no

Font
Theme

ဆေးလ် နေရောင်ခြည်၏ရနံ့မျိုးရနေသည်။ သူ(မ) ထိုရနံ့ကို နောက်ဆုံးခံခဲ့ရသည်မှာ ဘယ်အချိန်ကဆိုသည်ကိုပင် မေ့နေလေပြီ။ အိစက်နေသောခေါင်းအုံးမှ ထလိုက်ချိန်တွင် ရနေသောထိုအနံ့အသက်ကို သူ(မ) သဘောကျသည်။ သို့သော် သူ(မ)တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသကဲ့သို့ စေးကပ်နာကျင်နေ၏။ စောင်ကိုဆွဲတင်ရန် လက်မြှောက်လိုက်ချိန်တွင် နာကျင်မှုကို ခံစားလိုက်ရသည်။ သူ(မ) ချက်ချင်းဆိုသလို လန့်နိုးသွားတော့သည်။


မျက်လုံးဖွင့်လိုက်သည်နှင့် ဆေးလ်မြင်လိုက်ရသည့် ပထမဆုံးသောအရာမှာ အိပ်ယာပေါ်သို့ ကျရောက်နေသော နေရောင်ခြည်နွေးနွေးကိုပင်။


ဆေးလ်၏အခန်းက နေရောင်ခြည်မကျရောက်သော မောင်းမဆောင်၏အစွန်ဆုံးအခန်းဖြစ်သည်။ ဒါက သူ(မ)၏အခန်းထက် ဆယ်ဆကြီးနေသောကြောင့် သူ(မ)အခန်းမဟုတ်ပေ။ အခန်းတစ်ခုလုံး ပတ်ကြည့်လိုက်သော်လည်း သူ(မ)တစ်ဦးတည်းသာဖြစ်နေ၏။


"အား.."


လက်ဖဝါးထံမှ စူးရှသည့်နာကျင်မှုကို ခံစားလိုက်ရပြန်သည်။ ငုံ့ကြည့်လိုက်ရာ သူ(မ)၏လက်နှစ်ဖက်လုံးတွင် ပတ်တီးများရှိနေ၏။


မနေ့ညက ဘာဖြစ်ခဲ့သည်ကိုမှတ်မိရန် သူ(မ)ကြိုးစားလိုက်သည်။ မင်းသားကိုင်နာ၏ပခုံးပေါ် အန်ချလိုက်ပြီးနောက် သူ(မ) သတိမေ့သွားခဲ့သည်။ ဒါက သူ(မ)၏ နောက်ဆုံးမှတ်ဉာဏ်ပင်။


ထိုကိစ္စပြီးနောက် ဘာဆက်ဖြစ်ခဲ့သည်နှင့် အမြဲလိုလို ဆူညံနေသောမောင်းမဆောင်က ဘာလို့ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်နေသည်ကို သူ(မ)မသိပေ။


ပြတင်းတံခါးတွင် ငှက်ကလေးက တေးသီနေ၏။ ထိုအသံကြောင့် အသိစိတ်ပြန်ဝင်လာသဖြင့် သူ(မ) ထရပ်လိုက်သည်။


ကော်ဇောပေါ်သို့ ခြေချမိချိန်တွင် ညာခြေမှ နာကျင်မှုကိုခံစားလိုက်ရသည်။ အမှန်ပြောရလျှင် သူ(မ)တစ်ကိုယ်လုံး မနာကျင်သည့်နေရာ မရှိပေ။ ပခုံးများ၊ ခြေထောက်နှစ်ဖက်လုံးနှင့် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေခြင်းဖြစ်သည်။ ထို့နောက် ဆူတန်က သူ(မ)ကို ဘယ်လိုမျိုး ရမ္မက်ကြီးစွာဆက်ဆံခဲ့သည်ကို ပြန်အမှတ်ရသွား၏။


မနေ့ညက အိပ်မက်ဆိုးတစ်ခုလိုပင်။


သူ(မ) တံခါးဖွင့်၍ အပြင်ထွက်လိုက်သော်လည်း မည်သူမှရှိမနေပေ။ ဝတ်စုံပြည့်ဝတ်စားကာ ရယ်မောနေသည့် အမျိုးသမီးများဖြင့် ပြည့်နေခဲ့သောနေရာက ယခု ဘာမှမရှိတော့ပေ။


ဆေးလ်တစ်ယောက်တည်းသာ ဖြစ်နေတော့၏။


ဆေးလ် ငြိမ်သက်စွာရပ်နေခဲ့ပြီး နှမြောသည့်အကြည့်ဖြင့် အိပ်ခန်းဆောင်အကျယ်ကြီးကို ကြည့်လိုက်သည်။ အမှန်ပြောရလျှင် သူ(မ) နေရောင်အောက်တွင် နေ'နေရသည့်အတွက် ဆန္ဒပြည့်ဝသွားသလို ခံစားလိုက်ရ၏။


"နှုတ်ဆက်ပါတယ်။"


ဆေးလ် ပြတင်းပေါက်ဘောင်မှ ငှက်ကလေးက်ိုကြည့်ပြီး နှုတ်ဆက်စကားဆိုလိုက်ကာ တံခါးပိတ်လိုက်သည်။


ခန္ဓာကိုယ်မှ နာကျင်မှုများကို ခံစားလာရပြီးနောက် ဆာလောင်လာပြန်၏။ ပုံမှန်ဆိုလျှင် သူ(မ)က ညအချိန်ထိုင်၍အနားယူသောအခန်းထဲတွင် အစားအသောက်အကြွင်းအကျန်များကို စားလေ့ရှိသည်။


သူ(မ) ထိုအခန်းသို့သွားလိုက်သော်လည်း လူတစ်ယောက်မှမရှိသလို အစားအသောက်များလည်း ရှိမနေခဲ့ပေ။ ဗိုက်ကိုနှိပ်ရင်း သူ(မ)၏အိပ်ခန်းရှိရာသို့ ပြန်လှည့်လာခဲ့တော့သည်။


အိုဟောင်းနေသည့်တံခါးကြီးကိုဖွင့်လိုက်ရာ ရင်းနှီးနေသည့်အမှောင်ထုက သူ(မ)ကို စောင့်ကြိုနေသည်ကို မြင်လိုက်ရ၏။


ထိုနေရာကသာ သူ(မ)ကို အမှောင်ထုထဲတွင် သက်တောင့်သက်သာဖြစ်စေသောနေရာဖြစ်သည်။ ဆေးလ် အိပ်ရာကိုအသုံးမပြုခဲ့သည်မှာ အတော်ကြာနေလေပြီ။


အိပ်ရာက အလွန်အေးစက်နေသလို ခံစားရပြီး သူ(မ)အနေနှင့် အမှောင်ထုထဲ ပို၍နက်ရှိုင်းစွာရောက်သွားသလိုပင်။ ထို့ကြောင့် အိပ်ရာပေါ်မသွားဘဲ အခန်းထောင့်တွင်သာ ခန္ဓာက်ိုယ်ကို ကွေး၍နေလိုက်၏။


"ကျွန်မ နောက်တစ်ကြိမ် မျက်လုံးမဖွင့်ချင်တော့ဘူး။"


