ယွမ်ယယ် ဤအစီအစဥ်၌ပါဝင်ဖို့ သဘောတူလိုက်စဥ်က ကိစ္စတော်တော်များများကို ထည့်မစဥ်းစားခဲ့ချေ။ သူက မစ်ရှင်တစ်ခုကို ပြီးမြောက်အောင်လုပ်ရသကဲ့သို့သာ တွေးထားခဲ့သည်။ သို့သော် ရိုက်ကူးရေးပြီးနောက်တွင် ၎င်းမှာ သူ၏နေ့စဥ်ဘဝကို တစ်နည်းနည်းဖြင့်သက်ရောက်မှုရှိမှန်း သိလိုက်ရ၏။ ဥပမာအားဖြင့် ထိုရက်များတွင် သူ့အား လူများကမှတ်မိလာကြပြီး အပြင်ထွက်ရန်လည်း မလွယ်ကူတော့ပေ။
အတိတ်တုန်းက ယွမ်ယယ်သည် လွတ်လပ်သောလူတစ်ယောက်ဖြစ်ခဲ့၏။ သူ့ကိုသိသောလူမှာ အနည်းငယ်သာရှိသည်။ သူ လမ်းတစ်လျှောက်လုံး လျှောက်သွားလျှင်လည်း ထိုသူမှာ ယွမ်ယယ်ဖြစ်ပါသည်ဟု မည်သူမှသိလိမ့်မည်မဟုတ်ပေ။ ယခုလက်ရှိမှာ ရှိုးကိုစတင်ထုတ်လွှင့်ခဲ့ပြီး ကြည့်ရှုသူမှာလည်း အတော်များလှသည်။ အပြင်ထွက်တိုင်း သူ့ကိုမှတ်မိလာသောတစ်စုံတစ်ယောက်ရှိနေခြင်းက အနည်းငယ်ကြောင်တောင်တောင်နိုင်သည်ဟု အမြဲတမ်းခံစားနေရသည်။ ၎င်းတွင်လည်း အချိန်အကန့်အသတ်တော့ရှိပေ၏။ ထိုအစီအစဥ် ထုတ်လွှင့်မှုပြီးဆုံးသွားလျှင် သူသည်လည်း လူထုရှေ့တွင် ပေါ်လာမည်မဟုတ်တော့ပေ။ လအနည်းငယ်ကြာပြီးနောက် အရာရာတိုင်းက ပြန်လည်တည်ငြိမ်သွားပေလိမ့်မည်။ ထို့ကြောင့် ယွမ်ယယ် ထိုကိစ္စအား ကြီးကြီးမားမားမလုပ်ဆောင်ခဲ့ပေ။
လောင်ထူတွင် အရက်ဘားတစ်ခုရှိ၏။ ယွမ်ယယ်သည် ဘားတွင်ထိုင်နေပြီး သူနှင့်စကားပြောနေခဲ့သည်။ သူက မည်သည့်အရက်ကိုမှမသောက်ဘဲ အခွံမာသီးကိုသာ ဝါးနေလျက်။ သူ၏အမြင်အာရုံထဲ မိန်းကလေးနှစ်ယောက်က သူ့ကိုစိုက်ကြည့်နေကြောင်း မြင်လိုက်ရသည်။ သူတို့က သူ့ဆီလာချင်နေပုံရသော်လည်း မလာရဲကြောင်း အချင်းချင်းပြောနေကြ၏။
လောင်ထူက သူတို့ရှိရာသို့ မေးငေါ့ပြ၍ ရယ်မောလျက်: "မင်းရဲ့ပရိသတ်တွေလား။"
"ကျွန်တော့်မှာ ဘာပရိသတ်မှမရှိဘူး။" ယွမ်ယယ်က အခွံမာသီးကို အခွံခွာကာ ပါးစပ်ထဲထည့်လိုက်ပြီး ပြောလိုက်သည်။ "ကြည့်ရှုသူတွေပဲဖြစ်မှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က အခု TV မှာ ခဏခဏပေါ်နေတဲ့တစ်ယောက်ပဲလေ။"
"အဲ့လိုမဟုတ်လောက်ဘူး။ ငါ့ကောင်မလေးဆို သောကြာနေ့ညနေတိုင်း ကြည့်နေတာ သူ့ရဲ့တက်ဘလက်ပြားနဲ့ ကော်ကပ်ထားသလိုပဲ။" လောင်ထူက အရက်ဖျော်စပ်သူကို ဘီယာနှစ်ပုလင်းယူလာပေးရန် ပြောလိုက်သည်။ သူက အဖုံးဖွင့်ကာ တစ်ပုလင်းအား ယွမ်ယယ်ဘက်သို့ ကမ်းပေးလိုက်သည်။
ယွမ်ယယ်က တစ်ငုံသောက်လိုက်ပြီး ဘေးဘက်ရှိ စင်မြင့်ခုံအသေးထက်မှ မိန်းကလေးတစ်ယောက်သီချင်းဆိုနေသည်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုမိန်းကလေးမှာ အတော်လေးငယ်ဦးမည်။ သူ(မ)က သီချင်းကို ပိုင်ပိုင်နိုင်နိုင်သီဆိုနေသည်။ ယွမ်ယယ်ကပြောလိုက်၏။ "အသံကောင်းလိုက်တာ။"
"အမှန်ပဲ။ ငါလည်း သူ(မ)ဆိုတာ နားထောင်ရတာကို တကယ်ကြိုက်တယ်။" လောင်ထူက ပြန်ပြောလာသည်။
ယွမ်ယယ်က သူ့ကိုတစ်ချက်ကြည့်ကာ ရယ်မောလိုက်၏။ "ခင်ဗျားက ရော့ခ်အန်ရိုးလ်း(rock and roll)သီချင်းတွေကိုပဲ ကြိုက်တာမဟုတ်ဘူးလား။ ခင်ဗျားရဲ့နားစည်တွေကို ကွဲထွက်သွားစေမယ့်ဟာမျိုးတွေလေ။"
"ငါ အခုအသက်ကြီးနေပြီလေ။" လောင်ထူကလည်း ရယ်လိုက်သည်။ သူက ခေါင်းယမ်းကာ ပြောလာ၏။ "အခုတော့ သိမ်သိမ်မွေ့မွေ့လေးတွေလည်း ကြိုက်ပါတယ်။ သူတို့က နှလုံးသားကို အေးချမ်းစေတယ်လေ။"
အစီအစဥ်မှာ လွန်ခဲ့သောလဝက်လောက်ကတည်းက အဆုံးသတ်သွားပြီဖြစ်သည်။ ယင်းကြောင့်ပဲ ယွမ်ယယ် လောင်ထူ၏နေရာသို့ ပထမဆုံးအကြိမ် သောက်ရန်လာခဲ့ခြင်းဖြစ်သည်။ အရင်က သူသည် အင်တာဗျူးအတွက် ရုပ်သံဌာနသို့သွားခဲ့ရ၏။ ပြန်ရောက်သောအခါ သူ အိမ်အပြင်သို့ထွက်ခဲသည်။ သူ ထိုရှိုးမှ ကျော်ကြားမှု အနည်ထိုင်သွားသည့်အချိန်ထိ အိမ်ထဲမှာပဲ တတ်နိုင်သလောက်နေမည်ဟု စီစဥ်ထားခဲ့သည်။
ပရိသတ်မိန်းကလေးငယ်လေးများက သူ့ကိုတွေ့လျှင် နှုတ်ဆက်ကာ သဘောကျသောကြောင့် ဓါတ်ပုံတွဲရိုက်ချင်ကြောင်း တောင်းဆိုလိမ့်မည်။ သူကလည်း ၎င်းတို့အား ငြင်းဆိုရန်အထိ မရိုင်းသောကြောင့် အကြိမ်တိုင်း ပူးပေါင်းပေးခဲ့သည်။ သို့သော် မည်သို့ပင်ဖြစ်စေ သူသည် ထိုအပြုအမူနှင့် အသားမကျခဲ့ပေ။ သူ ထိုအရာကို မနှစ်သက်ပေ။
သူက ထိုကဲ့သို့ဘဝနေထိုင်မှုမျိုးနှင့် မကိုက်ညီချေ။
ယွမ်ယယ် ယနေ့ သောက်ချင်စိတ်ရှိသောကြောင့် ထွက်လာခဲ့သည်မဟုတ်ပေ။ သူက အနီးနားတစ်နေရာရာမှာ ထိုင်ကာ စိတ်ရှုပ်စရာများကို လွှတ်ချလိုက်ချင်၏။ သူက အစိမ်းရင့်ရောင်ထဲကိုမှ အောက်ဘင်တွင်မှိန်သွားသော ဂျာကင်အင်္ကျီတစ်ထည်နှင့် ဂျင်းတစ်စုံကိုသာရွေးလိုက်သည်။ မှုတ်ဆိတ်လည်းရိတ်မထားရာ လက်ရှိတွင် သူ၏မေးစေ့အောက်၌ မှုတ်ဆိတ်မွေးများလည်းရှိနေ၏။ ထိုနေရာ၌ထိုင်နေပုံမှာ ခန့်ချောဦးလေးကြီးတစ်ယောက်နှယ်ပင်။
စင်ပေါ်ရှိ မိန်းကလေးငယ်လေးက တစ်ညလုံး သီဆိုဖျော်ဖြေနေခဲ့သည်။ လေးနာရီဆက်တိုက် သီချင်းဆိုခြင်းသည် ယွမ်ငါးရာလောက်ထိ ဝင်ငွေရပေ၏။ လောင်ထူက သွားရတော့မည်ဖြစ်ပြီး ယွမ်ယယ်က ထိုနေရာ၌ပင်ထိုင်နေခဲ့ကာ သူ(မ)သီချင်းဆိုသည်ကို နားထောင်နေခဲ့သည်။ သူ(မ)တွင် အလွန်လှပကြည်ရှင်းသောအသံရှိပြီး နားထောင်ရသူတိုင်းအဖို့ ကြည်နူးရစေ၏။
တစ်စုံတစ်ယောက်က သူ့ဘေးတွင်ဝင်ထိုင်လိုက်ပြီး ဘားကောင်တာကိုမှီကာ သူ့ကိုစိုက်ကြည့်လာသည်။ ယွမ်ယယ် မျက်ခုံးပင့်ကာ ပြန်စိုက်ကြည့်လိုက်၏။ ထိုလူက သူ၏ဖုန်းကို ရှေ့သို့တွန်းပို့လာခဲ့သည်။ ၎င်းပေါ်တွင် WeChat QR ကုတ်ရှိနေလေ၏။ ယွမ်ယယ်က ရယ်လိုက်ပြီး ခေါင်းယမ်းပြလိုက်သည်။ တစ်လျှောက်လုံးစိုက်ကြည့်နေခဲ့သူက အငြင်းခံလိုက်ရသော်လည်း စိတ်အနှောင့်အယှက်ဖြစ်မသွားပေ။ အရာအားလုံးကိုယ့်သဘောအတိုင်းပင်။ သင်ဆန္ဒမရှိလျှင် တစ်ဖက်လူက ပခုံးတွန့်ကာ ဖုန်းကိုပြန်ယူပြီး ထထွက်သွားလိမ့်မည်သာ။
လောင်ထူပြန်လာသောအခါ သူက ယွမ်ယယ်ကိုစနောက်လိုက်၏။ "မင်းအတွက်ကတော့ သွားပါပြီကွာ။ ရှိုးကိုသွားပြီးနောက်ပိုင်း တစ်ညတာ*အတွက်တောင် ကြုံရာကျပန်းမရွေးရဲတော့ဘူး။"
[*one night stand]
ယွမ်ယယ်က အောက်ငုံ့ကာ အခွံမာသီးကို ဆက်ခွာနေရင်း ပြောလိုက်၏။ "ကျွန်တော် ဘယ်တုန်းကမှ ဘယ့်သူကိုမှ မရွေးဖူးဘူး။"
သူ ဘယ်တုန်းကမှ ဘယ်သူ့ကိုမှမရွေးဖူးပေ။ ၎င်းမှာ ရှိုးနှင့်မသက်ဆိုင်ချေ။ သူက ထိုကဲ့သိုလူမျိုးမဟုတ်ခြင်းသာ။ ယွမ်ယယ်က အလွန်ရိုင်းသောလူတစ်ယောက်ပုံစံပေါက်ပြီး တစ်ခါတစ်ရံ သူ၏စကားများက မပရောပရည်နိုင်လှသည်။ သို့သော် အမှန်တကယ်တွင် သူက ထိုကိစ္စမှာ အလွန်ရှေးရိုးဆန်၏။ သူ့အတွက် မည်သည့်အချစ်ရေးစိတ်ခံစားချက်များမှမပါဘဲ ထိုကိစ္စကိုလက်ခံလိမ့်မည်မဟုတ်ချေ။
လောင်ထူ၏အရက်ဘားမှအပြန်တွင် ယွမ်ယယ် ကျီရှောင်ထောင်းဆီကနေ မက်ဆေ့ချ်ရခဲ့သည်။ ၎င်းမှာ အသံမက်ဆေ့ချ်ဖြစ်ပြီး သူ့အားမေးထား၏။ "ယယ်ကော၊ အဲ့ခွေးကောင်က ကောကိုနှောင့်ယှက်နေတာလား။"
ချက်ချင်းပင် နောက်ထပ်မက်ဆေ့ချ်တစ်ခုရောက်လာ၏။ "အဲ့အမှိုက်ကောင်က ဘယ်ကလဲ။ သူကသေချာပေါက် ဒရမ်မာခင်းနေတာပဲ။"
ယွမ်ယယ်တစ်ယောက် လုံးဝစိတ်ရှုပ်သွားပြီး မေးခွန်းသင်္ကေတလေးဖြင့် စာပြန်လိုက်သည်။
ကျီရှောင်ထောင်းက ပြောလာ၏။ "ဒီနောက်ဆုံးပိုင်းအတွက် ကောတို့အဖွဲ့နောက်ကိုလိုက်တဲ့ အဲ့ဒါရိုက်တာလေ။ သူက ကောသူ့ကိုဆူတယ်လို့ပြောတယ်။ ပြီးတော့ အခု သူကတောင်းပန်ပါတယ်တဲ့။ ငါ့ဖင်ကြီးပဲတောင်းပန်။"
ယွမ်ယယ်: "အာ။"
ကျီရှောင်ထောင်း: "ဘာဖြစ်လို့လဲ ယယ်ကော။"
ယွမ်ယယ် ရေချိုးခန်းမှထွက်လာပြီး အသံမက်ဆေ့ချ်ပို့လိုက်၏။ "ဘာမှမဟုတ်ပါဘူး။ သူက ငါစိတ်အနှောင့်အယှက်မဖြစ်နိုင်အောင် ငါ့ကိုမျက်နှာလုပ်နေတာပဲ။ သူက ငါ့ကို မကောင်းပြောတာလား။ ထားလိုက်ပါ။"
ကျီရှောင်ထောင်းတစ်ယောက် ပေါက်ကွဲချေပြီ။ "ထားလိုက်ပါ? အဲ့ဒါ အရမ်းစိတ်ဝင်စားစရာပဲ။ သူက တစ်ယောက်မှအိမ်မှာမရှိဘူး*လို့ထင်နေတာလား။"
[*ယွမ်ယယ်ဘက်မှာနေပေးမဲ့သူမရှိဘူးလို့ထင်နေတာပါ]
ယွမ်ယယ် အမှန်တကယ်တော့ ဘာဖြစ်နေမှန်းကိုတောင် မသိပေ။ သူသိလျှင်တောင် ဖြေရှင်းနိုင်မည်မဟုတ်။ ယခုတွင် သူ၏ Weibo ကို ကျီရှောင်ထောင်းက စီမံနေပြီး ယွမ်ယယ် ထိုကဲ့သို့အရာများကို မကိုင်တွယ်နိုင်ပေ။ သူက အမြဲတမ်း စကားမှားတတ်၏။ ဆဲဆိုခံရခြင်းမှာ ဘာမှတော့မဟုတ်ပေ။ မည်သို့ပင်ဆိုစေ သူက ဖန်းရှောက်ယိ၏တွဲဖက်တစ်ယောက်ဖြစ်၏။ သူပြောလိုက်ခြင်းက ဖန်းရှောက်ယိအတ်က် မကောင်းသည့်သက်ရောက်မှုမျိုးရှိလာလျှင် ဆိုးရွားသွားပေလိမ့်မည်။
ယွမ်ယယ်က ကျီရှောင်ထောင်းကိုပြောလိုက်သည်။ "ငါ မင်းတို့ရဲ့နယ်ပယ်ကို နားမလည်ဘူး။ မင်းလိုအပ်သလိုလုပ်လိုက်။ ငါလုပ်ရင် ပြဿနာပိုကြီးသွားလိမ့်မယ်။"
ကျီရှောင်ထောင်းက ပြောလာ၏။ "ကျွန်တော်တို့လည်း ကောကိုဘာမှလုပ်ခိုင်းဖို့မလိုပါဘူး! သွားအိပ်လိုက်တော့ ယယ်ကော!"
ယွမ်ယယ်: "ကောင်းပြီ။ အလုပ်ကြိုးစားလိုက်ဦး ရှောင်ထောင်း။"
ကျီရှောင်ထောင်း: "ဘာလို့ဆက်ပြောနေသေးတာလဲ။"
ကျီရှောင်ထောင်းက အကြောကပ်ပလာစတာများကိုယူပြီး ဖန်းရှောက်ယိ၏အခန်းထဲမှာ စောင့်နေခဲ့သည်။ ဖန်းရှောက်ယိက ဒါရိုက်တာနှင့် ဇာတ်ညွှန်းကို တစ်ဖက်လူ၏အခန်းတွင် ဆွေးနွေးနေ၏။ ရိုက်ကူးနေရင်း ဇာတ်ညွှန်းကိုပြင်တင်ခြင်းက ဒါရိုက်တာ၏အကျင့်ပင်။ အကြိမ်တော်တော်များများမှာ သူက ရိုက်ကူးရေးမတိုင်ခင် တစ်ရက် သို့မဟုတ် နှစ်ရက်လောက် အခန်းများကို ပြောင်းလိမ့်မည်။ ရံဖန်ရံခါတွင် ရိုက်ကွင်း၌ပင် ပြောင်းတတ်သည်။ ထို့နောက် သရုပ်ဆောင်များက သူတို့၏ စာကြောင်းအသစ်များကို ချက်ချင်း ကောက်မှတ်ရတော့၏။ ထိုရုပ်ရှင်မှာ အဆုံးသတ်ခါနီးပြီဖြစ်သည်။ ဖန်းရောက်ယိတွင် အရေးကြီးသောရိုက်ချက်နှစ်ခုကျန်နေသေး၏။ ထိုနှစ်ခုပြီးလျှင် အခြေခံအားဖြင့် သူပြီးဆုံးသွားချေပြီ။
ဖန်းရှောက်ယိပြန်လာသောအခါ ကျီရှောင်ထောင်းက ထိုင်နေဆဲဖြစ်သည်ကို တွေ့လိုက်ရလေ၏။ ထို့ကြောင့် သူက ပြောလိုက်သည်။ "မင်း ကိုယ့်အခန်းကို ပြန်မအိပ်သေးဘဲ ဘာလို့ဒီမှာထိုင်နေရတာလဲ။"
ကျီရှောင်ထောင်းက သူ့လက်ထဲရှိ အကြောကပ်ပလာစတာများကို ဝှေ့ယမ်းပြလိုက်၏။ "မနက်ဖြန်မိုးရွာမှာ ကျွန်တော် ကောရဲ့ပခုံးနာမှာစိုးလို့။"
ဖန်းရှောက်ယိ၏ပခုံးနှင့် ဒူးတွင် ဒဏ်ရာဟောင်းများရှိသည်။ ရာသီဥတုအေးလာချိန်၌ ၎င်းတို့က နာကျင်လာတတ်၏။ ဤလုပ်ငန်းလမ်းကြောင်းမှာ အန္တရာယ်အပြည့်ပင်။ ထို့ပြင် ဖန်းရှောက်ယိက ပေါ့ပေါ့ပါးပါးဇာတ်ကွက်များကို ရိုက်ကူးခဲပြီး အများစုမှာ ရှုပ်ထွေးခက်ခဲပြီး အက်ရှင်အတွက် လိုအပ်ချက်မြင့်မားသောရုပ်ရှင်များတွင် သရုပ်ဆောင်တတ်သည်။ ဖန်းရှောက်ယိကပြောလာ၏။ "ဒီမှာထားခဲ့။ ပြီးမှ ငါ့ဟာငါလုပ်လိုက်မယ်။"
"အဆင်ပြေပါတယ်။ ကျွန်တော်မအိပ်ချင်သေးဘူး။"
ဖန်းရှောက်ယိရေချိုးနေစဥ် ကျီရှောင်ထောင်းက ရေချိုးခန်းတံခါးအပြင်ဘက်မှာ ရပ်နေပြီး ထိုငတုံးဒါရိုက်တာ၏ Weibo မှာတင်ထားသောစာအကြောင်းကို ရှင်းပြနေခဲ့သည်။
ဖန်းရှောက်ယိက ရေချိုးပြီး ထွက်လာ၏။ ထို့နောက် ပြောလာသည်။ "ကြည့်ရအောင်။"
ကျီရှောင်ထောင်းက တစ်ဖက်လူ၏ Weibo ကို ပြလိုက်သည်။ ပို့စ်ကိုဖတ်ပြီနောက် ဖန်းရှောက်ယိတစ်ယောက် မျက်ခုံးများတွန့်ချိုးကာ သူ၏ဖုန်းကို ပြန်ပစ်ချလိုက်သည်။
Weibo ပို့စ်မှာ ထိုလူငယ်ဆီမှ ရှည်လျားသောတောင်းပန်စာဖြစ်သည်။ အကြမ်းဖျင်းပြောထားသည်မှာ သူသည် နောက်ဆုံးအပိုင်းရိုက်ကူးရေးအတွင်း ထိုအဖွဲ့သားများဆီ ယာယီပြောင်းရွှေ့ခံခဲ့ရသည်။ သူက ထိုအလုပ်နှင့်မရင်းနှီးသလို သူ၏အရည်အချင်းကလည်း အကန့်အသတ်ရှိသည့်အတွက် ဆက်သွယ်မှုတော်တော်များများကို အချိန်မီမရခဲ့ပေ။ ထို့ကြောင့် လောင်ရှီးနှစ်ယောက်အတွက် ပြဿနာဖြစ်စေခဲ့သည်။ သူက ယွမ်ယယ်လောင်ရှီး၏လမ်းညွှန်မှုကို အမြဲတမ်းရှင်းရှင်းလင်းလင်းအမှတ်ရနေမည်ဟူ၍ပင်။
၎င်းက အပေါ်ယံအားဖြင့် ကျေးဇူးတင်ထားသည်ဟု ထင်ရသော်လည်း အမှန်တကယ်မှာ သနားစရာကောင်းအောင် လုပ်ဇာတ်ခင်းခြင်းပင်။ သူက ငယ်ရွယ်ပြီး တစ်ယောက်ယောက်နေရာကို အစားထိုးဖြည့်ရသည်။ ထို့ကြောင့် သူ့တွင် အတွေ့အကြုံမရှိပေ။ သို့သော် ယွမ်ယယ်ထံမှ အဆူခံလိုက်ရသည်။ မူလက ထိုဒါရိုက်တာငယ်၏ Weibo တွက် ပရိသတ်အရေအတွက်မှာ ထောင်ကျော်လောက်သာရှိသည်။ သူ၏ပို့စ်ကို မည်သူကမှ မမြင်ခဲ့ပေ။ သို့သော် အဓိကဒါရိုက်တာ လင်းဝေက သူ၏ပို့စ်ကို လိုက်ခ်လုပ်ပြီး မှတ်ချက်ပေးခဲ့သည်။ "ကျားယို။" (ကြိုးစားထား)
အစက မှတ်ချက်များမှာ တစ်ဝက်ကအကောင်း တစ်ဝက်ကအဆိုးဖြစ်သည်။ တော်တော်များများက လင်းဝေ၏ အရင်ကပို့စ်နှင့် ယခုပိုစ့်ကို ဆက်စပ်လာခဲ့ပြီး သူတို့အားလုံးက ယွမ်ယယ်ကို ရှိုးတစ်ခုလုံးတွင် အနိမ့်ဆုံးသူဖြစ်သော်လည်း ကတ်ကြီးကြီးကိုင်ထားသလိုသရုပ်ဆောင်နေသည်ဟု လှောင်ပြောင်ခဲ့ကြသည်။ သို့သော် စောစောကပင် ထိုအချေအတင်က အနည်းငယ် တစ်ဖက်လှည့်လာ၏။ ယွမ်ယယ်နှင့် ဖန်းရှောက်ယိတို့တို့၏ဖန်များ ပါဝင်လာခဲ့သည်။ ထို့ပြင် အတုအယောင်ဖြတ်လျှောက်သူများကလည်း ပါဝင်ဆွေးနွေးလာကြ၏။ ယခုတွင် လူအများစုက လူငယ်ဒါရိုက်တာအား သောက်ရမ်းဒရမ်မာခင်းလွန်းသည်ဟု ဆဲဆိုထားကြသည်။
တစ်ဖက်တွင် ပရိသတ်များက ရိုက်ကူးရေးအတွင်း တခြားလူများအပေါ် ယွမ်ယယ်မည်မျှ တိတ်တိတ်လေးကူညီပေးတတ်ကြောင်းကို အသေးစိတ်ကျကျဖော်ထုတ်ပြလာကြသည်။ ယွမ်ယယ်က မစ်ရှင်တိုင်းတွင်လည်း အမြဲတမ်း အကောင်းဆုံးကိုရခဲ့သည်။ အကြိမ်တိုင်း ကင်မရာကွယ်ရာတွင် လူတိုင်းကိုလည်း ကူညီပေးတတ်သေးသည်။ ပထမအပိုင်းတွင် အိမ်များခွဲချိန်၌ သူ၏အိတ်ထဲတွင် ဘူးငယ်များ တစ်ဝက်လောက်ကျန်နေသေးသည်။ သူက တမင်တကာပင် အမျိုးသမီးဧည့်သည်နှစ်ယောက်ကို အိမ်ထဲနေခွင့်ပေးလိုက်ခြင်းသာ။ သူရခဲ့သော ရတနာဘူးလေးများကို ရေတွက်လိုက်သောအခါ နောက်ဆုံးသူတို့ရရမည့် အရေအတွက်ထက်ပင် ပိုများနေသေးသည်။ ထိုကဲ့သို့ဥပမာများက အတော်လေးများပေသည်။ သူတို့က ကင်မရာကွယ်ရာတွင်ဖြစ်သော်လည်း ဂရုတစိုက်သေချာကြည့်ရှုသူတို့ကတော့ သေးငယ်သောသဲလွန်စလေးများကိုပင် ရှာတွေ့နေဆဲပင်။
တစ်ဖက်ကို လူထုချပြပြီး တစ်ဖက်ကတော့ ပုန်းအောင်းနေလျက်ရှိသည်။ ထိုပို့စ်အား ဤမျှဆူညံသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ကျီရှောင်ထောင်းက ပြောလာ၏။ "ငါ့ဖင်ကြီးကို ကျားယို။ ဒီရှိုးက တကယ့်ကိုချီးထုပ်။ စိတ်ညစ်စရာပဲ။"
ဖန်းရှောက်ယိက သူ၏ဆံပင်ကိုသုတ်ရင်းပြောလာသည်။ "ဒါက ယွမ်ယယ်မှာနောက်ခံမရှိဘူးဆိုတာ သူတို့သိနေလို့ပဲ။ သူတို့က သူ့ကို ခြေနင်းတုံးလို အသုံးချချင်နေတာ။ ရှိုးမှာ စုစုပေါင်းလူရှစ်ယောက်ရှိတယ်။ သူကလွဲလို့ တခြားဘယ်သူ့ကိုမှ သူတို့သွားရှုပ်လို့မရဘူး။"
ကျီရှောင်ထောင်းက မော့ကြည့်ကာပြောလာ၏။ "သူတို့က ယယ်ကောကိုရှုပ်ဖို့တော့ တတ်နိုင်တယ်ပေါ့။"
ဖန်းရှောက်ယိက ပြောလာသည်။ "ငါတို့ကွာရှင်းပြီးတော့ သူက ယွမ်ယယ်ပဲလေ။ ဒီနယ်ပယ်က ဘယ်သူမဆို သူ့ကို သွားရှုပ်ဖို့ တတ်နိုင်တယ်။"
ကျီရှောင်ထောင်းက သက်ရှူသံများကြား ဆဲရေးလိုက်၏။ "ချီးကောင်တွေပဲ။"
ဖန်းရှောက်ယိက ဆံပင်လေမှုတ်ပြီးနောက် မေးလာသည်။ "မင်း လူတွေကို ရပြီလား။"
"ဟုတ်၊ ရတော့မှာ။" ကျီရှောင်ထောင်းသည် မော့ကြည့်ကာ ဖန်းရှောက်ယိ၏အမူအရာကို အကဲခတ်နေရင်း ဂရုတစိုက်နှင့်မေးလိုက်သည်။ "ကျွန်တော် ဒီကိစ္စကို ဂရုစိုက်လို့ရတယ်မလား။"
ဖန်းရှောက်ယိက အငြင်းစကားဆိုမလာပေ။ သူက သဘောတူကြောင်း အသံလေးသာပြုလိုက်သည်။
ဖန်းရှောက်ယိက ရုပ်သံဌာနကလူများကိုပြောရန် ကန်းကျင့်ဝေအား မက်ဆေ့ချ်ပို့လိုက်သည်။ ထိုဒါရိုက်တာလင်းဝေက ယုံကြည်လို့ရသည့်လူမျိုးမဟုတ်ပေ။
ကန်းကျင့်ဝေက စာပြန်ခဲ့သည်။ "ငါလည်း အဲ့လိုစီစဥ်ထားတယ်။"
ထို့နောက် ကန်းကျင့်ဝေက သူ့ကိုဖုန်းခေါ်ကာ ထိုရုပ်ရှင်ဘယ်ချိန်ပြီးမလဲဟု မေးလာ၏။ သူတို့နှစ်ယောက် တခြားအကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဖုန်းမချခင် ဖန်းရှောက်ယိကပြောလာသည်။ "သူတို့ရဲ့ ရုပ်သံဌာနကိုပြောလိုက်၊ ယွမ်ယယ်ကို အကြောင်းအရာတစ်ခုအဖြစ် ထပ်ပြီးအသုံးမချတော့ဖို့။"
ကန်းကျင့်ဝေကရယ်မောကာ မေးလာ၏။ "ဘာလို့လဲ။"
ဖန်းရှောက်ယိက မဖြေခဲ့ဘဲ ထပ်ပြောလိုက်၏။ "ရုပ်သံဌာနရဲ့မန်နေဂျာဆီ သူ့ရဲ့လက်အောက်ငယ်သားတွေကို ယွမ်ယယ်ကိုသုံးပြီး ဒရမ်မာမခင်းတော့ဖို့ တိုက်ရိုက်ပြောလိုက်။"
ကန်းကျင့်ဝေက ရယ်နေဆဲပင်။ "အရင်တုန်းက မင်းတို့ကောင်တွေကို မကွာရှင်းဖို့ ငါသောက်ကျိုးနည်းမပြောခဲ့ဘူးလား။ မင်းတို့နှစ်ကောင်လုံးက ငါ့ကိုတောင် ဒေါသထွက်ပြီး ကွာရှင်းဖို့ဆုံးဖြတ်ခဲ့ကြတယ်။ မင်းတို့က ငါ့ကို လာရှုပ်နေတာပဲ။ နောက်ထပ် လက်ထပ်လိုက်ရင်ရော ဘယ်လိုလဲ။ ဒီရှိုးကိုရိုက်ကူးဖို့သဘောတူလိုက်တဲ့အတွက် အဆဲခံရမှာကတော့ မလွှဲမသွေပဲလို့ ငါမင်းတို့ကို ကြိုမပြောခဲ့ဘူးလား။"
ဖန်းရှောက်ယိမှာ တိတ်ဆိတ်နေဆဲ။
ကန်းကျင့်ဝေက ဆက်ပြောလာ၏။ "ယွမ်ယယ်ကပြောတယ်။ တစ်နေ့မှာ ကွာရှင်းခဲ့တာကို သိသွားကြမယ်ဆိုရင် သူ့ကိုပဲ အပြစ်ဖို့လိုက်တဲ့။ မင်းအတွက် မကောင်းတဲ့အကျိုးဆက်တွေရှိလာမှာကို သူမလိုချင်ဘူး။ မင်းတို့က မင်းတို့ရဲ့ကောင်းကျိုးတွေ၊ ပျော်ရွှင်စရာဘဝတွေကို ဆက်ထိန်းထားဖို့ကျ ငြင်းဆန်ပြီး အဲ့ဒီအစား အခုလိုသောက်ကျိုးနည်းအရှုပ်အထွေးတွေကို ရွေးချယ်ခဲ့တာပဲ။"
ဖန်းရှောက်ယိတစ်ယောက် ပခုံးကကိုက်လာချိန်မှာ သူက မတ်တတ်ရပ်နေပြီး ပြတင်းပေါက်အပြင်ကိုသာ ကြည့်နေခဲ့သည်။ တကယ်ပဲ မိုးစရွာလေပြီ။
သူသည် ပြတင်းပေါက်ရှေ့မှာရပ်နေပြီး မြေပြင်ပေါ်သို့ မိုးစက်လေးများ အပြင်းအထန်ကျဆင်းနေသည်ကို ကြည့်နေခဲ့သည်။ သူက လက်တစ်ဖက်ဖြင့် ပခုံးအဆစ်ကို လှမ်းကိုင်လိုက်၏။ ထိုအဆစ်နေရာမှထွက်လာသော နာကျင်မှုက မပြင်းထန်သော်လည်း ဆက်တိုက်နာကျင်နေပြီး မသက်မသာဖြစ်နေသည်။ ဖန်းရှောက်ယိအားစိတ်တိုသွားစေသည်မှာ ထိုပခုံးမှ ဒဏ်ရာဟောင်းက နာကျင်လာသောကြောင့် ဖြစ်လိမ့်မည်။ သို့မဟုတ် အွန်လိုင်ပေါ်မှာ တစ်ယောက်ယောက်က ယွမ်ယယ်အားဆဲဆိုနေသည်ကို မြင်လိုက်ရခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။
ထိုအချိန်က သူ ကန်းကျင့်ဝေ၏စကားကိုနားထောင်ကာ ရှိုး၏ဖိတ်ကြားချက်ကို ငြင်းလိုက်သင့်သည်။ သူ ၎င်းကို လက်မခံခဲ့သင့်ပေ။
ယွမ်ယယ်အကြောင်း စဥ်းစားလိုက်လျှင် နောက်ဆုံးတစ်ကြိမ်က မမျှော်လင့်ထားခဲ့မိသောပြဿနာကိုလည်း ပြန်တွေးမိစေ၏။
ယွမ်ယယ်က သူ့ကိုယ်သူကို သူ့(ဖန်း)နှင့် ပူးကပ်ကာ မေးလာသည်။ "မင်းကို ဘယ်သူက လုပ်ခွင့်ပေးလို့လဲ။"
သူတို့နှစ်ဦး ထိုသို့အတူမရှိခဲ့သင့်သည်မှာ* မှန်ပေ၏။ သို့သော် ဖန်းရှောက်ယိက ထိုကိစ္စပြီးနောက်တွင် နောင်တရသလိုမျိုး ခံစားမနေရချေ။ ဖြစ်ပြီးခဲ့သည့်အရာက ဖြစ်ပြီးသွားပြီဖြစ်၏။
သူ၏မျောက်ရိုင်းလေး ရိုင်းစိုင်းနေသည်မှာ အတော်ကြာနေပြီး သူ၏ပိုင်ရှင်ကိုလည်း မမှတ်မိတော့ပေ။ သူ့ကို သင်ခန်းစာပေးဖို့ လိုအပ်နေလေပြီ။
*****