no

Font
Theme

ကိုင်နာထွက်သွားတာ သုံးရက်ရှိပြီဖြစ်၏။ သူ့ဆီကနေ မည်သည့်သတင်းမှ မကြားရသဖြင့် အချိန်များကုန်လွန်လာလေ ဆေးလ်၏နှလုံးသားက လေးလံလာလေပင်။ သူ တစ်ရက်လောက်လေး စောပြီးပြန်မလာနိုင်ဘူးလော။ သူ(မ) မှတ်မိပြီဆိုသည့်အကြောင်းများကို သူ့အား ပြောပြချင်နေလေပြီ။


ဆေးလ်၏ အစိုးမရသောနှလုံးသားနှင့် ဆန့်ကျင်ဘက်အနေဖြင့် အချိန်များက နာကျင်စရာကောင်းလောက်အောင်ကို ဖြည်းဖြည်းချင်းကုန်ဆုံးနေခဲ့သည်။ သူ(မ)စိတ်ဝင်စားလောက်မည့် စာအုပ်ကို ကောက်ကိုင်လိုက်လျှင်တောင် စာလုံးများကို သူ(မ) မမြင်နိုင််ခဲ့ပေ။


ရံရွေတော်က စာအုပ်တစ်အုပ်နှင့် ရောက်လာ၏။ ကိုင်နာက အသစ်ထွက်ထားသော သူ(မ)အကြိုက်ဆုံး စွန့်စားခန်းဇာတ်လမ်းအကြောင်း ပြောခဲ့ဖူးသော်လည်း သူ(မ)ခံစားခဲ့ရသော စိတ်လှုပ်ရှားမှုက အတိတ်ကနှင့်မတူတော့ပေ။


"မိန်းကလေးဆေးလ်!"


ဆေးလ်၏ သေးငယ်သောကိုယ်လေးမှာ တစ်ချက်တုန်သွား၏။ သူ(မ) အီနင်း၏သက်ပြင်းချသံကို ကြားလိုက်ရသောအခါ သူ(မ)ဆီရောက်လာသူအား ခန့်မှန်းမိလိုက်သည်။ စူဇန်က တံခါးဖွင့်ကာ ပြုံးပြလာ၏။ စူဇန်က အတိုင်းထက်လွန်သော ဖော်ရွေတက်ကြွသည့် ကိုယ်ရည်ကိုယ်သွေးရှိပြီး ၎င်းတို့ ပထမဆုံးတွေ့ဆုံသည့်နေ့မှာ ဆေးလ် သူ(မ)အပေါ် သတိထားနေခဲ့ခြင်းကြောင့် စိတ်မကောင်းဖြစ်ခဲ့မိသည်။ စူဇန်က နေ့တိုင်းဆိုသလို ဆေးလ်ဆီလာလည်ပြီး အမျိုးမျိုးသောဇာတ်လမ်းများကို ပြောပြတတ်သည်။


"ကျွန်မ တခြားသူတွေနဲ့ နေ့လယ်စာသွားမလို့ပေမဲ့ သူတို့ကလည်း မိန်းကလေးဆေးလ်ကို တွေ့ချင်တယ်လို့ပြောလာကြတယ်။"


"ကျွန်မ အဆင်ပြေပါတယ်။"


"ဒီနေ့လည်း အခန်းထဲမှာပဲနေနေရင် အရှင်မင်းကြီးပြန်လာတဲ့အချိန်ကျ သူ အသည်းကွဲနေတော့မှာပဲ။ ရှင်က ကျွန်မတို့ကြောင့် အပြင်ကိုတောင် ထွက်မလာနိုင်တော့တဲ့ပုံပဲ။ လာပါ၊ ကျွန်မတို့နဲ့အတူ အရသာရှိတာတစ်ခုခုစားရအောင်ပါ။"


ကိုင်နာ့ကို ဖော်ပြလာသောအခါ ဆေးလ် သူ(မ)၏စကားများကို မတွေးဘဲမနနိုင်ခဲ့ချေ။ သူ(မ) သူ့ကိုစိတ်ပူအောင်လုပ်ရသည်အား မုန်းပေ၏။


"မသွားချင်ရင် မသွားဘဲနေလို့ရပါတယ်၊ အရှင်မ။"


"အိုး အီနင်းရဲ့၊ ဆေးလ်က သွားချင်ပါတယ်။"


"ရပ်လိုက်ပါ မိန်းကလေးစူဇန်။"


"ဘယ်လို။ ကျွန်မက အခု မောင်းမဆောင်ထဲကိုဝင်လာပြီးပြီ။ ရှင် မိန်းကလေးဆေးလ်ကိုခေါ်သလို ကျွန်မကိုလည်း 'အရှင်မ' လို့ခေါ်သင့်တယ်။"


"မင်းက အရှင်မင်းမြတ်ရဲ့ခွင့်ပြုချက်နဲ့ တရားဝင်ရောက်လာခဲ့တာမဟုတ်လို့ပဲ။"


"အမယ်လေးရှင်၊ ကျွန်မက အရှင်မင်းကြီးရဲ့ ဇနီးလောင်းဖြစ်ခဲ့ဖူးတာတောင် ကျွန်မကို ဒီလိုဆက်ဆံတော့မယ်ပေါ့?"


"အဲ့ဒါက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အဆုံးသတ်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်မဟုတ်ပါလား။"


ဇနီးလောင်းဆိုသည့်စကားကြောင့် ဆေးလ် တုန်ယင်သွားခဲ့သည်။ အီနင်းက ဆေးလ်၏တုံ့ပြန်မှုတို့ကို ဂရုတစိုက်ကြည့်နေခဲ့သည်။


"အိုးဟိုးဟိုး၊ မိန်းကလေးဆေးလ်၊ ဒါတွေအားလုံးက ဇာတ်လမ်းဟောင်းတွေပါ။ ကျွန်မဖြင့် အဲ့ဒီအချိန်ကို မှတ်တောင််မမှတ်မိတော့ဘူး။"


စူဇန်က ဆေးလ်၏လက်ကို လက်တစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ နောက်လက်တစ်ဖက်ဖြင့် ပါးစပ်ကိုအုပ်၍ ရယ်မောခဲ့လေ၏။ အီနင်းက သူ(မ)ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။


"အဲ့ဒါကို ရည်ရွယ်ချက်ရှိရှိပြောလိုက်တာမလား။"


"အီနင်း! ကျွန်မကို ဘယ်လိုလူစားမျိုးလို့ထင်နေတာလဲ။ ကျွန်မက မိန်းကလေးဆေးလ်ကို သိချင်ရုံပဲ။ ကျွန်မတို့က မောင်းမဆောင်ထဲမှာ အချင်းချင်းတွေ့မြင်နေရမှာပဲလေ၊ ဟုတ်တယ်မလား။"


စူဇန်၏စကားလုံးများက မမှားချေ။ အီနင်းက တစ်စုံတစ်ခုပြန်ပြောဖို့ ပြင်လိုက်ရာ ဆေးလ်က ခေါင်းယမ်းပြကာ သူ(မ)ကိုတားဆီးလိုက်သည်။


"အတူတူစားကြတာပေါ့။ ကျွန်မ ရှင်နဲ့အတူတူသွားပါ့မယ်။"


"အိုး၊ ကျွန်မထင်တဲ့အတိုင်းပဲ၊ ဆေးလ်က ကျွန်မတို့နဲ့ ပူးပေါင်းမှာပါဆို။"


သူ(မ)က ဖော်ရွေသောအမူအရာဖြင့် လက်ပိုက်ကာ အီနင်းကို လျှာထုတ်ပြောင်ပြလာခဲ့သည်။


...


မောင်းမဆောင်ထဲမှ အမျိုးသမီးအများစုက ဥယျာဥ်၏တစ်ဖက်ရှိ ထမင်းစားပွဲမှာ စုဝေးနေကြသည်။ ဆေးလ်တစ်ယောက်တည်းကသာ တရားဝင်ကိုယ်လုပ်တော်ဖြစ်ရာ အားလုံးက ထရပ်ကာ ရိုသေသမှုပြခဲ့ကြသော်လည်း ၎င်းတို့၏အမူအရာများကတော့ ခနဲ့တဲ့တဲ့ဖြစ်နေကြ၏။ ဆေးလ်က သာမန်ပြည်သူဖြစ်ကြောင်း သိရှိထားသောကြောင့် ဖြစ်လောက်မည်။


ဆေးလ်က ရှက်ရွံ့သောအပြုံးလေးနှင့်အတူ ၎င်းတို့ကိုကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။


"မိန်းကလေးဆေးလ်၊ ကျေးဇူးပြုပြီး ဒါလည်းစားကြည့်ပါဦး။"


စူဇန်က သူ(မ)အတွက် အစားအသောက်တချို့ ပေးလာခဲ့၏။ ဆေးလ်က သူ(မ)၏ထိုင််ခုံမှာ သက်တောင့်သက်သာမရှိစွာဖြင့် အသီးအနည်းငယ်ကိုသာ စားနေခဲ့သည်။


"ကျေးဇူးတင်ပါတယ်။"


"မိန်းကလေးစူဇန်က နှလုံးလည်းလှတာပဲ။"


"ဟုတ်တယ်။ သူ(မ)မှာ မျက်နှာလှလှလေးနဲ့ ကောင်းမွန်တဲ့မိသားစုလည်းရှိတယ်လေ။"


အမျိုးသမီးများက ရယ်မောခဲ့ကြသည်။ ဆေးလ်ကလည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်လေ၏။


"ရှင်တို့ ကျွန်မကို ချီးကျူးစကားတွေနဲ့ ရေချိုးပေးနေရင်တောင် ကိစ္စမရှိပါဘူး။ ဒီမှာ ဆေးလ်ကိုလည်း ကောင်းကောင်းပြသပေးဖို့လိုတယ်လေ။"


အမျိုးသမီးများ၏အမူအရာက ထပ်ပြီး ရှုံ့တွသွားပြန်သည်။ ထို့နောက် ၎င်းတို့က ဆေးလ်ကိုလျစ်လျူရှုကာ အခြားသောအကြောင်းအရာများကို ရှာဖွေခဲ့ကြသည်။ အခြားသူများက ကိုယ့်အဖွဲ့နှင့်ကိုယ် ပိုးထည်အသစ်များ၊ လက်ဝတ်ရတနာများအကြောင်း အတင်းအဖျင်းများပြောနေစဥ် စူဇန်က လေသံကိုနှိမ့်၍ ပြောလိုက်သည်။


"မိန်းကလေးဆေးလ်၊ ရှင် ကြားပြီးပြီလား။"


"ဘာကိုလဲ။"


"အရှင်မင်းကြီးကိုင်နာ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ကျွန်မကြားခဲ့တယ်။"


ချွမ်-


သူ(မ)ကိုင်ထားသောဓါးက ပြုတ်ကျသွားခဲ့သည်။ ထမင်းစားပွဲနှင့် ခြေလှမ်းအနည်းငယ်အကွာမှာရှိနေသော အီနင်းက ချဥ်းကပ်လာသော်လည်း ဆေးလ်က လက်မြှောက်ကာ သူ(မ)ကိုတားဆီးလိုက်၏။


"အဲ့-အဲ့ဒါက ဘယ်လိုဖြစ်ခဲ့တာလဲ..."


"သူ ခြုံခိုတိုက်ခိုက်ခံရတာဖြစ်မယ်။"


သူ(မ) လွန်ခဲ့သောငါးနှစ်အချိန်ကို အမှတ်ရသွား၏။ သူ ယခုတစ်ခေါက်မှာရော ပြင်ပြင်ထန်ထန်ဒဏ်ရာရသွားသည်လော။ ဆွံ့အသွားသော ဆေးလ်တစ်ယောက် မျက်တောင်တောင်မခတ်နိုင်ဘဲ သူ(မ)၏လက်များက တုန်ယင်လာခဲ့သည်။ စူဇန်က သူ(မ)ကို ညင်သာစွာသိုင်းဖက်လိုက်ပြီး ဆက်ပြောလိုက်၏။


"သူက ရှင်ထင်နေသလို ဆိုးဆိုးဝါးဝါးဒဏ်ရာမရပါဘူး။"


"တကယ်လား။"


"ကျွန်မအဖေပြောခဲ့တာဆိုတော့ သေချာတယ်။ အဲ့ဒါကြောင့် ညနေကျရင် ကျွန်မ တိတ်တိတ်လေးခိုးထွက်ပြီး အရှင်မင်းကြီးဘယ်လိုနေလဲလို့ သွားကြည့်မလို့။"


"ဘယ်လိုမျိုးလဲ။"


"စူဇန်၊ တောင်ပိုင်းကလာတဲ့ ပတ္တမြားလေ။ အဲ့ဒါက ကလေးတစ်ယောက်ရဲ့လက်သီးဆုပ်အရွယ်လောက်ရှိတယ်။ အခု မောင်းမဆောင်ထဲမှာ အဲ့ဒီအကြောင်း ကောလာဟလတွေနဲ့ ပြည့်နှက်နေတာပဲ။ ပိုင်ရှင်က ဘယ်သူဖြစ်လာမလဲမသိဘူးနော်။"


စူဇန်နှင့်မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးတစ်ယောက်က သူ(မ)ကို စကားပြောလာသောအခါ ၎င်းတို့၏လျှို့ဝှက်စကားဝိုင်းက ကြားဖြတ်ခံလိုက်ရသည်။


"အိုး၊ ဆေးလ်။ အရှင်မင်းကြီးကို ဝယ်ပေးခိုင်းလိုက်ပါလား။"


ထိုအမျိုးသမီးက ပြောလာရာ စူဇန်က သူ(မ)ကို တန်ပြန်ပြောလာသော်လည်း ဆေးလ် ၎င်းတို့ကို ဘာမှမကြားခဲ့ချေ။ သူ(မ) ကိုင်နာ အဆင်ပြေ၊ မပြေနှင့် သူ စိုးရိမ်ဖွယ်အခြေအနေမှာ ရှိ၊ မရှိကိုပဲ သိချင်နေ၏။ ဆေးလ်၏အမူအရာက တင်းမာနေသည့်အတွက် ပတ္တမြားအကြောင်းပြောလာသည့် ထိုအမျိုးသမီးက စူပုတ်ပုတ်မျက်နှာဖြင့် ပြောလာခဲ့သည်။


"ဆေးလ်က ကျောက်မျက်ရတနာတွေကို စိတ်မဝင်စားဘူးထင်တယ်။ သူ(မ)က ကျွန်မပြောတာကို အာရုံစိုက်မနေဘူးပဲ။"


"အိုး၊ မဟုတ်တာ။ သူ(မ)က သိပ်ကိုကြင်နာတတ်တာ။ ဆေးလ်၊ ရှင် နေမကောင်းဘူးလား။"


စူဇန်၏ကြင်နာသောမေးခွန်းမှာ သူ(မ)က ခေါင်းသာညိတ်ပြခဲ့သည်။


"ရှင်က သိပ်ကိုအားနည်းတဲ့သူပဲ။ ဒီလိုအားနည်းတဲဲ့သူတစ်ယောက်က မြင့်မြတ်တဲ့ဆူတန်ကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်ရတာလဲ။"


တစ်စုံတစ်ယောက်က လှောင်ပြောင်ပြောဆိုလာသောအခါ အမျိုးသမီးများက ရယ်မောခဲ့ကြသည်။ ဆေးလ်၏မျက်နှာက နီမြန်းလာလေ၏။ ထိုစဥ် စူဇန်က သိမ်မွေ့စွာဖြင့် နှစ်သိမ့်လာခဲ့သည်။


"တကယ်တော့ အရှင်မင်းကြီးနဲ့အိပ်ဖူးတဲ့ တချို့အမျိုးသမီးတွေက သူ ဘယ်လောက်ထိ အံ့သြစရာကောင်းကြောင်း ပြောနေခဲ့ကြတာလေ။ အိုးဟိုး၊ အရှင်မင်းကြီးက မိန်းကလေးဆေးလ်တစ်ယောက်တည်းနဲ့ပဲ အိပ်ဖူးတာလို့တော့ ထင်မနေပါဘူးနော်၊ ဟမ်?"


"မိန်းကလေးတွေ၊ မင်းတို့အားလုံး ပြောစကားတွေလွန်နေပြီနော်။"


သူ(မ)အနောက်ကနေ နားထောင်နေခဲ့သော အီနင်းက အေးစက်စွာပြောလိုက်ရာ လူတိုင်းက ကိုယ်လျှာကိုယ်ပြန်ကိုက်လိုက်ကြ၏။ ကိုင်နာ့ကို သားအရင်းသဖွယ် ပျိုးထောင်ပေးခဲ့သော အီနင်းဆီကနေ ၎င်းတို့တွေ မျက်မုန်းကြိုးမခံချင်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။


"အီနင်း၊ ဒါက အမှန်တရားပဲလေ။ မိန်းကလေးဆေးလ်လည်း အကုန်လုံးကိုသိသင့်တာပေါ့။"


စူဇန်ကသာ အီနင်းကို တုံ့ပြန်လိုက်သည်။ ယင်းက ကောင်းသောအရာဖြစ်သည်။ သူ(မ)အပေါ်ကို နူးညံ့စွာဆက်ဆံပေးသော ကိုင်နာ့မှာ အရင်က အမျိုးသမီးများမရှိခဲ့ဘူးဟု သူ(မ) တစ်ခါမှမတွေးခဲ့ဖူးချေ။ ယခုအချိန်မှာ ဆေးလ်၏စိတ်ထဲ သူ၏ဘေးကင်းလုံခြုံမှုကသာ လွှမ်းမိုးနေခဲ့သည်။


"ကျေးဇူးပြုပြီး ကျွန်မကိုပြောပြပါ။"


ဆေးလ်က စူဇန်၏လက်မောင်းကိုဆုပ်ကိုင်လိုက်ပြီး တီးတိုးပြောလိုက်သည်။


"ဒီနေ့ည မိန်းကလေးဆေးလ်ရဲ့အခန်းထဲ လာခဲ့ပါ့မယ်။ အဲ့အချိန်ကျတော့မှ ပြောကြတာပေါ့။ ဒါပေမဲ့ အီနင်းကတော့ အဲ့ဒီမှာရှိလို့မရဘူး။ ကျွန်မ အရှင်မင်းကြီးအကြောင်းပြောမှာကို သူ(မ)က တားလိမ့်မယ်။


"အရှင်မ၊ အိပ်ခန်းဆီပြန်ပြီး အနားယူလိုက်မလား။"


အီနင်းက ဆေးလ်ဆီချဥ်းကပ်သွားပြီး မေးမြန်းလိုက်သည်။ ဆေးလ်က စိုးရိမ်ပူပန်မှုများနှင့် တောင့်တင်းနေလေ၏။ ထို့နောက် စူဇန်က လိမ်ညာခြင်းမရှိသကဲ့သို့ တစ်ဖက်လှည့်သွားခဲ့ပြီး စောစောက လက်စမသတ်ခဲ့ရသေးသည့် ကျောက်မျက်ရတနာအကြောင်းကို ပြန်လည်ပြောနေခဲ့သည်။


သူ(မ)ကို မည်သူကမှ ဂရုမစိုက်တော့ပေ။ ၎င်းတို့က သူ(မ)ကို ထိုနေရာမှာမရှိစေချင်ကြတော့ရာ ဆေးလ် အီနင်းကိုမှီလိုက်ချိန်မှာ အမျိုးသမီးအိုကြီးက သူ(မ)ကို ပွေ့ထူပေးခဲ့သည်။


"နေရတာ သက်တောင့်သက်သာမရှိလို့လား။"


ဖြူဖျော့နေသော ဆေးလ်တစ်ယောက် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေသည်။ ဆေးလ်က ခွန်အားတို့မရှိဘဲ ခေါင်းယမ်းပြလာရာ အီနင်းမှာ စိုးရိမ်စွာဖြင့် သက်ပြင်းချလိုက်ရင်း အနှီမိန်းကလေးများကို အနိုင်ယူနိုင်ဖို့ သူ(မ) နည်းနည်းလောက်ပိုပြီး ကျန်းမာသန်စွမ်းသင့်သည်ဟု တွေးနေမိသည်။ ယနေ့အဖြစ်အပျက်သာ ကိုင်နာ၏နားထဲ ရောက်သွားပါက သူက ဒီတိုင်းလွှတ်ပေးလိမ့်မည်မဟုတ်ပေ။


ဆေးလ်နှင့်အတူ ထွက်ခွာသွားရင်း အီနင်း၏အကြည့်များက စူဇန်ဆီ ကျရောက်သွား၏။ စူဇန်က တစ်စုံတစ်ခုကို အကွက်ချနေကြောင်း သူ(မ) သံသယဝင်မိသော်လည်း ထိုအချက်ကို သေချာမနေပေ။


ကိုင်နာနှင့် စူဇန်တို့ကြားမှ လမ်းခွဲပြတ်စဲခြင်းက တစ်ဖက်သတ်ဖြစ်ခဲ့သည်။ ၎င်းတို့က လွန်ခဲ့သောငါးနှစ်တုန်းက စေ့စပ်ခဲ့ကြသော်လည်း ဆေးလ်ကိုတွေ့ပြီးနောက် ကိုင်နာက သူ့အနားမှ အမျိုးသမီးများအားလုံးနှင့် သူ့ကိုယ်သူ ခွဲခြားပြီးနေထိုင်ခဲ့၏။ ငါးနှစ်လုံး သူ့မှာ အမျိုးသမီးတစ်ယောက်မှမရှိခဲ့ဘဲ ဆေးလ်ကိုရဖို့အတွက် လူများနှင့် အာဏာကို စုဆောင်းနေခဲ့သည်။


သူ့ဘေးနားမှာရှိနေခဲ့သော တစ်ဦးတည်းသောအမျိုးသမီးဖြစ်သည့် အီနင်းက ကောင်းကောင်းကြီးသိပေ၏။ ကိစ္စများ အနည်းငယ်အဆင်ပြေလာလျှင် သူ(မ) ဆေးလ်ကို ဤအကြောင်းများပြောပြပြီး ကိုင်နာ့အပေါ် မယုံကြည်သည့်စိုးရိမ်ပူပန်မှုများကို လုံးဝပျောက်ကွယ်သွားအောင် ပြုလုပ်ပေးရမည်။ ကိုင်နာပြန်ရောက်လာသည်နှင့် စူဇန်နှင့် သူ(မ)၏စည်းမရှိသောပါးစပ်ပေါက်ကို ချက်ချင်းကန်ထုတ်ပစ်စေဖို့လည်း သေချာအောင်ပြုလုပ်မည်ဖြစ်၏။


...


အီနင်းက အိပ်ခန်းထဲဝင်လာခဲ့ပြီး ဆေးလ်ကို ထူးဆန်းသောမျက်လုံးများနှင့် စိုက်ကြည့်နေခဲ့သည်။ ဆေးလ်က ပြတင်းပေါက်နား ခဏခဏသွားရပ်ပြီး အပြင်ကိုကြည့်ကာ သက်ပြင်းများချနေတတ်၏။ အီနင်း သူ(မ)နှင့် အကြည့်ချင်းဆုံလိုက်ချိန်ဆို ဆေးလ်က တစ်စုံတစ်ခုပြောဖို့ ကြိုးစားလာသော်လည်း မပြောခဲ့ပေ။


"ဘာဖြစ်လို့ပါလဲ။"


"ဘာမှမဟုတ်ပါဘူး၊ ဒီတိုင်း..."


အီနင်းက ကိုင်နာ၏အခြေအနေကို သိထားသည်လော။ သူ(မ)၏ကျောပြင်မှာ ချွေးအးများစိုရွှဲလာ၏။ စူဇန်လာမည့် အရိပ်အယောင်တို့မရှိရာ သူ(မ) ကံတရားကိုစမ်းသပ်ကြည့်ရမည်။


"အရှင်ကိုင်နာက ထိခိုက်ထားတာလား။"


"ဘယ်လို? အရှင်မက ဘယ်လိုလုပ်..."


"ဘယ်-ဘယ်လောက်ထိဆိုးလဲ..."


သူ(မ)က ထိုင်နေရာကနေထကာ အီနင်းဆီကို ချဥ်းကပ်သွားလိုက်ပြီး ထိုအမျိုးသမီး၏လက်ကို ဆုပ်ကိုင်လိုင်သည်။ အီနင်းက သူ(မ)ကိုတောင် ကြည့်မနေရာ ရှင်းနေပေ၏။ ၎င်းက ဆေးလ်ကို လျှို့ဝှက်ထားသော်လည်း ကိုင်နာ ဒဏ်ရာရခဲ့သည်မှာတော့ အမှန်ပင်။


"အသက်အန္တရာယ်မစိုးရိမ်ရပါဘူး။ အဲ့ဒါကြောင့် အရှင်မ အများကြီးစိုးရိမ်မနေပါနဲ့။"


"ဘယ်လိုဖြစ်နိုင်မှာလဲ... သူက နန်းတော်ကို ဘာလို့ချက်ချင်းပြန်မလာတာလဲ။"


"အလုပ်မပြီးသေးလို့ပါ။ အရှင်မင်းကြီးက အမြစ်ဖြတ်ဖို့အတွက် ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်မှဖြစ်မှာမို့ပါ။"


သူ၏ပခုံးက မြားမှန်ခဲ့သော်လည်း ဒဏ်ရာမပြင်းထန်ကြောင်း အီနင်း သတင်းတင်ပြချက်ကို ရရှိထားပြီးဖြစ်သည်။ သူ၏အထိန်းတော်အနေဖြင့် ကိုင်နာ့ကိုစိတ်ပူသည်မှာ မေးခွန်းထုတ်စရာမရှိသော်လည်း ၎င်းက သွေးရောင်တောင်မရှိတော့သည့် ဆေးလ်နှင့်ယှဥ်လိုက်လျှင် ဘာမှမဟုတ်တော့ပေ။


"အရှင်မက ဒီလိုတုံ့ပြန်မယ်ဆိုတာသိလို့ အရှင်မင်းကြီးက လျှို့ဝှက်ထားဖို့ အမိန့်ပေးခဲ့တာပါ..."


"ကျွန်မ-ကျွန်မ အရှင်မင်းကြီးကို ကျွန်မရဲ့ခံစားချက်တွေအကြောင်းတောင် မပြောရသေးဘူး။"


"မငိုပါနဲ့ အရှင်မရဲ့။ အရှင်မင်းကြီးက လွယ်လွယ်ရှုံးနိမ့်မဲ့သူမျိုးမဟုတ်ပါဘူး။"


သို့သော်လည်း အီနင်းက ဒဏ်ရာအကြောင်း အသေးစိတ်ရှင်းမပြခဲ့သည်အတွက် ဆေးလ်က ပိုလို့တောင်စိုးရိမ်ပူပန်လာခဲ့သည်။ ထိုစဥ် တံခါးပွင့်သွားပြီး စူဇန်က ယဥ်ကျေးသမှုမရှိဘဲ ဆေးလ်၏အခန်းထဲ ဝင်ရောက်လာခဲ့၏။ စူဇန်က စုတ်သပ်လိုက်သည်။ အီနင်း၏ရင်ခွင်ထဲမှ ဆေးလ်ငိုနေပုံကြောင့် သူ(မ) အီနင်းကို ကိုင်နာ၏ဒဏ်ရာအကြောင်း မေးမြန်းလိုက်ပြီမှန်း စူဇန် သတိပြုမိလိုက်သည်။


"မိန်းကလေးစူဇန်။"


"အီနင်း၊ ကြောက်စရာကောင်းအောင် ကြည့်မနေပါနဲ့။"


"မင်းက အရှင်မကို မလိုအပ်တဲ့အရာတွေပြောပြီး စိတ်ပူအောင်လုပ်နေတာပဲ။ ပထမဆုံးအနေနဲ့ ဒါက လျှို့ဝှက်ချက်ဖြစ်တာမို့ မိန်းကလေးစူဇန် သိနေစရာအကြောင်းမရှိဘူး။ ဒီတော့ မင်း ဘယ်လိုသိခဲ့တာလဲ။"


"အိုးဟိုးဟိုး၊ ဒီနန်းတော်ထဲမှာ လျှို့ဝှက်ချက်ဆိုတာ ရှိလို့လား။ နည်းနည်းလောက်ရှာဖွေလိုက်ရင် အားလုံးသိနိုင်တာပဲလေ။"


"အရှင်မင်းကြီးပြန်ရောက်ရင် မင်းအကြောင်းကို အစီရင်ခံရမယ်

။"


"ရှင့်စိတ်တိိုင်းကျသာလုပ်ပါ။ ကျွန်မ အရှင်ကိုင်နာရဲ့သတို့သမီးလောင်းဖြစ်ခဲ့တုန်းက အီနင်း ကျွန်မကို ဒီလိုမျိုးမဆက်ခံခဲ့ဘူးနော်။"


"ဒါက အတိတ်ကကိစ္စပါ။"


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment