ညစာစားပွဲတွင် မည်သည့်လျှို့ဝှက်ချက် သို့မဟုတ် အတင်းအဖျင်းကိုမှ ထုတ်ဖော်ပြောလေ့မရှိပေ။ ထိုအရာကပင် ဤနယ်ပယ်၌ သူ့အား ကျော်ကြားစေခြင်းဖြစ်ပေသည်။
ယွမ်ယယ်က ထိုင်ခုံကိုမှီထိုင်လိုက်ပြီး ထိုလူအုပ်စုအား လက်ညိုးထိုး၍ ပြောလိုက်လေ၏။ "မင်းတို့ကောင်တွေ ပျင်းနေကြပြီ၊ ဟုတ်တယ်မလား။"
ကွမ်းကျိုးက သူနှင့်အကြည့်ချင်းဆုံလိုက်ပြီး ရယ်မောလျက် ပြောလာခဲ့သည်။ "ဟုတ်တယ်၊ ဘယ်သူကမဖြစ်ဘဲနေမလဲ။ ဒါပေမဲ့ ငါ့မှာ ငါ့ကိုကာပေးမဲ့ ယွမ်ကောရှိတာပဲ။"
ယွမ်ယယ်က ကွမ်းကျိုးကိုလှမ်းခေါ်လိုက်ပြီး ပြောလိုက်သည်။ "လာခဲ့၊ ငါနဲ့ဒီမှာလာထိုင်။ ဘယ်သူက ပိုပြီးအရှက်မရှိလဲဆိုတာ ကြည့်ရအောင်။"
သူ့မျက်နှာပေါ်မှာ အပြုံးလေးဖြင့် ကွမ်းကျိုးက သူ၏ခွက်ကိုကိုင်လျက် လျှောက်လာခဲ့ပြီး နင်းလုကို တွန်းထုတ်ကာ ယွမ်ယယ့်ဘေးမှာ တိုးဝှေ့၍ဝင်ထိုင်ခဲ့သည်။ ထို့နောက် သူ၏ခွက်နှင့် ယွမ်ယယ်၏ခွက်ကိုတိုက်ကာ နှစ်ယောက်သား တစ်ငုံစီသောက်လိုက်ကြလေသည်။
စားပွဲတွင် သူငယ်ချင်းများ၊ ညီအစ်ကိုများဖြင့် ပြည့်နှက်နေသော်လည်း ရင်းနှီးမှုအတိုင်းအတာကတော့ ကွဲပြားနေဆဲပင်။ ထိုအခန်းထဲတွင် ကွမ်းကျိုးအပါအဝင် ယွမ်ယယ်နှင့် ပို၍နီးစပ်သောလူက အနည်းငယ်သာရှိသည်။
ကွမ်းကျိုး၏မိသားစုနှင့် ယွမ်ယယ်၏မိသားစုတို့က ၎င်းတို့ငယ်ငယ်လေးကတည်းက ရင်းနှီးလာခဲ့ခြင်းဖြစ်ပြီး ယွမ်ယယ်ကမူ အမြဲလိုလို ပြဿနာရှာတတ်သူဖြစ်၏။ ကွမ်းကျိုးက သူ့ကို အမြဲစောင့်ကြည့်နေခဲ့ရသည်။ ၎င်းတို့ အသက်အရွယ်ရလာပြီး ရာထူးဂုဏ်ပုဒ်များပြောင်းလဲသွားစေကာမူ သူတို့၏သူငယ်ချင်းဆက်ဆံရေးမှာ မပြောင်းလဲခဲ့ပေ။
ကွမ်းကျိုးက ရံဖန်ရံခါ ငယ်ငယ်လေးကတည်းကပြောလာခဲ့သော စကားဖြစ်သည့် 'ငါ့နောက်မှာ ယွမ်ယယ်ရှိတယ်' ဟု စနောက်လိမ့်မည်။ ထိုနှစ်၊ ယွမ်ယယ်နှင့် ဖန်းရှောက်ယိတို့မင်္ဂလာပွဲ၌ ကွမ်းကျိုးက အစီအစဥ်တင်ဆက်သူဖြစ်ခဲ့သည်။
လူတိုင်း ကွမ်းကျိုးက ဖန်းရှောက်ယိအတွက်ရှိနေခြင်းဖြစ်သည်ဟု ထင်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေ နယ်ပယ်အသိုင်းအဝိုင်းတစ်ဝက်လောက်က သူ့(ဖန်းရှောက်ယိ)အတွက် ထိုနေရာမှာရှိနေခဲ့ကြပြီး ထိုနယ်ပယ်အတွင်း အဆင့်အတန်းနှင့် သြဇာကြီးမားသည့် ဖန်းရှောက်ယိ၏ဖခင်အတွက်လည်း ဖြစ်ပေသည်။ သို့သော် ကွမ်းကျိုးကမူ သူတို့အတွက်ရှိနေခြင်းမဟုတ်ဘဲ သူ၏ညီအကိုကောင်းဖြစ်သည့် ယွမ်ယယ်အတွက်ရှိနေခဲ့ခြင်းပင်။
ယွမ်ယယ်က ယခုတွင် အသက်သုံးဆယ့်သုံးနှစ်ရှိပြီဖြစ်ရာ ယခင်ကလို ပြဿနာရှာတတ်သောကောင်လေးမဟုတ်တော့ပေ။ သို့သော် သူထိုင်ချလိုက်သည်နှင့် သူ၏ဆံပင်အတိုက ဦးရေပြားကိုပင်ထိလုမတတ်ဖြစ်နေပြီး စီးကရက်တစ်လိပ်ကိုင်လျက် မေးပင့်ချီကာ မျက်ခွံပါးပါးအောက်ကနေ လူများကိုကြည့်နေခဲ့သည်။
သူ၏အေးစက်ကာ ချောမောသည့်မျက်နှာလေးမှာ ငယ်ဘဝအမာရွတ်များကို ဖုံးပေးထားသော်လည်း အရင်ကအတိုင်း ထင်ထင်ရှားရှားရှိနေဆဲပင်။
နောက်ထပ် ဝိုင်းအနည်းငယ်ထပ်သောက်လို့အပြီးတွင် လူတိုင်း အနည်းငယ်မူးနေကြလေပြီ။
ကွမ်းကျိုးက သူ၏ပုံမှန်အကျင့်ကိုချိုးဖျက်ကာ စီးကရက်ကို မီးညှိလိုက်သည်။ သူက ပုံမှန်အားဖြင့် သူ့လည်ချောင်းကိုထိန်းသိမ်းရန် ဆေးလိပ်နှင့် အရက်သောက်ခြင်းတို့ကို ရှောင်လေ့ရှိသော်လည်း သူငယ်ချင်းများနှင့်အတူရှိသောအခါ ရံဖန်ရံခါ ပြေလျော့သွားတတ်သည်။
သူက ဆေးလိပ်ငွေ့ကို မှုတ်ထုတ်လိုက်ပြီး ယွမ်ယယ်ကိုကြည့်ရန် ခေါင်းလှည့်ကာ အော်ခေါ်လိုက်သည်။ "ညီအစ်ကို။"
"ဟမ်?" ယွမ်ယယ်က တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးပင့်ကာ သူပြောလာမည်ကို စောင့်နေခဲ့သည်။
ကွမ်းကျိုးက သူ့ကိုကြည့်လျက် ပြောလာသည်။ "ငါ ကြားခဲ့တာ...မင်း ငါတို့ရဲ့ရုပ်သံရှိုးမှာ ပါမှာဆို?"
ယွမ်ယယ်က တုန့်ပြန်မှုများစွာမရှိဘဲ "အာ" ဟု ပြောပြီးနောက် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "အဲ့ဒါက မင်းတို့ရဲ့ ရုပ်သံဌာနလား။"
ကွမ်းကျိုးက မျက်မှောင်ကြုတ်လျက် ပြောလာသည်။ "အဲ့ဒါ ဘယ်ရုပ်သံဌာနပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ မင်း အဲ့အကြောင်းကို သေချာစဥ်းစားပြီးပြီလား။"
ယွမ်ယယ်က သူ၏အကြည့်ကို သောက်စားဆူညံနေသောအုပ်စုဆီ ပြန်ပို့လိုက်သည်။ လူတိုင်းက ကိုယ့်ကိစ္စကိုသာလုပ်နေပြီး သူတို့၏ တိုးညှင်းသောစကားဝိုင်းကို မည်သူမျှမကြားနိုင်ပေ။ ၎င်းတို့အား အကာအရံတစ်ခုဖြင့် ခြားထားသလို အတော်လေးစိတ်ဝင်ဖွယ်ကောင်းပေသည်။
ယွမ်ယယ်က ရယ်မောလျက်ပြောလိုက်သည်။ "ဘာအရေးကြီးလို့လဲ။ ဒီတိုင်း ရှိုးတစ်ခုလေးပဲကို။"
"ချီးပဲ။" ကွမ်းကျိုးက စီးကရက်တစ်ဖွာရှိုက်လိုက်ပြီး သူ၏အမူအရာမှာလည်း အလွန်ကောင်းမနေပေ။ "မင်းရဲ့ စာရေးတဲ့ကိစ္စမှာပဲ အာရုံစိုက်သင့်တယ်။ ဘာလို့ ဒီနယ်ပယ်ထဲ ဝင်လာချင်ရတာလဲ။ မင်း ရှိုးမှာ တစ်ခါလေးပါလိုက်တာနဲ့ ဒီနယ်ပယ်ထဲ ခြေတစ်ဖက်ချပြီးသားဖြစ်သွားလိမ့်မယ်။ မင်းရဲ့အကျင့်စရိုက်နဲ့ဆိုရင် မင်းက မင်းကိုပြစ်တင်ဝေဖန်ဖို့ တောင်းဆိုနေတာပဲ။"
ယွမ်ယယ်က ထပ်သောက်လိုက်ပြီးနောက် မျက်လုံးများမှာ အနည်းငယ်နီလာခဲ့သည်။ သူ ရယ်မောလိုက်လေ၏။ "အဲ့ဒါက ကိစ္စမရှိပါဘူး။ သူတို့ဘာပြောပြော ငါဂရုမစိုက်ဘူး။"
"မင်း ဘာဖြစ်နေတာလဲ။" ကွမ်းကျိုးက အနည်းငယ် စိတ်ပျက်သွား၏။ "မင်းတို့လို စာသမားပေသမားတွေက အဲ့လိုအရာတွေအပေါ် အမြဲတမ်း အထင်သေးနေတာမဟုတ်လား။ အရင်က မင်းရော သူတို့ကို မဆဲခဲ့ဘူးလား။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခတွင်းထဲပို့၊ စိတ်အနှောင့်အယှက်အဖြစ်ခံပြီး ကိုယ့်ကိုယ်ကိုယ် အရူးလုပ်နေမှာလဲ။"
ယွမ်ယယ်က အမြဲလိုလို ဒေါသကြီးပြီး မြည်းတစ်ကောင်ကဲ့သို့ ခေါင်းမာတတ်သည်။ ထိုနေ့က ကွမ်းကျိုး မည်သို့ပင်ပြောနေပါစေ၊ ဂရုမစိုက်ဘဲ မျက်နှာပေါ်တွင် အပြုံးရေးရေးလေးဆင်မြန်းလျက် သူ၏စိတ်ကိုလည်း မပြောင်းလဲခဲ့ပေ။
နောက်ပိုင်းတွင် ကွမ်းကျိုးက သူနှင့်အတူ နောက်တစ်ခွက်သောက်ခဲ့သည်။ အရက်တစ်ကျိုက်သောက်ပြီးနောက် သူ၏မျက်လုံးများက အနီရောင်သို့ပြောင်းသွားခဲ့ခြင်းက အရက်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
သူက အသံကိုနှိမ့်ကာ ယွမ်ယယ်ကိုလက်ညိုးထိုးလျက် ပြောလာခဲ့သည်။ "...မင်းက ငါ့ကိုတောင် ဟန်ဆောင်နေတုန်းပဲ!"
ယွမ်ယယ် သူ့ကို တစ်ချက်ကြည့်လိုက်သည်။
ကွမ်းကျိုးက သူ၏မျက်နှာကို ပွတ်သပ်လိုက်ပြီး ယွမ်ယယ်ကို စိုက်ကြည့်လာခဲ့၏။ "ငါ ဒါကို တစ်လျှောက်လုံး သိထားတယ်။ မင်းကို မမေးတာနဲ့ ငါမသိဘူးလို့ မထင်လိုက်နဲ့။ မင်းနဲ့ ဖန်းရှောက်ယိတို့ လမ်းခွဲခဲ့တာ အတော်တော်ကြာနေပြီ!"
ယွမ်ယယ်၏မျက်နှာပေါ်မှအပြုံးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။ သူ ကွမ်းကျိုးကို စိုက်ကြည့်ကာ တည်တည်ငြိမ်ငြိမ်မေးလိုက်သည်။ "မင်း ဘယ်ကကြားလာတာလဲ။"
ကွမ်းကျိုးက နှာမှုတ်ကာ ယွမ်ယယ်ကို အရူးသဖွယ်ကြည့်လိုက်လေ၏။ "ဒီနယ်ပယ်မှာ လျှို့ဝှက်ချက်ဆိုတာ မရှိဘူး။ ဘယ်သူ့ဆီကနေမှ ဖုံးကွယ်ထားလို့မရဘူး။ မင်းက ဦးနှောက်မဲ့လွန်းလို့ သူနဲ့အတူ စုံတွဲလိုဟန်ဆောင်ပြီး ရှိုးမှာ အတူပါဦးမယ်။ 'ငါ မင်းကိုချစ်တယ်' ၊ 'မင်း ငါ့ကိုချစ်တယ်' တွေပြောဦးမယ်ပေါ့။ အဲ့လိုတွေအကုန် ပြောပြီးလုပ်ပြီးသွားတဲ့အချိန် ငါ့ရဲ့ဘောင်းဘီတွေ ချွတ်ပြီးတဲ့ထိ မင်းရဲ့အတွင်းခံကို မချွတ်ရသေးရင် ငါက အရမ်းကို တုံးအလို့ပဲ!"
[TN/သူမသိခဲ့ရင် သူက အရမ်းတုံးလို့လို့ ပြောချင်တာပါ။]
ယွမ်ယယ် အချိန်တော်ကြာတဲ့အထိ စကားတစ်ခွန်းမှမပြောခဲ့ပေ။ သူက ခေါင်းလှည့်ကာ စီးကရက်ကို တိတ်တဆိတ် မီးညှိလိုက်သည်။ သူ ဆေးလိပ်ဖြတ်ပြီးနောက် မကြာသေးခင်ကမှ ပြန်သောက်နေခဲ့ပြီး အရင်ကထက်ပင် ဆိုးဆိုးဝါးဝါး ဆေးလိပ်စွဲလာခဲ့၏။
"ယယ်ကော။" ကွမ်းကျိုးက သူ့ကို အော်ခေါ်လာခဲ့သည်။
ယွမ်ယယ်က တုန့်ပြန်လိုက်၏။
ကွမ်းကျိုးက ယခုတစ်ကြိမ်၌ ယွမ်ယယ်ကို တိုက်ရိုက်မေးလိုက်သည်။ "မင်းတို့ တကယ်ပဲ ကွာရှင်းလိုက်ကြပြီလား။ ဘယ်တုန်းကလဲ။"
ယွမ်ယယ်က မီးခြစ်ကိုအောက်ချလိုက်ရာ သတ္တုနှင့် မှန်စားပွဲထိခတ်သောအသံတစ်သံ ထွက်ပေါ်လာခဲ့၏။ သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အင်း ငါတို့ ကွာရှင်းလိုက်ကြပြီ။"
ယွမ်ယယ်တစ်ယောက် လက်မြှောက်ကာ သူ့နှုတ်ခမ်းထက်ကနေ စီးကရက်ကိုဖယ်လိုက်ပြီး သူ၏မျက်လုံးရှေ့၌ ဆေးလိပ်ငွေ့များ ဝေ့ဝဲနေလေ၏။
ယွမ်ယယ် မည်သည့်စိတ်ခံစားချက်ကိုမှ မဖော်ပြဘဲ ရိုးရိုးရှင်းရှင်းပြောလိုက်လေသည်။ "တစ်နှစ်ကျော်ပြီ။"
*****