ဒုတိယပိုင်းကို ထုတ်လွှင့်ပြီးနောက် 'ကြင်ယာတော်ယယ်' ဟူသော နာမည်ပြောင်က လုံးဝရေပန်းစားသွားခဲ့သည်။ ထိုအချိန်က ယွမ်ယယ် ပုခက်ထဲလှဲနေပြီး ကင်မရာဆရာကို တည်းဖြတ်သည့်အခါ စာတန်းထိုးပြရန် ပြောခဲ့ခြင်းမှာ အလွန်ရယ်စရာကောင်းနေ၏။ တည်းဖြတ်သူများက သူပြောသည့်အတိုင်း ထိုစကားလုံးနှစ်လုံးကို ယွမ်ယယ်၏ဘေးတစ်ဝိုက်တွင် ဖန်သားပြင်အပြည့်ရေးပေးလိုက်သည်။ ထိုအပိုင်းတစ်လျှောက်လုံး ယွမ်ယယ်စကားပြောသည့်အချိန်တိုင်း ထိုစကားလုံးနှစ်လုံးက သူ့အား ဝန်းရံထားခဲ့လေ၏။
ပရိသတ်များကလည်း သေလောက်အောက်ရယ်မောခဲ့ကြပြီး ချက်ချင်းပင် ယွမ်ယယ်၏ Weibo တွင် မှတ်ချက်များသွားရေးခဲ့ကြသည်။
ယွမ်ယယ် ထိုအကြောင်းကို ဘာမှမသိခဲ့ပေ။ ထိုရက်များတွင် သူ၏စိတ်က အလွန်တည်ငြိမ်နေ၏။ သူ၏စိတ်ခံစားချက်များက အပြောင်းအလဲသိပ်မရှိပေ။ သူ လက်ရှိအခြေအနေကို ကျေနပ်နေပြီး သူ့ကိုယ်သူ အလွန်ကောင်းသည်ဟုခံစားနေရသည်။
လေးပိုင်းမြောက်အတွက် ၎င်းတို့တွေ ကွေကျိုးရှိ ရွာတစ်ရွာသို့သွားခဲ့ရသည်။ ယွမ်ယယ် မြစ်များ၊ တောင်တန်းများရှိသော ထိုပတ်ဝန်းကျင်နှင့် ထိုနေရာရှိ ယဥ်ကျေးမှုကို သဘောကျနှစ်သက်ပေ၏။ ထို့အပြင် သူနှင့် ဖန်းရှောက်ယိတို့ကြား အငြင်းပွားရသည်များလည်းမရှိခဲ့ပေ။ ၎င်းတို့နှစ်ဦးမှာ အလွန်ကီးကိုက်နေပြီး ကြောက်စရာကောင်းစွာပင် သဟဇာတဖြစ်ကာ ချစ်မြတ်နိုးလျက်ရှိကြသည်။ ၎င်းမှာ နောက်ဆုံးအပိုင်း၏ ရှေ့အပိုင်းဖြစ်ပြီး အသစ်အသစ်သောရိုက်ကွင်းများက အပိုင်းများပြီးဆုံးတော့မည်ကို ဖော်ပြနေခဲ့သည်။
နောက်ဆုံးအပိုင်းမရိုက်ခင် အချိန်အတော်ကြာခဲ့သည်။ ၎င်းမှာ ရိုက်ကူးရေးအဖွဲ့သားများနှင့် သြစတေးလျရှိ ဒေသခံများကြား ပူးပေါင်းညှိနှိုင်းရန် ခက်ခဲနေသည့်အတွက်ပင်။ ဇာတ်ကြောင်းနှင့် အချိန်ဇယားများကို အပြီးသတ်မလုပ်ဆောင်နိုင်သဖြင့် နှောင့်နှေးနေခဲ့ရ၏။ တစ်ဖက်က ပြင်ဆင်မှုများမပြီးဆုံးလျှင် သူတို့အား သေချာပေါက်သွားခွင့်ပေးမည်မဟုတ်သော်လည်း အချိန်ကို ကြိုတင်သတ်မှတ်ထားခဲ့သည်။ ယခုတွင် အချိန်ပြောင်းလဲသွားကာ စုံတွဲများနှင့်ဆက်သွယ်ရန် အခက်အခဲဖြစ်နေခဲ့၏။ ၎င်းတို့အားလုံး ရိုက်ကူးရေးနေ့အတွက် ပူးပေါင်းပေးရန်လိုအပ်သည်။ ထုတ်လုပ်ရေးအဖွဲ့ကလည်း ၎င်းကြားတွင်ပိတ်မိနေပြီး လုံးဝစိတ်ညစ်နေခဲ့ကြသည်။
ခေါင်းဆောင်ဒါရိုက်တာလင်းဝေက သူ၏ Weibo တွင် update ပို့စ်တင်ခဲ့သေးသည်။ သူသည် အလုပ်ကအရမ်းခက်ခဲ့ပြီး မည်သူ့ကိုမျှ စိတ်ကျေနပ်စေဖို့မလွယ်ကူးဘူးဟု အဓိပ္ပါယ်ရသောပို့စ်ကို တင်ခဲ့၏။ ကြည့်ရှုသူများက ဖရဲသီးစားရင်း စောင့်ကြည့်နေခဲ့ကြသည်။ အတိတ်တုန်းက သူနှင့်ပူးပေါင်းခဲ့သည့် B အဆင့်ရှိ ရသစုံရှိုး နာမည်ကြီးအနုပညာရှင်တစ်ယောက်က သူ၏ပို့စ်အောက်တွင် မှတ်ချက်ရေးကာ သူ့ကိုအားပေးလာသည်။ လင်းဝေက စာပြန်ခဲ့၏။ "မင်းတို့နဲ့လုပ်ရတာလောက် မလွယ်ကူဘူး။"
လူတိုင်းက 《In the Times》သည် နောက်ဆုံးရိုက်ကူးရေးကာလကို ရောက်နေပြီဖြစ်ကြောင်းသိထားကြသည်။ ယခုအချိန်၌ သူ Weibo တွင် ထိုသို့တင်လိုက်ခြင်းကြောင့် ပရိုမိုရှင်းအကောင့်များကလည်း နားလည်မှုလွဲမှားစေသည့် အတင်းအဖျင်းများပြောကာဖြင့် လူတိုင်း၏ပရိသတ်များမှာ စတင်တိုက်ခိုက်ကြတော့သည်။ ဖန်းရှောက်ယိနှင့် ချန်ရုက ပရိသတ်မျက်လုံးထဲတွင် တက်ကြွမှုမရှိသော နာမည်ကြီးများဖြစ်သည်။ ထို့ကြောင့် သူတို့တွင် စိတ်အားထက်သန်သောပရိသတ်များနည်းပါးသလို ရန်သူပရိသတ်များလည်း နည်းပါးသည်။ သူတို့ထဲတွင် လင်းထျန်နှင့် သူ(မ)၏ကောင်လေး၊ ချိန်ရွှင်နှင့် ချီရှင်းတို့၏ ပရိသတ်များက ရန်ပွဲများဖြစ်ခဲ့ကြသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ဆဲဆိုကြိမ်းမောင်းကာ ထိုရန်ပွဲသည် ရှာဖွေမှုအများဆုံးအကြောင်းတရာတစ်ခုဖြစ်လာခဲ့၏။ လင်းဝေအား ဒရမ်မာခင်းနေပြီး ထိုကဲ့သို့ ယောက်ယက်ခတ်စေသည့်အတွက် ဆူပူကြသည့် ပရိသတ်အနည်းငယ်လည်းရှိသည်။
အစီအစဥ်၏တရားဝင် Weibo အကောင့်တွင် မည့်သည့်အရာမှမတင်ခဲ့သဖြင့် ထိုရန်ပွဲကို ကြီးသထက်ကြီးလာစေခဲ့သည်။ သူက အဘယ့်ကြောင့် အလကားရသောကျော်ကြားမှုကို ငြင်းဆန်ရမည်နည်း။ နောက်ဆုံးတွင် တရားဝင်အကောင့်နှင့် လင်းဝေတို့က ထိုအခြေအနေအား ဝေဝါးသွားအောင်ပင် ကြိုးစားလာခဲ့သည်။ ပထမဆုံး ၎င်းတို့က ချီရှင်းနှင့် ချိန်ရွှင် ထိုကလေးနှစ်ယောက်ကို အရမ်းတော်သည်ဟု ပြောလိုက်သည်။ သူတို့ဘက်ရှိပရိသတ်များက ပို၍ယုံကြည်ချက်ရှိလာကာ ပြိုင်ဘက်အား ထုတ်လုပ်ရေးအဖွဲ့ကိုပင်ဆွဲထည့်သည့်အတွက် ဒရမ်မာခင်းလွန်းသည်ဟု ပြောခဲ့ကြသည်။ ထို့နောက် လင်းဝေက ထျန်ထျန်းတွင် EQ မြင့်ပြီး သူတို့၏ပူးပေါင်းမှုအား အလွန်ကျေနပ်စေသည်ဟု ပြောလာပြန်၏။ ယခုမှ လင်းထျန်၏ပရိသတ်များလည်း မှန်ကန်သည်ဟု ခံစားလိုက်ကြရသည်။
ထိုပရိသတ်နှစ်ဖွဲ့မှာ ထုတ်လုပ်ရေးအဖွဲ့၏ လမ်းလွှဲသောကြိုးစားမှုများကြောင့် ရန်ဖြစ်ပြီးရင်းဖြစ်ခဲ့ကြသည်။ ၎င်းတို့သည် တရားဝင်အဖွဲ့သားက ရည်ရွယ်ချက်ရှိရှိ ရန်ပွဲဖြစ်စေခြင်းလား သို့မဟုတ် အစကတည်းက လူမှားနေခဲ့ခြင်းလား မသိခဲ့ကြသလို သို့တည်းမဟုတ် ၎င်းအားလုံးမှာ ထုတ်လုပ်ရေးအဖွဲ့၏ လူကြိုက်များစေရန် တမင်လုပ်လိုက်ခြင်းလား မသိကြပေ။
ဖန်းရှောက်ယိနှင့် ယွမ်ယယ်သည် အစီအစဥ်တွင် ချိန်ရွှင်နှင့် ချီရှင်းတို့အား အများကြီးဂရုစိုက်ပေးခဲ့သည်။ အငယ်နှစ်ယောက်သည်လည်း သူတို့က ထိုကောကောနှစ်ယောက်ကို အမှန်တကယ်ကြိုက်ကြောင်း လူသိရှင်ကြားပြောခဲ့ခြင်းကြောင့် ပရိသတ်များက သူတို့ကို အာရုံသိပ်မစိုက်တော့ဘဲ ချန်ရု၏ ချမ်းသာသောခင်ပွန်းကို ဝေဖန်လာကြသည်။ ချန်ရုတွင် Weibo အကောင့်ပင်ရှိမနေရာ သူတို့ကြိုက်သလို ဝေဖန်ခွင့်ပြုထားလိုက်သည်။ သူ(မ)က လုံးဝဂရုမစိုက်ပေ။
လင်းထျန်၏ပရိသတ်များက သူတို့၏လက်ညိုးကို ယွမ်ယယ်ဘက် တဖြည်းဖြည်းလှည့်လာကြ၏။ သူတို့က ယွမ်ယယ်သည် အမြဲတမ်းတစ်ယောက်တည်းနေကာ ဂိမ်းတွင်မပါဝင်တတ်ဟု ပြောလာခဲ့သည်။ ၎င်းတို့က သူသည် ရှိုးအတွက်ရိုက်ကူးနေရတာတောင် လူတိုင်းထက်သာသည်ဟု ဟန်ဆောင်နေခြင်းကြောင်းကိုလည်း ပြောခဲ့ကြသည်။ ဖန်းရှောက်ယိကလည်း စကားများများမပြောပေ။ ထို့ကြောင့် ၎င်းတို့နှစ်ဦးက ရသစုံရှိုးအတွက် လုံးဝမသင့်တော်ကြပေ။ သူတို့က နာမည်မကြီးတော့သည့်ရုပ်ရှင်ဧကရာဇ်တစ်ပါးက ငွေရှာဖို့အတွက် ရသစုံရှိုးရိုက်ကူးနေသော်လည်း ထုတ်လုပ်ရေးအဖွဲ့အတွင် ရိုက်ချက်ကြီးလိုမျိုး သရုပ်ဆောင်နေသေးသည်ဟု ပြောဆိုခဲ့ကြသည်။
ဖန်းရှောက်ယိနှင့် ယွမ်ယယ်တို့၏ပရိသတ်များကလည်း ထိုအရာကိုလက်မခံကြပေ။
-ပုံမှန်အားဖြင့် ငါတို့က ဗုဒ္ဓဘာသာဝင်တွေပေမဲ့ ငါတို့မှာမှာလည်း စိတ်ဝိညာဥ်တွေရှိကြတယ်။ ငါတို့က မင်းတို့နဲ့ ရန်ဖြစ်မှာမဟုတ်ဘူးလို့ ထင်နေတာလား။
လင်းဝေ၏ Weibo ပို့စ်နှင့် အတင်းအဖျင်းပရိုမိုးရှင်းအကောင့်များ၏လမ်းလွှဲမှုကြောင့် အမျိုးမျိုးသောပရိသတ်အဖွဲ့များကြား ရန်ပွဲမှာ ရက်ပေါင်းများစွာကြာမြင့်ခဲ့သည်။
သို့သော် ၎င်းတို့အားလုံး ရိုက်ကူးရေးလုပ်ရန်လိုအပ်နေဆဲပင်။ ၎င်း၏စိတ်သဘောထားများက ထိုအခြေအနေကြောင့် ပြောင်းလဲခြင်းမရှိချေ။ အားလုံး ထိုအဖြစ်အပျက်များကို မသိသလိုသာ သရုပ်ဆောင်နေခဲ့ကြ၏။ နောက်ဆုံးအပိုင်းကို စတင်ရိုက်ကူးသောအခါ လူတိုင်းက စနောက်ရယ်မောလျက်ရှိကြသည်။ ၎င်းမှာ နောက်ဆုံးအပိုင်းဖြစ်ပြီး နောက်ထပ်ရာသီ ရှိ၊မရှိကို သိချင်နေခဲ့ကြသည်။
အခြားလူများအကြောင်း ပြောပြရန်မှာ ခက်ခဲသော်လည်း ယွမ်ယယ်ကတော့ အမှန်တကယ်ပင် ဘာဖြစ်နေမှန်းမသိခဲ့ပေ။ သူက ထိုအွန်လိုင်းပေါ်ကအရာများကို ဘယ်တော့မှမကြည့်တတ်ပေ။ ကျီရှောင်ထောင်းသူ့ကိုပို့လာသော screenshot များသည်သာ ယွမ်ယယ်မြင်ဖူးသည့် ရယ်စရာကောင်းသောအရာများဖြစ်သည်။ သူက ယွမ်ယယ်အား ထိုရန်ပွဲကိစ္စများကိုတော့ ပို့လိမ့်မည်မဟုတ်ချေ။
ဖန်းရှောက်ယိနှင့် ယွမ်ယယ်ကြားတွင် အေးချမ်းတည်ငြိမ်မှုလေးသာရှိသည်။ ၎င်းတို့နှစ်ယောက်က ကိုယ့်ကိစ္စကိုယ်သာ စိတ်ဝင်စားကြသည်။ သူတို့ကြား တိတ်ဆိတ်နေသော်လည်း ချိတ်အဆက်မိနေဆဲပင်။ အခြားသူများ၏မျက်လုံးထဲ၌ ၎င်းတို့က အဖွဲ့တစ်ခုဖြစ်နေဆဲပင်။
နောက်တော့ ယွမ်ယယ်က သူ့ကို ရုတ်တရက်အော်ခေါ်လိုက်သည်။ "ယိကော"
ဖန်းရှောက်ယိက အသံပြုလာ၏။
ယွမ်ယယ်က ပြောလိုက်သည်။ "နောက်ဆုံးအပိုင်းအတွက် တစ်ပတ်လောက်ပဲ ဆက်ရိုက်ရတော့မှာနော်။"
ဖန်းရှောက်ယိက ယွမ်ယယ်ကို မော့ကြည့်လိုက်ပြီး မေးလိုက်သည်။ "ဒီတော့?"
ယွမ်ယယ် သူနှင့် အကြည့်ချင်းဆုံလိုက်ပြီးနောက် မျက်တောင်ခတ်လိုက်သည်။ သူပြုံးလျက်ဖြင့်: "ဒီတော့ ငါရိုက်ကူးရေး အဆုံးသတ်သွားမှာကို တွန့်ဆုတ်နေမိတယ်။"
ဖန်းရှောက်ယိ၏မျက်လုံးထဲတွင် ခံစားချက်များက နားမလည်နိုင်လောက်အောင် ဖြစ်နေသည်။ သူက နှစ်ပေါင်းများစွာ သရုပ်ဆောင်လုပ်ခဲ့၏။ သူခံစားနေရသည့် ခံစားချက်များကို မည်သူ့ကိုမှ မသိစေချင်ဘူးဆိုလျှင်တော့ မည်သူမှ တတ်နိုင်မည်မဟုတ်ပေ။ သူ ယွမ်ယယ်၏မျက်လုံးများကို တည့်တည့်ကြည့်ပြီး မေးလိုက်လေ၏။ "မင်းမှာ တွန့်ဆုတ်တဲ့အရာတွေရှိသေးတာလား။"
"ဒါပေါ့" ယွမ်ယယ်ကဖြေလိုက်သည်။ "အများကြီးပဲ။"
သူတို့ကွာရှင်းလိုက်ချိန်ကစ၍ ရိုက်ကူးရေးမစခင်အချိန်ထိ တစ်နှစ်ကျော်လောက် ကုန်ဆုံးခဲ့သည်။ ထိုအချိန်အတွင်း ၎င်းတို့နှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် မတွေ့ခဲ့ကြပေ။ ယခုတစ်ကြိမ်ပြန်သွားပြီးနောက်တွင် ထိုကဲ့သို့တူညီသောအရာသာ ဖြစ်လိမ့်မည်။ ပို၍ပင် ကြာလိမ့်မည် - သူတို့ပြန်တွေ့ဖို့ နှစ်နဲ့ချီပြီးကြာသွားနိုင်သည်။ ယွမ်ယယ် ခေါင်းငုံ့ကာ ရယ်လိုက်၏။ သူစကားပြောတော့မည့်ဆဲဆဲမှာ ဖန်းရှောက်ယိက သူ့ကို ကြားဖြတ်ပြောလာခဲ့သည်။
ဖန်းရှောက်ယိက မေးလာ၏။ "မင်း နောင်တရလို့လား။"
ယွမ်ယယ် သူ့ကိုကြည့်ကာ ပြုံးလျက် မေးခွန်းဖြင့်ပြန်တုံ့ပြန်လိုက်သည်။ "မင်းရော နောင်တရလား။"
အစပိုင်းတွင် ဖန်းရှောက်ယိက မဖြေခဲ့ပေ။ ခဏကြာပြီးနောက် သူ၏ပါးစပ်ထောင့်များက ကွေးညွတ်သွားခဲ့ပြီး လေသံနက်နက်ဖြင့် ပြန်ပြောလိုက်၏။ "မရဘူး။"
ယွမ်ယယ်မှာ ကြောင်အမ်းသွားခဲ့သည်။ ပြီးနောက် သူကပြုံးလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ကိုကြည့်ရန် ခေါင်းလှည့်လိုက်သည်။ သူခေါင်းညိတ်ပြလိုက်၏။ "ဟုတ်ပါပြီလေ။"
သူက ရယ်ရအောင် တမင်သက်သက် ထိုကဲ့သို့လေသံဖြင့် ပြောလိုက်ခြင်းပင်။ သို့သော် ယခုတွင် အရူးတစ်ယောက်နှင့် တူနေပေ၏။ ဖန်းရှောက်ယိက သူ၏ဘေးတစောင်းပုံရိပ်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့သည်။
ယွမ်ယယ်က လေယာဥ်စီးရခြင်းကို မနှစ်သက်ပေ။ ထိုကဲ့သို့အချိန်အတော်ကြာလေယာဥ်စီးပြီးနောက် လေယာဥ်ပေါ်ကဆင်းရန် သူ၏ခြေထောက်များတွင် အားပင်မကျန်တော့ပေ။ ယခုတစ်ကြိမ်၌ သူတို့နောက်လိုက်လာသူမှာ မတူသောဒါရိုက်တာတစ်ယောက်ဖြ၏။ ၎င်းမှာ အရင်ကမိန်းကလေးငယ်လေးမဟုတ်တော့ဘဲ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းယောက်ျားတစ်ယောက်ဖြစ်သည်။ ယွမ်ယယ် တစ်နေ့လုံး သူ့ကိုစကားမပြောခဲ့ပေ။ သူက ခရီးတစ်လျှောက်လုံး အိပ်နေခြင်း သို့မဟုတ် အတွေးနက်နေခြင်းတို့ဖြင့်သာ အချိန်ကုန်ဆုံးခဲ့သည်။
၎င်းတို့ လေဆိပ်မှထွက်ခွာသောအခါ အချိန်က နေ့ခင်းသုံးနာရီရှိနေပြီ။ ဖန်းရှောက်ယိက လမ်းလျှောက်နေစဥ် ယွမ်ယယ်ကို လက်တွဲထားခဲ့သည်။ ၎င်းတို့က ကင်မရာများရှေ့တွင် ပို၍ရင်းနှီးပေလိမ့်မည်။ ထို့ကြောင့် ယွမ်ယယ် လက်ကိုလွှဲယမ်းနေလိုက်ပြီး ဖန်းရှောက်ယိဘက်တိုးကပ်ကာ မေးလိုက်သည်။ "အဆင်မပြေဖြစ်နေလား။"
ဖန်းရှောက်ယိက ခေါင်းယမ်းပြလာ၏။
ယွမ်ယယ်က ပြောလိုက်သည်။ "မင်းအဆင်မပြေရင် ငါ့ကိုပြောနော်။"
"အင်း။" ဖန်းရှောက်ယိကဖြေလိုက်သည်။ "ငါ့ဘက်မှာ ဘာပြဿနာမှမရှိဘူး။ မမှတ်မိဘူးလား။"
ယွမ်ယယ်က ပြုံးလိုက်၏။ သူ ကင်မရာကိုပြန်ကြည့်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ "ငါမမှတ်မိဘူးဆိုရင် ဒီနေရာကိုလာဖို့အတွက် စာချုပ်မှာလက်မှတ်ထိုးမှာတောင် မဟုတ်ဘူး။"
လေယာဥ်ဆင်းပြီးနောက် မည်သူကမှ တက်ကြွမနေတော့ပေ။ ထို့ပြင် ယနေ့တွင် မည်သည့်အရေးကြီးသည့်အရာမှ ရိုက်ကူးစရာမလိုချေ။ ရိုက်ချက်အနည်းငယ်အတွက်သာ မိနစ်အနည်းငယ်လောက်သာ အချိန်ယူဖို့လိုပေသည်။ သို့သော် ဒုတိယနေ့မနက်တွင် လေထီးခုန်ခြင်းအတွက် စောစောထရန် လိုအပ်ပေ၏။
သူနှင့် ဖန်းရှောက်ယိတို့က အိပ်ရာတစ်ခုထဲ၌ အိပ်စက်ရခြင်းကို အသားကျနေပြီဖြစ်သည်။ ရိုက်ကူးရေးအပိုင်းအများကြီးပြီးနောက် ၎င်းတို့တွေ အကြိမ်တော်တော်များများ အတူအိပ်ခဲ့ကြရသည်။ အစက ခင်ပွန်းဟောင်းဆိုသည့် သူတို့၏အနေအထားကြောင့် အတူတူအိပ်ဖို့ ရှောင်ရှားခဲ့ကြ၏။ သို့သော် အချိန်တစ်ခုကြာပြီးနောက် ထိုဥပဒေအား လျစ်လျူရှုလိုက်တော့သည်။ တစ်ခါတလေ မနက်ခင်းတွင် ၎င်းတို့က တစ်ယောက်၏ရင်ခွင်ထဲမှာ နိုးထလာလိမ့်မည်။ ထိုအခါ မည်သူကပဲအရင်နိုးနိုး ထိုသူက ဘာမှမဖြစ်ခဲ့သည့်အတိုင်း တစ်ဖက်သို့ပြန်တိုးသွားလိမ့်မည်သာ။
အိပ်ချိန်မရောက်ခင် ယွမ်ယယ်က အိပ်ရာပေါ် လှဲချလိုက်သည်။ သူက ပက်လက်လှန်ကာ လှဲနေခဲ့သည်။ ထိုအချိန်တွင် ဖန်းရှောက်ယိက ရေချိုးခန်းထဲမှ ထွက်လာခဲ့လေ၏။ ယွမ်ယယ်က သူ့ကို ရုတ်တရက်ခေါ်လိုက်သည်။ "ယိကော"
ယွမ်ယယ်တစ်ယောက် ထိုရက်ပိုင်းတွင် 'ယိကော' 'ယိကော'နှင့် အမြဲတမ်းခေါ်နေတတ်သည်။ ၎င်းမှာ အခြားသူများအား အမြင်တစ်ချို့ပေးလျက်ရှိ၏။ ၎င်းတို့က ဘာမှမပြောင်းလဲသွားဘဲ အရင်အတိုင်းရှိနေသကဲ့သို့ပင်။ ဖန်းရှောက်ယိက သူ့ကို တစ်ချက်ကြည့်လာပြီး တစ်ဖက်လူစကားပြောလာမည်ကို စောင့်နေခဲ့သည်။
ယွမ်ယယ်က သူ၏ဘောင်းဘီတိုမှ ခါးပတ်ကြိုးပေါ် လက်မဖြင့်ချိတ်လိုက်၏။ ၎င်းအား တင်းတင်းဆွဲပြီး ပြန်လွှတ်လိုက်ရာ သူ၏ဝမ်းဗိုက်ဆီ 'ဖက်ခနဲ' ပြန်ရိုက်သွားခဲ့သည်။
ဖန်းရှောက်ယိက မျက်ခုံးပင့်လိုက်သည်။
