိ သက်ကြီးရွယ်အိုများက လေးစားမခံရတာမျိုး ဖြစ်လာနိုင်သည်။ ကလေးတွေက အဲ့ဒါကိုသင်ယူခဲ့ရင် အနာဂတ်မှာ သူတို့ကို ဘယ်သူက စောင့်ရှောက်ပေးတော့မှာလဲ?

ထို့အပြင် ခင်ပွန်းဆုံးတော့ သူ့ဘဝက ပိုပြီးကြွယ်ဝချမ်းသာလာသည်။ ဤသည်မှာ အသက်ကြီးသော ဖခင်ကောများ၏ အမြင်တွင် ကြီးလေးသောအပြစ်ဖြစ်၏။ ခင်ပွန်းသည်က သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့လား စိတ်မဝင်စားပေမယ့် သူတို့က သူ့ကို အရှက်မရှိဘူးလို့သာ တွေးကြလေသည်။

ခင်ပွန်းသည်ကို မြန်မြန်မေ့နိုင်တဲ့ မုဆိုးဖိုတစ်ယောက်က ဘယ်လောက်တောင် အကြင်နာတရားမဲ့လိုက်လဲ?

ယခုမှပဲ သူတို့က သူတို့အမြင်ကို ထုတ်ပြောနိုင်တော့သည်။ လူများစွာက အချင်းချင်းတီးတိုးပြောနေပြီး ဝမ်ချွန်းဟွာက ကြားသွားသောအခါ ပို၍ပင်မနာလိုဖြစ်လာကာ တစ်ချိန်တည်းမှာ တိတ်တဆိတ် ဝမ်းသာနေသည်။ သူက ထန်ချွန်းမင်၏ နံစော်နေသော မျက်နှာကို အပိုင်းပိုင်းဖြတ်ပြီး တစ်ရွာလုံးမှာ နာမည်ဆိုးဖြစ်အောင် လုပ်ချင်သည်။

“ဝါး….. “မလှုပ်မယှက်ရပ်နေပြီး ထန်ချွန်းမင်ကို ရက်စက်သောမျက်လုံးများဖြင့် စိုက်ကြည့်နေသော ဘိုးဘိုးကျောက်က ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး အော်ဟစ်ငိုကြွေးလိုက်သည်။

“တာဟူ…. မင်းဘာလို့ မင်းရဲ့အားမူကို တစ်ယောက်တည်းထားခဲ့တာလဲ? လူတွေကို မြှူစွယ်နေတဲ့ မင်းရဲ့ဇနီးကို လာကြည့်လှည့်ပါဦး။ သူက မျက်စိတစ်မှိတ်အတွင်း ဘယ်မိသားစုနဲ့ဆိုင်လဲ မေ့သွားပြီး ကျောက်မိသားစုရဲ့ ဂုဏ်သိက္ခာကိုဖျက်စီးနေတယ်။ တာဟူ….”

သူက ရုတ်တရက် ရင်ဘတ်ကိုထုကာ နောက်ပြန်လဲကျသွားသည်။ ထန်ချွန်းမင်က ဘိုးဘိုးကျောက်ကို အာရုံစိုက်နေခဲ့သည်။ မျက်လုံးထဲမှာတော့ ​ကြောက်စရာကောင်းတဲ့အကြည့်တွေနဲ့ အံ့သြစရာပဲ….

သူလဲကျသွားတော့ ထန်ချွန်းမင်က သက်ပြင်းချပြီး ထိုအဘိုးကြီး၏လှည့်ကွက်ကို တိတ်တိတ်လေး စောင့်ကြည့်နေသည်။ တစ်ကြိမ်ကြုံခဲ့ဖူးတာကြောင့် ဘိုးဘိုးကျောက် ဘယ်လိုလှည့်ကွက်ထုတ်သုံးနေလဲ သူသိသည်။ ထိုနောက်ပိုင်းမှာ လူကြီးတွေက သူ့ကိုပို၍ပင် မကျေမနပ်ကြည့်လာခဲ့သည်။ သို့ရာတွင် သူတစ်ယောက်တည်း သရုပ်ဆောင်ကောင်းတာမှမဟုတ်ပဲ။ ထန်ချွန်းမင်ကလည်း ခေသူမဟုတ်ပေ။

သူ ကျောင်းတက်စဥ်က နေမကောင်းဟန်ဆောင်ပြီး ဆရာများကို လှည့်စားခဲ့ဖူးသည်။

“အား…. ငါ့ဗိုက်အရမ်းနာတယ်….အား…” ထန်ချွန်းမင်က ဗိုက်ကိုကိုင်ကာ ငို​ကြွေးလိုက်သည်။ ဘိုးဘိုးကျောက်၏ ရုတ်တရက်ငိုကြွေးမှုကြောင့် ထိတ်လန့်နေပြီဖြစ်သော ကျန်းရှို့နှင့်တာမောင်းက ယခုမူ ပို၍ပင် ထိတ်လန့်လာခဲ့သည်။

ကျန်းရှို့က စိုးရိမ်တကြီးလှည့်ကြည့်လိုက်ပြီး ထန်ချွန်းမင်ကို ဆွဲကာ အမောတကောမေးလိုက်၏။ “မင်​ကောအာ… ဘာဖြစ်လို့လဲ… တာရှန်.. လာပါဦး… ဟူလန်ကျုံးကိုခေါ်လိုက်။ မင်ကောအာ အဆင်မပြေဘူး!”

ထန်ချွန်းမင်က စိုးရိမ်နေသော ကျန်းရှို့၏လက်ကို တိတ်တဆိတ်ညှစ်ကာ အော်လိုက်သည်။ ထိုမှသာ ကျန်းရှို့က သူသရုပ်ဆောင်နေမှန်းသိသွားပြီး ငိုရမလို ရယ်ရမလိုပင်။ သူ့ရင်ဘတ်က အခုန်မြန်နေပေမယ့် သူက သူနဲ့အတူ ပူးပေါင်းပေးလိုက်သည်။

ဘိုးဘိုးကျောက်က ရွံစရာကောင်းပြီး ဤသည်မှာ ထိုအရှက်မရှိသော အဘိုးကြီးကို ရင်ဆိုင်လို့ရသည့် တစ်ခုတည်းသောနည်းဖြစ်၏။

လီတာရှန်က ရွာထဲသို့ အမြန်ပြေးသွားခဲ့သည်။ လီဖုန်းက သူ့အားမူကို စိတ်ပူနေသော အားလင်းကို ယွိမုလက်ထဲ ထိုးထည့်ပေးပြီး ထန်ချွန်းမင်ဆီ ပြေးသွားခဲ့သည်။ ကျန်းရှို့က ထန်ချွန်းမင်နှင့်ပူးပေါင်းကာ ကျယ်လောင်စွာ ငိုကြွေးလိုက်သည်။

“ ကျောက်မိသားစု… မင်ကောအာက ခင်ဗျားကိုဘာလုပ်လို့ ခင်ဗျားက သူ့ကို အ​သေသတ်ချင်နေတာလဲ? သူ့ဗိုက်ထဲက ကလေးက ကျောက်မိသားစုရဲ့ သွေးသားမဟုတ်လို့လား? တာဟူထွက်သွားတော့ ဘယ်သူက သူ့ကို ဂရုစိုက်ပေးလို့လဲ? ခင်ဗျား သူ့အိမ်ကိုသွားပြီး အစားတစ်လုပ်တောင် ကျွေးဖူးလို့လား?”

“အခုတော့ ခင်ဗျားက ကျောက်မိသားစုနဲ့ တာဟူရဲ့ ဂုဏ်သိက္ခာကို ဂရုစိုက်သလို လုပ်ပြနေတယ်။ မင်ကောအာကို နောက်အိမ်ထောင်ပြုဖို့ ဖိအားပေးခဲ့တာဘယ်သူလဲ? ကျောက်မိသားစုရဲ့ ဂုဏ်သတင်းကို ထည့်မတွက်ခဲ့ဘူးလား? လိုအပ်ရင်တော့ မင်ကောအာကို ဖိအားပေးတယ်။ မလိုအပ်ရင်တော့ ဖယ်ရှားပစ်ချင်နေတယ်။ မင်ကောအာနဲ့ ဗိုက်ထဲကကလေး ခင်ဗျားရှေ့မှာသေသွားမှ မင်ကောအာကို လွှတ်ပေးမှာလား?”

“ကြည့်… မင်ကောအာမှာ တာဟူချန်ခဲ့တဲ့ မြေဧကနည်းနည်းပဲရှိတယ်။ ဒါပေမယ့် အခု သူ ကိုယ်ဝန်ရှိနေတော့ အားလင်း တစ်ဖက်နဲ့ လယ်ထဲမှာ ဘယ်လိုအလုပ်လုပ်မလဲ?” ခင်ဗျားတို့က မိဘမဲ့မုဆိုးဖိုကို လက်တစ်ဖက်မကမ်းပေးပဲ အတင်းအဖျင်းပြောနေကြတယ်။ ခင်ဗျားတို့က ဒီလိုဘဝမျိုးကို ကြုံဖူးလို့လား?”

လီဖုန်းက ပြေးလာပြီး ထန်ချွန်းမင်ကို ကျန်းရှို့လက်ထဲကနေ တိုက်ရိုက်ခေါ်သွားခဲ့သည်။ ကျန်းရှို့မတုံ့ပြန်နိုင်ခင်မှာ သူက ချီသွားပြီး မြေပြင်ပေါ် ပက်လက်ချပေးလိုက်သည်။ လီဖုန်းက ကြမ်းပြင်မှာ ဒူး​တစ်ဝက် ထောက်လျက်သားဖြင့် သူ့သွေးခုန်နှုန်းကို စမ်းသပ်နေသည်။ ကျန်းရှို့က တစ်ခဏမျှ အံ့သြသွားရသည်။

သူက မျက်တောင်ခတ်လိုက်သည်။ လီဖုန်းက ဘာလို့အဲ့လောက်စိုးရိမ်ပြီး ဆေးဘက်ဆိုင်ရာကျွမ်းကျင်နေတာလဲ?

“ဖေဖေ…အားလင်း ဖေဖေနဲ့ ညီလေးကို ကာကွယ်ပေးမယ်…” ဦးလေးနဲ့ ဘိုးဘိုးနှစ်​ယောက်လုံးက လူဆိုးတွေပဲ။… ဝါး…..”

ကျောက်လင်းက လန့်သွားတာကြောင့် သူ့ဦးလေးနှင့် ဘိုးဘိုးနှစ်​ယောက်လုံးကို မကောင်းမပြောရဘူးဆိုသည့် ကတိကိုမေ့သွားခဲ့သည်။ သူတို့က သူ့အားမူကို အန္တရာယ်ပေးခဲ့ပြီး သူက ယွိမုလက်ထဲကနေ သူ့အားမူကို လှမ်းထိလိုက်သည်။

ယွိမုက ကျောက်လင်းကို အောက်ချပေးလိုက်ပြီး အားလင်းက သူ့အားမူ၏ရင်ထဲဝင်သွားသည်။ ထန်ချွန်းမင်က အားလင်းကိုဖက်ကာ နားထဲမှာ တီးတိုးပြောလိုက်သည်။ အားလင်းက ငိုတာရပ်ပြီး ရှိုက်သံထွက်လာသည်။ ထန်ချွန်းမင်၏ သွေးခုန်နှုန်းကို စမ်းနေသော လီဖုန်းက ထိုအရာကို သတိထားမိပြီး သူ၏နက်မှောင်သောမျက်ဝန်းက အလင်းတစ်ခုလက်သွားပြီး သူ့မျက်နှာမှာတော့ တည်ငြိမ်နေ၏။

ယခုလေးတင် ဘိုးဘိုးကျောက်ကို စာနာနေသော လူတွေက ပြောစရာပျောက်ရှသွားပြီး ကျန်းရှို့၏မေးခွန်းကို ရင်ဆိုင်ရာတွင် တချို့လူတွေက ဝမ်ချွန်းဟွာကို ပြစ်တင်နေပြီး တံတွေးထွေးလိုက်သည်။

“မင်းဘာလို့ မင်းဘိုးဘိုးမြန်မြန်ထူမပေးတာလဲ… သူ့ကို မြေကြီးပေါ်မှာ အဲ့ဒီတိုင်းထားမလို့လား? မင်းက သူများရဲ့အသားကိုစားချင်လို့ ဘိုးဘိုးကျောက်ကို ဆွဲထည့်နေတာပဲ။ သူ့ကို အသက်မရှင်စေချင်တော့ဘူးလား?”

“ငါ… ငါ…” ဝမ်ချွန်းဟွာက ဒေါသထွက်လွန်းလို့ သူ့ရင်ဘတ်က တင်းမာလာသည်။ ဘိုးဘိုးကျောက်က လှည့်ကွက်အများကြီးကို ကစားဖူးပြီး သူ တကယ်မူးမေ့သွားမယ်လို့ မယုံနိုင်ခဲ့ပေ။ သူက ထန်ချွန်းမင်ကို ထိန်းချုပ်ဖို့ ကြိုးစားနေခြင်းသာဖြစ်ပြီး ကျောက်မိသားစု၏ ဂုဏ်သိက္ခာကို ဂရုမစိုက်ပါပေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျောက်မိသားစုက သူ့တတိယသားကိုပဲ တွေးတာလေ။

လီတာရှန်က ဟူလန်ကျုံးကို နောက်ကျောပေါ်တွင် ထမ်းလာကာ လမ်းတစ်လျှောက် အခြေအနေကို ရှင်းပြလိုက်သည်။ သူတို့က လမ်းမှာ​ဆုံခဲ့သော လီကျန့်မိသားစုနဲ့ လာခဲ့တာဖြစ်၏။ လီကျန့်၏မိသားစုမှာ ​မြေ​ပိုင်မြောက်များစွာရှိပြီး သားနှစ်ယောက်က ခရိုင်မြို့မှ ကူညီဖို့ပြန်လာခဲ့သည်။ သို့သော် သူတိို့က နှစ်များစွာ လယ်လုပ်ခဲ့သော လူတွေလောက်တော့ မတော်ပါပေ။

သို့ဖြစ်၍ အလုပ်ရှုပ်သော စိုက်ပျိုးရာသီ၌ လီကျန့်မိသားစုက လူအနည်းငယ်ငှားခဲ့သည်။ ရှန်းဖူလန်က လယ်ကွင်းထဲကို ရိက္ခာသွားပို့ခဲ့ပြီး အိမ်ပြန်အနားယူမှာဖြစ်၏။ တကယ်တော့ သူက သူ့သားနှစ်ယောက်အတွက် စိတ်မကောင်းဖြစ်မိသည်။ လမ်းပေါ်မှာ ဟူလန်ကျုံကို ကုန်းပိုးလာသော တာရှန်ကို တွေ့လိုက်သဖြင့် စိုးရိမ်တကြီးမေးလိုက်လေသည်။

ထင်သည့်အတိုင်းပင် မင်ကောအာက တစ်ခုခုဖြစ်သွားခဲ့သည်။ ယင်းမှာ ဘိုးဘိုးကျောက်နှင့် ဝမ်ချွန်းမင်က ပြဿနာရှာခဲ့လို့ဖြစ်သည်။ ရှန်းဖူလန်က ဒေါသထွက်သွားပြီး သူ့ခင်ပွန်းလီကျန့်ကို နောက်ကလိုက်ခဲ့ဖို့ ပြောလိုက်သည်။ သားနှစ်ယောက်သည်လည်း ဘာဖြစ်ခဲ့တာလဲသိချင်နေ၏။ လီကျန့်နဲ့ ရှန်းဖူလန်က သူတို့ကို ကျောက်လောင်စန်းနဲ့ မပေါင်းသင်းဖို့ မှာထားသည်။

ညီအစ်ကိုနှစ်ယောက်က သူတို့မိဘတွေရဲ့နောက်မှာ တစ်ယော​က်ကိုတစ်ယောက်ကြည့်ကာ သူတို့လည်း လိုက်ကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။

“ကောင်းပြီ။ အောက်မြန်မြန်ချပေးတော့။ လေပေါ်မှာ လွင့်နေတာ မသက်မသာဖြစ်တယ်ကွာ။” ဟူလန်ကျုံးက သူ့မုတ်ဆိတ်မွေးကိုမှုတ်ကာ ဒေါသတကြီးပြောလိုက်သည်။ လီတာရှန်က သူ့ကို အောက်ချပေးပြီး နောက်ကနေ ဂရုတစိုက်လိုက်လာခဲ့သည်။ ဟူလန်ကျုံးက တစ်ခါတစ်လေ စိတ်မရှည်သော်လည်း သူက လျှာစောင်းထက်ပြီး နှလုံးသားနူးညံ့သည်။ သူ့ဆေးကုသစွမ်းရည်က မြို့ပေါ်က သမားတော်တွေထက် မနိမ့်ပေ။

ဟူလန်ကျုံး​ မြေပြင်ပေါ်ရောက်တော့ ဘိုးဘိုးကျောက်ကို အရင်ကြည့်ပေးရန် ပြောနေသော အသံများကို လျစ်လျူရှုကာ ထန်ချွန်းမင်ထံသို့ တည့်တည့်မတ်မတ်သွားလိုက်၏။ သူက သွားနေရင်း ဆူပူလိုက်သည်။

“မင်းကို ထပ်ပြီး ဒေါသမထွက်ဖို့ မှာထားတယ်မလား? မင်းခန္ဓာကိုယ်ကို ဘာလို့ ဂရုမစိုက်တာလဲ… မင်းဗိုက်ထဲက ကလေးကိုရော?”

သမားတော်များ သည်းမခံနိုင်ဆုံးအရာမှာ ခန္ဓာကိုယ်ကို ဂရုမစိုက်သည့် လူနာများဖြစ်၏။ သို့ဖြစ်၍ သူက ထိုအ​ခြေနေမျိုးတွင် ဆေးဘယ်လောက်ပဲညွှန်းပါစေ အချည်းနှီးဖြစ်လိမ့်မည်။ “ဘာဖြစ်လို့လဲ? ငါမင်းတို့နှစ်ယောက်ကို အလှည့်ကျစစ်ပေးမယ်။ သမားတော်တစ်ယောက်အနေနဲ့ သူတို့ထဲက ဘယ်သူက အခြေအနေပိုဆိုးလဲ သိဖို့လိုတယ်။” သူက နောက်လှည့်ကာ ဝမ်ချွန်းဟွာကို အော်လိုက်သည်။

တချို့လူတွေက ဘိုးဘိုးကျောက်၏ အခြေအနေကို အတုအယောင်လို့ သံသယဝင်နေသည်။ နေမကောင်းဟန်ဆောင်တာက လူကြီးများက လူငယ်များကို ထိန်းချုပ်ရန်သုံးသော နည်းဗျူဟာဖြစ်သည်။ တချို့လူတွေက ထန်ချွန်းမင်၏ စာရင်းစာအုပ်ထဲမှ အကြောင်းအရာများကို မှတ်မိသေးသည်။ ဘိုးဘိုးကျောက်က မကြာခဏ နေမကောင်းဖြစ်လေ့ရှိပြီး ကျောက်တာဟူဆီက ပိုက်ဆံတောင်းလေ့ရှိသည်။ သို့ပေမယ့် အမှန်တရားကို ဘယ်သူကသိနိုင်မှာလဲ?

ဘိုးဘိုးကျောက်၏မျက်နှာက ပိန်ပါးနေတာကြောင့် သူတကယ် နေမကောင်းဖြစ်နေမလားလို့ စိုးရိမ်ခဲ့သည်။ ဟူလန်ကျုံး၏စကားက သူတို့ကို သံသယဝင်စေပြီး တချို့လူတွေက ခြေလှမ်းအနည်းငယ်နောက်ဆုတ်ကာ ဝင်မပါဖို့ဆုံးဖြတ်လိုက်သည်။

&&&&&&&&&

Chapter 26.2

ထန်ချွန်းမင်က အံကြိတ်ကာ လက်ကောက်ဝတ်ကို ဆန့်ထုတ်လိုက်သည်။ ဟူလန်ကျုံး သူ့ကိုစာနာပြီး အလိမ်မပေါ်သွားဖို့သာ မျှော်လင့်သည်။

ကျန်းရှို့က ဘေးကနေ စိုးရိမ်နေပြီး ပြောလိုက်သည်။ “ဟူလန်ကျုံး၊ မင်ကောအာက ဒေါသထွက်ပြီး ဗိုက်နာလာတာပါ။ သူ့ခန္ဓာကိုယ်က တစ်ခုခုဖြစ်နေလို့လား? အိုက်ယား… ရွာသားတွေက မင်ကောအာရဲ့ အခက်အခဲကို မမြင်နိုင်ဘူး။ သူတို့ ဘာလို့ အဲ့လောက်ရက်စက်တာလဲ? သူတို့က မင်ကောအာကို ပြန်ကောင်းမလာစေချင်ဘူးထင်တယ်။ သူတို့က လူကို သေတဲ့ထိ ဖိအားပေးကြမှာလား?”

သူက မင်ကောအာ၏အ​​ခြေအနေနဲ့ အခက်အခဲကို ပွင့်လင်းမြင်သာစေရန် လျို့ဝှက်နည်းဖြင့် ပြောလိုက်သည်။

“တချို့လူကြီးတွေကလည်း လူငယ်တွေ ရက်နည်းနည်းလောက် ပျော်ရွှင်နေတာကို မမြင်ရက်ဘူးဖြစ်နေတယ်။ သူတို့က လူတိုင်းကို အေးဆေးနေခွင့်မပေးဘူး။”

ရောက်ရှိလာသော ရှန်းဖူလန်က ထန်ချွန်းမင်၏ဘေးမှာရပ်ကာ ဘိုးဘိုးကျောက်ကို စွပ်စွဲပြောဆိုလိုက်သည်။ ဟူလန်ကျုံးက ဘိုးဘိုးကျောက်ကို အရင်မကြည့်ပေးတာက အခြေအနေမပြင်းထန်လို့ပင် ဖြစ်၏။

“ပြီးတော့ မင်း… ဝမ်ချွန်းဟွာ… လယ်ထဲမှာ အလုပ်ကြိုးစားရမယ့်အစား ဘာလို့ တစ်ချိန်လုံးပြဿနာရှာနေတာလဲ? ပြဿနာကို အရင်ရှာတာမင်းပဲမလား။ မင်းပဲ မင်ကောအာနဲ့ အဆက်ဖြတ်ဖို့ ရည်ရွယ်ထားတဲ့ မြေတွေကို ပြန်ယူသွားတာလေ။ အခုသူ့ကို တာဝန်မကျေလို့စွပ်စွဲနေတာလား? ကျောထောက်နောက်ခံမရှိတဲ့ ကောတစ်ယောက်ကို မင်းက အသား​တောင်းစားရဲသလား? မင်းတော်တော်အရေထူတာပဲ!”

ရှန်းဖူလန်က ဝမ်ချွန်းဟွာကို သနားခြင်းမရှိပဲ ဆူပူကြိမ်းမောင်းလိုက်သည်။ ဖြောင့်မတ်သော လူတစ်ယောက်အဖြစ် သူက တည့်တိုးဆန်ပြီး ရွာထဲတွင် ဂုဏ်သိက္ခာအဆင့်အတန်းတစ်ခုရှိသည်။ ဝမ်ချွန်းဟွာက ပါးစပ်လှုပ်လာတော့ ရှန်းဖူလန်က ထပ်ပြောလိုက်သည်။

“ပြီးတော့ မင်း မင်ကောအာကို ကူညီတာ တစ်ခါမှမတွေ့ဖူးဘူး။ သူ့ဗိုက်ထဲက ကလေးက ကျောက်မိသားစုရဲ့သွေးသားပဲ။ မင်းက သူ့လယ်မြေကိုတော့ မကူညီပေးဘူး။ ကူညီတဲ့ သူတွေကိုတော့ သူနဲ့ငြိနေတယ်လို့ ဘယ်လိုပြောရဲရတာလဲ? ဒါဆို ငါလည်း မင်ကောအာကို မြင်းပြာကြီးငှားထားတယ်။ ငါ့မိသားစုကရော သူနဲ့ပတ်သက်နေလို့လား?”

တချို့လူတွေက ရယ်မောလိုက်ကြသည်။ တစ်ယောက်ယောက်က မြင်းသွားငှားသည့်အခါ တည့်တိုးငြင်းဆန်ခံခဲ့ရပြီး မင်ကောအာက အရင်ဆုံးလယ်ထွန်ခွင့်ရသူဖြစ်၏။ လှည့်ကြည့်လိုက်တော့ သူက လီကျန့်၏ မျက်နှာနက်မှောင်နေတာကို တွေ့လိုက်ရသည်။ ရှန်းဖူလန်က သူပြောလိုက်တာကို တုန်လှုပ်ခြင်းမရှိပါပဲ သူ့ခင်ပွန်းကတော့ ဒေါသထွက်သွားရသည်။

သူ့သားတွေကလည်း သူ့ဖခင်၏မျက်နှာကိုကြည့်ပြီး အပြုံးကို အောင့်အီးလိုက်ရသည်။ သူ့အားမူ၏ တိုက်ပွဲစွမ်းအားကတော့ လုံးဝလျော့မသွားပေ။

“ကိုကြီး… ဘိုးဘိုးကျောက်မျက်နှာ လှုပ်သွားတာကိုတွေ့လား”

လီမိသားစု၏ ဒုတိယသားက အကြီးဆုံးအစ်ကို၏နားထဲတွင် တီးတိုးပြောလိုက်၏။ ဟူလန့်ကျုံး၏ လျစ်လျူရှုခံထားရသော ဘိုးဘိုးကျောက်က ဆက်လက်လဲလျောင်းနေရုံမှလွဲ၍ ရွေးချယ်စရာမရှိ။ သို့ပေမယ့် သူ၏ချို့ယွင်းချက်ကတော့ ပေါ်လာစမြဲပင်။

လီမိသားစု၏ဒုတိယသားက တိုးတိုးလေးပြောလိုက်သော်လည်း အနီးနားရှိလူအားလုံးက ကြားလိုက်ရသည်။ အကြီးဆုံးသားက သူ့ကိုကြည့်ပြီး မေးလိုက်သည်။ “မင်းက သမားတော်မှမဟုတ်တာ။ မေ့လဲတာက ဘာနဲ့တူလဲ မင်းသိလို့လား? အဲ့လိုပုံစံလည်း ဖြစ်နိုင်တာပဲ…”

အို…. ဒီကောင်လေးက အတော်ထက်တာပဲ… ထန်ချွန်းမင်၏ နားရွက်ကလည်း ကျယ်လာပြီး ညီအစ်ကိုနှစ်ယောက်ကြားက စကားကိုကြားသောအခါ ရယ်လိုက်ချင်ပေမယ့် ထိန်းထားရသည်။ သူက သူတို့ကို ထင်မြင်ချက်ကောင်း ရေးတေးတေးရှိသော်လည်း သူတို့စကားနားထောင်ပြီးတော့ သူတို့က ကျောက်လောင်စန်းနှင့် ကွာခြားသော ကျောင်းသားများဖြစ်ကြောင်း သိလိုက်ရသည်။

ဟူလန်ကျုံးက ထန်ချွန်းမင်ကို ဒေါသတကြီးစိုက်ကြည့်ပြီး သူ့ဘေးက လူတွေကိုရှင်းပြလိုက်သည်။ အတိုချုပ်ဆိုရရင် မင်ကောအာက သန္ဓေသားလေခိုခြင်းဖြစ်ပြီး အနားယူဖို့လိုသည်။ သူက အပင်ပန်းမခံနိုင်ပဲ ယနေ့မှာ သူ့ဒေါသက လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သက်သာလာသမျှကို ဖြုန်းတီးပစ်ခဲ့သည်။

ထန်ချွန်းမင်က ဟူလန်ကျုံးကို ပြုံးပြကာ ကျေးဇူးစကားဆိုလိုက်သည်။ “ဟူလန်ကျုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် စကားနား​ထောင်ပြီး တခြားသူတွေရဲ့စကားကြောင့် မထိခိုက်စေဖို့ ကြိုးစားပါ့မယ်။”

ဟူလန်ကျုံးက အလွန်စိတ်ဝင်စားဖို့ကောင်းသော အဖိုးအိုတစ်ဦးဖြစ်သည်။ သူ ဤကမ္ဘာကိုရောက်ခါစက အပ်တစ်ချောင်းကိုင််ထားသော သူ့ကို ကြောက်လန့်လွန်းလို့ သတိလစ်သွားခဲ့သည်။

ဟူလန်ကျုံးက သူ့လက်ကိုနောက်ကျောပစ်ကာ ဘိုးဘိုးကျောက်ထံ လျှောက်သွားခဲ့သည်။ ဘေးလူတွေက သူ့ကိုကြည့်နေပြီး ဘိုးဘိုးကျောက်၏ ဖျားနာမှုက အစစ်လား အတုလား သိချင်နေသည်။ ဟူလန်ကျုံးက သွေးခုန်နှုန်းစမ်းကာ မျက်ခုံးပင့်လိုက်သည်။

ဘေးမှာရပ်နေသော ကျောက်တာနျိုက သူ့လက်ကိုပွတ်ပြီး ရှေ့တိုးကာမေးလိုက်သည်။ “ဖေဖေ အဆင်ပြေရဲ့လား? ဒီလိုကျန်းမာတဲ့လူက ရုတ်တရက်ဘာလို့…..”

“ဟုတ်တယ်…. ကျန်းမာတဲ့လူတစ်ယောက်က ဘာလို့ရုတ်တရက် သတိလစ်သွားတာလဲ? ငါဆေးပညာကို လေ့လာခဲ့တာ နှစ်နှစ်ဆယ်ကျော်ပြီ။ ခုထိ အ​​ဖြေရှာလို့မရ​သေးဘူး။ ငါသူ့ကို ဆေးထိုးပေးလိုက်ရင် နိုးလာမယ်ထင်တယ်။”

ဟူလန်ကျုံးက လေးနက်ဟန်ဆောင်ကာ အရှည်ဆုံးနှင့် အထူဆုံးတစ်ချောင်းကို ရွေးလိုက်ပြီး ဘယ်နေရာထိုးရမလဲမသိသလို ဘိုးဘိုးကျောက်ရှေ့မှာ တမင်တကာ ပြလိုက်သည်။

ကျောက်တာနျိုက ကြောက်လန့်နေပြီး သူ့ကို တားရမလား သူ့အားမူကို နှိုးရမလား ဝေခွဲရခက်နေသည်။ “ဟူလန်ကျုံး… ခင်ဗျား ဒီလောက်ကြီးတာကို လိုလို့လား? အသေးလေးနဲ့ လဲပေးပါ။ ခင်ဗျားသတိထားမှရမယ်။ ကျွန်တော့်အားမူက အသက်ကြီးနေပြီ ခံနိုင်မှာမဟုတ်ဘူး။”

သူပြောလို့မဆုံးခင်မှာ ဘိုးဘိုးကျောက်က ရုတ်တရက် မျက်လုံးဖွင့်လာပြီး ဆေးထိုးအပ်ကို တွေ့လိုက်ရသည်။ သို့ပေမယ့် သူက မေ့လဲသွားခဲ့တာမဟုတ်၍ မြေပြင်ပေါ်မှ ​ငေါက်ခနဲထကာ ကျောက်တာနျိုနောက်မှာ ဝင်ပုန်းလိုက်သည်။

ဟူလန်ကျုံးက နှာမှုတ်လိုက်ပြီး သူ့ကို ဆေးထိုးဖို့ မတိုက်တွန်းခဲ့ပေ။ သူကအပ်ကိုပြန်ထည့်လိုက်ပြီး ဘိုးဘိုးကျောက်အား ပြောလိုက်၏။ “မင်းအသက်ကြီးလာရင် ဒေါသကိုထိန်းချုပ်သင့်တယ်။ ဒီတစ်ကြိမ်အဆင်ပြေပေမယ့် ရေရှည်ဆို ကျန်းမာရေးထိခိုက်လိမ့်မယ်။”

ထို့​နောက် သူက ဆေးသေတ္တာကိုကိုင်ကာ တာရှန်ကို ကြည့်လိုက်သည်။ “လီတာရှန်…. ငါ့ကိုပြန်ပို့ပေး။ မင်ကောအာရဲ့ လေဆေးပါတစ်ခါတည်းလိုက်ယူ။”

“ဟုတ်ကဲ့ လာပါပြီ။” လီတာရှန်က နာခံမှုရှိစွာ လျှောက်လာပြီး သူ့ရှေ့မှာ ဆောင့်ကြောင်ထိုင်ချလိုက်သည်။ ဟူလန်ကျုံးက သူ့ကျောပေါ်တက်ကာ အားလုံးကို နှုတ်ဆက်လိုက်၏။

ဟူလန်ကျုံးထွက်သွားတော့ တချို့လူတွေက ရယ်မောနေပြီး တချို့လူ​တွေက တီးတိုးပြောနေသည်။ အခြေအနေက ဆေးညွှန်းကိုကြည့်ကာ ရှင်းလင်းသွားသည်။ ဘယ်သူက နေမကောင်းတာလဲ ဘယ်သူက ဟန်ဆောင်နေတာလဲ သိသာသည်။

ဘိုးဘိုးကျောက်ကို စိတ်အေးအေးထားပြီး ဒေါသမထွက်ဖို့ ပြောလိုက်ခြင်းက သူက မင်ကောအာကို မကျေမနပ်ဖြစ်နေဆဲလို့ ပြောလိုက်တာဖြစ်ပြီး မင်ကောအာကလည်း သူ့ကြောင့်နဲ့ ဒေါသထွက်ခဲ့ရသည်။

တတိယဦးလေးကလည်း ရောက်လာပြီး အခြေအနေကိုသိသွားခဲ့သည်။ သူက ဘိုးဘိုးကျောက်ကို မင်ကောအာနှင့်မတွေ့ဖို့ သတိပေးထားပေမယ့် သူက နားမထောင်ခဲ့ပေ။ အဆုံးမှာ သူနဲ့ကျောက်မိသားစုက အရှက်ကွဲသွားရသည်။ မင်ကောအာက အရင်လို ပျော့ညံ့တဲ့ကောင်လေး မဟုတ်တော့တာ သူမသိဘူးလား… တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်် ဘာအကျိုးအမြတ်ရခဲ့လို့လဲ?

ဘိုးဘိုးကျောက်က ပြဿနာထပ်ရှာလို့ မရတော့မှန်းသိသွားတော့ ခေါင်းငုံ့ကာ တခြားသူများ၏ရှေ့မှာ ဟန်ဆောင်နိုင်ပေမယ့် သူ့တတိယဦးလေး၏အရှေ့မှာတော့ မလုပ်ရဲပေ။

“မင်း….မင်းကိုဘယ်နှစ်ကြိမ်ငါပြောရမလဲ?” တတိယဦးလေးက ဒေါသကြောင့် တုန်ယင်နေသည်။ “မင်းက မင်ကောအာကို နောက်အိမ်ထောင်ပြုဖို့ တွန်းအားပေးခဲ့တာမဟုတ်လား? သူက မိသားစုနဲ့ အဆက်ဖြတ်သွားတာကို မင်းကဘာလို့ ငါတို့မိသားစုရဲ့ ဂုဏ်သိက္ခာအတွက် စိုးရိမ်နေတာလဲ? မင်ကောအာက ကျောက်မိသားစုရဲ့သွေးသားကို လွယ်ထားရပေမယ့် သူနောက်အိမ်ထောင်ပြုမလား၊ တာဟူရဲ့ မုဆိုးဖိုဇနီးအဖြစ် တစ်သက်လုံးနေမလားဆိုတာ သူ့အပေါ်မူတည်တယ်။ မင်ကောအာရဲ့ကိစ္စမှာ မင်းထပ်ဝင်ပါကြည့် ငါနဲ့တွေ့မယ်!”

တစ်နည်းဆိုရသော် အနာဂတ်မှာ မင်ကောအာ တစ်ခုခုဖြစ်ခဲ့သည်ရှိသော် ကျောက်မိသားစုနဲ့ ဘာမှမဆိုင်တော့ပေ။ သူနာမည်ဆိုးထွက်ပြီး ဂုဏ်သိက္ခာကျဆင်းလျှင်ပင် ၎င်းက ကျောက်မိသားစုနဲ့ ဘာမှမဆိုင်ပေ။ အရင်ကိစ္စက ယခုထိမပြေလည်သေးပေ။ သူ့အမြင်အရ မင်ကောအာ၏ကိစ္စမှာ လုံးဝပါဝင်မပတ်သက်သင့်တော့ပေ။

ကျောက်လောင်စန်း စာမေးပွဲအောင်သောအအခါ သူတို့က ကျောက်မိသားစု၏ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့သည့် ထန်ချွန်းမင်ကို သေချာပေါက် ဒုက္ခပေးလိမ့်မည်။

“မင်းလည်း မင်းဘိုးဘိုးရှေ့မှာ သွေးထိုးလှုံ့ဆော်ပေးတာကို ရပ်လိုက်သင့်တယ်။ မင်းရဲ့ ယောက္ခထီးကို ပြုစုဖို့က မင်းတာဝန်ပဲ။ ဘိုးဘိုးကျောက်ကို အိမ်မြန်မြန်ပို့ပေးလိုက်တော့လေ။ လူကြားထဲမှာ အရှက်ကွဲခဲ့တာ မလုံလောက်သေးလို့လား?”

သူက ဝမ်ချွန်းဟွာကို အော်လိုက်ပြီး ကျောက်တာနျိုကိုပြောလိုက်သည်။ “မင်းရဲ့အားမူနဲ့ လယ်မြေတွေကို သေချာဂရုစိုက်။ အရင်က တာဟူက အကုန်တာဝန်ယူခဲ့ပေမယ့် မင်းက မိသားစုရဲ့ အကြီးဆုံးသားပဲလေ။”

“ဟုတ်ကဲ့ပါ… တတိယဦးလေး…ကျွန်တော် နားလည်ပါပြီ။ အကောင်းဆုံးလုပ်ပါ့မယ်။” ကျောက်တာနျိုက နီရဲနေသောမျက်နှာဖြင့် ခေါင်းညိတ်ပြီး ဘိုးဘိုးကျောက်နှင့် ဝမ်ချွန်းဟွာကို ကမန်းကတန်း အိမ်လိုက်ပို့ဖို့ ပြင်လိုက်သည်။

“အင်း အားလုံးအလုပ်လုပ်ကြတော့။ မင်ကောအာ.. မင်းဘိုးဘိုးရဲ့ ဒေါသကို မင်းလည်းသိတယ်မလား။ သူ့အသက်ရွယ်ကို ထောက်ထားပြီး သူနဲ့ ရန်မဖြစ်ပါနဲ့။ သူက ကလေးနှစ်ယောက်ရဲ့ ဘိုးဘိုးပဲလေ။”

ဝမ်ချွန်းဟွာနဲ့ ဘိုးဘိုးကျောက်က ဂုဏ်သိက္ခာနှင့် အသက်အရွယ်ကို မှီခိုနေသော တတိယဦးလေးလောက် ဉာဏ်နီဉာဏ်နက်မများဘူးလို့ ထန်ချွန်းမင် ထင်မိသည်။ သို့သော် သူ့အပြောအဆိုနှင့် အပြုအမူ၌ အထင်သေးသော စကားလုံးများပါနေပြီး မထီမဲ့မြင်ပြုနေခြင်းက ရွံ့ဖို့ကောင်းလေသည်။

တခြားသူများက နားမလည်ပေမယ့် လီဖုန်းက ထန်ချွန်းမင်လိုပင် နားလည်ခဲ့သည်။ ၎င်းသည် ထန်ချွန်းမင်ကို ဖိအားပေးရန် အာဏာသုံးခဲ့ခြင်းဖြစ်၏။ လီဖုန်းက လက်သီးဆုပ်ထားလိုက်သည်။ ကျောက်မိသားစု၏ တတိယဦးလေးက မျက်နှာပေါ်၌ သဘောကောင်းသလိုဖြင့် သူက မင်ကောအာကို မုန်းတီးနေတာဖြစ်၏။ လီကျန့်ကလည်း သတိထားမိခဲ့သည်။

တတိယဦးလေး​က မင်ကောအာကို မကျေမနပ်ဖြစ်ပြီး သူက ကျောက်မိသားစု၏ ဂုဏ်သိက္ခာကို ပျက်ပြားစေခဲ့တယ်လို့ တွေးခဲ့တာပင်။ ကျောက်မိသားစု၏အုတ်မြစ်က အတွင်းပုပ်နေတာဖြစ်လို့ တ​ခြားသူတွေ ဖျက်စီးဖို့ မလိုအပ်တာကို ဒီလူသတိထားမိရဲ့လား?

လီကျန့်က ပါးစပ်ရှေ့မှာ လက်သီးဆုပ်​ဖြင့် ချောင်းဟန့်လိုက်ပြီး စကားပြောဖို့ လုပ်လိုက်ပေမယ့် ထန်ချွန်းမင်က ကျန်းရှို့၏လက်ကိုကိုင်ကာ တတိယဦးလေးကို ပြုံးပြီးစိုက်ကြည့်လိုက်သည်။

“တတိယဦးလေး… ကျွန်တော် ခင်ဗျားပြောတာကိုနားလည်ပါတယ်။ ကျွန်တော် ဘိုးဘိုးကျောက်ရဲ့ စိတ်ထားကို သိတယ်။ ဒီတော့ တစ်ခါတစ်လေ ကျွန်တော် အရှုံးပေးလိုက်ရင် ကျွန်တော်တို့မှာ နည်းလမ်းရှိမှာမဟုတ်တော့ဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့။ သူတို့ ကျွန်တော့်ကို ပြဿနာမရှာသရွေ့ ကျွန်တော်ဘက်က ရှောင်ပေးမှာပါ။ ပြီးတော့ ကျွန်တော်က အားမနေဘူးလေ။ နှစ်စဥ်ပေးရမယ့် အခွန်ကတောင် ခေါင်းကိုက်စေတာ။ တတိယဦးလေးရော အဲ့လိုမထင်ဘူးလား?”

လီကျန့်က နောက်တစ်ကြိမ် ချောင်းဟန့်လိုက်သည်။ သူက မင်ကောအာကို လျှော့တွက်ခဲ့မိသည်။ မင်ကောအာကလည် တတိယဦးလေး၏ သဘောထားကို ရှင်းရှင်းလင်းလင်း မြင်ခဲ့သည်။

မင်ကောအာက ကျောက်မိသားစုကို ထပ်မံကပ်တွယ်လာမယ်လို့ တတိယဦးလေးက ထင်ခဲ့သည်။ သို့သော် မင်ကောအာက သေရမယ်ဆိုလျှင်ပင် ကျောက်မိသားစုဆီကို ပြန်လာမယ့်ပုံမပေါ်ပေ။

တတိယဦးလေးက အကျိုးအကြောင်းမသင့်ပဲ လူကြီးတွေကို မလေးစားသည့် ထန်ချွန်းမင်ကို စိတ်ဆိုးသွားသည်။ သူက အင်္ကျီလက်ကိုခါကာ ပြောလိုက်၏။ “မင်းကိုယ်တိုင်ပြောတာနော်။ ငါ့လိုအဘိုးကြီးက မင်းကို ဖျောင်းဖျနေရုံပဲ။ မင်းက အနာဂတ်မှာ ကလေးတွေကို ဘယ်လိုစောင့်ရှောက်နိုင်မှာလဲ?” သူက ဒေါသတကြီးဝင်လာပြီး ဒေါသတကြီးထွက်သွားခဲ့သည်။

ထန်ချွန်းမင်၏ နှုတ်ခမ်းကွေးညွတ်သွား၏။ သူ မရုန်းကန်နိုင်တော့ရင် ကျောက်မိသားစုဆီ ပြန်သွားမယ့်အစား သူ့ကလေးတွေကိုခေါ်ပြီး နောက်အိမ်ထောင်ပြုလိုက်မှာဖြစ်၏။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment