အချပ်ပို (၃)
ဆေးလ် သူ(မ)နှင့် ဆံပင်အရောင်တူသောသူကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်ပြီး အနီရောင်ကျောက်မျက်များနှယ် လှပသောမျက်ဝန်းများနှင့် တစ်စုံတစ်ယောက်ကိုလည်း ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်၏။
ဆေးလ် တိုင်းတစ်ပါးမှ လိုင်၏ဇာတ်ကြောင်းကို ရက်ပေါင်းများစွာနားထောင်ခဲ့သည်။
"ဆံပင်နဲ့ အသားအရေက အရှင်မင်းမြတ်နဲ့တူပြီး မီးခိုးရောင်မျက်လုံးလေးတွေက ဟားစခိနဲ့တူပါတယ်။"
လိုင်က လက်ဖက်ရည်သောက်ရင်း ပြောလာခဲ့သည်။ လွန်ခဲ့သောရက်ပိုင်းအတွင်း သူ(မ) ဆေးလ်နှင့်ရင်ဆိုင်ရစဥ်မှာ ဆေးလ်က အမျိုးသမီးများ၏ မှောင်မိုက်သောဇာတ်ကြောင်းများ၊ အတွင်းနန်းဆောင်၏ အာဏာယှဥ်ပြိုင်မှုများထက် ပြင်ပလောက၏ဘဝများအကြောင်းကို ပို၍သိချင်ကြောင်း လိုင် ခံစားမိခဲ့သည်။ ထိုအရာမှလွဲ၍ ဆေးလ်က ရိုးသားသောလူတစ်ယောက်ပင်။
"ဟုတ်လား။"
ဆေးလ် လိုင့်ကို သူ(မ)၏အိပ်ခန်းထဲသို့ ခဏခဏခေါ်လာသည်အား အီနင်းက သဘောမကျပေ။ ဆေးလ်က လိုင့်ကို သတိထားလိမ့်မည်ဟု သူ(မ) တွေးခဲ့မိသည်။ အမြင်စူးရှသည့် အီနင်းကသာ လိုင့်ကို တစ်ချိန်လုံးစောင့်ကြည့်နေခဲ့သည်။ ဧကရာဇ်၏အထိန်းတော်ကပဲ လိုင့်အား မိုက်ရူးရဲဆန်သောလှည့်ကွက်များကို ကြိုးစားမည်ဆိုပါက ထိုနေ့မှာပင် လည်ပင်းနှင့် ကိုယ်က အိုးစားကွဲလိမ့်မည်ဟု သတိပေးခဲ့သည်။ အီနင်းက တောက်ပသောမျက်ဝန်းပြာများဖြင့် သူ(မ)ကိုဖမ်းဆီဖို့ စောင့်ဆိုင်းနေခဲ့သည်။
"သူက သန်မာတဲ့ဧကရာဇ်အဖြစ်နဲ့ ထီးနန်းဆက်ခံနိုင်မှာပါ။"
ဆံပင်နှင့် အသားအရေအရောင်တို့က တူညီနေသဖြင့် နှစ်ဦးသားက ညီအစ်မနှစ်ယောက်နှယ်။ သို့သော်လည်း ညှို့ယူဖမ်းစားနိုင်သောလေထုကို ထုတ်လွှတ်နေသည့် လိုင်နှင့်မတူဘဲ ဆေးလ်က ကိုင်နာနှင့် ပထမဆုံးအကြိမ်တွေ့တုန်းကအတိုင်း ဘာမှပြောင်းလဲမှုမရှိချေ။
သာမန်ကိုယ်လုပ်တော်သာဆို မိမိ၏ကလေးက ဆက်ခံသူဖြစ်လာလိမ့်မည်ဟု ကြားရလျှင် ပျော်ရွှင်ကြလိမ့်မည်။ သို့သော် ဆေးလ်က သူ(မ)၏သားကို ငေးစိုက်ကြည့်ကာ သူ့ကို ညင်သာစွာပွတ်သပ်ပေးနေခဲ့၏။
"ကျွန်မ အပြစ်ပြုမိသွားရင် တောင်းပန်ပါတယ်။"
"မဟုတ်ပါဘူး။ နန်းတော်က ထင်ထားသလိုနဲ့ လုံးဝမတူဘူးလို့ ကျွန်မ ရုတ်တရက်တွေးလိုက်မိလို့ပါ။"
ကိုင်နာက သူ့ညီအစ်ကိုများနှင့် ယခင်ဆူတန့်ကိုကာသတ်ကာ ထီးနန်းရယူခဲ့၏။ သူထိုင်နေသော ရာဇပလ္လင်က သွေးများစွန်းထင်းနေကြောင်းကို မငြင်းနိုင်ချေ။
ရွေးချယ်စရာမရှိဘဲ တစ်စုံတစ်ယောက်၏လက်ကိုသုံးကာ သွေးများကိုပက်ဖြန်းစေသည့်နေရာတစ်ခုပင်။
ဤကလေးမှာသာ ညီတော်ရှိလာခဲ့လျှင် မည်ကဲ့သို့ဖြစ်မလဲဆိုတာ ဆေးလ် မည်သူ့ကိုမှ မမေးနိုင်ခဲ့ချေ။
"ဧကရာဇ်ရဲ့နေရာက မထင်မရှားမဟုတ်တာမို့ ဟားစခိက သန်မာပြီး အနောက်ကနေ ပံ့ပိုးပေးဖို့လိုပါတယ်။"
သူ(မ)သာ တတ်နိုင်လျှင် ၎င်းအားရှောင်ရှားချင်သည်။ လိုင်က ဆေးလ်၏ဖရိုဖရဲဖြစ်နေသောစိတ်ကို တိတိကျကျထောက််ကာ သူ(မ)ရင်ဆိုင်ရမည့်အနာဂတ်ကို ထုတ်ပြောခဲ့သည်။
မီရ်ဂါက လိုင့်ကို ဆူတန့်ရှေ့မှာ ထင်ပေါ်စေနိုင်ဖို့အတွက် ဆေးလ်နှင့် မကြာမကြာအချိန်ဖြုန်းဖို့ အမိန့်ပေးခဲ့သည်။ သို့သော်လည်း လိုင်က သတိမပြုမိလိုက်ဘဲ ဆေးလ်နှင့်စကားပြောရတာကို သဘောကျလာခဲ့သည်။ ဆေးလ်က သူ(မ)ဖတ်ခဲ့သောစာအုပ်များအကြောင်းကို အဓိကမျှဝေတတ်ပြီး လိုင်ကလည်း ကျွန်ဖြစ်ခဲ့သည့်အချိန်မှစ၍ သူ(မ)၏တစ်ဘဝလုံးနှင့်ပတ်သက်၍ မျှဝေခဲ့သည်။
၎င်းတို့က တစ်ယောက်စကားတစ်ယောက်နားဖြင့် ကြားသိခဲ့ဖူးသော တစ်ယောက်စီ၏တိုင်းပြည်များမှ ကောလာဟလများကိုတောင် ခန့်မှန်းဖို့ကြိုစားခဲ့ကြသည်။
လိုင်က သူ(မ)ဆံပင်နှင့် မျက်လုံးအရောင်တို့ကြောင့် တိရစ္ဆာန်ကဲ့သို့ ရောင်းစားခံခဲ့ရသည့် နေ့ရက်များအကြောင်းကို ပြောလာသောအခါ ဆေးလ်ကလည်း လက်သီးများဆုပ်လျက် လိုင်၏ဝမ်းနည်းမှုကို မျှဝေခံစားပေးခဲ့၏။ လိုင် ရောင်းစားခံလိုက်ရသည့် အကြောင်းအရင်းက ဆေးလ် ဤနန်းတော်ထဲသို့ ခေါ်လာခံခဲ့ရသည့် အကြောင်းအရင်းနှင့် တူညီနေလေသည်။
လိုင်က ကိုယ်လုပ်တော်မဖြစ်ခင် ကျွန်ဖြစ်ခဲ့သောကြောင့် အခြားပါတနာများပြောခဲ့သော ငုပ်လျှိုးနေသည့်ရည်ရွယ်ချက်များကို သတိထားခဲ့ရသည်။ သို့မှသာ သူ(မ) အသက်ရှင်သန်နိုင်လိမ့်မည်။
သို့သော် ဆူတန့်ဘေးကထိုင်ခုံကို တစ်ဦးတည်းသိမ်းပိုက်ထားသော ဆေးးလ်အနေနှင့်တောင် လိုင့်အပေါ် ခံစားချက်များနှင့် အတွေးများကို သူ(မ)ခံစားခဲ့ရသည့်အတိုင်းပြသခဲ့သည်။ သူ(မ)စိတ်ဝင်စားသော၊ သို့မဟုတ် စိတ်မဝင်စားသောအရာများကို ပျော့ပျောင်းသော်လည်း ရှင်းလင်းစွာပြောဆိုခဲ့ပြီး သူ(မ)၏ရည်ရွယ်ချက်များမှာ လုံးဝဖောက်မြင်နေရ၏။
"ကျွန်မ ပထမဆုံးအကြိမ် ထွက်ပြေးတာကို ဖမ်းမိသွားတုန်းက သေလောက်အောင်ထိ အရိုက်ခံခဲ့ရတယ်။ ကျွန်မရဲ့ကျောမှာ အမာရွတ်က အခုထိတောင်ရှိနေပါသေးတယ်။"
ဆေးလ်က သူ(မ)ကလေးနှင့်ပတ်သက်ပြီး မပြောချင်တာကို လိုင် သတိပြုမိပြီး အကြောင်းအရာပြောင်းလဲကာ မနေ့ကဇာတ်လမ်းကို ပြန်ဆက်ခဲ့သည်။ ဆေးလ်က ကလေးကိုပွေ့ဖက်ထားပြီး ချက်ချင်းဆိုသလို မျက်လုံးများဖွင့်၍ လိုင်၏စကားကို နားထောင်နေခဲ့သည်။ အီနင်းက ကလေးကို ထိန်းပေးမည်ဟုပြောခဲ့သော်လည်း ဆေးလ်က အပြုံးလေးဖြင့် ငြင်းလိုက်သည်။
ကလေးက သူ့အမေ၏ရင်ခွင်ထဲမှာ မျက်တောင်လေးတဖျပ်ဖျပ်ခတ်ကာ ညင်သာစွာလှည့်ပတ်ကြည့်နေပြီး ၎င်းတို့၏စကားဝိုင်းကို သူပါနားထောင်နေသည့်အတိုင်း ထင်မှတ်ရပေ၏။
"ကျွန်ဘဝနဲ့ မောင်းမဆောင်ထဲကဘဝက အတူတူပါပဲ။ ထွက်ပြေးတာကို ဖမ်းမိပြီဆိုတာနဲ့ အသက်ရှင်ဖို့ခက်သွားပြီ။ ကျွန်မ အသက်ရှင်နေရတဲ့ အကြောင်းပြချက်က ကျွန်မရဲ့ဆံပင်အရောင်က ဟားစခိနဲ့တူနေပြီး ထူးဆန်းတဲ့ အနီရောင်မျက်ဝန်းတွေကြောင့်ပါ။"
ပုံမှန်မဟုတ်သောအရာကို ရှာဖွေနေသူများအတွက် မြင့်မားသောစျေးနှုန်းဖြင့် ရောင်းချနိုင်သောကြောင့် သူ(မ)၏ခြေလက်များ ဖြတ်တောက်ခံရလုနီးနီးဖြစ်ခဲ့ကြောင်း လိုင်က ခါးခါးသီးသီးပြောပြလာခဲ့သည်။
"မင်းတို့က တော်တော်လေးတူတာပဲ။"
ဆူတန်ရောက်လာကြောင်းကို မည်သူကမှ မကြေညာခဲ့ပေ။ သူ(မ) အသံကြောင့်ထိတ်လန့်သွားပြီး လှည့်ကြည့်လိုက်ရာ တံခါးဝမှာရပ်နေသော ဆူတန်ကိုတွေ့လိုက်ရပြီး အပြုံးများက ပျောက်ကွယ်သွားခဲ့သည်။
"အရှင်ကိုင်နာ!"
ဆေးလ် ထရပ်လိုက်ချိန်မှာ အီနင်းက ကလေးကို အလျင်အမြန်ခေါ်လိုက်၏။ အဆင့်နိမ့်သူ လိုင်ကတော့ ကြမ်းပြင်ပေါ် ဝပ်တွားနေခဲ့သည်။
"ထပါ။ မင်းရဲ့နှုတ်နဲ့ ငါ့ဇနီးလေးကို ဆက်ပြီးကျေနပ်အောင် လုပ်ပေးလိုက်ပါဦး။"
လိုင် တံတွေးမျိုချလိုက်၏။ အင်ပါယာ၏အနောက်ပိုင်းက မိုးခေါင်ရေရှားဖြစ်နေ၍ အလုပ်များနေသည်ဟုဆိုသော ဆူတန်က ဆေးလ်၏နန်းတော်ဆီသို့ တစ်နာရီနေတိုင်း လာရောက်လည်ပတ်ခဲ့သည်။ သူက ဆေးလ်နှင့်တွေ့ရန် အမြဲတမ်း အချိန်ပေးထားသည်ဟု သူ(မ)ကြားဖူးသော်လည်း ဆေးလ် ကိုယ်ဝန်ရှိချိန်မှလွဲ၍ ယခုလိုမျိုး အချိန်တိုင်းလာလည်နေကြောင်း ၎င်းတို့တွေ တစ်ခါမှမပြောခဲ့ဖူးချေ။
သို့သော်လည်း လိုင်ရောက်လာကတည်းက ကိုင်နာသည် ဆေးလ်၏နန်းဆောင်ကို တစ်နေ့တစ်နေ့ အကြိမ်များစွာ လာရောက်လည်ပတ်ခဲ့သည်။ လက်ဖက်ရည်သောက်ခြင်းကလည်း ခြွင်းချက်မဟုတ်ပေ။
ဧကရာဇ်က ငွေရောင်ဆံပင်နှင့်အမျိုးသမီးအသစ်ကို သဘောကျနေသည်ဟူသော ကောလာဟလများက နန်းတော်ထဲမှာ ပျံ့နှံ့နေပြီဖြစ်၏။ ဆူတန်က တခြားအမျိုးသမီးသမီးကိုတွေ့ရဖို့ ဟားစခိဆီ ပုံမှန်ထက်ပိုသွားနေသည်ဟုလည်း ပြောနေကြသည်။
မီရ်ဂါက ကောလာဟလများကို ကြားပြီး ဆူတန် လိုင့်ကို အိပ်ရာပေါ်ခေါ်တင်ဖို့ သိပ်မကြာတော့ဘူးဟု ယုံကြည်နေသော်လည်း လိုင်ကတော့ ထိုကဲ့သို့မထင်ပေ။
ဆေးလ်ကို သိမ်မွေ့သောအမူအရာများနှင့် ကြည့်တတ်သော ဧကရာဇ်က လိုင်နှင့် အကြည့်ချင်းဆုံသွားချိန်ဆို သူ(မ)ကို ဆုံချက်မဲ့စွာကြည့်နေသကဲ့သို့ လိုင့်အား ရံဖန်ရံခါ စူးစိုက်ကြည့်နေတတ်သည်။
ဆူတန်၏အထိန်းတော်က ဆူတန်၏အကြည့်များ လိုင့်ပေါ်ကျရောက်နေသည်ကို သတိပြုမိပေ၏။ ဆူတန်၊ လိုင်နှင့် ဆေးလ်အတူတူရှိနေချိန်ဆို အီနင်းမှာ စိတ်ပူနေခဲ့သည်။ ကိုင်နာ လိုင့်ကိုကြည့်နေသည့်အချိန်တိုင်း အီနင်းက ဆေးလ်နှင့်စကားပြောကာ သူ(မ)၏အာရုံကို လွှဲပြောင်းခဲ့ရသည်။
သူ(မ)က သစ္စာရှိသောအမျိုးသမီးဖြစ်သည်။ သူ(မ)သခင်၏နှလုံးသားနှင့်ပတ်သက်၍ ထိုအမျိုးသမီး၏ စိုးရိမ်ပူပန်မှုနှင့် နွေးထွေးမှုတို့ကို အတိုင်းသားမြင်နေရပေသည်။
ဆူတန်က ဆေးလ်၏နံဘေးမှာရပ်နေ၏။ လိုင်က ကြမ်းပြင်ပေါ်ကနေ မထရသေးဘဲ ကိုင်နာ၏အကြည့်တို့ကို သူ(မ)၏တစ်ကိုယ်လုံးနှင့် ခံယူနေခဲ့ရသည်။
ဤသည်မှာ မီရ်ဂါပြောသည့်အတိုင်း သတင်းကောင်းများဖြစ်နေနိုင်သည်လော။
ဆေးလ်က သူ(မ)၏ကလေးကိုကြည့်နေ၏။ အဘယ်ကြောင့်ဆိုသော် ကလေးက ရုတ်တရက်အော်ကာ သူ့မိခင်ရင်ခွင်ထဲ သွားဖို့ကြိုးစားနေသောကြောင့်ပင်။
"မင်းရဲ့နာမည်က လိုင်လို့ပြောခဲ့တယ်မလား။"
"ဟုတ်ပါတယ်၊ အရှင်မင်းကြီး၊ ကျွန်မနာမည်ကို မှတ်မိနေပေးလို့ ကျေးဇူးတင်ပါတယ်။"
အက်ရှသောအသံက သူ့အလိုလိုထွက်လာ၏။ မည််သို့ပင်ဆိုစေ လိုင် အင်ပါယာနှင့် နန်းတော်ဆီလာရသည့်အကြောင်းက ဆေးလ်နှင့်အတူ ဧကရာဇ်ကိုမျှဝေဖို့ဖြစ်သည်။ ဆေးလ်က ပေါင်းသင်းဆက်ဆံလို့ကောင်းသည့် အမျိုးသမီးဖြစ်၏။ မည်သို့ပင်ဆိုစေ ဧကရာဇ်ကို အမျိုးသမီးတစ်ယောက်တည်း လက်ဝါးကြီးအုပ်ထားလို့မရပေ။
"ငါ့ဆီကနေ အကြည့်လွှဲဖို့သတ္တိရှိတာ သိပ်တော်တာပဲ။"
ကိုင်နာက လိုင့်ကိုကြည့်နေကြောင်း ဖုံးကွယ်မထားခဲ့ပေ။ ဤနေရာမှာ ဆေးလ်ရှိနေသော်လည်း သူက ဂရုမစိုက်ဘဲ လိုင့်ကို သူ့အကြည့်များအားရှောင်နေသည့်အတွက် စွပ်စွဲနေခဲ့သည်။
ဆေးလ်က သူ(မ)၏ကလေးကိုပွေ့ချီလိုက်ရင်း ကိုင်နာ့ကိုကြည့်လိုက်သော်လည်း သူ့မျက်နှာပေါ်မှ ဖော်ရွေသောအပြုံးကြောင့် ဘာမှမပြောခဲ့ပေ။ ဤအမျိုးသမီးရောက်လာချိန်မှာ သူ(မ) မည်သည့်အရာများကို တွေးနေခဲ့သနည်း။ ဆေးလ်က သူ(မ)၏အတွေးများနှင့် စိတ်ခံစားချက်များအားလုံး မျက်နှာပေါ်မှာ အတိုင်သားပေါ်နေတတ်သူမျိုးဖြစ်သော်လည်း ယခုလက်ရှိမှာတော့ သူ သူ(မ)ကိုနားမလည်ခဲ့ပေ။
"...ကျွန်မရဲ့အပြစ်တွေက သေသင့်ပါတယ်။"
သူက သူ(မ)ကို ဝါးမျိုချင်နေတာလားဟု အတွေးများနေသောလိုင့်ကို ကိုင်နာက စွဲမြဲစွာစိုက်ကြည့်နေခဲ့သည်။ ၎င်းက လိင်ပိုင်းဆိုင်ရာတင်းအားတစ်ခုလော၊ သို့မဟုတ် ဧကရာဇ်၏အကြည့်ကိုရှောင်လွှဲသည့်အတွက် ဒေါသထွက်ရုံမျှပဲလောကို သူ(မ) မသိပေ။ အစကတည်းက သူ(မ) ကိုင်နာနှင့်ပတ်သက်၍ လုံလုံလောက်လောက်သိမထားချေ။
သူက သူ(မ)အပေါ် စိတ်ဝင်စားနေသည်ဆိုသော ကောလာဟလများကို ယုံကြည်သင့်သည်လာ၊ သို့တည်းမဟုတ် တွန့်ဆုတ်နေသော သူ(မ)၏ပင်ကိုအသိစိတ်ကိုပဲ ယုံကြည်သင့်သည်လော။
လိုင်က ထိုအကြောင်းကို တွေးနေခဲ့သည်။
"မင်းက သိပ်ကိုစကားပြောကောင်းတာပဲကိုး။ သခင်မလေးဆေးလ်ဆို အိပ်ရာပေါ်ရောက်တဲ့အထိ လိုင့်အကြောင်းပြောနေတုန်းပဲ။"
ကိုင်နာက ဆေးလ်ကို ပြောနေ၏။ သူ(မ) ဆေးလ်ကိုပြောပြသမျှက ကိုင်နာ့နားထဲပြန်ရောက်ကြောင်း လိုင် သတိပြုမိသွားပြီး သူ့ကို စိုးရိမ်ပူပန်စွာကြည့်လိုက်သည်။ ဆူတန်က မပျော်မရွှင်ဖြစ်နေပုံတော့ မပေါ်ချေ။
လိုင် ဧကရာဇ်ကို အတင်းအဖျင်းမပြောခဲ့သလို ပေါက်ကရများလည်း မပြောခဲ့ပေ။ သူက ထိုကဲ့သို့လူမျိုးဖြစ်မည်ဟု ထင်ခဲ့မိသော်လည်း သူ အမှန်တကယ်တွေးတောနေသည့်အရာများကို သူ(မ) မသိပေ။
သို့သော်လည်း လက်ရှိအခိုက်အတန့်မှာ ဆေးလ်နှင့်ပတ်သက်သည့် သံသယသေးသေးလေးကတောင် ပျောက်ကွယ်သွားခဲ့သည်။ အမျိုးသားတစ်ယောက်ကို မျှဝေရမည့်အခြေအနေမှာ သူ(မ)က တခြားသူများကို ကိုက်ခဲကာ ဆုတ်ဖြဲပစ်လိမ့်မည်ဖြစ်သော်လည်း ဆေးလ်ကတော့ ထိုသို့မလုပ်ခဲ့ပေ။ လိုင် သူ(မ)ကို ပိုပိုပြီး သဘောကျလာခဲ့သည်။ ဆေးလ်သာဆိုလျှင် ၎င်းတို့တွေ မောင်းမဆောင်ကို အတူတူအုပ်စိုးနိုင်လိမ့်မည်ဟု လိုင်တွေးမိ၏။
"ဟုတ်တယ်။ ကျွန်မ သူ(မ)ရဲ့ဇာတ်လမ်းတွေကို နားထောင်တဲ့အချိန်ဆို အစားစားဖို့တောင် မေ့သွားတဲ့အထိပဲ။"
"ဒါပေမဲ့ မင်း အစားအသောက်တွေကို မစားဘဲမနေသင့်ဘူးနော်။"
၎င်းတို့က တစ်ယောက်နှင့်တစ်ယောက် ဖော်ရွေစွာစကားဖလှယ်နေကြ၏။
ကိုင်နာက အလုပ်များနေသည်မှာ အမှန်ဖြစ်နိုင်ပြီး သူ့သားလေး၏နဖူးကိုနမ်းကာ ထွက်ခွာသွားခဲ့သည်။ ဆူတန့်ကို လိုက်ပို့ရန် လူတ်ိုင်းထရပ်လိုက်ချိန်မှာ သူက အားလုံးကိုထွက်သွားဖို့ လက်ဟန်ပြလိုက်ပြီး ဆေးလ်၏နန်းဆောင်ထဲကနေ ထွက်ခွာသွားခဲ့သည်။
"ဟားစခိက အနားယူဖို့လိုတာမို့ ဧည့်သည်တွေ ထွက်သွားပေးပါ။"
ချင်ချင်းဆိုသလို အီနင်းက ဓါးသွားတစ်ခုနှယ် လိုင့်ကိုဖြတ်ပြောလာခဲ့သည်။ ဆေးလ်၏အနားယူချိန်ရောက်ဖို့ အချိန်လိုသေးသော်လည်း ဧကရာဇ်၏အထိန်းတာ်က ခေါင်းမာစွာဖြင့် သူ(မ)ကိုတွန်းလွှတ်နေရာ နောက်ဆုံးတော့ လိုင် ထရပ်လိုက်လေ၏။
တိတိကျကျပြောရလျှင် လိုင်က ဆေးလ်၏ကျွန်ဖြစ်သော်လည်း ဆေးလ်က သူ(မ)ကို ဧည့်သည်အဖြစ်ဆက်ဆံရန် အမိန့်ပေးထားခဲ့သည်။ သူ(မ)က ဆေးလ်၏အပိုင်ဖြစ်သော်ငြား ဆေးလ်၏စကားများကို ပေါ့ပေါ့တန်တန်သဘောမထားဝံ့ဘဲ လူတိုင်းက လိုင့်ကို ဧည့်သည်အဖြစ်သာ ဆက်ဆံခဲ့ကြသည်။
"ဒါဆို အရှင်မ နိုးတော့မှ ထပ်တွေ့ပါ့မယ်။"
ဆေးလ်က ညဘက်မှာ ကိုင်နာနှင့်တူ အချိန်ကုန်ဆုံးသည်မှလွဲ၍ နေ့လယ်ခင်းများ၌ လိုင်နှင့် အချိန်ဖြုန်းတတ်သည်။
"အင်း၊ ကျွန်မ ဒီနေ့ နည်းနည်းပင်ပန်းနေလို့ပါ။"
ဆေးလ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ သူ(မ)က အီနင်း၏စကားများကို မငြင်းဆန်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူ(မ) အီနင်းကိုလေးစားသောကြောင့်ဖြစ်ပြီး အီနင်း ယခုလိုလုပ်ရသည်မှာ အကြောင်းအရင်းရှိရမည်ဟု ယုံကြည်သောကြောင့်ပင်။
နန်းဆောင်ပိုင်ရှင်က ပြောလာသည့်အတွက် လိုင် ယနေ့အတွက်တွေ့ဆုံခြင်းက အဆုံးသတ်ပြီဖြစ်ကြောင်း တွေးလိုက်မိပြီး ဦးညွတ်ကာ ပြန်ထွက်လာခဲ့လိုက်သည်။
သူ(မ) လျှောက်လမ်းကနေချိုးကွေ့လိုက်သည်နှင့် ရုံးခန်းဆီပြန်သွားပြီဟု ထင်လိုက်သော ကိုင်နာက သူ(မ)ကိုစောင့်နေခဲ့၏။
သူ(မ) အံ့အားသင့်သွားသော်လည်း အလျင်အမြန်ဝပ်တွားကာ ဂါရဝပြုလိုက်သည်။ ဆူတန်က သူ(မ)ကို ထဖို့မပြောဘဲ ခေါင်းညိတ်ပြလာ၏။
"ဒီနေ့ည ငါ့နေရာကိုလာခဲ့။"
"...ကျေးဇူးတင်ပါတယ်၊ အရှင်မင်းကြီး။"
ဆေးလ်၏အခန်းက အတော်လေးအလှမ်းဝေးတာတောင် သူ(မ)ကြားသွားမည်စိုး၍ လိုင်က တီးတိုးပြန်ဖြေခဲ့သည်။ ထိုစကားတစ်ခွန်းသာပြောခဲ့ပြီးနောက်မှာ ကိုင်နာက သူ၏နောက်လိုက်များနှင့်အတူ ထွက်ခွာသွားခဲ့သည်။
လိုင် အချိန်တစ်ခုအထိ ထိုနေရာမှာ မလှုပ်မယှက်ရှိနေခဲ့၏။
ဧကရာဇ်က ယနေ့ည သူ့ဆီကိုလာဖို့ သူ(မ)ကိုခေါ်ခဲ့သည်။ ဆိုလိုသည်မှာ သူ(မ) ဧကရာဇ်ကိုခစားပြီး ကေဒင်ဖြစ်လာတော့ပေမည်။
သူ(မ)၏လက်ဖဝါးများက စိုစွတ်လာ၏။ စိတ်လှုပ်ရှားစွာဖြင့် သူ(မ)၏လက်နှစ်ဖက်ကို ဆုပ်ကိုင််လိုက်မိသည်။ လိုင် ယောက်ျားများကို ငြီးငွေ့ကာ စိတ်ကုန်နေသော်လည်း ယခု ထူးထူးဆန်းဆန်း ကွဲပြားသလိုခံစားနေရ၏။ လိုင် သူ(မ)၏ချွေးစို့နေသောလက်ဖဝါးများကို သူ(မ)၏ပိုးထည်အဝတ်နှင့် ညင်သာစွာပွတ်သုတ်လိုက်ပြီး တံတွေးမျိုချလိုက်လေသည်။
***
Aurora Novel Translation Team