"ဝါး..." [သန်းဝေခြင်း]
ဆေးလ်တစ်ယောက် သူ(မ)၏ပါးစပ်ကိုအုပ်ကာ သန်းဝေလိုက်သည်။ ကိုင်နာ နန်းတော်ကိုပြန်ရောက်လာပြီးကတည်းက နှစ်လရှိပြီဖြစ်၏။ ညတိုင်းဆိုသလို နှစ်ဦးသား ပထမအကြိမ်ကထက် တစ်ယောက်ကိုတစ်ယောက် ရူးသွပ်စွာတောင့်တတတ်ကြသည်။
ယခုမှာမူ အရှက်တရားဆိုသည်မှာ ဘာမှန်းမသိတော့ဘဲ ဆေးလ်တစ်ယောက် သူ့ခါးပေါ်တက်စီးကာ သူ့ကို မည်ကဲ့သို့ဆွဲဆောင်ရမလဲအား သိနေပြီဖြစ်၏။ ထိုကဲ့သို့သောအချိန်မျိုးဆို ကိုင်နာ၏မျက်လုံးများက ကန္တာရရှိ ဝံပုလွေကဲ့သို့ စူးရှစွာတောက်ပနေခဲ့ပြီး ထိုနေ့လိုညမျိုးမှာ သူ(မ)ကို ကြမ်းတမ်းစွာထွေးပွေ့လိမ့်မည်။ မနေ့ညကလည်း ထိုနည်းလည်းကောင်းဖြစ်ခဲ့ပြီး ဆေးလ် တစ်ညလုံး မအိပ်စက်ခဲ့ရသဖြင့် သူ တိုင်းပြည်ရေးရာကိစ္စများအတွက် သွားရောက်နေစဥ် သူ(မ) ခဏလောက်အိပ်ပျော်သွားခဲ့သည်။
နေ့တိုင်း အိပ်ရာထဲကမထွက်နိုင်ဘဲ အိပ်ပဲအိပ်နေခဲ့သော ဆေးလ်ကို ဥယျာဥ်အား ပြန်လည်မွမ်းမံပြီးပြီဖြစ်ရာ ယနေ့ ဥယျာဥ်ထဲမှာ အဆာပြေမုန့်စားသင့်ကြောင်း အီနင်းက အကြံပြုလာခဲ့၏။ ဆေးလ် အစေခံများနှင့်ရှိနေစဥ် အီနင်းက အဆာပြေမုန့်များပြင်ဆင်ရန် သွားခဲ့လေသည်။
နှစ်လအတွင်း ကိစ္စများစွာဖြစ်ပျက်သွား၏။
မောင်းမဆောင်ထဲကို ဝင်ရောက်လာခဲ့သော အမတ်မင်းများ၏သမီးများမှာ လာရာအရပ်သို့မပြန်လျှင် ခေါင်းဖြတ်ခံရမည်ဆိုသော ဆူတန်၏အမိန့်ကြောင့် ကြောက်လန့်ကုန်ကြပြီး ၎င်းတို့၏ပိုင်ဆိုင်မှုများကိုတောင် မထုပ်ပိုးဘဲ ပြန်ပြေးသွားခဲ့ကြသည်။
မောင်းမဆောင်ထဲမှာ နေထိုင်သူတစ်ဦးတည်းရှိပြီး တိတ်ဆိတ်နေဆဲပင်။ အစပိုင်းတွင် ဆူတန်က အမျိုးသမီးတစ်ယောက်တည်းနှင့် စိတ်ကျေနပ်မည်မဟုတ်ဟု အမတ်မင်းများက တညီတညွတ်တည်း သဘောတူခဲ့ကြသော်လည်း နှစ်လကုန်လွန်လာသည်နှင့်အမျှ ၎င်းတို့၏စိုးရိမ်ပူပန်မှုများကို စတင်၍ဖော်ပြလာခဲ့ကြသည်။ ဤနှုန်းအတိုင်းသာဆို မောင်းမဆောင်ထဲမှာ ကိုယ်လုပ်တော်တစ်ယောက်တည်း ရှိနေမည့်အခြေအနေသို့ ရောက်ရှိလာနိုင်၏။ မောင်းမဆောင်၏ လှပသောကိုယ်လုပ်တော်များစွာက ဆူတန်၏ဂုဏ်သရေဟု ၎င်းတို့က မှတ်ယူထားကြသည်။
သို့သော်လည်း မောင်းမဆောင်အကြောင်းပြောချိန်တိုင်း၊ စူဇန်သေဆုံးရသည့်အကြောင်းကို အပြုံးလေးဖြင့် ပြောပြတတ်သည့် ကိုင်နာက အလွန်ကြောက်စရာကောင်းလှသည်။
၎င်းတို့တွေ သမီး သို့မဟုတ် မိသားစုကို ဉာဏ်ရှိရှိရွေးချယ်သင့်ကြောင်း ကိုင်နာ၏စကားလုံးများထဲမှာ လျှို့ဝှက်အဓိပ္ပါယ်များရှိနေသဖြင့် မည်သူကမှ ၎င်းတို့၏သမီးများကို မောင်းမဆောင်ထဲ လက်လွတ်စပယ်မသွင်းရဲကြတော့ပေ။ ၎င်းတို့ ဘာမှမလုပ်နိုင်သည့်အခြေအနေမှာ အေးအေးလူလူနေနိုင်သူက ဆေးလ်တစ်ယောက်တည်းသာရှိသည်။
"နင် ဘယ်ကနေပျံလာခဲ့တာလဲ။"
နူးညံ့သောခုံတန်းရှည်ပေါ်မှာ မေးထောက်ကာအနားယူနေသည့် ဆေးလ်က သူ(မ)အရှေ့မှာ ကျည်ကျည်ကျာကျာအော်နေသော အဝါရောင်ငှက်ကလေး၏အသံကို နားထောင်နေခဲ့၏။ သူ(မ) ၎င်းကိုထိလိုက်ပြီး ငှက်ကလေးက ပျံသန်းထွက်သွားမည်ဟု ထင်လိုက်သော်လည်း ဆေးလ် လက်ချောင်းလေးဖြင့်တို့လိုက်သာအခါ ငှက်ကလေးက နှုတ်သီးလေးဖြင့် ညင်သာစွာထိုးဆိတ်လာပြီး ဆက်၍တွန်ကျူးနေဆဲပင်။ အေးချမ်းငြိမ်သက်နေသောပုံရိပ်ကလေးကြောင့် ဆေးလ် ပြုံးလိုက်လေ၏။
"အော့..."
ထိုအခိုက်အတန့်၌ အန်ချင်စိတ်တို့ဖြစ်လာခဲ့သည်။ ဆေးလ် သူ(မ)၏ပါးစပ်ကို လက်နှစ်ဖက်လုံးဖြင့် အလျင်အမြန်ဖုံးအုပ်လိုက်၏။
"အရှင်မ!"
ဆေးလ်ထက်ပင် ပို၍ထိတ်လန့်သွားသော အစေခံများက ချက်ချင်းဆိုသလို အော်ဟစ်ကာ သူ(မ)နား ပြေးလာခဲ့ကြသည်။
"မြန်မြန်လုပ်၊ မြန်မြန်!"
အစေခံအများစုက အော်ဟစ်နေကြစဥ် အစေခံတစ်ယောက်က သမားတော်ကို အလျင်အမြန်ပြေးခေါ်ခဲ့သည်။ ဆေးလ် အဆင်ပြေပါသည်ဟု ပြောချင်သဖြင့် သူ(မ) ပါးစပ်ဖွင့်လိုက်သော်လည်း အန်ချင်လာပြန်၍ နေရာမှာတင်အေးခဲနေခဲ့၏။ တစ်စုံတစ်ခုက အနံ့ဆိုးထွက်နေပြီး သူ(မ) သည်းမခံနိုင််ခဲ့ပေ။ မည်သို့ဖြင့်...
"အရှင်မ!"
အစေခံများဆီနေ သတင်းကြားပြီးနောက် အီနင်းက ရောက်လာခဲ့ပြီး ပါးစပ်ကိုအုပ်လျက် မျက်နှာဖြူဖျော့နေသောဆေးလ်ကို မြင်လိုက်ရပြီး အံ့အားသင့်စွာပြေးလာခဲ့သည်။
"ဒါ ဘယ်လိုဖြစ်ရတာလဲ။ နင်တို့အားလုံး အရှင်မကို ဘယ်လိုခစားနေကြတာလဲ!"
"အရှင်မက ရုတ်တရက်ကြီး ပျို့အန်ချင်သလိုဖြစ်လာတာပါ။"
"ဘယ်လို?"
အီနင်း၏မျက်လုံးများက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူ(မ)အနောက် သုံးလေးလှမ်းအကွာမှာရပ်နေကြသော အစေခံများကို လက်ယက်ခေါ်လိုက်၏။ ၎င်းတို့က လတ်လတ်ဆတ်ဆတ်ဖုတ်ထားသော ပေါင်မုန့်များနှင့်အတူ အရှေသို့တက်လာခဲ့ကြသည်။ သူ(မ)က တစ်ခုခုကို အတည်ပြုသကဲ့သို့ ပေါင်မုန့်ခြင်းကို ဆေးလ်၏အရှေ့သို့ တွန်းပို့ပေးလိုက်ရာ ဆေးလ်က အမြန်လှည့်သွားပြီး အနောက်ပြန်ဆုတ်သွားလေသည်။
"ဘုရားရေ။"
သူ(မ) အစေခံများကို ပေါင်မုန့်ခြင်းပြန်ပေးလိုက်ပြီး အနောက်ပြန်ဆုတ်ခိုင်းလိုက်သည်။ ၎င်း၏အဓိပ္ပါယ်ကို သဘောပေါက်သွားကြသော အစေခံများက စိုးရိမ်သည့်လက္ခဏာများပပျောက်၍ ပျော့ပျောင်းစွာပြုံးလိုက်ကြလေသည်။
"တော်ဝင်သမားတော် လာနေပြီလား။"
"ဟုတ်ကဲ့၊ မကြာခင်ရောက်လာတော့မှာပါ။"
"ကျွန်မ ဆိုးဆိုးဝါးဝါး နေမကောင်းဖြစ်နေတာလား။"
အနံ့ပျောက်သွားသောအခါ ဆေးလ်က ပါးစပ်ကိုအုပ်ထားသည့်လက်ကို မြှောက်လိုက်ပြီး မေးခဲ့သည်။ အီနင်းနှင့် အခြားအစေခံများက သဘောပေါက်ပြီးသားပင်။ ၎င်းတို့၏အပြုံးများက ပျောက်ကွယ်မသွားခဲ့ပေ။ အီနင်းက ဆေးလ်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ကြမ်းပြင်ပေါ် ဒူးထောက်လိုက်သည်။
"အီနင်း?"
"ဂုဏ်ပြုပါတယ် အရှင်မ။ အရှင်မရဲ့ဝမ်းထဲမှာ ကလေးလေးရှိနေပါပြီ။"
"ရှင်?"
"ဒါကို မနက်ခင်းပျို့အန်တဲ့ဝေဒနာလို့ ခေါ်ပါတယ်။"
ဆေးလ်လည်း ပျို့အန်သည့်ဝေဒနာကို ခံစားခဲ့ရသော ကိုယ်လုပ်တော်အနည်းငယ်ကို တွေ့ခဲ့ဖူးသည်။ ၎င်းတို့က အစားအသောက်များကို ဘာမဆိုမစားနိုင်တော့ဘဲ ငိုယိုဒေါသထွက်ကာ အော့အန်တတ်ကြသည််။
"ကလေး... တကယ်လား။"
"သမားတော်လာတဲ့အခါကျ အတည်ပြုပေးပါလိမ့်မယ်၊ ဒါပေမဲ့ အမျိုးသမီးတွေကတော့ သိကြပါတယ်။ စဥ်းစားကြည့်တော့မှ အရှင်မ လွန်ခဲ့တဲ့နှစ်လကတည်းက ဓမ္မတာမလာဘူးမဟုတ်ပါလား။"
သူ(မ) ရာသီသွေးမဆင်းသည့်အတွက် ကိုယ်ဝန်ရှိနေပြီလားဟု အီနင်းက မေးမြန်းလာသော်လည်း သူ(မ)၏ ကနဦးရာသီစက်ဝန်းကိုက တည်ငြိမ်မှုမရှိချေ။ သို့သော် ဆေးလ်၏လှုပ်ရှားမှုများကို မြင်တွေ့ခဲ့ပြီးနောက် အီနင်းက သေချာနေခဲ့သည်။ ဆေးလ် ယခုလိုမျိုး အချိန်အကြာကြီးအိပ်စက်ကတည်းက သူ(မ) သတိပြုမိခဲ့သင့်သည်။ ကိုင်နာက သူ(မ)ကို တစ်ညလုံးနှိပ်စက်နေသည့်အတွက် သူ(မ) ကောင်းကောင်းမအိပ်စက်ရတာဟု လူတိုင်းထင်နေခဲ့ကြ၏။
"အခုကစပြီး အရှင်မ ကိုယ့်ကိုယ်ကိုယ် ပိုပြီးဂရုစိုက်ရပါ့မယ်။ ပြီးတော့ လက်ရှိအချိန်မှာ အရှင်နဲ့အိပ်တာကိုလည်း ရှောင်ကြဥ်ရပါမယ်။"
အထိန်းတော်တစ်ယောက်အနေဖြင့် သူ(မ)က ထိုသို့ပြောခဲ့သော်လည်း ဆေးလ်၏မျက်နှာကတော့ နီမြန်းသွားလေ၏။
"ကျွန်မ မယုံနိုင်သေးဘူး။"
ဆေးလ် သူ(မ)၏ဝမ်းဗိုက်လေးကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားလိုက်သည်။ ၎င်းက ဘာမှမရှိသေးဘဲ ပြားချပ်ချပ်လေးသာ။ အထဲမှာ အမှန်တကယ်ပင် ကလေးလေးရှိနေသည်လော။ ရုတ်တရက်ဆိုသလို လွန်ခဲ့သောနှစ်လက ကိုင်နာ သူ(မ)ကို သူ့ကလေးလွယ်ခိုင်းမည်ဟု ပြောခဲ့သည့်ညအား ပြန်အမှတ်ရကာ မျက်နှာက ပို၍နီမြန်းလာခဲ့လေ၏။
"ဆေးလ်!"
သမားတော်၏အရှေ့ကနေ ပြေးလာသော ကိုင်နာ့ကို ဆေးလ် တွေ့လိုက်ရသည်။ အီနင်းက ပြုံးပြကာ ထရပ်လိုက်ပြီး အစေခံများနှင့်အတူ အနောက်ကိုဆုတ်ပေးလိုက်သ၏။
"သမားတော်ပင့်တယ်လို့ ကိုယ်ကြားခဲ့တယ်။ နေမကောင်းဘူးလား။ ဘယ်နေရာက ဘာဖြစ်လို့လဲ။"
ကိုင်နာကသာ သမားတော်၏စစ်ဆေးမှုကို ခံယူသင့်နေပုံပင်။ သူက သူ(မ)ထက်ပင် ပို၍ဖြူဖျော့နေပြီး အီနင်းအား မေးလိုက်လေ၏။
"အရှင်၊ အရှင်မက နာမကျန်းမဖြစ်ပါဘူး။"
"ဘယ်လို? အီနင်းက သိနေတာလား။"
"ကျွန်မလည်း မသေချာသေးပါဘူး။ တော်ဝင်သမားတော် လာကြည့်ပြီး အတည်ပြုပေးပါလိမ့်မယ်။"
ရုတ်တရက် အီနင်းက ဘာမှဆက်မပြောတော့ပေ။ ဤသည်မှာ သူ(မ)၏လက်စားချေမှုပင်။ နေ့တိုင်းဆိုသလို သူက အီနင်းခစားပေးနေရသော ဆေးလ်ကို နှိပ်စက်နေခဲ့သဖြင့် သူ့ကို သူ(မ)ကိုယ်တိုင်ပျိုးထောင်ခဲ့သည်မှာ အမှန်ဖြစ်သော်လည်း သူ့အား လူလား၊ သားရဲကောင်ကြီးလားကို အီနင်း ရှုပ်ထွေးမိတဲ့အထိပင်။
အီနင်းက မျက်မှာင်ကြုတ်ကာ ဆေးလ်ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်၏။
သူ(မ)၏မျက်လုံးများကို ကြည့်နေခဲ့သည့်ဆေးလ်မှာ တစ်စုံတစ်ခုမပြာခင် ပါးစပ်ပြန်ပိတ်လိုက်ရသည်။ အစေခံများကလည်း ပြုံးစိစိဖြစ်နေကြပြီး ဆေးလ်၏အခြေအနေကို ဘာမှမပြောလာကြပေ။ ထို့နောက်မှာတော့ ကိုင်နာတစ်ယောက် အော်လိုက်လေတော့သည်။
"ငါ့ကို အခုချက်ချင်း မပြောပြကြဘူးလား!"
ပြေးလာနေသော မလှမ်းမကမ်းရှိ သမားတော်ခမျာ ချွေးများစိုရွှဲနေလေသည်။
သို့သော် ငှက်အဝါလေးက ထွက်မသွားသေးဘဲ ဆေးလ်နားမှာ ခုန်ဆွခုန်ဆွလမ်းလျှောက်ကာ ကိုင်နာ့အနောက်ကနေလိုက်ပြီး တွန်ကျူးနေခဲ့၏။
ဤသည်မှာ စိတ်ကူးယဥ်၍မရသော အေးချမ်းသည့်နေ့လယ်ခင်းတစ်ခုပင်။
***
Aurora Novel Translation Team