ယွမ်ယယ်တစ်ယောက် မျက်တောင်ခတ်ကာ အလွန်ကိုအရှက်မဲ့စွာ ရယ်မောခဲ့လေသည်။ သူရယ်လို့အပြီးတွင်တော့ ထထိုင်ကာ စီးကရက်ကိုမီးညှိလိုက်၏။ ခြေထောက်ချိတ်ထိုင်ပြီး ခေါင်းလေးစောင်းငဲ့ကာ သဲ့သဲ့လေးကြည့်လိုက်သည်။ "ဒါကနောက်ဆုံးအပိုင်းပဲ။"
ဖန်းရှောက်ယိက သူနောက်တစ်ကြိမ် ကိုင်တွယ်ရခက်တော့မည်ကို သိလိုက်သည်။ တုံ့ပြန်သည့်အနေဖြင့် သူပ ထိုနေ့ကမေးခဲ့သောမေးခွန်းကိုသာ ထပ်မေးလိုက်၏။ "မင်းနောင်တရနေပြီလား။"
ယွမ်ယယ်က အဖြေမပေးခဲ့ဘဲ ခေါင်းကိုသမ်းပြခဲ့သည်။
ဖန်းရှောက်ယိတစ်ယောက် ရေချိုးတဘက်ကို ရေချိုးခန်းထဲ ပစ်ထည့်လိုက်ချိန်မှာ ယွမ်ယယ်ကပြောလိုက်သည်။ "အသားရေထိန်းသိမ်းဦး"
ဖန်းရှောက်ယိက ခေါင်းယမ်းပြလာ၏။ "ဒီနေ့တော့ မလုပ်တော့ဘူး။"
ခဏကြာပြီးနောက် ယွမ်ယယ်တစ်ယောက် ဆေးလိပ်ကိုကိုက်ထားပြီး စောင်ကိုလှန်လိုက်သည်။ သူက လက်ဆေးကာ ဆေးလိပ်ကိုမီးငြိမ်းလိုက်၏။ ယွမ်ယယ် ပြန်လှည့်လာပြီးနောက် ဖန်းရှောက်ယိ၏အသားရေထိန်းသိမ်းရေး ပစ္စည်းများကို အိပ်ရာပေါ် သွန်ချလိုက်ပြီး သူက အိပ်ရာပေါ်ထိုင်လိုက်သည်။ ထို့နောက် သူ့ပေါင်ကိုပုတ်ပြကာ ဖန်းရှောက်ယိအား အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။
ဖန်းရှောက်ယိက နေရာမှာတင် နှစ်စက္ကန့်လောက် ရပ်နေခဲ့သည်။ ထို့နောက် သူက လျှောက်သွားလိုက်ပြီး အိပ်ရာပေါ် တိတ်တဆိတ်တက်ကာ ယွမ်ယယ်၏ပေါင်ပေါ်ခေါင်းအုံး၍ လှဲအိပ်လိုက်သည်။
ယွမ်ယယ်၏လက်ချောင်းများက သွယ်လျရှည်လျားကာလှပပေသည်။ အတိတ်တုန်းကတည်းက ဖန်းရှောက်ယိသည် ယွမ်ယယ် စာရေး၊ စာရိုက်နေသည်ကို ကြည့်နေရခြင်းအား နှစ်သက်ခဲ့၏။ သူ၏လက်ဆစ်အရိုးတို့ကလည်း ဆွဲဆောင်မှုရှိလှသည်။ ထိုအချိန်က ယွမ်ယယ်သည် 'ငါ့ရဲ့လက်က ဆွဲဆောင်မှုရှိတဲ့အရာတွေအများကြီးလုပ်နိုင်တယ်၊ ဒီနေ့ည မင်းကိုပြမယ်' ဟု ဆွဲဆောင်မှုရှရှိ ပြောတတ်ခဲ့သည်။
ယွမ်ယယ်ကိုယ်တိုင်က ထိုပစ္စည်းများကို မသုံးဖူးပေ။ သူက ထိုအရာများကိုမလိုအပ်ချေ၊ အဘယ်ကြောင့်ဆိုသော် သူသည် မိတ်ကပ်လိမ်းရန်လိုအပ်သည့် အနုပညာရှင်နာမည်ကြီးတစ်ယောက်မဟုတ်သည့်အတွက်ကြောင့်ပင်။ သို့သော် သူက ထိုအဆင့်တစ်ခုလုံးကို လုံးဝနားလည်ထားပေ၏။ သူ၏လက်ချောင်းလေးများက ဖန်းရှောက်ယိ၏မျက်နှာနှင့် ထိတွေ့လိုက်ချိန်မှာ ရယ်သွေးလျက် ပြောလိုက်သည်။ "ဖန်းလောင်ရှီးရဲ့အသားအရေက ဒီနောက်ပိုင်းသိပ်မကောင်းတော့ဘူးပဲ။"
ဖန်းရှောက်ယိက မျက်လုံးများမှိတ်ထားပြီး တုံ့ပြန်လိုက်၏။ "မိတ်ကပ်ဆရာရဲ့လေသံလို တုပပြီးပြောမနေပါနဲ့။"
ယွမ်ယယ်တစ်ယောက် သူ၏လက်ဖဝါးဖြင့် ဖန်းရှောက်ယိ၏မျက်နှာကို နှိပ်နှယ်ပေးကာ အသာလေးရယ်လိုက်၏။ "ငါ အတည်ပြောနေတာ။"
ဖန်းရှောက်ယိက အသံပြုလိုက်သည်။ "အသက်ကြီးလာပြီး ကောင်းကောင်းအိပ်မပျော်တဲ့ညတွေကြောင့် အခုလိုဖြစ်လာတာ။"
ယွမ်ယယ်၏လက်ချောင်းများက ဖန်းရှောက်ယိ၏မျက်လုံးဘေးတစ်ဝိုက် ညင်သာစွာ ဖိနှိပ်ပေးနေသည်။ သူ ဖန်းရှောက်ယိကို အသားရေထိန်းသိမ်းခြင်းလုပ်ပေးခဲ့သည့် ပထမဆုံးအကြိမ်တုန်းက ၎င်းတို့နှစ်ဦးလုံး ၎င်းအား မိန်းကလေးဆန်သည့်အပြုအမူဟု ခံစားမိခဲ့ကြပြီး နှစ်ဦးစလုံး ရယ်ချင်နေခဲ့ကြသည်။ ယခုမှာမူ ယွမ်ယယ်တစ်ယောက် ထိုအရာများ မည်သို့အလုပ်လုပ်ကြောင်း အတော်လေးရင်းနှီးနေပြီဖြစ်၏။ သူက ရယ်မောလျက် ပြောလိုက်သည်။ "ထပ်ပြီး ပျင်းမနေနဲ့တော့။ ကြည့်လိုက်၊ ကျန်းရွှီက ခုထိ ကျောင်းတွင်းအချစ်ဇာတ်လမ်းတွေရိုက်နေရတုန်းပဲ။ သူရဲ့မျက်နှာဆို အဆင်ပြေနေသေးတယ်။"
"မိတ်ကပ်တွေကြောင့်ဖြစ်မှာပေါ့။" ဖန်းရှောက်ယိကပြောလိုက်၏။ "ကိုယ်တို့အားလုံး အသက်အတူတူပဲ။ ဘယ်သူက ဘယ်သူ့ထက်ပိုကောင်းနိုင်မှာလဲ။"
လူနှစ်ယောက်၊ တစ်ယောက်က တစ်ဖက်လူ၏ပေါင်ပေါ်လှဲနေပြီး တစ်ယောက်က တစ်ဖက်လူကို မျက်လုံးလိမ်းခရင်နှင့် essence များ လိမ်းကူပေးနေသည်။ သူတို့က ပုံမှန်ကဲ့သို့ မဆက်စပ်သည့် ထူးဆန်းသောအကြောင်းအရာများအား စကားစမြည်ပြောနေခဲ့ကြသည်။ ထိုကဲ့သို့သော ငြိမ်းချမ်းသည့်တည်ငြိမ်မှုလေးက အလွန်ရှားပါးပေ၏။ နှစ်ဦးသား ထိုအခြေအနေလေးကို ထိန်းသိမ်းထားခဲ့ကြလေသည်။
ထို့နောက်တွင် ဖန်းရှောက်ယိကိုလိမ်းပေးရန် ဘာမှမကျန်တော့ဘဲ ယွမ်ယယ်တစ်ယောက် သူ၏ဦးခေါင်းကို နှိပ်နယ်ပေးနေခဲ့သည်။ ဖန်းရှောက်ယိ၏အသက်ရှူသံများက ဖြေးဖြေးမှန်မှန်ဖြစ်လျက် မကြာခင်အိပ်ပျော်တော့မည့်ပုံပင်။
ယွမ်ယယ် တစ်ဖက်လူ၏မျက်ခုံးနှစ်ဖက်ကြားနေရာလေးကို လက်မလေးဖြင့် အသာအယာနှိပ်ပေးလိုက်၏။ သူ၏နှလုံးသားထဲတွင် 'မင်း မျက်ခုံးတွေကို တွန်းချို့မထားပါနဲ့၊ ဒီနေရာမှာ အရေးကြောင်းတောင်ဖြစ်နေပြီ' ဟု တွေးလိုက်မိလေသည်။
*****