no

Font
Theme

သူပွေ့ဖက်ထားသည့် အနွေးဓာတ်ပျောက်သွားသည့်အခါ ကိုင်နာ စိတ်မကြည်မလင်ဖြစ်ပြီး နိုးထလာခဲ့သည်။ သူ မျက်လုံးဖွင့်လိုက်ချိန်မှာတော့ ခေါင်းကိုက်ခြင်းကို ခံစားရ၏။ ကိုက်ခဲနေသောခေါင်းကို လက်တစ်ဖက်ဖြင့်ကိုင်ထားရင်း ဒေါသကို ချုပ်တည်းထားလ်ိုက်သည်။ ဒီမိန်းကလေးက ဘယ်နှကြိမ်တောင်မှ ထွက်ပြေးဖို့ကြိုးစားဦးမှာလဲ။ ယခု သူစိတ်တိုရပြန်ပြီ။


ကိုင်နာတစ်ယောက် ညလယ်ခေါင်တွင် ဆေးလ်ကို တံခါးအပြင်ထွက်ခွင့်ပေးခဲ့သူကို သတ်ပစ်မည်ဟူသောအတွေးဖြင့် အိပ်ရာမှ ထလ်ိုက်သည်။ ကန္တာရ၏ ညသန်းခေါင်ယံအချိန်က အလွန်အေး၏။ သားမွေးအိပ်ယာပေါ်ရှိနေသည့်တိုင် သူရထားသောအနွေးဓာတ်ကို အလျင်အမြန်ဆုံးရှုံးလိုက်ရသည်။


"တစ်ယောက်ယောက်ရှိလား။"


အပြင်ဘက်တွင် ရပ်စောင့်နေသည့် အစေခံတစ်ဦးကို သူအော်ခေါ်လိုက်ရာ ကုတင်ခြေရင်းတွင် ကွေး၍ထိုင်နေသော ဆေးလ်က သူ့ကို ခေါင်းမော့၍ကြည့်လာသည်။


ကိုင်နာလည်း ဘာဖြစ်နေသည်ကို နားမလည်သည့်အကြည့်ဖြင့် သူ(မ)ကိုပြန်ကြည့်လိုက်၏။


"အနားလာခဲ့ဦး။"


ဆေးလ်က ရှက်နေသည့်ပုံစံဖြင့် သူ့အား မဝံ့မရဲကြည့်လာသည်။


"တစ်နေရာရာက နာနေလို့လား။"


မကြာသေးမီက သူစည်းပေးထားသည့်ဒဏ်ရာ ပြန်ပွင့်လာ၍လားဟုအထင်နှင့် ကိုင်နာက မေးလိုက်ခြင်းပင်။


"မဟုတ်ပါဘူး။"


ဒီလောက်အေးနေတဲ့အချိန်မှာ သူ(မ)က ဘာလို့ ကုတင်ပေါ်မနေဘဲ အောက်ဆင်းထိုင်နေတာလဲ။ ကိုင်နာ ထိုသို့တွေးရင်း မျက်မှောင်ကြုတ်လိုက်မိသည်။


"ကိုယ် ကြည့်ကြည့်မယ်။"


နောက်ထပ်တစ်ကြိမ် က်ိုင်နာက ဆေးလ်၏အရှေ့တွင် ဒူးထောက်လိုက်ပြန်၏။


"ဆူတန်၊ ဘာလို့ ကျွန်မလို မိန်းမတစ်ယောက်ရှေ့မှာ..."


သူက သူ(မ)ရှေ့တွင် ဒူးထောက်နေသည်ဆိုတာက အဓိပ္ပါယ်လုံးဝမရှိပေ။ ဆေးလ် နှုတ်ခမ်းကိုကိုက်ကာ နောက်ဆုတ်ရန်ကြိုးစားသော်လည်း ကုတင်ဘောင်များက သူ(မ)ကိုတားဆီးထားသည်။


ထိုအခိုက် အသံတစ်ခုက လေထုထဲပေါ်ထွက်လာသည်။


ကိုင်နာ အစတုန်းက ဆေးလ်၏ဒဏ်ရာက ပြင်းသောကြောင့် သူ(မ)လှုပ်ရှားရန် ခက်နေသည်ဟုထင်ခဲ့ပြီး ဒါကြောင့်ဟု မထင်ခဲ့ပေ။ သူ၏ဗိုက်က အဆင်ပြေသဖြင့် ယခုထွက်လာသည့်အသံက သူ(မ)၏ဗိုက်မှဖြစ်ရမည်။


"...မင်း ဗိုက်ဆာနေတာလား။"


"ကျွန်မက ဆူတန်နိုးသွားမှာစိုးလို့..."


သူ(မ)က ဗိုက်ဆာနေသည့်အတွက် အိပ်မရခြင်းဖြစ်၏။ သူ(မ)၏ဗိုက်မှ မြည်နေသည့်အသံကြောင့် ကိုင်နာနိုးသွားမည်စိုး၍ ကုတင်အောက်ဆင်းခဲ့ခြင်းဖြစ်သည်။ သူ(မ) နောက်ဆုံးအစားစားခဲ့သည်မှာ ဘယ်လောက်ကြာပြီဆိုသည်ကိုပင် မမှတ်မိတော့ပေ။


"ဟ!"


ကိုင်နာ အံ့သြသွားရ၏။


"မင်းကို ဘယ်သူမှ စားစရာမပေးဘူးလား။"


"အဲ့လို မဟုတ်ပါဘူး။ ကျွန်မက ဒီအတိုင်း..."


"မင်း သုံးရက်ကျော်လောက် ဘာမှမစားခဲ့ရတော့ ဗိုက်ဆာနေမှာပေါ့။ အပြင်မှာ ဘယ်သူရှိလဲ!"


ကိုင်နာ၏အမိန့်ကို စောင့်နေသည့်အတိုင်း အစေခံတစ်ယောက်က တံခါးဖွင့်၍ အထဲဝင်လာသည်။


"ငါတို့ကို စားသောက်ပွဲပြင်ပေး။ ဥယျာဉ်ထဲမှာစားမယ်။ ပြီးတော့ လွယ်လွယ်ပြင်ဆင်လို့ရတဲ့ အစားအသောက်တစ်ခု အရင်ယူခဲ့ပေး။"


"အမိန့်အတိုင်းပါ အရှင်မင်းကြီး။"


ထိုအစေခံ အခန်းပြင်ထွက်သွားတော့ သူတို့နှစ်ဦးသာ အခန်းထဲကျန်ခဲ့သည်။ သူက ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားသည့် ဆေးလ်၏ခေါင်းကို လက်ဖဝါးဖြင့်ထိလိုက်၏။


"မင်း ဘာလို့ ကိုယ့်ရှေ့မှာ အရမ်းဂရုစိုက်နေတာလဲ။"


သူ(မ)အနေနှင့် ဘယ်လိုလုပ် အဲ့လိုမနေရမှာလဲ။ သူ၏ စိတ်အခြေအနေအရ သူက လူလည်း သတ်နိုင်သလို လူလည်းကယ်နိုင်သည်။


ကိုင်နာက ခေါင်းငုံ့ထားသည့်ဆေးလ်ကို အလိုမကျစွာကြည့်လိုက်ကာ ခဏလေးအတွင်း သူ(မ)ကို ကောက်ချီလိုက်၏။


"ကျေးဇူးပြုပြီး ကျွန်မကို အောက်ချပေးပါ။"


"ဒါက မင်းကိုယ့်ကို မကြည့်တဲ့အတွက်။"


ဆေးလ်တစ်ယောက် ကိုင်နာ၏ အင်္ကျီအစွန်းက်ို အဆက်မပြတ်ဆုတ်ချေနေမိသည်။


ကိုင်နာက ဆေးလ်ကို မောင်းမဆောင်ဥယျာဉ်သို့ခေါ်သွားခဲ့သည်။ သူက ဆေးလ်ကိုဖက်၍ ခုံတွင်ထိုင်လိုက်သည်နှင့် အစေခံများက စားပွဲပေါ်တွင် စားစရာများ လာချပေးသည်။ အများစုက ပျားရည်စိမ်သစ်သီးများနှင့် လောလောလတ်လတ်ဖုတ်ထားသည့် ပေါင်မုန့်များကဲ့သို့ အသင့်စား၍ရသော အစားအစာများဖြစ်၏။


"မင်း ဘာလို့မစားတာလဲ။"


ဆေးလ် သူ၏ပေါင်ပေါ်ထိုင်နေရင်း စား၍မရပေ။ ပျားရည်စိမ်ထားသည့်ဇီးသီးကို တွေ့သော်လည်း လက်လှမ်းမမှီဘဲ ဖြစ်နေ၏။


"ကိုယ် မင်းကိုခွံ့ကျွေးရမလား။"


" ဟင့်အင်း၊ မလိုပါဘူး။"


ဆေးလ် သူ၏ကမ်းလှမ်းချက်ကို နှစ်ခါတိုင်တိုင် ငြင်းလိုက်သည့်နောက်တွင် သူကသူ(မ)ကို စူးရှစွာကြည့်လာ၏။ ထို့ကြောင့် သူ(မ)လည်း ဇီးသီးကို အလျင်အမြန်လှမ်းယူကာ အစေ့ထုတ်ပြီး ပါးစပ်ထဲသို့ထည့်လိုက်တော့သည်။


ဆေးလ်၏အပြုအမူကိုကြည့်ပြီး ကိုင်နာက မေးကိုလက်ထောက်ကာ ပြုံးလိုက်၏။


"အဲ့ဒီတစ်ခုတည်းကိုပဲ တစ်နေ့လုံးပါးစပ်ထဲထည့်ထားမှာလား။"


ကိုင်နာက သူ(မ)ကိုဆူနေသည်ဟူသောအထင်ဖြင့် ဆေးလ် သံလွင်သီးယိုများကိုလည်း ပါးစပ်ထဲသို့ အလျင်အမြန်ထည့်လိုက်၏။ သူ(မ)၏ ပိန်လှီနေသောပုံစံကိုကြည့်ကာ ကိုင်နာ စုတ်တစ်ချက် သပ်လိုက်ပြီး သူ(မ)၏ပါးကို သူ၏လက်များဖြင့်ဆွဲလှည့်လိုက်သည်။


ဆေးလ်တစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားတော့ ကိုင်နာ ရယ်ချင်စိတ်ကိုထိန်းထားလိုက်၏။


"မင်းကိုလန့်အောင် ကိုယ်ဘာလုပ်မိလို့လဲ။ ကိုယ် မင်းကိုစားတော့မယ်လို့ ထင်နေတာလား။"


"မဟုတ်ပါဘူး။"


"မဟုတ်ဘူးဆိုတာ ဘာကိုပြောတာလဲ။ မင်းက အဲ့ဒီတစ်ခုပဲပြောတတ်တာလား။"


"အရှင်မင်းကြီး..."


ဘာလို့ ကျွန်မကို ဒီလိုလုပ်နေတာလဲ။ ဤအရာက သူ(မ)မေးချင်သောအရာပင်။


"ကိုယ့်ကို ပုံပြင်ပြောပြ။"


"ဘာပုံပြင်လဲ။"


"မင်း နောက်ဆုံးဖတ်ထားတဲ့ စာအုပ်ကပုံပြင်။"


သူက ဆေးလ်၏ခါးကို လက်တစ်ဖက်ဖြင့်ဖက်ကာ အခြားတစ်ဖက်ဖြင့်သူ(မ)၏မေးစေ့ကိုကိုင်ပြီး ချိုသာစွာပြောနေခြင်းဖြစ်သည်။


ဘာလို့ သူက ရုတ်တရက်ကြီး ထိုအကြောင်းပြောပြခိုင်းသည်ကို မသိသော်လည်း ကိုင်နာက သူ(မ)ပြောပြမည်ကို တိတ်တဆိတ် နားထောင်နေသည်။


"စာအုပ်ကိုရေးတဲ့ ကုန်သည်က ပင်လယ်ရှိတဲ့နေရာကို သွားမလို့ ကန္တာရကို ဖြတ်နေတုန်း ဓားပြတွေနဲ့တွေ့ခဲ့တယ်။ ဓားပြရာကျော်နဲ့တွေ့ရတော့ သူက သေတော့မယ်လို့ တွေးမိနေတာ..."


ဆေးလ်၏မျက်နှာက နီရဲသွားသည်။ သူ(မ)က စာအုပ်အကြောင်းနှင့်ပတ်သက်၍ အလွန်စိတ်ဝင်စားနေသည်ကို ဖုံးကွယ်ထား၍မရနိုင်ဖြစ်နေပြီး တစ်ဖက်မှာတော့ သူက ရယ်စရာအဖြစ်မြင်နေလေ၏။


"ကျွန်မ နောက်ဆုံးဖတ်ခဲ့ရတာက ကုန်သည် မြှားနဲ့ပစ်ခံရတော့မဲ့ အပိုင်းမို့လို့ နောက်ဘာဆက်ဖြစ်မယ်ဆိုတာ သိချင်နေတာပါ။"


ဆေးလ်က အသီးခြောက်များစားနေရင်း ဆက်ပြောနေခြင်းဖြစ်၏။ ကိုင်နာက ပျားရည်များကြောင့် အရောင်လက်နေသော ဆေးလ်၏ အနီရောင်နှုတ်ခမ်းကို ကြည့်နေခဲ့သည်။


"အရှင်မင်းကြီး။"


"ကိုင်နာ။ ကိုယ့်နာမည်က ကိုင်နာ။"


ဘာလို့ သူ့နာမည်ကို ပြောပြနေရတာလဲ။


သူက ခေါင်းကိုလှည့်လိုက်ပြီး သူ(မ)၏လက်ချောင်းတစ်ချောင်းကိုကိုင်ကာ လက်တွင်ကျန်နေသေးသော ပျားရည်ကို စုပ်လိုက်၏။ သူ(မ)၏အကြည့်များက သူ၏နှုတ်ခမ်းထောင့်သို့ရောက်သွားပြီး ငြိမ်သက်သွားတော့သည်။


သူက ထိုသို့လုပ်နေရင်း သူ(မ)အားကြည့်နေသည့်အတွက် ဆေးလ် အာခေါင်ခြောက်လာသဖြင့် တံတွေးမျိုချလိုက်မိ၏။ သူ(မ) သူ့ကို ရပ်တန့်လိုက်စေချင်သော်လည်း လှုပ်၍မရပေ။


သူ့မျက်နှာက နီးကပ်လာသည်နှင့် ဆေးလ် သက်ပြင်းချလိုက်မိသည်။ သူက လက်တစ်ဖက်ဖြင့် ဆေးလ်၏ခါးကိုကိုင်ကာ နောက်တစ်ဖက်က လည်တိုင်ကိုကိုင်ထားပြီး သူ၏အသက်ရှူသံကို သူ(မ)ကြားနိုင်လောက်သည်အထိ နီးကပ်လာခဲ့သည်။ မျက်ဝန်းနက်များ၏အကြည့်ကြောင့် ဆေးလ်၏ ခဲနက်ရောင်မျက်ဝန်းများက လှုပ်ခါနေခဲ့သည်။


"ဒီနေရာမှာလည်း တစ်ခုခုရှိနေတယ်။"


သူက ပြုံးလိုက်ပြီး သူ(မ)၏နှုတ်ခမ်းများကို နမ်းလိုက်တော့သည်။


ကိုင်နာ၏လက်များက ဆေးလ်ကို တင်းကျပ်စွာကိုင်ထားသဖြင့် သူ(မ)လှုပ်မရပေ။ ဆေးလ်၏လက်များက သူ၏ပခုံးမှလွဲ၍ အခြားသွားစရာနေရာမရှိ။ ဆေးလ် လုံးဝမဆုပ်ကိုင်နိုင်သဖြင့် သူ၏ အင်္ကျီအစွန်းများကိုသာ တင်းတင်းဆုပ်ကိုင်ထားလိုက်ရသည်။


ယခုလေးတင် သူ(မ)၏လက်မှ ခံစားခဲ့ရသော အနွေးဓာတ်က နှုတ်ခမ်းပေါ်သို့ ရောက်လာလေပြီ။ သူ၏လျှာက တုံ့ဆိုင်းမှုမရှိဘဲ သူ(မ)၏နှုတ်ခမ်းအတွင်း ဝင်ရောက်လာကာ ရစ်ပတ်နေလေ၏။သူ(မ) ရုန်းရန်ကြိုးစားလေလေ သူက ပို၍ ကြမ်းတမ်းလာလေလေပင်။ သူက သူ(မ)၏မေးစေ့အောက်အထိ နမ်းနေသေးသည်။


ထိုကြမ်းတမ်းသည့်အနမ်း အဆုံးသတ်သွားချိန်တွင် ဆေးလ် သူ၏ပခုံးပေါ်မှီကာ အသက်ဝအောင်ရှူလိုက်၏။ သူ၏လက်များက သူ(မ)၏ခါးပေါ်တွင် ရှိနေသေးသည့်အတွက် သူ(မ)စိတ်ထဲ ထူးထူးဆန်းဆန်း စိတ်သက်သာသလို ခံစားမိနေသည်။ သူ(မ)က သူ၏ကာကွယ်ပေးမှုအောက်တွင်ရှိနေသဖြင့် အနားယူ၍ရသည်ဟု ခံစားမိနေ၏။ ဆေးလ် သူ၏အနောက်မှ မောင်းမဆောင်က်ို ကြည့်လိုက်သည်။


ဆယ်နှစ်ဆိုသည့်အချိန် ကုန်ဆုံးသွားခဲ့သည်။ သူ(မ)ကို ကာကွယ်ပေးသည့်အတွက် ဆူတန်၏အမျိုးသမီးများက နှင်ထုတ်လိုက်သည့် အစေခံငယ်လေးမှလွဲ၍ ဘယ်သူကမှ သူ(မ)ကို မကာကွယ်ပေးခဲ့ဖူးပေ။ ထိုသို့ နှင်ထုတ်ခံလိုက်ရပြီးနောက် ဆေးလ် သူ(မ)နှင့် ထပ်မတွေ့ခဲ့ရတော့ပေ။


ထိုတစ်ကြိမ်ပြီးနောက် သူတို့သခင်များကိုကြောက်ရသဖြင့် အားလုံးက ဆေးလ်ကို မရှိသလို သဘောထားကြ၏။ မောင်းမဆောင်တွင် ဆေးလ်က ဘယ်သူမှမဟုတ်ခဲ့ပေ။


"အရှင်မင်းကြီး။"


သူ၏ပခုံးပေါ်မှီနေသော ဆေးလ်က ပထမဆုံးအကြိမ်အဖြစ် စကားစပြောလိုက်ခြင်းပင်။


"ပြောလေ။"


ကိုင်နာက သူ၏လည်ပင်းကိုလာထိနေသော ငွေရောင်ဆံနွယ်များကို ငုံ့ကြည့်ရင်း ပြောလိုက်၏။ ဆေးလ်၏နှုတ်ခမ်းမှ ပျားရည်အရသာကို ခံစားလိုက်ရသည့်အတွက် သူစိတ်ကျေနပ်နေသည်။


သူ(မ)၏ အသံနေအသံထားအရဆိုလျှင် သူ(မ) တစ်ခုခုလိုချင်နေပုံရသည်။


သူ(မ)ဘာပြောမည်ကို ကိုင်နာ စောင့်နေခဲ့၏။ သူ(မ)သာ ဆန္ဒရှိလျှင် သူ အရာအားလုံးပေးနိုင်သည်။ သူ(မ)က ဤကန္တာရတိုင်းပြည် သို့မဟုတ် တစ်ကမ္ဘာလုံးကို လိုချင်သည်ဆိုလျှင်တောင် သူက အရာအားလုံး သူ(မ)ခြေရင်းသို့ရောက်အောင် လုပ်ပေးမည်။


"ကျွန်မ မနက်မိုးလင်းရင် ဒီနေရာက ထွက်သွားချင်တယ်။"


သူ(မ)အတွက် အကျဉ်းထောင်ကဲ့သို့ဖြစ်နေသည့်နေရာမှ သူ(မ)ထွက်သွားလိုသည်။ သူက အခြားအမျိုးသမီးများကို လွှတ်ပေးခဲ့သည့်အတွက် သူ(မ)ကိုလည်း လွှတ်ပေးမည်ဟုတွေးမိသည်။ ထိုအခိုက်အတန့်တွင် ဆေးလ် သူ၏မျက်နှာကို မတွေ့ရသည့်အတွက် ဤစကားကိုပြောရဲခြင်းဖြစ်၏။


"မင်းသွားချင်ရင် သွားလို့ရပါတယ်။"


ဒီကိစ္စက လွယ်ကူလွန်း၏။ သူ၏စကားတစ်ခွန်းနှင့် ဆေးလ် မနက်ဖြန်ကျရင် လွတ်လပ်စွာ သွားလာနိုင်တော့မည်။ မောင်းမဆောင်ကနေ အခုလို လွယ်လွယ်နှင့်ထွက်သွားနိုင်သည်ကို သူ(မ) မယုံကြည်နိုင်ဖြစ်နေမိသည်။


သို့သော်လည်း သူ(မ)၏ရင်ထဲမှာ ခံစားရသည်ကတော့ ပျော်ရွှင်မှုမဟုတ်ပေ။ သူ၏ ပေါ့ပေါ့တန်တန်ဖြေလိုက်သည့်အဖြေကြောင့် သူ(မ)၏ရင်ထဲ နာကျင်သွားသည်ကို သူ(မ)နားလည်လိုက်၏။ ဆေးလ် သူ(မ)၏လည်ချောင်းထဲ ပူ၍တက်လာသည့်အရာကို မျိုသိပ်လိုက်သည်။


သူ(မ)ကို ခေါ်ထားရန်မကြိုးစားခဲ့သည့်ကိုင်နာက သူ(မ)ကို တင်းတင်းဖက်ထားကာ မျက်နှာကိုမကြည့်ဘဲ နဖူးကိုငုံ့နမ်းလိုက်၏။ သူ၏နှုတ်ခမ်းက ဆေးလ်၏နား'နားသို့ရောက်လာသည်။


"မင်း ဒီကထွက်သွားပြီးနောက် တွေ့တဲ့သူတိုင်း သေရမယ်။ မင်း တစ်ယောက်ယောက်ကို ကြည့်ခဲ့ရင် ကိုယ် သူ့ကိုသတ်ပစ်မယ်။ မင်း တစ်ယောက်ယောက်ကို ထိရင်လည်း ကိုယ်သူ့ကို သတ်ပစ်မှာပဲ။ ဖြတ်သွားတဲ့ကလေးတစ်ယောက်ကို ချစ်ဖို့ကောင်းတယ်ဆိုပြီး ပါးသွားကိုင်မိရင်လည်း ကိုယ် သူ့ရဲ့ပါးတွေကို ဖြတ်ထုတ်ပစ်မယ်။"


နူးညံ့သော အသံတစ်ခုက သူ(မ)၏နားအတွင်းသို့ ဝင်ရောက်လာသည်။ အသံက ချိုသာလွန်းသည့်အတွက် သူ(မ)ကို တိုးတိုးတိတ်တိတ် ချစ်ရေးဆိုနေသလားဟုပင် အထင်မှားစေနိုင်၏။ သူ၏စကားအဓိပ္ပါယ်များကို နားလည်လိုက်ပြီးနောက် သူ(မ) အသက်ရှူရန်ပင် မေ့သွားတော့သည်။


"မင်းသွားတဲ့လမ်းတိုင်း သွေးချောင်းစီးစေရမယ်။ အဲ့ဒါကြောင့် ဆေးလ်... သွားပါ။ ကိုယ့်ကိုထားပြီး သွားကြည့်လိုက်ပါ။"


သူ(မ)၏အမည်ကို ချစ်ရသူတစ်ယောက်ကဲ့သို့ ခေါ်လိုက်ပြီး ကိုင်နာက ချိုမြိန်စွာ ရယ်နေပြန်၏။


စားပွဲပေါ်တွင် ပေါင်မုန့်၊ အသားများနှင့် သူ(မ) ယခင်ကမစားဖူးသော ရှားပါးဟင်းလျာများရှိနေသော်လည်း သူ(မ)အနေနှင့် စားဖို့ရာအတွက်တောင် လက်မမြှောက်နိုင်တော့ပေ။


"ဘာလို့ မစားတော့တာလဲ။"


သူက ဘာမှမဖြစ်ခဲ့သည့်အတိုင်း ဆေးလ်၏အာရုံကို ထမင်းစားပွဲထံရောက်ရန် ညင်သာစွာပြန်ပြောလိုက်၏။


"အာ၊ ကျွန်မ အဆင်ပြေပါတယ်။"


"မင်း မစားတော့ဘူးဆိုရင် ကျန်နေတဲ့တစ်ညလုံး ကိုယ်နဲ့အတူ အချိန်ကုန်ဆုံးရမှာနော်။"


သူက နောက်နေသည်ဟုတ်မဟုတ် သူ(မ)သေချာမသ်ိတော့ပေ။ သူက သူ(မ)၏ ငွေရောင်ဆံနွယ်များဖြင့် ကစားနေ၏။ ဆေးလ်တစ်ယောက် တုန်ရီစွာဖြင့် ပေါင်မုန့်တစ်ချပ်ကို ကောက်ယူလိုက်သည်။


ကိုင်နာ၏အကြည့်ကိုရှောင်ရင်း ဆေးလ် ပေါင်မုန့်တစ်ချပ်ကို ပါးစပ်ထဲထည့်လိုက်သည်။ သူ(မ)၏အတွေးများလည်း ရှုပ်ထွေးနေ၏။


"မင်း တကယ်ဗိုက်ဆာနေပုံရတယ်။"


သူ(မ) ဗိုက်ဆာနေတာလား။


ထိုအရာကိုပင် မေ့နေခဲ့သောဆေးလ်က ဗိုက်ပေါက်မတတ် ဆက်စားနေခဲ့သည်။


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment