ငါ့ကို လုပ်မယ်?
ယွမ်ယယ်က ဖန်းရှောက်ယိနှင့် အကြည့်ချင်းဆုံနေသော်လည်း တစ်ချက်လေးတောင် တုန်လှုပ်မသွားချေ။ သူက ပါးစပ်ဖွင့်ဟကာ ပြောလိုက်သည်။ "ဒါဆို ငါ့ကို လာလုပ်လေ။"
၎င်းတို့၏လက်ရှိအခြေအနေအရ ထိုကဲ့သို့ပြောခြင်းမှာ တစ်ယောက်နှင့်တစ်ယောက် စိန်ခေါ်နေသလိုပင်။ ယွမ်ယယ်က နောက်သို့လှဲချလိုက်ရာ 'ဘုန်း' ဟူသောအသံဖြင့် သပ်သပ်ရပ်ရပ်ပြုလုပ်ထားသော အိပ်ရာပေါ် ပြုတ်ကျသွားခဲ့သည်။
သူက ထိုနေရာတွင်လှဲနေပြီး သူ၏နှုတ်ခမ်းပေါ်၌ အပြုံးရေးရေးလေးဖြင့် ဖန်းရှောက်ယိကို စိုက်ကြည့်နေခဲ့သည်။ သူက လက်လှမ်းကာ သူ၏ဂျာကင်အင်္ကျီဇစ်ကို ဆွဲချလိုက်ပြီး သူ၏တီရှပ်အောက်မှ နေလောင်ထားသောဝမ်းဗိုက်သားတို့ကို ဖော်ပြလိုက်သည်။ ယွမ်ယယ်က အင်္ကျီကိုလှန်ထားလျက် ပြောလိုက်လေ၏။ "လာလေ၊ ငါ့ကို လာလုပ်။"
ဖန်းရှောက်ယိ၏မျက်လုံးများက မည်းမှောင်သွား၏။ ယွမ်ယယ်က သူ့ကိုတိုက်ခိုက်လာသော်လည်း ဖန်းရှောက်ယိက နောက်ပြန်မဆုတ်ခဲ့ပေ။ သူက တည့်တည့်ပဲဝင်သွားလိုက်ပြီး သူ၏လှုပ်ရှားမှုများက မြန်ဆန်၍ ပြင်းထန်နေ၏။ သူ၏လှုပ်ရှားမှုများက မြန်သော်လည်း ယွမ်ယယ်ကပိုမြန်ပြီး သူ့ထက်တောင် ပို၍တက်ကြွနေသေးသည်။ ယွမ်ယယ်က သူ့ဘောင်းဘီ၏ခါးထက် လက်ချောင်းများတင်ကာ ခါးကိုကြွလိုက်ပြီး ဘောင်းဘီချွတ်ရန် ဟန်ဆောင်လိုက်သည်။ သူတို့ဝတ်ထားသည်မှာ ခါးပတ်တောင်မပါသည့် အားကစားဘောင်းဘီများဖြစ်ရာ ချက်ချင်းချွတ်လိုက်ဖို့ လွယ်ကူပေ၏။
ဖန်းရှောက်ယိက မလှုပ်မယှက်ရှိနေပြီး ယွမ်ယယ်ကလည်း မလှုပ်ရှားခဲ့ပေ။ ယွမ်ယယ်တစ်ယောက် ထိုနေရာမှာ လှဲလျောင်းနေပြီး သူ၏လက်မက ဘောင်းဘီခါးထက်ချိတ်ထားလျက် သူ၏ဗိုက်သားချပ်ချပ်ကို ဖော်ထားခဲ့သည်။ သူက စိန်ခေါ်သောအကြည့်များနှင့် ပြည့်နှက်နေသောမျက်လုံးများဖြင့် ဖန်းရှောက်ယိကိုကြည့်ကာ မေးလိုက်သည်။ "မင်း လာမှာလား၊ မလာဘူးလား။"
ဖန်းရှောက်ယိက စကားတစ်ခွန်းမှမပြောဘဲ ယွမ်ယယ် ရည်ရွယ်ချက်ရှိရှိလုပ်နေသော အသက်ပြင်းပြင်းရှိုက်သံနှင့်အတူ အောက်သို့ဆွဲချရန်အသင့်ဖြစ်နေသော လက်ချောင်းများကိုကြည့်ကာ လည်ချောင်းထဲကနေ ဆွဲဆောင်မှုရှိသောအသံတစ်ချို့အား ညည်းပြလာသည့် တဖြည်းဖြည်းကြမ်းရှလာသော သူ၏အသံကို နားထောင်နေခဲ့သည်။
ဖန်းရှောက်ယိ သူ၏ဦးခေါင်းကို တစ်ဖက်လှည့်လိုက်ပြီး မျက်ခုံးများတွန့်ချိုးကာ အသံတိတ်ဆဲရေးလိုက်၏။ ထို့နောက် ယွမ်ယယ်၏လက်ကို ဆွဲဖယ်လိုက်ပြီး စောင်အစွန်းကိုမကာ ယွမ်ယယ်ကို ထိုစောင်နှင့် အားထည့်၍လှိမ့်လိုက်သည်။ ထို့နောက် တည်ငြိမ်စွာပြောလိုက်လေ၏။ "ရူးကြောင်ကြောင်လုပ်မနေဘဲ အိပ်တော့။"
ယွမ်ယယ်တစ်ယောက် ရွက်ဖျင်တဲနံရံဘက် မျက်နှာမူလိုက်ပြီး ရယ်မောနေခဲ့လေသည်။ စောင်အပြင်ဘက်မှာ သူ၏ခေါင်းတစ်ဝက်ကိုသာ မြင်နေရသော်လည်း ရယ်နေသောကြောင့် သူ၏ခန္ဓာကိုယ် မည်မျှလှုပ်ခါနေကြောင်း မြင်နေရပေ၏။ ဖန်းရှောက်ယိ အထဲကနေ ရွက်ဖျင်တဲကိုဇစ်ပိတ်လိုက်ပြီး ယွမ်ယယ်ဘေးတစ်ဖက်၌ လှဲချလိုက်သည်။
ယွမ်ယယ်၏ ရန်စသောအပြုအမူက သူကိုယ်တိုင်ကိုလည်း ချွေးပြန်သွားစေ၏။ သူ ဖန်းရှောက်ယိကို ကျောပေးထားပြီး သူ့မျက်နှာပေါ်ရှိအပြုံးတို့က တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့သည်။ ယွမ်ယယ်တစ်ယောက် မျက်လုံးများပြူးကျယ်နေပြီး သူ့ရှေ့ရှိ ရွက်ဖျင်တဲနံရံကို စိုက်ကြည့်နေခဲ့သည်။
သူ့ကိုယ်ထဲရှိ ဆဲလ်များအားလုံးက တက်ကြွနေပြီး အိပ်စက်ရာအိတ်ထဲမှ သူ့နံဘေးမှာရှိနေသူ၏ သေးငယ်သောလှုပ်ရှားမှုတိုင်းကို သူ ခံစားမိနေ၏။ ဖန်းရှောက်ယိ ပိုမိုလှုပ်ရှားလာတိုင်း ယွမ်ယယ် ကြက်သီးများထမိလာခဲ့ရသည်။
ခဏအကြာတွင် သူ စောင်ထဲလှောင်ပိတ်နေခြင်းကို ထပ်ပြီးသည်းမခံနိုင်တော့ပေ။ ထို့ကြောင့် စောင်ကိုဆွဲလှန်ကာ တစ်ဝက်ကို ဖန်းရှောက်ယိပေါ်သို့ ပစ်တင်ပေးလိုက်၏။
၎င်းတို့နှစ်ယောက်လုံး ထိုအတိုင်းသာ အိပ်စက်ခဲ့ကြသည်။
အတူတူအိပ်ရတာ အဆင်မပြေဖြစ်စရာ ဘာမှမရှိသလို အခြားခံစားချက်များလည်းမရှိပေ။ ၎င်းတို့က ဆယ်နှစ်ကျော်ကြာတဲ့အထိ အတူတကွအိပ်စက်ခဲ့ဖူးသဖြင့် နှစ်ဦးသား ဘေးချင်းကပ်လှဲနေရခြင်းက ခေါင်းအုံးနှင့်စောင်များကဲ့သို့ သဘာဝကျလှပေ၏။ ကွဲကွာနေခဲ့သော တစ်နှစ်ကျော်အချိန်က အတော်လေးရှည်လျားသော်လည်း နှစ်ဦးသား အတူတူကုန်ဆုံးခဲ့သောအချိန်များနှင့် ယှဥ်လျှင်တော့ ပြောပလောက်စရာမဟုတ်တော့ပေ။
မနက်ခင်းတွင် ယွမ်ယယ် မျက်လုံးများပွင့်လာချိန်၌ ဖန်းရှောက်ယိကိုမြင်လိုက်ရသောအခါ ထိတ်လန့်သွားပြီး အပြည့်အဝနိုးလာရန် အချိန်ခဏယူလိုက်ရ၏။ ဖန်းရှောက်ယိက သူနှင့်မျက်နှာချင်းဆိုင်၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။
အပြင်ဘက်တွင် မှောင်နေဆဲဖြစ်ကာ ယခုလိုအချိန်မျိုးတွင် တောင်ပေါ်၌ အေးနေပေ၏။ ယွမ်ယယ်တစ်ယောက် ဆီးသွားဖို့ အမှန်တကယ်လိုအပ်နေသော်လည်း မလှုပ်ရှားချင်ခဲ့ပေ။ ထိုနေရာ၌ပင် လှဲနေပြီး ဖောက်မြင်နိုင်သော ရွက်ဖျင်တဲခေါက်မိုးမှတစ်ဆင့် မီးခိုးရောင်ကောင်းကင်ကြီးကို စိုက်ကြည့်နေခဲ့သည်။
ယခင်က သူ စာအုပ်ထဲတွင် စာတစ်ကြောင်းရေးခဲ့ဖူးပြီး ယခုအခိုက်အတန့်၌ အကြောင်းတစ်ခုခုကြောင့် ရုတ်တရက် သတိရမိသွား၏။
'လူတိုင်းက ကောင်းကင်ကြီးကို မီးခိုးရောင်ပဲလို့ပြောကြပေမဲ့ ငါ့အတွက်တော့ အမြဲတမ်းအပြာရောင်ပဲဖြစ်ခဲ့တယ်။ နောက်ကျ ငါက မီးခိုးရောင်လို့ပြောတော့ သူတို့က အဲ့ဒါကို အနက်ရောင်တဲ့။'
...
၎င်းတို့က ထိုနေရာ၌ သုံးရက်ကြာရိုက်ကူးရမည်ဖြစ်ပြီး ရှေ့တစ်ရက်က တောင်တက်ခဲ့ပြီးနောက် ယနေ့တွင် ရေထဲ၌ ကစားကြရလိမ့်မည်။ ကျွန်းပေါ်ရှိရှုခင်းက ရင်သပ်ရှုမောဖွယ်ကောင်းပြီး ငေးကြည့်နေရရုံဖြင့် လုံလောက်ပေသည်။ ၎င်းတို့တွေ တောင်တက်ဖို့အတွက် နေ့တစ်ဝက်လောက်အချိန်ယူလိုက်ရသော်လည်း အဆင်းကတော့ ပိုမြန်၏။
အားလုံး တောင်ပေါ်ကဆင်းလာရင်း ကျောပိုးအိတ်များထဲ ပြည့်နှက်နေသောအသီးများကို သာမန်ကာလျှံကာ အင်္ကျီများဖြင့်ပွတ်သုတ်၍သာ စားခဲ့ကြသည်။
ရေထဲတွင်ကစားရခြင်းက မပင်ပန်းပေ။ ၎င်းမှာ ကမ်းခြေ၌ ရူးကြောင်ကြောင်ဂိမ်းတစ်ချို့ ကစားရခြင်းသာဖြစ်ပြီး စုံတွဲတစ်တွဲကို တစ်ယောက်သာ ကစားရ၏။ ယွမ်ယယ်က သူ့ပုခက်ကိုချိတ်ဆွဲဖို့ နေရာတစ်ခုရှာတွေ့ခဲ့ပြီး အခြားသူများ အစီအစဥ်ရိုက်ကူးရေးအတွက် ဂိမ်းများဆော့ကစားနေကြစဥ် သူက ထိုနေရာ၌ လဲလျောင်းကာ စာဖတ်နေခဲ့သည်။ သစ်ပင်အရိပ်များက သူ့ကို လုံးဝနီးပါးဖုံးအုပ်နေရာ စိတ်အေးလက်အေးခံစားရပြီး အနည်းငယ်ငိုက်မျဥ်းစပြုလာခဲ့သည်။
ထိုစဥ် လူငယ်ဒါရိုက်တာက ပြောလာ၏။ "ယွမ်လောင်ရှီးကိုကြည့်ရတာ အရမ်းသက်တောင့်သက်သာရှိနေတဲ့ပုံပဲနော်။"
ယွမ်ယယ်က သူ(မ)ကိုတစ်ချက်ကြည့်ကာ မေးလိုက်သည်။ "မင်းရော စီးကြည့်ချင်လား။"
လူငယ်ဒါရိုက်တာက အလျင်အမြန်လက်ယမ်းပြလာ၏။ "မလိုပါဘူး၊ မလိုပါဘူး၊ လောင်ရှီးပဲ ဆက်လှဲနေပါ။"
ယွမ်ယယ် ပြုံးပြလိုက်ပြီး မျက်လုံးများကို တစ်ဖန်ပြန်မှိတ်လိုက်သည်။ "ကျွန်တော်က မေးကြည့်ရုံတင်ပါ၊ အတည်မယူလိုက်နဲ့ဦး။ တကယ်လို့ မင်းက စီးကြည့်ချင်တယ်ဆိုရင်တောင် ကျွန်တော်က ခွင့်မပြုဘူးရယ်။ ဒါက ကျွန်တော့်ရဲ့ တော်ဝင်သလွန်တော်လေ၊ တခြားသူတွေ အိပ်ချင်တိုင်း အိပ်လို့ရမလား။"
"ယွမ်လောင်ရှီးက အရမ်းရယ်ရတာပဲ။" လူငယ်ဒါရိုက်တာက ပြောလိုက်ပြီး အတော်ကြာတဲ့အထိ ရယ်မောနေခဲ့သည်။
ယွမ်ယယ်က သူ(မ)ကို ပြောလိုက်၏။ "တည်းဖြတ်တဲ့အချိန်ကျ 'တော်ဝင်ကြင်ယာတော်ယွမ်' ဆိုပြီး ကျွန်တော်ရဲ့မျက်နှာဘေးမှာ ခေါင်းစဥ်ရေးဖို့ ရောင်စုံစာလုံးတွေသုံးပေးနော်။ ထားလိုက်ပါတော့၊ အဲ့ဒါကို မေ့လိုက်၊ 'ကြင်ယာတော်ယယ်'* ကမှ ကျွန်တော်နဲ့ပိုလိုက်တာ။"
[*ကြင်ယာတော်အရိုင်းလေး။]
လူငယ်ဒါရိုက်တာက ရယ်မောကာဖြင့် သူ့ကိုမေးလာခဲ့သည်။ "လောင်ရှီးဖတ်နေတာက ဖုန်းလောင်ရှီးရဲ့စာအုပ်အသစ်လား။ ကျွန်မလည်း ဝယ်ထားပေမဲ့ ဖတ်မကြည့်ရသေးဘူး။"
ထိုအခါ ယွမ်ယယ်က စာအုပ်ကို ကင်မရာများရှေ့မြှောက်ပြလိုက်၏။ "အာ၊ ဒါဆို အနီးကပ်ရိုက်ပြပါလား။ အားလုံးပဲ ဖုန်းလေကျစ်ရဲ့စာအုပ်အသစ်ကို တစ်ချက်ကြည့်လိုက်ကြပါ။ စာအုပ်အဖုံးပေါ်က သူ့ရဲ့ဓါတ်ပုံလေ။ အဲ့ဒါကြောင့် ဘယ်သူမှမဖတ်ကြပါနဲ့။"
သူက စာအုပ်ကို ကင်မရာရှေ့တွင် ပေါ့ပေါ့ပါးပါးလှန်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော် ဖတ်ဖို့အချိန်မရှိလို့ သူ့ကို မလိုချင်ဘူးလို့ပြောခဲ့သေးတယ်။ ဖုန်းလေကျစ်ရဲ့ ဇာတ်ကွက်တွေ ဘယ်လိုလာမလဲဆိုတာ ကျွန်တော် မဖတ်ဘဲနဲ့တောင် ခန့်မှန်းနိုင်တယ်။ ဒါတောင် သူက ကူးပြီးတော့တောင် ကျွန်တော့်ဆီပို့လာသေးတယ်။ ကျွန်တော် အဲ့ဒါကိုကြည့်လိုက်တော့ အို၊ ထင်ထားတာနဲ့ ကွက်တိပဲ။ သူရေးတာတွေက ထပ်နေပြီလေ၊ သူပြောတာတော့ ဒါက လိုင်းပေါ်မှာ ရောင်းအားအကောင်းဆုံးစာအုပ်ဆိုပဲ?"
ယွမ်ယယ်က လူငယ်ဒါရိုက်တာကို မေးလိုက်သည်။ "ဒါက တကယ်ရောင်းအားအကောင်းဆုံးစာအုပ်လား။"
လူငယ်ဒါရိုက်တာက ပြုံးလျက် ခေါင်းယမ်းပြခဲ့သည်။ "ကျွန်မ အဲ့ဒါတော့ မသိဘူးပဲ။"
"ဒါက ကျွန်တော်ထက် သာသွားပြီလား။" ယွမ်ယယ်က မျက်ခုံးအစုံပင့်ကာ ကင်မရာကိုကြည့်၍ ပြောလိုက်သည်။ "ဒီအစီအစဥ်ကိုကြည့်နေတဲ့ထဲ ကျွန်တော်ရဲ့ ပရိသတ်တွေပါကြလား။ ကျွန်တော့်ရဲ့ပရိသတ်တွေ ဒါကို မဝယ်ကြနဲ့နော်။ ဦးလေးယယ်ပြောတာကို နားထောင်ကြ၊ ဒီစာအုပ်က ဖတ်ရတာ မတန်ဘူး။"
ယွမ်ယယ် စကားပြောအပြီးတွင်တော့ ထိုနေရာမှာ လဲလျောင်းလျက် အချိန်အတော်ကြာရယ်နေခဲ့ပြီး ဖုန်းလေကျစ်၏မကောင်းကြောင်းများကို ဆက်ပြောနေခဲ့သည်။ ကင်မရာဆရာကလည်း ထိုအရာအားလုံးကို အမိအရ ရိုက်ကူးနေခဲ့၏။
တကယ်တမ်းတော့ ယွမ်ယယ်က ဤအစီအစဥ်ကနေတစ်ဆင့် သူ၏သူငယ်ချင်းကို ကြော်ငြာပေးရန် အခွင့်အရေးယူလိုက်ခြင်းဖြစ်သည်။ သူနှင့် ဖုန်းလေကျစ်က နှစ်ပေါင်းများစွာ ရင်းနှီးခဲ့ကြပြီး ကျောင်းတက်စဥ်ကတည်းက အတူတူရှိခဲ့ကြသည်။ သူတို့မှာ အလွန်ရင်းနှီးပြီး ခိုင်မာသောသံယောဇဥ်ရှိပေ၏။ ၎င်းတို့ကလည်း သူတို့၏ဆက်ဆံရေးကောင်းသည်ကို သိထားကြပြီး ထိုအတွက်ကြောင့်သာ ယွမ်ယယ်ကလည်း သူ့ကို ဟာသလုပ်ရဲခြင်းပင်။
မိန်းကလေးများပါသောအဖွဲ့များက မိန်းကလေးများကို အနားပေးထားခဲ့ပြီး ယောက်ျားလေးနှစ်ယောက်ဖြစ်သော ချီရှင်းနှင့် ချိန်ရွှင်တို့က တစ်လှည့်စီအနားယူခဲ့ကြသည်။ ယွမ်ယယ်ကတော့ သူ့နေရာကပင် ရွှေ့ကိုမရွှေ့တော့ချေ။
နောက်ပိုင်းတွင် လူငယ်ဒါရိုက်တာက သူ့ကိုမေးလာ၏။ "ယွမ်လောင်ရှီး ကစားပွဲမှာ နည်းနည်းလောက်ဖြစ်ဖြစ် သွားမကစားတော့ဘူးလား။"
"ကစားရမယ်?" ယွမ်ယယ်က ပြန်ပြောလိုက်သည်။ "မလိုပါဘူး။ သူတို့က ရေထဲမှာ ပြိုင်နေကြတာပဲ၊ ပြီးတော့ ကျွန်တော် ဖန်းလောင်ရှီးကို မယှဥ်နိုင်ဘူး။ သူက မီတာ ၁၀၀၀၀ ကိုတောင် မမှုဘဲ ပြေးနိုင်တယ်။ မမေ့လိုက်နဲ့ဦးနော်၊ ကျွန်တော်က တော်ဝင်ကြင်ယာတော်တစ်ယောက်ပါပဲ။"
ခဏအကြာတွင် ကစားပွဲက ထပ်ပြောင်းသွားခဲ့သည်။ အခြားအသင်းများက ကစားသမားများလဲလိုက်ပြီး ချီရှင်းက ဖန်းရှောက်ယိကို မေးလာခဲ့၏။ "ကော၊ မပင်ပန်းဘူးလား။ ယယ်ကောကို ခဏလောက် ဝင်ကစားခိုင်းလိုက်ပါလား။"
ဖန်းရှောက်ယိက ယွမ်ယယ်ကို လှည့်ကြည့်လိုက်ပြီး အပြုံးလေးဖြင့် ခေါင်းယမ်းလိုက်သည်။ "မလိုပါဘူး။ မနေ့ကတစ်နေ့လုံး သူ တောင်ပေါ်မှာ ပြေးလွှားနေခဲ့တာလေ၊ ပြီးတော့ သစ်ပင်လည်းတက်ခဲ့သေးတယ်၊ သူပင်ပန်းနေပြီမို့ အနားယူပါစေ။"
ရိုက်ကူးရေးက ယခုဆို နှစ်ရက်မြောက်ဖြစ်ပြီး ယွမ်ယယ်သည်လည်း ၎င်းတို့၏စည်းချက်ကို ရှာတွေ့ခဲ့သည်။ ၎င်းတို့က အစကလောက် တိတ်ဆိတ်မနေတော့ပေ။ သူ ဂိမ်းမကစားနေလျှင်တောင် စကားဝိုင်းကို မည်သို့ဆက်ထိန်းထားရမလဲသိပြီး ကင်မရာအဖွဲ့သားများအား ရိုက်ကူးစရာရရန် တစ်စုံတစ်ခုကို အမြဲပေးလေ့ရှိသည်။
၎င်းတို့ကို အစီအစဥ်ရိုက်ကူးရေးအတွက် အခကြေးငွေပေးထားသည်ဖြစ်ရာ သူတို့ကလည်း ကောင်းကောင်းလုပ်ပေးရမည်။ ရိုက်ကူးရန် သို့မဟုတ် တည်းဖြတ်ရန် ဘာမှမရှိလျှင် ထုတ်လုပ်ရေးအဖွဲ့၏ငွေများက အလဟဿဖြစ်သွားလိမ့်မည်။
ယနေ့ ၎င်းတို့တွေ ထိုနေရာမှာ ရိုက်ကူးရေးနောက်ဆုံးနေ့ဖြစ်ပြီး မနက်ဖြန်တွင် အားလုံး သီးခြားစီပြန်ကြရလိမ့်မည်။ ယနေ့ည အင်တာဗျူးတစ်ခုလုပ်ရမည်ဖြစ်ပြီး ဒါရိုက်တာတစ်ဦးစီတွင် မေးခွန်းတစ်စုံစီရှိပေ၏။ ထို့နောက် အင်တာဗျူးအပိုင်းများကို အပိုင်း၏အလယ်တွင် တည်းဖြတ်ကြလိမ့်မည်။ ၎င်းမှာ သူတို့၏ပထမဆုံးအပိုင်းဖြစ်သောကြောင့် အထူးအရေးကြီးပေသည်။ မူလက အင်တာဗျူးကဏ္ဍကို အစီအစဥ်မစမီ ရိုက်ကူးရမည်ဖြစ်သော်လည်း သူတို့၏အချိန်ဇယားကြောင့် ယခုအချိန်သို့ ရွှေ့လိုက်ရခြင်းဖြစ်သည်။
၎င်းတို့တွေ တစ်ဦးချင်းရိုက်ကူးရမည်ဖြစ်ပြီး ယွမ်ယယ်က ဖန်းရှောက်ယိထက်အရင် သူ၏အင်တာဗျူးကို ရိုက်ကူးခဲ့လေသည်။ အဖွဲ့သားများက အခန်းတစ်ခန်းရှာခဲ့ပြီး နောက်ခံများပြင်ဆင်ကာ အင်တာဗျူးကို စတင်ခဲ့ကြ၏။
လူငယ်ဒါရိုက်တာက ယွမ်ယယ်ကို မေးလာခဲ့သည်။ "လောင်ရှီးက အမြဲတမ်း သိုသိုသိပ်သိပ်ပဲနေတတ်ပြီး လူထုအမြင်ထဲကို ပေါ်လာခဲတယ်နော်။ လောင်ရှီး လက်ထပ်ပြီးကတည်းက အတော်လေးကို လျှို့ဝှက်ဆန်းကြယ်သွားတာပဲ။"
ယွမ်ယယ်က မျက်ခုံးပင့်လျက် သူ(မ)ကိုကြည့်ကာ ပြောလိုက်သည်။ "လျှို့ဝှက်ဆန်းကြယ်တယ်? မဟုတ်တာ။ ကျွန်တော် စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ရေးခဲ့ပြီး ပရိုမိုရှင်းနဲ့ ပွဲတွေအကုန်လုံးကိုလည်း တက်ခဲ့တယ်လေ။ အဲ့လောက်ကြီး လျှို့ဝှက်ဆန်းကြယ်နေတာမျိုးမဟုတ်ပါဘူး။"
လူငယ်ဒါရိုက်တာက ပြန်ပြောလိုက်သည်။ "ဖန်းလောင်ရှီးနဲ့ပတ်သက်ပြီးပြောနေကြတဲ့ ဖျော်ဖြေရေးနယ်ပယ်ထဲက ကိစ္စတွေကို လောင်ရှီးသိလား။"
ယွမ်ယယ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အင်း၊ ကျွန်တော်က ဖျော်ဖြေရေးနယ်ပယ်ထဲကမဟုတ်ဘဲ သာမန်လူတစ်ယောက်ပါပဲ။"
ဒါရိုက်တာက သူ့ကိုမေးလာ၏။ "လောင်ရှီးနဲ့ ဖန်းလောင်ရှီးတို့က ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ခဲ့ကြတာနော်၊ အဲ့အချိန်တုန်းက ဘာတွေတွေးဖြစ်ခဲ့ကြသေးလဲ။ ဘယ်လိုဖြစ်ပြီး အဲ့လိုလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြတာလဲ။"
ယွမ်ယယ်က ရယ်မောလျက် သူ၏နဖူးကိုပွတ်သပ်လိုက်၏။ "တကယ်တော့ ကျွန်တော့်မှာ ဘာအတွေးမှရှိမနေခဲ့ဘူး။ အဲ့ဒီအချိန်တုန်းက ကျွန်တော်လုပ်ချင်တဲ့ဘယ်အရာကိုမဆိုကို လုပ်လိုက်တာပဲ။ ကျွန်တော်လက်ထပ်ချင်ရင် လက်ထပ်လိုက်မယ်။ တခြားဘာကိုမှ တွေးမနေဘူး။"
အင်တာဗျူးမှာ မေးခွန်းအနည်းငယ်ဖြင့် အတော်လေး ရိုးရှင်းပြီး ယွမ်ယယ်ကလည်း သူ၏အဖြေများနှင့် ကောင်းကောင်းပူးပေါင်းဖြေဆိုပေးခဲ့သည်။ သူတို့ ပြောဆိုနေကြစဥ် ယွမ်ယယ် ဤကဲ့သို့အတွေးမဝင်ဘဲ မနေနိုင်ခဲ့ပေ - 'ဒီလိုအင်တာဗျူးမျိုးကို ကိုင်တွယ်နိုင်တာ ငါ တကယ်အသက်ကြီးလာလို့ဖြစ်မယ်၊ အတိတ်တုန်းကသာဆို ဘယ်သူက ငါ့ကို ဒီလောက် သေသေချာချာမေးခွန်းထုတ်နိုင်မှာလဲ? ငါကလည်း ဘယ်တော့မှ ပူးပေါင်းပေးမှာ မဟုတ်ဘူး။'
ယွမ်ယယ်သည် မရင်းနှီးသောလူများမှ သူ့ကို အဆုံးမရှိသောမေးခွန်းတို့မေးလာသည်ကို မုန်းတီးပြီး 'ငါ ဘာတွေးတွေး မင်းကဘာမို့လို့ ဂရုစိုက်နေရတာလဲ? မင်းနဲ့ ဘာဆိုင်လို့လဲ? မင်းကိုယ်မင်း ဘယ်သူလို့ထင်နေလို့လဲ' ဟု သူ့စိတ်ထဲ တွေးတတ်သူဖြစ်၏။
သူက ၎င်းကို ထူးထူးခြားခြားနှစ်သက်လာခြင်းမရှိသော်ငြား အရင်ကလောက်တော့ မငြင်းဆန်တော့ပေ။ ကမ္ဘာကြီးအား အုပ်စိုးရသလိုခံစားရစေသည့် မောက်မာမှုများက အသက်အရွယ်ရလာသည်နှင့်အမျှ အနည်းငယ်မှေးမှိန်သွားပုံပင်။
လိုအပ်သည့်မေးခွန်းအားလုံးကို မေးမြန်းပြီးနောက် လူငယ်ဒါရိုက်တာက နောက်ပြောင်ကာ မျက်စိတစ်ဖက်မှိတ်ပြခဲ့ပြီး ထပ်ဆောင်းမေးခွန်းတစ်ခုကို မေးလာ၏။ "လောင်ရှီးနဲ့ ဖန်းလောင်ရှီးတို့ နှစ်တွေအတော်ကြာအောင် ချစ်ခဲ့ကြပြီး အမြဲတမ်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်ဆိုတာ ကျွန်မတို့အားလုံး သိကြပါတယ်။ ကျွန်မ လျှို့ဝှက်မေးခွန်းလေးတစ်ခုလောက် မေးလို့ရမလား။ ဘယ်သူက ဘယ်သူ့ကို အရင်လိုက်ခဲ့တာလဲ။"
ယွမ်ယယ် မမျှော်လင့်ထားသောမေးခွန်းကို မငြင်းဆိုခဲ့ပေ။ အတိတ်ကို ပြန်သတိရမိလိုက်သောအခါ ယွမ်ယယ်လိုလူမျိုးပင်ဖြစ်လင့်ကစား သူ၏မျက်လုံးများထဲရှိ အကြည့်များက ပျော့ပျောင်းသွားခဲ့၏။ သူက နှုတ်ခမ်းထောင့်ပင့်ကာ ရယ်ရယ်မောမောပြန်ပြောခဲ့လေသည်။ "ကျွန်တော်က အရင်လိုက်တာပါ။ ဖန်းလောင်ရှီးက အမြဲတမ်း ထူးချွန်ထက်မြတ်တဲ့လူတစ်ယောက်လေ။ အဲ့ဒါကြောင့် လူတိုင်း သူ့ကိုသဘောကျတယ်ဆိုတာ အံ့သြစရာတော့မဟုတ်ပါဘူး၊ ဟုတ်တယ်မလား။"
လူငယ်ဒါရိုက်တာက သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်တာပေါ့၊ ဖန်းလောင်ရှီးက ငယ်ငယ်ကတည်းက နာမည်ကြီးနေပြီ။"
ယွမ်ယယ်က စကားအဆုံးသတ်ရန်ပြင်လိုက်သော်လည်း သူ(မ)ဆီကနေ ထိုစကားကိုကြားလိုက်ရသောအခါ ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ကင်မရာကိုကြည့်၍ ပြောလိုက်လေ၏။ "သူက တောက်ပနေသည်ဖြစ်စေ၊ မှေးမှိန်နေသည်ဖြစ်စေ၊ နာမည်ကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ၊ သူက ဖန်းရှောက်ယိဖြစ်နေဦးမှာပါ။ သူ အော်စကာဆုရခဲ့ရင်တောင် သူက ဖန်းရှောက်ယိပါပဲ။ သူက စတားတစ်ယောက်ဖြစ်နေပါစေ၊ မိသားစုနောက်ခံ ဘယ်လိုပဲရှိရှိ သူက အမြဲတမ်း ထူးချွန်နေမဲ့သူတစ်ယောက်ပါ။"
ယွမ်ယယ်က ဒေါသကြီးသလို ပြတ်ပြတ်သားသားပြောတတ်သည်ဟု နာမည်ကြီးပြီး ထုတ်လုပ်ရေးအဖွဲ့က ယခုတစ်ကြိမ်၌ ပြင်ဆင်ထားခဲ့ကြ၏။ သူက ရိုက်ကူးရေးတစ်လျှောက်လုံး ပြောဆိုရလွယ်ကူခဲ့သော်လည်း သူ၏ပုဂ္ဂိုလ်ရေးခံစားချက်များကို ထုတ်ပြောသည်မှာ ယခုအချိန်က ပထမဆုံးအကြိမ်ပင်။
လူငယ်ဒါရိုက်တာ၏စကားများက ရည်ရွယ်ချက်ရှိရှိ ရန်စနေပြီး ဖန်းရှောက်ယိကို ဒုတိယမျိုးဆက်ကြယ်ပွင့်တစ်ယောက်ဟု ပြောချင်နေသည့်အလား။ လူတိုင်းသည် ဖန်းရှောက်ယိ ငယ်ငယ်လေးကတည်းက အောင်မြင်မှုရခဲ့သည်မှာ သူ၏ဖခင်ကြောင့်ဟု သိထားခဲ့ကြသည်။
ယွမ်ယယ် ၎င်းတို့၏ဗျူဟာကို လက်မခံနိုင်ပေ။ ထိုအရာမှာ ရည်ရွယ်ချက်ရှိရှိလုပ်နေမှန်း သိသော်လည်း သူ၏စိတ်ကိုပြောပြဖို့ ထိန်းမထားနိုင်ခဲ့ပေ။
သူပြောပြီးနောက် မေးလိုက်သည်။ "ဒါပဲလား၊ ထပ်မေးချင်တာ ကျန်သေးလား။"
လူငယ်ဒါရိုက်တာက ခေါင်းညိတ်ကာ ပြောလာခဲ့၏။ "ဒါ အကုန်ပါပဲ ယွမ်လောင်ရှီး၊ ဘာမှထပ်မလိုတော့ပါဘူး။"
ယွမ်ယယ်တစ်ယောက် 'အမ်း' ဟု တုံ့ပြန်လိုက်ပြီးနောက် ထရပ်ကာ တံခါးကိုတွန်းဖွင့်၍ ထွက်ခါလာခဲ့လိုက်သည်။
*****