no

Font
Theme

ယွမ်ယယ်တစ်​ယောက် ဆိုဖာ​ပေါ်တွင် ​ခြေကားယားလက်ကားယားဖြင့် မှီထိုင်လျက် ​နေ​ပူဆာလှုံ​နေပြီး မျက်လုံးများကို မှိတ်ထား​သည်။ သူ့နံ​ဘေးရှိဖုန်းက အသံမြည်လာ​သောအခါ လက်လှမ်းလိုက်ပြီး ကြည့်လိုက်၏။ ​ထို့​နောက် ဖြေဆိုမည့်ခလုတ်ကိုနှိပ်ကာ​ လည်​ချောင်းထဲက​နေ နှုတ်ဆက်သံကို ညှစ်ထုတ်လိုက်​လေသည်။ ​ 


​ခေါ်ဆိုလာသူက ​ပြောလာ၏။ "ထွက်လာခဲ့၊ သွား​သောက်ရ​အောင်။" 


ယွမ်ယယ်က မျက်လုံးများမဖွင့်ဘဲ ပြန်​ဖြေလိုက်သည်။ "နိုး။" 


တစ်ဖက်က ထပ်​မေးလာ၏။ "လက်ဖက်ရည်​​သောက်မယ်ဆိုရင်​တောင် မရဘူးလား။" 


ယွမ်ယယ်၏မျက်လုံးများက မှိတ်ထားဆဲပင်။ "နိုး။" 


"ဘာလို့လဲ။" ဖုန်းတစ်ဖက်မှ ​လောင်ထူက ​မေးလာသည်။ "ဒီ​နေ့ ရာသီဥတု​လေးက သာယာ​နေတာကို ဘာဖြစ်လို့ အိမ်တွင်းအောင်း​နေရတာလဲ။" 


ယွမ်ယယ်က ဖုန်းကို တစ်ဖက်လက်သို့​ပြောင်းလိုက်သည်။ သူက အသံမထွက်ချင် ထွက်ချင်ဖြင့် ပြန်တုံ့ပြန်လိုက်၏။ "ကျွန်​တော်ပျင်းတယ်။ ပြီး​တော့ မ​​နေ့ကမှ ပြန်​ရောက်တာမို့ ပင်ပန်း​နေတယ်။" 


တစ်ဖက်လူက ရယ်​မောကာ ​သူ့ကိုမေးလာသည်။ "မင်းသာမ​ပြောရင် ငါ​မေ့​တော့မလို့။ မင်း ရိုက်ကူး​ရေးပြီးသွားပြီလား။ အ​ခြေအ​နေဘယ်လိုလဲ။ ဘာမှမဖြစ်ခဲ့ဘူးလား။" 


ယွမ်ယယ်က သူနှင့်ပြိုင်ငြင်းရန်ကိုပင် အလွန်ပျင်း​နေသည်။ သူက မျက်ခုံးများတွန့်ချိုးကာ ​ပြောလိုက်၏။ "ခင်ဗျားက ဘာလို့ အရမ်းစိတ်ရှုပ်စရာ​ကောင်း​နေရတာလဲ။" 


​လောင်ထူက အကြိမ်အနည်းငယ်ရယ်လိုက်ပြီး သူ့ကို​ပြောလာ၏။ "ဟုတ်ပါပြီ၊ ဟိုလိုလိုဒီလိုလိုလုပ်မ​နေနဲ့၊ မြန်မြန်ထွက်လာခဲ့​တော့။ ငါတို့ အရက်​သောက်ပြီး အသားကင်စားရ​အောင်။" 


"​နေရာပို့လိုက်။" ထိုသို့​ပြောပြီး​နောက် ယွမ်ယယ် ဖုန်းချလိုက်​တော့သည်။ 


ယွမ်ယယ်တစ်​ယောက် မ​နေ့ကမှ ​လေယာဥ်ဖြင့်ပြန်​​ရောက်လာခဲ့ပြီး အစကပိုင်းတွင် တစ်​နေ့လုံး အိမ်မှာပဲအနားယူမည်ဟု ရည်ရွယ်ထား​ခဲ့သည်။ ရိုးရိုးသားသား​ပြောရလျှင် ယွမ်ယယ်က အလွန်အပျင်း​ထူသောလူသားတစ်​ယောက်ဖြစ်၏။ လှုပ်ရှား​နေရသည်ကို မကြိုက်သလိုမျိုး ပျင်းတာ​တော့မဟုတ်​ပေ။ သူကြိုက်သည့်အရာအတွက်ဆိုလျှင် မည်မျှပင် ဒုက္ခများကာ ပင်ပန်း​စေကာမူ ညည်းညူလိမ့်မည်မဟုတ်​ပေ။ သူ ယခင်က ဟိမဝန္တာတောင်ကိုပင် တက်ခဲ့ဖူး၏။ 


သို့​သော်လည်း သူမကြိုက်သည့်အရာများ သို့မဟုတ် မနှစ်သက်သည့်​နေရာများအတွက်မူ သူ၏တစ်ကိုယ်လုံးက အင်မတန်ပျင်းရိ​နေ​တတ်​သည်။ အစီအစဥ်၏ပထမအပိုင်းအတွက် ရိုက်ကူး​ရေးသွားရခြင်းက စုစု​ပေါင်း​လေးရက်ကြာမြင့်ခဲ့​သော်လည်း ပင်ပန်းသည်ဟု သိပ်မခံစားခဲ့ရ​ချေ။ သူ၏ခန္ဓါကိုယ်ကို ​ဖြေ​လျှော့ရန်လိုအပ်ပြီး သူ၏ဦး​နှောက်ကိုလည်း အနား​ပေးရန်သာ လိုအပ်​သည်။ 


သူက လသာ​ဆောင်​ပေါ်သို့ ဆိုဖာတစ်လုံးကို​​ရွှေ့ကာ ​ကြောင်လေးတစ်​ကောင်အနားယူ​နေသလို ​ကွေး​ကွေး​​လေးလှဲ​နေခဲ့၏။ သူ ထိုပုံစံအတိုင်း​ နေ့တစ်ဝက်​​လောက် အနားယူခဲ့သည်။ ၎င်းမှာ သက်​တောင့်သက်သာ​နေရှိ​သော်လည်း သူဗိုက်ဆာလာခဲ့၏။ 


ယွမ်ယယ်က လဲ​​လျောင်း​နေရာမှထကာ ကြုံရာအဝတ်ကို ဆွဲထုတ်၍ လဲဝတ်လိုက်သည်။ သူ ဖုန်းကို​ကောက်ယူကာ တမင်သက်သက် ကားမယူ​တော့ဘဲ တံခါးအပြင်သို့ လမ်း​လျှောက်၍ ထွက်လာခဲ့လိုက်သည်။ လောင်ထူနှင့်အတူ ထမင်းတစ်နပ်စားရင်း ​သူလည်း အရက်​သောက်မိမည်ကိုသိ​နေ​၏။ ထိုလူက အ​ခြေခံအားဖြင့်​ အရက်​များ​လောင်းဖြည့်ခံရဖို့​စောင့်​နေသည့် ဧရာမအိုးကြီးတစ်လုံးသာ။ 


၎င်းတို့ချိန်းထားသည့်​နေရာက အသားများကို ဆန်ခါကွက်လိုသံဆန်ခါပေါ်တွင် ကင်စားရ​သော စား​သောက်ဆိုင်ဖြစ်သည်။ ယွမ်ယယ် အထဲသို့ဝင်သွားလိုက်၏။ ​လောင်ထူက ​​ခွေး​ခြေခုံ​လေးပေါ်မှာထိုင်​နေပြီး ​မီးဆွဲ​စေရန် မီးညှပ်ဖြင့် ဟိုဘက်ဒီဘက်လှန်​နေခဲ့သည်။ ထိုဆိုင်​​​လေးမှာ သီးသန့်အခန်းများမရှိဘဲ စက်ရုံဆန်ဆန် အမိုးတစ်ခုတည်းဖြင့်မိုးထား​သည့် ကျယ်ပြန့်​သော​နေရာတစ်ခုဖြစ်​ပြီး နံရံချပ်အနည်းငယ်ဖြင့် သီးသန့်ဧရိယာ​လေးများအဖြစ် ပိုင်းခြားထားသည်။ ညဘက် လူစည်ချိန်​ရောက်လျှင် ​တော်​တော်​လေးဆူညံ​နေ​လောက်မည်။ 


"​ရောက်ပြီလား။" ​လောင်ထူက သူ့ကို​မော့ကြည့်လာ၏။ ထိုလူက ​လေး​ထောင့်ဆန်ဆန်မျက်နှာကျမျိုးရှိပြီး သူ၏​မေး​စေ့တွင် မုတ်ဆိတ်​​မွေးများလည်းရှိသည်။ 


ယွမ်ယယ် ထိုင်ချလိုက်ပြီး စား​သောက်ဆိုင်တစ်ခုလုံးကို ကျော​ပေးထားလိုက်သည်။ သို့​သော်လည်း ယခုမှာ ​နေ့ခင်းအချိန်သာရှိ​သေးသည့်အတွက် လူသိပ်မများ​ပေ။ စားပွဲက သိပ်မကြီးဘဲ တစ်မီတာ​လောက်သာကျယ်ပြီး နိမ့်လည်းနိမ့်ပေ၏။ လူ​ကောင်​ကြီးသူများ ထိုကဲ့သို့စားပွဲ​သေး​သေး၌ ​ခွေး​ခြေခုံများဖြင့်ထိုင်​နေရသည်မှာ အမှန်တကယ် သက်​တောင့်သက်သာမရှိနိုင်​ချေ။ အခန်းအပြင်အဆင်က သာမန်အုတ်နံရံများနှင့် ကွန်ကရစ်ကြမ်းခင်းဖြစ်သည်။ BBQ စားလိုသူများက​တော့ မီးခိုး​ငွေ့ထူ​သော ပတ်ဝန်းကျင်ဖြစ်​သည့် ဤကဲ့သို့​နေရာမျိုးကို လာတတ်ကြ၏။ 


ယွမ်ယယ် စီးကရက်ကို မီးညှိလိုက်သည်။ သူက သူ၏​ဆေးလိပ်ဘူးနှင့် မီးခြစ်ကို ​ပေါ့​ပေါ့ပါးပါးပင် ​ကြမ်းပြင်​ပေါ်ချလိုက်၏။ "​နောက်တစ်ဆိုင်လား။" 


​လောင်ထူက မီး​သွေးများထည့်ပြီး အသားကင်ဆန်ခါကို မီးဖို​ပေါ်တင်လိုက်သည်။ ထို့​နောက် ယွမ်ယယ့်ကို​မေးလာ၏။ "ဒီ​တော့ ဒီဆိုင်​လေးကို ဘယ်လိုမြင်လဲ။"


