no

Font
Theme

လွန်ခဲ့သောငါးနှစ်ခန့်က။


ထိုနေ့၌ ကိုယ်လုပ်တော်တချို့ဆီကနေ ဖမ်းဆီးရိုက်နှက်ခံခဲ့ရသော ဆေးလ်တစ်ယောက် စာကြည့်တိုက်ဆီသို့ ထွက်ပြေးလာခဲ့သည်။ သူ(မ)ကို စာရေးတတ်ဖို့ မည်သူကမှ သင်မပေးခဲ့သော်လည်း စာကြည့်တိုက်တာဝန်ခံက သူ(မ)ကိုသနားသွားပြီး အခြေခံအက္ခရာများကို သင်ကြားပေးခဲ့သည်။ ဤသို့ဖြင့် သူ(မ) စာများဖတ်ချိန်ဆို တစ်လုံးချင်းစီ ထစ်ထစ်ငေါ့ငေါ့ဖြင့်သာ ဖတ်ရှုနိုင်ခဲ့လေ၏။ ထိုအချိန်က ဆေးလ်တစ်ယောက် စာကြည့်တိုက်တာဝန်ခံတောင်မသိသည့် လျှို့ဝှက်နေရာတစ်ခုကို ရှာတွေ့ခဲ့သည်။


သူ(မ)က စာကြည့်တိုက်၏အနောက်ဘက်စွန်းမှ စာအုပ်စင်၏အောက်ဆုံးမှာ စာအုပ်တစ်အုပ်ကို လိုက်ရှာနေခဲ့သော်လည်း သူ(မ) ထိုအောက်ဆုံးတန်းမှ စာအုပ်များအားလုံးကို ထုတ်ယူလိုက်ချိန်၌ အထဲကို တွားသွားပြီးဝင်လို့ရသည့် နေရာလေးတစ်ခုရှိနေခဲ့သည်။


၎င်းက လူသူကင်းမဲ့သောနေရာဖြစ်ပြီး တာဝန်ခံက အချိန်အကြာကြီး ထိတောင်မထိခဲ့သည့်အတွက် ဖုန်များစုပုံနေခဲ့သည်။ အရွယ်ရောက်ပြီးလူတစ်ယောက်တောင် ဝပ်နေလျှင် လုံလုံလောက်လောက်နေလို့ရသည့်နေရာဖြစ်သည်။ အနိုင်ကျင့်မှုများ ပြင်းထန်လာချိန်တိုင်း ဆေးလ်တစ်ယောက် ထိုနေရာမှာပုန်းကာ အထဲကနေ စာအုပ်များကို ပြန်စီထားတတ်သည်။


အဘယ့်ကြောင့်ဆိုသော် မောင်းမဆောင်မှာ ဘာမှမလုပ်သော တချို့ယုတ််မာသည့်အမျိုးသမီးများက စာကြည့်တိုက်အထိလိုက်လာကာ သူ(မ)ကို နှိပ်စက်တတ်သောကြောင့်ပင်။


ထိုနေ့ကလည်း အတူတူပင်ဖြစ်၏။


အထဲကို ပဲ့တင်ထပ်လာသည့် ကြမ်းတမ်းသော အသက်ရှူသံများရှိနေခဲ့သည်။


ဆေးလ် အပြင်ထွက်သင့်၊ မထွက်သင့်ကို အကြိမ်များစွာ စဥ်းစားနေခဲ့သည်။ အသက်ရှူသံများက တဖြည်းဖြည်း နီးကပ်လာခဲ့၏။


တစ်စုံတစ်ယောက်က သူ(မ)ကိုလိုက်ရှာရန် ရောက်လာသည်ဟု သူ(မ)တွေးလိုက်မိသော်လည်း ထို့နောက်မှာတော့ ခေါင်းယမ်းလိုက်သည်။ ဤနေရာမှာ သူ(မ)ကို မည်သူမှရှာမတွေ့နိုင်ချေ။ သူ(မ) စာဖတ်ရင်းအိပ်ပျော်သွားခဲ့သော်လည်း တာဝန်ခံကမသိဘဲ တံခါးသော့ခတ်သွားသည့်အတွက် သူ(မ) တစ်နေ့လုံး ဤနေရာမှာနေခဲ့ရသည်။


"ဟာ့... ဟား..."


အသက်ရှူသံများက နာကျင်နေသကဲ့သို့ ကြမ်းရှနေသည့်အတွက် ဆေးလ် သတ္တိများစုဆောင်းကာ စာအုပ်များကို အထဲကနေ တွန်းလိုက်ပြီး ဦးခေါင်းလေးကို စာအုပ်စင်အပြင်ဘက်သို့ ထွက်ကြည့်လိုက်သည်။ ခြေလှမ်းအနည်းငယ်အကွာမှာ လူငယ်လေးတစ်ယောက်က နံရံကိုမှီ၍ လေးလံစွာအသက်ရှူနေခဲ့သည်။


သူ့မျက်နှာတစ်ခုလုံး သွေးများစွန်းပေနေပြီး မမှတ်မိနိုင်လောက်အောင်ဖြစ်နေ၏။ သူ့ရင်ဘတ်မှစီးကျနေသော သွေးများကြောင့် သူ(မ)ထိတ်လန့်သွားပြီး စာအုပ်စင်အောက်မှာ တစ်ဖန်ပြန်ပုန်းဖို့ ကြိုးစားလိုက်ချိန်မှာ ဒဏ်ရာရထားသောလူငယ်လေးက သူ(မ)ကိုတွေ့သွားခဲ့သည်။


"ဘယ်သူလဲ။"


"အာ၊ ဟိုဟာ..."


ယင်းက တစ်ကိုယ်လုံးဖြူဆွတ်နေသော ကလေးတစ်ယောက်ပင်။


သူ(မ)ကို ရှာတွေ့သွားပြီးနောက်မှာ ကိုင်နာ သူ့ကိုယ်သူသေသွားပြီဟု ထင်လိုက်မိ၏။ ဤလောကမှာ မည်သို့ဖြင့် ဖြူဖျော့သေးကွေးသည့်လူလေးရှိနေရသနည်း။ သူ(မ)က နတ်သမီးတစ်ပါးဖြစ်နိုင်သည်။ အစစ်အမှန်မဟုတ်သော ထိုကဲ့သို့အတွေးများကို တွေးတောပြီးနောက် သူ့ကိုယ်သူရယ်လိုက်မိသည်။


"ငါ-ငါ တစ်ယောက်ယောက်ကို ခေါ်ပေးမယ်!"


စာအုပ်စင်ထဲကနေ လုံးလုံးလျားလျားထွက်လာခဲ့သော ဆေးလ်က တုန်ယင်နေရှာ၏။


"အဲ့ဒါထက် ငါ ပုန်းဖို့နေရာလိုအပ်တယ်။"


အပြင်ဘက်မှာ ဆူညံနေသည်။ သူ(မ) ဘာလုပ်သင့်သနည်း။ အကျပ်ရိုက်နေသော ဆေးလ်မှာ လူငယ်လေး၏ သည်းခံနေရသောမျက်ဝန်းများကို မြင်လိုက်ရပြီးနောက်မ လျစ်လျူမရှုနိုင်တော့သဖြင့် သူ(မ)ထွက်လာခဲ့သောနေရာမှ စာအုပ်များကို အကုန်ဆွဲထုတ်လိုက်သည်။


"ဝင်သွားလိုက်!"


"ဘာ?"


"ဒီထဲကို၊ ဝင်သွားလိုက်... ငါ အပြင်ကနေ စာအုပ်တွေပြန်ထားပေးမယ်။"


လူငယ်လေးက ကြားလိုက်ရသည့်အရာကို နားမလည်သောကြောင့် သူ(မ)ကို ခဏလောက်စိုက်ကြည့်နေခဲ့သော်လည်း ရုန်းရင်းဆန်ခတ်အသံများက နီးကပ်လာပြီဖြစ်ရာ သူ ဘာမှမပြောဘဲ ဆေးလ်ပြောသည့်အတိုင်း စာအုပ်စင်အောက်ကို တွားသွားဝင်လိုက်သည်။ အမျိုးသားတစ်ယောက် ဝင်သွားလိုက်သောအခါ သိသိသာသာကို ကျဥ်းကျပ်နေပေ၏။ ဆေးလ် စာအုပ်များကို နေရာတကျပြန်ထားလိုက်ပြီး အပြင်ကနေ လူငယ်လေးကို ခေါ်လိုက်သည်။


"ဒီမှာ..."


"ဘာလဲ။"


"ကျေးဇူးပြုပြီး အထဲကစောင်လေး။"


သူ(မ)၏လက်သေးသေးလေးက အထဲကိုလှမ်းလာ၏။ ချက်ချင်းဆိုသလို ကိုင်နာက သူ(မ)၏လက်ကလေးကို ဆုပ်ကိုင်မိလုနီးနီး ဖြစ်သွားခဲ့လေ၏။ အနှီလက်လေးက သူ့ဆီကို ဆန့်တန်းလာခဲ့သည်လေ။


"အပြင်က သွေးအစွန်းတွေကို သုတ်ဖို့လိုတယ်။"


"အာ..."


ကိုင်နာ သူ(မ)ကို စောင်ပေးလိုက်သည်နှင့် သူ(မ)၏လက်ကလေးက ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်မှာတော့ သူ(မ)က သူချန်ခဲ့သောသွေးအစွန်းများကို သုတ်လိုက်သည်။ သိပ်မကြာခင် သွေးများပေကျံနေသည့်စောင်ကို သူ့ဘေးမှာ ထိုးထည့်လာခဲ့သည်။ ထို့နောက် လျင်မြန်သောလက်ကလေးက စာအုပ်များကို ပြန်ထားလိုက်ရာ ယင်းက အပြင်ကနေ လုံးဝမမြင်နိုင်သည့် လျှို့ဝှက်နေရာလေးတစ်ခု ဖြစ်လာခဲ့လေ၏။


"သေချာရှာကြစမ်း!"


သိပ်မကြာခင် လူတစ်စုက စာကြည့်တိုက်ထဲကို ဒရောသောပါးဝင်ရောက်လာပြီး သူ့ကို စတင်ရှာဖွေခဲ့ကြသည်။


ကိုင်နာက သူ့ရင်ဘတ်အောက်ပိုင်းကို အားနှင့်ဖိထားခဲ့သည်။ သူ့အစ်မက သူ၏ရင်ဘတ်ကို ဓါးဖြင့်ထိုးခဲ့သည်။ သူ သတိလက်လွတ်ဖြစ်နေချိန်မှာ သူ့အစ်မက သူ(မ)မောင်၏ရင်ဘတ်ကို ဓါးနှင့်ထိုးခဲ့ခြင်းပင်။


သူမွေးဖွားပြီး ဆယ့်ငါးနှစ်အတွင်း သူ့အစ်မကို ပထမဆုံးအကြိမ်မြင်ခဲ့သည့်အချိန်က သူ(မ)ကို သူကာကွယ်ပေးရမည့် နုနယ်သောပုဂ္ဂိုလ်တစ်ယောက်ဟုသာ ထင်နေခဲ့မိသည်။ သူ(မ)က သူနှင့် ဝမ်းကြာတိုက်တစ်ခုတည်းကနေ မွေးဖွားလာခဲ့သည့် တစ်ဦးတည်းသောသူဖြစ်ရာ အနန္တမေတ္တာများနှင့် ချစ်ခြင်းတရားများကို ပေးအပ်ခဲ့၏။


အဆုံးသတ်မှာတော့ ဤသည်မှာ နေရာလွဲမှားသွားခဲ့သည့် ချစ်ခြင်းမေတ္တာ၏တန်ကြေးဖြစ်လာခဲ့သည်။


သူ့အစ်မကို နေရာမှာတင် ခေါင်းဖြတ်သတ်ခဲ့သင့်၏။ သူ အပြေးဝင်ရောက်လာသော လုပ်ကြံသူများအားလုံးကို သတ်ပစ်ခဲ့သော်လည်း သွေးများဖုံးလွှမ်းနေသော သူ့ကို မြင်လိုက်ရပြီးနောက် ထွက်ပြေးသွားခဲ့သည့် သူ့အစ်မနောက်ကိုလိုက်ဖို့ ရည်ရွယ်ချက်မရှိခဲ့ပေ။


"မင်းကဘယ်သူလဲ!"


"ကျွန်မ-ကျွန်မက ဆူတန်ရဲ့ကိုယ်လုပ်တော်ပါ။"


သူ့အနောက်သို့ လိုက်ဖမ်းနေကြသူများ၏အသံကို မိန်းကလေး၏စာအုပ်များကိုဖြတ်၍ ကြားလိုက််ရသည်။ သူ(မ)က ထွက်မသွားသေးပေ။ ထွက်သွားပြီဟု သူထင်နေခဲ့သော ထိုမိန်းကလေး၏အသံက မလှမ်းမကမ်းကနေ ထွက်ပေါ်လာခဲ့ရာ ကိုင်နာတစ်ယောက် သူ၏ခါးမှ ဓါးကို ဆုပ်ကိုင်လိုက်မိ၏။


"ကိုယ်လုပ်တော်က ဘာလို့ ဒီမှာရှိနေရတာလဲ။ ဒါက ကိုယ်လုပ်တော်တွေရှိရမဲ့နေရာမဟုတ်ဘူး!"


"ဒါ-ဒါက မောင်းမဆောင်နဲ့နီးလို့ ကိုယ်လုပ်တော်တွေ တစ်ခါတလေ အသုံးပြုကြပါတယ်။"


သူ(မ)က သနားစရာကောင်းလောက်အောင် တုန်ယင်နေသော်လည်း ထိုကောင်မလေးက ပြောစရာရှိတာကို ပြောနေဆဲပင်။


"ဟမ်း... မင်း ဒီနားတစ်ဝိုက်မှာ သံသယဖြစ်စရာကောင်းတဲ့တစ်ယောက်ယောက်ကို တွေ့မိသေးလား။ သူ့တစ်ကိုယ်လုံးက သွေးတွေနဲ့ဖုံးလွှမ်းနေလောက်မှာ။"


"ဟင့်အင်း။ ကျွန်မ ဒီမှာ တစ်ချိန်လုံးရှိနေခဲ့တာပါ... ဘယ်သူ့ကိုမှ မမြင်မိပါဘူး။"


ကိုင်နာ အံကြိတ်လိုက်မိသည်။ သူ၏သွေးသားရင်းချာဖြစ်သော သူ့အစ်မက သူ့ကိုသတ်ဖို့ကြိုးစားခဲ့သော်လည်း ပထမဆုံးအကြိမ်တွေ့ဖူးပြီး သူ့နာမည်ကိုတောင်မသိသည့် သူစိမ်းတစ်ယောက်က သူ့ကိုကာကွယ်ဖို့ သူ(မ)၏အသက်ကို စွန့်စားနေခဲ့သည်။


"သံသယဖြစ်စရာကောင်းတဲ့ တစ်စုံတစ်ယောက်ကိုတွေ့ရင် ငါတို့ကို ချက်ချင်းခေါ်လိုက်။"


"ကောင်းပါပြီ။"


သူ(မ)က မောင်းမဆောင်မှ ကိုယ်လုပ်တော်တစ်ယောက်ဖြစ်သော်လည်း ၎င်းတို့ ယဥ်ကျေးနေစရာမလိုသည့် နမော်နမဲ့နိုင််သည့် မိန်းကလေးတစ်ဦးမျှသာ။ သူ(မ)၏ ထူးခြားသောဆံပင်အရောင်နှင့် အသားရောင်တို့ကြောင့် စိတ်ဝင်စားသွားသည့် အမျိုးသားက ဆေးလ်ကို အနီးကြည့်ရန် ရှေ့တိုးလာခဲ့သည်။ သူ၏အကြည့်ကို ခံစားမိလိုက်သည့်ဆေးလ်က ဦးခေါင်းကို ငုံ့ထားလိုက်၏။ ဆူတန်၏မောင်းမဆောင်မှာ ထူးခြားမှုမျိုးစုံရှိကြောင်း ထိုလူက သိထားပြီး သူ(မ)နှင့် ထပ်ပြီးရှိနေလျှင် အပြစ််ပေးခံရမည်စိုး၍ ထိုလူက နောက်ဆုတ်သွားတော့၏။


သိပ်မကြာခင် ထိူလူများက စာကြည့်တိုက်ထဲမှာ ဆေးလ်မှလွဲ၍ မည်သူမှမရှိကြောင်း အတည်ပြုပြီးနောက် အလျင်အမြန် ထွက်ခွာသွားခဲ့ကြသည်။


"ငါ့အဖေရဲ့လက်သီးဆုပ်က လျော့ရိိလျော့ရဲဖြစ်လာတဲ့ပုံပဲ။"


ကိုင်နာက အေးစက်စွာနှာမှုတ်လိုက်သည်။ ဆူတန်၏သဘောတူညီချက်မရှိဘဲ နန်းတော်အတွင်း လှည့်ပတ်သွားလာဖို့က မဖြစ်နိုင်ချေ။


"ဟေး၊ နင် အဆင်ပြေရဲ့လား။"


မိန်းကလေးက စာအုပ်များအလွန်ကနေ မေးမြန်းလာခဲ့သည်။


"အဆင်ပြေတယ်။"


"မှောင်လာရင် နင့်ဆီကို အဝတ်သန့်တချို့ယူလာပေးမယ်။"


"အဝတ်သန့်?"


"အင်း၊ ဒဏ်ရာတွေကို အဝတ်သန့်တစ်ခုနဲ့ စည်းထားဖို့လိုအပ်တယ်။"


ကိုင်နာ လက်ရှိအခြေအနေကို ခဏမေ့လျော့သွားပြီး တိုးတိုးလေးရယ်လိုက်မိ၏။ အဘယ့်ကြောင့်ဆိုသော် အပြင်ဘက်မှ ကလေးအသံလေးက ထိခိုက်ထားသူထက် ပို၍လေးနက်နေသောကြောင့်ပင်။


"မင်း အဲ့ဒါကို ဘယ်က သင်ယူခဲ့တာလဲ။"


သွေးများက အလွန်အကျွံထွက်နေသောကြောင့် သူ၏ဦးခေါင်းက မူးဝေနေပြီး အသိစိတ်က ပျောက်ကွယ်တော့မည်ဖြစ်၏။ ဤနှုန်းအတိုင်းသာဆို သူ အမှန်တကယ်သေသွားနိုင်သည်။ သူ ပုပ်နံ့ထွက်မလာခင်ထိ မည်သူမှရှာမတွေ့လောက်ကြောင်း တွေးလိုက်မိပြီး သူခံစားရတာ ပို၍ကောင်းမွန်လာခဲ့သည်။


"စာအုပ်ထဲမှာပါတယ်။"


"အဲ့ဒါက မှန်ပါတယ်။ ဒါပေမဲ့ ကိုယ်လုပ်တော်တွေက ညနေခင်းဆို အပြင်ထွက်လို့မရဘူးမဟုတ်လား။"


"ကျွန်မအတွက် အဆင်ပြေပါတယ်။ ကျွန်မက ကိုယ်လုပ်တော်နဲ့ မတူဘူးလို့ထင်တာပဲ။"


သူ(မ)က ဆူတန်ကိုခစားရန် အလွန်သေးငယ်လွန်း၏။ ကိုယ်လုပ်တော်များကို စောင့်ကြပ်ရသော မိန်းမစိုးများက သူ(မ)ကို ကလေးတစ်ယောက်ဖြစ်နေတာကြောင့် လွတ်လပ်မှုတချို့ ပေးထားခြင်းဖြစ်လောက်သည်။


"ဟုတ်ပါပြီ။"


ထိုသို့ဖြေပြီးနောက် သူက အခိုက်အတန့်တစ်ခုလောက်ထိ စကားမပြောတော့ရာ ဆေးလ်က အလျင်အမြန်ပြောလာခဲ့သည်။


"နင် သတိမေ့သွားလို့မဖြစ်ဘူးနော်။"


"အဲ့ဒါကလည် မင်းရဲ့စာအုပ်ထဲမှာပါတာလား။"


"ဟုတ်တယ်၊ စာအုပ်ထဲမှာ သွေးထွက်လွန်နေတဲ့သူတွေက သတိမေ့သွားလို့မဖြစ်ဘူးလို့ ပြောထားတယ်။ ပြီးတော့ သူတို့နဲ့ စကားအဆက်မပြတ် ပြောပေးနေရမယ်တဲ့။"


"အဲ့ဒါက စာအုပ်ကောင်းတစ်အုပ်ပဲ။"


ဆေးလ်က သူ့ကို စကားဆက်ပြောနေခဲ့သည်။ သူ အကြိမ်ပေါင်းများစွာ တစ်ချက်တစ်ချက် သတိလွတ်သွားခဲ့သော်လည်း အခိုက်အတန့်တစ်ခုကြာပြီးနောက် အသိစိတ်ပြန်ကပ်လာခဲ့၏။ သူ(မ) အစားအသောက်တချို့နှင့် အဝတ်သန့်တချို့ယူလာပြီး ပြန်လာခဲ့မည်ဟုပြော၍ ထွက်သွားခဲ့ချိန်မှာ သူ လုံးလုံးလျားလျား သတိမေ့သွားခဲ့တော့သည်။


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment