အချပ်ပို (၆)
ကိုင်နာက များသောအားဖြင့် ဆေးလ်အတွက် ထည့်သွင်းစဥ်းစားပေးတတ်သော်လည်း တစ်ခါတလေ ကြမ်းတမ်းသောညများလည်း ရှိတတ်သည်။ ယခုလိုမျိုးညကို ကုန်ဆုံးပြီးနောက် ဆေးလ်က ရက်အနည်းငယ်လောက် နေမကောင်းဖြစ်သွားတတ်လေ၏။
ယခုတစ်ခေါက်ကလည်း ခြွင်းချက်မဟုတ်ပေ။ သုံးရက်လုံးလုံး နေမကောင်းဖြစ်နေခဲ့သောဆေးလ်ကို ကိုင်နာက စောင့်ရှောက်ပေးခဲ့သည်။ သူ၏မျက်နှာထက်မှာ စိုးရိမ်ပူပန်မှုနှင့် ကြင်နာမှုတို့အပြည့်ပင်။
"ရိုးရိုးဖျားရုံတင်ပါ။"
"ကိုယ်သိပါတယ်။"
သူက ပြုံးလိုက်ပြီး ရှုပ်ပွနေသောနေသောဆံပင်များကို အနောက်သို့သပ်တင်ပေးလိုက်သည်။ သူ(မ)၏မီးခိုးရောင်မျက်ဝန်းများက တည်ငြိမ်မှုနှင့်အတူ ကိုင်နာကိုကြည့်နေခဲ့၏။
"အဲ့ဒီနေ့ညက အလင်းတန်းတွေက ကျွန်မစိတ်ထဲမှာ ကျန်နေသေးသလိုပဲခံစားရတယ်။"
"နားထောင်လို့ကောင်းတဲ့ စကားလုံးတွေကိုပဲ ရွေးပြောနေတာဆိုတော့ မင်းမှာ ခက်ခဲတဲ့တောင်းဆိုစရာတစ်ခုရှိနေမယ်ထင်တယ်။"
ပြင်းထန်သောသာယာမှုအလွန်မှာ အဖျားတက်လာခဲ့သည်။ ထိုနေ့ညက သာယာမှုများက သူ(မ)ကိုယ်ထဲကနေ အပြီးတိုင်ထွက်ခွာမသွားသေးပုံပင်။
ဆေးလ်က သူ(မ)၏နဖူးကို ပွတ်သပ်ပေးနေသော ကိုင်နာ၏လက်ကို ညင်သာစွာဆုပ်ကိုင်လိုက်သည်။ မျက်လုံးများထဲမှာ ယုံကြည်ချက်အပြည့်ရှိနေပြီး ကိုင်နာက သူ(မ)၏တောင်းဆိုချက်ကို လိုက်လျောပေးမည်ဟု ယုံကြည်နေ၏။
"အရှင်ကိုင်နာက အဲ့လိုမလုပ်ရင် လူတိုင်း အဆင်မပြေဖြစ်သွားမှာပါ။"
စိုးရိမ်စိတ်က နောက်ဆုံးမှာ သံသယများကို ပေါက်ဖွားလာစေနိုင်ပြီး တစ်ယောက်ကိုတစ်ယောက် ထိခိုက်စေတတ်သည့် နှလုံးသားတစ်ခုအဖြစ် ကြီးထွားလာလိမ့်မည်။ အခန်း၏တစ်ဖက်က အီနင်း၏ ကလေးချော့မြှူနေသည့်အသံများကို ကြားနေရသည်။ သူက ညည်းညူ၍ ငိုကြွေးနေပြီး အရာအားလုံး ချစ်စရာကောင်းကာ အဖိုးတန်လှသည်။ သူ(မ) မီရ်ဂါနှင့်သိတာ မကြာသေးသော်လည်း သူ(မ)၏စိတ်ခံစားချက်တို့ကို စိတ်ကူးကြည့်နိုင်ပေ၏။ ဆေးလ်လည်း သူ(မ)၏ကလေးကို ကာကွယ်ဖို့ ဘာမဆိုလုပ်ပေလိမ့်မည်။
"အရှင်ကိုင်နာ။"
"... တစ်ခါတလေမှာ ကိုယ်လုပ်ဖို့ ကြိုးစားနေတာကို သတိပြုမိပြီး ရပ်ပစ်နိုင်တဲ့အရည်အချင်းတွေ ဆေးလ်မှာရှိတယ်။ မင်းက အဲဒါကို သိသိကြီးနဲ့ လုပ်နေတာလားဆိုတာကို ကိုယ် သိဖို့ မလိုပါဘူး။"
သူက မသဲမကွဲပြောလာခဲ့သည်။
သွားစရာနေရာမရှိသော မီရ်ဂါကို လက်ခံသူက သေချာပေါက် ကိုင်နာဖြစ်သည်။ တကယ်တမ်းမှာ သူက လွန်ခဲ့သောသုံးနှစ်ကတည်းက ရှင်းထုတ်လိုက်သင့်သည့် အရှုပ်အထွေးများကိုရှင်းလင်းရန် မီရ်ဂါ့ကို အင်ပါယာဆီ ခရီးနှင်ခွင့်ပြုခဲ့သည်။ သူ(မ)က အသုံးမကျသောကြောင့် သူ(မ)နှင့်ပူးပေါင်းပေးဖို့ မလိုအပ်တော့ပေ။ ပါဝင်ပတ်သက်သူတိုင်းကို သုတ်သင်ရှင်းလင်းထားပြီးဖြစ်ရာ မီရ်ဂါနှင့်လည်း မသက်ဆိုင်တော့ပေ။
သို့သော် သူ ထိုကဲ့သို့လုပ်လိုက်ပါက ဆေးလ် ကြေကွဲသွားလိမ့်မည်။
သူ ဆေးလ်ကို မနာကျင်စေချင်ပေ။ သူ့မှာ ဆေးလ်အပေါ် ကပ်တွယ်ထားသော အကာအကွယ်နှင့် စောင့်ကြပ်သည့်မျက်ဝန်းများရှိနေသလို မီရ်ဂါကိုလည်း စောင့်ကြည့်သင့်ပေ၏။
ဘာလွှမ်းမိုးမှုမှမရှိသော မီရ်ဂါကို ထိန်းချုပ်ရသည်ထက် မည်သည့်အရာက ပို၍လွယ်ကူမည်နည်း။ သူ(မ) အဓိပ္ပါယ်မရှိသည့်အရာကို တစ်ခုလေးလုပ်လိုက်သည်နှင့် သူက သူ(မ)ကို ချက်ချင်းအပြစ်ပေးလိုက်မည်ပင်။ မီရ်ဂါက သူ(မ)၏နောက်ဆုံးသောအခွင့်အရေးကို သူ(မ)၏လက်နှင့် ကိုယ်တိုင်ဖျက်ဆီးရလာက်အောင်ထိ ရူးမိုက်လားဆိုသည်အား သူ သိချင်မိ၏။
ဆေးလ်က သူ(မ)၏ကလေးကိုချစ်သလောက်် စိတ်လည်းပူနေခဲ့သည်။
သူ သူ(မ)၏စိုးရိမ်ပူပန်မှုတို့ကို သတိမပြုမိတာမဟုတ်ပေ။ သို့သော် ၎င်းက ထီးနန်း၏အလေးချိန်တစ်ခုဖြစ်ရာ ကိုင်နာ သူ(မ)အတွက် ဘာမှလုပ်မပေးနိုင်ချေ။ သူ(မ) မီရ်ဂါဆီကနေ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား သို့မဟုတ် နည်းဗျူဟာများကို သင်ယူနိုင်လောက်သည်ဟု တွေးတောကာ ကိုင်နာက ခေါင်းညိတ်လိုက်လေသည်။
"ဆေးလ် လုပ်စေချင်တဲ့အတိုင်း ကိုယ်လုပ်ပါ့မယ်။"
"ကျေးဇူးတင်ပါတယ်၊ အရှင်ကိုင်နာ။"
ဆေးလ်က အဖျားငွေ့နေသောမျက်နှာလေးဖြင့် ပြုံးလိုက်လေ၏။
"ဒါပေမဲ့ သူတို့နဲ့ မကြာမကြာတွေ့နေတာကို ရှောင်ရမယ်။"
သူ အိပ်ရာထဲမှာပြောခဲ့သောစကားလုံးများက သူ(မ)၏မှတ်ဉာဏ်ထဲ မသဲမကွဲဝင်ရောက်လာခဲ့ပြီး ဆေးလ် အလျင်အမြန်ခေါင်းညိတ်လိုက်သည်။
...
ဆေးလ် မီရ်ဂါဆီသွားရောက်ခဲ့သည်မှာ ထိုနေ့ညကတည်းကဆို တစ်ပတ်ရှိသွားလေပြီ။ မီရ်ဂါက ကလေးဘဝမှာ ကြီးပြင်းလာခဲ့သည့်နေရာဖြစ်သော မောင်းမဆောင်ထဲနေရသည်အား သက်တောင့်သက်သာရှိသည်ဟု ပြောလာ၏။ တာဝန်ခံမှလွဲ၍ အခြားမည်သူမှမရှိရာ မီရ်ဂါနှင့် လိုင်တို့က ကြီးမားကျယ်ပြန့်သောနေရာကို အသုံးပြုခဲ့ကြသည်။
"ဟားစခိကို ဂါရဝပြုပါတယ်။"
မီရ်ဂါတစ်ယောက် ဆေးလ်၏ ရုတ်တရက်ဆန်သောလည်ပတ်မှုကြောင့် အံ့အားသင့်သွားခဲ့သော်လည်း မျက်ခုံးကိုအသာပင့်လိုက်သည်။ ဆေးလ်က အချိန်အတော်ကြာမတွေ့ခဲ့ရသော လိုင့်ကို ပြုံးပြလိုက်ပြီး စားပွဲမှာထိုင်ချလိုက်၏။
"ဝမ်းဗိုက်ထဲကကလေး စားချင်တဲ့အစားအသောက်များ ရှိသေးလား။"
"အားလုံးက စားလို့ကောင်းပါတယ်။"
ထိုနေ့ညက ဆူတန်ကို ခစားပေးဖို့သွားခဲ့သည့်လိုင်က အိပ်ဆောင်ကို လျင််မြန်စွာပြန်ရောက်လာခဲ့ပြီး ထိုအချိန်ကတည်းက မီရ်ဂါ့ကို ဘာမှမပြောခဲ့ပေ။ သို့သော် သူ(မ)၏အသက်ကို ကယ်တင်ချင််လျှင် ဤနေရာကနေထွက်ခွာပြီး မည်သူကမှ သူ(မ)ကိုရှာမတွေ့နိုင်မည်နေရာသို့သွားရန်သာ အကြံပြုခဲ့သည်။
"တော်သေးတာပေါ့။ ကျွန်မတုန်းက မနက်ခင်းဝေဒနာခံစားခဲ့ရပြီး ကောင်းကောင်းမစားနိုင််ခဲ့ဘူးလေ။"
ထိုနေ့ကနေစပြီး ဆေးလ်က နေမကောင်းဖြစ်နေခဲ့သဖြင့် လိုင့်ကို လာမရှာတော့သလို သူ(မ)က ကိုင်နာ့ဆီကနေလည်း ဘာသတင်းမှမရခဲ့ချေ။
ဤတစ်ပတ်အတွင်း မည်သူကမှ သူ(မ)ကိုလာမရှာခဲ့ကြရာ မီရ်ဂါတစ်ယောက် ငရဲဆန်သောအချိန်များကို ကျော်ဖြတ်ခဲ့ရသည်။ ကိုင်နာက အသုံးမဝင်တော့သည့်သူ(မ)ကို အသက်ရှင်လျက်ထားမည်မဟုတ်ဟူသော ခံစားချက်က တစ်စတစ်စ ကြီးထွားလာခဲ့ပြီး သူ(မ) ထွက်ပြေးလွတ်မြောက်ဖို့နေရာကို ရှာဖွေနေခဲ့သည်။
သို့သော် သားများမွေးထားသော သူ(မ)ခင်ပွန်း၏ကိုယ်လုပ်တော်များက သူ(မ)ကိုရှာဖွေရန် အရာအားလုံးကို လှန်မှောက်ကြမည်ပင်။ ၎င်းတို့ မည်သည့်နေရာမှာပဲပုန်းနေပါစေ နောက်ဆုံးမှာ ရှာတွေ့ခံရပြီး ကြောက်မက်ဖွယ်ကောင်းသော အဆုံးသတ်နှင့် ရင်ဆိုင်ကြရမည်သာ။ အခုလက်ရှိမှာ အင်ပါယာနန်းတော်ထက် ပို၍လုံခြုံသည့်နေရာမရှိသဖြင့် မီရ်ဂါက အလွယ်တကူမလှုပ်ရှားနိုင်ခဲ့ချေ။
"မိန်းကလေးမီရ်ဂါ၊ မိန်းကလေးလိုင်။"
"ကျေးဇူးပြုပြီးပြောပါ၊ ဟားစခိ။"
"ရှင်တို့ ဒီမှာနေလို့ရပါတယ်။"
ဆေးလ်က ရုတ်တရက်ပြောလာသောအခါ မီရ်ဂါ၏မျက်နှာပေါ်မှ စိုးရိမ်မှုတို့က ပျောက်ကွယ်သွားခဲ့သည်။ သူ(မ)၏စိုးရိမ်ပူပန်မှုများ ပေါ်သွားသောအခါ သူ(မ)၏နှုတ်ခမ်းကို ကိုက်ထားလိုက်လေ၏။
"ဒါက မိန်းကလေးမီရ်ဂါရဲ့အိမ်လည်းဟုတ်ပါတယ်။ ဆူတန်က မိန်းကလေးမီရ်ဂါရဲ့အသက်ကို ခြိမ်းခြောက်လာတဲ့ ဘယ်အရာမဆို အင်ပါယာကိုခြိမ်းခြောက်တာပဲလို့ ယူဆပါလိမ့်မယ်။"
"မဖြစ်နိုင်တာ။"
ကိုင်နာက သူ(မ)၏အသက်ကို ကယ်တင်ပေးမည့်သူမဟုတ်ပေ။ မီရ်ဂါ သူ(မ)၏ဝမ်းဗိုက်ပေါ် အလိုလိုလက်တင်လိုက်မိသည်။
"ကလေးက ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ဒီမှာ မိန်းကလေးမီရ်ဂါ နေချင်သလောက်နေနိုင်ပါတယ်။ ကျွန်မတို့က ရှင့်ကို အစွမ်းကုန်ကာကွယ်ပေးမှာပါ။"
"ဘာလို့လဲ။ ရှင် မသိသေးဘူးလား။ မဖြစ်နိုင်တာ။ အီနင်းက ကင်းမြီးကောက်လိုပဲ သူ(မ)နှုတ်မှာ အဆိပ်ရှိတယ်။ ဒီတော့ သူ(မ)က မပြောပြခဲ့ဘူးလား။ ကျွန်မက ကိုင့်နာ့အစ်မအရင်းရယ် ပထမအစ်ကိုတော်ရယ်နဲ့အတူ သူ့ကိုသတ်ဖို့ ကြံစည်ခဲ့တာလေ။ သူက လိုအပ်ချက်ကြောင့်သာ ကျွန်မအသက်ကို ကယ်ပေးခဲ့တာ။ ဒါပေမဲ့ အခု အဲ့လိုလုပ်စရာအကြောင်းမရှိတော့ဘဲ ကျွန်မကို အသက်ရှင်လျက်ထားပေးမယ်? ကိုင်နာက အဲ့လောက်ထိမိုက်မဲတဲ့သူမဟုတ်ဘူး။"
ထို့ကြောင့် မီရ်ဂါက ဆေးလ်နှင့်တူသောလိုင့်ကို ရှေ့တန်းမှာထားခဲ့ခြင်းပင်။ သူ(မ)အလွန်စိတ်အားငယ်နေခဲ့သည်။ လက်ရှိအချိန်မှာ တစ်ခုတည်းသောမျှော်လင့်ချက်နှင့် သူ(မ)၏အသက်နှင့် သူ(မ)ကလေး၏အသက်ကို စွန့်စားဖို့လိုသောကြောင့် စိုးရိမ်ပူပန်နေမိ၏။
"အဲ့ဒါကြောင့် ရှင် ဒီကိုလာခဲ့တာလေ။ ကလေးကိုကယ်ဖို့ပေါ့။"
သူ(မ) သေရတော့မည်ကိုသိသော်လည်း ရွေးချယ်စရာမရှိဘဲ ဤနေရာသို့လာခဲ့ရသည်။ သူ(မ)က ငြိမ်သက်သောလေသံဖြင့် ဆေးလ်ကို ပြောလိုက်သည်။
"...မိန်းကလေးဖြစ်နေရင်... ကျွန်မရဲ့ကလေးက မိန်းကလေးဖြစ်နေရင်..."
"တော်ဝင်မိသားစုဝင်တစ်ယောက်အနေနဲ့ ရှင့်ရဲ့ကလေးက ကျွန်ရဲ့သားနဲ့ အတူတူကြီးပြင်းရမှာပါ။"
"ဒါက ဘာလဲဆိုတာ ကျွန်မဂရုမစိုက်ဘူး။ ကျွန်မက အသက်ရှင်ဖို့လုပ်ခဲ့တာဆိုတော့ ဆင်ခြေမရှိပါဘူး။ ဒါပေမဲ့ ဒီကလေးကို ဟားစခိက စောင့်ရှောက်ပေးပါ။"
သူ(မ)မှာ ဘာမှပေးစရာမရှိပေ။ သို့သော် ကလေးလေး၏တည်ရှိမှုအတွက် မိခင်က အရှက်မဲ့နိုင်သည်။ ကလေးက ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ကလေး၏အသက်ကိုကယ်ဖို့ သူ(မ)၏လည်တိုင်ကို ကြောက်စရာကောင်းသော သားရဲများ၏ပါးစပ်ထဲ ကြိမ်ဖန်များစွာထည့်နိုင်ပေ၏။
"ကလေးအတွက် မီရ်ဂါရှိနေဖို့လိုပါတယ်။ ကျွန်မကတော့ ကျွန်မကလေးရဲ့ဘဝကနေ ပျောက်ကွယ်သွားဖို့ကို တစ်ခါမှစိတ်ကူးမကြည့်နိုင်ပါဘူး။"
မီရ်ဂါက လိုင့်ကို ကိုင်နာ၏ရင်ခွင််ထဲထည့်ဖို့ ကြိုးစားခဲ့တာတောင် ဆေးလ် သူ(မ)ကို အပြစ်မတင်ခဲ့ပေ။ မီရ်ဂါက ရွေးချယ်စရာမရှိဘဲ ထိုသို့လုပ်ခဲ့ရပြီး သူ(မ)၏ စိတ်ပျက်အားငယ်နေသောနှလုံးသားကို ဆေးလ် နားလည်ပေ၏။ ထိုသဘောပေါက်မှုက သူ(မ)၏ဦးခေါင်းကို နောက်ကျတော့မှ လာရောက်ထိမှန်ခဲ့ပြီး မီရ်ဂါတစ်ယောက် မပေါ့မပါးဖြင့် ဒူးထောက်ချလိုက်သည်။
ဆေးလ်မှာ ထိတ်လန့်သွားပြီး ထိုင်ခုံနေထရပ်၍ မီရ်ဂါ့ကို ဆွဲထူဖို့ ကြိုးစားခဲ့သည်။
"...ကျွန်မနဲ့ ကျွန်မကလေးကို ကယ်တင်ပေးခဲ့တဲ့ကျေးဇူးအတွက် သေချာပေါက်ပြန်ပေးဆပ်ပါ့မယ်။ ကျွန်မက ပြန်မဆပ်နိုင်ခဲ့ရင်တောင် ကျွန်မရဲ့ကလေးက ပေးဆပ်ပါလိမ့်မယ်။"
"ကျေးဇူးဆိုတာမရှိပါဘူး။ ကျွန်မ ဘာမှမလုပ်ခဲ့ရပါဘူး။"
သူ(မ)က လိုင့်ကို ဧကရာဇ်၏အိပ်ရာပေါ်တင်ဖို့ ကြိုးကိုင်ခဲ့သူဖြစ်သည်။ သူ(မ)က ဆေးလ်ကို တုံးအသည့်အတွက် လှောင်ပြောင်ခဲ့သော်လည်း တကယ်တုံးအသူက သူ(မ)ကိုယ်တိုင်ဖြစ်နေခဲ့သည်။
"ဟားစခိတစ်ယောက်တည်းကသာ ဆူတန်ရဲ့စိတ်နှလုံးကို ပြောင်းလဲနိုင်တာပါ။"
"လိုင်ရဲ့စကားတွေထဲမှာ အမြဲတမ်း စိုးရိမ်သောကတွေ ရှိနေခဲ့တာ။ မိန်းကလေးမီရ်ဂါနဲ့ မိန်းကလေးလိုင်တို့က တူညီတဲ့စိုးရိမ်မှုတွေကို ခံစားခဲ့ရမှာပဲ။"
သူ(မ)ပြောလိုက်သည့်စကားက မီရ်ဂါကို စိတ်လှုပ်ရှားစေသော်လည်း ၎င်းတွင်ပါရှိသော အကြောင်းအရာနှင့် ခံစားချက်များအတွက် သူ(မ)၏နှလုံးသားကို နာကျင်သွားစေခဲ့သည်။
ကိုင်နာ၏နှလုံးသားကို မေးခွန်းမထုတ်ဘဲ ဆေးလ်က သူ(မ)၏သတ္တိကို မြှင့်တင်နိုင်ခဲ့သည်။ ယခုအချိန်မှာ သူ့အပေါ် နက်ရှိုင်းသောယုံကြည်ချက်တို့ တောက်လောင်နေပြီး ကိုင်နာက သူ(မ)ကို နူးညံ့သူတစ်ယောက်ဟု ထင်နေဆဲဖြစ်သော်လည်း သူ(မ)၏နူးညံ့မှုက ဧကရာဇ်၏သန်မာသောနှလုံးသားကို လှုပ်ခတ်နိုင်ခဲ့သည်။
"မိန်းကလေးလိုင်က ကျွန်မရဲ့လက်ဆောင်ဆိုတော့ လက်ဆောင်ကို ဘာလုပ်မလဲဆိုတာ ကျွန်မအပေါ်မူတည်ပါတယ်။ ကျွန်မ မိန်းကလေးလိိုင်ကို လွတ်လပ်ခွင့်ပေးလိုက်ပြီ။ ရှင် ဒီမှာနေလို့ရသလို ရှင်ကြိုက်တာကို လုပ်လို့ရပါတယ်။"
သူ(မ)၏ကြင်နာမှုက မီရ်ဂါနှင့်ပင် ရပ်တန့်မသွားခဲ့ပေ။ သူ(မ)က လိုင့်အပေါ်လည်း ကြင်နာမြဲကြင်နာခဲ့၏။ ဆေးလ်က စကားပြန်မပြောသည့်လိုင့်ကို လှည့်ကြည့်လိုက်သည်။
"ကျွန်မ..."
"ရှင် ဒီမှာနေချင်တယ်လို့ပြောရင်တောင် ကျွန်မကို အရင်ကလို နေ့တိုင်းတွေ့နိုင်မှာတော့မဟုတ်ဘူးပေါ့။"
ကိုင်နာ၏မနာလိုမှုကို ထည့်သွင်းစဥ်းစားကာ လိုင်က ခေါင်းညိတ်ပြလိုက်၏။
"ကျွန်မ ဇာတိကိုပြန်ချင်ပါတယ်။ အရိုးသားဆုံးပြောရရင် ကျွန်မ အခုလို တိုက်ခိုက်ရတာကိုပင်ပန်းနေပြီမို့ ရန်ပွဲတွေထဲ ထပ်ပြီးမရှိချင်တော့ပါဘူး။"
ပြိုင်ဘက်က ဧကရာဇ်ဖြစ်နေရာ ပိုလို့တောင််ဆိုးပေ၏။
"ဒီမှာ မင်းနေချင်သလောက် ဧည့်သည်အဖြစ်နေတာပိုကောင်းမယ်ထင်တယ်။ ပြီးတော့..."
အင်ပါယာသို့ သူ(မ)နှင့်အတူသွားရန် သူ(မ)၏အခန်းဆီလာပြောခဲ့သော မီရ်ဂါ၏ ဖြူဖျော့နေသည့်မျက်နှာကို လိုင် မှတ်မိပေ၏။ မီရ်ဂါက သူ(မ)၏ကလေးကို ကယ်တင်ရန် လိုင်ထံသို့ ရောက်ရှိလာသည့်တိုင်အောင် သူ(မ)ကို သတ်ပစ်ရန်ကြိုးစားနေသူတစ်ဦးထံ လက်ကမ်းပေးလာသည်မှာ လွယ်ကူသည့်အလုပ်မဟုတ်ပေ။
ခင်ပွန်းဖြစ်သူကို ဆုံးရှုံးပြီး နောက်တစ်ကြိမ် လှည့်လည်သွားလာသူ မဖြစ်စေချင်တော့ဘဲ လိုင်က မီရ်ဂါကမ်းပေးလာသောလက်ကို မဆင်မခြင် ဆုပ်ကိုင်ခဲ့သည်။
"ကျွန်မ မီရ်ဂါရဲ့ကလေးက ဘာလေးဖြစ်မလဲဆိုတာ သိချင်ပါတယ်။ သားလေးဖြစ်ရင် သူ(မ)က ကျွန်မရဲ့အကူအညီကို ဘယ်တော့မှမမေ့ဘူးလို့ပြောခဲ့တာမို့ ကလေးမွေးတဲ့အချိန်ထိပဲ သူ(မ)နားမှာနေလိုက်ပါ့မယ်။"
သူ(မ)က မောင်းမဆောင်ထဲမှာနေထိုင်ခဲ့ချိန်တုန်းကလို မောက်မာသည့်အသံဖြင့် ပြောလာသော်လည်း သူ(မ)ကိုယ်သူ(မ)ကာကွယ်ရန် တမင််သက်သက် ထိုသို့ပြောနေပုံကြောင့် မီရ်ဂါက ရယ်မောလိုက်မိသည်။
သို့သော် လိုင်က ဤနေရာမှာဆက်ရှိနေမည်ဟု ပြောလာချိန်၌ မီရ်ဂါ၏နှလုံးသားထဲ ပြည့်နှက်သွားခဲ့သည်။ သေရေးရှင်ရေးအခြေအနေမှာ ၎င်းတို့က အချင်းချင်းပံ့ပိုးကာ အင်ပါယာဆီ အတူတကွရောက်ရှိလာခဲ့ကြ၏။ လိုင်က မီရ်ဂါ့အပေါ်မှီခိုခဲ့သလို မီရ်ဂါကလည်း လိုင့်အပေါ်အားကိုးအားထားပြုခဲ့ကြောင်း ငြင်းဆန်လို့မရပေ။ ထို့ကြောင့် လိုင် သူ(မ)အနားမှာရှိနေပါက ကလေးမွေးဖွားရမည့်ကြောက်ရွံ့မှုကို သူ(မ) ခံနိုင်ရည်ရှိလောက်မည်။
"ဒီနန်းတော်ထဲမှာ လူကောင်းတစ်ယောက်ရှိရင် သခင်မလေးဆေးလ်က ကျွန်မအတွက် အောင်သွယ်လုပ်ပေးနိုင်မလား။"
"ရှင် သဘောကျတဲ့သူရှိလို့လား။"
"လိုင်!"
ဧကရာဇ်ကိုမြူဆွယ်ဖို့ ကတိပေးခဲ့သော လိုင်က အခြားအမျိုးသားတစ်ယောက်အကြောင်းကို သဘာဝကျစွာ ပြောနေခဲ့သည်။ မီရ်ဂါက သူ(မ)၏နာမည်ကို ခေါ်လိုက်သော်လည်း လိုင်က သူ(မ)၏အရောင်အစစ်အမှန်ကို ထပ်ပြီးဖုံးကွယ်နေဖို့ ရည်ရွယ်ချက်မရှိတော့ပေ။
"အရှင်မင်းမြတ်ကို ခစားနေတဲ့ ဟာဆန်လို့ခေါ်တဲ့သူပါ။ သူက ကျွန်မရဲ့ဝတ်လစ်စလစ်ပုံံကိုတွေ့တာတောင် ထောင်မလာခဲ့ဘူးလေ။ သူ့ကို သင်းကွပ်ထားတာများလား။"
ဆေးလ် မျက်တောင်ခတ်လိုက်၏။ သူ(မ)သိထားသည့်လူများထဲမှာ အရှင်မင်းမြတ်ကိုခစားနေသော ဟာဆန်က တစ်ယောက်တည်းသာရှိသည်။
"ဟင့်အင်း... မဟုတ်လောက်ပါဘူး။"
"မင်းက အဲ့ဒါကို ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ သခင်မလေးဆေးလ်။"
တည်ငြိမ်သော်လည်း အေးစက်သည့်အသံတစ်သံက အမျိုးသမီးများ၏နေရာကို ဖြိုခွင်းလာခဲ့သည်။
တစ်စုံတစ်ခုက မှားယွင်းနေလျှင်တောင် ၎င်းက အမှားကြီးပင်။ မေးခွန်းထုတ်ခဲ့သည့်လိုင်က အလျင်အမြန် ဘေးသို့ကပ်ပေးလိုက်၏။
"အရှင်ကိုင်နာ။"
"ဖြေပါဦး၊ ဟာဆန် သင်းကွပ်ထားလား၊ မထားလားဆိုတာကို မင်းက ဘယ်လိုလုပ်ပြီးသိမှာလဲ။"
ထူးဆန်းသည့်တစ်စုံတစ်ခုဖြစ်ချိန်မှာတောင် မျက်တောင်တစ်ချက်မခတ်သည့် ဟာဆန်က ကိုင်နာ့အနောက်မှာ စိုးထိတ်နေသောအမူအရာကို ပြသနေခဲ့သည်။ ဆေးလ်သာ အမှားလုပ်မိပါက ဤနေရာမှာ ချက်ချင်းဆိုသလို သွေးအိုင်ကြီးဖြစ်လာလိမ့်မည်။ ဟာဆန်တစ်ယောက် ဧကရာဇ်ကို စတင်ခစားခဲ့ချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ထိုသွေးအိုင််ထဲမှာ လဲလျောင်းနေသည့် သူ့ကိုယ်သူ မြင်ယောင်လိုက်မိသည်။
လူတိုင်း ဆေးလ်၏နှုတ်ခမ်းတို့ကို စိုက်ကြည့်နေကြ၏။
"အရင်တစ်ခေါက်က ဟာဆန် မုတ်ဆိတ်မွေးတွေပေါက်နေတာကို မြင်ခဲ့ဖူးတယ်။ သင်းကွပ်ထားတဲ့သူတွေဆို မုတ်ဆိတ်မွေးမပေါက်ဘူးတဲ့။"
"အာ။"
ချက်ချင်းဆိုသလို ကိုင်နာ၏စိတ်အခြေအနေ မြင့်တက်သွားခဲ့လေသည်။
ထိုရှင်းပြချက်ကြောင့် ဖြစ်လာတော့မည့်သွေးအိုင်ကြီးက နန်းတော်ထဲကနေ လေနှင့်အတူ ပပျောက်သွားတော့သည်။
လူတိုင်း စိတ်နှလုံးများ ပြေလျော့သွားကြစဥ် ပန်းကလေးက တောက်ပစွာပြုံးနေခဲ့သည်။ ထို့နောက် ဆူတန်ကလည်း တောက်ပစွာပြုံးလာခဲ့၏။
အမြဲတမ်းလိုပင် ဆူတန်၏ဥယျာဥ်ထဲမှာ ပန်းလေးတစ်ပွင့်သာရှိခဲ့သည်။
(ပြီးပါပြီရှင်)
***
Aurora Novel Translation Team
အဆုံးထိ လိုက်ပါဖတ်ရှုပေးတဲ့ စာဖတ်သူတစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်။ Aurora Team ရဲ့ ၃ ပုဒ်မြောက် လက်ဆောင်ဝတ္ထုလေးက ဒီမှာပဲ ပြီး
ဆုံးသွားခဲ့ပါပြီ။ နောက်လည်း အခုလို လက်ဆောင်အဖြစ်ဘာသာပြန်ပေးတဲ့အစဉ်အလာကို ဆက်ပြီးထိန်းသိမ်းသွားမှာမို့ ဘာသာပြန်ပေးစေချင်တဲ့ဝတ္ထုရှိရင် FB page နဲ့ Telegram Channel မှာ လာရောက်တောင်းဆိုနိုင်ပါတယ် 🥰