ဆေးလ် ထိုသို့ နေ့တိုင်းဆုတောင်းခဲ့သည်။


မျက်လုံးမှိတ်လိုက်ကာ အိပ်ပျော်သွားပြီး ဘယ်တော့မှ ပြန်မနိုးလာလိုတော့ပေ။ သူ(မ) ဤနေရာမှ မလွတ်မြောက်နိုင်လျှင် ဤနေရာတွင်သာ သေဆုံးလိုသည်။


~~~


ကိုင်နာ၏အကြည့်က ဓားသွားကဲ့သို့ စူးရှနေ၏။ သူ၏ အေးစက်စက်အကြည့်အောက်တွင် အစေခံများက မြေပေါ်လဲကျကာ ခွင့်လွှတ်မှုကို တောင်းခံနေကြသည်။


"ကျွန်မ... ကျွန်မတို့ ခဏလောက်ပဲ နေရာမှာမရှိခဲ့တာပါ။ ဒါပေမဲ့_"


"ဒီအခန်းထဲကနေ မင်းတို့အတူတူ ထွက်သွားခဲ့တယ်လို့ ပြောနေတာလား။"


အချိန်သုံးရက် ကုန်သွားခဲ့ပြီ။ သူ(မ)က တစ်ချိန်လုံး သတိမေ့နေခဲ့သည့်အတွက် သူ(မ)ကိုစောင့်ကြည့်နေသော အစေခံလေးယောက်က အဆာပြေမုန့်စားရန် ထွက်သွားခဲ့ခြင်းဖြစ်သည်။ သူတို့ပြန်ရောက်လာချိန်မှာ အခန်းထဲတွင် လူမရှိတော့ပေ။ ဆူတန်မသိခင်မှာ ဆေးလ်ကိုရှာကြသော်လည်း မတွေ့ခင်မှာပဲ သူကရောက်လာ၏။


"အရှင်မင်းကြီး။"


"သူတို့အားလုံးကို ခေါင်းဖြတ်လိုက်။"


ထိုသို့ အကြင်နာမဲ့သောစကားများ သူ၏နှုတ်မှ ထွက်လာသည့်အတွက် အစေခံများက တောင်းပန်လိုက်ကြသည်။


"ကျေးဇူးပြုပြီး ကျွန်မတို့ကို တစ်ကြိမ်လောက်ခွင့်လွှတ်ပေးပါ! ဆူတန်!"


"ကျွန်မတို့ သူ(မ)ကိုရှာပေးပါမယ်။ သူ(မ)ကို ရှာပေးပြီးတော့..."


"ငါ့ဘာသာပဲ ရှာလိုက်မယ်။ မင်းတို့က အပြစ်တွေကို သေခြင်းတရားနဲ့ ပေးဆပ်လိုက်တော့။"


ထိုသို့အကြင်နာမဲ့သောစကားများပြောပြီးနောက် ကိုင်နာ တစ်ဖက်လှည့်သွားလိုက်သည်။ သူ၏ဘေးရှိ ရဲမက်များက ထိုအော်ဟစ်နေသော အစေခံများကို မောင်းမဆောင်မှ ဆွဲထုတ်သွားသည်။


"ဟာဆန်။"


"အမိန့်ရှိပါ ဆူတန်။"


ကိုင်နာ၏ဘေးတွင် အမြဲရှိနေသည့်မိတ်ဆွေဖြစ်သူ ရဲမက်ခေါင်းဆောင် ဟာဆန်က ဒူးထောက်လျက် သူ၏အမိန့်ကိုစောင့်နေ၏။


"မောင်းမဆောင်အပြင်ကို ဘယ်သူမှထွက်မလာဘူးဆိုရင် သူ(မ) အထဲမှာရှိနေသေးတယ်ဆိုတဲ့ သဘောပဲ။ ရှာလိုက်ကြ။"


"ဟုတ်ကဲ့ပါ။"


ထို့နောက် သူ၏လူများက အခန်းပေါင်း ၁၅၀ လောက်ရှိသောမောင်းမဆောင်ကိုရှာဖွေကြတော့သည်။


"မောင်းမဆောင်ကို တာဝန်ကျတဲ့သူက ဒီမှာမရှိသေးဘူးလား။"


ကိုင်နာ ဆူတန်ဖြစ်လာသည်မှာ သုံးရက်ရှိပြီဖြစ်ပြီး ဆူတန်အသစ်တက်တိုင်း နေရာခွဲအသီးသီး၌ ခေါင်းဆောင်အပြောင်းအလဲ လုပ်လေ့ရှိသည်။


ဆေးလ်၏ပျောက်ကွယ်သွားမှုကြောင့် သူက အချုပ်ထဲထည့်ထားသည့် မောင်းမဆောင်တာဝန်ခံကို ခေါ်လာရန်အမိန့်ပေးလိုက်၏။


"သူ ရောက်လာပါပြီ အရှင်မင်းကြီး။"

အစေခံတစ်ယောက်က အလျင်အမြန်ဒူးထောက်၍ ပြောလိုက်ခြင်းပင်။


"ငါ မေးစရာရှိတယ်။"


"ဟုတ်ကဲ့ အရှင်မင်းကြီး။"


"ဆေးလ်ရဲ့အခန်းက ဘယ်မှာလဲ။"


ဒူးထောက်နေသည့်အစေခံက ဆေးလ်က ဘယ်သူလဲဆိုသည်ကို တွေးမရဖြစ်နေ၏။ ဆူတန်က အမျိုးသမီးတစ်ယောက်ကိုရှာလိုသဖြင့် မောင်းမဆောင်တာဝန်ခံဖြစ်သော သူ့ကိုခေါ်ရန် ရဲမက်များကို အမိန့်ပေးခဲ့သည်။ ဆူတန်အသစ်က မောင်းမဆောင်မှ တစ်ယောက်ယောက်ကို သဘောကျနေပုံရသည်။ သားဖြစ်သူက အဖေ၏အမျိုးသမီးကို စိတ်ဝင်စားသည်က မကြားဖူးသည့်အရာတော့မဟုတ်ပေ။


ဒူးထောက်နေသည့် အစေခံက ဆေးလ်ဆိုသူကို မှတ်မိရန်ကြိုးစားနေ၏။ သားဖြစ်သူက အဖေရဲ့အမျိုးသမီးကိုယူသည်မှာ အမှားတော့မရှိပေ။ ဆူတန်က မောင်းမဆောင်တာဝန်ခံဖြစ်သော သူ့ကိုခေါ်ရခြင်းမှာ အမျိုးသမီးတစ်ယောက်ကို ရှာရန်ဖြစ်သည့်အတွက် ထိုအမျိုးသမီးကို သဘောကျနေပုံရသည်။


သူ့အနေနှင့် အသက်ရှင်ရန် အခွင့်အလမ်းရလာလေပြီ။ ဆူတန်၏သဘောကျခြင်းခံရသော အမျိုးသမီးတိုင်းအကြောင်း တွေးနေသော်လည်း ဆေးလ်ဟူသောအမျိုးသမီးကိုတော့ လုံးဝမမှတ်မိသလို မောင်းမဆောင်ကလည်း သူ၏အမြင်တွင် တိတ်ဆိတ်နေလေသည်။


"မှတ်မိဖို့အတွက် လက်တစ်ချောင်းဖြတ်ပေးရမလား။"


ကိုင်နာက စိတ်ရှုပ်စွာဖြင့် ပြောလိုက်ခြင်းပင်။


"မလုပ်ပါနဲ့ ဆူတန်။ ကျွန်တော်မှတ်မိပါပြီ။"


ထိုအခါမှသာ သူမှတ်မိသွားတော့၏။ အမြဲတမ်းလိုလို ခေါင်းပဝါခြုံထားသည့်မိန်းကလေး။ နေ့အချိန်တွင် သူ(မ)ဘယ်နေရာတွင် ပုန်းနေသည်ကို ဘယ်သူမှမသိပေ။ သူက သူ(မ)ကို ညအချိန် အကြွင်းအကျန်များလာစားသည့် အကြိမ်အနည်းငယ်သာ တွေ့ဖူး၏။


"မြောက်ဘက်ကအခန်း၊ မြောက်ဘက်အစွန်ဆုံးက အခန်းပါ။"


မှတ်မိသွားပြီးနောက် သူ့ကိုယ်သူချီးကျူးလိုက်ပြီး တုံ့ဆိုင်းစွာဖြင့် ဆူတန်အား အဖြေပြန်ပေးလိုက်၏။ ထိုအစေခံ၏ဘေးမှဖြတ်သွားကာ ကိုင်နာက မြောက်ဘက်အစွန်ဆုံးအခန်းသို့ ဦးတည််၍သွားလိုက်တော့သည်။


အခန်းပေါင်းများစွာကို ဖြတ်သန်းလာခဲ့ပြီးနောက် အစွန်ဆုံးထောင့်သို့ရောက်သောအခါ အိုဟောင်းနေသည့်တံခါးကြီး၏ လက်ကိုင်က သူ၏အမြင်အာရုံကို ဖမ်းစားလိုက်၏။ ဖြည်းဖြည်းချင်း တံခါးဖွင့်လိုက်ရာ တစ်ခန်းလုံးမှောင်နေသောကြောင့် အခန်းထဲတွင် ဘာရှိနေသည်ကိုပင် မှန်းမရနိုင်ပေ။


"ဖယောင်းတိုင် ယူလာခဲ့ပါ့မယ် အရှင်မင်းကြီး။"


သူမသိလိုက်ခင်မှာပဲ ကိုင်နာ၏အနီးသို့ကပ်လာသော ဟာဆန်က အစေခံတစ်ယောက်ကို အမိန့်ပေးတော့မည်အလုပ်တွင် ကိုင်နာက လက်ကာပြ၍တားလိုက်၏။ သူက တံခါးကို ကျယ်ကျယ်ဖွင့်လိုက်ရာ ပြင်ပအလင်းရောင်က အခန်းကျဉ်းလေးထဲဝင်လာသည်။


ကိုင်နာ အခန်းအလယ်ရှိ ကုတင်အနီးသို့ ကပ်သွားလိုက်၏။ ကုတင်က ဖုန်အပြည့်နှင့်ဖြစ်နေသဖြင့် တစ်ယောက်ယောက်အသုံးပြုခဲ့သည်မှာ အချိန်အတော်ကြာနေပုံရသည်။


"သူ(မ) ဒီမှာမဟုတ်ဘူး။ နောက်တစ်နေရာ ရှာကြတာပေါ့..."


ဒါက လူနေလို့ရသည့်နေရာမဟုတ်ပေ။ အလင်းရောင်တစ်စက်လေးမှမရသော နေရာက သူ(မ)နှင့် မလိုက်ဖက်ပေ။ အိုဟောင်း၍ ဖုန်ထူသောအခန်းထဲမှ လှည့်ထွက်တော့မည်အလုပ် ကိုင်နာ၏အကြည့်က အခန်းထောင့်သို့ရောက်သွား၏။


ခန္ဓာကိုယ် သေးသေးလေးတစ်ခုက ကွေး၍ အရုပ်ကလေးတစ်ရုပ်ကဲ့သ်ို့ အိပ်ပျော်နေခြင်းပင်။


"အရှင်မင်းကြီး၊ ကျွန်တော်လုပ်လိုက်ပါ့မယ်။"


ကိုင်နာက ထိုအရုပ်ကလေးကို ဂရုတစိုက်ပွေ့ချီရန်လုပ်လိုက်စဉ် ဟာဆန်က ဝင်ပြောလိုက်ခြင်းဖြစ်၏။


"တိတ်တိတ်နေ။ သူ(မ) အိပ်ပျော်နေတာ မမြင်ဘူးလား။"


ဆူတန်၏တုံ့ပြန်ပုံမှာ သူ့ရင်ခွင်ထဲရှိ မိန်းကလေးနိုးသွားမည်ကို စိုးရိမ်နေသည့်ပုံစံ ဖြစ်နေသဖြင့် ဟာဆန်က အလျင်အမြန် ခြေတစ်လှမ်းဆုတ်လိုက်၏။


"အွန်း..."


ကိုင်နာက ဆေးလ်နှင့်အတူ အခန်းထဲမှထွက်လာစဉ် သူ(မ)မျက်နှာသို့ နေရောင်ခြည်လာထိသည့်အတွက် အနည်းငယ်ညည်းတွားကာ ခဲနက်ရောင်မျက်ဝန်းများက မျက်တောင်များကြားမှ ပေါ်လာတော့သည်။ သူ(မ)က အခြေအနေကို နားမလည်သည့်ပုံစံဖြင့် သူ့ကို ခဏလောက် စိုက်ကြည့်နေတာကြောင့် ကိုင်နာ ရယ်ချင်စိတ်ကို ထိန်းထားရသည်။


"...အရှင်မင်းသား?"


"အခု ကိုယ်က မင်းကြီးဖြစ်နေပြီ။"


ကိုင်နာ ဆေးလ်၏စကားကိုပြင်ပေးကာ သူ(မ)ရှိနေသင့်သည့် အခန်းတံခါးကိုဖွင့်လိုက်သည်။ ထို့နောက် ဆေးလ်ကို ကုတင်ပေါ်ချပေးကာ သူ(မ)ရှေ့တွင် ဒူးထောက်လိုက်သည်။


"အရှင်မင်းကြီး၊ ဘယ်လိုလုပ်...!"


"အားလုံး အပြင်ထွက်ပြီး တံခါးပိတ်ထားလိုက်။"


ကိုင်နာ၏အပြုအမူကြောင့် စိတ်ရှုပ်ထွေးသွားသောသူများကို ဟာဆန်က နှင်ထုတ်လိုက်သည်။ ဆေးလ်က ပိတ်သွားသောတံခါးက်ိုကြည့်ရင်း စောင်ကို လည်ပင်းအထိဆွဲခြုံလိုက်၏။


"ဘာလို့ ဒူးထောက်ရတာလဲ။"


"ဒီလိုမှ မင်းနဲ့မျက်နှာချင်းဆိုင်ဖြစ်မှာပေါ့။"


ပုံမှန်ဖြစ်နေသည့်အတိုင်း ကိုင်နာက ဆေးလ်အနီးသို့ ပို၍တိုးကာ သူ(မ)နှင့်မျက်နှာချင်းဆိုင်လိုက်သည်။


"အရှင်မင်းကြီး..."


ထိုအခိုက်အတန့်တွင် ကိုင်နာက မျက်မှောင်ကြုတ်လိုက်သည်။ ဆေးလ်တစ်ယောက် အမှားလုပ်မိပြီအထင်နှင့် ကိုင်နာ၏အကြည့်ကိုရှောင်၍ ခေါင်းငုံ့ထားလိုက်သည်။


"ကောင်းခါနီးနေတဲ့ ဒဏ်ရာက ပြန်ပွင့်သွားပြီ။"


သူ(မ)က စောင်ကို တင်းတင်းဆုပ်ထားသည့်အတွက် ဒဏ်ရာပြန်ပွင့်သွားကာ စောင်အစွန်းက အနီရောင်ဖြစ်သွားသည်။ သွေးများစိုသွားသော ပတ်တီးကို ကိုင်နာညွှန်ပြလိုက်တော့မှ သူ(မ)နားလည်သွားခဲ့သည်။


"အာ့..."


"အခုတော့ နာနေတာကိုသိပြီပေါ့။"


သူ(မ) နားမလည်နိုင်ဖြစ်နေရ၏။ ဘာလို့ သူ(မ)၏ရှေ့မှ ကိုင်နာက သူ(မ)ကို ကောင်းကောင်းဆက်ဆံနေတာလဲ။ ဘာလို့ သူ(မ)ကို ချိုချ်ိုသာသာ ပြောဆိုနေတာလဲ။


"ဟာဆန်!"


ကိုင်နာ အော်ခေါ်လိုက်သည့်အခါ တံခါးအပြင်တွင်စောင့်နေသော ဟာဆန်က အထဲဝင်လာသည်။


"ငါ့ကို အဝတ်သန့်သန့်တစ်ခု ယူလာပေး။"


အမိန့်ပေးခံလိုက်ရသည့် ဟာဆန်က ဆေးလ်၏ သွေးထွက်နေသည့်လက်ကို ဆူတန်ကိုင်ထားသည်ကို မြင်လိုက်ရ၍ ပြန်ပြောလိုက်သည်။


"ကျွန်တော် သမားတော်ခေါ်လိုက်ပါ့မမယ်။"


"အဝတ်သန့်သန့်တစ်ခုသာ ယူခဲ့၊ ငါ့ဘာသာ လုပ်လိုက်မယ်။"


ဟာဆန်၏မျက်နှာက တင်းမာသွားသည်။ သူက မင်းသားမဟုတ်တော့ပေ။ ယခု နိုင်ငံကိုအုပ်ချုပ်သည့်ဘုရင် ဖြစ်နေလေပြီ။ ထိုသို့သောသူတစ်ယောက်က မိန်းကလေးတစ်ယောက်၏ဒဏ်ရာကို ကိုယ်တိုင်ဂရုစိုက်မည်တဲ့။ သို့သော် ဟာဆန်က စိတ်ထဲမှသာ တိတ်တဆိတ်တွေးနေခြင်းဖြစ်သည်။ သူ မြန်မြန်ပြန်သွားကာ အဝတ်သန့်သန့်တစ်ခုကို ကိုင်နာထံပေးလိုက်သည်။


"နာလား။"


"မနာပါဘူး။"


ဆေးလ် ခေါင်းခါ၍ဖြေလ်ိုက်သည်။ ယခု သူ(မ) ဘယ်လိုနာကျင်မှုမျိုးကိုမှ မခံစားရတော့ပေ။ ကိုင်နာက သွေးပေနေသော ပတ်တီးကိုဖြေကာ အဝတ်သန့်သန့်ဖြင့် ဒဏ်ရာကိုပတ်ပေးလိုက်သည်။ သူ(မ)က လက်ကိုပြန်ယူသော်လည်း သူက အလွတ်မပေးပေ။


"ရှင် ဘာလို့ ကျွန်မကို ဒီလိုလုပ်နေတာလဲ။"


ဆေးလ် အများကြီးမတွေးဘဲ မေးလိုက်၏။ ယခုသေသည်ဖြစ်စေ နောက်မှသေသည်ဖြစ်စေ သူ(မ)၏သေခြင်းက ပြောင်းလဲမည်မဟုတ်ပေ။ ကိုင်နာက သူ(မ)ကို ဘာလို့ အသက်ရှင်ခွင့်ပေးထားသည်ကို သူ(မ)မသိသော်လည်း အရာအားလုံးက ရှုပ်ထွေးနေကာ သူ(မ)ကိုယ်တိုင်လည်း ပင်ပန်းနေလေပြီ။


"ကိုယ်လည်း သေချာမသိဘူး။"


သူက သူ၏မျက်ဝန်းနက်များဖြင့် သူ(မ)ကို နူးညံ့စွာကြည့်လာသည်။


ဆေးလ် သူပြုံးနေသည်ကို သတိထားမိပြီးနောက် သူနှင့်အကြည့်ချင်းမဆုံလိုတာကြောင့် တစ်ဖက်သို့လှည့်လိုက်၏။


သူ(မ)၏ ရင်ခုန်သံများက ရူးမတတ်မြန်ဆန်နေသည်။ ဤမောင်းမဆောင်ရှိလူတိုင်း ချောမောသောမင်းသားအကြောင်းကို သိကြသည်။ ဆူတန်နှင့် အလွန်တူသောသား။ သူက ဆူတန်နှင့်အလွန်တူသောကြောင့် နောက်တက်မည့်ဆူတန်ဖြစ်လာမည်ဟု အချို့ကပြောကြသည်။


သတင်းကြားနေရသော မင်းသားကို စာကြည့်ခန်းတွင်တွေ့ခဲ့ရသောအချိန်က သူ(မ) အကြည့်မခွာနိုင်ခဲ့ပေ။ ထိုအခါမှသာ "အမျိုးသမီးတစ်ယောက်၏ ရင်ခုန်သံများကိုမြန်အောင်လုပ်နိုင်သည့်အမျိုးသား" ဆိုသောစကား၏အဓိပ္ပါယ်ကို ဆေးလ် နားလည်သွားခဲ့သည်။


ယခင်က လက်လှမ်းမီသလောက် သူ(မ)မမြင်ဖူးသော သူ၏ပုံစံကို ကြည့်ရန်ကြိုးစားခဲ့ဖူးသည်။ စာအုပ်ကို အာရုံတစိုက်ကြည့်နေခဲ့သော မျက်ဝန်းနက်များသာ သူ(မ)ကို ကြည့်နေခဲ့လျှင်... ဆေးလ် တစ်ချိန်က ထိုအတွေးမျိုးတွေးဖူးခဲ့၏။


ယခုအချိန် ဖြစ်နေသည့်အတိုင်းပင်။


"ကိုယ်မင်းကို ခေါ်ထားမယ်ဆိုရင် မင်းရဲ့မေးခွန်းကို ဖြေပြီးသားမဖြစ်သွားဘူးလား။"


ကိုင်နာက ဆေးလ်၏မေးစေ့ကိုကိုင်ကာ ခေါင်းကိုလှည့်စေပြီး သူနှင့် မျက်နှာချင်းဆိုင်လိုက်စေ၏။ ဆေးလ် အနည်းငယ် ပြုံးလိုက်သည်။


"ဟုတ်ကဲ့။"


သူက ဆူတန်ဖြစ်၏။ သူ၏နိုင်ငံတွင် သူလုပ်ချင်လျှင် မလုပ်နိုင်သည့်အရာမရှိပေ။


သူ(မ)အနေနှင့် နောက်ထပ်တစ်ကြိမ် အိပ်ရာပေါ်တွင် ခြေထောက်များကား၍ လှဲနေကာ ရှည်လျားသည့်တစ်ညတာ ကုန်ဆုံးသွားရန် စောင့်ရလိမ့်မည်။ ထိုညအပြီးတွင် သူ(မ)ဘာတွေ ဖြစ်သွားမှာလဲ။ မောင်းမဆောင်မှ ထွက်သွားသော အခြားအမျိုးသမီးများကဲ့သို့ သူ(မ)လည်း ထွက်သွားနိုင်မည်လား။


"အဲ့ဒီအပြုံးက ဘာအဓိပ္ပါယ်လဲ။"


"ဆန္ဒရှိတဲ့အတိုင်းပါပဲ ဆူတန်။"


ဆေးလ် ညင်သာစွာ ခေါင်းငုံ့လိုက်သည်။


ကိုင်နာတစ်ယောက် သူ(မ)က သူနှင့်အတူနေရန် စိတ်ကိုပြင်ဆင်ထားပြီးပြီဟု ပြောနေသောမိန်းကလေးကို ငုံ့ကြည့်လိုက်၏။ သူ(မ)၏ခေါင်းထဲ ဘာတွေးနေသည်ကို ကိုင်နာ တွေးကြည့်၍မရပေ။ သူ လက်မြှောက်ကာ သူ(မ)၏ငွေရောင်ဆံပင်လေးများကို ပွတ်လိုက်၏။


"...အရှင်မင်းကြီး။"


"နူးညံ့နေတာပဲ။"


ငွေရောင်ဆံပင်များက သူ၏လက်ချောင်းများကြားတွင် ရှိနေလေသည်။


သူ အိပ်ရာပေါ်သို့ တက်လိုက်၏။ ဆေးလ်တစ်ယောက် ခန္ဓာကိုယ်ကိုကွေး၍ မျက်လုံးများကို တင်းတင်းပိတ်လိုက်သည်။ ယခုလေးတင် နေဝင်သွားလေပြီ။ ရှည်လျားသောညအတွက် ဆေးလ် စိတ်ပြင်ဆင်ထားချိန်မှာ သူက သူ(မ)ကို ရင်ခွင်ထဲထည့်လိုက်၏။


"ဒီနေ့တော့ အနားယူကြရအောင်။"


"ရှင်?"


"လွန်ခဲ့တဲ့ သုံးရက်က ကိုယ့်အတွက်လည်း ခက်ခဲခဲ့တယ်။ တစ်ညလောက်တော့ ကိုယ်တို့အနားယူရမယ်မလား။"


သူ၏လည်ပင်းက သူ(မ)၏မျက်လုံးရှေ့တွင်ဖြစ်၏။ အညိုရောင်အသားအရေက သူအသက်ရှူလိုက်တိုင်း စည်းချက်ကျကျလှုပ်နေခဲ့သည်။ ဆေးလ် တံတွေးမျိုချလိုက်မိ၏။ စိတ်လှုပ်ရှားနေသည့်ဆေးလ်ကို ရင်ခွင်ထဲထည့်ကာ သူက သူ(မ)၏နဖူးကိုနမ်းလိုက်လေသည်။ သူ(မ)၏နဖူးမှ နွေးထွေးသည့် အထိအတွေ့ကို ခံစားလိုက်ရသည်နှင့် ဆေးလ် အသက်ရှူထုတ်လိုက်မိသည်။


ခဏအကြာတွင် အခန်းထဲ၌ အသက်ရှူသံများဖြင့် ပြည့်သွားခဲ့သည်။ ရင်ခွင်ထဲရောက်နေသောဆေးလ်တစ်ယောက် အိပ်ပျော်နေသောကိုင်နာကို မော့ကြည့်လိုက်၏။


....သူဘာလို့ သူ(မ)ကို အခုလိုထွေးပွေ့ထားရတာလဲ။


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment