no

Font
Theme

Chapter 16.1

“ကြည်နူးစရာ”

ဝမ်ချွန်းဟွာက အားနည်းပြီး လွယ်ကူသော လူတွေရှေ့မှာသာ မောက်မာစွာ ပြုမူဝံ့ခဲ့သည်။ ဥပမာ.. ယခင်မင်ကောအာဖြစ်၏။ ဘိုးဘိုးကျောက်ရှေ့မှာပင် ရိုင်းရိုင်းစိုင်းစိုင်းပြုမူရဲသည်။ သူက သူ့ထက်မောက်မာသော လူကိုတွေ့ရင် နောက်ဆုတ်ပြီး ဘာမှပြန်မလုပ်ရဲပေ။ ကျန်းရှန်ရွာမှ ဝမ်ယင်ကလည်း သူ့ကို ပါးစပ်ပိတ်အောင်လုပ်နိုင်ပြီး လူသတ်ပြီး သွေးစွန်းဖူးသည့် ယွိမုဆိုလျှင် ထည့်မပြောလေနှင့်။

သူလန့်နေတာတွေ့တော့ ထန်ချွန်းမင်က သဘောထားကြီးစွာပြောလိုက်သည်။ “ထားလိုက်… ခင်ဗျားဒီလိုလူကို ဂရုမစိုက်နဲ့။ ခင်ဗျားဂုဏ်သိက္ခာကို ထိခိုက်လိမ့်မယ်။ ကျွန်တော် ဒီလိုလူကို ကိုင်တွယ်ဖြေရှင်းနိုင်တယ်။ ဝမ်ချွန်းဟွာ… မင်းနဲ့ မင်းသားကိုပြောလိုက်မယ်။ နောက်တစ်ခါ ငါတို့ကို ထပ်အနိုင်ကျင့်ရင် ငါမင်းကို သေအောင်ရိုက်ပြမယ်!”

နစ်နာသူက ပြောတော့ ယွိမုက ထိုလူဆိုးနှင့် မငြင်းခုံတော့ပဲ လီဖုန်းထံသို့ ပြန်သွားခဲ့သည်။ သူက စကားပြောရင်းဖြင့် သူ့အစ်ကိုကြီးကို ချောင်းကြည့်လိုက်သည်။ “သူဌေး… သူဌေးခိုင်းတာကို လုပ်ပြီးပါပြီ။ အဲ့ဒီကြွက်စုတ် ကောအာလေးကို အနိုင်ကျင့်ရဲတော့မှာမဟုတ်ဘူး။”

ဝမ်ချွန်းဟွာကို ဘယ်သူမှမသနားပေ။ လွှတ်ပေးလိုက်တာကိုကြားသောအခါ သူနဲ့သူ့သားက နောက်ကခွေးလိုက်သလို ပြေးသွားကြသည်။ ထန်ချွန်းမင်က သူ့ကို တစ်ချက်ကြည့်ကာ သူ့ဘောင်းဘီအနောက်ဘက်မှာ သံသယဖြစ်စရာ အစွန်းအထင်းကို​ တွေ့လိုက်ရပြီး သူ့မျက်ခုံးလှုပ်သွားခဲ့သည်။ သည်တစ်ကြိမ်မှာ သူ အိမ်မှာ ခဏနေပြီး အပြင်ထွက်ရဲမှာမဟုတ်တော့ပေ။

“လူသန်ကြီး… ကျေးဇူးအများကြီးတင်ပါတယ်။” သူပြင်ဆင်ထားသော ရိုက်ချက်ကို မလုပ်နိုင်ခဲ့သော်လည်း ထန်ချွန်းမင်က ကောင်းတာနဲ့ဆိုးတာကို သိသေးသည်။ သူ့ရှေ့က လူသန်ကြီးက သူ့ကိုကာကွယ်ပေးခဲ့ပြီး ဝမ်ချွန်းဟွာကို ခြောက်လွှတ်ခဲ့သည်။ သူက ဂုဏ်သိက္ခာကျဆင်းမလို ဖြစ်သွားခဲ့ပေမယ့် ယခုခေတ်လူတွေလို ဂရုမစိုက်ခဲ့ပေ။

“ဟားဟား” ယွိမုက ရယ်မောလိုက်ပြီး သူ့ခေါင်းကို ကုတ်ကာ ယခုနက ကြမ်းတမ်းသော အသွင်အပြင်နှင့် ကွဲပြားနေ၏။ “မလိုပါဘူး… ပြီးတော့ ငါ့နာမည်က ယွိမု… လူသန်ကြီးမဟုတ်ဘူး။”

“ဦးလေးလူသန်ကြီး… ဦးလေးက အရမ်းတော်တာပဲ။ သားတို့ကို သင်ပေးပါလား?” တာမောင်းနှင့် အာမောင်းက လေးလေးစားစားပြောလိုက်၏။ ဒါပေါ့ သူတို့က မင်ကောအာကို သဘောကျပေမယ့် ဦးလေးကြီး၏ ပုံစံက လူတွေကို ကြောက်လန့်စေပြီး ပိုပြီး အင်အားကြီးသည်။ သူတို့က သူ့ဆီကသင်ရင် နောင်မှာ လင်းအာကို ဘယ်သူမှ အနိုင်မကျင့်နိုင်တော့ပေ။

ကျန်းရှို့၏ပါးစပ်က တွန့်ကွေးသွားပြီး သူကရှေ့တိုးလာသည်။ သူက သူ့နားရွက်ကို လိမ်ဆွဲကာပြောလိုက်၏။ “ခွေးသားလေးနှစ်ကောင်… သူ့ကို ဦးလေးယ်ွိလို့ခေါ်။ ဦးလေးယွိကို ကျေးဇူးတင်လိုက်။ ဦး​လေးဖုန်းနဲ့ ဦးလေးယွိတို့ကြောင့်သာမဟုတ်ရင် မင်းတို့နှစ်ယောက် အားလင်းကို ကာကွယ်နိုင်ခဲ့မှာမဟုတ်ဘူး။”

တာမောင်းက အသက်ကြီးပြီး လူကြီးတွေရှေ့မှာ နားရွက်လိမ်ဆွဲခံရ၍ ရှက်နေသည်။ အာမောင်းက အော်လိုက်လေသည်။ “ဖေဖေ…ဖေ…နာတယ်။ သားမခေါ်တော့ပါဘူး။ ဦးလေးယွိကို ကျေးဇူးတင်ပါတယ်။ ဖေဖေ..လွှတ်ပါတော့။”

“တာမောင်းကလည်း ညည်းတွားရင်းပြောလိုက်၏​။ “ဦးလေးယွိ”

ယွိမုက ဝမ်ချွန်းဟွာအရှေ့မှာ ကြမ်းတမ်းသော်လည်း ထန်ချွန်းမင်၊ ကျန်းရှို့တို့လို ရိုးသားသော ကောတွေရှေ့မှာ ယဥ်ကျေးသည်။ သူက ကမန်းကတန်း လက်ခါပြပြီး ရှက်ရှက်ဖြင့်ဆိုသည်။ “မဟုတ်တာ…ကလေးနှစ်ယောက် သဘောကျရင် ငါ့အစ်ကိုကြီးနဲ့ ပြောင်းရွှေလာတဲ့အခါ လာသင်လိုက်ပါ။”

လီဖုန်းက လူသန်ကြီးကို အေးစက်စက်ကြီးကာ ကျန်းရှို့အား အလေးအနက်ပြောလိုက်သည်။ “ညီလေး.. မင်းယဥ်ကျေးနေဖို့ မလိုပါဘူး။ တာမောင်းနဲ့ အာမောင်းက ငါ့တူတွေပါ။ ကလေးတွေကို မြန်မြန်ခေါ်သွားတော့။” လင်းအာ​လေးက ရှုပ်ပွနေ၍ သူ့ကိုသန့်စင်ပေးကာ နွေးနွေးထွေးထွေး ဝတ်ပေးဖို့လိုသည်။ သူက အရမ်းသေးပြီး ထန်ချွန်းမင်၏ဗိုက်ထဲက က​လေးကိုလည်း အေးခဲသွားမှာစိုးရိမ်သည်။

ကျန်းရှို့က လီဖုန်းနဲ့ဆို အနည်းငယ်သတိရှိသည်။ သူက သူ့ကို မတွေ့ရတာ နှစ်တွေကြာပြီဆိုတော့ သူ့စိတ်သဘောထားက ဘယ်လိုလဲမသိပေ။ သူက သူ့စကားကြားတော့ စိတ်သက်သာရာရသွားသည်။ တကယ်တော့ တာရှန်နှင့် သူက မိသားစုတစ်ခုတည်းက ညီအစ်ကိုတွေဖြစ်တာကြောင့် သူက ယဥ်ကျေးမနေတော့ပဲ ထန်ချွန်းမင်ကို ဆွဲခေါ်ကာ ထွက်သွားခဲ့သည်။ ထန်ချွန်းမင်က အလွန်စိတ်ဓာတ်ကျသွားသည်။ သူက ဒဏ္ဍာရီလာ နတ်ဘုရားကို နောက်ဆုံးမှာ တွေ့ခွင့်ရခဲ့သော်လည်း စကားနည်းနည်းပြောဖို့ပင် အခွင့်အရေးမရခဲ့ပေ။ ကံအားလျော်စွာ ဝမ်ချွန်းဟွာပြောခဲ့သော စကားတွေက သူ့ကို ခင်ပွန်းဆုံးရှုံးသွားသော ကောတစ်ယောက်ဖြစ်ကြောင်း သတိရစေခဲ့သည်။ သူက လက်မထပ်ရသေးသော ယောကျာ်းတစ်ယောက်နဲ့ ဘွင်းဘွင်းဆက်ဆံလို့မရပေ။

ကျန်းရှို့က သူ့ကို ဆွဲခေါ်လာပြီး သူက သူ့လက်ထဲမှာ လူသတ်လက်နက်ကိုင်ထားသည်။ ကျောက်လင်းအာက တာမောင်း၊အာမောင်းတို့၏ အလယ်မှ လိုက်လာသည်။ ထန်ချွန်းမင်က စဥ်းစားလိုက်သည်။ သူ တာမောင်း၊ အာ​မောင်းတို့နဲ့အတူ သွားတွေ့လို့ရသည်လေ… ထန်ချွန်းမင်က ထိုအတွေးကြောင့် ချက်ချင်းရွှင်မြူးသွား၏။

“အစ်ကိုရှို့… ဘယ်သွားနေတာလဲ?” အစီအစဥ်အကြောင်း တွေးနေသော ထန်ချွန်းမင်က အနီးကပ်ကြည့်လိုက်တော့ အိမ်ပြန်လမ်းမဟုတ်ပေ။

“မင်းရဲ့သွေးခုန်နှုန်းကို စစ်ဆေးဖို့ ဟူလန်ကျုံးဆီ ခေါ်သွားနေတာ။ အခုနက အရမ်းကြောက်ဖို့ကောင်းတယ်။” ကျန်းရှို့က သူ့ဗိုက်ကို ခဏလောက်ကြည့်ပြီး ကံအားလျော်စွာ သူ့မျက်နှာက အဆင်ပြေနေသည်။

“ဟင့်အင်း…” ထန်ချွန်းမင်က လက်ကို အမြန်ခါယမ်းလိုက်သည်။ “ကျွန်တော် ကျန်းမာရေးကောင်းပါတယ်။ မယုံရင်… ခုန်ပြရမလား…”

သူက ကျန်းရှို့ကို ခုန်ပြခါနီးတွင် ကျန်းရှို့က သူ့ကိုတားလိုက်ရသည်။ သူက ဒေါသတကြီးရယ်မိမလိုပင်။ “မင်းဘာလို့ နမော်နမဲ့နိုင်တာလဲ.. မင်းကိုယ်ဝန်ပျက်ကျသွားလိမ့်မယ်။ ဟုတ်ပြီဟုတ်ပြီ…ငါမင်းကိုယုံတယ်။ ဒါပေမယ့် အိမ်ပြန်ရင် ငါ့စကားနား​ထောင်ရမယ်။ ခန်းကုတင်ပေါ်မှာလှဲပြီး မသက်မသာဖြစ်တာနဲ့ ဟူလန်ကျုံးဆီ ချက်ချင်းသွားရမယ်။”

“အင်းပါ…ကတိပေးပါတယ်။” ထန်ချွန်းမင်က လက်မြှောက်ပြသည်။ ထိုကပ်ဘေးမှအဆင်ပြေသရွေ့ ကောင်းပါသည်။ အသက်ရှင်ဖို့ခက်ခဲပြီး သူက ကိုယ်ဝန်ရှိနေကြောင်း ထပ်ခါထပ်ခါ သတိပေးဖို့လိုသည်။ ဘုရား… ကလေးထွက်လာတဲ့ တစ်နေ့ကျရင် သူ့ဖင်ကို ကောာင်းကောင်းရိုက်ပစ်ဦးမည်။ ဒီတစ်ယောက်က အားလင်း​လောက် မလိမ္မာပေ။

လီဖုန်းနှင့် ယွိမုက ယနေ့ အိမ်၏မွမ်းမံမှုအခြေအနေကိုကြည့်ဖို့ ရောက်လာပြီး သဘောတူညီထားသော လုပ်အားခတွေကို ရွာလူကြီးအားပေးလိုက်သည်။ ကောနှစ်ယောက်ဖြစ်သည့် ထန်ချွန်းမင်နှင့် ကျန်းရှို့ အဝေးသို့ရောက်သွားသောအခါ သူတိုနောက်မှာ လူနှစ်ဦးက ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ ယွိမုက တခစ်ခစ်ရယ်နေဆဲပင်။ လီဖုန်းက သူ့ခေါင်းကို ဒေါသတကြီးရိုက်လိုက်သည်။ “မင်းဘာတွေတွေး​နေတာလဲ? မိသားစု ထူထောင်ချင်လို့လား?”

“မဟုတ်တာ…” ယွိမုက ​ပြုံးစိစိလုပ်နေတာကိုရပ်ပြီး ရုပ်တည်လိုက်သည်။ “ဒီလိုအကျင့်စရိုက်မျိုးနဲ့လူက အရမ်းကောင်းတယ်လို့ထင်တယ်။ မြို့ထဲက ရှက်တတ်တဲ့လူတွေထက် အများ​ကြီးရိုးသားတယ်။ အစ်ကိုကြီး ကျေးလက်မှာ ပြန်လာနေချင်တာ မဆန်းတော့ပါဘူး။”

လီဖုန်းက ခြေထောက်မြှော​က်ကာ မကျေမနပ်ကန်ပစ်လိုက်​သည်။ သူ့ရှေ့က ကောနှစ်ယောက်က ဟူလန်ကျုံးအိမ်ဘက်သွားနေပုံရပြီး လမ်းတစ်ဝက်ကနေ ပြန်လှည့်လာတာကို တွေ့လိုက်ရသည်။ လီဖုန်းက မျက်လွှာချလိုက်သည်။ သူ့အစ်ကိုဝမ်းကွဲ၏အိမ်က ကောလေးက သူ့ကိုတွေ့တော့ လန့်ပြီးအော်ခဲ့ပေမယ့် ယနေ့မှာ ဤကော​လေးက သူ့ကိုမကြောက်ခဲ့ပေ။ သူက မထွက်ခွာခင် သူ့ကို “ဦးလေးဖုန်း”လို့ပင် ခေါ်ခဲ့သေးသည်။ ထိုအသံလေးက လီဖုန်းရင်ထဲကို နွေးထွေးစေသည်။

လီဖုန်းက သူ့နှလုံးသားထဲမှာ နွေးထွေးမှုကို ခံစားခဲ့ရရုံတင်မကပဲ ထန်ချွန်းမင်ကလည်း အိမ်ပြန်ရောက်ပြီး ထိုအ​ကြောင်းစဥ်းစားရင်းဖြင့် အံ့သြခဲ့ရသေးသည်။ အားလင်းက လီဖုန်းကို ပွေ့ဖက်ဖို့ ဆန္ဒရှိသည်။ အားလင်းက တခြားသူများ၏ ပွေ့ဖက်ခံဖို့နေနေသာသာ သူစိမ်းတွေကို ကြောက်လန့်ပြီး ကြီးပြင်းခဲ့တာဖြစ်၏။

&&&&&&&&&&&&&

Chapter 16.2

ကျန်းရှို့က မီးဖိုချောင်မှ သိုးနို့သုံးပန်ကန်ကို ယူလာသည်။ သူ၏အတွေးက ထန်ချွန်းမင်နှင့်မတူပေ။ တစ်ပန်းကန်က ကိုယ်ဝန်ရှိနေသော ထန်ချွန်းမင်အတွက်ဖြစ်ပြီး အားလင်အတွက် တစ်ပန်းကန်နှင့် တာမောင်း၊အာမောင်းတို့နှစ်ယောက်အတွက် တစ်ပန်းကန်ဖြစ်၏။ ကျန်းရှို့က မျောက်နှစ်ကောင်ကို မြည်းစမ်းကြည့်ရုံနဲ့ လုံလောက်ပြီဟု ပြောခဲ့သည်။ ထိုအစား ကိုယ်ဝန်သည် သောက်တာက ပိုပြီး အာဟာရပြည့်ဝသည်။

ကလေးသုံးယောက် အတူတူထိုင်ပြီး သိုးနို့သောက်ကြသည်။ ကျန်းရှို့က တာမောင်းကို အိမ်ပြန်ခိုင်းပြီး နှစ်သစ်ကူးလက်ကျန် သကြားသွားယူခိုင်းခဲ့သည်။ ကလေးသုံးယောက်က ရနံ့မွှေးပြီး ချိုမြသော သိုးနို့ကိုတွေ့တော့ ချက်ချင်းပင် သောက်ချင်နေကြသည်။ တာမောင်းနှင့် အာမောင်းက တစ်​ယောက်တစ်ငုံစီ ဖြည်းဖြည်းချင်းသောက်နေ၏။

“သူတို့အတွက်စိတ်မပူနဲ့။ ဒီပန်းကန်သောက်လိုက်။ ငါမင်းကိုစောင့်ကြည့်နေတယ်။ အရူးလုပ်ဖို့ မကြိုးစားနဲ့။” ကျန်းရှို့က မင်ကောအာ၏ စိတ် ပိုပြီးတက်ကြွလာသည်ဟု ခံစားလိုက်ရသည်။ ဟုတ်သည်…တစ်ခါတစ်လေ ကိုယ်ဝန်သည်တွေက သူတို့ဗိုက်ထဲမှာ ကလေးရှိတာကိုပင် မေ့တတ်ကြသည်။ ယခုနကလိုပင် သာမန်ကိုယ်ဝန်သည်တစ်ယောက်က တခြားသူတွေနဲ့ ကြမ်းကြမ်းတမ်းတမ်း ရန်ဖြစ်ပါ့မလား? သို့သော် သူက အရင်ကထက် ပိုပွင့်လင်းလာပြီး အရာအားလုံးကို စိတ်ထဲမထားပေ။ တစ်ခုခုဆိုရင် ချက်ချင်းဖြေရှင်းပြီး နောက်မှမလုပ်ပေ။ ယခုလိုပင် သူက ချက်ချင်းဖြေရှင်းကာ ကျောက်မိသားစုအကြောင်းကို ထပ်မတွေးတော့ပေ။

ကျန်းရှို့က မင်ကောအာ၏ စိတ်နေစိတ်ထား ဘာလို့ရုတ်တရက် ပြောင်းလဲသွားတယ်ဆိုတာ မသိသော်လည်း သူ၏လက်ရှိပုံစံက လက်ရှိအခြေအနေနှင့် ပိုပြီးသင့်လျော်တာကို သံသယဝင်စရာမရှိချေ။ အရင်ကလို အရာအားလုံးကို နှလုံးသားထဲမှာ သိမ်းထားလျှင် ဗိုက်ထဲက ကလေးလေး ပျောက်သွားတာကြာပြီပင်။ သမားတော်ဟူကလည်း ယခင်က ဤကိစ္စကို စိုးရိမ်နေခဲ့သည်။

လင်းအာလေးကလည်း ကောင်းကောင်းပြုစုစောင့်ရှောက်ခံရသည်။ ရိုးရိုးသားသားပြောရရင် အရင်ကထက် ပိုဂရုစိုက််ခံရသည်။ “ထူးဆန်းလိုက်တာ… အားလင်းက အဲ့ဒီလီဖုန်းကို ဖက်ဖို့ ဆန္ဒရှိတယ်။ လီဖုန်းရဲ့မျက်နှာက ကြောက်စရာမကောင်းဘူးလို့ ထင်ရပေမယ့် သူက ရွာကလူတွေနဲ့ မတူဘူး။ သူက စကားပြောရမလွယ်ပေမယ့် အားလင်းကိုတော့ သဘောကောင်းတယ်လို့ မြင်တယ်။”

ထန်ချွန်းမင်က တာမောင်း၏ အခြေအနေအသေးစိတ်ရှင်းပြပုံကို နားထောင်ခဲ့သည်။ လီဖုန်းနဲ့ ယွိမုရောက်ရှိလာပြီးနောက်တွင် လီဖုန်းက အနိုင်ကျင့်ခံရတာကြောင့် ငိုနေသော အားလင်းကို ချော့ပေးခဲ့သည်။ ယွိမုက ရှေ့ကိိုတိုးလာပြီး နပန်းလုံးနေသော ကလေးတွေကို တစ်ယောက်စီခွဲထုတ်ခဲ့သည်။ အားလင်းအငိုတိတ်အောင် ချော့နိုင်ခဲ့သည့်အချက်က ထိုလူမှာ စိတ်ကောင်းရှိပြီး ထင်သလောက် မအေးစက်ကြောင်း ပြသနေသည်။ “ကလေးတွေရဲ့စိတ်ကရိုးရှင်း​ပြီး လူကြီးတွေလောက် မရှုပ်ထွေးဘူး။ ဘယ်သူက ကောင်းလဲ မကောင်းဘူးလဲ တစ်ချက်ကြည့်ရုံနဲ့ ခွဲခြားနိုင်တယ်။ မင်းရဲ့ခင်ပွန်း တာရှန်က အားလင်းကို အရမ်းစိတ်ရှည်ပြီး အားလင်းက လူကောင်းနဲ့ လူဆိုးကို ခွဲခြားနိုင်တယ်။”

“မှန်တယ်။ တာရှန်ပြန်လာတဲ့အခါ ငါသူနဲ့စကားပြောလိုက်မယ်။ နောင်မှာ လီဖုန်းအကူအညီလိုရင် နည်းနည်းလောက်ကူညီလို့ရတယ်။ သူတစ်ယောက်တည်းနေရတာ အဆင်မပြေလောက်ဘူး။” ကျန်းရှို့က ထန်ချွန်းမင်၏စကားကို ထောက်ခံခဲ့သည်။ ကလေးတွေမျက်လုံးက အကြည်လင်ဆုံးဖြစ်ပြီး သူတို့က လူကြီးတွေမမြင်နိုင်သော အရာတွေကို မြင်နိုင်တယ်လို့ တာရှန်ပြောဖူးသည်။ လီဖုန်းက တခြားသူတွေပြောသလို ကြောက်ဖို့ကောင်းရင် သူက သူ့ကိုရှောင်ခဲ့သင့်တာမလား? “သူပြန်လာရင် တာမောင်း၊အာမောင်းတို့နဲ့ အားလင်းကိုလည်း သူ့ဆီ ခေါ်သွားခိုင်းလိုက်ပါ။ ဒီလိုဆို အားလင်း ပိုပြီးသတ္တိရှိလာလိမ့်မယ်။”

ထန်ချွန်းမင်က ထိုအကြံပြုချက်ကို ကောင်းတယ်လို့ထင်ပြီး အားလင်းက လိမ္မာသည်။ သူ့ကို တစ်ယောက်တည်းလွှတ်ပေးပြီး အပြင်ကမ္ဘာကို ကြည့်ခိုင်းရမည်။ သူအနိုင်မကျင့်ခံရစေရန် ​ခက်ခဲကြမ်းတမ်းမှုကို ခံနိုင်ရည်ရှိဖို့လိုသည်။ နောက်မှာ သူအိမ်ထောင်ပြုခဲ့ရင် သူ့ကိုအနိုင်ကျင့်ရဲတဲ့သူက သေအောင်ရိုက်ခံရလိမ့်မည်။

ယနေ့ကိစ္စနှင့် ယခင်က ကျောက်မိသားစုနှင့် ရန်ဖြစ်ခဲ့ခြင်း​ကြောင့် သူက အကြမ်းဖက်တတ်တယ်လို့ လူတွေပြောကြမှာကို ထန်ချွန်းမင်သိသည်။ သို့သော် ထန်ချွန်းမင်က လုံးဝဂရုမစိုက်ပဲ သူ့လမ်းကြောင်းအတိုင်းသာ သွားဖို့ဆုံးဖြတ်ခဲ့သည်။ သူ ပြင်းပြင်းထန်ထန် မကြိုးစားရင် သူနဲ့သူ့သားက တခြားသူများ၏ အနိုင်ကျင့်ခံရလိမ့်မည်။ ရှန်းဖူလန်နှင့် ကျန်းရှို့လို ကောတွေက အပြင်ကအတင်းအဖျင်းတွေကြောင့် သူ့ကိုအဆက်ဖြတ်မှာမဟုတ်ပေ။

အလွန်ထင်ရှားသော ဥပမာတစ်ခုရှိသည်။ ယင်းမှာ ကျန်းရှန့်ရွာတွင် အလွန်ကြမ်းတမ်းတယ်လို့ နာမည်ကြီးသော သူ့မိထွေးဖြစ်၏။ ထိုနေ့က ဝမ်ချွန်းဟွာနှင့် မဆုံမီတွင် သူ့မိထွေးကိုမြင်သောအခါ သူလန့်သွားခဲ့သည်။ မူလပိုင်ရှင်၏ဖခင် ကွယ်လွန်ပြီးနောက် မိထွေးက သူ့ဖခင်ချန်ထားခဲ့သော မိသားစုစီးပွားရေးကို လူတွေ လိုချင်တပ်မက်မှုမဖြစ်စေရန် သေချာဂရုစိုက်ခဲ့သည်။ သူက လယ်မြေကို ကောင်းစွာစီမံခန့်ခွဲပြီး သူ့ဘဝက အိမ်ထောင်ဦးစီးယောကျာ်းရှိသော မိသားစုတွေထက် မဆိုးခဲ့ပေ။

သူ့မိထွေးက သူ၏စံပြပုဂ္ဂိုလ်ဖြစ်၏။

ဇနီးက သူ့ထက်တော်နေလို့ လက်ထပ်ဖို့ ကြောက်နေသော ယောကျာ်းဆိုလျှင် ထန်ချွန်းမင်က မလိုချင်ပေ။ သူအားလင်နဲ့သာ တစ်သက်လုံးနေသွားတော့မည်။

&&&

ရွာနောက်ဘက်ရှိကျောက်မိသားစုတွင်

ဝမ်ချွန်းဟွာက ထိတ်လန့်နေပြီး နေရာမှာ ခြေမထိန်းနိုင်ဖြစ်နေ၏။ သူက အရှက်ကွဲခဲ့သလို ခံစားလိုက်ရသည်။ အိမ်ပြန်လမ်းမှာ လေအေးတိုက်လို့ အိမ်ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ လဲကျသွားခဲ့သည်။ အကြီးဆုံးသားက ထိတ်လန့်သွားပြီး သူ့ချစ်လှစွာသောသားကို စစ်ဆေးရန် ဟူလန်ကျုံးကို ခေါ်ခဲ့သည်။ ကျောက်သုန့်က အိမ်ပြန်ရောက်ကတည်းက ခန်းပေါ်တွင် နာကျင်စွာငိုကြွေးနေပြီး တစ်ကိုယ်လုံးနာကျင်နေသည်။

“ဟူလန်ကျုံး… သူတို့နှစ်ယောက်ဘာဖြစ်တာလဲ? ဘာလို့ တစ်ယောက်က လန့်နေပြီး တစ်ယောက်က အရိုက်ခံရတာလဲ?” အကြီးဆုံးသားက စိုးရိမ်တကြီးမေးလိုက်သည်။ တစ်ယောက်က အိပ်ရာထဲမှာ တုန်ယင်နေပြီး တစ်ယောက်က ခန်းပေါ်မှာ အော်ဟစ်နေသည်။

ဟူလန်ကျုံးက သူ့မုတ်ဆိတ်ကိုထိကာ ပြောလိုက်သည်။ “မင်းဇနီးအတွက် ဆေးစွပ်ပြုတ် နှစ်မျိုး ညွှန်းပေးလိုက်မယ်။ သူသောက်ပြီးရင် သက်သာသွားလိမ့်မယ်။ နောက်ကျရင် မင်းဇနီးကို သတိထားဖို့ ပြောထားပါ။ မြောက်ပိုင်းက စစ်ပွဲတွေနဲ့ စစ်တိုက်ပြီး လွတ်မြောက်လာခဲ့တဲ့ စစ်သားတွေက အဆိုးဆုံးပဲ။ ဒီအဘိုးကြီးတောင် ရန်မစရဲဘူး။!”

.ရွာထဲမှာ လူအများကြီးရှိနေ၍ ဤအခြေအနေပျံ့သွားဖို့ အချိန်မကြာခဲ့ပေ။ ဝမ်ချွန်းဟွာ ပြောခဲ့တာကို ဟူလန်ကျုံးလည်းကြားသည်။ သူ့အမြင်မှာ သူနဲ့ထိုက်တန်သည်။ တစ်ရွာလုံးမှာ ပတ်အနိုင်ကျင့်ပြီးတော့ သူက ထိုစစ်သားရှေ့မှာ​တောင် အတင့်ရဲခဲ့သည်။ ဘယ်လောက်အရှက်မဲ့လိုက်လဲ…

အကြီးဆုံးသား၏မျက်နှာက ရုတ်တရက် ရှက်ရွံသွားပြီး ခဏကြာတော့ သူကပြောလိုက်သည်။ “ဒါပေမယ့် လူသန်ကြီးက ကောတစ်ယောက်ကို ဒီလိုဆက်ဆံလို့မရဘူးလေ။ သူက လူတွေကို ခြောက်လှန့်နေတာပဲ။”

“ဒါဆို မင်းဘာလုပ်ချင်လဲ?” ဟူလန်ကျုံးက ဒေါသထွက်သွားသည်။ “ဒီလိုလူက လူသတ်ရတာ အကျင့်ဖြစ်နေပြီလို့ ငါမင်းကိုပြောတယ်နော်။ နောင်မှာ ဘာဖြစ်ဖြစ် မင်းသေသွားရင်တောင် ငါ့အပြစ်မဟုတ်ဘူး။” ဟူလန်ကျုံးက ဆေးသေတ္တာကိုသယ်ကာ ထွက်သွားလေသည်။ သူက အကြီးဆုံးသားကို သဘောမကျပေ။ သူ့မှာ တကယ်ကျောရိုးရှိရင် သူ အပြင်ထွက်ပြီး သူ့ဇနီးကို ကာကွယ်ပေးလိမ့်မည်။ အိမ်မှာ ကောတစ်ယောက်လို ညည်းညူနေစရာလား? သူက သူ့ဇနီးလက်ထဲရောက်နေတာ မဆန်းတော့ချေ။

“နေပါဦး…နေပါဦး..” ဟူလန်ကျုံးထွက်သွားတာတွေ့သော သူဌေးကျောက်က အမြန်တားလိုက်ရသည်။ “အားသုန့်ကို ဘာလုပ်ပေးရမလဲ မပြောရသေးဘူး။”

“ပြင်းထန်တဲ့ဖျားနာမှုကနေ ပြန်ကောင်းလာတဲ့ ယောကျာ်းတစ်ယောက်က အားရှိပါ့မလား? လှဲနေခိုင်း… ရက်အနည်းငယ်လောက် လှဲနေခိုင်းလိုက်… သူဆေးမလိုဘူး။” ဟူလန်ကျုံးက ထိုစကားပြောပြီးနောက် ထွက်သွားသည်။

သူ ခြံထဲရောက်သောအခါ အိပ်ရှေ့ခန်းမှာ ဘိုးဘိုးကျောက် ဆဲဆိုနေတာကို ကြားလိုက်ရသည်။ သူက ထန်ချွန်းမင်ကို ဘေးဒုက္ခဖြစ်စေသော လာဘ်ပိတ်ကောင်ဟု ပြောနေသည်။ ဟူလန်ကျုံးက သက်ပြင်းချကာ ခေါင်းခါလိုက်သည်။ ကျောက်မိသားစုက ပို၍ပင် မိုက်ရိုင်းလာသည်။ ကံအားလျော်စွာ ကျောက်မိသားစု၏ တတိယအကြီးအကဲဦးလေးက ဘိုးဘိုးကျောက်နှင့် စကားပြောခဲ့သည်။ မဟုတ်ပါက ဘိုးဘိုးကျောက်သည် မင်ကောအာ၏အိမ်ကိုသွားပြီး နောက်တစ်ကြိမ် ပြဿနာရှာလောက်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment