no

Font
Theme

ထိုအစီအစဥ်တွင် စုစု​ပေါင်း စုံတွဲ​လေးတွဲပါဝင်ပြီး သာမန်အတွဲနှစ်တွဲနှင့် လိင်တူစုံတွဲနှစ်တွဲပါဝင်သည်။ တချို့က စတွဲခါစ၊ ချစ်စကြင်နာစစုံတွဲ​လေးများဖြစ်ပြီး တချို့ကတော့ လက်ထပ်ထားတာကြာပြီဖြစ်​သော စုံတွဲများဖြစ်ကြသည်။ 


ည​နေခင်းတွင် အခြားစုံတွဲများလည်း ​ရောက်ရှိလာခဲ့ကြ၏။ အစီအစဥ်အဖွဲ့သားများက အဆင့်သတ်မှတ်ချက်အမြင့်ဆုံးရရန် စိတ်ပိုင်းဖြတ်ထားကြပြီး ထိုစုံတွဲ​လေးတွဲမှာလည်း အဖိုးတန်​လေးများဖြစ်ရာ ​ငွေအ​မြောက်အများသုံးစွဲဖို့ ဆန္ဒရှိ​နေခဲ့သည်။ ဖန်း​ရှောက်ယိနှင့် ယွမ်ယယ်တို့အပြင် ​ဟောင်​ကောင်ရုပ်ရှင်ဘုရင်မနှင့် သူ(မ)၏ချမ်းသာကြွယ်ဝ​သောခင်ပွန်းတို့စုံတွဲ၊ ဖန်း​ရှောက်ယိနှင့် သက်တူရွယ်တူဖြစ်သည့် လတ်လတ်ဆတ်ဆတ်စုံတွဲ၊ ​နောက်ဆုံးအတွဲက မ​ရေရာ​သောလမ်း​ကြောင်း​ပေါ်​ လျှောက်လှမ်း​နေ​ဆဲဖြစ်ပြီး ၎င်းတို့၏ဆက်ဆံ​ရေးကိုပင် လူသိရှင်ကြား ဖွင့်ထုတ်မပြရ​သေးသည့် အသက်နှစ်ဆယ်​ကျော်စုံတွဲတို့ဖြစ်ကြသည်။ 


ဝါရင့်စုံတွဲနှစ်တွဲလုံးကမူ သြဇာကြီးမားပေ၏။ ၎င်းတို့က ဖန်း​ရှောက်ယိနှင့် ​မင်းသမီးချန်ရုတို့၏​နေရာအတွက် စာချုပ်ချုပ်ဆိုရန် ခက်ခက်ခဲခဲကြိုးစားအားထုတ်ခဲ့ရသည်။ အခြားစုံတွဲသစ်​နှစ်တွဲက လက်ရှိတွင် ၎င်းတို့၏ကိုယ်ပိုင်အ​ကြောင်းအရာများဖြင့် လူကြိုက်များကာ အလွန်​​ရေပန်းစားနေပြီး ၎င်းတို့၏အခ​ကြေး​ငွေကလည်း ​တော်​တော်များ​လှပြီး လက်မှတ်​ရေးထိုးရန်အတွက် ​စျေးမနည်း​ခဲ့ပေ။ 


အဖွဲ့တစ်ခုချင်းစီတိုင်း ​ရောက်ရှိလာချိန်၌ တစ်​ယောက်နှင့်တစ်​ယောက် နှုတ်ဆက်လိုက်ကြသည်။ ဖန်း​ရှောက်ယိနှင့် ချန်ရုတို့က အ​စောပိုင်းနှစ်များတွင် အတူတကွ လက်တွဲဖူးကာ ရုပ်ရှင်တစ်ကားကို အတူရိုက်ကူးခဲ့ဖူး​သော​ကြောင့် အချင်းချင်း အ​တော်​လေးရင်းနှီးကြ၏။ အခြားစုံတွဲနှစ်တွဲကိုမူ လုံးဝမရင်းနှီးဘဲ ယွမ်ယယ်​တောင် သူတို့အ​ကြောင်း မကြားဖူး​ပေ။ 


အငယ်ဆုံးက​လေးနှစ်​ယောက်က အယဥ်​ကျေးဆုံးနှင့် ​လေးစားသမှုအရှိဆုံးဖြစ်သည်။ သူတို့၏အမြင်မှာ ထိုလူများအားလုံးက စီနီယာများဖြစ်ကြပြီး ယခုလက်ရှိ၌ ၎င်းတို့က အလွန်​ရေပန်းစား​ကျော်ကြား​နေ​သော်လည်း အဆင့်ကွာခြားချက်က မ​သေးငယ်လှပေ။ 


ညစာကို ဟိုတယ်မှစီစဥ်​ပေးထားပြီး ၎င်းတို့အားလုံးအတူတကွ စား​သောက်ကြရသည်။ မည်သို့ပင်ဆို​စေ ၎င်းတို့က အစီအစဥ်ကို အတူတူရိုက်ကူးရမည်ဖြစ်ရာ ညစာစားရင်း တစ်​ယောက်နှင့်တစ်​ယောက် ရင်းနှီးမှုယူရန်ကလည်း အကြံကောင်းတစ်ခုပင်။ 


လင်းထျန်က ၎င်းတို့ကြားရှိလေထုကို အသက်ဝင်​အောင်ဖန်တီးရာ၌ အတတ်ကြွဆုံးပင်။ ​ဖျော်ဖြေ​ရေးအစီအစဥ်များတွင် နှစ်​ပေါင်းများစွာကျင်လည်ခဲ့ရာ စည်းချက်ကို မည်သို့ထိန်းချုပ်ရမည်ကိုလည်း နားလည်သ​ဘော​ပေါက်​သူဖြစ်၏။ အငယ်ဆုံးဖြစ်​သော ချီရှင်းနှင့် ချိန်ရွှင်တို့ကလည်း ​အ​တွေ့အကြံရှိပြီး ​ဖျော်ဖြေ​ရေးအစီအစဥ်များအတွက် စိတ်အားထက်သန်ကြ​သည်။ 


ချန်ရုနှင့် သူ(မ)၏အမျိုးသားက ​ဟောင်​ကောင်မှဖြစ်ပြီး ဟိတ်ကြီးဟန်ကြီးမရှိဘဲ ပွင့်လင်း​သောစိတ်သ​ဘောထားရှိကြသည်။ ဖန်း​ရှောက်ယိနှင့် ယွမ်ယယ်တို့ကသာ တိတ်ဆိတ်​နေခဲ့ပြီး စကား​ပြောဖို့ အစပျိုးခြင်းလည်းမရှိ​ခဲ့ပေ။ တစ်ခါတစ်ရံ အခြားသူများ၏အ​တွေးများကိုပင် လိုက်မမီနိုင်ဘဲ သူတို့ဘာ​ပြောချင်မှန်းကို နားမလည်​နိုင်ဖြစ်​နေခဲ့သည်။ 


ယွမ်ယယ်က ​ခေါင်းငုံ့ကာ သူ၏အစားအ​သောက်များကိုသာ စား​နေခဲ့ပြီး ဖန်း​ရှောက်ယိက ရံဖန်ရံခါ သူ့အတွက် ဟင်းများ၊ ဟင်းရည်များ ထည့်​ပေး​နေခဲ့သည်။ 


"ယွမ်​လောင်ရှီး၊ တစ်ချိန်လုံးစားမ​နေဘဲ ကျွန်​မတို့နဲ့ စကား​ပြောပါဦး။ ဟားဟား၊ ယွမ်​လောင်ရှီးက အရမ်းလက်​တွေ့ဆန်တာပဲ!" 


အ​ကြောင်းအရာက သူ့ထံသို့ ရုတ်တရက်ကျ​ရောက်လာ​သောအခါ ယွမ်ယယ် လင်းထျန်ကို ကြည့်လိုက်သည်။ တစ်ဖက်လူက သူ့ကို ပြုံးပြလျက်ရှိ​၏။ ယွမ်ယယ်က လူတိုင်းကို ပြုံးပြလိုက်​လေသည်။ "​ကောင်းပါပြီ၊ စကား​ပြောကြတာ​ပေါ့။" 


သူ၏​လေးနက်​သောတုံ့ပြန်မှုက စားပွဲရှိလူတိုင်းကို ရယ်​ပွဲကျသွား​စေခဲ့သည်။ ​ဖျော်​ဖြေ​ရေးအစီအစဥ်များတွင် စိတ်ခံစားချက်များကို အမြဲလိုလို ပုံကြီးချဲ့တတ်ကြ၏။ 


"သူ စားပါ​စေ။ ယွမ်​လောင်ရှီးက ဗိုက်ဆာတဲ့ချိန် မစားရရင် စိတ်မ​ကောင်းဖြစ်လာတတ်တယ်။" သူ့​ဘေးတွင်ထိုင်​နေ​​သော ဖန်း​ရှောက်ယိက ​ပြောလိုက်သည်။ 


သူက ယွမ်ယယ်၏ပန်းကန်လုံးထဲသို့ ဟင်းရည်တစ်ဇွန်းအပြည့် ခပ်ထည့်​ပေးလိုက်ပြီး အခြားသူများကို ​ပြောလိုက်၏။ "သူက စကားစမြည်​ပြောတဲ့​နေရာမှာ မ​တော်ဘူး​လေ၊ အဲ့ဒါကြောင့် သူစကား​ပြောရင် ​လေထုကိုဖျက်ဆီးလိုက်သလိုဖြစ်သွားလိမ့်မယ်။" 


ယွမ်ယယ်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး အပြုံး​လေးဖြင့်​ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်၊ ကျွန်​တော့်ရဲ့သူငယ်ချင်း​တွေဆို ကျွန်​တော်က စိတ်အ​နှောင့်အယှက်ဖြစ်​စေလို့ ကျွန်​တော့်ကို မ​ခေါ်ဘဲ စကား​ပြောတတ်ကြတယ်။" 


ထိုလူနှစ်​ယောက်က အများအားဖြင့် ​ခေါင်းစဥ်မရှာတတ်ကြဘဲ သူတို့၏ကိုယ်ပိုင်အလုပ်ကိုသာ အာရုံစိုက်တတ်ကြသည်။ ယွမ်ယယ်တစ်​ယောက် အတိတ်ကာလများတွင် weibo ၌ ပို့စ်များ မကြာခဏတင်​လေ့ရှိ​သော်လည်း မကြာ​သေးမီနှစ်များအတွင်း မတင်ဖြစ်တော့​ပေ။ ၎င်းတို့က ပြင်ပ​လောကအတွက် အ​တော်​လေးလျှို့ဝှက်ဆန်းကြယ်ပြီး လူအများ​ရှေ့ ထွက်​ပေါ်ခဲသည့် သိုသိုသိပ်သိပ်​နေတတ်သူများဖြစ်ကြသည်။ 


အစီအစဥ်အဖွဲ့သားများက ၎င်းတို့လည်း အစီအစဥ်တွင်ပါဝင်မည်ဟု ​သတင်းထုတ်​ဖော်လိုက်​သောအခါ ပရိတ်သတ်၏ခံတွင်း​တွေ့မှုကို​တောင် ​လျော့နည်း​သွားစေခဲ့သည်။ 


လင်းထျန်က အပြုံး​လေးဖြင့် ​မေးလိုက်သည်။ "​​ဒါဆို ​ကောတို့နှစ်​ယောက် အိမ်မှာ​ရော ဘယ်လိုမျိုးစကား​ပြောကြလဲ။ ​ကောတို့နှစ်​ယောက်လုံးကြည့်ရတာ စကားနည်းတဲ့ပုံပဲ။ မပျင်းကြဘူးလား။" 


ယွမ်ယယ်တစ်​ယောက် သူ့ဘာသာသူ​ တွေးလိုက်၏။ 'ဘယ်သူ့ကို ​ကောလို့လာ​ခေါ်​နေတာလဲ။ ​သူ(မ)ကဖြင့် သေချာ​ပေါက် ငါ့ထက်တစ်နှစ်​တောင် ကြီးတာကို။'


ထို့​နောက် သူက ​စ​နောက်လိုက်သည်။ "ကျွန်​တော်တို့က စကားနဲ့မ​ပြောကြဘူး​လေ။ ကျွန်​တော်တို့က မျက်ဝန်းချင်းစကား​ပြောကြတာမို့ တစ်အိမ်လုံး တိတ်ဆိတ်​နေတာပဲ။" 


စားပွဲတွင် ရယ်​မောသံများ ထပ်မံထွက်​ပေါ်လာခဲ့ပြန်သည်။ 


ဖန်း​ရှောက်ယိက စကားဝိုင်းကို လွှဲယူလိုက်ပြီး အခြားသူများနှင့် စကား​ဆက်ပြော​နေလိုက်သည်။ သူက ယွမ်ယယ်၏​​နောက်​ကျောဘက်သို့ လက်တင်လိုက်ပြီး သူ့ကို အစားဆက်စား​စေပြီး​နောက်မှ လက်ပြန်ရုပ်လိုက်၏။ 


ယွမ်ယယ် ဖန်း​ရှောက်ယိကို တစ်ချက်ကြည့်လိုက်ပြီး စကားဝိုင်းတွင် မိမိကိုမလိုအပ်​တော့သည်မို့ ​ခေါင်းငုံ့ကာ ဆက်စားရန် ဆုံးဖြတ်လိုက်​သည်။ ယွမ်ယယ် သူ၏စိတ်ဆိုး​ဒေါသထွက်မှုအဆင့်ကို ​ကျော်လွန်​တော့မည်ဟု ခံစား​နေရပြီး ဆူညံ​သော​လေထုကို သူ မနှစ်သက်​ပေ။ 


လူတိုင်း၏မျက်နှာ​ပေါ်မှ အပြုံးများက အတုအ​ယောင်များဖြစ်ပြီး ထိုစကားဝိုင်းကို ဆက်ထိန်းထားရသည်မှာ အလွန်ပင်ပန်းလှ​၏။ ဖန်း​ရှောက်ယိက သူ့ကိုကောင်း​​​ကောင်းနားလည်ပြီး မကြာမီ ယွမ်ယယ်၏စိတ်ရှည်သည်းခံမှုတို့ ကုန်ဆုံး​တော့မည်ကိုလည်း သိပေသည်။ 


စား​သောက်ပြီး​သောအခါ ယွမ်ယယ်က တူများကိုချလိုက်ပြီး တိတ်တဆိတ်ပင် ပါးစပ်သုတ်လိုက်၏။ ဖန်း​ရှောက်ယိက အခြားသူများနှင့် စကား​ပြော​​နေရင်းက​နေ သူ့ကိုလှည့်ကြည့်ကာ ​မေးလာခဲ့သည်။ "ဗိုက်ပြည့်သွားပြီလား။" 


"အင်း။" ယွမ်ယယ်က ​ခေါင်းညိတ်ပြလိုက်၏။ "မင်း ဘာမှလည်း သိပ်မစားဘူး။" 


ဖန်း​ရှောက်ယိက တိုးတိုး​​လေးပြောလာသည်။ "မင်း ​နေလို့မ​ကောင်းရင် ​စော​စောအနားယူလို့ရတယ်။ အဲ့ဒီအတွက် စိတ်ပူစရာမလိုဘူး။" 


ယွမ်ယယ်က ​ခေါင်းယမ်းပြကာ ​ပြောလိုက်၏။ "ဘာမှမဖြစ်ပါဘူး။" 


စား​သောက်ပြီး​နောက် ဘာအစီအစဥ်မှမရှိ​တော့ဘဲ လူတိုင်း ကိုယ့်အခန်းကို ပြန်သွားခဲ့ကြသည်။ ထိုရိုက်ကူး​ရေးက သူတို့၏နေ့စဥ်ဘဝများကို ဆက်လက်ရိုက်ကူး​နေ​ပေသည်။ 


ယွမ်ယယ် အခန်းထဲဝင်လိုက်သည်နှင့် အိပ်ရာ​ပေါ်လှဲချလိုက်ပြီး မျက်လုံးများမှိတ်ကာ ​ပြောလိုက်သည်။ "ငါ ပင်ပန်း​နေပြီ။" 


ဖန်း​ရှောက်ယိက အခန်းအပူချိန်ကို အနည်းငယ်မြှင့်လိုက်ပြီး ယွမ်ယယ်၏​ခြေ​ထောက်ကိုပုတ်ကာ ​ပြောလိုက်၏။ "ရေအရင်သွားချိုးလိုက်ဦး။" 


ယွမ်ယယ် မျက်လုံးများဖွင့်ကာ သူ့ကို ကြည့်လိုက်သည်။ မျက်လုံးချင်းဆုံသွား​သော်လည်း ယွမ်ယယ်က ဘာမှမ​ပြောဘဲ သူ့ကို တိတ်တဆိတ်သာ စိုက်ကြည့်​နေခဲ့သည်။ 


ထို့​နောက် သူက အခန်း​​နေရာတိုင်းမှ ရိုက်ကူး​နေဆဲဖြစ်​သော ကင်မရာများကို လှည့်ကြည့်လိုက်​လေ၏။ ယွမ်ယယ်တစ်​ယောက် ​ခေါင်းအုံးကို လှမ်းယူလိုက်ပြီး သူ့မျက်နှာကိုကွယ်လျက် အသံခပ်အုပ်အုပ်ဖြင့် ​ပြောခဲ့သည်။ "သူတို့က ရိုက်ကူး​နေတုန်းပဲ၊ ငါရှက်တယ်။" 


ဖန်း​ရှောက်ယိက ပြုံးလိုက်​ပြီး ထိုသို့ပြုံး​နေချိန်၌ သူ၏မျက်လုံး​များနှင့် မျက်ခုံးများက ​​နူးညံ့သွားလေ၏။ 


သူက အိပ်ရာ​ဘေးတွင်ရပ်လိုက်ပြီး လှဲအိပ်​နေ​သော ယွမ်ယယ်ကို ဒူးဖြင့်တွက်လိုက်သည်။ "ကျစ်၊ ဘာလို့အရမ်းရှက်​နေရတာလဲ။ သူတို့က အထဲလိုက်ဝင်ပြီး မင်း​ရေချိုး​နေတာကို​တော့ မရိုက်ပါဘူး။" သူက ရယ်​မောရင်း ​ပြောလိုက်သည်။ 


"ငါ ရှက်​နေတုန်းပဲ။ မင်းအရင် သွားချိုးလိုက်၊ ငါ​နောက်မှချိုးမယ်။" ယွမ်ယယ်က ပြန်​ပြောလိုက်သည်။ သူ၏လက်နှစ်ဖက်လုံးနှင့် ​ခေါင်းအုံးကိုဖိထားသဖြင့် သူ့အသံကို မကြားရသ​လောက်ပင်။ 


ဖန်း​ရှောက်ယိက ယွမ်ယယ်မျက်နှာ​ပေါ်မှ ​ခေါင်းအုံးကိုဖယ်လိုက်၏။ "အသက်ရှူကျပ်လိမ့်မယ်။" 


ယွမ်ယယ်၏မျက်လုံးများက နီရဲ​နေပြီး ​စော​စောက ​ခေါင်းအုံးဖြင့်ဖိထားရာ အသက်ရှူရခက်တဲ့အတွက်​ကြောင့် ဖြစ်နိုင်​ပေသည်။ 


ဖန်း​ရှောက်ယိက ထို​နေရာ၌ရပ်​နေပြီး သူ့ကိုကြည့်​နေ​သော်လည်း ယွမ်ယယ်က​တော့ သူနှင့်အကြည့်ချင်းဆုံဖို့ ငြင်းဆန်လိုက်၏။ သူက နှုတ်ခမ်းစူကာ တစ်ဖက်ကိုလှည့်လိုက်ပြီး ကင်မရာရှု​ထောင့်ကို ​ရှောင်လိုက်သည်။ 


ထို့​နောက် အိပ်​​မောကျသွားသကဲ့သို့ လှုပ်ရှားမှုမရှိ​တော့ဘဲ လဲလျောင်း​နေခဲ့​လေ၏။ 


ဖန်း​ရှောက်ယိက ​ရေချိုးရန်ဝင်သွားခဲ့ပြီး ကင်မရာဆရာက ယွမ်ယယ်ကို အနီးကပ်ရိုက်ရန် ​​ရှေ့သို့​လျှောက်လာခဲ့သည်။ 


​​ခေါင်းအုံးကို မျက်နှာအပ်လျက် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်​နေ​သော ယွမ်ယယ်က ကင်မရာကို လက်ဖြင့်ကွယ်လိုက်ပြီး နှာသံဖြင့် ​တောင်းဆိုလိုက်​သည်။ "သာ့​ကော၊ မရိုက်ပါနဲ့​တော့၊ တစ်​နေ့လုံး​ရိုက်​နေ​တော့တာပဲ။ ကျွန်​တော့်ကို အသက်ရှူခွင့်​လေး​ပေးပါဦး။" 


ဤသို့ဖြင့် ကင်မရာဆရာက သူ၏​ဦး​ခေါင်းအ​နောက်နှင့် နားရွက်​လေးတစ်ဖက်ကိုသာ ရိုက်ကူးနိုင်​ခဲ့သည်။ 


၎င်းမှာ ပထမရက်​၏ ရိုက်ကူး​ရေးအဆုံးသတ်ပင်။ ဖန်း​ရှောက်ယိ ဆံပင်​လေမှုတ်ပြီး​သောအခါ ကင်မရာဆရာက ပစ္စည်းများသိမ်းဆည်းပြီး ထွက်သွားခဲ့​​လေ၏။ ယွမ်ယယ်က အိပ်​ပျော်​နေသကဲ့သို့ တူညီ​သောအ​နေအထားအတိုင်း လဲလျောင်းလျက်ပင်။ 


ဖန်း​ရှောက်ယိက ပြတင်း​ပေါက်ဆီ​သို့ ​​ခြေသံဖွဖွ​လေးဖြင့် လျှောက်သွားခဲ့ပြီး မတ်တတ်ရပ်ကာ အပြင်ဘက်သို့ ကြည့်​နေခဲ့သည်။ အခန်းထဲမှာ လုံးဝတိတ်ဆိတ်​နေပြီး တစ်​ယောက်နှင့်တစ်​ယောက်၏ အသက်ရှူသံကို​တောင် မကြားရလုနီးပါးပင်။ 


ပြင်ပမှပင်လယ်​​လေများက ပြင်းထန်စွာတိုက်ခတ်​နေပြီး လူများကို ​အေးခဲသွား​စေနိုင်သည်။ အခန်းထဲမှ ရုတ်တရက်တုန်ခါလာ​သောဖုန်းသံ​က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ 


ယွမ်ယယ်က အိတ်ကပ်ထဲက​နေ ဖုန်းကိုလှမ်းယူကာ လဲလျောင်းလျက်ပင် ဖုန်း​ကိုင်လိုက်သည်။ "ဟယ်လို?" 


"ဟုတ်တယ်။ ကျွန်​တော် ဒီမှာ တစ်​နေ့လုံး ရိုက်ကူး​ရေးလုပ်​နေရတာ။" 


"...သူလည်း ဒီမှာပဲရှိတယ်။" 


"စိတ်မပူပါနဲ့။ အကုန်အဆင်​ပြေပါတယ်။" 


ယွမ်ယယ်က ရယ်​မောလိုက်ပြီး သူ၏အသံက အိပ်ရာ​ကြောင့် ခပ်အုပ်အုပ်ဖြစ်​နေသည်။ သူ၏ရယ်သံက ​ပေါ့ပါး​နေပြီး ပြုံးလျက်ပြောလိုက်သည်။ "ကျွန်​တော် နှစ်ဆယ့်သုံးနှစ်တုန်းက​တောင် ဒီလောက်ထိစိတ်မပူဘူး။ အခု ကျွန်​တော် သုံးဆယ့်သုံးနှစ်အရွယ် လူကြီးတစ်​ယောက်ဖြစ်​နေပါပြီ။ ဒါ့​ကြောင့် ကျွန်​တော့်အတွက် စိုးရိမ်​နေတာ​တွေ​လျှော့ပြီး ကိုယ့်ကိုယ်ကိုယ်ပဲ စိတ်ပူပါဦး၊ ဟုတ်ပြီလား ပါ​​မောက္ခယွမ်။" 


သူ ဖုန်းမချခင် စကားနည်းနည်းထပ်​ပြောခဲ့သည်။ 


ဖုန်း​ခေါ်ဆိုမှုကို ​ဖြေကြားခဲ့ပြီးဖြစ်ရာ ထပ်ပြီးဟန်​​ဆောင်​နေဖို့ အ​ကြောင်းမရှိ​တော့​ပေ။ ယွမ်ယယ်က သက်ပြင်းရှည်ကြီးချလိုက်ပြီး အိပ်ရာ​ပေါ်က​နေ ထထိုင်လိုက်သည်။ 


ဖန်း​ရှောက်ယိက သူ့ကိုလှည့်မကြည့်လာသလို ယွမ်ယယ်ကလည်း သူ့ကို မ​ခေါ်ခဲ့​ပေ။ 


သူတို့ တစ်ခန်းထဲ​အတူ​နေခဲ့သည်မှာ အလွန်ကြာ​ခဲ့​လေပြီ။ ​နွေး​နွေး​ထွေး​ထွေး သက်​တောင့်သက်သာဖြစ်​ခဲ့ဖူးသည်များမှာ ယခုမှာ​တော့ အ​တော်​လေး ကသိက​အောက်နိုင်​လှ၏။ ယွမ်ယယ် ​စော​စောကတစ်ချိန်လုံး အိပ်​​ပျော်မနေခဲ့​ပေ။ 


သူ့အိပ်ရာမဟုတ်တဲ့​နေရာမှာ ဘယ်လိုလုပ်ပြီး အိပ်​ပျော်နိုင်မှာလဲ။ 


​​စော​စောတုန်းက ဖန်း​ရှောက်ယိသည် သူ့ကို ​ရေချိုးရန်​ပြောထားသဖြင့် သူလည်း စိတ်ထဲဗလာကျင်းလျက် ရေသွားချိုးရန်ပြင်လိုက်သည်။ ယွမ်ယယ်တစ်​ယောက် သူ့ဦး​နှောက်ထဲမှ မည်သည့်အာရုံ​ကြောများ ချို့ယွင်းသွား​ကြောင်းကိုမသိ​သော်လည်း သူ၏စိတ်ခံစားချက်များက ရုတ်တရက်ထကြွလာပြီး မျက်လုံးများကျိန်းစက်လာ၏။ 


ဖန်း​ရှောက်ယိက ​အနောက်လှည့်ကာ သူ့ကို မည်သည့်စိတ်ခံစားချက်မှမပါ​ဘဲ ​တည်ငြိမ်​သော​လေသံဖြင့် ​မေးလာခဲ့သည်။ "အိမ်မှာ အစစအရာရာအဆင်​ပြေလား။" 


"အင်း၊ အဆင်​ပြေပါတယ်။" ယွမ်ယယ်ကလည်း တူညီ​သော​လေသံအတိုင်း ပြန်​ပြောလိုက်သည်။ 


ဖန်း​ရှောက်ယိ လှည့်ကြည့်လိုက်ရာ ယွမ်ယယ်က သူ့​ဘေးတွင်ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ကို ဒူး​ပေါ် ကန့်လန့်ဖြတ်တင်ထားသည်။ သူတို့နှစ်ဦးလုံး ​ပြောစရာစကားမဲ့​နေကြပြီး ခဏအကြာတွင် ယွမ်ယယ်က ​မေးလိုက်၏။ "ငါ အခန်းထဲမှာ ​ဆေးလိပ်​သောက်လို့ရလား။" 


ဖန်း​ရှောက်ယိက သူ့ကို မျက်ခုံးပင့်ကာကြည့်လိုက်သည်။ "​ဆေးလိပ်​သောက်မယ်?" 


ယွမ်ယယ် သူ၏အိတ်ကပ်ကို စမ်းကြည့်လိုက်ရာ မည်သည့်​ဆေးလိပ်မှမပါသည်ကို အမှတ်ရသွား၏။ အ​ကြောင်းအရင်းကမူ ယ​နေ့တွင် အစီအစဥ်ရိုက်ကူး​ရေးရှိသည့်အတွက်ကြောင့်ပင်။ သူက ​ခေါင်းယမ်းကာ ရယ်​မောလိုက်သည်။ "ထားလိုက်​တော့။" 


ဖန်း​ရှောက်ယိက သူ့ကိုစိုက်ကြည့်​နေမည်အား သိ​ပေ၏။ လူများ​ပေါ်ကျ​ရောက်လာသည့် သူ၏မျက်လုံးအကြည့်များက အား​ကောင်းပြီး နွေး​ထွေးလှသည်။ ယွမ်ယယ်​မော့မကြည့်လျှင်​တောင် ဖန်း​ရှောက်ယိ၏အကြည့်များက သူ့​အ​ပေါ်ကျ​ရောက်​နေမည်ကို ခံစားနိုင်​ပေသည်။ 


အခန်းတွင်း​လေထုက သိပ်သည်း​နေပြီး တင်းမာ​နေသကဲ့သို့ ခံစား​နေရ၏။ ယွန်ယယ် အသက်ပြင်းပြင်းရှူလိုက်ပြီး အကျင့်ပါစွာဖြင့် သူ၏​ဦးခေါင်းကို ပွတ်သပ်လိုက်သည်။ သူ့မျက်ခွံ​ဘေးမှ ​သေးငယ်​သောအမာရွတ်​လေးက အလင်း​ရောင်ထဲမှာ ပို၍သိသာလာသည်။ 


သူက ဖန်း​ရှောက်ယိကို ပြောလိုက်၏။ "​​နောက်ကျ​နေပြီ၊ မင်း ​စော​စောအနားယူ​တော့​လေ။ ငါလည်း ​ဆေး​ကြောပြီး အိပ်ရာဝင်​တော့မယ်။" 


ထုတ်လုပ်​ရေးအဖွဲ့က သူတို့အတွက် ဇိမ်ခံအခန်းတစ်ခန်းပြင်ဆင်​ပေးထား​သော်လည်း အိပ်ရာကမူ တစ်ခုတည်းသာပါ​ပေသည်။ ယွမ်ယယ်က ဤ​နေရာ၌မ​နေနိုင်ဘဲ ကျီ​ရှောင်​ထောင်းကို သူ့အတွက် အခန်းအပိုတစ်ခန်းငှားခိုင်းထားပြီး သူ၏ပစ္စည်းများအားလုံးကိုလည်း ထို​နေရာသို့ ​ရွေ့ထားပြီးဖြစ်၏။ 


သူထွက်သွား​တော့မည့်ဆဲဆဲတွင် ဖန်း​ရှောက်ယိက သူ့ကို ​ခေါ်လာခဲ့သည်။ "ယွမ်ယယ်။" 


ယွမ်ယယ်က ​ခေါင်းလှည့်ကြည့်ကာ ​ထူးလိုက်၏။ "အမ်?" 


ဖန်း​ရှောက်ယိက တည်ငြိမ်​သော​လေသံဖြင့်​ ပြောလာသည်။ "ဒီအစီအစဥ်က မင်းအတွက် စိတ်အ​နှောင့်အယှက်ဖြစ်တယ်လို့ခံစားရရင် ဆက်ပြီးရိုက်ကူး​နေစရာမလိုဘူး။ ပြန်သွားပြီး ကန်းကျင့်​ဝေကို ​ပြောလိုက်လို့ရတယ်။" 


ယွမ်ယယ် မျက်ခုံးပင့်ကာ သူ့ကိုကြည့်လိုက်သည်။ "မင်းက စိတ်အ​နှောင့်အယှက်ဖြစ်လို့လား။ မင်းအ​ပေါ်ပဲမူတည်တယ်၊ မင်း ဆက်မရိုက်ချင်​တော့ဘူးဆိုရင် နှုတ်ထွက်လိုက်လို့ရတယ်။ ငါအဆင်​ပြေတယ်။" 


ဖန်း​ရှောက်ယိက မျက်​မှောင်ကြုတ်ကာ သူ့ကိုစိုက်ကြည့်လိုက်၏။ "​မေးခွန်းကိုမ​ရှောင်နဲ့၊ ကိုယ်က မင်းကိုမေး​နေတာ။" 


ယွမ်ယယ်က ဂျာကင်အင်္ကျီနှင့် အနက်​ရောင်ဂျင်း​ဘောင်းဘီတို့ကို ​ပေါ့​ပေါ့ပါးပါး ဝတ်ဆင်ထားသည်။ သူက လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားပြီး မျက်နှာ​ပေါ်တွင် အပြုံးတစ်ပွင့်ဆင်မြန်းလျက် ကိုယ်တစ်ဝက်လှည့်ကာ ဖန်းရှောက်ယိကို ကြည့်လိုက်၏။ 


ဖန်း​ရှောက်ယိက ​ရေချိုးပြီးခါစဖြစ်ရာ တီရှပ်တစ်ထည်နှင့် sweatpants ကိုဝတ်ဆင်ထားပြီး လန်းဆန်း၍ သက်​တောင့်သက်သာဖြစ်​နေပုံ​ပေါ်၏။ ယွမ်ယယ်တွင်လည်း ထိုကဲ့သို့ တူညီ​​သောဝတ်စုံရှိပြီး တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို အိပ်ရာဝင်လျှင်ဝတ်အိပ်ဖို့ သူလည်း ထည့်ယူလာခဲ့သည်။ 


ရုတ်တရက် ယွမ်ယယ်က ရယ်​မောလျက် ဖန်း​ရှောက်ယိနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူက ဖန်း​ရှောက်ယိ၏မျက်နှာကို ဂရုတစိုက်အကဲခတ်​နေပြီး​နောက် ​အေးစက်ကာ ရွဲ့​စောင်း​သော​လေသံဖြင့်​ပြောလိုက်သည်။ "ငါ ​သေ​လောက်​အောင် စိတ်အ​နှောင့်အယှက်ဖြစ်တယ်။" 


ဖန်း​ရှောက်ယိ၏မျက်လုံးများက မည်း​မှောင်သွား​သော်လည်း သူစကားမ​ပြောနိုင်ခင် ယွမ်ယယ်က ဆက်​ပြောလာ၏။ "...ဒါ​ပေမဲ့ ငါဆက်ရိုက်ချင်​နေတုန်းပဲ။" 


​ယွမ်ယယ်က ရှေ့သို့ နှစ်လှမ်းမျှ​လျှောက်လာပြီး ဖန်း​ရှောက်ယိ၏တီရှပ်ကို ဆွဲကိုင်၍ မေးလိုက်သည်။ "မင်း ငါရူး​နေပြီလို့ ထင်လား။" 


ဖန်း​ရှောက်ယိ ယွမ်ယယ်၏မျက်လုံး​ထောင့်မှ အမာရွတ်​လေးကို သတိပြုမိ​လိုက်သည်။ ၎င်းက လွန်ခဲ့​သောနှစ်​ပေါင်းများစွာအကြာကတည်းက ရှိ​နေခဲ့ပြီး တစ်ချိန်က သိသာထင်ရှားခဲ့သော်လည်း ယခုမှာမူ အလင်း​ရောင်​ကောင်း​ကောင်းမရှိဘဲ မမြင်ရနိုင်​တော့​ပေ။ 


ဖန်း​ရှောက်ယိက ပြန်​ပြောလိုက်သည်။ "မင်း ဆက်မရိုက်ချင်​တော့ဘူးဆိုရင် မရိုက်​တော့ဘူးလို့ပဲ ​ပြောလိုက်လို့ရတယ်။ မင်းကိုယ်မင်း အတင်းတွန်းအား​​ပေး​နေစရာမလိုဘူး။" 


ယွမ်ယယ်က ​ခေါင်းညိတ်လိုက်ပြီး ​ဆေးလိပ်​​သောက်ချင်​နေ​​သောအမူအရာဖြစ်သည့် လက်ချောင်း​​​လေးများကို အမှတ်တမဲ့ပွတ်သပ်လိုက်၏။ ထို့​နောက် လှည့်ထွက်သွားပြီး သွားပြီဆို​သောအမူအရာဖြင့် လက်​မြှောက်ပြခဲ့လိုက်​လေသည်။ 


*****

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment