ဆေးလ်က ပြတင်းပေါက်အပြင်မှ နေမင်းကြီးကို မျက်လုံးဖွင့်၍ကြည့်လိုက်၏။ သူ(မ) လက်တစ်ချောင်းပင် မ'မနိုင်လောက်အောင် အားလျော့နေပြီး မနေ့ညကအကြောင်းပြန်တွေးမိကာ နှာခေါင်းထိပ်က နီလာတော့သည်။ သူ(မ) ခေါင်းအုံးထဲသို့မျက်နှာအပ်ထားလိုက်၏။
"နိုးလာပါပြီလား။"
သူ(မ)တစ်ယောက်တည်း အခန်းထဲတွင်ရှိနေသည်ဟု ထင်ခဲ့သော်လည်း ရုတ်တရက်အသံတစ်ခုကြားလိုက်ရ၏။ ဆေးလ် ထရန်ကြိုးစားလိုက်သော်လည်း သူ(မ)၏ခန္ဓာကိုယ်က အလွန်နာကျင်နေသဖြင့် ပြန်၍သာ လှဲနေလိုက်ရသည်။
"ဆူတန်က အရှင်မကို အနားယူဖို့ပြောထားပါတယ်။ ရေချိုးဖို့ ပြင်ပေးရတော့မလား။"
"ရှင်က ဘယ်သူလဲ။"
"ကျွန်မက အီနင်းပါ။ ကျွန်မက အခုကစပြီး အရှင်မကို ခစားမဲ့သူပါ။"
အီနင်းက နူးညံ့သည့်သွင်ပြင်ဖြင့် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးဖြစ်ပြီး ဆေးလ် မောင်းမဆောင်တွင် ယခင်ကမမြင်ဖူးသူလည်း ဖြစ်သည်။ သူ(မ)၏ နက်ပြာရောင်မျက်ဝန်းများက စူးရှသည့်တိုင် ဆေးလ်ကိုတော့ ကြင်နာမှုအပြည့်နှင့် ပြုံး၍ကြည့်နေခဲ့သည်။ စဉ်းစားရခက်နေသည့် ဆေးလ်က ပုပုဝဝခန္ဓာကိုယ်ဖြင့် အီနင်းကိုကြည့်နေလိုက်၏။
"ကျွန်မက ခစားမဲ့သူလိုလောက်တဲ့အထိ မထိုက်တန်ပါဘူး။"
"အဲ့လိုမဟုတ်ပါဘူး အရှင်မ။ အရှင်မင်းကြီးနဲ့ တစ်ညတာအတူကုန်ဆုံးပြီးတဲ့နောက် အရှင်မက သူ့ရဲ့မောင်းမဆောင်မှာ တစ်ဦးတည်းသော ကိုယ်လုပ်တော်ပါပဲ။"
ဆူတန်အတွက် မောင်းမဆောင်ထားသည်က ပုံမှန်ကိစ္စဆိုသော်လည်း သူက အနာဂတ်တွင် ဆေးလ်ကို သီးသန့်လာရှာမည်ဆိုသည်ကတော့ မသေချာပေ။ ဒီနေရာက လူများလာမည်ဖြစ်ပြီး ဆူတန်နှင့်အတူ အိပ်ခွင့်ရမည်က အမျိုးသမီးများ၏ အဆင့်အတန်းနေရာအတွက် ပြိုင်ဆိုင်မှုများ ဖြစ်လာလိမ့်မည်။
"ရေချိုးဖို့ ပြင်လိုက်ပါတော့မယ်။"
အီနင်း၏စကားကြောင့် ဆေးလ် ခေါင်းညိတ်ပြလိုက်ရာ ထိုအမျိုးသမီးက တံခါးအပြင်ဘက်ထွက်သွားလိုက်တော့သည်။
မနေ့ညက ဆူတန်ကိုင်နာနှင့် ပြောခဲ့သည့်စကားများ သူ(မ)စိတ်ထဲ ပြန်ဝင်လာခဲ့သည်။ သူ(မ) နန်းတော်မှ အပြင်ထွက်လျှင် လမ်းတိုင်း သွေးချောင်းစီးစေမည်ဆိုသည့်စကားက တကယ်ပဲ ခြိမ်းခြောက်ပြောဆိုတာလား။
ဆူတန်က ကြင်နာတတ်သည်။ ငယ်ရွယ်ချောမောသည့်အတွက် တစ်နိုင်ငံလုံးမှ ဘယ်အမျိုးသမီးကိုမဆို ပိုင်ဆိုင်နိုင်သည်။ သူ(မ)တောင်မှ သူ စာကြည့်ခန်းသို့လာသည့်အချိန်တိုင်း အာရုံစိုက်ကြည့်မိသည်မဟုတ်လား။ သူက စာအုပ်ကိုကြည့်မည့်အစား သူ(မ)ကို တစ်ကြိမ်လောက်ကြည့်ပေးရင်ကောင်းမည်ဟု တွေးခဲ့ဖူးသည့်အချိန်ပင်ရှိသည်။ ထိုသို့သော အဓိပ္ပါယ်မဲ့အတွေးမျိုးလည်း တွေးဖူးခဲ့မိ၏။
သူ(မ)က အကျင့်ဖြစ်နေသည့်အတိုင်း နှုတ်ခမ်းကိုက်လိုက်သည်။
တံခါးဖွင့်သံ ကြားလိုက်ရသဖြင့် အီနင်းပြန်လာပြီအထင်နှင့် တံခါးဘက်သို့လှည့်ကြည့်လိုက်သည်။
"မင်းနိုးလာပြီလို့ ကိုယ်ကြားတယ်။"
ကိုင်နာက တံခါးကိုမှီ၍ရပ်နေပြီး သူ၏ လျော့ကျနေသော အဝတ်အောက်မှ ကြွက်သားများကိုမြင်နေရ၏။ သူက ယခုမှ ရေချိုးပြီးလာသည့်အတိုင်း ဆံပင်များမှ ရေစက်များကျနေ၏။
"အရှင်မင်းကြီး ရေချိုးလို့ မပြီးသေးဘူးလေ..."
ကိုင်နာက လက်တစ်ဖက်ကိုမြှောက်၍ အစေခံခေါင်းဆောင်ကို စကားဆက်မပြောရန် တားလိုက်သည်။
"မင်း နေလို့ကောင်းသွားပြီလား။"
သူက သူ(မ)ထိုင်နေသည့် ကုတင်ရှိရာသို့လျှောက်သွားပြီး တုံ့ဆိုင်းမှုမရှိဘဲ သူ(မ)၏ရှေ့တွင် ဒူးထောက်လိုက်ပြန်၏။
"အရှင်မင်းကြီး!"
အနောက်မှလူများက အလန့်တကြား အော်လိုက်ကြသည်။ ဆေးလ်ကလည်း လန့်သွားသဖြင့် ခန္ဓာကိုယ်ကို လှုပ်လိုက်မိရာ ရုတ်တရက်လှုပ်ရှားမှုကြောင့် သူ(မ)၏ဗိုက်ထဲမှ နာကျင်မှုဖြစ်ပေါ်လာသည်။ စိုထိုင်းထိုင်းလက်တစ်စုံက သူ(မ)၏မျက်နှာကို လာကိုင်သည့်အတွက် ဆေးလ် မျက်နှာမဲ့လိုက်မိသည်။
"အင်း၊ ကိုယ့်အထင်တော့ မင်းနာနေတုန်းပဲဖြစ်မယ်။"
ဆူတန်က ဘယ်သူ့ကိုမှဦးမညွတ်ရပေ။ ဒါက လူအများမမြင်တွေ့သင့်သော အခြေအနေတစ်ခုပင်။
သူ(မ)၏အရှေ့တွင် ဒီလူ အကြိမ်ပေါင်းများစွာ ဒူးထောက်ခဲ့သည်ကို ပြန်တွေးမိကာ သူ(မ)၏ခန္ဓာကိုယ်က တွန့်သွားခဲ့၏။ ပြီးတော့ သူက သူ(မ)ကို ချိုချိုသာသာလည်း စကားပြောသေးသည်။ သူက ရာထူးမြင့်ပိုင်းကလူတွေအပေါ်ကိုတောင် ခပ်ရိုင်းရိုင်းပြောသည်ဆိုသော်လည်း သူ(မ)ကိုတော့ လုံးဝလေးစားသည့်အတိုင်း စကားပြောဆိုတတ်သည်။
ကိုင်နာ၏အနောက်မှ အစေခံနှင့်ရဲမက်များက သူ(မ)ကိုသတ်တော့မည့်အတိုင်း ကြည့်နေကြသည့်အတွက် ဆေးလ်တစ်ယောက် ကုတင်ပေါ်မှဆင်းကာ ကြမ်းပေါ်သို့ဝမ်းလျားမှောက်ချလိုက်တော့၏။
"ကျေးဇူးပြုပြီး ကျွန်မကို သတ်လိုက်ပါ အရှင်မင်းကြီး။"
"ဘာ? ကိုယ်က ဘာလို့သတ်ရမှာလဲ။"
ဆေးလ်၏နဖူးကိုထိရန်ကြိုးစားလိုက်သည့် သူ၏လက်များက လေထုထဲ၌သာ ရပ်တန့်သွားခဲ့ရတော့သည်။ ကိုင်နာက ကြမ်းပြင်ပေါ်တွင် ပြားပြားဝပ်အောင်မှောက်နေသည့် ဆေးလ်ကို ငုံ့ကြည့်လိုက်၏။
ဆေးလ်ကတော့ ကိုင်နာ၏စကားကြောင့် ပြောစရာစကားများ ပျောက်သွားခဲ့လေပြီ။ 'အရှင် ဘာလို့ ကျွန်မကို ဒီလိုလုပ်နေရတာလဲ' ဆိုသောမေးခွန်းက သူ(မ)၏လျှာဖျားတွင် တစ်နေပြီး အပြင်ထွက်မလာခဲ့ပေ။ သူ(မ)၏ရှေ့မှ ဆူတန်ထွက်သွားရန်မျှော်လင့်ရင်း ကြမ်းပြင်ပေါ်သို့ ခေါင်းကို ပို၍ငုံ့ထားလိုက်တော့သည်။
"မင်းက မင်းကိုယ်မင်း အရမ်းနှိမ့်ချလွန်းနေလို့ ကိုယ်ဒီလိုတွေလုပ်နေရတာ။"
"အရှင်မင်းကြီး၊ ကျွန်မက မောင်းမဆောင်ကလူတစ်ယောက်ပါပဲ။ ကျွန်မက အရှင်မင်းကြီးရဲ့ကိုယ်လုပ်တော်မဟုတ်ဘဲ အရင်မင်းကြီးရဲ့ကိုယ်လုပ်တော်တစ်ယောက်ပါ။"
ဆေးလ် ခေါင်းမမော့ရဲပဲ ပထမဆုံးအကြိမ်အဖြစ် ကိုင်နာကို ရဲရဲတင်းတင်းပြောချလိုက်သည်။
သူ(မ)၏အနောက်ဘက်မှ အသက်ရှူအောင့်လိုက်သံများ ထွက်ပေါ်လာတော့သည်။ ကိုင်နာက ဘယ်လိုမျက်နှာထားမျိုးဖြင့် သူ(မ)ကိုကြည့်နေသည်ကို မသ်ိသော်လည်း ဆေးလ် စကားဆက်ပြောလိုက်၏။
"ကျေးဇူးပြုပြီး ကျွန်မကို ဒီလိုတွေမလုပ်ပါနဲ့။"
"အရင်မင်းကြီးက မင်းနဲ့ တစ်ခါမှအတူမနေခဲ့ဘူးမလား။"
ပျားရည်ကဲ့သို့ ချိုမြိန်နေသည့်အသံတွင် ဒေါသအရိပ်အယောင်တစ်ခုမှ ပါမနေခဲ့။ ထိုအသံက ဆေးလ်၏ဒဏ်ရာကို ဖြည်းဖြည်းချင်းလာဆွနေသည့်နှယ်။
သို့သော်လည်း အမှန်တကယ်မှာတော့ ကိုင်နာ၏အမူအရာကို မြင်နေရသည့် အစေခံများမှာ တကယ်ကို အထိတ်အလန့်ဖြစ်နေရသည်။ သူတို့က အသံချ်ိုမြိန်သော်လည်း ဓားသွားကဲ့သို့ကြောက်စရာမျက်နှာထားဖြင့် မင်းကြီး၏ရှေ့တွင် ခေါင်းမာစွာစကားပြောရဲသည့်ကိုယ်လုပ်တော်ကို ကြည့်နေကြခြင်းဖြစ်သည်။
'ခေါင်းမော့ပြီး ရှေ့ကမင်းကြီးကို ကြည့်လိုက်စမ်းပါ!"
အစေခံများက ထိုကဲ့သို့သာ ပြိုင်တူအော်လိုက်လိုသည်။ ဒီလို အရိုးနှင့်အသားသာရှိသောမိန်းကလေးက မင်းကြီး၏မျက်နှာကိုမြင်လျှင် ဆက်ပြောနိုင်တော့မည်မဟုတ်ဟု သူတို့တွေးမိနေကြ၏။
နဝမမင်းသားက မင်းကြီးနေရာကို စိတ်မဝင်စားသူအဖြစ် နာမည်ကြီးခဲ့သူဖြစ်သည်။ ပထမမင်းသားဖြစ်သည့် ဟာဆာကီ ကာဒင်း အီဖန်ဒီကသာ မင်းကြီး၏ သဘောကျခြင်းခံရသည့်မင်းသားဖြစ်၏။ နဝမမင်းသားအတွက်တော့ ဆူတန်၏နေရာက အဝေးဆုံးမှာပင်။
သို့သော်လည်း သူ၏မျိုးရိုးကြောင့် လူအများကတော့ နဝမမင်းသားကိိုထောက်ခံကြ၏။ နဝမမင်းသား၏မိခင်က ကန္တာရထဲတွင် အကြီးဆုံးမျိုးနွယ်စုဖြစ်သော တွာရက်မျိုးနွယ်စုအကြီးအကဲ၏သမီးဖြစ်သည်။ သူ(မ)က မီးဖွားပြီးခဏအကြာတွင် ကွယ်လွန်သွားခဲ့သော်လည်း မင်းသားကတော့ အသက်ရှင်ကျန်နေခဲ့၏။
နဝမမင်းသားကသာ ပထမမင်းသားနှင့်ယှဉ်နိုင်သော တစ်ဦးတည်းသောသူပင်။
ဒီကလေးက မိခင်ကိုသေဆုံးစေသည့်အတွက် မင်္ဂလာမရှ်ိဟုဆိုကာ မင်းကြီးကမလိုချင်သဖြင့် မွေးစကပင် တွာရက်မျိုးနွယ်စုက သူ့ကိုခေါ်ဆောင်သွားပြီး ပျိုးထောင်ပေးခဲ့သည်။ သူ နန်းတော်သို့ ပြန်ရောက်လာချိန်မှာတော့ အားလုံးက နဝမမင်းသား၏တည်ရှိမှုကို မေ့နေကြလေပြီ။ သို့သော် အသက်ဆယ့်ငါးနှစ်ပြည့်၍ နန်းတွင်းသို့ပြန်ဝင်ချိန်မှာ အားလုံးအံ့သြသွားရတော့သည်။
သူက မင်းကြီး၏သွေးအပြည့်ပါသော မင်းသားတစ်ပါးပင်။
တိုက်ခိုက်ရေးရော ပညာရေးပါ သူမလုပ်နိုင်သည့်အရာ တစ်ခုမှမရှိခဲ့။ နဝမမင်းသား၏ မျိုးရိုးနောက်ခံက ပထမမင်းသားထက် ပိုတောင့်သည့်အတွက် သူက နောက်တက်မည့်ဆူတန်ဖြစ်လာမည်ဟု မှူးမတ်များက ခန့်မှန်းထားကြသည်။
သူ နန်းတွင်းဝင်ပြီး မကြာခင်မှာပင် လုပ်ကြံမှုများကြုံလာရသည်။ တွာရက်စစ်သည်များက နန်းတွင်းဝင်ကာ ကိုင်နာကို ကာကွယ်ပေးခဲ့ကြသည့်အတွက် သူက ခြိမ်းခြောက်မှူများကို ကျော်လွှားနိုင်ခဲ့ခြင်းပင်။
သို့သော်လည်း သူက တစ်ခါမှ ဓားအိမ်မှ ဓားဆွဲမထုတ်ခဲ့သည့် မင်းသားတစ်ပါးဖြစ်၏။
အနားမှသူများက သူ့ကို ဆူတန်ဖြစ်အောင် ပံ့ပိုးပေးကြသော်လည်း သူကတော့ ထီးနန်းကို စိတ်မဝင်စားခဲ့ပေ။ ငွေရောင်ချပ်ဝတ်တန်ဆာက အနက်ရောင်ဖြစ်သွားသည်ဖြစ်စေ သူသွားသည့်ခြေလှမ်းတိုင်းတွင် သူ့ကိုသတ်မည့်သူတို့၏ သွေးများဖြင့်ပြည့်နေမည်ဖြစ်စေ သူက မျက်တောင်ပင်မခတ်ခဲ့ပေ။ ပထမမင်းသားသာ နောက်တက်မည့်မင်းကြီးအဖြစ် အရွေးခံရလျှင် အပျော်ခရီးတစ်ခုထွက်သင့်သည်ဟု သူကအကြံပေးခဲ့သေး၏။
ထိုအချိန်က ကိုင်နာ၏ဘက်တော်သားများပင် သူက ထီးနန်းကို တကယ်ပဲ စိတ်မဝင်စားသည်လား ရည်ရွယ်ချက်ကိုဖုံးကွယ်ထားသည်လား ဝေခွဲမရခဲ့ပေ။
နဝမမင်းသားတွင် အစ်မအရင်းတစ်ဦးသာရှိသည်။ သူ(မ)က သူ့ထက်သုံးနှစ်ကြီးပြီး သူတို့နှစ်ဦး၏ဆက်ဆံရေးက ပြဿနာများအားလုံး၏ အစဖြစ်၏။
သူမွေးပြီးကတည်းက တွာရက်များက ပြုစုစောင့်ရှောက်ခဲ့သဖြင့် ဆယ့်ငါးနှစ်ကြာမှ စတုတ္ထမင်းသမီး အီရန်ရှားက သူနှင့်တွေ့ခဲ့ရသည်။ သူက ဆူတန်ထံမှ စွန့်ပစ်ခံရသည့်အတိုင်း သူ(မ)ကလည်း သူ့ကို မောင်အဖြစ် အသိအမှတ်မပြုသလို ရင်းနှီးမှုလည်းမရှိခဲ့ပေ။
တစ်ဖက်တွင်တော့ ကိုင်နာက ပထမဆုံးအနေဖြင့် သွေးသားရင်းနှင့်တွေ့ရသည့်အတွက် အစ်မဖြစ်သူကို အလွန်ချစ်ခင်သည်။ သွေးချင်းနီးသည့်အတွက် အီရန်ရှားကလည်း ဒါကိုခံစားမိ၏။
ပြဿနာက သူ(မ)၏ခင်ပွန်းလောင်းဖြစ်သူ ဒရက်မှစခြင်းဖြစ်သည်။ သူက ပထမမင်းသား၏ သစ္စာခံတစ်ယောက်ဖြစ်သည်။ ကိုင်နာ အသက်နှစ်ဆယ်ပြည့်သောအခါ မင်းသမီးက သူ့ကိုပြောစရာရှိသည်ဟူ၍ သူ(မ)၏မွေးနေ့ပွဲသို့ဖိတ်ကာ သူ့ကိုဖက်၍ငိုတော့သည်။ သူ့ကို သီးသန့်ပြောစရာရှိသည်ဟုဆိုကာ ဗိုက်ကိုဓားဖြင့်ထိုးလိုက်၏။ တစ်ပြိုင်တည်းမှာပဲ ပုန်းနေသည့်လုပ်ကြံသူများလည်း ပေါ်လာတော့သည်။
ထိုအချိန်တွင် ကိုင်နာက သူ့ကိုကာကွယ်ပေးနေသည့် တွာရက်စစ်သည်များကို ချန်ထားခဲ့သည့်အတွက် တစ်ယောက်တည်းပင်။ သူ၏အစ်မတော်က သူ့ကို သီးသန့်ပြောစရာရှိသည်ဆို၍ ခေါ်တွေ့သည့်အတွက် သူက ယုံယုံကြည်ကြည်ဖြင့်သွားခဲ့ခြင်းဖြစ်၏။ ဗိုက်ထဲတွင် ဓားစိုက်လျက်အနေအထားဖြင့် လုပ်ကြံသူများကို တိုက်ခိုက်ခဲ့ပြီးနောက် သူက ထွက်ပြေးကာ နန်းတော်အတွင်းတစ်နေရာတွင် ပုန်းနေခဲ့ပြီး သုံးရက်အကြာမှ သူ၏နောက်လိုက်များထံ ပြန်ရောက်လာခဲ့သည်။
အစ်မဖြစ်သူ၏ သစ္စာဖောက်မှုကြောင့် ငါးနှစ်တိုင်အောင် ထီးနန်းကိုစိတ်မဝင်စားခဲ့သူကိုင်နာက ပုန်ကန်မှုကိုစတင်ကာ ထီးနန်းသိမ်းပိုက်လိုက်တော့၏။
သူက သွေးရော မျက်ရည်ပါမရှိသည့် ဘုရင်တစ်ပါးပင်။
ပုန်ကန်မှုလုပ်ချိန်တွင် အစ်မဖြစ်သူ အပါအဝင် ရန်သူတစ်ယောက်ကိုမှ အသက်ချမ်းသာမပေးခဲ့။ ပုန်ကန်မှုစချ်ိန်တွင် မင်းသမီး အီရန်ရှားက ခင်ပွန်းလောင်း ဒရက်နှင့်အတူ သေဆုံးသွား၏။ မကြာမီမှာပဲ ပထမမင်းသားကလည်း အိပ်နေရင်းမှာပင် သေဆုံးသွားခဲ့လေသည်။ ဘာဖြစ်သွားသည်ကိုပင် သိခဲ့ရပုံမပေါ်။ ငယ်စဉ်ထဲက ကိုင်နာကိုသတ်ရန်ကြိုးစားခဲ့သည့် ပထမမင်းသား၏မိခင်ကလည်း အခြွေအရံများနှင့်အတူထွက်ပြေးစဉ် သေဆုံးသွားရ၏။
ထီးနန်းဆက်ခံပြီးနောက် သူက ညီအစ်ကို နှစ်ဆယ့်ခုနစ်ယောက်လုံးကို သတ်ပစ်ကာ မင်းသမီး ဆယ့်ကိုးယောက်ကို အကျဉ်းချထားလိုက်သည်။ မင်းသားများကို ဘာလို့အစောကြီးသတ်ပစ်လိုက်သည်ကိို သိချင်၍ ရင်းနှီးသူတစ်ယောက်က မေးကြည့်ရာ ကိုင်နာ၏အဖြေကြောင့် အားလုံး ပြောစရာပျောက်သွားကြရ၏။
"ငါ ဆူတန်အဖြစ်ဆက်ခံပြီးလို့ အားလုံးက အသ်ိဝင်လာတဲ့အခါ ငါ့ကို ပုန်ကန်ဖို့ကြိုးစားကြလိမ့်မယ်။"
ဒီကိစ္စက တတယ်ကိုဖြစ်လာနိုင်သည်။ သူက ထီးနန်းဆက်ခံပြီး နန်းတွင်းအရှုပ်အရှင်းနှင့် တိုင်းပြည်အတွက် စည်းမျဉ်းစည်းကမ်းများ ပြန်ရေးဆွဲချိန်တွင် မင်းသားများကိုသတ်မပစ်ရန် အားလုံးက တောင်းဆိုကြလိမ့်မည်။ သူ့တွင် ဆက်ခံသူမရှိသည့်အတွက် တစ်စုံတစ်ခုဖြစ်ခဲ့လျှင် ယခင်မင်းကြီး၏ သားတော်များထဲမှတစ်ယောက်က ထီးနန်းဆက်ခံမည့်သူဖြစ်လာနိုင်ရန်အတွက်ပင်။
ယခု ဆူတန်ဖြစ်နေသည့် ကိုင်နာက ညီအစ်ကိုများအားလုံးကို သတ်ပစ်ခဲ့ပြီးနောက် ဆက်ခံသူလည်းမရှိသည့်အတွက် တစ်ဦးတည်းသော တော်ဝင်မျိုးရိုးဖြစ်နေ၏။ သူ၏သွေးသားရင်းများအပါအဝင် အားလုံးကိုသတ်ပစ်ပြီးနောက် သုံးရက်အကြာမှ မောင်းမဆောင်တွင် ရှိနေသည်ဟု ဘယ်သူမှမသိသည့် ဆေးလ်ကိုရှာတွေ့ခဲ့ခြင်းဖြစ်သည်။
"ဆေးလ်၊ ကိုယ် မင်းကိုမပြောခဲ့ဘူးလား။"
ကြက်သီးထနေသော အစေခံများက အသံတစ်ခုကိုကြားလိုက်ရသည့်အတွက် တုန်လှုပ်သွားကြပြန်သည်။
"...ဟုတ်ကဲ့ပါ အရှင်မင်းကြီး။"
"မင်းက ကိုယ့်ရဲ့ တစ်ဦးတည်းသောဇနီးပဲ။"
"ကျွန်မက အဲ့ဒီနေရာနဲ့ မအပ်စပ်ပါဘူး။"
ခေါင်းငုံ့ထားပြီး ဆူတန်၏စကားတိုင်းကို တစ်ခွန်းမကျန်ပြန်ပြောနေသည့် ထိုမိန်းကလေး၏ ပါးစပ်ပိတ်သွားရန် အားလုံးက မျှော်လင့်နေကြ၏။ ခေါင်းမော့မလာသည့်အတွက် ဆေးလ်၏မေးစေ့ကို ကိုင်နာက လက်ဖြင့်ဆွဲပင့်လိုက်သည်။
"ဘာလို့ ဒီလိုထင်နေတာလဲ။"
***
Aurora Novel Translation Team