ယွမ်ယယ်ရွေးချယ်ခဲ့သောနွားက အတော်လေးကောင်းပေသည်။ ၎င်းတွင် နို့လုံလုံလောက်လောက်ရှိပြီး သူ ညှစ်သည့်နေရာ၌ နွားနို့များထွက်လာရန်အတွက် အားသိပ်မစိုက်ရချေ။
သို့သော်လည်း သူတစ်ယောက်တည်း အလုပ်လုပ်နေရသည့်အတွက် သိပ်တော့အဆင်မပြေလှပေ။ တစ်ဖက်တွင် ဖန်းရှောက်ယိ၏ပုံးထဲ၌ နွားတို့တစ်စက်ပင်မရှိသလို ထိုလူက လက်ကလေးကိုတောင် ဆန့်မထုတ်ခဲ့ပေ။ အဆုံးသတ်တွင် ယွမ်ယယ်တစ်ယောက် အခန်းကြီးကို မရယူနိုင်ခဲ့ချေ။ သူက ဖန်းရှောက်ယိကို မေးလိုက်သည်။ "မင်း ဘာလို့ နွားနို့ကူမညှစ်ရတာလဲ။"
ဖန်းရှောက်ယိက ကင်မရာကိုတစ်ချက်ကြည့်ကာ အသံလျှော့၍ ပြောလာသည်။ "ကိုယ် အဲ့လိုမျိုးတွေလုပ်ရတာ မကြိုက်ဘူး။"
"အိုး၊ ဒါဆို ငါကတော့ ကြိုက်တယ်ပေါ့?" ယွမ်ယယ်တစ်ယောက် ဒေါသတကြီးရယ်မောလိုက်သည်။ "ငါကတော့ သဘောကျတယ်ပေါ့လေ၊ ဟမ်? ငါကရော လူတစ်ယောက်ရဲ့... နွားတစ်ကောင်ရဲ့... နို့ကို ညှစ်ချင်တယ်များထင်နေတာလား။"
ဖန်းရှောက်ယိက မျက်လွှာချကာ ပြုံးလိုက်၏။ "ကိုယ်ကြည့်နေတာတော့ မင်းက အဲ့လိုလုပ်ရတာကို သဘောကျတဲ့ပုံပါပဲ။"
ယွမ်ယယ် သူ့ဘာသာသူပြန်တွေးလိုက်မိသည် - အဲ့ဒါဆိုတာက နွားနိုညှစ်တာကိုပြောနေတာလား ဒါမှမဟုတ် တခြားတစ်ခုလား။
နောက်ဆုံးတွင် ချိန်ရွှင်နှင့် ချီရှင်းတို့က အခန်းကြီးကို ရသွားကြလေသည်။ သူတို့နှစ်ဦးလုံးက တစ်ချိန်လုံးခေါင်းငုံ့ကာ အသေအကျေ နို့ညှစ်နေခဲ့ကြ၏။ သူတို့သည် အတော်လေးကို အလေးအနက်ဖြစ်နေခဲ့ကြသည်။ ယွမ်ယယ်က ဆူလိုက်လေ၏။ "မင်းတို့ စောစောက ငါရွေးထားတဲ့ နွားကို ယူသွားတာမလား။ မင်းတို့နှစ်ယောက် ငါရွေးထားတဲ့နွားကို သုံးခဲ့တာမို့ မင်းတို့ရတာကို ငါ့ကိုတစ်ဝက်ခွဲပေးသင့်တယ်မဟုတ်ဘူးလား။"
ချီရှင်းက ယခုတွင် ယွမ်ယယ်နှင့် ရင်းနှီးနေလေပြီ။ သူက အစကလောက် စကားပြောရန်ကြောက်လန့်မနေတော့ပေ။ သူက ယွမ်ယယ်ရှေ့တွင် သူတို့ညှစ်ခဲ့သော နွားနို့ပုံးကိုကိုင်ကာ ပြောလိုက်သည်။ "အခန်းကိုခွဲဖို့ နည်းလမ်းမရှိပေမဲ့ နွားနို့တွေအကုန်လုံးကိုတော့ ယူသွားလို့ရပါတယ်။"
ယွမ်ယယ်တစ်ယောက် ပြုံးလိုက်ပြီး မေးဆတ်ပြကာ သူ့ကိုလျစ်လျူရှုလိုက်သည်။ "အဝေးကို ယူသွားစမ်းပါ၊ ငါ အဲ့ဒါကို လိုချင်မနေဘူး။"
အငယ်နှစ်ယောက်က ကင်မရာရှေ့တွင် ဘာမှမပြောခဲ့သော်လည်း ယွမ်ယယ်ကို သီးသန့်လာတွေ့ခဲ့ကြသည်။ ချိန်ရွှင်က ပြောလာ၏။ "ယွမ်ကော၊ ကောနဲ့ ရှောက်ယိကောတို့ အဲ့အခန်းမှာ နေလိုက်ကြပါ။ ရှောက်ယိကောကိုကြည့်ရတာ နေသိပ်မကောင်းဘူးထင်တယ်။"
ယွမ်ယယ်က သူ့ကိုကြည့်ကာ လက်မောင်းကိုပုတ်လိုက်၏။ ထို့နောက် ခေါင်းယမ်းကာ ပြန်ပြောလိုက်သည်။ "မလိုပါဘူး။ မင်းတို့ရဲ့စိတ်ကိုပဲ လက်ခံလိုက်မယ်။"
"အဲ့ဒါက ဘာမှမဟုတ်ပါဘူး။ ကျွန်တော်နဲ့ ရှောင်ရှင်းက ဘယ်မှာပဲ အိပ်အိပ်ကိစ္စမရှိဘူး။" ချိန်ရွှင်က ထပ်ပြောလာခဲ့၏။
ယွမ်ယယ် သူ့တို့ကို ပြုံးပြလိုက်သော်လည်း ခေါင်းယမ်းနေဆဲပင်။ "မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်။ မင်းတို့က အရမ်းကြင်နာတာပဲ။"
ယွမ်ယယ် ထိုကလေးနှစ်ယောက်အပေါ် အမြင်ကောင်းများရှိသည်။ ထိုကလေးနှစ်ယောက်က အကြံအစည်များမရှိသလို EQ လည်း မြင့်ပေ၏။ သူတို့က ကင်မရာရှေ့မှာ အခန်းကိုပေးပြီး လူထုအမြင်ကိုရရန် ကောင်းကွက်တစ်ခုအဖြစ် အသုံးမပြုခဲ့ပေ။ ၎င်းက အလွန်ချစ်စရာကောင်းပေသည်။ သူတို့က နွားနို့ညှစ်ပြီးနောက် အခန်းများခွဲသည့်ကဏ္ဍအထိ ထိုအခန်းကို ဖန်းရှောက်ယိနှင့် ယွမ်ယယ်ထံပေးချင်သည်ဟု လူတိုင်းရှေ့မှာလည်း မကြေညာခဲ့သလို ၎င်းတို့က ယဥ်ကျေးပြီး စာနာထောက်ထားသည့်ပုံရိပ်များဖန်တီးရန် ဖန်းရှောက်ယိက ယခု နေမကောင်းဖြစ်နေကြောင်းကိုလည်း မဖွင့်ဟခဲ့ပေ။ အကယ်၍ ထိုသို့လုပ်ခဲ့ပါက ရှိုးထုတ်လွှင့်သည့်အခါ လူတိုင်းက သူတို့ကို ချီးမွမ်းကြလိမ့်ပေမည်။
သို့သော် သူတို့က ထိုသို့မလုပ်ခဲ့ကြပေ။ နှစ်ဦးသားက ၎င်းတို့၏အပြုအမူများနှင့်ပတ်သက်၍ စည်းရှိကြ၏။ ယွမ်ယယ် ထိုကဲ့သို့သောအသိစိတ်မြင့်မားသည့် နှစ်ဆယ်ကျော်အရွယ်ကလေးနှစ်ယောက်ကို တော်တော်လေးသဘောကျသည်။ အကယ်၍ ထိုကလေးနှစ်ယောက်နေရာမှာ ဟန်ဆောင်ပန်ဆောင်စရိုက်မျိုးရှိသည့် အခြားလူငယ်စုံတွဲသာဆို ယွမ်ယယ်၏ပါးစပ်က ခဏလေးတောင် အနားရမည်မဟုတ်ချေ။ သူ ၎င်းတို့ကို သေချာပေါက် တရစပ်ဝေဖန်နေလိမ့်မည်။
ယခုတစ်ခေါက်တွင် ကျီရှောင်ထောင်းက လိုက်မလာခဲ့ပေ။ ရိုက်ကူးရေးလုပ်နေစဥ်အတွင်း သူ့ကိုမလိုသည့်အတွက် သူလိုက်လာလျှင်လည်း အသုံးမဝင်ချေ။ ထိုညက သန့်ရှင်းဆေးကြောပြီးနောက် ဖန်းရှောက်ယိတစ်ယောက် လှဲချလိုက်သည်။ လက်ရှိ တဲအိမ်ထဲတွင် သူနှင့် ယွမ်ယယ်သာရှိပေ၏။
ယွမ်ယယ်က စကားစမပြောချင်သော်လည်း ဖန်းရှောက်ယိကို ယခုလို အိပ်စက်ခွင့်ပေးလိုက်ဖို့က သိပ်မကောင်းနိုင်ပေ။ နောက်ဆုံးတစ်ခေါက် သူတို့ရှိုးအတွက် ရိုက်ကူးခဲ့ချိန်က ကျီရှောင်ထောင်းသည် ပို၍အားစိုက်ထုတ်ဖို့ကို ညတစ်ဝက်လောက် ပူညံပူညံပြောနေခဲ့သည်။
ဖန်းရှောက်ယိက လှဲချလိုက်ပြီးဖြစ်၏။ ယွမ်ယယ် အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် သူ့ဆီလျှောက်သွားကာ ခုတင်ခပ်နိမ့်နိမ့်ရှေ့မှာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဖန်းရှောက်ယိ၏ဆံပင်ကို ထိကာ ခေါ်လိုက်သည်။ "ဟေး"
ဖန်းရှောက်ယိက မော့ကြည့်ကာ မျက်ခုံးပင့်ပြခဲ့သည်။
ယွမ်ယယ်က မေးလိုက်၏။ "မင်း ဒီတိုင်းအိပ်တော့မှာလား။"
ဖန်းရှောက်ယိက သူ့ကိုစိုက်ကြည့်နေပြီး မျက်ခုံးကို ပိုလို့တောင် ခပ်မြင့်မြင့်ပင့်လိုက်သည်။
ယွမ်ယယ်တစ်ယောက် သူ့မေးခွန်းက ရူးကြောင်ကြောင်နိုင်မှန်း သတိပြုမိသွားလေသည်။ ဒီတိုင်းမအိပ်လို့ ဘယ်လိုအိပ်ရမှာလဲ။ မသိရင် သူတို့မှာ တခုခုလုပ်စရာရှိနေသလိုလို။
ယွမ်ယယ်က လည်ချောင်းရှင်း၍ ပြောလိုက်၏။ "ဒီမှာ နည်းနည်းခြောက်သွေ့တယ်။ မင်း အသားအရေထိန်းသိမ်းမှုတောင်မလုပ်ဘဲ ဒီအတိုင်း အိပ်လိုက်တော့မလို့လား။"
သူ့စကားကို အဆုံးထိကြားလိုက်ရသောအခါ ဖန်းရှောက်ယိက သူ၏အကြည့်များကို ဖယ်ခွာလိုက်၏။ သူက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "မလုပ်တော့ဘူး။"
ယခု ထိုအကြောင်းအရာကိုပြောနေခိုက် ယွမ်ယယ် အဆင်မပြေနေချေ။ အတိတ်တုန်းက သူတို့နှစ်ယောက်အတူတူရှိခဲ့ချိန်မှာ ဖန်းရှောက်ယိက ရိုက်ကူးရေးပြီးနောက် အလွန်ပင်ပန်းကာ သူ၏မိတ်ကပ်ကိုဖျက်၍ မျက်နှာသစ်ပြီးနောက် အိပ်ပျော်သွားတတ်သည်။ ထိုအခါ ယွမ်ယယ်က ဖန်းရှောက်ယိ၏ဦးခေါင်းထိပ်နားထိုင်ကာ သူ၏မျက်နှာကို နှိပ်နှယ်ပေးပြီး lotion နှင့် essence များလိမ်းပေးတတ်၏။
ဖန်းရှောက်ယိမှာ ငယ်ငယ်လေးကတည်းက ထိုကဲ့သို့ထုတ်ကုန်များကို ဘယ်တော့မှမသုံးခဲ့ဖူးချေ။ သို့သော် အသက်သုံးဆယ်ကျော်ပြီးနောက် လူတိုင်းက ဇရာကို မလွန်ဆန်နိုင်ပေ။ ခန္ဓာကိုယ်က မအိုသေးသော်လည်း အသားအရေက အတိတ်ကလောက် ကောင်းတော့မည်မဟုတ်ရာ အသားအရေထိန်းသိမ်းရသည်မှာ ညတိုင်း ပြီးမြောက်ရန်လိုအပ်သော မစ်ရှင်တစ်ခုနှယ်။
ယွမ်ယယ်က ထိုနေရာမှာ ဆောင့်ကြောင့်ထိုင်နေဆဲပင်။ သူ ယနေ့တွင် မူမမှန်စွာဖြင့် စိတ်ခံစားချက်များကောင်းနေသည်။ နေ့ခင်းက မြင်းစီးကာ စိတ်လက်ဖြေခဲ့ခြင်းကြောင့် ဖြစ်နိုင်သလို နေ့လယ်က နွားနို့ညှစ်ချိန်တွင် အတော်လေးရယ်မောခဲ့ရသောကြောင့်လည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်နေပါစေ သူ ယခုတွင် စိတ်ခံစားချက်ကောင်းနေပေ၏။ ယွမ်ယယ် ဖန်းရှောက်ယိ၏ခေါင်းကို ထပ်ထိလိုက်ပြီး မျက်နှာပေါ်တွင်လည်း အရှက်မဲ့သောအပြုံးတစ်ခုတပ်ဆင်ထားခဲ့သည်။ "ယိကော မျက်နှာလာသစ်လိုက်။"
ဖန်းရှောက်ယိက သူ၏မျက်ခုံးများကို တွန့်ချိုးလိုက်သည်။ ထို့နောက် မျက်နှာကို စောင်ထဲတွင်မြှုပ်ထားပြီး ညည်းညူလိုက်လေ၏။ "မင်းက ဘာလို့ စိတ်ရှုပ်စရာကောင်းနေရတာလဲ။"
ယွမ်ယယ်က ပြုံးနေဆဲပင်။ သူက ဖန်းရှောက်ယိ၏ခရီးဆောင်အိတ်ထဲမှ အသားအရေထိန်းသိမ်းရေးပစ္စည်းများကို ထုတ်ရန်ပြင်လိုက်သည်။ အိတ်ကို ဇစ်ဖွင့်လိုက်သည်နှင့် ဖန်းရှောက်ယိက ထထိုင်ကာ အသံနက်နက်ဖြင့်ပြောလာ၏။ "ကိုယ့်ရဲ့ခရီးဆောင်အိတ်ကို မထိနဲ့။"
ယွမ်ယယ် အေးခဲသွားခဲ့သည်။ သူ၏လက်များက ခရီးဆောင်အိတ်ပေါ်တွင်ရှိနေဆဲဖြစ်ပြီး မလှုပ်ရှားတော့ပေ။ ယွမ်ယယ် ဖန်းရှောက်ယိကို လှည့်ကြည့်လိုက်၏။
ဖန်းရှောက်ယိကလည်း အမူအရာမဲ့စွာဖြင့် သူ့ကိုစိုက်ကြည့်နေခဲ့သည်။ သူက နောက်တစ်ကြိမ်ထပ်ပြောခဲ့သည်။ "ကိုယ့်ရဲ့ခရီးဆောင်အိတ်ကို မထိနဲ့။"
ယွမ်ယယ် ဖြည်းဖြည်းချင်း မျက်တောင်ခတ်လိုက်၏။ သူ၏နှုတ်ခမ်းထောင့်မှာ အပြုံးမမည်သော အပြုံးတစ်ခု ပေါ်လာပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အမ်း။"
ယွမ်ယယ် မတ်တတ်ထရပ်ပြီး သက်ပြင်းချလိုက်သည်။ သူက လက်များကို အိတ်ကပ်ထဲထည့်ကာ မျက်နှာတစ်ဝက်သာမြင်နေစေရန် သူ၏မေးစေ့ကို အင်္ကျီထဲမြှုပ်ထားလိုက်၏။ သူ၏နှာခေါင်းထိပ်က သတ္တုဇစ်ထိပ်လေးနှင့် ပွတ်တိုက်နေခဲ့ပြီး အနည်းငယ် အေးစက်နေပေသည်။ ယွမ်ယယ်တစ်ယောက် ဖန်းရှောက်ယိကိုမကြည့်ဘဲ ထိုနေရာ၌ရပ်ကာ ပြောလိုက်သည်။ "တောင်းပန်ပါတယ်။"
သူက ထပ်ပြောလိုက်သည်။ "ငါ အကျင့်ပါသွားလို့။ စိတ်ထဲမထားပါနဲ့။"
ထိုစကားများက ဆူးများသယ်ဆောင်လာပုံရ၏။ ၎င်းတို့က ဖန်းရှောက်ယိ၏နှလုံးကို ထိုးဖောက်ကာ အပေါက်များဖြစ်သွားစေပြီး သွေးများစီးကျလာစေခဲ့သည်။ ၎င်းမှာ တစ်ဖက်လူသာမက ကိုယ့်ကိုယ်ကိုယ်ပါ ထိခိုက်စေသော နာကျင်မှုမျိုးပင်။ ယွမ်ယယ် ထိုသို့ပြောပြီးနောက် အိတ်ကပ်ထဲလက်ထည့်လျက် အပြင်သို့ ထွက်လာခဲ့သည်။
အပြင်ဘက်တွင် လေက အနည်းငယ်အေးစက်နေ၏။ သူ အတော်လေးဝေးရာသို့ လျှောက်လာခဲ့လိုက်ပြီး စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ ဆေးလိပ်ငွေ့များက ခြောက်ကပ်နေသောလည်ချောင်းထဲကို ဝင်သွားသောအခါ စပ်ဖြင်းဖြင်းဖြစ်သွားပြီး ယွမ်ယယ်ကို ချောင်းဆိုးသွားစေခဲ့သည်။ သူက ဆေးလိပ်ကိုင်ထားသောလက်ဖြင့် ဆေးလိပ်ငွေ့များကို အဝေးသို့လွင့်သွားအောင် ဝှေ့ယမ်းလိုက်၏။ သို့သော်လည်း ဆေးလိပ်ငွေ့များက ပျောက်ကွယ်သွားရမည့်အစား ပို၍ပင်များလာခဲ့သည်။ ၎င်းတို့က တိမ်တိုက်သဖွယ်ဖြစ်ပေါ်နေပြီး သူ့အနားမှာ ရစ်ဝဲနေခဲ့၏။
ယွမ်ယယ် ရယ်မောလိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်ကာ လေထုထဲသို့ သူ့ကိုယ်သူဆဲရေးလိုက်၏။ "...အရူး။"
ယခင်က ဖန်းရှောက်ယိနှင့် ယွမ်ယယ်တို့သည် အနည်းဆုံးတော့ ကင်မရာများရှေ့တွင် တစ်ယောက်နှင့်တစ်ယောက်ချစ်နေသလို ဟန်ဆောင်နိုင်ခဲ့ကြ၏။ အခြားစုံတွဲများလောက် တစ်ယောက်နှင့်တစ်ယောက် ပူးကပ်မနေသော်ငြား တကယ့်အပြင်တွင်လည်း သူတို့နှစ်ယောက်က သဲသဲကဲကဲမရှိကြသောကြောင့် မည်သူကမှ တစ်ခုခုမှားယွင်းနေသည်ကို မပြောနိုင်ခဲ့ကြပေ။ သို့သော် နောက်တစ်နေ့ရိုက်ကူးရေး၌ လူငယ်ဒါရိုက်တာကတောင် ယွမ်ယယ်ကို မမေးဘဲမနေနိုင်တော့ပေ။ "ယွမ်လောင်ရှီး၊ ရှင်နဲ့ ဖန်းလောင်ရှီးတို့ ဘာဖြစ်ထားကြတာလဲ။"
ထိုအချိန်က ယွမ်ယယ်တစ်ယောက် မြက်ခင်းပြင်စွတ်ဖားစီးရန် ပြင်ဆင်နေခဲ့သည်။ သူက ခေါင်းငုံ့ကာ စွတ်ဖားစီးဘွတ်ဖိနပ်ကို ဝတ်ဆင်နေသည့်အတွက် ခေါင်းမော့မလာဘဲ ပြန်မေးလိုက်လေ၏။ "ကျွန်တော်တို့ တစ်ခုခုဖြစ်လို့လား။"
"မဟုတ်ပါဘူး။ နှစ်ယောက်လုံး ခံစားချက်သိပ်မကောင်းဘူးလို့ ကျွန်မထင်လို့ပါ။" လူငယ်ဒါရိုက်တာက ဂရုတစိုက် ပြောလာခဲ့၏။ "လောင်ရှီးနဲ့ ဖန်းလောင်ရှီးတို့ ဘာမှဖြစ်မထားဘူး၊ ဟုတ်တယ်မလား။"
"ဘာမှမဖြစ်ပါဘူး။" ယွမ်ယယ်က ထရပ်ကာ သူမကိုပြုံးပြလိုက်သည်။ "စိတ်မပူပါနဲ့။"
အစကတည်းက ယွမ်ယယ်သည် ပို၍စိတ်အားထက်သန်စွာ သရုပ်ဆောင်ခဲ့သူပင်။ သူက ဖန်းရှောက်ယိနှင့် ပူးကပ်နေဖို့ အမြဲကြိုးစားနေသူတစ်ဦးဖြစ်ပြီး အမှန်တရားကို မည်သူမှသတိမပြုမိစေရန်အတွက် သဘာဝကျအောင် အစွမ်းကုန် ကြိုးစားခဲ့သည်။ မနေ့ညက ဖန်းရှောက်ယိ၏ ပြစ်တင်ရှုတ်ချမှုသည် ယွမ်ယယ်ကို များစွာစိတ်ထိခိုက်စေခဲ့ပြီး ယခု သူ့ကိုယ်သူအတွက် ပိုကောင်းသောစိတ်ခံစားချက်များကိုတောင် မရရှိနိုင်ဘဲ သရုပ်ဆောင်ဖို့ကိုလည်း သိတ်မပါတော့ပေ။
မည်သည့်အတွက်ကြောင့် သူဆက်ပြီး သရုပ်ဆောင်နေရသနည်း။ အပြင်လူများရှေ့တွင် ၎င်းတို့သည် ချိုမြိန်ပြီး ချစ်နေကြသောသူများဖြစ်သော်လည်း ၎င်းတို့အားလုံးက အတုအယောင်သာ။ စကားလေးတစ်ခွန်းနှင့်ပင် သူတို့ဟန်ဆောင်ချစ်နေခဲ့ကြသော အတုအယောင်အလွှာပါးလေးကို ထုတ်ဖော်နိုင်ခဲ့သည်။
ယနေ့အတွက် သူတို့၏မစ်ရှင်က မြက်ခင်းပြင်စွတ်ဖားစီးခြင်းဖြစ်၏။ သူတို့ပြိုင်ပွဲမစခင် နည်းပြတစ်ယောက်နှင့် အရင်ဆုံးသင်ကြားခဲ့ရသည်။ လူတိုင်း အဆင်သင့်ဖြစ်နေပြီး သင်ခန်းစာနားထောင်ရန်အတွက် ကိုယ်အလှည့်ကို စောင့်နေခဲ့ကြ၏။
အမှန်တကယ်တော့ မြက်ခင်းပြင်စွတ်ဖားစီးခြင်းက သာမန်စကီစီးခြင်းနှင့် အတော်လေးတူသည်။ အများစုက သိထားပြီးဖြစ်သော်လည်း ရသစုံရှိုးဖြစ်သည့်အတွက် ထိုလှုပ်ရှားမှုကို ပထမဆုံးအကြိမ်လုပ်ဖူးသလို ဟန်ဆောင်ရပေမည်။ ထိုအရာနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသလို ဟန်ဆောင်ပြီးနောက် ရယ်ရအောင် အကြိမ်အနည်းငယ်ခန့် ရည်ရွယ်ချက်ရှိရှိ လဲကျရဦးမည်ပင်။
သို့သော် ယနေ့တွင် ယွမ်ယယ်က အခြားသူများ၏ပျော်ရွှင်မှုအတွက် မျောက်ပွဲကပြဖို့ ဆန္ဒမရှိပေ။ သူက သူ၏ဂီယာကို တပ်ဆင်ကာ လျှောဆင်းသွားလိုက်သည်။ ယွမ်ယယ်တစ်ယောက် တောင်စောင်းကို လျှောချသွားပြီး သေသပ်စွာဖြင့် တစ်ပတ်လှည့်လိုက်သေး၏။ ထို့နောက် မြင်ကွင်းထဲကနေ အလျင်အမြန်ပျောက်ကွယ်သွားတော့သည်။
ချီရှင်းမှာ လုံးဝ အံ့သြမှင်သက်နေလေ၏။ သူ၏မျက်လုံးများကလည်း တလက်လက်တောက်ပနေပြီး တီးတိုးပြောလိုက်သည်။ "ယွမ်ယယ်ကောက အရမ်းမိုက်တာပဲ။"
"ကျွန်မတို့ ဘာလှုပ်ရှားမှုပဲလုပ်လုပ် သူက မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျောက်သွားတယ်နော်။" လင်ထျန်းက စနောက်လိုက်သည်။ "ယယ်ကောက အားကစားသမားတစ်ယောက်မဟုတ်တာတော့ နှမြောစရာပဲ။"
ဖန်းရှောက်ယိက ပြောလာ၏။ "သူက ဘယ်တော့မှ ငြိမ်ငြိမ်မနေတတ်ဘူး။ မျောက်ရိုင်းလေးတစ်ကောင်လိုပဲ။ သူ့ကိုလွှတ်ထားပေးလိုက်ပါ။"
ယွမ်ယယ် သူ့ဘာသာသူ တစ်ပတ်ပြည့်အောင်စီးလိုက်သည်။ သူအနောက်သို့ပြန်ရောက်သွားသောအခါ ဖန်းရှောက်ယိက သူသွားမည့်တောင်စောင်းနားမှာ ဖြည်းဖြည်းချင်းစီးနေခဲ့၏။ ယွမ်ယယ် သူ၏စိတ်ကို ပြင်ဆင်လိုက်ပြီး ဖန်းရှောက်ယိရှိရာဘက်သို့ အရှိန်တင်လိုက်သည်။
ဖန်းရှောက်ယိက နောက်လှည့်ကြည့်လိုက်ရာ သူဦးတည်ပြီးလာနေသည်ကို ချက်ချင်းတွေ့သွား၏။ သူက ဘေးသို့မရှောင်ဘဲ ခန္ဓာကိုယ်ကို အနည်းငယ်ငုံ့ချကာ သူ့ကိုယ်သူပိုပြီးတည်ငြိမ်အောင်လုပ်လိုက်သည်။ ယွမ်ယယ်ကလည်း အရှိန်မလျှော့ခဲ့ပေ။ သူ၏မျက်လုံးများက ဖန်းရှောက်ယိ၏ကျောပေါ်တွင်သာရှိနေပြီး အနောက်ကနေ ဝင်တိုက်လိုက်တော့သည်။
အရှိန်က အနည်းငယ်ပြင်းသောကြောင့် ဖန်းရှောက်ယိကို ဟန်ချက်ပျက်သွားစေခဲ့ပြီး နှစ်ယောက်သားလဲကျသွားခဲ့လေ၏။ ယွမ်ယယ် ခန္ဓာကိုယ်ကိုလှည့်လိုက်ရာ သူတို့နှစ်ဦးလုံး ဘေးတိုက်အနေအထားဖြင့် မြက်ခင်းပြင်ပေါ် လှိမ့်ဆင်းသွားသည်။ နှစ််ဦးသား အရှက်ရဖွယ်ပုံစံဖြင့် တစ်ယောက်ပေါ်တစ်ယောက်ထပ်ကျကာ အတော်လေးနီးကပ်သွားခဲ့၏။
ယွမ်ယယ်တစ်ယောက် ရူးသွပ်နေသလိုမျိုး အချိန်အတော်ကြာအောင် အော်ရယ်နေခဲ့ပြီး ဖန်းရှောက်ယိကမူ ကူကယ်ရာမဲ့နေခဲ့၏။ သူက ယွမ်ယယ်၏လက်မောင်းကိုပုတ်ကာ မေးလိုက်သည်။ "မင်း ဘယ်နားထိသွားသေးလဲ။"
ယွမ်ယယ်က ခေါင်းယမ်းပြလိုက်သည်။ သူ ရယ်မောလိုက်သောကြောင့် အနည်းငယ်မောဟိုက်နေလေ၏။
မလှမ်းမကမ်းမှချိန်ရွှင်က သူတို့နှစ်ဦးလဲကျနေသည်ကိုမြင်လိုက်ရ၍ သူတို့ဆီလာရန်ပြင်နေခဲ့သည်။ ထိုအခါ ယွမ်ယယ်က လက်ဝှေ့ယမ်းပြကာ ဘာမှမဖြစ်ကြောင်း အသိပေးလိုက်၏။
ရိုက်ကူးရေးလုပ်နေသည့် တစ်မနက်ခင်းလုံးတွင် သူတို့နှစ်ဦးလုံး၏မျက်နှာအမူအရာက မည်းမှောင်နေခဲ့သော်လည်း ယခု ဘောလုံးကဲ့သို့ လှိမ့်သွားပြီးနောက်မှာတော့ ကြည်လင်လာခဲ့ကြသည်။ လူငယ်ဒါရိုက်တာခမျာ စိတ်သက်သာရာရကာ တိတ်တဆိတ်သက်ပြင်းချလိုက်တော့သည်။
ဖန်းရှောက်ယိက သူ့ခြေထောက်ပေါ်ရှိ သစ်ရွက်များကို ခါလိုက်ပြီး မတ်တတ်ရပ်ရန်ပြင်လိုက်သည်။ ယွမ်ယယ်က ချက်ချင်းဆိုသလို သူ့လက်မောင်းကိုဆုပ်ကိုင်လိုက်ပြီး အနီးသို့ဆွဲခေါ်လိုက်၏။ ဖန်းရှောက်ယိ မျက်ခုံးပင့်လိုက်ချိန်တွင် ယွမ်ယယ်က သူ့ရင်ခွင်ထဲပစ်ဝင်ပြီးဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် ယွမ်ယယ်တစ်ယောက် တစ်မနက်လုံး သူ၏ဒေါသကို ထိန်းထားခဲ့ရသည်။ သူအမြင်မှာတော့ သူတို့နှစ်ဦး ကွာရှင်းပြတ်စဲခဲ့ကြသော်လည်း ၎င်းတို့တွင် ဆယ်နှစ်ကျော်အမှတ်တရတို့ရှိနေဆဲဖြစ်ပြီး တစ်ဖက်သား၏သဘောထားကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြရန် မလိုအပ်ပေ။ ၎င်းတို့တွေ ရှိုးကိုရိုက်ကူးနေကြရာ အလိုက်သင့်သရုပ်ဆောင်ဖို့လို၏။
သူ့စိတ်ထဲမှဒေါသကြောင့် ယွမ်ယယ် သရုပ်ဆောင်ဖို့တောင် အာရုံမစိုက်နိုင်ခဲ့ချေ။ သို့သော် စောစောက သူ့ဘာသာသူ စွတ်ဖားတစ်ပတ်စီးခဲ့ပြီး ထိုအဆိုးမြင်စိတ်အားလုံးကို ဖယ်ရှားပစ်ရန် အကောင်းဆုံးကြိုးစားခဲ့သည်။ ယခု သူပြန်လာသည့်အချိန်မှာတော့ ကောင်းကောင်းရိုက်ကူးရန် လိုအပ်ပေသည်။ သူ အကောင်းဆုံးမလုပ်လျှင် ထိခိုက်နစ်နာသူက ဖန်းရှောက်ယိ ဖြစ်သွားလိမ့်မည်။ မည်သို့ပင်ဖြစ်စေ တစ်ဖက်လူက ဖျော်ဖြေရေးနယ်ပယ်ထဲကဖြစ်နေသည်လေ။
သို့သော် ထိုသို့ဆိုတိုင်းလည်း ယွမ်ယယ်က စိတ်ခံစားချက်များအားလုံးကို ပုလင်းထဲတွင် ထည့်သိမ်းထားရမည်ဟု မဆိုလိုပေ။ သူသည် မွေးကတည်းက ဒေါသကြီးသူဖြစ်၏။ ဒေါသထွက်လာသောအခါတွင် သူ့နှလုံးသားက မသက်မသာဖြစ်ကာ တင်းကျပ်လာသလိုခံစားရသည်။
ယွမ်ယယ် ဖန်းရှောက်ယိ၏လက်မောင်းကို ဆုပ်ကိုင်ထား၏။ သူ၏မျက်နှာက ပြုံးနေပြီး သူ့မျက်လုံးများက ဖန်းရှောက်ယိ၏မျက်လုံးများကို တည့်တည့်စိုက်ကြည့်နေခဲ့သည်။ ဤမြင်ကွင်းက အဝေးမှကင်မရာထဲတွင် အလွန်ရိုမန်တစ်ဆန်နေပေလိမ့်မည်။ နောက်ပိုင်းတွင် ထုတ်လုပ်ရေးအဖွဲ့က နောက်ခံဂီတတချို့ကို ပေါင်းထည့်ပြီး ၎င်းကို ဤအပိုင်းအတွက် ကြော်ငြာပြသမှုအဖြစ်တောင် ပြသနိုင်ပေသည်။
သို့သော် ယွမ်ယယ် ဖန်းရှောက်ယိကို တီးတိုးပြောနေသည့်စကားများအား အခြားမည်သူမျှ မကြားနိုင်ပေ။ ဖန်းရှောက်ယိတစ်ယောက်တည်းသာလျှင် သူ၏စကားများကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
ယွမ်ယယ်က သူ၏လေသံကို နှိမ့်လိုက်၏။ သူပြောခဲ့သည်မှာ...
"ယိကော၊ ငါမင်းကို ဘာမှအကြွေးတင်မနေဘူး၊ ဒီတော့ ငါပြောသမျှအားလုံးကို ဆက်ငြင်းဆန်မနေနဲ့။ ဒီရှိုးကို ပြီးသွားအောင် ကောင်းကောင်းရိုက်ကူးကြရအောင်။ ဒါမှမဟုတ် အခုပဲ နုတ်ထွက်မဲ့အကြောင်း ကြေညာလိုက်ပြီး ငါတို့ ကိုယ့်အိမ်ကိုယ်ပဲ ပြန်ကြတာပေါ့။"
"ငါ့ဦးနှောက်က မြောင်းရေတွေပြည့်နေလို့ ဒီရှိုးကိုရိုက်ကူးဖို့ ငါလက်ခံခဲ့မိတာ။ ခြေတစ်လှမ်းမှားခဲ့လို့ လှမ်းလိုက်တဲ့ နောက်ဆက်တွဲခြေလှမ်းတိုင်းက မှားနေခဲ့တာ။"
သူ၏လေသံက ဖန်းရှောက်ယိ၏နားရွက်ကို ကိုက်ခဲချင်နေသကဲ့သို့ပင်။ "ငါ့ဦးနှောက်က ဆီတွေနဲ့ပြည့်နေတာ အမှန်ပဲ။ ဒါပေမဲ့ ငါ ဒီကိုလာခဲ့တာ မင်းကိုနှောင့်ယှက်ချင်လို့မဟုတ်ဘူး။ ငါ... မင်းကိုတွေ့ချင်ရုံသက်သက်ပဲ။"
****