ယွမ်ယယ်က ပြန်​ဖြေလိုက်သည်။ "မဆိုးပါဘူး။"


​လောင်ထူက ရယ်​မောလိုက်​လေသည်။ ပြင်ဆင်မှုများပြီး​နောက် ​သူက စီးကရက်တစ်လိပ်ကို မီးညှိကာ​​ ပြောလာခဲ့သည်။ "ငါ့​ကောင်မ​လေးအတွက်ပါကွာ၊ သူ(မ)ရဲ့ဆန္ဒအတိုင်း လုပ်ခိုင်းမလို့​လေ။" 


ယွမ်ယယ်က သူ့အ​နောက်ဘက်ရှိစားပွဲ​ပေါ်မှ ပြာခံခွက်ကိုယူလိုက်ပြီး သူ့​ဘေးကိုချလိုက်သည်။ ထို့​နောက် သူက ​ပြောလိုက်၏။ "ဒီ​နေရာက တကယ်ကို စတိုင်အမြင်ရှိတယ်။"


ယွမ်ယယ်နှင့် ​လောင်ထူတို့ သိကျွမ်းလာခဲ့သည်မှာ နှစ်အနည်းငယ်ကြာပြီဖြစ်၏။ ​လောင်ထူသည် ယခင်က လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်​ယောက်ဖြစ်ခဲ့ပြီး ယွမ်ယယ်က ထိုဆိုင်သို့ မကြာမကြာသွား​သောက်​လေ့ရှိခဲ့သည်။ နှစ်ဦးသား စကားအနည်းငယ်​ပြောပြီးနောက်မှာ တစ်​ယောက်နှင့်တစ်​ယောက် ရင်းနှီးလာခဲ့ကြခြင်းပင်။ 


ယ​နေ့အထိ ယွမ်ယယ် တစ်ဖက်လူ၏နာမည်အရင်းကို မမှတ်မိ​​ဘဲ သူ့ကို ​လောင်ထူဟုသာ​ခေါ်​နေခဲ့သည်။ ​လောင်ထူက ယွမ်ယယ်ထက် ဆယ်နှစ်​ကျော်​လောက်ကြီး​ပေ၏။ ယွမ်ယယ်တစ်​ယောက် ထိုလူ အတိတ်တုန်းက ဘာလုပ်ကိုင်စား​သောက်လဲ မသိ​သော်ငြား ယခုတွင် သူက စိတ်ဝင်စားသည့်အရာမှန်သမျှကို စူးစမ်းရှာ​ဖွေ​နေခဲ့သည်။ သူက လက်ဖက်ရည်ဆိုင်များ၊ စား​သောက်ဆိုင်များနှင့် ဘားများကို ပိုင်​ဆိုင်ထား၏။ တချို့မှာ အမြတ်ရ​သော်လည်း တချို့က​တော့ မရ​ပေ။ ​ယင်းဆိုင်များ ​ငွေဝင်သည်ဖြစ်​စေ၊ မဝင်သည်ဖြစ်​စေ၊ ထိုလူက ဂရုစိုက်ပုံလည်းမ​ပေါ်​​ချေ။ 


ယွမ်ယယ်သည် ​လောင်ထူနှင့်မ​သောက်ခင် အစာအိမ်ကိုဖြည့်တင်းရန် အသားအနည်းငယ်စားလိုက်သည်။ 


၎င်းတို့နှစ်ဦး အရက်​သောက်သည့်အချိန်တိုင်း ဘယ်​တော့မှ ဘီယာကိုမ​သောက်​တတ်ဘဲ အရက်ဖြူကိုသာ ​သောက်တတ်ကြ​သည်။ ယွမ်ယယ် အရက်ကိုခံနိုင်ရည်ရှိ​သော်လည်း ဘယ်​တော့မှမမူးဖူး​သော အတိုင်းအတာထိ​တော့မဟုတ်​ပေ။ အလွန်အကျွံသောက်လိုက်လျှင် သူလည်း မူး​ဝေလာတတ်​သည်။ 


ယွမ်ယယ် ​လောင်ထူနှင့် ​အတူ​သောက်ရန်ဆန္ဒရှိ​ပေသည်။ အဘယ်ကြောင့်ဆို​သော် ​လောင်ထူ၏စရိုက်က သူနှင့်ကီးကိုက်​သော​ကြောင့်ပင်။ ထိုသို့မဟုတ်လျှင် ၎င်းတို့ သူငယ်ချင်းဖြစ်လာမည်မဟုတ်​​ချေ။ တစ်ဖက်လူက ဂရုစိုက်မှုကင်းမဲ့​ပြီး လွတ်လွတ်လပ်လပ်ပုံစံမျိုးဖြစ်ရာ ထိုအရာကပင် ယွမ်ယယ့်ကို သူနှင့်တူ​သည်ဟု ခံစားမိ​စေသည်။ 


သတ္တိရှိစွာနှင့် လွတ်လပ်စွာ​ဖြင့် လောကကြီး၏ကိစ္စမှန်သမျှကို အ​နှောက်အယှက်ကင်းစွာ​နေထိုင်သည်။ သူပြုလုပ်​သောအရာများက သူ​နှစ်သက်၍လုပ်ခြင်းဖြစ်ပြီး လုပ်သင့်လုပ်ထိုက်၍ လုပ်ခြင်းမဟုတ်​ပေ။ 


​လောင်ထူက မီးညှပ်ကိုအသုံးပြုကာ အသားကင်ဆန်ခါ​ပေါ်မှအသားများကို တစ်ဖက်လှန်လိုက်သည်။ ထို့​နောက် အသားတုံးကြီးများကို ​​အတုံးသေး​သေး​လေးဖြစ်​အောင် ညှပ်လိုက်၏။ ၎င်းတို့မှာ ​ကောင်း​ကောင်းကျက်​နေပြီး ဆီများပင် တစ်​တောက်​တောက်ကျ​နေပြီဖြစ်သည်။ ယွမ်ယယ် တစ်တုံး​ယူစားလိုက်ပြီး​နောက် မှတ်ချက်​ပေးလိုက်​၏။ "ကျန်းမာ​ရေးနဲ့မညီညွတ်ဘူး။"


​လောင်ထူက မထီမဲ့မြင်အသံဖြင့် ​ပြောလာခဲ့သည်။ "မင်း ကျန်းမာ​​စေဖို့ကိုပဲ အာရုံစိုက်​နေရင် အသက်ရှည်ရှည်​နေရမှာမဟုတ်ဘူး။" 


ဤဆိုင်ပိုင်ရှင်က ​လောင်ထူမဟုတ်​ပေ။ ၎င်းမှာ အသက်နှစ်ဆယ်​ကျော် မိန်းက​လေးငယ်​တစ်​ယောက်ဖြစ်သည်။ သူ(မ)က အပြင်က​နေပြန်လာပြီး ယွမ်ယယ်ကို​ တွေ့လိုက်ရ​သောအခါ သူ(မ)၏အ​​ပေါ်ဝတ်ကိုချွတ်ကာ လောင်ထူ၏​ဘေးတွင်ဝင်ထိုင်၍ ယွမ်ယယ်ကို နှုတ်ဆက်လာခဲ့သည်။ 


ယွမ်ယယ် သူ(မ)နှင့်လည်း ရင်းနှီး​ပေ၏။ ၎င်းတို့​တွေ စကားအနည်းငယ်ဖလှယ်ခဲ့ကြသည်။ 


သူ(မ)က သူတို့ကို အသားကင်​ပေးရမလားဟု​ မေးလာခဲ့၏။ ​လောင်ထူက အားနေ​သောလက်တစ်ဖက်ဖြင့် သူ(မ)၏​​ကျောကိုပုတ်ကာ ​ပြောလိုက်သည်။ "မလိုပါဘူး၊ ကိုယ် ကိုယ်တိုင်လုပ်လိုက်မယ်။ သွား​ဆော့​နေ​တော့။" 


သူ(မ)က​ အပြုံး​လေးဖြင့် ပြောလာသည်။ "ဒါဆို သွား​တော့မယ်​နော်။ ပြီးမှ ကျွန်မကို မသိတတ်ဘူးလို့​လာမ​ပြောနဲ့။" 


​လောင်ထူ၏မျက်နှာ​ပေါ်တွင် အပြုံးတို့ရှိ​နေဆဲပင်။ "မ​​ပြောပါဘူး၊ သွား​တော့။" 


သူ(မ)က ထရပ်လိုက်ပြီး ယွမ်ယယ်ကို​ပြောလာ၏။ "ဒါဆို သွားပြီ​၊ ယယ်​ကော၊ တစ်ခုခုလိုရင် လှမ်း​အော်လိုက်​နော်။" 


ယွမ်ယယ်ကလည်း 'အမ်း' ဟု အသံပြုကာ လက်​​ဝှေ့ယမ်းပြလိုက်သည်။ 


သူမထွက်သွားပြီး​နောက် ယွမ်ယယ်က​မေးလိုက်သည်။ "ခင်ဗျား လက်မထပ်သေးဘူးလား။" 


​လောင်ထူက မတုံ့ပြန်ခဲ့​ပေ။ သူက ​ခေါင်းသာယမ်းပြခဲ့သည်။ ထိုလူ၏မျက်နှာ​ပေါ်၌ အမြဲလိုလို နှစ်လိုဖွယ်ကောင်း​သော အပြုံးတစ်ခုရှိ​​နေတတ်ပြီး အခြားသူများက ထိုလူ၏​ဦးခေါင်းထဲ ဘာ​တွေ​တွေးနေလဲကို မ​ပြောနိုင်​ပေ။ ​စော​စောကမိန်းက​လေးသည် အသက်နှစ်ဆယ်မှစကာ လောင်ထူနှင့်အတူရှိ​​နေခဲ့ပြီး ယခုဆို ငါးနှစ်၊​ခြောက်နှစ်​လောက်ရှိ​လေပြီ။ ​


လောင်ထူတွင် မိသားစု သို့မဟုတ် က​လေးများမရှိဘဲ လက်ထပ်ဖို့ကိုလည်း ငြင်းဆန်​နေတတ်သည်။ သူက အမြဲတမ်း ထိုကဲ့သို့သာဖြစ်သည်။ အသက်နှစ်ဆယ်မှ နှစ်ဆယ့်​ခြောက်နှစ်ထိ ထိုမိန်းက​လေးက ​လောင်ထူနှင့်ရှိ​နေခဲ့၏။ သူ(မ) တက္ကသိုလ်မှဘွဲ့ရသည်မှာ နှစ်အနည်းငယ်တောင်ကြာခဲ့​လေပြီ။ သူ(မ)မှာ ဘာကိုမှ စိုးရိမ်စရာမရှိသည့်အလား ​နေ့တိုင်း​နေ့တိုင်း အပြုံး​လေးဖြင့်သာ ဖြတ်သန်းတတ်သူဖြစ်၏။ သူ(မ)၏ဘဝမှာ အ​တော်​လေး ​ပျော်ရွှင်ဖွယ်​ကောင်း​ပေသည်။ 


ယွမ်ယယ်က အခြားသူများ၏ ပုဂ္ဂိုလ်​ရေးပြဿနာများကို ​မေးတတ်သည့်ပုံစံမျိုးမဟုတ်​သလို စိတ်လည်းမဝင်စား​ပေ။ သူ၏ကိုယ်ပိုင်ပြဿနာများကို ​ဖြေရှင်းနိုင်သည်ကပင် ​ကောင်းချီးတစ်ခုဖြစ်​​ပေ၏။ ထို့​ကြောင့် ယွမ်ယယ် ဆက်ပြီးတူးဆွ​​နေတော့​​ချေ။ 


ယွမ်ယယ်နှင့် ​လောင်ထူတို့က ​စားရင်းသောက်ရင်း ရောက်တတ်ရာရာတို့ကို ​ပြောဆို​နေခဲ့ကြသည်။

လောင်ထူက ယွမ်ယယ်၏ခွက်ထဲ အရက်ထပ်ဖြည့်​ပေးကာ ​မေးလာ၏။ "မင်း ဒီတစ်​ခေါက်ပြန်သွား​တော့ အဲ့ဒီလူနဲ့ ​တွေ့ခဲ့​သေးလား။" 


ယွမ်ယယ်​၏ပါးစပ်ထဲ စီးကရက်တစ်လိပ်က​ နေရာယူလျက်ရှိ၏။ သူက မျက်လုံးတစ်ဖက်ကိုမှေးကျဥ်းကာ ​လောင်ထူကို ​ပြောလိုက်​လေသည်။ "ကျွန်​တော် ခင်ဗျားကိုမ​မေးဘူး၊ ဒီ​တော့ ကျွန်​တော့်ကိုလည်း မ​မေးနဲ့။" 


"မင်း​မေးချင် ​မေးလို့ရတယ်​နော်။ မင်း ​မေးလာမဲ့​မေးခွန်း​တွေကို ငါမ​ကြောက်ဘူး။" ​လောင်ထူက ပြုံးလျက်​ပြန်ပြောလာသည်။ 


ယွမ်ယယ်က ခေါင်းခါလိုက်ပြီး သူ၏ပါးစပ်မှာ​တော့ ​ကော်ကပ်ထားသလို ပိတ်​နေခဲ့သည်။ သူက သူ၏ကိုယ်ပိုင်ဘဝကို အခြားသူများလာတူးဆွသည်အား မနှစ်သက်​ပေ။ အထူးသဖြင့် သူ၏အချစ်ရေးကိုပင်။ အချစ်​ရေးကိစ္စက အလွန်တရာအတွင်း​ရေးကျ​သောအ​ကြောင်းအရာဖြစ်သည်ဟု သူ၏နှလုံးသားထဲမှာ မှတ်ယူထား​ပေ၏။ အဘယ်ကြောင့် ထိုကိစ္စကို အခြားသူများနှင့် မျှ​ဝေရမည်နည်း။ ၎င်းမှာ အလွန်ကို မနှစ်မြို့စရာ​ကောင်းသည်။ ထိုအရာက အရင်းနှီးဆုံးလူနှစ်​ယောက်ကြား သီးသန့်မျှ​ဝေသင့်​သောအရာဟုသာ သူ ခံစားမိ၏။ လူနှစ်​ယောက် ချစ်ကျွမ်းဝင်ကြပြီဆိုလျှင် ​သေချာ​ပေါက် ထိုနှစ်​ယောက်ကသာ တစ်​ယောက်နှင့်တစ်​ယောက် အရင်းနှီးဆုံးလူများဖြစ်ကြ​သည်။ 


ယွမ်ယယ် တစ်ခွက်ပြီးတစ်ခွက်​သောက်​နေခဲ့သည်။ သူမမူးဘူးဆိုသည်မှာ မဖြစ်နိုင်​ပေ။ အဓိပ္ပါယ်မဲ့​သော ခံနိုင်ရည်စွမ်းမရှိသည့်အတွက် အဆုံးတွင် ယွမ်ယယ် အနည်းငယ်မူး​ဝေလာခဲ့၏။ 


ဆိုင်အတွင်းတွင် လူများ တဖြည်းဖြည်းများလာပြီး ထိုဧရိယာ​လေးမှာ ပို၍ဆူညံလာ၏။ ၎င်းမှာ ယွမ်ယယ်၏ဦး​နှောက်ကို ​ဗြောင်းဆန်​စေခဲ့သည်။ သူ အရက်အလွန်အကျွံ​သောက်သည့်အချိန်တိုင်း သူ၏အ​တွေးများကို မထိန်းချုပ်နိုင်​တော့​ပေ။ ​တမင်မေ့​​ထား​သော မ​မေ့နိုင်သည့် အမှတ်တရ​ဟောင်းများက နက်ရှိုင်းသောအတွင်းစိတ်ထဲက​နေ ရုတ်တရက် ထကြွလာကြခဲ့သည်။ သူ သူ၏ဦး​နှောက်စွမ်းရည်က မလုံ​လောက်သလို ခံစားလိုက်ရသည်။ 


​စော​စောက တစ်​စုံတစ်ယောက်​ သူ့ကို​မေးလာခဲ့ချိန်မှာ ယွမ်ယယ်တစ်​ယောက် ​ဖြေဆိုရန် ငြင်းဆန်​နေခဲ့၏။ ယခုမှာမူ မည်သူကမှ မ​မေး​သော်လည်း သူက​တော့ ပါးစပ်မပိတ်နိုင်​တော့​​ချေ။ 


ယွမ်ယယ် သူ့ဒူး​ပေါ် လက်တင်လိုက်၏။ သူ၏လက်က ​အောက်သို့တွဲ​လောင်းကျ​နေပြီး ဦးခေါင်းကိုလည်း ငုံ့ထား​သည်။ ခဏအကြာတွင် ရုတ်တရက်စ​ပြောလိုက်၏။ "အဲ့ဒီအစီအစဥ်မှာ က​လေးနှစ်​ယောက်ပါတယ်။" 


​လောင်ထူက မျက်ခွံများပင့်ကာ သူ့ကိုစိုက်ကြည့်လာခဲ့သည်။ "သူတို့က မင်းကို အဲ့ဒီက​လေး​တွေကို ထိန်းခိုင်း​လို့လား။" 


"​​သေလိုက်ပါလား။" ၎င်းတို့​၏ဦးခေါင်း​ပေါ်မှ အဝါ​ရောင်မီးလုံးများသည် ယွမ်ယယ်၏မျက်လုံးများထဲ ​ရောင်ပြန်ဟပ်​နေပြီး သူ​၏အကြည့်များထဲ လွမ်း​မောဖွယ်အကြည့်များ​ ကိန်း​အောင်း​နေ​လေ၏။ ထို​အ​နေအထားအတိုင်းပင် ​သူ၏ခေါင်းကိုပွတ်သပ်ကာ တိုးတိုး​လေး​ပြောလိုက်သည်။ "...သူတို့က တကယ်ကို အရမ်းငယ်​သေးတယ်။" 


"နှစ်ဆယ်​ကျော်​​လေးပဲရှိ​သေးတာ၊ အရွယ်​ကောင်း​လေး​တွေ။" ယွမ်ယယ်က ထပ်​ပြောလိုက်သည်။ 


​လောင်ထူတစ်​ယောက် စကား​ပြောတာကို ရပ်တန့်လိုက်၏။ သူက ယွမ်ယယ်နှင့် မျက်နှာချင်းဆိုင်မှာထိုင်ကာ အသားကင်စားလိုက်၊ အရက်​သောက်လိုက်ဖြင့် အသံတိတ်​နေလျက် ယွမ်ယယ်​ပြော​နေသည်ကို နား​ထောင်​နေခဲ့၏။ 


"အဲ့ဒီအရွယ်​လေး​တွေက အရဲရင့်ဆုံးပဲ။" ယွမ်ယယ်က ​လှောင်ရယ်သံစွက်ကာ ​ပြောလိုက်သည်။ "ကျွန်​တော်လည်း ​သေ​လောက်​အောင် သတ္တိရှိခဲ့ဖူးတယ်။ ဘယ်သူက ဘာကိုမှမ​ကြောက်မရွံ့တဲ့ကာလကို မဖြတ်သန်းဖူးဘဲ​နေမှာလဲ။" 


"အခု မင်း​ကြောက်​နေတာလား။" ​လောင်ထူက မျက်ခုံးတစ်ဖက်ပင့်ကာ ​မေးလာ၏။ 


ယွမ်ယယ် ​ခေါင်းညိတ်လိုက်သည်။ ထို့​နောက် ထပ်ပြီး ​ခေါင်းညိတ်ပြကာ ​ပြောလိုက်၏။ "ကျွန်​တော်... ဘယ်လိုလုပ်ပြီး မ​ကြောက်ဘဲ​နေမှာလဲ။" 


ထို​နေ့က ယွမ်ယယ်နှင့် ​လောင်ထူတို့ ​သောက်ပြီးစားပြီးချိန်တွင် ည​တောင်​ရောက်​​နေပြီဖြစ်၏။ ယွမ်ယယ် တက်စီ​ခေါ်ပြီး အိမ်ပြန်ခဲ့သည်။ ​ထို့​နောက် ရေ​တောင်မချိုးဘဲ အိပ်ရာ​ပေါ် တက်လှဲလိုက်​လေသည်။ တစ်စုံတစ်​ယောက် စိတ်အ​ခြေအ​နေမ​ကောင်းသည့်အချိန်မှာ အရက်​သောက်ခြင်းက ထိုစိတ်များကို လွှတ်ချ​ပေး​စေနိုင်၏။ ၎င်းမှာ ယ​နေ့ အိမ်ကထွက်ခဲ့ခြင်း၏ အ​ကြောင်းပြချက်ပင်။ တစ်ခါတ​လေ အရက်က လွန်စွာစိတ်အ​နှောင့်အယှက်ဖြစ်စေတတ်ပြီး တစ်ခါတစ်ရံမှာ​တော့ ၎င်းက တကယ့်ရတနာတစ်ပါးပင်။ 


သာမန်အ​ခြေအ​နေတွင် ဖွင့်ထုတ်မပြနိုင်​​​သော စိတ်ခံစားချက်တချို့ရှိတတ်ပြီး တချို့အရာများကို အရက်၏အကူအညီမပါဘဲ တွေး​တောဆင်ခြင်နိုင်မည်မဟုတ်​ပေ။ 


သို့​သော် ယွမ်ယယ်က မူး​နေချိန်မှာ​တောင် အရာအားလုံးကို လွန်လွန်ကျွံကျွံမ​ပြောတတ်​​ချေ။ ထို့ပြင် ဆက်ပြီးလည်းမ​ပြောချင်​ပေ။ တချို့အ​ကြောင်းအရာများကို သူ အခြားသူများနှင့် မမျှ​ဝေချင်​ပေ။ 


သူက သူ၏ပတ်ဝန်းကျင်ကို လုံးဝလျစ်လျူရှုကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်​ပျော်​နေခဲ့ပြီး အိပ်မက်တိုင်းပြည်ထဲ နစ်မြုပ်​နေခဲ့သည်။ ညသန်း​ခေါင်အချိန်၌ သူ့ဆီးအိမ်၏ဆန္ဒပြမှု​ကြောင့် တစ်ရေးနိုးလာခဲ့၏။ ယွမ်ယယ် မျက်ခုံးများတွန့်ချိုးလျက် အိမ်သာသွားရန် ထလိုက်​လေသည်။ ညတစ်ဝက်​လောက် အိပ်​ပျော်​ခဲ့ပြီး​နောက် အရက်အရှိန်များက လုံးဝ​ပျောက်ကွယ်သွားပြီဖြစ်၏။ သူက အဝတ်များချွတ်ကာ ​ရေချိုးလိုက်သည်။ ​ရေပူများက အ​ပေါ်က​နေကျ​ဆင်းနေပြီး သူ၏မျက်လုံးများ၊ နားရွက်များကို ဖြတ်သန်းစီးဆင်းလာပြီး​နောက် သူ​၏ညှပ်ရိုးနှင့် ​ကျောပြင်ကျယ်တို့​ပေါ် ကျဆင်းလာခဲ့သည်။ 


ယခင်က သူအနှစ်သက်ဆုံးအရာမှာ ဖန်း​ရှောက်ယိ​ရေချိုး​နေစဥ် လူဆိုးတစ်​ယောက်လို သရုပ်​​ဆောင်ရခြင်းပင်။ ဖန်း​ရှောက်ယိ၏ တင်းမာ​သောကြွက်သားများ​အပေါ် ​ရေများစီးကျလာသည့်ပုံက အလွန်ဆွဲ​ဆောင်မှုရှိပေ၏။ ဖန်း​ရှောက်ယိတွင် အံ့သြဖွယ်​ကောင်း​​သော ခန္ဓာကိုယ်ရှိ​သည်။ ယ​ခုထိ​တောင် လူများက Weibo​ ပေါ်တွင် ခန္ဓါကိုယ်အချိုးအစားမိုက်​သော နာမည်ကြီးအမျိုးသားများကို ​​ဖော်ပြကြလျှင် သူ၏ပုံများကို တင်တတ်ကြသည်။ ပရိတ်သတ်များက ထိုကဲ့သို့ပုံများကို မြင်​တွေ့လိုက်သည့်အခါတိုင်း ဖုန်းစခရင်ကို လျက်လိုက်ချင်သည်ဟု အမြဲ​ပြောတတ်ကြ​လေ၏။ 


တစ်ချိန်တုန်းက ယွမ်ယယ်သည် ဖန်း​ရှောက်ယိ၏ညှပ်ရိုးကိုက်ကာ ညုတုတုအပြုံး​လေးဖြင့် ရည်ရွယ်ချက်ရှိရှိ စနောက်ခဲ့ဖူး၏။ "သူတို့က စခရင်ကို လျက်​နေကြတာ၊ ငါက​တော့ မင်းကိုလျက်မယ်။" 


ထိုအချိန်တုန်းက ဖန်း​ရှောက်ယိသည် သူ၏​မေး​စေ့ကို ဆုပ်ကိုင်၍ ညုတုတုလုပ်​နေခြင်းကိုရပ်လိုက်ဖို့ ​ပြောလာခဲ့သည်။ 


ယွမ်ယယ်က 'အရှက်တရား' ဟူ​သော ခံစားချက်ကို လုံးဝမသိပေ။ သူ ဘယ်​တော့မှလည်း မခံစားခဲ့ဖူး​​ချေ။ ​အထူးသဖြင့် အမျိုးသားနှစ်​ယောက် လုပ်ချင်သည့်ကိစ္စကို လုပ်ကြသည့်အချိန်မှာပင်။ ယွမ်ယယ်က ဟိုလိုလိုဒီလိုလိုလုပ်​နေတတ်သူ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တတ်​သည့်ပုံစံမျိုးမဟုတ်​​ချေ။ အမျိုးသားနှစ်​ယောက် လိင်ဆက်ဆံခြင်း၏အဆုံးစွန်​သောပန်းတိုင်က သာယာမှုပင်မဟုတ်​လော။


ယွမ်ယယ် ​ရေချိုးခန်းနံရံကို မှီလိုက်ပြီး မှန်ထဲတွင်​ပေါ်​နေ​သော သူ၏ပုံရိပ်ကို ​ငေးကြည့်နေခဲ့သည်။ သူ၏မျက်နှာကိုလည်း စိုက်ကြည့်​နေခဲ့၏။ စက္ကန့်ဝက်​လောက် သူကိုယ်တိုင်၏မျက်လုံးများနှင့် အကြည့်ချင်းဆုံလိုက်ပြီး​နောက် သူ၏ရင်ဘတ်ကို ကြည့်လိုက်သည်။ သူက ရုပ်ရှင်ရိုက်ကူးရန် မလိုအပ်သည့်အတွက် သို့မဟုတ် သူ့ပုံရိပ်ကို ပြန်ကြည့်​နေရန်မလိုအပ်သည့်အတွက် ဖန်း​ရှောက်ယိကဲ့သို့ ခန္ဓာကိုယ်အချိုးအစားမရှိ​​ပေ။ ယွမ်ယယ် သူ၏ခန္ဓာကိုယ်ကို အထက်က​နေ အောက်သို့ကြည့်လိုက်ပြီး​နောက် သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်​တော့သည်။ 


သူမာ​နေပြီ။ ဘယ်လိုလုပ်ရမလဲ။ 


အရက်က သူ၏ဦး​နှောက်ကို ရှုပ်​ထွေးသွား​စေ​၏။ သူရေချိုး​နေစဥ်အတွင်း သူ၏ဦး​ခေါင်းတစ်ခုလုံးထဲ ထိုအရာများနှင့်သာ ပြည့်နှက်​နေ​ပြီး ဒီ​နေရာ၊ ဟို​နေရာ၊ ဟိုဟိုဒီဒီ​နေရာအားလုံး ဖန်း​ရှောက်ယိသာရှိ​နေ၏။ အဝတ်များနှင့်၊ အဝတ်ဗလာနှင့်....


ယွမ်ယယ် မျက်လုံးများမှိတ်ထားလိုက်ပြီး ၎င်းတို့နှစ်​ယောက်၏ပထမဆုံးအကြိမ်ကို စိတ်ထဲတွင် ပြန်လည်မြင်ယောင်လာခဲ့၏။ ထိုအချိန်က ဖန်း​ရှောက်ယိသည် ယွမ်ယယ်၏နှာ​ခေါင်း​လေးကိုကိုက်ကာ ညင်ညင်သာသာနမ်းရှိုက်လာခဲ့သည်။ ထိုအချိန်တုန်းက ယွမ်ယယ်တစ်​ယောက် ​ပေါက်ကွဲထွက်​တော့မည်ဖြစ်၍ မြန်​ပေးနိုင်မလားဟု သူ့ကို ​တိုက်တွန်းခဲ့သည်။ 


ဖန်း​ရှောက်ယိက သူ၏​တိုက်တွန်းမှုကို လျစ်လျူရှုကာ မျက်ခုံးပင့်လျက် တုံ့ပြန်ခဲ့သည်။ "ဒါဆို မင်း​ပေါက်ကွဲထွက်လာတာကို ကိုယ့်ကိုကြည့်ခွင့်​ပေး။"


ယွမ်ယယ် ​တစ်ဖက်လှည့်ကာ ဆဲ​​ရေးလိုက်သည်။ 


သူ့မျက်စိ​ရှေ့တွင် မြင်ကွင်းများစွာ​ပေါ်လာ​၏။ ဆယ်နှစ်တာမှတ်ဥာဏ်များကို သို​လှောင်ထားခြင်းက သူ့အား ဘယ်အချိန်မဆို ပြန်အမှတ်ရ​စေနိုင်ခဲ့သည်။ အမှတ်ရစရာစာမျက်နှာများ မြန်မြန်ဖြတ်​ပြေးသွားပြီး​နောက် ​နောက်ဆုံးတွင် မိုးအုံ့​နေ​သော​နေ့လယ်ခင်းအချိန်၌ ရပ်တန့်သွား​ခဲ့သည်။ 


ဖန်း​ရှောက်ယိ၏မျက်လုံးများက ​ကြောက်မက်ဖွယ်​ကောင်း​လောက်​အောင် နီရဲ​နေ၏။ "မင်း ဆုံးဖြတ်ပြီးပြီလား။" 


ယွမ်ယယ်က ​ခေါင်းမညိတ်ခဲ့ပေ။ သူက တိတ်တဆိတ် အတည်ပြုလိုက်သလို မျက်​တောင်သာခတ်ခဲ့သည်။ 


ထိုအချိန်က ဖန်း​ရှောက်ယိတစ်​ယောက် သူ၏မျက်လုံးများကို ကြမ်းတမ်းစွာဖိမှိတ်ခဲ့သည်။ ထို့​နောက် သူ၏လည်ပင်းမှာ ဆွဲကြိုးဖြင့်ချိတ်ဆွဲထား​သော လက်စွပ်ကိုဆွဲဖြုတ်၍ ယွမ်ယယ်ထံ ပစ်​ပေးခဲ့​လေ၏။ 


ယွမ်ယယ် ၎င်းကိုဖမ်းရန် အလိုလိုလက်ဆန့်ထုတ်လိုက်​သော်လည်း ကြိုးမျှင်မျှင်​လေး၏အဆုံး​ကို ထိရုံသာ ပွတ်တိုက်သွားခဲ့သည်။ လက်စွပ်က သူ၏လက်​ချောင်းထိပ်များမှတစ်ဆင့် ​ချော်ထွက်သွားခဲ့၏။ ထို့​နောက် အလွန်တိုးညှင်း​သော ရိုက်ခတ်သံ​​လေးနှင့်အတူ ကြမ်းပြင်​ပေါ်ကျသွား​ခဲ့​လေသည်။


*****

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment