no

Font
Theme

ဆေးလ်တစ်ယောက် အပြင်ဘက်မှဆူညံသံများကြောင့် နိုးလာခဲ့သည်။ ကိုင်နာ တိုင်းပြည်ရေးရာကိစ္စများကို ကိုင်တွယ်ဖို့ သူ(မ)ကိုမနှိုးဘဲ မနက်စောစောထသွားတိုင်း သူ(မ)မျက်လုံးနှစ်လုံးပွင့်လာသည့်အချိန်မှာ အီနင်းက ထိုနေရာမှာရှိနေတတ်သည်။


မိုးသောက်ချိန်တုန်းက သူ(မ) သူ့ကို အိပ်ချင်နေသောမျက်လုံးများဖြင့် လိုက်ပို့ခဲ့စဥ် သူက ဆေးလ်၏နဖူးကို ညင်သာစွာနမ်းရှိုက်ခဲ့ပြီး အမြန်ဆုံးပြန်လာမည်ဟု ပြောခဲ့လေ၏။ သူ အိပ်ခန်းထဲကနေထွက်သွားပြီးနောက် နိုးတော့မည့်ဆဲဆဲဖြစ်နေသောဆေးလ်မှာ နောက်တစ်ကြိမ်ထပ်ပြီး အိပ်ပျော်သွားခဲ့သည်။


"နှိုးလာပါပြီလား အရှင်မ။"


"အရှင်ကိုင်- အရှင်မင်းကြီး သွားပြီလား။"


"ဟုတ်ကဲ့။ သူက အရှင်မကို ကောင်းကောင်းဂရုစိုက်ဖို့ ကျွန်မတို့ကိုမှာခဲ့ပြီး ထွက်သွားပါပြီ။"


ထိုသို့ပြောနေချိန်မှာ အီနင်း၏မျက်နှာက မည်းမှောင်နေ၏။ ဆေးလ်သည် ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများကိုဖွင့်ရန် ရုန်းကန်နေခဲ့ရပြီး ဤအချိန်အတောအတွင်း ကိုင်နာ ဘာဖြစ်သွားသလဲကို သိချင်နေခဲ့သည်။


"အပြင်မှာ ဆူညံနေတယ်..."


"စိတ်မပူပါနဲ့ အရှင်မ။"


အီနင်း ယခုလိုမျိုး မာကျောသည့်လေသံဖြင့်ပြောဖူးတာကို သူ(မ) ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်၏။ ဆေးလ် ထရပ်လိုက်ချိန်မှာ တံခါးဖွင့်သံကို ကြားလိုက်ရသည်။


"ဒါ ဘယ်လိုစော်ကားမှုမျိုးလဲ။"


အီနင်းက အသံမြှင့်ကာ ဆေးလ်မမြင်နိုင်စေရန် ပွင့်လာသောတံခါးအဟကြားကို လျင်မြန်စွာဖုံးကွယ်လိုက်သော်လည်း သူ(မ) အားလုံးကိုမြင်တွေ့လိုက်ရသည်။ လှုပ်လှုပ်ရှားရှားဖြစ်နေကြသော လူများရှိနေ၏။ လှပသောအဝတ်အစားများနှင့် အမျိုးသမီးများက ရယ်မောနေကြသည်။


"အမယ်လေး၊ အရှင်က ဒီမှာရှိနေလား။"


သူ(မ)က ဆေးလ်နှင့် အသက်အရွယ်တူအမျိုးသမီးတစ်ဦးဖြစ်သည်။ ခမ်းနားသောအဝတ်အစားများနှင့် တောက်ပြောင်သောရတနာများကို ဝတ်ဆင်ထားသည့်သူ(မ)က ဆေးလ်ကို စူးစိုက်ကြည့်လာပြီး ပြုံးလာခဲ့၏။


"အာ၊ ဒါက အရှင်မင်းကြီးရဲ့သဘောကျအနှစ်သက်ဆုံး ကိုယ်လုပ်တော်ပဲကိုး။"


ထို့နောက် သူ(မ)က ဆေးလ်ကို ထေ့ငေါ့သောဦးညွတ်မှုနှင့် နှုတ်ဆက်ခဲ့သည်။ ယင်းက သရော်လှောင်ပြောင်သည့်လုပ်ရပ်မှန်း သိသာလှပေသည်။


"အရှင်မင်းကြီးသိသွားရင် တိတ်တိတ်လေးနေနေမှာမဟုတ်ဘူးနော် စူဇန်!"


"ဟား ဟား ဟား၊ ကျွန်မက စနေတာပါ အီနင်းရဲ့။ သူ(မ)ရဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကို ကြည့်လိုက်ပါဦး။ ကျွန်မတို့ရဲ့ ကိုယ်လုပ်တော်လေးကလည်း ချစ်စရာကောင်းတာပဲ။"


သူ(မ)က အီနင်းနှင့် ရင်းနှီးပုံပင်။ စူဇန်က ဆေးလ်ဆီသို့ချဥ်းကပ်လာခဲ့ပြီး သူ(မ)ကိုလည်း တူညီသောဖော်ရွေမှုနှင့်အတူ နာမည်ခေါ်လာခဲ့၏။


"တွေ့ရတာဝမ်းသာပါတယ်။ ကျွန်မနာမည်က စူဇန်၊ အမတ်အဲလ်ဘတ်ရဲ့တစ်ဦးတည်းသောသမီးလေ။ ကျွန်မက ဒီနေ့မှ မောင်းမဆောင်ထဲရောက်လာတာ။"


"ဆေးလ်။ ကျွန်မက ဆေးလ်ပါ။"


ဆေးလ် ထထိုင်လိုက်ချိန်မှာ ရှည်လျားသော ၎င်းတို့၏ညအတွင်းမှာ ကိုင်နာဆီကရရှိခဲ့သော အချစ်သင်္ကေတများကို စူဇန်မြင်လိုက်ရသည်။ သူ(မ)က အခိုက်အတန့်တစ်ခုလောက် မျက်မှောင်ကြုတ်လိုက်မိသော်လည်း ဆေးလ်မမြင်နိုင်ခင် အမူအရာကို ပြန်လည်ပြင်ဆင်လိုက်သည်။


"ကျွန်မအပြင် နောက်ထပ်တခြားအယောက်နှစ်ဆယ်လည်း ဝင်လာခဲ့တယ်။ အစကတည်းက ဆူတန်အသစ်နန်းတက်ချိန်ဆို အမတ်တွေအားလုံး အိမ်ထောင်မရှိတဲ့သမီးကညာတွေကို ဆက်သရတာက အစဥ်အလာတစ်ခုပဲလေ။"


"အစည်းအဝေးမှာ အရှင်မင်းကြီးက အဲ့ဒီစနစ်ကို ဖယ်ရှားဖို့ပြောခဲ့တာ သေချာပါတယ်..."


"သူက အပြောပဲရှိတာလေ၊ ဒါပေမဲ့ တကယ်ဖယ်ရှားခဲ့လို့လား။ အဲ့လိုဆိုရင်တော့ ရှင် ကျွန်မတို့ကို ခေါ်ထုတ်သွားနိုင်တာပေါ့။"


စူဇန်က ယုံကြည်ချက်ရှိနေ၏။ သူ(မ)အနောက်ကနေ ဤနေရာကိုချောင်းကြည့်နေကြသော အမျိုးသမီးများ၏မျက်လုံးများထဲမှာ ဆေးလ်အပေါ်ဦးတည်နေသည့် မနာလိုမှုများနှင့် ပြည့်နှက်နေသည်။ ဆေးလ်အနေနှင့် ထိုကဲ့သို့အကြည့်များကို လက်ခံရရှိဖို့ မျှော်လင့်ထားပြီးသားဖြစ်၏။ တစ်နေ့မှာ ဤနေရာ၌ တစ်ဖန်ပြည့်နှက်လာဦးမည်ကို သူ(မ)သိထားပြီးသားမဟုတ်လော။


"မောင်းမဆောင်က ပြည့်နှက်လာလိမ့်မယ်။ အမျိုးသမီးအလှလေးတွေနဲ့ ပြည့်နှက်လာတဲ့အချိန်ကျ ဆူတန်ရဲ့အကြိုက်က ပြောင်းလဲသွားနိုင်တာပဲလေ။"


ယခု ဝင်ရောက်လာသောအမျိုးသမီးများက အနည်းငယ်သာရှိသေးသည်။ စူဇန်တစ်ယောက် နောက်ဆုံးမှာ သူ(မ)က နန်းတော်ထဲကို ဝင်လာလိမ့်မည်ဟုပြောပြီးနောက် အခန်းထဲကနေ ထွက်ခွာသွားခဲ့လေ၏။


"အရှင်မင်းကြီးရောက်လာတဲ့အချိန်ကျ အရာအားလုံး အဆင်ပြေသွားပါလိမ့်မယ်။"


"အာ၊ ဟုတ်ပါပြီ အီနင်း။"


စူဇန် တမင်သက်သက်ဖွင့်ထားခဲ့သော အခန်းတံခါးကို အီနင်းက ပြန်ပိတ်လိုက်သည်။ သို့သော်လည်း ၎င်းတို့၏ရယ်သံများနှင့် လှုပ်ရှားသံများကို ကြားနေရဆဲပင်။ သူ(မ) လွန်ခဲ့သောအခိုက်အတန့်တုန်းက အဆင်ပြေခဲ့သော်လည်း ယခု အနှီအသံများက သူ(မ)ကို အဘယ့်ကြောင့် အဆင်မပြေဖြစ်စေသနည်း။


"အရှင်မ။"


"ကျွန်မ စာကြည့်တိုက်ကိုသွားဖို့လိုတယ်။"


ထိုနေရာက ဤအသံများရှိရာကနေ လွတ်မြောက်နိုင်မည့် နေရာကောင်းတစ်ခုပင်။ ဆေးလ်တစ်ယောက် အတိတ်ဆိတ်ဆုံးသော စာကြည့်တိုက်ကို ပြန်လည်တွေးတောလိုက်ပြီး အချိန်အတော်ကြာမှ သူ(မ) ထိုနေရာကိုသွားမည်ဟု ထပ်ပြောလိုက်သည်။ ကိုင်နာ နန်းတက်ပြီးနောက်ပိုင်း ဆေးလ် စာကြည့်တိုက်ကို သေချာမသွားရသေးပေ။ သူ(မ) စာကြည့်တိုက်၏တည်ရှိမှုကို လုံးဝမေ့လျော့နေခဲ့သည်။ သို့သော် သူက သူ(မ)ကို နေရာတိုင်းသွားခွင့်ပေးထားရာ သူ(မ) နန်းတော်ထဲကို လှည့်ပတ်ကြည့်ခဲ့ပြီးနောက် ယခု စာကြည့်တိုက်ကို တွေးမိသွား၏။


"သွားမှာပါလား။"


အီနင်းကလည်း ဆေးလ် ဤနေရာမှာရှိမနေတာက သူ(မ)အတွက် ပိုကောင်းသည်ဟု တွေးလိုက်လေ၏။


"မနက်က အရှင်မင်းကြီး အရှင်မရဲ့ခန္ဓာကိုယ်ကို သန့်ရှင်းပေးခဲ့ပြီးပါပြီ။ ကျွန်မ အရှင်မ ရေမြန်မြန်ချိုးလို့ရအောင် ပြင်ဆင်ပေးပါ့မယ်။"


ဆေးလ်က ခေါင်းညိတ်ပြလိုက်၏။ ၎င်းက အဆင်ပြေလောက်သည်။ သိပ်မကြာခင် သူ(မ)က အခြားအစေခံများယူလာသောရေနှင့် ကိုယ့်ဘာသာကိုယ် ဆေးကြောလိုက်လေသည်။ ထို့နောက် ကိုင်နာပေးထားသော လှပသည့် ခရမ်းရောင်ပိုးသားဝတ်စုံကို ဝတ်ဆင်ပြီးနောက် ဆေးလ် အပြင်ထွက်လာခဲ့သည်။ ချက်ချင်းဆိုသလို သူ(မ)၏ပတ်ဝန်းကျင်က တဖြည်းဖြည်း တိတ်ဆိတ်လာခဲ့ပြီး သူ(မ)ကိုကြည့်နေသော မျက်လုံးများက လျော့ကျလာခဲ့သည်။


ဆေးလ် ထိုနေရာကနေထွက်လာပြီးနောက်မှ အသက်ရှူနိုင်ခဲ့ပြီး စာကြည့်တိုက်ကိုသွားရာလမ်းတစ်လျှောက်လုံး သူ(မ)၏နောက်ကျောမှ အကြည့်များကို ခံစားမိနေခဲ့၏။


"စာကြည့်တိုက်ကို ကျွန်မတစ်ယောက်တည်း သွားလိုက်ပါ့မယ်။"


"အရှင်မဘယ်သွားသွား ကျွန်မကို လိုက်ရမယ်လို့ မှာကြားထားပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကိုတော့ လိုက်ခွင့်ပေးပါ။"


ဆေးလ်က တွန့်ဆုတ်စွာဖြင့် သဘောတူလိုက်ပြီး အီနင်းတစ်ယောက်တည်းနှင့်အတူ စာကြည့်တိုက်ထဲ ဝင်လာခဲ့လိုက်သည်။ စာကြည့်တိုက်က သူ(မ)မျှော်လင့်ထားသလို တိတ်ဆိတ်နေ၏။ စာရွက်အဟောင်း၏ရနံ့များက သူ(မ)ကို တည်ငြိမ်စေပြီး မှတ််ဉာဏ်ဟောင်းများကို ပြန်လည်ယူဆောင်ပေးခဲ့သည်။ ဤသည်မှာ ဆေးလ်အတွက် အထူးတလှယ်နေရာတစ်ခုပင်။ ဤနေရာက သူ(မ) ကိုင်နာ့ကို ပထမဆုံးတွေ့ခဲ့သည့်နေရာဖြစ်သည်။ ဆေးလ်တစ်ယောက် ဝမ်းနည်းစွာပြုံးလိုက်ပြီး သူ စာအုပ်ဖတ်လျှင် ထိုင်နေကျနေရာလေးကို သူ(မ)၏လက်ဖဝါးဖြင့် ဖြည်းဖြည်းချင်းပွတ်သုတ်လိုက်သည်။


"ဒီမှာ လျှို့ဝှက်နေရာတစ်ခုရှိတယ်လို့ ကျွန်မကြားဖူးတယ်။"


အီနင်းက ဆေးလ်ကိုပြောလာ၏။


"လျှို့ဝှက်...နေရာ?"


"အဲ့ဒါ အရှင်မင်းကြီး ပြောခဲ့တာလေ...? အိုး၊ သခင်မလေးဆေးလ်ရေ၊ သူက ကျွန်မကို ဒီအကြောင်းတွေမပြောပြဖို့ မှာထားတာ။"


ဆေးလ် ခေါင်းလေးကို စောင်းငဲ့လိုက်၏။ သူ(မ) တစ်စုံတစ်ခုကို မှတ်မိသွားပုံပင်။ ၎င်းက သူ(မ)တစ်ယောက်တည်းသာသိသော လျှို့ဝှက်နေရာဖြစ်သော်လည်း ကိုင်နာက ထိုအကြောင်းကို မည်သို့သိသနည်း။


"ဟူး... အရှင်မင်းကြီးက အရှင်မကို မပြောပြဖို့ ကျွန််မကို အမိန့်ပေးခဲ့ပေမဲ့ အရှင်မရဲ့မျက်နှာကိုတွေ့လိုက်ရတော့ ကျွန်မ သဲလွန်စလေးတစ်ခု ပေးလိုက်ပါ့မယ်။"


သူ(မ) နားမလည်တာကို မြင်လိုက်ရသောအခါ အီနင်းက သက်ပြင်းချလိုက်သည်။


"လွန်ခဲ့တဲ့ငါးနှစ်၊ အရှင်မင်းကြီး မင်းသားတစ်ပါးဖြစ်နေချိန်မှာ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်။"


ငါးနှစ်၊ လွန်ခဲ့သောငါးနှစ်...


"အရှင်မင်းကြီးကို ဒီနေရာမှာဝှက်ထားပေးခဲ့တဲ့သူက အရှင်မလို့ ကျွန်မကိုပြောပြခဲ့ပါတယ်။"


ဆေးလ် သူ(မ)၏ပါးစပ်ကို လက်နှစ်ဖက်ဖြင့်အုပ်လိုက်သည်။ သူ(မ)တောင် သတိမထားမိလိုက်ဘဲ အသက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်မိသည်။


လွန်ခဲ့သောငါးနှစ်က ထိုနေ့သည် သူ(မ)အတွက်လည်း မေ့မရနိုင်သောနေ့တစ်နေ့ဖြစ်ခဲ့သည်။


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment