no

Font
Theme

"အာ့..."


ပြင်းပြသောနာကျင်မှုတစ်ခုက သူ့ကို လွှမ်းခြုံသွားခဲ့သည်။ သူ့ဘဝမှာ ယခုလိုနာကျင်မှုမျိုးကို တစ်ခါမှမကြုံခဲ့ဖူးချေ။ ချက်ချင်းဆိုသလို လက်တွေ့ဘဝဆီ ပြန်ရောက်လာပြီးနောက်် ကိုင်နာ သူ့အရှေ့မှာ ဆေးလ်ကိုတွေ့လိုက်ရသည်။


"အ့..."


"နင် အဆင်ပြေရဲ့လား။"


ဒဏ်ရာရထားသောနေရာကို သူ(မ)၏လက်နှစ်ဖက်လုံးဖြင့်ဖိထားရင်း မျက်လုံးများထဲမှာ မျက်ရည်များပြည့်နှက်နေ၏။


"မငိုပါနဲ့။"


"သွေးတွေက ဆက်ထွက်နေတုန်းပဲ..."


သူ(မ)သာ သူ၏ရင်ဘတ်ကို ဖိမထားခဲ့လျှင် သူ သတိလစ်ကာ ယခုလိုမျိုး သေဆုံးသွားလောက်ပြီဖြစ်၏။ သူ(မ)ယူလာပေးခဲ့သော အဝတ်သန့်ကလည်း သွေးများစိုရွှဲနေလေပြီ။ သူ့နံဘေးမှာရှိနေသော အဝတ်စတချို့ကလည်း ထိုနည်းလည်းကောင်းပင်။


"ဒါကို အရင်စားထားနှင့်လိုက်ဦး။ ဒီနေ့ ကိုယ်လုပ်တော်တချို့က အရက်သောက်ကြလို့ ကံကောင်းတာပဲ။"


ဝိုင်ကို အမြဲလိုလိုရနိုင်သော်လည်း အယ်လ်ကိုဟောပမာဏ များများစားစားပါဝင်သည့်အရက်ကို ရှာတွေ့နိုင်ဖို့က ခက်ခဲပေ၏။ ဆေးလ် ရှားစောင်းအရက်ကို ဒဏ်ရာတစ်ဝိုက် လောင်းချလိုက်ရာ လောင်ကျွမ်းနေသောနာကျင်မှုက ထွက်ပေါ်လာခဲ့သည်။


"ပိုးသတ်ဖို့လိုတယ်..."


ဆေးလ် သူ၏တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ ဘာလုပ်ရမှန်းမသိတော့ပေ။ သူနာကျင်နေတာကို သူ(မ) မကြည့်ရက်သဖြင့် ကိုင်နာက သူ၏ညည်းညူသံများကို ထိန်းချုပ်ဖို့ ရုန်းကန်နေခဲ့ရသည်။ အကြောင်းတချို့ကြောင့် သူ့ကိုကုသပေးနေသည့် ဤကလေးက သူ့ထက်ပိုပြီးနာကျင်နေပုံပင်။


"ငါ့ကို အရက်ပေး။"


သူ(မ)က အရက်ပုလင်းကို သူ့ထံ အသံတိတ်ကမ်းပေးလိုက်ပြီး သူက တစ်ခါတည်းနှင့် အကုန်သောက်ပစ်လိုက်လေ၏။


"အာ... အကုန်မသောက်လိုက်နဲ့လေ..."


"မဟုတ်ရင် နာကျင်မှုကို ခံနိုင်မှာမဟုတ်ဘူး။ စာအုပ်ထဲမှာ အရက်ရဲ့စွမ်းအားကို ငှားယူတဲ့အကြောင်းရေးထားတာကို မဖတ်ဖူးဘူးလား။"


၎င်းမှာ ဟာသတစ်ခုဖြစ်သော်လည်း ထိုကလေးက မရယ်ခဲ့ဘဲ သူ(မ)၏ဦးခေါင်းကို လေးလေးနက်နက်ညိတ်ပြလာခဲ့သည်။ ယခုတစ်ခေါက် သူ(မ)က သူ့အတွက် ရေပေးလာခဲ့၏။


"နင် သွေးတွေအများကြီးဆုံးရှုံးထားတာမို့ တစ်ခုခုစားမှဖြစ်မယ်။ ဒီမှာ အသီးရယ်၊ ရေရယ်၊ ပေါင်မုန်ရယ်ပါလာတယ်။ ငါ အသားတချို့ယူလာပေးချင်ပေမဲ့ မကျန်တော့လို့..."


အကြွင်းအကျန်များစားရသည်မှာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်၏။ သူ၏ပါးစပ်က ခြောက်ကပ်နေပြီး ဘာကိုမှမစားချင်သဖြင့် နံရံကိုမှီကာ မျက်လုံးများကိုမှိတ်ထားလိုက်သည်။ ထို့နောက် စိုစွတ်သောတစ်စုံတစ်ခုက သူ၏နှုတ်ခမ်းကို လာထိလေ၏။


ပေါင်မုန့်ကိုရေစွတ်ကာ ပျော့ပျောင်းစေပြီးနောက် ဒဏ်ရာကို အရက်ဖြင့်လောင်းထားသည့် တူညီသောလက်ချာင်းထိပ်ကလေးများဖြင့် သူ့ပါးစပ်ထဲထည့်ဖို့က အနည်းငယ်ခက်ခဲပေသည်။


"ကျေးဇူးပြုပြီး စားလိုက်ပါ။"


"...ငါက မကောင်းတဲ့သူဖြစ်နေရင်ရော?"


"မကောင်းတဲ့သူတွေက အဲ့လိုမပြောတတ်ဘူး။"


ကိုင်နာက တည်ငြိမ်စွာဖြင့် ပေါင်မုန့်ကိုယူကာ စားလိုက်သည်။ ဆေးလ်၏မျက်လုံးများက တစ်ဖန် မျက်ရည်များစိုစွတ်လာပြန်ပြီး ပေါင်မုန့်ကိုရေနှင့်စိမ်၍ သူ့နှုတ်ခမ်းဆီ ထပ်တိုးပေးလိုက်၏။ သူ(မ)မှာ ပုံစံကျသောမျက်နှာလေးရှိသော်လည်း လာမည့်နှစ်အနည်းငယ်အတွင်း မောင်းမဆောင်ထဲမှ အခြားလူတိုင်းထက် သာလွန်သည့်အလှတရားကြောင့် ကြွားဝါတတ်လာလိမ့်မည်။ ၎င်းအား သတိပြုမိလိုက်သောအခါ ကိုင်နာတစ်ယောက် ဒေါသထွက်လာမိ၏။


"နင် ထပ်စားဖို့လိုတယ်။"


သူငယ်ငယ်လေးကတည်းက သူ့ကို တစ်စုံတစ်ယောက်ကနေ အစားအသောက်များခွံ့ကျွေးသည်အား မမှတ်မိတော့ပေ။ ယခု ခံစားချက်က ဆိုးဝါးမနေသည့်အတွက် ကိုင်နာ ပါးစပ်ထပ်ဟပေးလိုက်သည်။


"မင်းက ထူးဆန်းတယ်။"


"ဟမ်?"


"ပုံမှန်မိန်းကလေးဆိုရင် အကူအညီတောင်းပြီး အော်နေလောက်မှာ။"


နာခံမှုရှိစွာဖြင့် ပေါင်မုန့်စားနေရင်း ကိုင်နာ၏လျှာဖျားက ဆေးလ်၏လက်ချောင်းလေးကို ပွတ်တိုက်မိသွားခဲ့သည်။ သူက သူ(မ)ကိုမေးလိုက်သော်လည်း သူ(မ)က အကြည့်လွှဲကာ လက်ချောင်းများကို ဆုပ်လိုက်မိ၏။


"မင်းနာမည် ဘယ်လိုခေါ်လဲ။"


"...ဆေးလ်။"


"မျိုးရိုးနာမည်မရှိဘူးလား။"


"ငါက မျိုးရိုးမြင့်ရဲ့သမီးမဟုတ်လို့။"


သူ(မ)က သာမန်ပြည်သူဖြစ်ကြောင်း ပြောပြီးနောက် ဆေးလ် ကိုင်နာ၏အမူအရာကို လေ့လာလိုက်သည်။ များသောအားဖြင့် အဆင့်အတန်းမြင့်သူများက သာမန်ပြည်သူများအပေါ် ဆိုးဆိုးဝါးဝါးဆက်ဆံတတ်ကြသည်။ သူ(မ)က သူ့ဆီကနေ ထိုကဲ့သို့သောအပြုအမူကို မျှော်လင့်နေကြောင်း ကိုင်နာ အာရုံခံမိလိုက်သောအခါ ပေါင်မုန့်ကိုရေတို့၍ သူ့ပါးစပ်နားတိုးကပ်ပေးလာသော ဆေးလ်၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။


"ငါဂရုမစိုက်ဘူး။"


ဆေးလ် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီးနောက် ရေးရေးလေးပြုံးလိုက်သည်။ သူ(မ)၏မျက်နှာကို မြင်လိုက်ရသောအခါ သူ(မ) ပို၍တောက်ပစွာပြုံးနိုင်ဖို့ ကိုင်နာ ဆုတောင်းမိလေ၏။


"လာမဲ့နှစ်အနည်းငယ်အတွင်း မင်းက အပြည့်အဝပွင့်လန်းလာတော့မှာ။"


သူ(မ)က သူ ဘယ်တော့မှခူးမယူနိုင်သည့် ဆူတန်၏ပန်းကလေးဖြစ်သည်။ ၎င်းကို သတိပြုမိလိုက်ပြီးနောက် ကိုင်နာ၏မျက်လုံးများက မည်းမှောင်သွားခဲ့သည်။


"ငါ့ကို ဘယ်သူမှဂရုမစိုက်ဘူး။"


"သူတို့အားလုံး အရူးတွေပဲ။"


သူ(မ) သူ၏မျက်နှာပေါ်မှသွေးများကို သုတ်ပေးချင်သော်လည်း အဝတ်များက ညစ်ပတ်သွားပြီဖြစ်၏။ ဆေးလ် နောက်ဆုံးပေါင်မုန့်ကို သူ့ပါးစပ်ထဲထည့်လိုက်ပြီး သူ့ဆီကနေထွက်ခွာရန် ကြိုးစားလိုက်သည်။


"နင် အဆင်ပြေရဲ့လား။"


ကိုင်နာက လှုပ်ရှားလိုက်ပြီး သူ၏ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့်ဖိကာ ညည်းညူလိုက်ချိန်မှာ သူ(မ)၏ခန္ဓာကိုယ်လေးက သူ့ဆီပြန်ကပ်လာခဲ့သည်။ သူ အနှီခန္ဓာကိုယ်လေးကြောင့် စိတ်သက်သာရာရသွားခဲ့၏။ သူ(မ)၏အမူအရာများ၊ သူ၏တုံ့ပြန်မှုတစ်ခုစီတိုင်းအပေါ် သူ(မ)၏အာရုံစူးစိုက်မှုတို့က သူ့ကိုယ်ပိုင်သွေးသားများကြောင့် နာကျင်နေသူကို နှစ်သိမ့်ကာ ရစ်ပတ်ပေးထားသည့်ပုံပင်။


"မလွှတ်လိုက်နဲ့၊ ဒဏ်ရာကို တင်းတင်းကျပ်ကျပ်ဖိထားပေး။"


သူ(မ)က ခေါင်းညိတ်ကာ လက်သေးသေးလေးများဖြင့် သူ၏ရင်ဘတ်ကို ဖိထားလေ၏။


"ဆေးလ်။"


"အင်း?"


သူ(မ)၏ သိမ်မွေ့သောအကြည့်များထဲမှ စိုးရိမ်ပူပန်မှုတို့ကြောင့် သူ၏နှလုံးသားက နာကျင်သွားခဲ့သည်။ သူ့ဘဝမှာ မည်သည့်ပန်းတိုင်မှမရှိခဲ့ပေ။ သူက မြင့်မြတ်သောအမျိုးသားတစ်ယောက်ဖြစ်ပြီး သူ့အစ်ကို၏နေရာကို မမက်မောခဲ့ချေ။ သူ၏လက်ရှိနေရာနှင့်ပဲ ကျေနပ်ရောင့်ရဲကာ သူ့အစ်ကိုအကြီးဆုံး ဆူတန်ဖြစ်လာချိန်၌ တွာရက်ကိုပြန်ဖို့ စီစဥ်ထားခဲ့လေ၏။


ဤအဖူးလေး ပွင့်လန်းလာဖို့ အချိန်မည်မျှကြာလိမ့်မည်နည်း။ သူ(မ) ဆူတန်ဆီကနေ အဖမ်းမခံရဘဲ အဆုံးထိရှင်သန်နိုင်မည်လော။ သူ သူ(မ)ကို လာရောက်ခူးယူမည့်အချိန်ထိ ရှင်သန်နိုင်မည်လော။


"ဆက်ပုန်းနေ၊ ဆူတန်ရဲ့မြင်ကွင်းထဲကနေ။"


သူ(မ)က သူပြောနေသည့်အရာကိုမသိသည့် မျက်နှာအမူအရာဖြင့် ဦးခေါင်းလေးကို စောင်းငဲ့လိုက်သည်။ ဤပန်းလေး အလှဆုံးပွင့်လန်းလာချိန်မှာ သူ လာရောက်ခူးယူရမည်။


သူ၏ဘဝရည်မှန်းချက်ကို အလွယ်တကူ ချမှတ်နိုင်ခဲ့သည်။ ဤအသေးလေးက အားနည်းကာ ကျိုးပဲ့ပျက်စီးနေသည့် သူ၏နှလုံးသားထဲ အမြစ်တွယ်သွားခဲ့လေ၏။ ဆူတန်၏ပန်းကလေးက သူ၏ခြောက်သွေ့နေသောနှလုံးသားထဲ အမြစ်တွယ်ဝံ့သည်မှာ မည်မျှနမော်နမဲ့နိုင်လိုက်သနည်း။


ကိုင်နာ၏လက်ချောင်းလေးက ဆေးလ်၏ပါးပြင်ကို ပွတ်သပ်လိုက်သည်။


"မင်း ဆူတန်ရဲ့အာရုံစိုက်မှုကို ရသွားခဲ့ရင်တောင် အဲ့ဒါက မင်းရဲ့အမှားမဟုတ်ဘူး။ မင်းက သိပ်ကိုလှလှပပနဲ့ ကြီးပြင်းလာလိမ့်မယ်။"


ကိုင်နာက ရယ်မောလိုက်၏။ ဆေးလ်က သူ(မ)၏ကိုယ်ပိုင်အမူအရာကို သတိမထားလိုက်မိဘဲ ပျော့ပျောင်းစွာ ပြုံးလိုက်သည်။


ဆူတန်ဖြစ်လာခြင်းက သူ့ခမည်းတော်၏ကိုယ်လုပ်တော်များကို သိမ်းယူနိုင်မည်ဖြစ်ကြောင်း ကိုင်နာသိပေသည်။


"နင်ပြောနေတာတွေကို ငါနားမလည်ဘူး။"


"ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်ပြီး ကောင်းကောင်းစောင့်နေပါ။"


သူ၏ဦးခေါင်းက ချာချာလည်နေလေပြီ။ ပုန်ကန်မှုအောင်မြင်ဖို့အတွက် အချိန်မည်မျှကြာနိုင်သနည်း။


ပထမဦးဆုံး ပြဿနာအစဖြစ်နိုင်သည့် သူ၏အစ်ကိုအကြီးဆုံးကို သုတ်သင်ရမည်။ ထို့နောက် သူ၏အမေကိုပါ ရှင်းထုတ်ရမည်။ သူ့ရင်ဘတ်ထဲ ဓါးကိုထိုးစိုက်ခဲ့ပြီး သူ့အသွေးအသားများကို လှီးဖြတ်ခဲ့သော သူ့အစ်မကို မည်သို့လုပ်သင့်သနည်း။


"ဘာကိုမှစဥ်းစားမနေပါနဲ့။"


"ဘာလို့လဲ။"


"နင့်ရဲ့မျက်လုံးတွေက ကြောက်စရာကောင်းလို့။"


ကလေးများက ရိုးသားကြပေ၏။ သူ့ကို တည့်တည့်စိုက်ကြည့်ကာ ပြောလာခဲ့သော ဆေးလ်၏စကားလုံးများကြောင့် ကိုင်နာက ခေါင်းညိတ်ပြလိုက်သည်။


"အင်း၊ နောက်တစ်ခေါက်ကျမှ စဥ်းစားကြမယ်။"


ငါ မင်းရဲ့မျက်နှာလေးကို နည်းနည်းကြာကြာ ပိုကြည့်ချင်တယ်။


ကိုင်နာ၏ဒဏ်ရာကို မိုးသောက်ချိန်အထိ ဖိထားပေးခဲ့သော ဆေးလ်တစ်ယောက် အိပ်ပျော်သွားခဲ့ပြီး ပြန်နိုးလာသောအချိန်မှာ ဒဏ်ရာရထားသောလူကို အရိပ်အယောင်တောင်မတွေ့ရတော့ဘဲ သွေးများစွန်းပေနေသောစောင်က သူ(မ)ကိုယ်ပေါ်လွှမ်းခြုံနေကြောင်း တွေ့လိုက်ရလေသည်။


...


ဆေးလ် ခြေမခိုင်ဖြစ်သွားချိန်၌ အီနင်းက သူ(မ)ကို ကူထိန်းပေးခဲ့သည်။


"အဲ့-အဲ့ဒါက အရှင်ကိုင်နာ!"


၎င်းကို သဘောပေါက်သွားပြီး တွေးကြည့်လိုက်သောအခါ ကိုင်နာတစ်ယောက် တိတ်ဆိတ်သောစာကြည့်တိုက်ထဲ ဝင်လိုက်ထွက်လိုက်စလုပ်ခဲ့သည်မှာ ထိုအချိန်ဝန်းကျင်လောက်ကဖြစ်မည်။


"အရှင်မ မမှတ်မိလို့ အရှင်မင်းကြီးက အရမ်းစိတ်ဓါတ်ကျနေခဲ့တာ။ ဒါပေမဲ့ အခုတော့ အရှင်မ မှတ်မိသွားပြီပဲ!"


အီနင်းက ဝမ်းသာနေခဲ့သည်။ ဆေးလ်ကတော့ သူ(မ)၏ရှုပ်ထွေးနေသောအတွေးများထဲ နစ်မြုပ်နေ၏။ ထိုအချိန်တုန်းကမှတ်ဉာဏ်များက ဆေးလ်၏စိတ်ထဲ ရှင်းလင်းစွာပုံနှိပ်ထားသည်။ ၎င်းက အလွယ်တကူမေ့လို့ရမည့်အရာမဟုတ်သော်လည်း သွေးများစွန်းပေနေသည့်မျက်နှာ၊ နာကျင်နေသည့်အသံတို့ကြောင့် ၎င်းက ကိုင်နာမှန်း သူ(မ) အလွယ်တကူသတိမပြုမိခဲ့ချေ။


သူ(မ)သာ စောစောသိခဲ့လျှင်...


ဆေးလ် တွေးနေရင်းဖြင့် ခေါင်းယမ်းလိုက်သည်။ သူ(မ) အမြန်ဆုံးရှာတွေ့ခဲ့လျှင်တောင် ထိုအချိန်မှာ သူ(မ)က ဆူတန်၏ကိုယ်လုပ်တော်ဖြစ်နေခဲ့သည်။


"အရှင်မ၊ ကျေးဇူးပြုပြီး အရှင်မင်းကြီးပြန်လာတဲ့အချိန်ကျ သူ့ကို ဒီအကြောင်းပြောပြလိုက်ပါ။ သူ အရမ်းကို ကျေနပ်သွားလိမ့်မယ်။"


"အဲ့ဒါကြောင့် သူက ကျွန်မအပေါ် ဒီလောက်ထိကြင်နာပေးနေတာလား။"


"သူ အရှင်မရဲ့အသက်ကို ကယ်တင်ပေးခဲ့တာက အကြောင်းအရင်းတစ်ခုတည်းပဲရှိပါတယ်။ အရှင်မရဲ့နွေးထွေးတဲ့နှလုံးသားက သူ့ကို နက်နက်ရှိုင်းရှိုင်း ထိရှသွားစေခဲ့တာပါ။"


သူ(မ) မှတ်ဉာဏ်များကို ပြန်တွေးမိလိုက်သည်။ ယင်းက အမြဲတမ်း တစ်ယောက်တည်းရှိတတ်သော ဆေးလ်အတွက် တစ်စုံတစ်ယောက်နှင့် ပထမဆုံးအကြိမ်အတူရှိဖူးခြင်းပင်။ သူ(မ) ထိုလူ့ကိုသိသလားဟု မည်သူ့ကိုမှလည်း သွားမမေးနိုင်ခဲ့ပေ။ ထိုနေ့ညက သူ လိုက်ဖမ်းခံနေရဆဲဖြစ်မည်စိုး၍ သူ(မ)၏ပါးစပ်ကို ပိတ်ထားခဲ့ရသည်။


သူ ဆွဲခေါ်ခံသွားရသလိုမျိုး ခြေရာလက်ရာများမရှိသဖြင့် လုံလုံခြုံခြုံလွတ်မြောက်သွားခြင်းဖြစ်ဖို့ ဆေးလ် မျှော်လင့်ခဲ့၏။ သူ(မ) ထိုအကြောင်းကိုပြန်တွေးလိုက်တိုင်း ဤဘဝမှာ သူနှင့် ပြန်တွေ့လိမ့်မည်မဟုတ်ဟုသာ သူ(မ)ခန့်မှန်းခဲ့ပြီး သူ တစ်နေရာရာမှာ ကောင်းကောင်းမွန်မွန်ရှင်သန်နေသည်ဆိုသောအတွေးနှင့် ဆေးလ် ကျေနပ်နေခဲ့သည်။


"သူက ဘာဖြစ်လို့ ကျွန်မကို မပြောပြခဲ့တာလဲ။"


"အရှင်မင်းကြီးက အရှင်မကို ကိုယ့်ဘာသာမှတ်မိလာစေချင်တာထင်ပါတယ်။"


"ဘာလို့လဲ..."


"အဲ့ဒါ အရှင်မင်းကြီးက မြင်မြင််ချင်းချစ်မိသွားတဲ့ သိပ်ကိုထူးခြားတဲ့ အခိုက်အတန့်လေးလေ!"


"အ-အချစ်?"


"ဒဏ်ရာက သူ့ရဲ့တစ်ဦးတည်းသောအစ်မနဲ့ သူ(မ)ရဲ့ခင်ပွန်းကြောင့်ရခဲ့တာပါ။ သူ(မ)က သူ့ကို ဓါးနဲ့ထိုးခဲ့တာလေ။ အဲ့ဒီမှာ အရှင်မင်းကြီးက သူ့ရဲ့တစ်ဦးတည်းသောသွေးသားက သူ့ကို မချစ်ဘူးဆိုတာကို သဘောပေါက်သွားခဲ့ပါတယ်။"


အီနင်းပြောပြနေသည့်အရာက အံ့သြတုန်လှုပ်ဖွယ်ကောင်းပေ၏။ သူ၏အစ်မက မည်သို့ဖြင့် သူ(မ)၏မောင်အရင်းကို ဓါးနှင့်ထိုးနိုင်ရသနည်း။ သူ သူ့အစ်ကို၏လည်ပင်းထက် ဓါးကိုလွှဲယမ်းခဲ့ရခြင်းမှာ သူက ရက်စက်ကြမ်းကြုတ်သူဖြစ်သောကြောင့် မဟုတ်လောက်ပေ။ သူ့မှာ ရှင်သန်ဖို့အတွက် ရွေးချယ်စရာမရှိခဲ့သောကြောင့်သာ။


"အဲ့ဒါက အရမ်းလွန်တာပဲ..."


"အရှင်မက အခုလိုလူမျိုးပါ။ အဲ့ဒါကြောင့် အရှင်က ဒီလိုချစ်ခြင်းမေတ္တာမျိုးနဲ့ အရှင်မကို ဂရုစိုက်ပေးနေတာပါ။"


ဆေးလ်က မျက်ရည်များဝဲလာသောအခါ အီနင်းက သူ(မ)ကို ညင်သာစွာပွေ့ဖက်ပေးထားခဲ့သည်။ သူ(မ)၏ နွေးထွေးသောထွေးပွေ့မှုထဲမှာ ဆေးလ် မျက်ရည်များမထိန်းနိုင်တော့ပေ။


"အရှင်မရဲ့မျက်ရည်တွေကိုသာ မြင်သွားရင် အရှင်မင်းကြီး ဒေါသထွက်လာလိမ့်မယ်။ အဲ့ဒါကြောင့် မငိုပါနဲ့တော့ အရှင်မ။"


"ဒါပေမဲ့... ဒါပေမဲ့..."


"အရှင်မက ရိုးရိုးရံရွေတော်သာဆို အရှင်မင်းကြီးက သူနဲ့အတူ အဝေးကိုခေါ်ထုတ်သွားခဲ့မှာ။ ဒါပေမဲ့ အရှင်မက ဆူတန်ရဲ့ကိုယ်လုပ်တော်ဖြစ်နေတယ်လေ။ အဲ့ဒါကြောင့် သူက နောက်ဆုံးမှာ ထီးနန်းကိုသိမ်းယူပြီး ဆူတန်ဖြစ်လာခဲ့တာ။"


"ဒါဆို တစ်ခုခု မှားယွင်းသွားခဲ့ရင် ကျွန်မ ဘယ်လိုလုပ်..."


ဆေးလ်က ဆက်လက်ငိုကြွေးနေခဲ့သည်။


"တွန်းအားပေးခံရရင်တောင် နောက်ကျောကို ဓါးနဲ့မထိုးဘူးလို့ ကျိန်ဆိုထားတဲ့သူက ပိုပြီးကြောက်စရာကောင်းပါတယ်။"


ထိုအရာကပိုကောင်းသည်ဟု အီနင်း တွေးမိသည်။ အကယ်၍ ပထမမင်းသားသာ ဆူတန်အဖြစ် ထီးနန်းတက်ခဲ့လျှင် ကိုင်နာ အသက်ရှင်နိုင်မည်မဟုတ်ပေ။ သူ့ထက်တော်နေသော ညီတော်ကို အသက်ရှင်လျက်ဆက်ထားဖို့ အကြောင်းမရှိချေ။ ၎င်းတို့နေထိုင်ရာကမ္ဘာကြီးက ဤသို့ဖြစ်ရာ အီနင်း ဆေးလ်ကို ကျေးဇူးတင်မိသည်။ သူ(မ)ကြောင့်သာ ကိုင်နာက သူ့ဘဝအတွက် ပန်းတိုင်တစ်ခုကိုရရှိခဲ့ခြင်းဖြစ်သည်။


"ကျွန်မ အရှင်ကိုင်နာကို အရမ်းလွမ်းတယ််။"


"ကျွန်မလည်း သူ့ကို အမြန်ဆုံးတွေ့ချင်ပါတယ်။"


"တစ်ရက်ကတောင် အရမ်းရှည်လျားနေတာ၊ ကျွန်မ ဘယ်လိုလုပ်ပြီး တစ်ပတ်လုံးစောင့်နေနိုင်မှာလဲ။"


"အရှင်မ အရှင်မင်းကြီးကိုတွေ့ရင် ဘာပြောရမလဲဆိုတာ စဥ်းစားနေရင်ရော။ အရှင်မ စိတ်ပူသလိုခံစားရတဲ့အချိန်ဆို ကျွန်မကို ပြောလို့ရပါတယ်။"


အီနင်းက ရွှတ်နောက်နောက်ပြောကာ မျက်စိမှိတ်ပြလာ၏။


"အချိန်တွေက မြန်မြန်ကုန်ဆုံးသွားမှာပါ။"


"သူ ထပ်ပြီး ဒဏ်ရာရခဲ့ရင်..."


"ရမှာမဟုတ်ပါဘူး။ အဲ့ဒီအချိန်တုန်းက သူ အယုံကြည်ရဆုံးလူရှေ့မှာ သတိလက်လွတ်ဖြစ်သွားခဲ့တာမို့ပါ၊ ဒါပေမဲ့ ဒီတစ်ခေါက်က မတူတော့ပါဘူး။ သူ့ကို ဘယ်သူကမှ ထိခိုက်အောင်လုပ်နိုင်မှာမဟုတ်ပါဘူး။"


အီနင်း၏အာမခံချက်ကို ကြားလိုက်ရသောအခါ ဆေးလ် သူ(မ)၏ရင်ဘတ်ပေါ် လက်ဖြင့်ဖိထားလိုက်သည်။


နှစ်ဦးသားက ၎င်းတို့၏စကားဝိုင်းကို မည်သူမှနားထောင််မနေဘူးဟု ထင်နေပြီး အချင်းချင်း နှစ်သိမ့်နေခဲ့ကြ၏။ ဆေးလ်အနောက်ကနေလိုက််ကာ စာကြည့်တိုက််ထဲကို လျှို့ဝှက်စွာဝင်ရောက်လာခဲ့သော လူတစ်ယောက်က ဇာတ်လမ်းတစ်ပုဒ်လုံးကို ကြားလိုက်ရပြီး အသံတိတ်ရယ်မောနေခဲ့လေသည်။


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment