နောက်ဖေးမြက်ခင်းပြင်က မည်သူမှရိတ်သင်မည့်သူမရှိသည့်အတွက် ပေါင်းပင်များနှင့် ပြည့်နှက်နေလေ၏။ ရေကူးကန်ကလည်း ဗလာကျင်းနေပြီး အနည်းငယ် ညစ်ပတ်နေသည်။
အိမ်ထဲတွင် လူတစ်ဦးတလေမျှ မတွေ့ရသော်လည်း ပရိဘောဂပစ္စည်းများက သူထွက်သွားခဲ့ချိန်ကအတိုင်း ရှိနေသေးသည်။ ယွမ်ယယ် အချိန်အကြာကြီး လှည့်ပတ်ကြည့်ရှုမနေဘဲ သူ၏ပစ္စည်းများကိုသာ ထုပ်ပိုးကာ နောက်ဖေးမြက်ခင်းပြင်တွင် ခဏလောက်ထိုင်လျက် ဓါတ်ပုံအနည်းငယ်ရိုက်ပြီး ထွက်လာခဲ့လိုက်သည်။
မည်သို့ပင်ဖြစ်စေ ၎င်းက သူ့အိမ်မဟုတ်သည့်အတွက် ပိုင်ရှင်တစ်ယောက်ကဲ့သို့ ပစ္စည်းများကို လျှောက်ထိ၊ လျှောက်ကိုင်နေခြင်းက မသင့်တော်ပေ။ ပြီးပြတ်သွားသောဆက်ဆံရေးက ပြတ်ပြတ်သားသားဖြစ်ရမည်ဖြစ်ပြီး လူများကို လွတ်လပ်ခွင့်ပေးလိုက်သည်က အကောင်းဆုံးပင်။ အရင်တုန်းအတိုင်းပြုမူနေပါက လူတိုင်း သက်တောင့်သက်သာဖြစ်လိမ့်မည်မဟုတ်ပေ။
သူထွက်လာပြီးနောက် ကျီရှောင်ထောင်းဆီ စာပို့လိုက်လေသည်။ "ရှောင်ထောင်း၊ ငါ ပစ္စည်းတစ်ချို့ထုပ်ပိုးဖို့ အရှေ့ခရိုင်ကအိမ်ကို ပြန်သွားခဲ့တယ်။ ကြုံရင် မင်းရဲ့ကောကို အသိပေးပေးပါဦး။"
ကျီရှောင်ထောင်းက အလုပ်များနေလောက်ပြီး ချက်ချင်းစာမပြန်ခဲ့ပေ။ သူက နေ့ခင်းချိန်ရောက်မှသာ စာပြန်လာလေ၏။ "ဟုတ်ကဲ့ ယယ်ကော၊ ပြဿနာမရှိပါဘူး။"
ဖန်းရှောက်ယိက မြို့ပြင်တွင် ရုပ်ရှင်ရိုက်ကူးနေရသည့်အတွက် အစီအစဥ်ရိုက်ကူးရေးမတိုင်ခင်ထိ တွေ့ဆုံခြင်း သို့မဟုတ် စကားပြောခြင်းလည်း မရှိခဲ့ပေ။ ၎င်းတို့က ကြိုတင်ဆွေးနွေးထားခြင်းအလျင်းမရှိဘဲ စတင်ရိုက်ကူးခဲ့ရသည်။
ရိုက်ကူးရေးနေ့တွင် ရိုက်ကူးရေးအဖွဲ့သားများက ဖန်းရှောက်ယိ၏တည်နေရာသို့ အရင်သွားကာ ယွမ်ယယ်က လေယာဥ်ဖြင့် ကိုယ့်ဘာသာကိုယ်သွားပြီး လေဆိပ်မှာဆုံကြမည်ဖြစ်သည်။ နှစ်နာရီကြာပြီးနောက်မှာတော့ အာရှကျွန်းတစ်ခုဆီသို့ တိုက်ရိုက်ပျံသန်းထွက်ခွာရမည်။
လုပ်ငန်းစဥ်အားလုံးကို ကြိုတင်စီစဥ်ထားပြီး ယွမ်ယယ်က ထိုအစီအစဥ်အား ရှင်းရှင်းလင်းလင်းမှတ်မိပေသည်။ အရာအားလုံးက စီစဥ်ထားသည့်အတိုင်း ချောမွေ့နေခဲ့သည်။ သို့သော်လည်း လေယာဥ်ဆိုက်သည့်အချိန်မှာတော့ သူ အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏မျက်နှာက စိတ်ဖိစီးနေသယောင်ပင်။
ယွမ်ယယ်က ski ဦးထုပ်ကိုဆောင်းထားပြီး လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ ထွက်ပေါက်မှလှမ်းထွက်လာစဥ် တစ်စုံတစ်ယောက်က သူ့နာမည်ကို အော်ခေါ်လိုက်သည်အား ကြားလိုက်ရသည်။ "ယွမ်ယယ်။"
သူ၏ခြေထောက်က အရှေ့သို့လှမ်းလိုက်သည်နှင့် ချော်ကျလုနီးပါးဖြစ်သွားပြီး ကံကောင်းစွာဖြင့် အမြန်ပြန်ထိန်းနိုင်ခဲ့၏။ ယွမ်ယယ် ထိုအသံကို အလွန်ရင်းနှီးနေပြီး တစ်ခွန်းတည်းကြားလိုက်ရရုံဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားရန် လုံလောက်ပေသည်။
သူ အသံလာရာကိုကြည့်လိုက်ချိန်၌ ထိုလူနှင့်အကြည့်ချင်းဆုံသွားလေ၏။ တစ်ဦးချင်း၏စိတ်ထဲတွင် လှုပ်လှုပ်ရွရွခံစားချက်များ ရှိနေကြသည်ကို ကာယကံရှင်ကိုယ်တိုင်သာ သိနိုင်ကြလိမ့်မည်။
ယွမ်ယယ်က မှိန်ဖျဖျအပြုံးလေးဖြင့် လျှောက်လာပြီး ထိုလူ၏မျက်လုံးများကိုကြည့်လျက် အော်ခေါ်လိုက်သည်။ "ယိကော။"
ထို့နောက် သူက အနောက်ဘက်မှ ကင်မရာအဖွဲ့သားများကို လက်ပြနှုတ်ဆက်လိုက်သည်။ "အားလုံးပဲ မင်္ဂလာပါ၊ တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်က ယွမ်ယယ်ပါ။ ကျွန်တော့်ရဲ့လေယာဥ်ခရီးစဥ် နောက်ကျသွားတဲ့အတွက် အားနာပါတယ်နော်။"
သူက ဖန်းရှောက်ယိနှင့် မီတာဝက်လောက်အကွာ၌ ရပ်နေခဲ့ပြီး ဖန်းရှောက်ယိက သူ့ထံလှမ်းလာကာ သူ၏ပခုံးကို သိုင်းဖက်လိုက်လေသည်။ သူ၏အသက်ရှူသံက ယွမ်ယယ်ကို သတိလက်လွတ်ဖြစ်သွားစေခဲ့သည်။ သူက အောက်သို့သာ ငုံ့ကြည့်နေခဲ့စဥ် ဖန်းရှောက်ယိပြောသံကို ကြားလိုက်ရသည်။ "အားလုံးကို တရားဝင်မိတ်ဆက်ပေးပါရစေ၊ ဒါက ယွမ်ယယ်ပါ၊ ဗဟုသုတဟင်းလေးအိုးကြီးပေါ့။"
ဘေးဘက်မှရိုက်ကူးနေသော ဒါရိုက်တာက အပြုံးလေးဖြင့် တီးတိုးပြောလာခဲ့သည်။ "ကျွန်မက ဦးလေးယယ်ရဲ့ဖန်ပါ၊ ကျွန်မမှာ ဦးလေးယယ်ရဲ့စာအုပ်တွေ အကုန်ရှိတယ်။"
ယွမ်ယယ်က သူ(မ)ကို ပြုံးပြလိုက်ပြီး ကျေးဇူးတင်စကားဆိုလိုက်၏။ ဤသည်မှာ တစ်နှစ်ကြာပြီးနောက် ဖန်းရှောက်ယိနှင့် ပထမဆုံးအကြိမ် ပြန်တွေ့ဆုံခြင်းဖြစ်သည်။ သူက အနည်းငယ်ပိန်သွားပြီး ဆံပင်ပိုတိုသွားသည်မှအပ အများကြီးပြောင်းလဲမသွားပေ။
ကင်မရာရှေ့တွင် ယွမ်ယယ်တစ်ယောက် သူနှင့်မျက်စောင်းထိုးမှာထိုင်နေသည့် ဖန်းရှောက်ယိကို အရှက်မဲ့စွာ စိုက်ကြည့်နေခဲ့သည်။ ၎င်းမှာ သူတို့နှစ်ဦးလုံးအတွက် ပထမဆုံးအကြိမ်ရိုက်ကူးသော ဖျော်ဖြေရေးအစီအစဥ်ဖြစ်ပြီး ဖန်းရှောက်ယိက မည်သို့ပင် ကင်မရာနှင့် ရင်းနှီးနေစေကာမူ နှစ်ဦးစလုံး အတော်လေးအသားမကျဖြစ်ရာ စကားအများကြီးမပြောဖြစ်ခဲ့ကြပေ။
ယွမ်ယယ်တွင် ပြောစရာစကားမဲ့နေပြီး ဖန်းရှောက်ယိကိုသာ စိုက်ကြည့်နေလိုက်သည်။
ဖန်းရှောက်ယိက သူနှင့် အကြည့်ချင်းဆုံလိုက်ပြီး မျက်ခုံးတစ်ဖက်ပင့်ကာ ပြောလာ၏။ "ဘာလို့ ကိုယ့်ကိုစိုက်ကြည့်နေတာလဲ။"
ယွမ်ယယ်က သူ့ကိုကြည့်ကာ ပြောလိုက်သည်။ "ငါတို့မတွေ့တာ တော်တော်ကြာနေပြီဆိုတော့ မင်းကို ကောင်းကောင်းကြည့်ချင်လို့ပါ။"
ဖန်းရှောက်ယိက နှုတ်ခမ်းထောင့်များကွေးညွတ်သွားပြီး အလွန်တရာချောမောသောမျက်နှာကို ထုတ်ပြလာခဲ့သည်။ သူ၏အပြုံးက အထူးပင်ဆွဲဆောင်မှုရှိလွန်းလှသည်။
သို့သော် ဖန်းရှောက်ယိ သူ့ကိုပြုံးပြလာချိန်၌ ရုတ်တရက်ဆိုသလို သူ့မျက်လုံးထောင့်မှ အရေးကြောင်းများကို ယွမ်ယယ် သတိထားမိလိုက်သည်။ ထိုမျက်လုံးထောင့်မှ အရေးအကြောင်းများက သူ အသက်အရွယ်ပိုရင့်လာသည်ကို ထင်ဟပ်စေသော်လည်း အတော်လေး နှစ်လိုဖွယ်ကောင်းနေ၏။
ယွမ်ယယ်တစ်ယောက် လွန်ခဲ့သောနှစ်များစွာအကြာက ကျောင်းသားလေးတစ်ယောက်သာဖြစ်နေခဲ့သော ဖန်းရှောက်ယိကို သတိရမိသွားပြီး သူ့ဘာသာသူ ပြုံးလိုက်မိသည်။
သုံးဆယ့်ခြောက်နှစ်အရွယ် ဖန်းရှောက်ယိနှင့် အသက်နှစ်ဆယ်အရွယ် ဖန်းရှောက်ယိတို့က ကွာခြားသွားလေပြီ။
"ဘာဖြစ်လို့လဲ။" ဖန်းရှောက်ယိက သူ့ကို မေးလာသည်။
ယွမ်ယယ်က ခေါင်းမော့ကာ ရယ်သံစွက်၍ မေးလိုက်၏။ "မင်း အပြင်မှာ ရိုက်ကူးရေးတွေလုပ်နေရပြီး မင်းရဲ့အသားအရေကို ဂရုမစိုက်ဘူးလား။"
ဖန်းရှောက်ယိက သူဆိုလိုသည်ကို သိသိသာသာနားမလည်ဘဲ အသာလေး မျက်ခုံးပင့်လိုက်သည်။
ဓါတ်ပုံရိုက်ကူးရေးလုပ်နေချိန်အတွင်း ယွမ်ယယ်က စနောက်လိုက်သည်။ "ဖန်းလောင်ရှီးရဲ့မျက်နှာကို အနီးကပ်ရိုက်ပြပေးလိုက်ပါဦး။ အဲ့ဒီအရေးအကြောင်းတွေကို ကြည့်ကြည့်လိုက်! မင်းက အခုမှ သုံးဆယ်ခြောက်နှစ်ပဲရှိသေးတာကို မရှက်ဘူးဆိုတာ သေချာလား။"
ဖန်းရှောက်ယိက ရယ်မောလျက် ခေါင်းယမ်းလိုက်လေ၏။ "ကိုယ်တို့က ရိုက်ကူးရေးလုပ်နေတာနော်၊ မဟုတ်တာတွေ မပြောနဲ့။ ကိုယ်က အဲ့လောက်တောင်ပဲ အိုသွားပြီလား။"
ယွမ်ယယ်က ခေါင်းခါ၍ အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ မင်းက နုပျိုနေတုန်းပါပဲ။"
ဖန်းရှောက်ယိက ငယ်ငယ်ရွယ်ရွယ်လေးဖြင့် အောင်မြင်ကျော်ကြားလာပြီး ငယ်စဥ်ကတည်းက ရုပ်ရှင်များ ရိုက်ကူးခဲ့ရသည်။
သူ၏ဖခင် ဖန်းဟန့်က ရုပ်ရှင်လောကတွင် နာမည်ကြီးသရုပ်ဆောင်တစ်ဦးဖြစ်၏။ လူအများစုက ဖန်းရှောက်ယိ၏အောင်မြင်မှုများသည် သူ့အဖေကြောင့်ရလာခဲ့ခြင်းဖြစ်သည်ဟု ပြောကြပြီး သူ့ကို ဒုတိယမျိုးဆက် ကြယ်ပွင့်တစ်ယောက်အဖြစ်သာ မြင်ခဲ့ကြသည်။
အတိတ်တုန်းကက ထိုကိစ္စကြောင့် ယွမ်ယယ်တစ်ယောက် သူ၏ Weibo အကောင့်တွင် အမျက်ဒေါသပေါက်ကွဲခဲ့ဖူးသည်။ မည်သို့ပင်ဖြစ်စေ သူက ဒေါသထိန်းမည့်သူမဟုတ်ပေ။ သူစိတ်ဆိုးလျှင် ထိုသူတို့အား ဆဲရေးတိုင်းထွာလိမ့်မည်ပင်။ ထိုအချိန်က သူ၏အကောင့်တွင် "သွားသေလိုက်လေ၊ ဘာဒုတိယမျိုးဆက်ကြယ်ပွင့်လဲ။" ဟု ပို့စ်တင်ခဲ့လေသည်။
သူသည် လူများက သူ၏အရေးအသားကို ဆိုးရွားသည် သို့မဟုတ် အမှိုက်သရိုက်ဟုပြောကြမည်ဆိုလျှင်တောင် ဂရုမစိုက်သော်လည်း ဖန်းရှောက်ယိကို စော်ကားပုတ်ခတ်နေသည်ကိုတော့ သည်းမခံနိုင်ချေ။ အကယ်၍ သင်သာ သူ့(ဖန်းရှောက်ယိ)ကို စော်ကားမည်ဆိုလျှင် သူ(ယွမ်ယယ်)က သင့်ကို ပြန်လည်စော်ကားလိမ့်မည်။ နှစ်များကြာလာသည်နှင့်အမျှ ထိုအကြောင်းကိုပြောသူများ နည်းသည်ထက် နည်းလာခဲ့လေ၏။
အဘယ့်ကြောင့်ဆိုသော် လူတိုင်းမှာ ဖန်းရှောက်ယိသည် အတိတ်နေ့ရက်များမှ သူ၏ဖခင်ကဲ့သို့ အမှန်တကယ် အရည်အချင်းရှိပြီး အမှန်တကယ်ကြိုးစားကြောင်း မြင်လာကြရသောကြောင့်ပင်။ သူက အမြဲတမ်း သိုသိုသိပ်သိပ်နေတတ်ပြီး ဖျော်ဖြေရေးသတင်း သို့မဟုတ် အတင်းအဖျင်းများတွင် သူ့အကြောင်းကြားရသည်မှာ မရှိသလောက်နည်းပါး၏။ သူက ထိုရှုပ်ထွေးသောကိစ္စများတွင် ဘယ်သောအခါမှ ပါဝင်ခြင်းမရှိခဲ့ပေ။
လွန်ခဲ့သောနှစ်အနည်းငယ်က သူသည် 《ချန်ချင်း》ရုပ်ရှင်ဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုနှစ်ဆုကို ဆွတ်ခူးရရှိခဲ့ပြီး မည်သူကမျှ သူနှင့်မထိုက်တန်ဟု အငြင်းမပွားရဲခဲ့ပေ။ အဖေတူသားတစ်ယောက်ကဲ့သို့ပင် ဖန်းဟန့် ပျိုးထောင်ခဲ့သောသားက ဆိုးသွမ်းလိမ့်မည်မဟုတ်ချေ။
ဖျော်ဖြေရေးနယ်ပယ်ထဲတွင် လူတိုင်းကိုအံ့သြသင့်စေသည့် ဖန်းရှောက်ယိ၏သတင်းက ငယ်ငယ်ရွယ်ရွယ်နှင့် လက်ထပ်လိုက်ခြင်းပင်။ ထိုသတင်းက အတော်လေး တုန်လှုပ်စေခဲ့ပြီး လူအတော်များများက သူ့ကို သရော်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ဖန်းရှောက်ယိ၏မိသားစုကလည်း ၎င်းကို မကန့်ကွက်ခဲ့ပေ။
ယခင်အင်တာဗျူးတစ်ခု၌ ဖန်းဟန့်တစ်ယောက် သူနှင့်သူ၏ဇနီးက သားဖြစ်သူ၏အချစ်ရေးတွင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း ပြောခဲ့ဖူးသည်။
ကံကြမ္မာက သွားလိုက်ပြန်လိုက်ဖြစ်နေပြီး ဆုံးဖြတ်ရန်အတွက် ကာယကံရှင်တစ်ဦးချင်းပေါ်တွင်သာ မူတည်၍ မိသားစုများနှင့် မသက်ဆိုင်သလို ပါဝင်လာရန်လည်းမလိုအပ်ပေ။
သုံးဆယ့်ခြောက်နှစ်အရွယ် ဖန်းရှောက်ယိက နယ်ပယ်ထဲ၌ လူငယ်သရုပ်ဆောင်တစ်ယောက်အဖြစ် သတ်မှတ်ခံထားရဆဲဖြစ်သည်။ ယနေ့ခေတ်တွင် သူ့အသက်အရွယ် အခြားအမျိုးသားသရုပ်ဆောင်များဆိုလျှင် အိမ်ထောင်ပြုရန်နေနေသာသာ ၎င်းတို့၏ဆက်ဆံရေးများကို လျှို့ဝှက်ထားကြဆဲပင်။
သို့သော် ဖန်းရှောက်ယိကမူ အိမ်ထောင်သက် ဆယ်နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။
အစီအစဥ်တွင် အသက်သုံးဆယ်ကျော်အရွယ် အခြားစုံတွဲတစ်တွဲလည်းပါပြီး ၎င်းတို့ကို 'ငယ်ရွယ်သောစုံတွဲ' အုပ်စုအဖြစ် သတ်မှတ်ခံရခြင်းက အတော်လေး ရယ်စရာကောင်းနေ၏။ ၎င်းတို့အတူရှိနေသည်မှာ သိပ်မကြာသေးဘဲ အတွေ့အကြုံမရှိသေးသော မျက်နှာသစ်များအဖြစ်သာ မကြာခဏတွေ့ရတတ်သည်။
သုံးဆယ့်ခြောက်နှစ်အရွယ် ဖန်းရှောက်ယိနှင့် သုံးဆယ့်သုံးနှစ်အရွယ် ယွမ်ယယ်တို့ကမူ အခြားစုံတွဲများထက် သိပ်မကြီးသော်လည်း သူတို့အား 'စုံတွဲဟောင်း' အုပ်စုထဲ ထည့်ထားလေသည်။
လက်ထပ်ထားတာ ဆယ်နှစ်ကျော်သက်တမ်းရှိနေတာတောင် စုံတွဲဟောင်းမဖြစ်သေးဘူးဆိုရင်တော့လား။ လုပ်စမ်းပါ၊ သူတို့သာ လက်ထပ်ထားတဲ့ အဖြောင့်စုံတွဲဖြစ်နေရင် သူတို့ရဲ့ကလေးတွေတောင် အရွယ်ရောက်နေလောက်ပြီ။
ယခင်အတိတ်ကဖြစ်စေ၊ ယခုလက်ရှိတွင်ဖြစ်စေ ၎င်းတို့က တစ်ယောက်နှင့်တစ်ယောက် စကားအနည်းငယ်သာ ဖလှယ်တတ်ကြသည်။ ၎င်းတို့က အများကြီးမပြောဖြစ်သော်လည်း လုံးဝကြီး တိတ်ဆိတ်နေတာမျိုးလည်း မဟုတ်ပေ။
လေဆိပ်က လူများ သွားသွားလာလာရှိသောနေရာတစ်ခုဖြစ်သည်။ ၎င်းတို့က အစီအစဥ်တစ်ခုကို ရိုက်ကူးနေရသဖြင့် များစွာသောကင်မရာများဖြင့် အချိန်ခံထားရပြီး ဖြတ်သွားဖြတ်လာများက ဖန်းရှောက်ယိကို မှတ်မိသွားကြပေသည်။
သို့သော်လည်း ဖန်းရှောက်ယိက အလွန်ကျော်ကြားသောနာမည်ကြီးတစ်ယောက်မဟုတ်ဘဲ သူ့မှာ ကိုင်တွယ်ထိန်းချုပ်ရန်ခက်ခဲသော အလွန်အကျွံစိတ်အားထက်သန်သည့်ဖန်များ မရှိပေ။ တစ်စုံတစ်ယောက်က သူ့ကိုမှတ်မိခဲ့လျှင် ဓါတ်ပုံအတူရိုက်ကာ သူ၏လက်မှတ်ကို တောင်းလိမ့်မည်သာ။
နောက်ဆုံး လေယာဥ်ပေါ်တက်ကာ နေရာတွင်ထိုင်လိုက်ရမှသာ ယွမ်ယယ်တစ်ယောက် အသက်ရှူချောင်သွားပြီး သက်ပြင်းချနိုင်တော့သည်။ ယွမ်ယယ်က ကင်မရာမရိုက်ကူးနိုင်သောရှုထောင့်၌ မျက်မှောင်ကြုတ်ထားကာ သူ၏အမူအရာက အနည်းငယ်ဒေါသထွက်နေပုံပင်။
ဖန်းရှောက်ယိက သူ့ဘေးတွင်ထိုင်နေပြီး သူတို့နှစ်ဦးစလုံး ကင်မရာရှေ့မှာ လုံလုံလောက်လောက် သရုပ်ဆောင်ပြီးပြီဖြစ်၏။ ယခု ကင်မရာမရိုက်ကူးသည့်အချိန်တွင် မည်သူမျှ စကားမပြောကြတော့ပေ။
ဖန်းရှောက်ယိက ပစ္စည်းကိရိယာများနှင့် အလုပ်ရှုပ်နေသော ကင်မရာဆရာကို တစ်ချက်လှည့်ကြည့်လိုက်သည်။ သူက ခေါင်းငုံ့ကာ လက်ထောက်ဒါရိုက်တာအား တီးတိုးပြောလိုက်၏။ "ကျွန်တော်တို့ လေယာဥ်ပေါ်မှာပါ ရိုက်ကြမှာလား။"
လက်ထောက်ဒါရိုက်တာက တိုးတိုးလေးပြန်ပြောလာသည်။ "နောက်တော့မှ လေယာဥ်ပေါ်ကမြင်ကွင်းနည်းနည်းလောက်ပဲ ရိုက်ကူးမှာပါ။ ကင်မရာဆရာက ကြိုပြောပါလိမ့်မယ်။ လောင်ရှီးတို့ပင်ပန်းနေတယ်ဆိုရင် အနားယူလို့ရပါတယ်။"
ဖန်းရှောက်ယိက ပြန်လှည့်ကာ ဘာမှမပြောတော့ပေ။ သူက မျက်လုံးအကာကို ဝတ်လိုက်ပြီး ခုံကိုညှိကာ အိပ်ချင်ယောင်ဆောင်လိုက်တော့သည်။
ယွမ်ယယ်က တစ်ဖက်လှည့်ကာ သူ၏မိုက်ခရိုဖုန်းကို ဖြုတ်လိုက်သည်။
ဖန်းရှောက်ယိက သူ၏မျက်လုံးများကို ဖုံးအုပ်ထားပြီး ယွမ်ယယ်အား သူ့ကို မတုန်မလှုပ် စိုက်ကြည့်ခွင့်ပေးထားခဲ့၏။ မျက်လုံးအကာအောက်တွင် ဖန်းရှောက်ယိ၏နှာတံက စင်းနေပြီး နှုတ်ခမ်းများကိုလည်း တင်းတင်းစေ့ထားကာ သူ၏ပုံပန်းသွင်ပြင်က မေးရိုးချွန်ချွန်တို့ဖြင့် အလွန်ချောမောနေပေသည်။ ယွမ်ယယ်က သူ၏မျက်နှာကို စိုက်ကြည့်နေခဲ့ပြီး ၎င်းမှာ သူကောင်းကောင်းသိခဲ့သော၊ သူ့အား ယစ်မူးစွဲလမ်းစေသော မျက်နှာပင်။
ယွမ်ယယ် စိတ်ကိုကြိုတင်ပြင်ဆင်ပြီးမှ လာခဲ့သော်လည်း လေဆိပ်၌ ဖန်းရှောက်ယိ သူ့နာမည်ခေါ်လိုက်သည့်အချိန်က စိတ်လှုပ်ရှားသွားခဲ့ရသည်။ သူက ကင်မရာများရှေ့၌ ရဲတင်းသောမျက်နှာမျိုးတပ်ဆင်ခဲ့သော်လည်း သူ၏နှလုံးသားကမူ ကြိုးဖြင့်ချည်နှောင်ချိတ်ဆွဲခံထားရသလိုပင်။
ဘယ်လိုပဲဖြစ်ဖြစ် သူက ဖန်းရှောက်ယိပဲလေ။
၎င်းတို့နှစ်ဦးစလုံး အသက်နှစ်ဆယ်မပြည့်ခင်အချိန်ကတည်းက အတူရှိခဲ့ကြပြီး နှစ်ယောက်လုံး လမင်းကြီးကိုလှမ်းကိုက်ဖို့ ရူးသွပ်စွာကြိုးပမ်းနေခဲ့ကြသော မျောက်ရိုင်းလေးများဖြစ်ခဲ့ကြသည်။
ယွမ်ယယ် သရော်ပြုံးပြုံးကာ မျက်လုံးများမှိတ်လိုက်ပြီး သူ၏ခုံကို မှီလိုက်လေသည်။
သူ ဘာဖြစ်လို့ အဓိပ္ပါယ်မရှိတာတွေ လျှောက်တွေးနေရတာလဲ။
လေယာဥ်ပေါ်၌ အချိန်အတော်ကြာ ထိုင်နေရခြင်းမှာ သက်တောင့်သက်သာမရှိသော်လည်း ယွမ်ယယ်၏ရိုက်ချက်များက ကောင်းမွန်စွာထွက်လာသဖြင့် ရိုက်ကူးရေးအဖွဲ့မှာ စကားစမြည်ပြောကာ ရယ်မောနိုင်ခဲ့ကြသည်။
ဖန်းရှောက်ယိက သူ၏ဘေးတွင် အတော်လေး တိတ်ဆိတ်နေခဲ့သည်။ သူ စကားမပြော၊ မရယ်မပြုံးသည့်အချိန်ဆို အတော်လေး လေးနက်ပုံပေါ်ပေ၏။ ယွမ်ယယ်က သူ့မျက်နှာကိုတောင် သွားပုတ်ပေးလိုက်ပြီး ကင်မရာကိုကြည့်လျက် ပြောလိုက်သည်။ "တွေ့လား၊ ဖန်းလောင်ရှီးက အတော်လေးအိုနေပါပြီဆို။ သူက စိတ်မကြည်မလင်နဲ့တောင် နိုးလာသေးတယ်။"
ဖန်းရှောက်ယိက ယွမ်ယယ်၏လက်ပေါ် အုပ်မိုးကိုင်လိုက်ပြီး သူ့မျက်နှာပေါ်ကနေ ဖယ်ချလိုက်သော်လည်း သူ့လက်ကို ဆုပ်ကိုင်ထားဆဲဖြစ်ကာ ကင်မရာရိုက်ချက်မိသွားစေရန် သေချာအောင်ပြုလုပ်လိုက်သည်။ လက်ဖဝါးချင်း ဆုပ်ကိုင်ထားပြီး ယွမ်ယယ်၏လက်က ချွေးများစို့လာခဲ့သည်။
ယွမ်ယယ်တစ်ယောက် နှုတ်ခမ်းသပ်လိုက်ပြီး ဆေးလိပ်သောက်ဖို့ အာသီသပြင်းပြလာလေ၏။
ဤရှိုးက ၎င်းတို့တွေ ခရီးထွက်၊ ဂိမ်းကစားပြီး ပေါ့ပေါ့ပါးပါးလျှောက်လည်ကာ အေးအေးဆေးဆေးနေလို့ရသည့် အစီအစဥ်တစ်ခုဖြစ်သည်။ ၎င်းတို့၏ ပထမဆုံးမှတ်တိုင်က သူတို့ရောက်ဖူးသော လှပသည့်ကျွန်းငယ်လေးတစ်ခုပင်။ ၎င်းတို့က ပထမဆုံးရောက်လာသောအတွဲဖြစ်ပြီး အခြားနာမည်ကြီးစုံတွဲများက မရောက်ကြသေးပေ။
ကျီရှောင်ထောင်းက ကြိုတင်စီစဥ်ထားရမည့်အရာများရှိ၊ မရှိကို စစ်ဆေးရန်အတွက် သူတို့မရောက်ခင်ကတည်းက ကြိုရောက်နေခဲ့သည်။ သူက ယွမ်ယယ်ကိုမြင်လိုက်ရသောအခါ မြန်မြန်ပြေးလာပြီး အပြုံးလေးဖြင့် အော်ခေါ်လာ၏။ "ယယ်ကော!"
"ဟေး၊ ငါ ကြားရပါတယ်၊ မင်း ဒီထက်သာ အသံကျယ်ကျယ်ပြောနေရင်၊ ငါလွင့်သွားတော့မယ်။" ယွမ်ယယ်သည် ရယ်မောလျက်ပြောလိုက်သည်။ "နည်းနည်းတိုးတိုးလေးပြောပါကွာ၊ ငါတို့လူအိုကြီးတွေရဲ့နားကို ဂရုစိုက်ပါဦး။"
သူက သူ့နားရွက်ကိုဆွဲရန် လက်မြှောက်လိုက်တော့မှသာ သူနှင့် ဖန်းရှောက်ယိတို့ တစ်ယောက်လက်တစ်ယောက် လွှတ်လိုက်ကြလေ၏။
၎င်းတို့ လက်ချင်းခွာလိုက်သည်နှင့် စိုစွတ်နေသောလက်ဖဝါးများက လေကိုရုတ်တရက်ထိတွေ့လိုက်ရာ အေးစက်သွားတော့သည်။
*****