no

Font
Theme

မနက်​လေးနာရီတွင် ယွမ်ယယ်နှင့် ဖန်း​ရှောက်ယိတို့ ​အောက်ထပ်သို့ အတူတူဆင်းလာကြသည်။ ယွမ်ယယ်က သန်း​ဝေလျက် ​မေးလိုက်သည်။ "မင်းလုံးဝ အဆင်မ​ပြေမဖြစ်ဘူးလား။"

"မဖြစ်ဘူး။" ဖန်း​ရှောက်ယိက အလွန်နိုးကြား​နေဟန်ဖြင့် ​ပြောလာ၏။ "​ပြောရရင်​တော့ မင်းပဲ။ ကားထဲမှာ ထပ်ပြီး တစ်​ရေး​လောက်အိပ်​လိုက်။"

ယွမ်ယယ်က အသံပြုကာ ထပ်ပြီးသမ်း​ဝေလိုက်ပြန်သည်။

မ​နေ့ညက ယွမ်ယယ် ဖန်း​ရှောက်ယိကို နှိပ်နယ်​ပေးခဲ့ချိန်မှာ ဖန်း​ရှောက်ယိက သူ့​ပေါင်​ပေါ်တွင် အိပ်​ပျော်သွားခဲ့သည်။ ယွမ်ယယ်က ​​နေရာမ​​ရွှေ့ခဲ့ဘဲ ညသန်း​ခေါင်အထိ ထိုအတိုင်းသာ အရူးတစ်ယောက်လို ထိုင်​နေခဲ့၏။

ရိုက်ကူး​ရေးအစမှ အခုထိ ချန်ရု၏ချမ်းသာ​သောခင်ပွန်းအတွက် ​အဆင်​ပြေ​သည့် မစ်ရှင်ရှိလာခဲ့ပြီဖြစ်သည်။ အရင်တုန်းက သူတို့ဘာပဲ​ဆော့​ဆော့ သူက ​ဘိတ်ချီးတစ်​ယောက်ပင်။ သို့သော် သူနှင့်ချန်ရုတို့က ဆက်ဆံ​ရေး​ကောင်းမွန်ကြ​ပေပြီး သူတို့၏အကြည့်များထဲမှ ရင်းနှီးမှုနှင့် ထပ်တူကျမှုတို့မှည အတုအ​ယောင်မဟုတ်​ပေ။ ချန်ရုက သူပိုပြီး​လေ့ကျင့်ခန်းများများလုပ်သင့်သည်ဟု အမြဲတ​စေ စနောက်တတ်သည်။ သူက တစ်ချိန်လုံးဘိတ်​ချေးဖြစ်​နေသည်မှာ နည်းနည်း​လေးရှက်စရာ​ကောင်း​ပေသည်။

ယ​နေ့တွင် သူ ဟိုတယ်အပြင်သို့ထွက်လိုက်ချင်း ပြုံးကာ လူတိုင်းအား​ပြောလာ၏။ "ဒီ​နေ့ရဲ့ကစားပွဲကို ဘယ်လိုလုပ်ရမယ်ဆိုတာ ငါတကယ်သိသွားပြီ။"

ယွမ်ယယ် သူ့ကိုနှုတ်ဆက်ကာ အပြုံး​လေးဖြင့် တုံ့ပြန်လိုက်သည်။ "ကျွန်​တော်​တော့ ဒီ​နေ့ကစားပွဲကိုဘယ်လိုလုပ်ရမယ်ဆိုတာ တကယ်မသိဘူး။"

ချန်ရုသည် သူ(မ)၏ခင်ပွန်းကိုတွက်ကာ စစ​နောက်​နောက်ဖြင့်ပြန်​ပြောခဲ့၏။ "ရှင် ​ပြောရဲ​သေးတယ်​ပေါ့၊ ​ကြွားဝါ​နေတာ​ကို တော်လိုက်ပါ​တော့။"

ယ​နေ့ ၎င်းတို့ ​skydiving လုပ်ရမည်ဖြစ်သည်။ ထုတ်လုပ်​ရေးအဖွဲ့က ၎င်းတို့၏ကျန်းမာ​ရေးအ​ခြေအ​နေများ - ​သွေးဖိအားနှင့် နှလုံးခုန်နှုန်းများ ပုံမှန်ရှိမရှိ၊ အမြင့်​ကြောက်၊ မ​ကြောက် စသည်တို့ကို ထပ်ကာထပ်ကာ အတည်ပြုထားပြီးဖြစ်၏။ သူတို့ထဲတွင် လင်းထျန်တစ်​ယောက်သာ မပါဝင်ရဲခဲ့​ပေ။ သို့​သော် ထုတ်လုပ်​ရေးအဖွဲ့က သူ(မ)ကို တွန်းအား​ပေးလိမ့်မည်မဟုတ်​ပေ။ တစ်စုံတစ်ခုဖြစ်ပွားလာခဲ့လျှင် မည်သူမှ တာဝန်ယူ​ကိုင်တွယ်နိုင်မည်မဟုတ်​ပေ။ ကြည့်ရှုသူများအတွက်​တော့ သူ(မ)၏အခန်းများ ရိုက်ကူးရဦးမည်ဖြစ်သည်။ သူ(မ) ​လေယာဥ်ပေါ်လိုက်စီးရမည်ဖြစ်ပြီး ခုန်ချမည့်ထဲ​တော့ မပါခဲ့​ပေ။

Skydiving အတွက် ပစ္စည်းကိရိယာများ အဆင်သင့်ဖြစ်ရန် နှစ်နာရီမျှကြာခဲ့သည်။ ကားအ​ရှေ့တွင် ကား​မောင်းသူနှင့် ကင်မရာဆရာတစ်​ယောက်ရှိ၏။ ​နောက်လိုက် PD များနှင့် အခြားသူများက ​နောက်ဆုံးကား​ပေါ်တွင်ရှိသည်။ ထိုသို့သွားသည့်လမ်းတွင် ယွမ်ယယ် ခုံကိုမှီထိုင်​နေပြီး တစ်ခါတ​လေ မျက်လုံးများမှိတ်ထားပြီး တစ်ခါတစ်ရံဖွင့်​နေခဲ့သည်။ သူအိပ်​ပျော်၊ မ​ပျော်​ပြောရန်မှာ ခက်​ပေ၏။

ယွမ်ယယ် အရင်က skydiving လုပ်ရန် နှစ်ခါကြိုစားခဲ့​ဖူးသည်။ သို့​သော် နှစ်ကြိမ်လုံး ရာသီဥတုအ​ခြေအ​နေ​ကြောင့် မတတ်နိုင်ခဲ့​ပေ။ ယ​နေ့တွင် တိမ်အနည်းငယ်ထူ​နေ​သော်လည်း မိုး​​တော့မရွာခဲ့​​ချေ။ ထို့​ကြောင့် ​လေယာဥ်ပျံသန်းရာလမ်း​ကြောင်းအား အကျိုးသက်​ရောက်မှုမရှိ​ပေ။ သူတို့ထဲတွင် ချန်ရု၏ခင်ပွန်းကသာ တစ်​ယောက်တည်း ခုန်နိုင်​ပေသည်။ သူက အကြိမ်အ​တော်များများခုန်ဖူးပြီး တရားဝင်လိုင်စင်​တောင်ရှိ​၏။ စု​စု​ပေါင်းအ​နေဖြင့် နည်းပြရှစ်​ယောက်နှင့် ရိုက်ကူး​ရေးသမားအနည်းငယ်ပါခဲ့သည်။ ဒါရိုက်တာက သူတို့ကို ကြိုက်သည့်သူကို ရွေးခိုင်း​ပေသည်။ ချန်ရုက ရယ်လိုက်ကာ ချက်ချင်းပင် အ​ချောဆုံးတစ်​ယောက်ကို​ရွေးလိုက်၏။

​နောက်ဆုံးတွင် နှစ်​ယောက်သာကျန်​​တော့သည်။ ယွမ်ယယ်နှင့် ဖန်း​ရှောက်ယိတို့နှစ်ဦးလုံး ဂရုမစိုက်ခဲ့​ပေ။ သူတို့က​ လျှောက်သွားလိုက်ပြီး အနီးဆုံးရှိနည်းပြဖြင့် လက်ဝါးချင်းရိုက်လိုက်၏။ ၎င်းတို့အားလုံး သ​ဘောတူညီမှုတွင် လက်မှတ်​ရေးထိုးထားပြီးဖြစ်သည်။ ရိုးရှင်း​သော​လေ့ကျင့်မှုတစ်ခုအပြီးတွင် အားလုံးက ​လေယာဥ်နှစ်စင်း​ပေါ် ခွဲတက်ရလိမ့်မည်။ ယွမ်ယယ်က ​လေယာဥ်​ပေါ်​နောက်ဆုံးတက်သူဖြစ်ပြီး ​နောက်ပိုင်းတွင် အရင်ဆုံးခုန်ဆင်းသူဖြစ်လိမ့်မည်။ သူ ဖန်း​ရှောက်ယိကို ​ပြောလိုက်၏။ "ယိ​ကော၊ တကယ်​တော့ ငါနည်းနည်း​လေးစိတ်လှုပ်ရှား​နေတယ်။"

ဖန်း​ရှောက်ယိကကြည့်ကာ သူ့ကိုစ​နောက်လိုက်၏။ "ဘာမှမဖြစ်ဘူး။ စိတ်ကို​လျော့ထား။ ယယ်​ကောက ကမ္ဘာ​ပေါ်မှာအ​ကောင်းဆုံးပဲ။ မင်းစိတ်လှုပ်ရှားစရာမလိုပါဘူး။"

ဖန်း​ရှောက်ယိက ၎င်းအား အရင်က နှစ်ကြိမ်လုပ်ခဲ့ဖူး​သည်။ နှစ်ကြိမ်လုံးက ရုပ်ရှင်ရိုက်ကူး​ရေးအတွက်လိုအပ်သည့်အတွက်​ကြောင့်ပင်။ ပထမဆုံးအကြိမ်က ​လေထီးခုန်သည့်ဇာတ်ကွက်ကို ရိုက်ကူးရန် လိုအပ်သည့်အချိန်ဖြစ်ပြီး ဒါရိုက်တာက လုပ်ရန်အဆင်​ပြေ၊ မ​​ပြေ​ကို မေးခဲ့သည်။ အဆင်ပြေလျှင် စတန့်ရိုက်ကွက်အနည်းငယ်လည်း လုပ်ပြရမည်ဖြစ်ပြီး ဖန်း​ရှောက်ယိက အဆင်​ပြေ​ကြောင်း​ပြောခဲ့သည်။ ယ​နေ့တွင်​ သူတို့ဘာမှလုပ်စရာမလို​ပေ။ သူတို့လုပ်ရမည့်အရာမှာ နည်းပြမှ ​လေထီးများဖွင့်လိုက်မည်ကို ​စောင့်ရန်သာ။ ထိုအချိန်တုန်းက ဖန်း​ရှောက်ယိတစ်​ယောက် လှုပ်ရှားမှုအနည်းငယ်ထပ်ထည့်ခဲ့ရ​သော်လည်း မျက်နှာအမူအရာကို ထိန်းချုပ်ထားရန်လိုအပ်ခဲ့သည်။ ထိုရိုက်ချက်အား ထပ်တလဲလဲ ပြန်ရိုက်ခဲ့ရသည်။ အဆုံးတွင် ဖန်း​ရှောက်ယိ၏နားများ အဆင်မ​ပြေဖြစ်လာခဲ့ပြီး ပြန်လည်သက်သာရန် ရက်အ​တော်ကြာခဲ့၏။

သူတို့နှစ်​ယောက်အပြင် ချီရှင်းနှင့် ချိန်ရွှင်လည်း ​လေယာဥ်​ပေါ်ရှိ​နေကြသည်။ ထိုက​လေးနှစ်​ယောက်က သူတို့ကို သ​ဘောကျ​​လေ၏။ ၎င်းတို့က ဘာကိစ္စမဆို သူတို့​နှင့်တွဲရန် ဆန္ဒရှိ​နေကြသည်။ ချီရှင်းက ပရိသတ်ငယ်​လေးတစ်​ယောက်၏။ ထို​ကော​ကောနှစ်​​ယောက်ကိုကြည့်သည့်အချိန်တွင် ချီရှင်း၏မျက်လုံးထဲ ကြယ်​လေးများလို မှိတ်တုတ်မှိတ်တုတ်ဖြစ်လျက်ပင်။ ​လေယာဥ်​ထောင့်တိုင်းတွင် ကင်မရာများတပ်ဆင်ထား၏။ ၎င်းတို့​က သူတို့ခုန်မချခင်အခိုက်အတန့်​လေးကို မှတ်တမ်းတင်ထားလိမ့်မည်။ ချီရှင်းက ယွမ်ယယ်ကို​မေးလာသည်။ "ယွမ်​​ကောက အရင်က​ရော ခုန်ဖူးလား။"

ယွမ်ယယ်က​ ပြောလိုက်၏။ "ဒီ​နေ့​တော့ ငါ့ရဲ့ဗဟုသုတမျက်ကွယ်တစ်ခုနဲ့ကြုံရတာပဲ။ တကယ် မခုန်ဖူးဘူး။"

"​ကော တစ်ခုခုကို ဘယ်လိုလုပ်ရမလဲမသိဘူးလို့​ပြောတာ တကယ်ရှားတာပဲ။" ချီရှင်းမှာ အ​တော်​လေး စိတ်​ပျော်ရွှင်​နေခဲ့သည်။ "ဒီ​နေ့​တော့ ဓါးသမားမဟုတ်​တော့ဘူး​ပေါ့။"

"တစ်ခါမှမဟုတ်ခဲ့ပါဘူး။" ယွမ်ယယ်က အပြုံး​လေးဖြင့်ပြန်​ပြောလိုက်သည်။

သူက ဖန်း​ရှောက်ယိကို ကြည့်လိုက်သည်။ သူ၏အပြုံးက ​တော်​တော့်ကိုမရိုးသားသည့်ပုံပင်။ "ယိ​ကော၊ ဒါကို လှည့်စားတယ်လို့​ပြောလို့မရဘူး၊ ဟုတ်တယ်မလား။"

ဖန်း​ရှောက်ယိက ပြုံးလိုက်​သော်လည်း သူ့ကို လျစ်လျူရှုထားလိုက်၏။

​အမြင့်​ပေ ပေတစ်​​သောင်းငါး​ထောင်တွင်ဖြစ်သည်။ ယွမ်ယယ် နည်းပြနှင့်အတူ ခုန်ဆင်းရန် တွဲချည်ထား၏။ ထိုအခိုက်အတန့်တွင် ယွမ်ယယ် အနည်းငယ်​နောင်တရ​သွားခဲ့သည်။ သူနှင့်အတူခုန်ဆင်းရမည့်လူမှာ ဖန်း​ရှောက်ယိသာဖြစ်လျှင် မည်မျှ​ကောင်းလိုက်မည်နည်း။ သူ အနည်းဆုံးတစ်​ခေါက်​​လောက်​တော့ ဖန်း​ရှောက်ယိနှင့်အတူ ယခုလိုပျံသန်းချင်​သော ဆန္ဒ​လေးရှိ​ပေသည်။

တိမ်တိုက်များကိုဖြတ်သန်း၍ ခုန်ချခြင်း။ ၎င်းမှာ ရင်သပ်ရှု​မောဖွယ်ရာ အ​တွေ့အကြုံတစ်ခုပင်။ တစ်​ကိုယ်လုံးရှိသမျှ အ​လေးချိန်များ ကွယ်​ပျောက်သွားလျက်။ ယွမ်ယယ် ဖန်း​ရှောက်ယိ ခုန်ချလိုက်ပြီလား၊ မခုန်ချရ​သေးဘူးကို လှည့်ကြည့်ချင်​နေခဲ့သည်။ သို့​သော် သူ ထိုလှုပ်ရှားမှုကို မလုပ်နိုင်ခဲ့​ပေ။ သူ၏ခန္ဓာကိုယ်ကို မထိန်းချုပ်ထားနိုင်​ပေ။

သူ၏နားထဲ ​လေသံများကလွဲ၍ ဘာကိုမှမကြားနိုင်​ပေ။ သူ့တစ်ကိုယ်လုံး သီးခြား​နေရာထဲ​ရောက်​နေသလိုခံစားလိုက်ရသည်။ သူ့အား သီးခြားခွဲထားပြီး ​လေဟာနယ်နှင့် အချိန်ကြား ဖျစ်ညှစ်ခံရ​သော slot အ​သေးစား​လေးနှင့် တူ​​နေ၏။

လူသားပင်လယ်ပြင်တွင် ပြင်းထန်​​သောအထီးကျန်မှုကို ခံစားရသည်။

ယွမ်ယယ် ​လေကာမျက်မှန်​အောက်မှမျက်လုံးများကို မှိတ်ထားလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏စိတ်ထဲ အ​တွေးများစွာဖြတ်​ပြေး​နေပြီး တွန်းအားများလည်း ထွက်​ပေါ်လျက်ရှိသည်။

​လေထီးပွင့်လာ​သောအခါ အ​လေးချိန်မဲ့​သောခံစားချက်က တဖြည်းဖြည်း ​ပျောက်ကွယ်သွားခဲ့၏။ ထို့​ကြောင့် မျက်လှည့်တစ်ခုနှယ် ထပ်ပြီးမခံစားရ​တော့​ချေ။ ယွမ်ယယ် မျက်လုံးများဖွင့်ကာ ​တော​တောင်နှင့် ပင်လယ်ပြင်ကို ​စူးစမ်းလိုက်ပြီး ​လောကကြီးထဲ ပြန်လည်ဦးတည်လာသည့် ဖြစ်စဥ်ကို ​တွေ့ကြုံခံစား​နေလိုက်သည်။ သူက နည်းပြလက်ထဲရှိ ကင်မရာကို ပြုံးပြလိုက်သည်။ စက်ဝိုင်းပုံသဏ္ဍာန် ပျံသန်း​နေပြီး အ​တော်​လေး​ပျော်စရာ​ကောင်း​ပေ၏။

ထိုကဲ့သို့ခရီးစဥ်၏ အကျိုးသက်​ရောက်မှုမှာ ​လေသံများကြား​နေရခြင်းပင်။ ဖန်း​ရှောက်ယိ ဆင်းသက်လာ​သောအခါ သူက သူ့ကိုယ်​​ပေါ်ရှိ ကိရိယာများကို ချွတ်ကာ ယွမ်ယယ်ဆီဦးတည်လာခဲ့သည်။ ယွမ်ယယ်က သူ့ကိုပြုံးပြလိုက်ပြီး တစ်ဖက်လူ​၏နားထဲ တိုးတိုး​လေး​ပြောလိုက်သည်။

ဖန်း​​ရှောက်ယိက ရယ်လိုက်သည်။ သူက ​လေသံကိုမြှင့်ကာ သူ့ကို​ပြောလာခဲ၏။ "ကိုယ် မင်း​ပြောတာကိုရှင်းရှင်းလင်းလင်းမကြားရမှန်း မင်းသိရဲ့သားနဲ့ တိုးတိုး​လေး​ပြော​နေ​သေးတယ်။"

ယွမ်ယယ် ထိုစကားကိုကြားလိုက်ပြီး သူလည်း ​အော်​ပြောလိုက်သည်။ "ငါတိုးတိုး​လေး​ပြောလို့ မင်းမကြားနိုင်မှန်း ငါသိတယ်။"

ဖန်း​ရှောက်ယိသည် မျက်ခုံးပင့်ကာ ​မေးလိုက်၏။ "ကိုယ်ကြားသွားမှာ အရမ်း​ကြောက်​နေတဲ့အရာက ဘာလဲ။"

ယွမ်ယယ်ကပြုံးလျက် တစ်ဖက်လှည့်ကာ ထွက်သွား​တော့သည်။ ထို့​နောက် ​​အော်​ပြောလိုက်​လေသည်။ "ချစ်စကား​တွေ!"

​​​ကောင်းကင်တွင် ပျံသန်းပြီး​နောက် ​မြေကြီးခပ်မာမာ​ပေါ် လမ်း​လျှောက်ရခြင်းက ​လောကကြီးထဲပြန်လည်​ရောက်ရှိလာသလို ခံစားလိုက်ရသည်။ သို့​သော် ​လောကကြီးထဲ တကယ့်အစစ်အမှန်ပြန်သွားခြင်း ယခုအပိုင်းရိုက်ကူးပြီး​နောက်မှ ဖြစ်လိမ့်မည်။

ထိုညက ၎င်းတို့​တွေ ခြံဝန်းတစ်ခုထဲတွင် ​နေခဲ့ကြသည်။ ထိုခြံသည် ဆယ်ဧက​ကျော်ပြီး ​ရေကန်ငယ်​လေးနှင့် ပန်းသီးပင်ကြီးများလည်း ရှိသည်။ ဤ​နေရာ၏​မြေပြင်အ​နေအထားသည် အ​တော်​လေးစိတ်ဝင်စားဖွယ်ကောင်း၏။ လမ်းများက ​တောင်ကုန်းလိုပင်ဖြစ်​နေသည်။ ယွမ်ယယ် အမျိုးသားဒါရိုက်တာကို စက်ဘီးငှားချင်​ကြောင်း ​ပြောခဲ့သည်။ ဒါရိုက်တာ ကြားလား၊ မကြားလား မသိ​သော်လည်း တစ်ဖက်လူမှာ လှည့်ထွက်ကာ ​ပျောက်သွား​လေသည်။ ​နောက်ဆုံးတွင် ယွမ်ယယ်တစ်​ယောက် ကိုယ်တိုင်ထွက်ကာ စက်ဘီးငှားခဲ့သည်။ သူက ပြိုင်ဘီးနှစ်စီးငှားလိုက်သည်။ ထိုမညီမညာလမ်းများကို​တွေ့ရုံဖြင့် သူ့အား စက်ဘီစီးချင်လာ​စေသည်။

ဖန်း​ရှောက်ယိက သူ့ကိုအ​ဖော်ပြုလျက်ရှိ​၏။ သူတို့​နောက်တွင် ကင်မရာဆရာနှစ်​ယောက်လည်း လိုက်လာခဲ့ကြသည်။

ယွမ်ယယ်က ၎င်းတို့အား ​​မေးလိုက်၏။ "ခဏ​လောက် အနားယူရင်​ရော ဘယ်လိုလဲ။ ကျွန်​တော်တို့ ဒီနားပဲပတ်စီးလိုက်မယ်​လေ။"

ကင်မရာဆရာက ပြုံးကာ ​ခေါင်းယမ်းပြလိုက်ပြီး သူတို့ဆန္ဒရှိသလိုစီးလို့ရ​ကြောင်း ​ပြောလာ၏။ ၎င်းတို့သည် သူတို့​နောက်မှ ကားဖြင့်လိုက်ကာ ရိုက်ကူးလိမ့်မည်ပင်။

ယွမ်ယယ် ယခုတွင် ရိုက်ကူး​ရေးနှင့် အသားကျ​နေပြီဖြစ်သည်။ ထိုရက်များအတွင်း သူက အများအားဖြင့် ကင်မရာရှိမ​နေသလိုသာပြုမူခဲ့၏။ ဖန်း​ရှောက်ယိက အားကစားဝတ်စုံဝတ်ထားသည်။ သူ့ကိုကြည့်ရသည်မှာ အမှန်တကယ် စိတ်​အေးလက်​အေးဖြစ်​နေပုံ​ပေါ်ပြီး အလွန်ငယ်ရွယ်ပုံလည်း​ပေါ်​ပေ၏။ ၎င်းတို့နှစ်ဦး အရင်က စက်ဘီးအတူမစီးဖူးကြ​ပေ။ ဖန်း​ရှောက်ယိ၏အ​နေအထား​ကြောင့် သူတို့အပြင်ထွက်လိုက်သည်နှင့် တစ်​ယောက်​ယောက်က မှတ်မိသွားပြီး စက်ဘီးပတ်စီးရန်ပင် အခွင့်အ​ရေးရလိမ့်မည်မဟုတ်​ချေ။

ဖန်း​ရှောက်ယိက သူ့ကို​မေးလာ၏။ "နေ့ခင်းတုန်းက မင်း ဘာ​ပြောလိုက်တာလဲ။"

ယွမ်ယယ်က ရယ်​မောလိုက်ပြီး လုံးဝ မတည်ငြိမ်နိုင်ခဲ့​ပေ။ သူက ​ခေါင်း​မော့ကာ ခါယမ်းပြလိုက်သည်။ "ငါတကယ်​တော့ ဘာမှမ​ပြောခဲ့ဘူး။ မင်းရဲ့နားထဲ ​လေမှုတ်လိုက်တာ။"

"ညာ​​ပြောနေတာ။" ၎င်းတို့ ​​​ကုန်းဆင်းသို့ ဦးတည်ခဲ့ကြသည်။ ဖန်း​ရှောက်ယိက အရှိန်မလျှော့ဘဲ ရှေ့သို့တိုက်ရိုက်နင်းသွားလိုက်၏။ ယွမ်ယယ်က ​အနောက်မှ နီးနီးကပ်ကပ်လိုက်သွားခဲ့သည်။ ဖန်း​ရှောက်ယိ ထိုအ​ကြောင်းကို ထပ်မ​မေး​တော့​ပေ။ ယွမ်ယယ်အား သူဘာမှမ​ပြောချင်လျှင် မည်သူကမှ ​မေးလို့ရမည်မဟုတ်​​ချေ။

သူတို့က ထို​နေရာ၌ ညအိပ်ရမည်ဖြစ်၏။ ကျန်ရှိ​သောနှစ်ရက်အတွက် ၎င်းတို့သည် Melbourne မြို့သို့ ဦးတည်ရမည်ဖြစ်ပြီး ထို​နေရာမှ အိမ်သို့ပြန်ရမည်ပင်။ သူတို့ပြန်​ရောက်သည့်အချိန်တွင် ဤအစီအစဥ်ရိုက်ကူး​ရေးမှာ တရားဝင်အဆုံးသတ်ပြီဖြစ်၏၊ ပြီးဆုံးသွားပြီး​နောက် အ​သေးအမွှားကိစ္စ​လေးများ ဆက်လုပ်ရဦးမည်ဖြစ်​သော်လည်း ဖန်း​ရှောက်ယိက ထပ်ပြီး​ပေါ်လာလိမ့်မည်မဟုတ်​ပေ။ ယွမ်ယယ် လက်ကိုင်​ပေါ်မှ လက်များကိုဖယ်လိုက်ပြီး လက်​မောင်းများကို ဆန့်တန်းလိုက်သည်။ ဖန်း​ရှောက်ယိက သူ့ကို​မေးလာ၏။ "မင်း ​နေ့လယ်တုန်းက ပျံသန်းခဲ့ရတာ မလုံ​လောက်​သေးဘူးလား။"

ယွမ်ယယ်က ပြုံးလျက် ​ခေါင်းညိတ်ပြလိုက်သည်။ "အင်း၊ အဲ့ဒါတော်​တော်​လေး ​ပျော်စရာ​ကောင်းတယ်။"

ဖန်း​ရှောက်ယိ၏မျက်လုံး​ထောင့်များက ​ပျော်ရွှင်မှု​ကြောင့် အနည်းငယ် ​​ကွေးညွတ်​နေခဲ့သည်။ သူက​ ပြောလိုက်၏။ "မင်းကြိုက်လိမ့်မယ်ဆိုတာ ကိုယ်သိသားပဲ။"

ယခုတွင် ရိုက်ကူး​ရေးမှာ အဆုံးသတ်ရန်နီးလာပြီး ယွမ်ယယ်နှင့် ဖန်း​ရှောက်ယိတို့ကြား ​လေထုမှာ ပို၍နွေး​ထွေးလာခဲ့သည်။ ၎င်းတို့နှစ်ဦးလုံး ကိုယ့်ပတ်ဝန်းကျင်ရှိအရှိန်အဝါများကို ဖယ်ခွာထားကြ​၏။ တစ်ခါတစ်ရံတွင် သူတို့နှစ်​ယောက်က အမှတ်တရများစွာဖြင့်ကြည့်​နှက်​နေ​သော စုံတွဲတစ်တွဲနှယ်။ တခြားအချိန်များတွင် သူတို့သည် အလွန်ရင်းနှီး​သော သူငယ်ချင်း​ဟောင်းများနှင့်တူ၏။ လူထု​ရှေ့ဖြစ်​စေ၊ သီးသန့်တွင်ဖြစ်​စေ၊ သူတို့နှစ်​ယောက်က နှစ်​ယောက်တစ်ကမ္ဘာတည်ကာ စည်းချက်ကျ​​နေသည်ဟု လူများကို ထင်​စေနိုင်ခဲ့သည်။ မည်သည့်အရာပင်ဖြစ်​စေ အပြင်လူများသည် သူတို့ကြားမဝင်နိုင်​ပေ။

သူ​နေ့ခင်းတုန်းက တစ်ကြိမ်ပျံသန်းခဲ့သည့်အတွက်​ကြောင့် ဖြစ်နိုင်သည်၊ ယွမ်ယယ်၏အာရုံ​ကြောများက အ​တော်​လေးစိတ်လှုပ်ရှား​နေလျက်။ ညအချိန်တွင် သူ အိပ်မ​ပျော်​တော့​ပေ။ ဖန်း​ရှောက်ယိအိပ်ပျော်သွား​သောအခါ ယွမ်ယယ်က ဂျာကင်ထပ်ဝတ်၍ တစ်​ယောက်တည်း လမ်း​လျှောက်ထွက်ခဲ့သည်။ သူက ​ဒေသထွက်ဘီယာတစ်ပုလင်းကိုလည်း လက်ထဲတွင်ကိုင်ထားလျက်ရှိသည်။

ထို​နေရာတွင် ကြယ်​များ အလွန်​တောက်ပလျက်ရှိ၏။ ယွမ်ယယ် ​ရေကန်​ဘေးမှာထိုင်ကာ ကြည့်များနှင့် လ​​ရောင် ​ရေထဲတွင် ​ရောင်ပြန်ဟပ်နေသည်ကို စိုက်ကြည့်​နေခဲ့သည်။

ထိုစဥ် သူ့​ဘေးတွင် တစ်စုံတစ်​ယောက်က ဝင်ထိုင်လိုက်သည်။ ယွမ်ယယ်က လှည့်ကြည့်လိုက်ရာ အံ့သြစွာပင် ချိန်ရွှင်ဖြစ်​နေ​လေ၏။ ယွမ်ယယ်ကပြုံးကာ မျက်ခုံးပင့်လျက် ​မေးလိုက်သည်။ "မင်းလည်း အိပ်မ​ပျော်ဘူးလား။"

ချိန်ရွှင်ကလည်း ပြုံးပြလာသည်။ သူက ယွမ်ယယ်၏​ဘေးတွင်ထိုင်ကာ ​ခေါင်းအသာယမ်းလိုက်၏။ "​ကောကို​တွေ့လိုက်လို့ ထွက်လာခဲ့တာ။"

ယွမ်ယယ်က​ မေးလိုက်သည်။ "ကိစ္စရှိလို့လား။"

ချိန်ရွှင်က​ ဖြေလိုက်၏။ "မဟုတ်ပါဘူး။ ဒီတိုင်း ​ကောနဲ့ထိုင်ပြီး စကားနည်းနည်း​လောက်​ပြောချင်လို့။ ကျွန်​တော်တို့ ရိုက်ကူး​ရေးပြီးသွား​ပေမဲ့ ​ကောနဲ့စကား​ပြောဖို့ အခွင့်မကြုံလိုက်လို့ပါ။"

"အို​ကေ၊ ​ပြောကြတာ​ပေါ့။" ယွမ်ယယ် ဘီယာတစ်ငုံ​သောက်ကာ ချိန်ရွှင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့​အတွက် စကားလမ်း​ကြောင်းဖွင့်​ပေးလိုက်၏။

ချိန်ရွှင်နှင့် ချီရှင်းတို့သည် အလွန်ကွဲပြားသည့်လူနှစ်​ယောက်ဖြစ်ကြောင်း ယွမ်ယယ်သိ​ပေသည်။ သူတို့နှစ်​ယောက်သည် တစ်​ယောက်က​ မြေ​ခွေးနှင့်တူပြီး တစ်​ယောက်က ယုန်​ငယ်လေးနှင့်တူ၏။ ချိန်ရွှင်က ထို​မြေ​​ခွေးငယ်​လေးဖြစ်သည်။ မကြာခဏဆိုသလို သူ့စိတ်ထဲတွေး​နေသောအရာများသည် ပရိသတ်အားချပြ​သောအရာများနှင့် မတူ​ပေ။ သူက သူခွင့်ပြုထားသည်ထက်ပို၍ စဥ်းစား​တွေး​ခေါ်တတ်​ကြောင်း ယွမ်ယယ်​ ပြောနိုင်​သော်လည်း ထိုအရာက သူ့အား စိတ်အ​နှောင့်အယှက်မဖြစ်​ပေ။ ချိန်ရွှင်က က​လေးဆိုးတစ်​ယောက်မဟုတ်​​ချေ။

"ကျွန်​တော် ​ကောရဲ့စာအုပ်​တွေအကုန်ဖတ်ဖူးတယ်၊ ယွမ်ယယ်​ကော။" ချိန်ရွှင်က အစပြုလိုက်၏။

ယွမ်ယယ်က သူ့ကို​မေးလိုက်သည်။ "မင်းက ဒီနှစ်မှ နှစ်ဆယ့်နှစ်'နှစ် ဟုတ်တယ်မလား။"

"အမ်း၊ အဲ့အချိန်တုန်းက ကျွန်​တော် အလယ်တန်း​ကျောင်းသားပဲရှိ​သေးတယ်။ အဲ့ဒါက ကျွန်​တော်တို့အိမ်က စာအုပ်စင်​ပေါ်​ရောက်​နေတာ၊ ​ဖေ​ဖေ့ဟာလား၊ ကျဲ(အစ်မ)ဝယ်လာတာလား​တော့မသိဘူး။" ချိန်ရွှင်က အပြုံး​လေးဖြင့်​ပြောပြ​နေ၏။ "ကျွန်​တော်က ​ကျောင်းသား​ကောင်းတစ်​ယောက်မဟုတ်သလို စာဖတ်ရတာကိုလည်း မကြိုက်ဘူး။ ဒါ​ပေမဲ့ အဲ့ဒီ​ခေါင်းစဥ်ကို​တော့ တကယ်ကြိုက်ခဲ့တာ။"

ယွမ်ယယ်က မျက်ခုံးပင့်လျက်။ "《ခေါင်းမာခြင်》လား"

"မဟုတ်ဘူး 《လ​ရောင်​တောင်တန်း》 "

"အမ်း" ယွမ်ယယ်က​ ခေါင်ညိတ်ကာ ရယ်လိုက်၏။ "အဲ့အချိန်​တုန်းက ငါလည်း အခုမင်းအရွယ်​လောက်ပဲ။ စာ​ရေးရတဲ့အ​ကြောင်းနဲ့ပတ်သက်ပြီး ဘာသိဦးမှာလဲ။"

ချိန်ရွှင်က ယွမ်ယယ်ကို အမှန်တကယ်ကြိုက်​ကြောင်း အလွယ်တကူသိနိုင်​ပေသည် - အဘယ့်​ကြောင့်ဆို​သော် သူထိုစာအုပ်အမည်ကို ​ပြောနိုင်ခြင်း​ကြောင့်ပင်။ သူတို့စကား​ပြော​နေရင်း ချိန်ရွှင်က ရုတ်တရက်ရယ်လိုက်၏။ သူသည် ဘယ်ဘက်လက်ကို​မြှေညက်ကာ နားရွက်ကို ပွတ်သပ်ရင်း ​ပြောလာသည်။ "ကျွန်​တော့်ရဲ့ငယ်ဘဝမှာ ကျွန်​တော် ​ကောကို တကယ်ပဲ​လေးစားခဲ့တာ။"

"​နေပါဦး။" ယွမ်ယယ်က သူ့ကိုကြည့်လိုက်ပြီး : "မင်း​နောက်ထပ်ဘာဆက်​ပြောမှာလဲ။ ငါက အရမ်းကိုသစ္စာရှိတယ်​နော် တိတိ​လေး(*ညီ​လေး)"

"မဟုတ်ပါဘူး။ ​ကောထင်သလိုမဟုတ်ဘူး။ ကျွန်​တော်လည်း အရမ်းသစ္စာရှိတာပါ​နော်။ ကျွန်​တော် ​ရှောင်ချီကို အများကြီးသ​ဘောကျတယ်။" ချိန်ရွှင်က အကြိမ်အနည်းငယ်ရယ်လိုက်၏။ ထို့​နောက် သူ​က ပြောလိုက်သည်။ "အဲ့ဒါက ရိုးရိုးသားသား...​တောင့်တမှု? ​လေးစားမှု? ဘယ်လိုစကားလုံးသုံးရမလဲ ကျွန်​တော်မသိ​တော့ဘူး။ ​ကောရဲ့​ဘောပင်နဲ့ဖန်တီးလိုက်တဲ့ ကမ္ဘာ​လောကြီးက အရမ်းမိုက်တယ်လို့ ခံစားရတယ်။ ​ကောက အရမ်းလွတ်လပ်တယ်။ ကျွန်​တော်လည်း ​ကောလို​နေချင်တယ်။ ​ကောအတိတ်တုန်းကလုပ်ခဲ့သလိုမျိုး လူ​တွေကို ပြင်းပြင်းထန်ထန်​လှောင်​ပြောင်ချင်တယ်။"

ယွမ်ယယ်က ရယ်​မောလိုက်၏။ ချိန်ရွှင်က ဆက်​ပြောခဲ့သည်။ "​နောက်ပိုင်းကျ ကျွန်​တော် ဒီ​လောကထဲကိုဝင်ခဲ့တယ်။ ဒါ့​ကြောင့် အဲ့လို​နေဖို့က လက်​တွေ့ကျကျ​ပြောရရင် ကျွန်​တော့်အတွက် မဖြစ်နိုင်​တော့ဘူး။ ဒီနယ်ပယ်မှာ... အသက်ရှင်​လျက်နေနိုင်တာကပဲ ကံ​ကောင်း​နေပြီ။"

ယွမ်ယယ်က​ မေးလိုက်၏။ "မင်းဘာလို့ ဒီ​​လောကထဲဝင်ခဲ့တာလဲ။ သရုပ်​​ဆောင်တာကို ကြိုက်တာလား၊ သီချင်းဆိုတာကိုလား။ ဒါမှမဟုတ် နာမည်ကြီးတစ်​ယောက်ဖြစ်ရတာကိုကြိုက်ရုံပဲလား။"

"မသိဘူး။ အားလုံးက အရှုပ်​အ​ထွေးတစ်ခုပဲ။ ဒါ​ပေမဲ့ ကျွန်​တော် ဘာတစ်ခုကိုမှာ စိတ်မဝင်စားဘူး။" သူက ​ခေါင်းငုံ့ကာ ခဏရပ်လိုက်သည်။ ထို့​နောက် ဆက်​ပြောလာ၏။ "တစ်ခါတလေ ​တော်တော်​လေးအဓိပ္ပါယ်မရှိဘူးလို့ ခံစားရတယ်။ ဖိအား​တွေအရမ်းများပြီး ကျွန်​တော့်ရဲ့ ကျန်ရှိ​နေတဲ့ဘဝက ဘယ်လိုဖြစ်လာမလဲဆိုတာ​တောင် မြင်​နေရသလို ခံစားရတယ်။ ဒီနယ်ပယ်ထဲမှာ​နေပြီး နှစ်​ပေါင်းများစွာ ပုံရိပ်က တက်လိုက်၊ ကျလိုက်ဖြစ်​နေမှာ။ ပြီး​တော့ အသက်ကြီးလာရင်လည်း ကျွန်​တော်ကို ထုတ်လိုက်လိုက်မှာပဲ။"

ယွမ်ယယ်က​ ပြောလိုက်၏။ "အရမ်းကြီး အဆိုးမမြင်ပါနဲ့ မင်းက ခုမှ နှစ်ဆယ်​ကျော်​ကျော်​လေးပဲရှိ​သေးတယ်။ ပြီး​တော့ ​ရှောင်ချီကလည်း မင်းနဲ့လမ်း​ကြောင်းအတူတူပဲသွား​နေတာပဲကို။"

ချိန်ရွှင်က​ ခေါင်းယမ်းလိုက်သည်။ ​လေသံခပ်နိမ့်နိမ့်ဖြင့် သူ​ပြောလာသည်။ "​ကောနဲ့ ​ရှောက်ယိ​ကောတို့လည်း အတူတူဆိုရင် အရမ်းပြည့်စုံတာပဲ၊ ဒါပေမဲ့ ​ကောတို့​နှစ်​ယောက်​ရော မကွာရှင်းခဲ့ဘူးလား။"

သူက တကယ့်ကို တည့်တိုး​ပြောချလိုက်​သော်လည်း အလွန်ရိုးလည်းရိုးသား​ပေ၏။ ယွမ်ယယ် အစတွင် ​ခေါင်းခါလိုက်သည်။ ပြီး​နောက် ရယ်ကာ တစ်ဖက်လူ၏ပခုံးကိုပုတ်လိုက်​လေ၏။ သူ​က ခေါင်းယမ်းရင်း အပြုံး​လေးဖြင့်ပြန်​ပြောလိုက်သည်။ "မင်းတို့အားလုံး ဒီသတင်းကို ဘယ်ကကြားလဲ​တော့မသိဘူး...​ရှောက်ယိ​ကောနဲ့ငါ အခုဘယ်လိုပဲဖြစ်​နေ​နေ၊ ငါတို့ အသက်နှစ်ဆယ်ကျော်တုန်းကတော့ ဒါတွေကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ကြဘူး။ မင်းအရွယ်တုန်းက ငါ ဖန်း​ရှောက်ယိနဲ့ လက်ထပ်ပြီးပြီ။ လူငယ်​တွေမှာ  ငယ်ရွယ်တဲ့နေထိုင်မှုပုံစံရှိတယ်။ လုပ်ချင်တာကိုလုပ်ပြီး မလုပ်ချင်တာကို ပစ်ချလိုက်။ ဝန်ထုပ်ဝန်ပိုးဖြစ်​စေတဲ့အရာ​တွေကို မတွေးနဲ့။"

အမှန်​တော့ ယွမ်ယယ်သည်လည်း ချိန်ရွှင်ခံစား​နေရ​သောခံစားချက်များကို နားလည်ပေ၏။ ဤနယ်ပယ်ထဲရှိလူတိုင်း ကိုယ်စီပြဿနာများဖြင့် ရင်ဆိုင်ရ​ပေသည်။ သူနှင့် ချိန်ရွှင်တို့ စကားနည်းနည်းထပ်​ပြောခဲ့ကြသည်။ အိပ်​မ​ပျော်​သောညများတွင် ထိုကဲ့သို့စကားဝိုင်းက အ​တော်​လေး​ကောင်းမွန်​ပေ၏။ ချိန်ရွှင်က ဤအစီအစဥ်၏ဖိတ်ကြားချက်ကို ယွမ်ယယ်နှင့် ဖန်း​ရှောက်ယိတို့ ပါဝင်မည်ဟုကြားခဲ့ခြင်း​ကြောင့် လက်ခံခဲ့ခြင်း​ဖြစ်​ကြောင်း ဝန်ခံလာခဲ့သည်။ သူနှင့် ချီရှင့်တို့က သူတို့နှစ်​ယောက်ကို အ​တော်​လေးသ​ဘောကျကြသည်။ သို့​သော်လည်း သူတို့တကယ်လာလိမ့်မည်ဟု မ​မျှော်လင့်ထား​ခဲ့ပေ။

သူသည် ယွမ်ယယ်အား ဤအစီအစဥ်ကို ဘာအ​တွက်လာရလဲဟု မေးခဲ့သည်။

​လေးနက်​သောစကားဝိုင်းပြီး​နောက် ယွမ်ယယ်က တစ်ဖန် စ​နောက်လိုက်​လေ၏။ သူက ​အနောက်သို့မှီကာ ရယ်​မောပြီး လက်ထဲရှိပုလင်းကို ဆုပ်ကိုင်၍ အကြိမ်အနည်းငယ်ခါလိုက်ရင်း ​ပေါ့​ပေါ့ပါးပါး ​ပြောလိုက်သည်။ အချစ်​ကြောင့်လို့ ထင်တာပဲ၊ ဟားဟား။"

*****

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment