ပျက်စီးသွားသောမြို့တံတိုင်းက အပေါက်အရာများ ပြည့်နှက်နေလျက်။ ဖန်းရှောက်ယိက သူ၏ဓါးကို ကျောတွင်လွယ်ထားသည်။ သူ့အနောက်မှာ သာ့ယောင်တိုင်းပြည်၏ နောက်ဆုံးသောစစ်သည်တော်တို့လည်း မတ်တတ်ရပ်နေကြ၏။ သူ့ရှေ့တွင် ရန်သူ့တိုင်းပြည်မှ ရဲရင့်သောစစ်သည်တော်တစ်သောင်းကျော်နှင့် ငယ်ရွယ်သောစစ်သူကြီးတစ်ယောက်လည်းရှိသည်။ မိုးရွာသွန်းနေပြီး သွေးများက မြေကြီးပေါ်စီးကျကာ သွေးရောင်ရွံများအဖြစ် ရောနှောသွား၏။
"သူရဲကောင်း!" ရန်သူ့ဘက်မှ စစ်သူကြီးက လက်တစ်ဖက်တွင် မြင်းဇတ်ကြိုးကိုကိုင်ထားပြီး မေးမော့ကာ ဝမ်းဗိုက်ထဲကအသံကိုပါ ညှစ်ထုတ်၍ ပြောလာခဲ့၏။ ဓါးသမားတစ်ယောက်၏ ကြမ်းတမ်းမှုနှင့်အတူ သူက အော်ပြောလာခဲ့သည်။ "ခင်ဗျားရဲ့ကျန်းဟူတစ်ခုလုံးကို ကျုပ်တို့တိုင်းပြည်က ပိုင်သွားပြီ၊ ခင်ဗျား ဘာကို ခုခံနေသေးတာလဲ။"
တစ်ခါက ကျက်သရေရှိကာ စိတ်အားထက်သန်ခဲ့သောသူရဲကောင်းတစ်ယောက်က ယခုတွင် သွေးများဖြင့်ဖုံးလွှမ်းနေ၏။ သူ၏ မကွယ်သောမျက်လုံးမှာ ပွင့်နေလျက်။ ထိုကဲ့သို့အခြေအနေဖြစ်နေသော်လည်း သူက မတ်မတ်ရပ်ကာ ဂုဏ်ယူဝံ့ကြွားနေသေးသည်။ သူက တည်ငြိမ်စွာ ပြောလိုက်၏။ "ကျုပ်ရဲ့နန်းမြို့တော်ကို ကာကွယ်နေတာ။"
"ခင်ဗျားရဲ့နန်းမြို့တော်?" စစ်သူကြီးက ခေါင်းတခါခါဖြင့် ရယ်မောလိုက်သည်။ သူ၏ရယ်သံက မိုင်ပေါင်းများစွာ ပျံ့နှံ့သွားကာ မြို့တံတိုင်းတွင် နားခိုနေသော ကျီးကန်းများကိုတောင် လန့်ဖျပ်၍ပျံသန်းသွားစေသည်။ "ခင်ဗျားရဲ့ဘုရင်က ခင်ဗျားကို မျက်စိကန်းအောင်လုပ်လိုက်တာကို ခင်ဗျားက ခုထိ သူ့ရဲ့နန်းမြို့တော်ကို သူ့အတွက် ကာကွယ်ပေးချင်နေတုန်းလား။ ကျန်းဟူကလူတွေပြောကြတာတော့ ခင်ဗျားက ရူးနေပြီး မိုက်မဲတယ်တဲ့၊ ကျုပ် အဲ့စကားတွေကို ဘယ်တုန်းကမှမယုံခဲ့ဘူး။ ဒီနေ့ ကျုပ်ကိုယ်တိုင်မြင်လိုက်တော့မှပဲ..... ထားလိုက်ပါတော့!"
မြင်းက အရှေ့သို့ လှမ်းချီလာ၏။ ၎င်း၏လှုပ်ရှားမှုနှင့်အတူ စစ်သူကြီး၏ခန္ဓာကိုယ်ကလည်း အထက်အောက် ယိမ်းနွဲ့နေခဲ့သည်။ သူက လက်ထဲရှိဓါးကို သူရဲကောင်းထံ ချိန်ရွယ်လိုက်သည်။ ပြင်းထန်သောမိုးသည်းမုန်တိုင်းကတောင် သူ၏သွေးဆာနေသောအကြည့်ကို မဖုံးလွှမ်းနိုင်ပေ၊ "ကျုပ် ခင်ဗျားကို မသတ်ချင်ပါဘူး။"
ကြီးမားသောမိုးရေစက်များက သူရဲကောင်း၏မျက်နှာပေါ်မှ သွေးများကို သန့်စင်ပေးကာ ရထားသောဒဏ်ရာများမှာ ဖြူဖျော့ကာ ပုပ်စပြုနေပြီဖြုစ််ကြောင်း ဖော်ပြနေ၏။ ရုတ်တရက် သူ့နှုတ်ခမ်းထောင့်ကို ပင့်လိုက်ပြီး ထိုကဲ့သို့မျက်နှာပေါ်က အပြုံးမှာ ကြောက်မက်ဖွယ်ရာကောင်းနေသော်လည်း သူကတော့ အပြစ်ကင်းစင်နေသယောင်ပင်။ ကျန်ရှိနေသောမျက်လုံးတစ်ဖက်က လွန်ခဲ့သည့်ဆယ်နှစ်မှ လွတ်လပ်မှုနှင့် မကြောက်ရွံ့သောရောင်ခြည်တို့ကို သယ်ဆောင်ထားဆဲပင်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ "ကျုပ်ကိုမသတ်ရင် ကျုပ်က ခင်ဗျားကိုသတ်မှာ။ စစ်သူကြီး၊ ကျုပ်ကိုသတ်မယ်ဆို သတ်လိုက်၊ ဘာအပိုစကားမှ ပြောစရာမလိုဘူး။"
သူတို့၏မျက်ဝန်းများ ဆုံသွားခိုက် စစ်သူကြီး၏မျက်ဝန်းများတွင်သာ ဝမ်းနည်းမှုအရိပ်အယောင်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။
ပျက်စီးနေသော မြို့ရိုး၊ သေလောက်အောင်မျက်နှာဖြူဖျော့နေသော စစ်သည်များ၊ မျက်လုံးတစ်ဖက်ကွယ်ကာ မသန်မစွမ်းဖြစ်နေသော စစ်သူကြီးဟောင်း။ ၎င်းတို့၏စစ်သည်များနှင့် မြင်းများက ရှေ့သို့ ချီတတ်နိုင်သေးသရွေ့ ၎င်းတို့ကို တိုက်ခိုက်နိုင်ဆဲပင်။
သို့သော် စစ်သူကြီးက မြင်းပေါ်မှဆင်းကာ ဓါးကိုကိုင်လျက် ရှေ့သို့လျှောက်သွားလေ၏။ သူလမ်းလျှောက်လိုက်တိုင်း သူ့ကိုယ်ပေါ်မှချပ်ဝတ်တန်ဆာများက သူ၏ခြေလှမ်းများနှင့် စည်းချက်ကျနေလျက်။ မိုးက သူ၏သံထည်ချပ်ဝတ်တန်ဆာပေါ် တဖျောက်ဖျောက်ကျနေကာ နောက်ဆုံးသောတိုက်ပွဲကို အနိုင်ရရန်အတွက် အားပေးနေသည့်ပုံပင်။
စစ်သူကြီး၏နောက်မှ စစ်သည်တော်များကလည်း သူ၏ခြေလှမ်းများအတိုင်းကို လိုက်ပါခဲ့ကြသည်။ သူက ခြေတစ်လှမ်းတိုးလျှင် သူ၏စစ်သည်များလည်း ခြေတစ်လှမ်းတိုးလိမ့်မည်။ စစ်သူကြီးက ရပ်လိုက်လျှင် သူ၏စစ်သည်များကလည်း ရပ်တန့်ကြလိမ့်သည်။
သူတို့တိုက်ခိုက်နေချိန်တွင် မည်သည့်စကားမှပြောရန် မလိုအပ်ပေ။ ၎င်းတို့ပြောသင့်သည်များကို ပြောခဲ့ပြီးပြီဖြစ်ရာ ၎င်းမှာ တိတ်ဆိတ်သော တိုက်ပွဲသာဖြစ်ခဲ့သည်။ အရာအားလုံးက စစ်သူကြီး၏ဓါး သူရဲကောင်း၏လည်ပင်းပေါ်တင်လိုက်ချိန်၌ ရပ်တန့်သွားခဲ့သည်။
သွေးများက သူ၏ကျန်နေသေးသောမျက်လုံးကိုပင် ဖုံးနေလျက်။ စစ်သူကြီးက ဓါးကိုကိုင်ထား၏။ ၎င်းတို့ တစ်ယောက်နှင့်တစ်ယောက် နီးနီးကပ်ကပ်ရပ်နေပါသော်လည်း စစ်သူကြီးက သူ၏အသံကိုမြှင့်ကာ အော်ပြောလိုက်သည်။ "သူရဲကောင်း။"
သူက ဖန်းရှောက်ယိအား ဓါးဖြင့် မေးမော့စေလိုက်၏။ သူသည် တစ်ဖက်လူကို သွေးစီးကြောင်းများကြားမှ ကြည့်လိုက်သည်။
စစ်သူကြီး၏မျက်လုံးများက လေးလံလာပြီး သူ၏အသံမှာလည်း ကြမ်းတမ်းနေ၏။ "ကျန်းဟူက ခင်ဗျားတို့တတွေ - လူကောင်း လူဆိုးအားလုံး - ကျုပ်တို့ရဲ့ဘုရင်ကို ထောက်ခံလိုက်ကြ။ တိုင်းပြည်တစ်ခုမှာ အုပ်ချုပ်တဲ့သူရှိတယ်၊ ဒါပေမဲ့ ကျန်းဟူမှာတော့မရှိဘူး။ လောကကြီးက အရင်အတိုင်းဖြစ်နေပြီး ကျန်းဟူကလည်း အရင်တုန်းကျန်းဟူပဲဖြစ်နေမှာ။ အဲ့ဒါက ပိုမကောင်းဘူးလား။"
သူရဲကောင်းက သွေးများဖြင့်ဖုံးနေသောမျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။ သူပြုံးလိုက်ချိန်တွင် သူ၏မျက်နှာက ဖြူဖျော့ကာ အသက်ရှူသံများကလည်း မှိန်ဖျော့နေ၏။ သူ၏နောက်ဆုံးသောအင်အားက ဝါကျတစ်ကြောင်းဆုံးအောင်ပြောဖို့တောင် အတော်လေးအားထုတ်နေရသည်။ သူက တစ်လုံးချင်းပြောလာ၏။ "ကျန်းဟူကဘာလဲ.....လောကကြီးကဘာလဲ..... ဒီလိုဖရိုဖရဲဖြစ်နေတဲ့စကြာဝဠာကြီးမှာ ကျုပ်က ဘယ်သူ့ရဲ့တိုင်းပြည်.....ဘယ်သူ့ရဲ့လောကကြီးကိုမှ ကာကွယ်နေတာ.....မဟုတ်ဘူး။ ကျုပ်ကာကွယ်နေတာက.....ကျုပ်ရဲ့ဘဝတစ်ဝက် မှီခိုခဲ့ရတဲ့နေရာကို ကာကွယ်နေတာ။"
စကားပြောပြီးနောက် သူက မျက်လုံးများကိုမှိတ်လိုက်သည်။ လွန်ခဲ့သောဆယ်နှစ်က ရှုပ်ပွနေသောကျန်းဟူတိုက်ပွဲကို သူ၏မှတ်ဥာဏ်ထဲမှာ ပြန်လည်မြင်ယောင်လာခဲ့သည်။ လူကောင်း၊ လူဆိုးများအားလုံး သူတို့၏သတ်ဖြတ်လိုသောဆန္ဒအလျောက် အကုန်လုံး မမြင်ကွယ်ရာဖြစ်ခဲ့ရသည်။ ထိုအချိန်တုန်းက သူရဲကောင်းတစ်ယောက်သည် စစ်မြေပြင်ကိုဖြတ်ကာ လျင်မြန်စွာလှုပ်ရှား၍ မြင်းအောက်မှဖိမိနေသော ကောင်လေးကို ဆွဲထုတ်လိုက်သည်။
ထို့နောက် ထိုသူရဲကောင်းက သူ့(ကောင်လေး)ကို တည်းခိုခန်းတစ်ခု၏တိုင်လုံးအနောက်တွင် ဝှက်ထားလိုက်သည်။ သူကပြုံးလိုက်ပြီး ကောင်လေးအား ပြောလိုက်လေ၏။ "အပြင်မှာ ပရမ်းပတာဖြစ်နေတာ။ ဒီမှာကောင်းကောင်းပုန်းနေပြီး အပြင်ထွက်မလာနဲ့နော်။"
ထိုကောင်လေး၏မျက်နှာနှင့် နှုတ်ခမ်းလွှာတို့မှာ ဖြူဖျော့နေသော်လည်း သူက မသိမသာလေး ခေါင်းညိတ်ပြလိုက်သည်။
ထိုစဥ် ချပ်ဝတ်တန်ဆာအသံက ပဲ့တင်ထပ်လာပြီး လက်တစ်ဖက်မြောက်လိုက်ပြီးနောက် ဓါးက အောက်သို့လွှဲယမ်းလာခဲ့သည်...
၎င်းတို့၏နောက်မှ မြို့တံတိုင်းမှာ ကျယ်လောင်သောအသံနှင့်အတူ ပြိုကျသွားခဲ့သည်။ မီးခိုးနှင့် ဖုန်လုံးကြီးက အဖက်ဖက်မှ လုံးတက်လာ၏။
ဓါးကိုဆုပ်ကိုင်ထားသော စစ်သူကြီး၏လက်ချောင်းများက အနည်းငယ်တုန်ယင်နေခဲ့သည်။ သူ၏အကြည့်မှာ အရှေ့ကလူကိုကြည့်နေရင်း ပိုမိုလေးလံလာရ၏။ သူမြင်လိုက်ရသည်မှာ ပြတင်းပေါက်ကနေ ခုန်ထွက်သွားသော သန်မာသွယ်လျသည့်ပုံရိပ်တစ်ခုနှင့် ထိုနက်နဲကာ အပူအပင်မဲ့သော သူ့ကိိုပြန်လှည့်ကြည့်လာသည့် ပြုံးနေသည့်မျက်လုံးများပင်။
ထိုအချိန်က နေမင်းကြီးမှာ ကောင်းကင်ထက်တွင် ထွန်းလင်းနေသေးသည်။ သို့သော် ယခုမှာမူ ကောင်းကင်ဘုံက ငိုကြွေးနေဟန် ကောင်းကင်တစ်ခုလုံးမည်းနက်ကာ မိုးများရွာသွန်းနေခဲ့သည်။
နောက်ဆုံးခံစစ်က ကျသွားလေပြီ။ မြို့သားများလည်း ဝမ်းနည်းပူဆွေးကြကုန်ပြီ။ မီးခိုးငွေ့များ ဖုန်မှုန့်များ တစ်လိပ်လိပ်ဖြင့်။ ကျန်ရှိနေသောစစ်သည်တော်များကလည်း မလှုပ်မယှပ်ဘဲရပ်နေလျက်။
ရုတ်တရက်ဆိုသလို ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာ၏။
ဒါရိုက်တာက မော်နီတာအနောက်ကနေ ချက်ချင်းထရပ်လိုက်သည်။ သူ၏မျက်လုံးများကလည်း နီရဲနေလျက်ပင်။ ရိုက်ကူးရေးဆရာက အနောက်သို့လှည့်ကာ ဒါရိုက်တာကိုကြည့်ပြီး ခေါင်းတညိတ်ညိတ်ဖြင့် လက်မထောင်ပြလာ၏။ အချိန်ခဏလောက်ထိ ရိုက်ကွင်းတစ်ခုလုံးမှာ တိတ်ဆိတ်နေခဲ့သည်။ လူတိုင်း ထိုဇာတ်ဝင်ခန်းထဲမှာ နစ်မြုပ်နေဆဲဖြစ်ပြီး ထိုကြေကွဲဝမ်းနည်းဖွယ်လေထုက တည်ရှိနေဆဲပင်။ မည်သူကမှ မလှုပ်ရှားခဲ့ကြပေ။
နောက်ဆုံးတွင် ဖန်းရှောက်ယိက လဲလျောင်းရာမြေပြင်ကနေ ထလာခဲ့သည်။ စက်ပစ္စည်းဒါရိုက်တာက နောက်ဆုံးတွင် ခလုတ်ပိတ်ကာ မိုးအတုများကို ရပ်တန့်စေလိုက်၏။ ဖန်းရှောက်ယိက ထိုနေရာကနေ အော်ပြောလိုက်သည်။ "ဒါရိုက်တာကြီး၊ ဒါကို အောင်မြင်တယ်လို့ယူလိုက်ရမလား။"
ဒါရိုက်တာကလည်း စပီကာဖြင့် ပြန်အော်လိုက်လေသည်။ "ဟုတ်တယ်! အောင်ပြီကွ!"
ဖန်းရှောက်ယိက ရယ်လိုက်၏။ သူက အရှေ့သို့လျှောက်သွားကာ 'စစ်သူကြီး' ကို လက်တစ်ဖက်ဖြင့်ဖက်ကာ ပခုံးကိုပုတ်ပေးလိုက်၏။ "မင်းရဲ့အနာဂတ်က တောက်ပနေပြီ။"
စစ်သူကြီးနေရာတွင် သရုပ်ဆောင်သောသူက လူငယ်သရုပ်ဆောင်လေးဖြစ်၏။ သူက ရုပ်ရှင်မေဂျာဖြင့် ဘွဲ့ရတာ နှစ်နှစ်သာရှိသေးသည်။ ယခင်က TV ဇာတ်လမ်းတွဲများတွင်သာ သရုပ်ဆောင်ခဲ့ဖူးပြီး ယခုဟာက သူ၏ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်သည်။ ဖန်းရှောက်ယိက ထိုသို့ပြောလာသည်ကို ကြားလိုက်ရသောအခါ လူငယ်သရုပ်ဆောင်လေးက အနည်းငယ်ရှက်ရွံ့သွားခဲ့သည်။ သူက အလျင်အမြန် ပြန်ပြောလိုက်၏။ "ရှောက်ယိကောရဲ့ သင်ကြားမှုတွေကြောင့်ပါ။ ကျွန်တော် ကောဆီကနေ အများကြီးသင်ယူလိုက်ရပါတယ်။"
ရှည်လျားသောရိုက်ကူးရေးမှာ အဆုံးသတ်သွားသော်လည်း ရိုက်ချက်အနည်းငယ်ပြုလုပ်ရန် လိုအပ်နေဆဲဖြစ်သည်။ ဖန်းရှောက်ယိ၏ဇာတ်ကောင် မသေသည့်ဗားရှင်းက လွန်ခဲ့သောရက်အနည်းငယ်ကတည်းက ရိုက်ကူးထားပြီးဖြစ်သည်။ ၎င်းမှာ စစ်သူကြီးနှင့် သူရဲကောင်းတို့ တိုက်ခိုက်သည့်အခန်းမတိုင်ခင် အဆုံးသတ်ထားသည်။ အမှန်မှာ ဇာတ်သိမ်းက အတူတူဖြစ်သော်လည်း သေချာရှင်းမပြတော့ဘဲ ဤနည်းဖြင့် ကြည့်ရှုသူများကို အတွေးတချို့အတွက် ချန်လှပ်ပေးထားခဲ့သည်။ သို့သော်လည်း ဒါရိုက်တာက ဤဗားရှင်းကို အသုံးပြုလောက်ပေမည်။ အပိုင်းတစ်ခုကိုဖယ်ရှားခြင်းက အလုံးစုံသောတုန်လှုပ်ဖွယ်ရာအချက်မှ ဝေးကွာသွားစေမည်ဖြစ်သည်။
သေးငယ်သောအခန်းများကို ရိုက်ကူးပြီးနောက် ဒါရိုက်တာက လျှောက်သွားပြီး ကြိုးမျှင်လေးနှင့်အတူစည်းထားသော အနီရောင်အထုတ်တစ်ခုကို ဖန်းရှောက်ယိ၏လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျထည့်ကာ ဝန်ထမ်းများကို လှည့်ပြောလိုက်သည်။ "လာကြ၊ မင်းတို့ရဲ့ဖန်းလောင်ရှီးကို အောင်မြင်သွားတဲ့အတွက် ဂုဏ်ပြုလိုက်ကြဦး။"
သူတို့ဘေးရှိလူများက ချက်ချင်းလှည့်လာပြီး ပြုံးကာ သူ့ကို ဂုဏ်ပြုစကားဆိုလာကြသည်။ ဖန်းရှောက်ယိက စနောက်လိုက်သည်။ "မင်းတို့ရဲ့စိတ်ထဲ ဘယ်လောက်တောင်ပျော်နေမလဲဆိုတာ ဘယ်သူသိမှာလဲ။ ကျွန်တော်ထွက်သွားရင် အရေးကြီးတဲ့အခန်းတွေ ရိုက်ကူးဖို့မကျန်တော့ဘူးလေ။ ကျန်တဲ့အခန်းတွေက လွယ်ကူတာမို့ မင်းတို့အေးအေးဆေးဆေးလေး နေနိုင်တော့မှာပေါ့။"
ဒါရိုက်တာက ဖန်းရှောက်ယိကို ဖက်ချင်နေခဲ့သည်။ ဖန်းရှောက်ယိက ဘေးသို့ရှောင်ကာ သူ့ကို အပြုံးလေးဖြင့်တားလိုက်၏။ "မလိုပါဘူး၊ မလုပ်ပါနဲ့။ ဒါရိုက်တာ! ဦးလေး!"
"ကျွန်တော်ဝတ်ထားတာကို ကြည့်လိုက်ပါဦး။" ဖန်းရှောက်ယိမှာ ရယ်ရမလား၊ ငိုရမလားပင် မသိတော့ချေ။ သူက နောက်ထပ်ဘေးသို့ရွှေ့လိုက်ပြီး ပြောလာခဲ့သည်။ "ဒီဟာတွေ ဒါရိုက်တာ့ရဲ့အဝတ်ပေါ် စွန်းသွားရင် လျှော်လို့မလွယ်ဘူးနော်။"
"လာပါ၊ ငါတို့ရဲ့အဓိကဇာတ်ဆောင်ကြီးနဲ့ အပြီးသတ်လေး ဓါတ်ပုံရိုက်ရအောင်။" အနုပညာဒါရိုက်တာက သူတို့၏ဘေးကနေ ပြောလာခဲ့သည်။
ဖန်းရှောက်ယိက အပြုံးလေးဖြင့် မေးလိုက်၏။ "ဒါရိုက်တာက ကျွန်တော့်ကို အခုဓါတ်ပုံရိုက်ချင်တာလား။ ဒီလိုပုံစံနဲ့လေ?"
"စိတ်မပူပါနဲ့ လာပါ!" ကျီရှောင်ထောင်းက လျှောက်လာပြီး ဖန်းရှောက်ယိပေါ်ကို ကြီးမားသောကုတ်အင်္ကျီတင်ပေးလိုက်သည်။ သူက ပြောလိုက်၏။ "မဟုတ်လည်း အပြီးသတ်အချိန်တိုင်း ဒီလိုပဲကို။ ရိုက်မှာသာရိုက်လိုက်ပါ။"
ဒါရိုက်တာရှင်းက အော်ရယ်လိုက်၏။ ထို့နောက် လူတိုင်းကိုလာရန် ခေါ်လိုက်ပြီး ဖန်းရှောက်ယိနှင့်အတူ ဓါတ်ပုံရိုက်လိုက်ကြသည်။ ၎င်းမှာ လူထုကိုချပြလျှင် အလွန့်အလွန်ရုပ်ဆိုးနေမည်မှာ သေချာပေါက်ပင်။ သို့သော် ဖန်းရှောက်ယိက လုံးဝဂရုမစိုက်ပေ။ သူက အေးချမ်းသောအပြုံးကိုဆင်မြန်းကာ ရက်ရက်ရောရော ရှေ့ဆုံးမှာရပ်လိုက်သည်။
ဗီဒီယိုရိုက်ကူးသူကလည်း ထိုအပိုင်းတစ်ခုလုံးကို ရိုက်ကူးထားလိုက်၏။ ၎င်းကို နောက်ပိုင်းတွင် ရိုက်ကွင်းနောက်ကွယ်မှအခန်းများပြသမှုအဖြစ် တည်းဖြတ်လိမ့်မည်ဖြစ်သည်။ ဖန်းရှောက်ယိက သူ၏ကင်မရာကိုလည်း ပြုံးပြလိုက်သည်။
၎င်းတို့က ထိုအခန်းရိုက်ကူးရေးကို လဝက်ခန့်မျှ ကြိုးစားခဲ့ရသည်။ ယခုမှာတော့ အောင်အောင်မြင်မြင်နှင့် ရိုက်ကူးနိုင်ခဲ့ပြီဖြစ်သည်။ ပုံမှန်အားဖြင့် ၎င်းတို့က ဇာတ်ကွက်တစ်ခုကို နှစ်ခါသုံးခါလောက်ရိုက်ကူးတတ်သော်လည်း ထိုအခန်းရိုက်ကူးဖို့မှာ လွန်စွာခက်ခဲပေ၏။ နောက်ထပ် ထပ်ရိုက်ဖို့အတွက် အခြေအနေမပေးချေ။ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ ရိုက်ကူးရေးဒါရိုက်တာနှင့် အထူးပြုလုပ်ချက်ဒါရိုက်တာတို့က မော်နီတာပေါ်ရှိထိုဗီဒီယိုကို နှစ်ခါပြန်ကြည့်လိုက်ကြသည်။ မည်သည့်ချို့ယွင်းချက်မှမရှိတော့သည်ကို အတည်ပြုပြီးနောက် ဖန်းရှောက်ယိကို ပြန်လွှတ်ကာ လက်ပြနှုတ်ဆက်လိုက်ကြတော့သည်။
မိတ်ကပ်ဖျက်နေစဥ်အတွင်း ဖန်းရှောက်ယိ၏အဝတ်လဲသည့်တဲထဲ လာလည်သူမပြတ်ခဲ့ပေ။ လူတိုင်းက လပေါင်းများစွာ အလုပ်အတူတူလုပ်ခဲ့ကြပြီး သရုပ်ဆောင်များနှင့် ဝန်ထမ်းများအားလုံး ရင်းနှီးလာခဲ့ကြသည်။ ၎င်းတို့အားလုံးက ဖန်းရှောက်ယိထံသို့ လက်ဆောင်များနှင့် ရောက်လာခဲ့ကြ၏။ ဖန်းရှောက်ယိ၏မိတ်ကပ်တာဝန်ခံ မိန်းကလေးတချို့မှာ ငိုတောင်ငိုနေကြသည်။ ဖန်းရှောက်ယိ၏အနေအထားက မြင့်သော်လည်း သူနှင့်ဆက်ဆံဖို့မှာ လွယ်ကူပေသည်။ ထို့အပြင် သူက အခြားသူများကို တမင်တကာ အခက်မတွေ့စေတတ်ပေ။
ဖန်းရှောက်ယိက ထိုင်ခုံပေါ်တွင်ထိုင်နေပြီး မိတ်ကပ်ဖျက်ရင်း သူ့ထံလာလည်သူများနှင့် စကားပြောနေသည်။ အဝတ်လဲသည့်တဲမှာ အလွန်ကြီးသော်လည်း လျှပ်စစ်အပူပေးစက်နှစ်လုံးက နေရာအရမ်းယူထားသည့်အတွက် နောက်ဆုံးမှာတော့ ဖန်းရှောက်ယိက ၎င်းတို့ကို ဘေးဖယ်ထားလိုက်ရန် ကျီရှောင်ထောင်းအားပြောလိုက်သည်။
လူငယ်သရုပ်ဆောင်များအားလုံး ဖန်းရှောက်ယိကို နှုတ်ဆက်ရန်ရောက်လာခဲ့ကြ၏။ ၎င်းတို့က သူ့ကိုပန်းစည်းများလည်း ပေးခဲ့ကြသည်။ ဖန်းရှောက်ယိက သူတို့ကို ပြောလိုက်၏။ "မင်းတို့လည်း ပြီးခါနီးပြီပဲ။ ကျန်နေတဲ့အချိန်အတောအတွင်း ဒါရိုက်တာဆီကနေ ကြိုးကြိုးစားစားသင်ယူကြ။ ဒါရိုက်တာရှင်းရဲ့ရုပ်ရှင်တွေအကုန်လုံးက အရမ်းစွမ်းအားကြီးတယ်။"
လူငယ်သရုပ်ဆောင်လေးများက ချက်ချင်းပြန်ပြောလာကြသည်။ "ကောဆီကနေလည်း ကျွန်တော်တို့အများကြီး သင်ယူခဲ့ရပါတယ်။"
"ဟုတ်ပါပြီ။" ဖန်းရှောက်ယိက ပြုံးလိုက်သည်။ "ငါငယ်ငယ်ကဆို မင်းတို့လောက်တောင် မတော်ဘူး။ အားလုံး ဆက်ပြီးကြိုးစားကြ။"
လူငယ်သရုပ်ဆောင်လေးများက ပြုံးကာ ခေါင်းယမ်းလိုက်ကြသည်။ ၎င်းတို့က ထိုစကားကို မတုံ့ပြန်ဝံ့ကြပေ။ တချို့က သရုပ်ဆောင်ဖြစ်ရန် မွေးဖွားလာကြသည် - ၎င်းတို့က သင့်ထက် အရည်အချင်းပိုရှိပြီး ပိုကြိုးစားကြလိမ့်မယ်။ သင့်ထက်အရင် ပန်းတိုင်တစ်ခုအဖြစ် ရပ်တည်နိုင်ကြလိမ့်မည်။ သင် ဘယ်လောက်ထိကောင်းရမည်၊ ထိုနေရာသို့ရောက်အောင် မည်သို့ကြိုးစားရမည်ကို မသေချာနေလျှင် ထိုသူတို့ကိုမော့ကြည့်၍ အဖြေရှာနိုင်ပေသည်။
ပုံမှန်အားဖြင့် သရုပ်ဆောင်တစ်ယောက်အတွက် ဇာတ်ကားတစ်ကားပြီးသွားလျှင် အနားယူရန်အချိန်ရှိပေသည်။ ထိုအရာက ၎င်းတို့ကို ထိုဇာတ်ကောင်ထဲမှ ပြန်လည်ထွက်လာရန်အတွက် အချိန်ဖြစ်ပေ၏။ ခန္ဓာကိုယ်ထိန်းသိမ်းရန်အတွက်လည်း အနားယူချိန်ဖြစ်သည်။ သို့သော် ဖန်းရှောက်ယိလက်ခံထားသော ထိုဇာတ်ကားနှစ်ခုက အစကတည်းက အချိန်ကပ်နေ၏။ ထို့အပြင် ဒါရိုက်တာရှင်းကလည်း အချိန်လွန်သွားခဲ့သည်။ ဒါရိုက်တာကျန်းကလည်း အမျိုးသားဇာတ်ဆောင်မပါသေးဘဲ ရိုက်ကူးရေးစနှင့်နေပြီဖြစ်၏။
ဖန်းရှောက်ယိမှာ အနားယူရန်အချိန်မရှိခဲ့ပေ။ သူက အခြားရိုက်ကွင်းနောက်တစ်ခုဆီသို့ တန်းသွားဖို့လိုအပ်သည်။ သူက ထိုရုပ်ရှင်၏စိတ်ခံစားချက်များကို ဖယ်ရှားပြီး အခြားဇာတ်ကောင်စရိုက်ထဲ နစ်မြုပ်ထားရန်လိုအပ်ပေ၏။
နောက်ရုပ်ရှင်တွင် ဖန်းရှောက်ယိ၏ဇာတ်ကောင်က ချောမောသော်လည်း ဉာဏ်သိပ်မကောင်းသော လူငယ်လေးတစ်ဦးဖြစ်သည်။ သူက ထူးဆန်းပြီး သီးသန့်ဖြစ်နေသော မြို့ငယ်လေးတစ်ခုဆီသို့ ရောက်လာခဲ့၏။ အစပိုင်းမှာ သူက လူတိုင်း၏အနိုင်ကျင့်ခံရပြီး ဝိုင်းပယ်ခံရသည့်သားကောင်တစ်ယောက်ဖြစ်ခဲ့သည်။ ၎င်းမှာ ဒါရိုက်တာကျန်း၏ ပုံမှန်စတိုင်ဖြစ်သော အမှောင်ဟာသနည်းနည်းလေးပါသော ဇာတ်ကားမျိုးဖြစ်သည်။
ထိုဇာတ်ကားအတွက် နှစ်နှစ်နီးပါးပြင်ဆင်ခဲ့ရပြီး ဖန်းရှောက်ယိ၏ ဇာတ်ကောင်မှအပ အဓိကဇာတ်ကောင်များကို ထပ်ခါထပ်ခါပြောင်းလဲခဲ့ရ၏။ ဒါရိုက်တာကျန်းက သူ့ကို အထူးတလည်နာမည်ပေးထားပြီး သူပါဝင်သရုပ်ဆောင်ပေးရန် ပြောကြားထားခဲ့သည်။
ဖန်းရှောက်ယိနှင့် ဒါရိုက်တာကျန်းတို့သည် အရင်ကလည်း အတူလက်တွဲဖူးသော်ငြား ၎င်းမှာ လွန်ခဲ့သော ခုနစ်နှစ်၊ ရှစ်နှစ်ခန့်ကဖြစ်သည်။ ကျန်းလင်းချွမ်သည် အဓိပ္ပါယ်မဲ့သော ဇာတ်ကွက်များကို အမြဲတမ်းနှစ်သက်၏။ သရုပ်ဆောင်ဖြစ်စေ၊ ရိုက်ကူးရေးဝန်ထမ်းဖြစ်စေ သူနှင့်အတူ တွဲလုပ်ရန်မှာ စိန်ခေါ်မှုတစ်ခုဖြစ်ပေသည်။ သူနှင့် လှိုင်းအလျားတစ်ခုတည်းပေါ်တွင်ရှိရန် အလွန်ခက်သောကြောင့်ပင်။ သူ၏အတွေးများက အလွန်ထူးခြား၏ - တစ်ခါတစ်ရံ ၎င်းတို့ကို ကြောက်မက်ဖွယ်ကောင်းသည်ဟုတောင် ယူဆနိုင်ပေသည်။
ထိုရှပ်ရှင်အတွက် ရိုက်ကူးရေးတည်နေရာက တောင်ပိုင်းရှိ မြို့လေးတစ်မြို့ဖြစ်သည်။ မထွက်ခွာခင် ကျီရှောင်ထောင်းက ဖန်းရှောက်ယိကိုမေးလိုက်၏။ "ကော၊ လျှပ်စစ်အပူပေးစက်တွေကို ယူမသွားတော့ဘူးနော့်? အဲ့ဒါတွေကို သယ်လာဖို့ကခက်တယ်။"
ဖန်းရှောက်ယိက သူ့ကိုကြည့်လိုက်သည်။ ခဏအကြာတွင် သူက ခေါင်းညိတ်ကာ အသံပြုလိုက်၏။
ကျီရှောင်ထောင်းက ၎င်းတို့ကို ဒါရိုက်တာဆီယူသွားကာ ဘေးတစ်ဖက်စီတွင် နေရာချလိုက်ပေးလိုက်သည်။ ဒါရိုက်တာက ရယ်မောကာ ပြောလာခဲ့သည်။ "ယူသွားပါ၊ ငါဒါတွေမလိုပါဘူး။"
"ဒါရိုက်တာကြီးပဲ သုံးလိုက်ပါ။ ကျွန်တော်တို့ ယူသွားလို့မရဘူး။ သယ်ရတာ အဆင်မပြေဘူးလေ။" ကျီရှောင်ထောင်းက ငြင်းလိုက်လေ၏။
ဖန်းရှောက်ယိ ထွက်ခွာလာပြီး ဒါရိုက်တာနှင့်အခြားသူများကိုနှုတ်ဆက်ကာ ကျီရှောင်ထောင်းနှင့်အတူ လေဆိပ်သို့ တိုက်ရိုက်သွားခဲ့သည်။ ရိုက်ကူးရေးတွင် ကိုယ့်အဖွဲ့သားများကို သွားလေရာခေါ်သွားတတ်သော အခြားနာမည်ကြီးများနှင့်မတူဘဲ သူက ကျီရှောင်ထောင်းတစ်ယောက်ကိုသာ ခေါ်သွားတတ်သည်။ ဖန်းရှောက်ယိက သူ၏ဖခင်နှင့် ရုပ်ရည်ရော အကျင့်စရိုက်ပါ အလွန်တူပေသည်။
ဖန်းရှောက်ယိ ရောက်သွားသောအခါ ဒါရိုက်တာကျန်းက ရိုက်ကူးရေးအလယ်မှာဖြစ်နေသောကြောင့် လက်ထောက်ဒါရိုက်တာနှစ်ယောက်က သူ့ကို လေဆိပ်တွင် လာကြိုခဲ့ကြ၏။ ၎င်းတို့ ရိုက်ကွင်းသို့ရောက်သွားသောအခါ ကျီရှောင်ထောင်းက ဟိုတယ်တွင်သာ အထုပ်ဖြည်ရန် နေခဲ့လိုက်သည်။ ဖန်းရှောက်ယိက ဒါရိုက်တာနှင့်တွေ့ရန် ရိုက်ကွင်းသို့ဦးတည်ခဲ့လေသည်။
၎င်းတို့က မြို့ငယ်လေးရှိ ပန်းပဲဆရာနှင့်သူ၏ဇနီးသည်တို့အခန်းကို ရိုက်ကူးနေကြပြီး ထိုနှစ်ယောက်မှာ ဖန်းရှောက်ယိနှင့် အရင်က အလုပ်တွဲလုပ်ဖူးသောသူများဖြစ်သည်။ ဒါရိုက်တာကျန်းက သူ့ကိုမြင်သွားသောအခါ မျက်ခုံးပင့်ကာ လက်ဟန်ပြ၍ အနားသို့ခေါ်လိုက်၏။ ထိုအခန်းရိုက်ကူးရေးပြီးသွားချိန်၌ 'cut' ဟုအော်ကာ ဒါရိုက်တာကျန်းက မတ်တတ်ရပ်၍ ဖန်းရှောက်ယိ၏ပခုံးကို ပုတ်လိုက်သည်။ သူက ဘေးနားရှိလူများကို ပြောလိုက်သည်။ "လာကြ လာကြ၊ ငါတို့ရဲ့ အဓိကဇာတ်ဆောင်ကြီးရောက်လာပြီ။"
ကျန်းလင်းချွမ်က မြောက်ပိုင်းသားတစ်ယောက်ဖြစ်သည်။ သူသည် အသံကျယ်ပြီး စရိုက်သဘာဝက ကြမ်းတမ်းကာ တည့်တိုးသမားတစ်ယောက်ပင်။ ဖန်းရှောက်ယိက လူတိုင်းနှင့်လက်ဆွဲနှုတ်ဆက်လိုက်ပြီးနောက် ဒါရိုက်တာကိုပြောလိုက်သည်။ "တောင်းပန်ပါတယ် ဒါရိုက်တာ။ ကျွန်တော် ဒါ့ရိုက်တာရဲ့အလုပ်ကို နှောင့်နှေးစေမိသွားပြီ။"
ဒါရိုက်တာက လက်ဝှေ့ယမ်းကာ ပြောလာ၏။ "မင်းက လောင်ရှင်းရဲ့ ရုပ်ရှင်မှာ ရိုက်ကူးနေရတာပဲကွာ။ ငါဘာပြောရဲမှာလဲ။"
ဖန်းရှောက်ယိကရယ်လိုက်သည်။ "ဒါရိုက်တာကြီးပြောချင်တာသာပြောလိုက်ပါဗျာ၊ ဒါရိုက်တာရှင်းက ဒီမှာရှိနေတာမှမဟုတ်တာ။ ကျွန်တော်ကတော့ သေချာပေါက် အပြစ်တင်မှာမဟုတ်ဘူးပေါ့။"
ကျန်းလင်းချွမ်ကလည်း ရယ်မောလိုက်၏။ သူ၏ရယ်သံမှာ နည်းနည်းလေး အန္တရာယ်ရှိနေသည်။ သူက ဖန်းရှောက်ယိကိုကြည့်ကာ ပြောလိုက်သည်။ "ဒီမှာ မင်းကိုစောင့်ကြိုနေတဲ့အရာတွေအများကြီးပဲ။ မင်း အရာရာကို ကိုင်တွယ်နိုင်တာ သေချာပါတယ်နော်။"
ပန်းပဲဆရာနေရာသရုပ်ဆောင်သောသူက လျှောက်လာပြီး ပြုံးလျက်ဖြင့် နှုတ်ဆက်လာ၏။ "ဒါရိုက်တာက မင်းနဲ့ တွေ့ရဖို့ကို မျှော်နေတာ၊ သူက မင်းနဲ့ရင်ဆိုင်ဖို့စောင့်နေတာ တော်တော်ကြာနေပြီ။"
ဖန်းရှောက်ယိက ထိုသူနှင့် လက်ချင်းဆွဲနှုတ်ဆက်လိုက်သည်။ "လင်းကော။"
"အခု ကောတို့ပြောတာတွေကြောင့် စိတ်လှုပ်ရှားလာပြီ။" ဖန်းရှောက်ယိက ပြုံးလိုက်၏။ "ဒါရိုက်တာက ကျွန်တော်နဲ့ ရင်ဆိုင်ရဖို့ ဘာတွေစီစဥ်ထားတာလဲ။"
"မကြာခင်တွေ့ရတော့မှာပါ။" ရိုက်ကူးရေးဆရာက ပြောလာသည်။
၎င်းမှာ ဖန်းရှောက်ယိရောက်ရှိလာသော ပထမနေ့ဖြစ်သည်။ ညအချိန်တွင် သရုပ်ဆောင်များနှင့် အဖွဲ့တိုင်း၏ ခေါင်းဆောင်များအားလုံး အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြသည်။ ဒါရိုက်တာက အမျိုးသားဇာတ်ဆောင်၏အခန်းများကိုရိုက်ကူးရန် အလျင်မလိုသေးဘူးဟု ပြောလာ၏။ ဖန်းရှောက်ယိက အခြားရုပ်ရှင်တစ်ခုကို ရိုက်ကူးပြီးစဖြစ်ရာ သူ့ကိုယ်သူ ထိုဇာတ်ကောင်ကနေ လုံးဝမဖယ်ထုတ်နိုင်သေးချေ။ ၎င်းတို့ ချက်ချင်းရိုက်ကူးရေးစလိုက်ပါက အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်နေရလိမ့်မည်။ ထို့ကြောင်ပ ဇာတ်ပို့အခန်းများကို ဦးစွာရိုက်ကူးမည်ဖြစ်သည်။
ဖန်းရှောက်ယိကတော့ ထိုတစ်လအတွင်း ဇာတ်ကောင်ထဲနစ်ဝင်ရန် ရိုက်ကွင်းတွင်နေရမည်ဖြစ်သည်။ ထို့ပြင် သူ၏ခန္ဓာကိုယ်အချိုးအစားကိုလည်း ပြောင်းလဲရန်လိုအပ်သည်။ ယခု သူက ဇာတ်ကောင်၏လိုအပ်ချက်နှင့်ဆို နည်းနည်းလေး ပိန်နေသေး၏။ အရင်ဇာတ်ကားထဲက သူရဲကောင်းသည် နောက်ဆုံးအခန်းတွင် အတော်လေးပြေးလွှားခဲ့ရ၏။ အကျိုးဆက်အနေဖြင့် ဖန်းရှောက်ယိမှာ ကိုယ်အလေးချိန်မှာ အတော်လေးကျသွားခဲ့သည်။
ဒါရိုက်တာက ပြောဘာသည်။ "မင်းမှာ အမြဲတမ်းသုံးနေတဲ့ ကိုယ်ကာယနည်းပြဆရာရှိလား။ မရှိရင် ငါ မင်းအတွက် တစ်ယောက်စီစဥ်ပေးမယ်။"
ဖန်းရှောက်ယိက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။ "ရှိပါတယ်။"
"သူ့ကို ဒီကိုခေါ်လိုက်ပြီး ရိုက်ကွင်းမှာနေဖို့ပြောလိုက်။ မင်း ဆံပင်ဘယ်လိုညှပ်ရမလဲဆိုတာလည်း သင်ဖို့လိုတယ်။ ငါတို့ အဲ့ဒါအတွက်တော့ အထူးနည်းပြမလိုတော့ပါဘူး။ စတိုင်လစ်အဖွဲ့ရဲ့ခေါင်းဆောင် လျှိုလောင်ရှီးက မင်းကိုစောင့်နေတယ်။" ဒါရိုက်တာက လက်ထဲရှိစာရွက်လိပ်ဖြင့် လျှိုအန်းရှိရာသို့ ညွှန်ပြလိုက်သည်။ လျှိုအန်းက သူ၏ထိုင်ခုံမှညထိုင်နေပြီး မျက်နှာတွင်အပြုံးလေးဆင်မြန်းကာ နှုတ်ဆက်ရန် လက်မြှောက်လိုက်သည်။
လျှိုအန်းက ဤနယ်ပယ်တွင် အတော်ဆုံးစတိုင်လစ်တစ်ယောက်ဖြစ်၏။ များစွာသော သမိုင်းဝင်ရုပ်ရှင်များတွင် လူကြိုက်များသောဇာတ်ကောင်များကို အသက်ဝင်စေခဲ့သူလည်းဖြစ်သည်။ ဖန်းရှောက်ယိ သူနှင့် အရင်က အကြိမ်တော်တော်များများတွေ့ဖူးပေသည်။ ၎င်းတို့က သူငယ်ချင်းကောင်းများဖြစ်ကြ၏။ သူက ပြုံးကာ ပြောလိုက်သည်။ "ကောင်းပါပြီဗျာ၊ ကျွန်တော် ဒုက္ခပေးရတော့မှာပဲ အန်းကော။"
ယနေ့အစည်းအဝေးအတွက် ဒါရိုက်တာက ဖန်းရှောက်ယိကို သူ၏လက်ထောက်ကိုပါခေါ်လာရန် အထူးမှာကြားထားသည်။ ကျီရှောင်ထောင်းက ဖန်းရှောက်ယိ၏ဘေးတွင်ထိုင်ကာ ၎င်းတို့ဆွေးနွေးပြောဆိုနေကြသည်ကို နားထောင်နေ၏။ ခဏအကြာတွင် ဒါရိုက်တာ၏စာရွက်လိပ်က သူ့ကိုညွှန်ပြလာခဲ့သည်။ ဒါရိုက်တာက သူ့ကိုပြောလာ၏။ "ချာတိတ်၊ ဒီနေ့ကနေစပြီး မင်းက သူ့ရဲ့လက်ထောက်မဟုတ်တော့ဘူး။"
??? များစွာသောအမေးသင်္ကေတများက ကျီရှောင်ထောင်း၏စိတ်ထဲ ဖြတ်ပြေးသွားပြီး သူ့မှာ ဆွံ့အသွားလေသည်။
"မင်းမှ မဟုတ်ဘူး။" ဒါရိုက်တာက လူအုပ်ကြီးကိုကြည့်လိုက်ပြီး ပြောလိုက်၏။ "မင်းတို့အားလုံးပဲ။ ဒီနေ့ကစပြီး သူ့ကို မလေးစားနဲ့။ သူက ဖန်းလောင်ရှီးမဟုတ်သလို ရုပ်ရှင်ဧကရာဇ်လည်း မဟုတ်တော့ဘူး။ မင်းသားလည်းမဟုတ်သလို ဘယ်သူ့ဘယ်သူ့ရဲ့သားမှလည်းမဟုတ်ဘူး။"
သူ့စကားမဆုံးခင် ဖန်းရှောက်ယိက ထရယ်လေ၏။ ဒါရိုက်တာကျန်းက စနောက်ရတာကို အမှန်တကယ် နှစ်သက်ပေသည်။ သူက စကားပြောရန် စိတ်ဝင်စားစရာကောင်းသောသူဖြစ်သည်။ ထိုစဥ ဖန်းရှောက်ယိ သူဆက်ပြောသည်ကို ကြားလိုက်ရ၏။ "သူက ဒီတိုင်းဆံပင်ညှပ်ဆရာအရူးတစ်ယောက်သာသာပဲ။ သူ့ကို ကောင်းကောင်းမဆက်ဆံကြနဲ့။ ငါနောက်နေတာမဟုတ်ဘူးနော်။ သူ့ကိုတစ်ယောက်ယောက်က လေးလေးစားစားဆက်ဆံရင် စည်းကမ်းဖောက်တာပဲ။ ငါ့ကိုစိတ်ဆိုးအောင်မလုပ်ကြနဲ့နော်။ ဒါရိုက်တာကျန်းစိတ်ဆိုးရင် အရမ်းကြောက်စရာကောင်းလာလိမ့်မယ်။ မင်းတို့အားလုံးသိကြတယ်ဟုတ်?"
ဇာတ်လမ်းထဲတွင် ဖန်းရှောက်ယိ၏ဇာတ်ကောင်က လူတိုင်းဆီက စနောက်ခံရပြီး အနိုင်ကျင့်ခံရသည့် အနည်းငယ်စိတ်မနှံ့သည့်သူဖြစ်သည်။ ဒါရိုက်တာကျန်းက သူ့အား ထိုဇာတ်ကောင်ကို လုံးဝနားလည်ပြီး ထိုဇာတ်ကောင်ထဲသို့ အလျင်အမြန်ဝင်ရောက်စေလိုသည်။
ဒါရိုက်တာ၏အမူအရာက အလွန်အလေးအနက်ဖြစ်နေသည်။ သူက လူတိုင်းကိုပြောလိုက်၏။ "မင်းတို့ ငါ့ရဲ့စည်းကမ်းတွေကို လိုက်နာရမယ်။ ရိုက်ကွင်းမှာ ဟန်ဆောင်ပြီး နည်းနည်းလောက်အမိန့်ပေးတာမျိုးပဲ လုပ်၊ ပြီးတော့မှ သူ့ကို ဦးညွတ်ပြီး 'ဖန်းလောင်ရှီး ကျွန်တော်၊ ကျွန်မတို့မှာ ရွေးစရာမရှိလို့ပါ၊ ဖန်းလောင်ရှီး အပြစ်မမြင်ပါနဲ့' လို့မလုပ်ကြနဲ့။ အဲ့လိုမျိုး ဘယ်သူလုပ်ရဲသလဲ၊ ပြီးမှ ငါ့ကိုဒေါထွက်လို့ဆိုပြီး အပြစ်မတင်ကြနဲ့။"
သူပြောပြီးနောက် လူတိုင်း ရယ်လိုက်ကြသည်။ ဒါရိုက်တာက ထပ်ပြောလာ၏။ "သူက သေချာပေါက် အငြိုးအတေးထားမှာမဟုတ်ဘူး။ မင်းတို့က သူ့ကိုဇာတ်ကောင်ထဲဝင်အောင် ကူညီပေးနေတာ။ နောက်ကျ သူ မင်းတို့ကို ကျေးဇူးတောင်တင်နေလိမ့်မယ်။"
ဖန်းရှောက်ယိက ခေါင်းညိတ်ကာ အပြုံးလေးဖြင့် ပြောလိုက်သည်။ "ဟုတ်ပါတယ်၊ ကျွန်တော် အပြစ်မတင်ပါဘူး။ ဒါရိုက်တာပြောသလိုပဲ လုပ်ကြပါ။"
အစည်းအဝေးပြီးနောက် အားလုံးထွက်သွားကြသောအခါ ဒါရိုက်တာက ကျီရှောင်ထောင်းကို အထူးမှာကြားခဲ့လေ၏။ "ငါ့အတွက် မင်းရဲ့အပြုအမူတွေကို ထိန်းထားပေးပါ။ သူ့ကို ဘယ်သူကပဲအနိုင်ကျင့်ကျင့် ကိစ္စကြီးတစ်ခုလို မပြုနဲ့။ မင်းလည်း သူ့ကိုအနိုင်ကျင့်ရမယ်။ ဒီအခွင့်အရေးကိုယူပြီး သူ့ကို အမိန့်ပေးပြီး မင်းရဲ့လက်ထောက်ပြန်လုပ်လို့ရတာပေါ့။"
ကျီရှောင်ထောင်းတစ်ယောက် ပခုံးတွန့်သွား၏။ ထိုတာဝန်ကို ပြီးဆုံးရန်မှာ အလွန်ခက်ပေသည်။ သူကမေးလိုက်၏။ "ဒါရိုက်တာ... ကျွန်တော်တို့နှစ်ယောက်လုံး အတူတူအနိုင်ကျင့်ခံလိုက်ရင်ရော? ညီအစ်ကိုနှစ်ယောက်က ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်နေရတာလိုမျိုးလေ? အဲ့လိုဆိုရင်ရော အဆင်ပြေလား?"
ဖန်းရှောက်ယိက ရယ်မော၍ သူ၏ဦးခေါင်းအနောက်ကို စနောက်ကာတွန်းလိုက်သည်။ သူက ပြောလိုက်၏။ "မင်းမှာ ဒီထက်ကောင်းတဲ့ ရည်မှန်းချက်လေး မရှိတော့ဘူးလား။"
ဒါရိုက်တာကလည်း သူ့ကို နှစ်ကြိမ်လောက်ပုတ်လိုက်သည်။ "အမှန်ပဲ မင်းမှာ ဒီထက်ကောင်းတဲ့ ရည်မှန်းချက်လေး မရှိတော့ဘူးလား။"
"ဟင့်အင်း..." ကျီရှောင်ထောင်းက ဦးထုပ်ဝတ်ထားဆဲဖြစ်သည်။ ဦးထုပ်အချွန်လေးကို လက်တစ်ဖက်ဖြင့်ကိုင်၍ တိုးတိုးတိတ်တိတ်ပြောလိုက်၏။ "ကျွန်တော်တကယ်မလုပ်နိုင်ဘူး။ ကျွန်တော့်နှလုံးသားအောက်ခြေကနေကို အဲ့လိုမျိုးမလုပ်နိုင်ဘူးလို့! ဒါရိုက်တာ တခြားလူတွေကို ကျွန်တော့်ကိုလည်းအနိုင်ကျင့်ဖို့ ပြောလိုက်ပါဗျာ!"
ဒါရိုက်တာက သူ၏မျှော်လင့်ချက်အတိုင်းလုပ်ရန် ကျရှုံးသွားသည်ကို စိတ်အနှောင့်အယှက်ဖြစ်သွား၏။ နောက်ဆုံးတွင် စိတ်ဆိုးလာပြီး ကျီရှောင်ထောင်း၏ဖင်ကို ပိတ်ကန်လိုက်တော့သည်။ သူက ရယ်မောလျက် ဆူပူလိုက်၏။ "ကြည့်စမ်း ဒီချာတိတ် ဘယ်လောက်ရိုးသားသလဲဆိုတာ!"
ကျန်းလင်ချွမ်က ဒေါသထွက်လွယ်သည့်လူမျိုးဖြစ်သည်။ သူဒါရိုက်တာလုပ်သည့်ရုပ်ရှင်တိုင်းမှာ ဝုန်းဒိုင်းကြဲတတ်၏။ ရုပ်ရှင်အဖွဲ့သားများမှာ အားလုံးက သူ့အဖွဲ့ကဖြစ်သောကြောင့် သူ့စကားကိုနားထောင်ကြရသည်။ နောက်ရက်အနည်းငယ်အကြာတွင် မည်သူကမှ ဖန်းရှောက်ယိကို စကားမပြောကြတော့ပေ။ သူ့ကိုတွေ့လျှင် 'ဖန်းလောင်ရှီး' ဟု နှုတ်ဆက်ခေါင်းညိတ်ပြရန်မှာ ပို၍ပင်မဖြစ်နိုင်ချေ။ ဒါရိုက်တာ၏အမိန့်အရ ၎င်းတို့အားလုံး သူ့ကို နှုတ်ဆက်လို့မရသလို သူ့ကိုအလုပ်ခိုင်းရန်လည်း လိုအပ်ပေသည်။
ဖန်းရှောက်ယိ၏ရိုက်ကွင်း၌ သူ၏နေ့စဥ်တာဝန်မှာ ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းများအပြင် ထူးထူးခြားခြားအလုပ်များလည်း လုပ်ရသေးသည်။ အစပိုင်းတွင် လူတိုင်းက ဝန်လေးနေကြသည်။ နောက်ပိုင်းတွင် ထိုသို့အသုံးခံလာပြီး သာမန်အလုပ်သမားတစ်ယောက်ကဲ့သို့ ဆက်ဆံလာကြသည်။ ဖန်းရှောက်ယိတွင် မည်သည့်စိတ်သဘောထားမှရှိမနေဘဲ အခြားသူများက လုပ်ခိုင်းသမျှကို လုပ်လိမ့်မည်သာ။ သူက လွယ်လွယ်နှင့်ပင် အသားကျသွားခဲ့သည်။
"မင်းရဲ့လက်တွေ။ လက်တွေက အရမ်းတောင့်တင်းနေတယ်။" လျှိုအန်းသည် သူ၏လက်ချောင်းများကိုရွှေ့ကာ လက်ထဲတွင် ကတ်ကြေးကိုလှည့်နေပြီး လက်ချောင်းတစ်ချောင်းဖြင့် ရပ်လိုက်၏။ "လိုက်လျောညီထွေဖြစ်အောင်လုပ်၊ ဒီရက်ပိုင်း မင်းမှာဘာမှလုပ်စရာမရှိရင် ကတ်ကြေးကိုပဲကိုင်ထား။ ပစ္စည်းတွေယူရတဲ့အခါမှာလည်း လက်ချောင်းလေးတွေမှာ ချိတ်ထားနိုင်အောင်ကြိုးစား။ ပြီးတော့ ဘီးကိုလည်း အဲ့လိုမျိုးမကိုင်ရဘူး။"
"ဟုတ်ကဲ့။" ဖန်းရှောက်ယိကပြန်ပြောလိုက်သည်။
ထိုစဥ် သူ့အနောက်ကနေ တစ်စုံတစ်ယောက်က အော်ခေါ်လာခဲ့၏။ "စန်းချာ၊ လင်းကောရဲ့လက်ထောက်ကို ခေါ်ပေးပါဦး။"
'စန်းချာ' ဆိုသည်မှာ ဖန်းရှောက်ယိ၏ဇာတ်ကောင်နာမည်ဖြစ်သည်။ ဖန်းရှောက်ယိက လျှိုအန်းဆီကမေ ဆံပင်ညှပ်သင်ယူနေဆဲဖြစ်ရာ အနောက်လှည့်ကာပြောလိုက်သည်။ "တစ်ယောက်ယောက် လုပ်ပေးလို့ရမလား။ ကျွန်တော် အခုသွားလို့မရလို့ပါ။"
တစ်ဖက်လူက ခေါင်းယမ်းပြလာ၏။ "မရဘူး။"
တစ်ခါတလေ ဖန်းရှောက်ယိမှာ ထိုဝန်ထမ်းများကို လေးစားမိသည်။ ၎င်းတို့က ဇာတ်ကောင်ထဲကို အလွန်လျင်မြန်စွာ နစ်ဝင်သွားနိုင်ကြ၏။ ဖန်းရှောက်ယိက လျှိုအန်းကိုလှည့်ကြည့်ကာ ပြောလိုက်သည်။ "အန်းကော၊ ဆယ်မိနစ်လောက်စောင့်ပေးလို့ရမလား။"
လျှိုအန်းက ပြုံးလျက် ခေါင်းတယမ်းယမ်းဖြင့် ပြောလိုက်သည်။ "ဆယ်မိနစ်နေရင် ငါသွားတော့မှာ။"
ဖန်းရှောက်ယိတစ်ယောက် သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ ထို့နောက် ထိုဝန်ထမ်းကို ပြောလိုက်လေ၏။ "တစ်ယောက်ယောက်ကိုရှာလိုက်ပါ၊ ကျွန်တော် အခုထွက်လို့မရလို့။"
ထိုလူငယ်က မျက်တောင်ခတ်လိုက်၏။ သူက ယခုအခိုက်အတန့်ကို မည်သို့တုံ့ပြန်ရမှန်း မသိဖြစ်နေလောက်သည်။ သူက အချိန်အတော်ကြာစဥ်းစားနေခဲ့လေ၏။ နောက်ဆုံး ဖန်းရှောက်ယိနှင့် လျှိုအန်းတို့ စကားဆက်လိုက်ကြချိန်ဝယ် သူက တစ်ခုခုကိုကောက်ယူကာ မှန်တင်ခုံပေါ် ပစ်လိုက်လေသည်။ "မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ... ဆံပင်ညှပ်ဆရာလေးကများ..."
အသံမှာ အတော်လေးကျယ်ပေ၏။ ဖန်းရှောက်ယိနှင့် လျှိုအန်းတို့နှစ်ယောက်လုံးမှာ ကြောင်အမ်းသွားခဲ့သည်။ ထို့နောက်တွင်မူ လျှိုအန်းက ခေါင်းတခါခါနှင့်ရယ်လိုက်တော့သည်။ သူက တိုးတိုးလေးပြောလာ၏။ "...အဲ့ကလေးအတွက်လည်း ခက်မှာပဲ။"
ကျီရှောင်ထောင်းကိုယ်တိုင်သည် ဖန်းရှောက်ယိဘက်မှညနေဖို့ ရွေးချယ်ထားလေသည်။ ထိုရက်ပိုင်းတွင် သူကလည်း တာဝန်အများကြီးလုပ်ရသောကြောင့် အလွန်ပင်ပန်းနေခဲ့၏။ ညအချိန်၌ သူက ဖန်းရှောက်ယိကို တိုင်ကြားရန် ပြန်လာခဲ့သည်။ "အဲ့ဒါက အသုံးဝင်လို့လား။ ကျွန်တော်တို့နောက်ကျမှရောက်လို့ ဒါရိုက်တာကျန်းက သက်သက်မဲ့လုပ်နေသလိုပဲ။"
ဖန်းရှောက်ယိက အဝတ်များကိုချွတ်လိုက်ပြီး အဝတ်လျှော်စက်ထဲ ပစ်ထည့်လိုက်သည်။ ကျီရှောင်ထောင်းက ပြန်လျှောက်လာပြီး အဝတ်လျှော်စက်ကိုလှည့်ရန်လုပ်လိုက်၏။ ထိုအခါ ဖန်းရှောက်ယိက ပြောလိုက်သည်။ "ငါလုပ်လိုက်မယ်။"
သူက ကျီရှောင်ထောင်း၏ အဝတ်ပေများကိုတောင် လျှော်ပေးခဲ့သည်။
ကျီရှောင်ထောင်းက ၎င်းနှင့် အသားမကျသေးပေ။ ထိုအချိန်၌ သူ၏အိတ်ကပ်ထဲရှိဖုန်းက တုန်ခါလာခဲ့၏။ ထို့ကြောင့် ထိုင်ခုံပေါ်ထိုင်ရင်း ခြေထောက်ကြွကာ ဖုန်းကိုထုတ်ကြည့်လိုက်သည်။
၎င်းတို့၏ရိုက်ကွင်းများက လက်ရှိနှင့်ကွဲပြားနေသည့် သီးသန့်ကမ္ဘာငယ်လေးတစ်ခုဖြစ်သည်။ ၎င်းတို့ဝင်ရောက်လာသည့်အခါ ၎င်းမှာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်သွားသလို ခံစားရပေသည်။ အရင်တစ်ခေါက်က ဇာတ်ကားရိုက်ကူးရေးအတွင်း ဖန်းရှောက်ယိတစ်ယောက် ရသစုံရှိုးအတွက် မကြာခဏသွားလိုက်ရသေးသည်။ ထို့ကြောင့် ပြင်ပကမ္ဘာနှင့်အဆက်ပြတ်သွားသည်မှာ သိပ်မသိသာလှပေ။ ယခုတွင် ရသစုံလည်း ရိုက်ကူးစရာမရှိပေ။ ကျီရှောင်ထောင်းတစ်ယောက်လည်း အခြားသောအဖွဲ့သားများနှင့်အတူရှိနေရာ အချိန်များက လျင်မြန်စွာကုန်ဆုံးသွားသလို ခံစားရပေ၏။ နေ့တိုင်း သူ၏ဖုန်းကို ကိုင်လိုက်သည့်အချိန်မှသာ တကယ့်အစစ်အမှန်လောကကိုပြန်ရောက်သွားသလို ခံစားခဲ့ရသည်။
ဖန်းရှောက်ယိက မနက်ဖြန်ဝတ်မည့်အဝတ်များကို ထုတ်ကာ ဘေးတွင်ထားလိုက်၏။ သူ ထိုင်ရန်ပြင်နေချိန်၌ ကျီရှောင်ထောင်းဆီကနေ အံ့သြထိတ်လန့်စွာအော်လိုက်သံကို ကြားလိုက်ရလေသည်။ "Fuck!"
__________
ပုံမှန်ထက် ၃ ဆလောက်ရှည်လို့ ၂ ရက်ခွဲပြီးတင်ပေးပါ့မယ်နော် ~
ကဲ တန်းလန်းကြီးထားသွားပြီ :P
ဒီအပိုင်းကိုတင်ချင်လွန်းလို့ အချိန်မရရအောင်လုပြီး ပြန်ထားရတာ (sob sob)
မနက်ဖြန် ပြန်လာခဲ့ပါ့မယ် ✌
အပိုင်း (၂၃.၂)
ဖန်းရှောက်ယိက မနက်ဖြန်ဝတ်မည့်အဝတ်များကို ထုတ်ကာ ဘေးတွင်ထားလိုက်သည်။ သူထိုင်ရန်ပြင်နေချိန်၌ ကျီရှောင်ထောင်းဆီကနေ အံ့သြထိတ်လန့်စွာအော်လိုက်သံကိုကြားလိုက်ရလေသည်။ "Fuck!"
"ဘာဖြစ်တာလဲ။" ဖန်းရှောက်ယိက သူ့ကိုတစ်ချက်ကြည့်လိုက်၏။
ကျီရှောင်ထောင်းမှာ မျက်ခုံးများတွန့်ချိုးနေလျက် ဖန်းရှောက်ယိကို မော့ကြည့်ကာ ပြောလိုက်သည်။ "ဒီခေတ်စားနေတဲ့အကြောင်းအရာက ဘာကြီးလဲ။"
ဖန်းရှောက်ယိက မျက်ခုံးပင့်လျက်။ "ဘာလဲ။"
ကျီရှောင်ထောင်းက ထိုင်ခုံကနေခုန်ထကာ ဖန်းရှောက်ယိကို ဖုန်းထိုးပြလိုက်၏။ ပထမဆုံးရေပန်းစားနေသည့်အကြောင်းအရာ၏ဘေးတွင် 'ပေါက်ကွဲထွက်ခြင်း' သင်္ကေတဖြစ်သည့် အနီရောင်အစက်ကလေးရှိနေသည်။ ၎င်း၏နောက်မှ ဟက်ရှ်တက်သည် #ဖန်းရှောက်ယိယွမ်ယယ်ကွာရှင်းပြတ်စဲခြင်း ဟူ၍ပင်။
ဖန်းရှောက်ယိ အိတ်ကပ်ထဲကနေ သူ့ဖုန်းကိုထုတ်လိုက်သည်။ ထို့နောက် လွန်ခဲ့သောဆယ်မိနစ်ခန့်က ကန်းကျင့်ဝေမှ သူ့ဆီ ဖုန်းနှစ်ခါခေါ်ထားကြောင်း တွေ့လိုက်ရ၏။ သူ ဖုန်းပြန်ခေါ်နေရင်း ထိုဟက်ရှိတက်ကို နှိပ်ကြည့်လိုက်သည်။
"ငါ မင်းတို့ကို ကိစ္စအကြီးကြီးတစ်ခုပြောပြမယ်။ မင်းတို့ချစ်စရာကောင်းတယ်လို့ ပြောနေကြတဲ့ 'Shape' CP က တကယ်တော့ ဟိုးအရင်တုန်းကတည်းက ကွဲသွားပြီ။"
ပထမဆုံးတွေ့လိုက်ရသည့်ပိုစ့်မှာ ထိုသို့ပြောထားသည်။ အကောင့်က ပရိုမိုးရှင်းဆင်းသောအတင်းအဖျင်းအကောင့်လေးတစ်ခုသာ။ ထိုစာအောက်တွင် ဓါတ်ပုံအနည်းငယ်ကိုလည်း တင်ထားလေ၏။ ဖန်းရှောက်ယိ မျက်မှောင်ကြုတ်လိုက်သည်။ ဓါတ်ပုံမှာ မနှစ်က သူတို့ကွာရှင်းချိန်၌ ရိုက်ထားသည့်ပုံဖြစ်နေသည်။ အလွန်ဝေးသောနေရာမှရိုက်ထားသောကြောင့် သိပ်မရှင်းလင်းသော်လည်း ကားမှာ ဖန်းရှောက်ယိ၏ကားဖြစ်၏။ ပုံရိပ်နှစ်ခုမှာလည်း ဖန်းရှောက်ယိ၊ ယွမ်ယယ်တို့နှင့် ဆင်ပေသည်။
နာရီဝက်အတွင်း ထိုပိုစ့်မှာ မှတ်ချက်ပေါင်းသုံးထောင်ကျော်လောက်ရှိလာခဲ့သည်။ ဖန်းရှောက်ယိ လူကြိုက်များသည့်မှတ်ချက်များကို အတိုချုပ်စစ်ကြည့်လိုက်သည်။
"အဲ့ပုံတွေက ဝါးတားနေတာပဲ။ ဓါတ်ပုံထဲကလူက အများဆုံးမှ ၁၇၅ cm လောက်ပဲရှိတယ်။ ဖန်းရှောက်ယိက ၁၈၄ cm ကျော်တယ်။ ဓါတ်ပုံတွေက အတုတွေပဲ။"
"အဲ့ဒါ အမှန်ပဲ။ မနှစ်က သူတို့နှစ်ယောက်ကွာရှင်းလိုက်ကြတာ။ ငါ့အတန်းဖော်ရဲ့ အစ်ကိုက X မြို့ရဲ့ အရပ်ဘက်ရေးရာဝန်ကြီးဌာနမှာ အလုပ်လုပ်တာလေ။ သူတို့ကွာရှင်းလိုက်တယ်ဆိုတာကို အဲ့နေ့ကပဲ သိလိုက်ရတာ။"
"[ဖရဲသီးစားနေ] [ဖရဲသီးစားနေ] [ဖရဲသီးစားနေ]《'In The Time》 ကိုကြည့်နေရင်းနဲ့ ဒီအတွဲက ထူးဆန်းတာပဲလို့ ခံစားမိနေတာ။ ငါ တခြားသူတွေကိုပြောပြတော့ ငါကပဲ သူတို့နှစ်ယောက်အဆင်ပြေနေတာကို အလိုမရှိနေတာတဲ့။ ငါတကယ်ပဲ သူတို့နှစ်ယောက်ကို အဆင်ပြေပြေရှိစေချင်တာပါ။ ငါ ဒီဖရဲသီးကိုမစားချင်ဘူး။ ငါ့လည်မျိုထဲ ဘယ်သူကမှအတင်းထိုးမထည့်ဖို့ မျှော်လင့်ပါတယ်။ ဘယ်လိုတောင် သောက်ကျိုးနည်း အရှုပ်ကြီးလဲ..."
"အာာာာာ ပရိုမိုးရှင်းဆင်းတဲ့ အတင်းအဖျင်းအကောင့်တွေ သွားသေလိုက်ပါတော့! အရမ်းမုန်းတာပဲ။ နင်တို့မှာ ကိုယ်ကျင့်တရားမရှိဘူး။ ရေပန်းစားဖို့ အကုန်လုပ်တဲ့ဟာတွေ! ပြီးတော့ အပေါ်ထပ်က အတန်းဖော်ရဲ့အစ်ကိုအကြောင်းပြောထားတဲ့တစ်ယောက်ရေ။ နင်က အရမ်းအံ့သြစရာကောင်းနေရင် အရင်တုန်းကဘာတွေလုပ်နေတာလဲ... နင့်အတန်းဖော်ရဲ့ အစ်ကိုတွေ အစ်မတွေအကြောင်း ဆက်ပြောနေတဲ့လူတွေကို မုန်းလိုက်တာ!!! ထွက်ထွက်ထွက်သွားစမ်း!!!"
"ယိကောနဲ့ ဦးလေးယယ်ကို ထမ်းထားမယ်။ အမှိုက်လို အတင်းအဖျင်းအကောင့်တွေ၊ ငါတို့ရဲ့ CP က နင်တို့နဲ့ ဘာမှမဆိုင်ဘူး။ ယိကောက ရိုက်ကူးရေးလုပ်နေတယ်၊ ယယ်ကောက စာရေးနေတယ်။ နင်တို့ကို အာရုံစိုက်ဖို့အချိန်မရှိဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း လေးစားမှုလေးရှိစမ်းပါဦး။"
"[ပြုံး] နောက်ကလိုက်ဖို့ စောင့်နေပါတယ်။ တကယ်လို့ နောက်ဆုံးမှာ သူတို့အိမ်ဝယ်ဖို့အတွက် ကွာရှင်းလိုက်တယ်လို့ပြောရင် ငါရယ်ရလွန်းလို့သေသွားတော့မှာပဲ..."
မည်သူမှ ကန်းကျင့်ဝေကို ဖုန်းခေါ်၍မရပေ။ သူက တစ်ယောက်ယောက်နှင့် ဖုန်းပြောနေလေသည်။
ထိုမတော်တဆက ရုတ်ချည်းထဖြစ်သွား၏။ ဖန်းရှောက်ယိပင်လျှင် ၎င်းကို မမျှော်လင့်ထားပေ။ ယုတ္တိရှိရှိပြောရလျှင် ၎င်းက ယခုအခိုက်အတန့်တွင် မဖြစ်သင့်သေးခေိ။ သို့သော် ထပ်ပေါင်းသုံးသပ်ရလျှင်တော့ အချိန်မှာ မှန်ကန်ပေသည်။ ထိုအစီအစဥ်ထုတ်လွှင့်မှုပြီးဆုံးရန် နှစ်ပိုင်းသာလိုတော့သည်။ ထို CP က အတော်လေးနာမည်ကြီးနေပြီး ယခုတွင် သူတို့၏ရေပန်းစားမှု အထွတ်အထိပ်မှာ ရှိနေ၏။ ထုတ်လွှင့်မှုအဆုံးသတ်ပြီးနောက် လူတိုင်းက ၎င်းတို့ကို ပထမဆုံးအဖြစ် ဖော်ထုတ်ရန်အတွက် အခွင့်အရေးကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြလိမ့်မည်။ ထို့ကြောင့် ၎င်းကို မစောင့်နိုင်သောတစ်စုံတစ်ယောက်လည်းရှိနိုင်ပြီး လူတိုင်းကို ရိုက်ချချင်ပေလိမ့်မည်။ ရလဒ်မှာ အတော်လေးကောင်းပေ၏။ နာရီဝက်ကျော်လေးအတွင်း ထိုအတင်းအဖျင်းအကောင့်မှာ စောင့်ကြည့်သူ နှစ်သန်းရသွားလေသည်။
ဖန်းရှောက်ယိက ကန်းကျင့်ဝေကို ဖုန်းခေါ်လိုက်၏။ သူကကျီရှောင်ထောင်းကို ဖုန်းပြန်ပေးလိုက်ပြီး ပြောလိုက်သည်။ "မင်းရဲ့ယယ်ကောနဲ့ စကားပြောပြီး သူဘာလုပ်နေလဲလို့မေးလိုက်။"
"ဟုတ်ကဲ့!" ကျီရှောင်ထောင်းက ယွမ်ယယ်ကို အလုပ်ရှုပ်နေလားဟု စာပို့လိုက်သည်။
ယွမ်ယယ်က အလွန်လျင်မြန်စွာ စာပြန်လာ၏။ "နိုး၊ ပြောလေ။"
ကျီရှောင်ထောင်းက တိုက်ရိုက်ကြီးမပြောရဲပေ။ အချိန်ခဏကြာပြီးနောက် သူစာပို့လိုက်သည်။ "ယယ်ကော၊ ရိုက်ကွင်းကို လာလည်ချင်လား။"
ယွမ်ယယ်: "...ငါ လက်ရှိမှာတော့ အဲ့လိုလုပ်ဖို့အစီအစဥ်မရှိဘူး။"
ဖန်းရှောက်ယိက ကန်းကျင့်ဝေနှင့် ဖုန်းအဆက်အသွယ်ချိတ်ဆက်မိသွား၏။ တစ်ဖက်လူက ကိုင်လိုက်သည်နှင့်မေးလာခဲ့သည်။ "မင်း မြင်ပြီးပြီလား။"
ဖန်းရှောက်ယိက အသံပြုလိုက်သည်။
ကန်းကျင့်ဝေက ပြောလာ၏။ "စောစောက မင်းနဲ့ ဆက်သွယ်လို့မရလို့၊ ဒါ့ကြောင့် ငါ့ဘက်က ဘာမှမလုပ်ထားဘူး။ စိုးရိမ်ဖို့မလိုသေးဘူး။ အခုလက်ရှိ ရေပန်းစားနေတာတွေက အားလုံးအတုအယောင်တွေပဲ။ ငါ ကုမ္ပဏီကြီးတွေကို ဆက်သွယ်ထားတယ်။ အဲ့ဒါကို ပြန်ပြီး မတင်ဖို့အတွက်။ မီဒီယာအကောင့်တွေကလည်း စောင့်နေကြတယ်။ လက်ရှိ သူတို့နဲ့ပဲဆို ပြဿနာကြီးကြီးမားမားမဖြစ်နိုင်ပါဘူး။ အခု အရေအတွက်ကအတုပဲ၊ ဘာလို့လဲဆိုတော့ သူတို့က ဝယ်ထားတာမို့ရယ်။ ဒီကိစ္စပြီးလို့ သူတို့ဘက်က ဘာမှမရရင်လည်း အဲ့ဓါတ်ပုံလေးနဲ့ သူတို့ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ ငါ မင်းကိုမေးချင်တာက တကယ်တမ်း ဘာလုပ်ဖို့ စီစဥ်ထားသေးလဲ။ ငါထင်တာတော့ မင်း ယွမ်ယယ်နဲ့ လုံးဝအဆက်မပြတ်သေးဘူးလားလို့။ မင်းတို့နှစ်ယောက်မှာ ခံစားချက်တွေရှိနေသေးရင် ငါတို့ မင်းတို့နှစ်ယောက် ကွာရှင်းထားတာမဟုတ်ဘူးလို့ပြောလိုက်မယ်။ ငါတို့လုပ်ရမှာက လူထုရှေ့မှာ အဲ့တာကို ငြင်းတာပဲ။ ဒီကစားပွဲမှာ သူတို့ဘက်က ကွာရှင်းစာချုပ်ကို ဓါတ်ပုံရိုက်ပြီးတင်လိုက်ရင်တောင် ငါတို့ အဲ့ဒါကို ဓါတ်ပုံပြင်ထားတာလို့ ပြောလိုက်လို့ရတယ်။ သူတို့ ဘယ်လိုသက်သေပြလို့ရမှာလဲ။ ဒါပေမဲ့ မင်းတို့ အတူမရှိတော့ဘူးဆိုတာ သေချာရင် ငါတို့တွေ ဒီအခွင့်အရေးကိုသုံးပြီး ရှင်းရှင်းလင်းလင်း လုပ်လိုက်လို့ရတယ်။ ဒီလိုဆို ငါတို့လည်း လွယ်လွယ်လေးပဲ အနားယူနိုင်လိမ့်မယ်။ ဒါမှမဟုတ် မင်း မဆုံးဖြတ်ရသေးရင်လည်း ငါတို့ ဒီတိုင်းလေးပဲဆက်နေလိုက်မယ်။ မင်းဘာပြောချင်လဲ။"
ကန်းကျင့်ဝေမှာ အကုန်လုံးကို တစ်ဆက်တည်းပြောသွားသည်။ သူက မေးရန်လိုအပ်သည်များကို အကုန်မေးလိုက်၏။ ဖန်းရှောက်ယိက စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ "ဒီညတော့ ထားလိုက်ဦး။"
"မနက်ဖြန်ကျရ်ရော?" ကန်းကျင့်ဝေက မေးလာသည်။
ဖန်းရှောက်ယိက မတ်တတ်ရပ်ကာ ပြတင်းပေါက်နားလျှောက်သွားပြီး ပြတင်းပေါက်ဘောင်ကို လက်ထောက်ကာ အပြင်ကိုငေးကြည့်နေခဲ့သည်။ သူ ထိုမေးခွန်းကို မဖြေခဲ့ပေ။
ကန်းကျင့်ဝေက သူ၏အဖြေကိုစောင့်မနေတော့ချေ။ သူသည်လည်း ယခုတွင် အလွန်အလုပ်ရှုပ်နေ၏။ "အချိန်ယူပြီး စဥ်းစားလိုက်ဦး။ ငါတို့ မနက်ဖြန်မှ ထပ်ပြောတာပေါ။"
ဖုန်းချပြီးနောက် ကျီရှောင်ထောင်းက ဖန်းရှောက်ယိကို မော့ကြည့်ကာ ပြောလာ၏။ "ယယ်ကော မသိလောက်သေးဘူး။ သူက ဒီကိစ္စကိုတောင် ထည့်မပြောသွားဘူး။"
ဖန်းရှောက်ယိက သူ၏မတ်မတ်ရပ်နေသည့်ပုံစံအတိုင်းရှိနေဆဲပင်။ သူက ပြတင်းပေါက်အပြင်ဘက်ကို ဆက်ပြီးကြည့်နေခဲ့သည်။ ထို့နောက် အသံပြုလိုက်ပြီး တခြားဘာမှမပြောတော့ပေ။
ထိုစဥ် တစ်စုံတစ်ယောက်က တံခါးခေါက်လာ၏။ ကျီရှောင်ထောင်းက သွားဖွင့်လိုက်ရာ အပြင်ဘက်တွင် လူငယ်လေးတစ်ယောက်က မတ်တတ်ရပ်နေသည်။ "ရှောက်ယိကော၊ ဒါရိုက်တာက ကောကိုရှာနေတယ်။"
"အင်း၊ ကျေးဇူး။" ဖန်းရှောက်ယိက ပြောလိုက်သည်။
အခြားရိုက်ကူးရေးအဖွဲ့သားများလည်း ထိုသတင်းကို မြင်ပြီးလောက်ခေိပြီ။ ထိုသို့မဟုတ်လျှင် ၎င်းတို့က သူ့ကို 'ရှောက်ယိကော' အစား 'စန်းချာ' ဟု ခေါ်လိမ့်မည်သာ။
ဒါရိုက်တာက သူ့ကိုခေါ်ကာ တည့်ပဲပြောလာ၏။ "ငါကြားပြီးပြီ။ အဲ့ဒါတွေအကုန်လုံး အသေးအမွှားကိစ္စလေးတွေပါကွာ။ ကိုယ့်ကိုယ်ကိုယ် သက်ရောက်မခံနဲ့။ မင်းအကူအညီလိုရင် ငါ့ကိုပြော။"
ကျန်းလင်းချွမ်က မီဒီယာကို ဘယ်တော့မှမကြောက်ပေ။ သူက အပြင်လူများဘာပြောပြော လျစ်လျူရှုထားတတ်သူဖြစ်သည်။ သူ့အတွက် ထိုအခြေအနေမှာ လုံးဝမသက်ဆိုင်ပေ။ သူက ဖန်းရှောက်ယိကို ပြောလိုက်သည်။ "မင်း ဒီကိစ္စကို ဘယ်လိုပဲဖြေရှင်းဖြေရှင်း၊ ရက်အနည်းငယ်လောက်နေရင် ပြီးသွားမှာပဲ။ ဒီကိစ္စကြောင့် မင်းရဲ့စိတ်ကို မသက်ရောက်စေနဲ့။ စိတ်အေးအေးထား။"
ဖန်းရှောက်ယိက ခေါင်းညိတ်ပြုံးပြကာ ပြန်ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဒါရိုက်တာ၊ ကျွန်တော်သိပါတယ်၊ ကျွန်တော်ဖြေရှင်းနိုင်ပါတယ်။"
ဒါရိုက်တာသည် သူ၏စိတ်အခြေအနေကို လေ့လာရန်အတွက် သူနှင့်တွေ့ဆုံခြင်းဖြစ်၏။ ဖန်းရှောက်ယိက စိတ်တည်ငြိမ်နေပြီး အနှောင့်အယှက်မဖြစ်သည်ကိုတွေ့တော့မှ သူ့ကိုသွားခွင့်ပေးလိုက်သည်။
ဖန်းရှောက်ယိ အခန်းထဲသို့ပြန်ရောက်သောအခါ ကျီရှောင်ထောင်းက သူ၏ဖုန်းရော တက်ဘလက်ကိုရောထုတ်ထားသည်ကို တွေ့လိုက်ရသည်။ သူက ထိုအရာနှစ်ခုကို တစ်လှည့်စီကြည့်နေလေသည်။ ဖန်းရှောက်ယိပြန်ရောက်လာသည်ကို သတိပြုမိသွားသောအခါ လှည့်ကြည့်ကာပြောလာ၏။ "ဒီညအတွက် 《In The Time》ကြည့်ရှုနှုန်းကတော့ ကောင်းကင်ထိမြင့်တက်သွားတော့မှာပဲ။"
ဖန်းရှောက်ယိက သူ့ကိုမေးလိုက်၏။ "ယွမ်ယယ်ဖုန်းခေါ်သေးလား။"
"ဟင့်အင်း..." ကျီရှောင်ထောင်းက ခေါင်းယမ်းပြလာခဲ့သည်။ "သူ လိုင်းပိတ်သွားပြီဆိုတာ ကျွန်တော်လောင်းရဲတယ်။"
ဖန်းရှောက်ယိက ခေါင်းညိတ်ကာ မျက်နှာသစ်ရန် ရေချိုးခန်းထဲဝင်သွားခဲ့သည်။ သူ့ကိုကြည့်ရသည်မှာ အတော်လေးတည်ငြိမ်နေ၏။ ၎င်းက ကျီရှောင်ထောင်းကို စိတ်သက်သာရာရစေခဲ့သည်။
အမှန်မှာ ဖန်းရှောက်ယိသည် ထိုမျှစိတ်လှုပ်ရှားမနေပေ။ ထိုအခြေအနေကို အနှေးနဲ့အမြန် ကြုံတွေ့ရမည်ဖြစ်ပြီး စီစဥ်ထားသည်ထက် ရက်အနည်းငယ်စောနေခြင်းသာ။ သူက မကောင်းသည့်အကျိုးသက်ရောက်မှုများကို ရှောင်ချင်သောကြောင့် မည်သို့တုံ့ပြန်ရမည်ကို မသိခြင်းမဟုတ်ဘဲ ဆုံးဖြတ်ချက်မချချင်သောကြောင့်ဖြစ်သည်။
သူဘက်ကသာ ငြင်းဆိုလိုက်မည်ဆိုပါက ယွမ်ယယ်က သူ၏အရေးပါသောသူတစ်ဦးအဖြစ် အကန့်အသတ်မရှိ ဆက်လက်သရုပ်ဆောင်ရတော့မည်ဖြစ်သည်။ ၎င်းမှာ မမျှတပေ။ သို့သော် ဖန်းရှောက်ယိက PR ၏အစီအစဥ်ကိုသုံးရန်လည်း ဆန္ဒမရှိချေ။
၎င်းမှာ သူတို့ကွာရှင်းထားသည်ကို ယခုချိန်ထိလျှို့ဝှက်ထားရသည့်အကြောင်းအရင်းလည်းဖြစ်သည်။
အရင်တစ်ခေါက်က ဖုန်းခေါ်ဆိုမှုပြီးနောက် သူနှင့်ယွမ်ယယ်တို့ ထပ်ပြီး မဆက်သွယ်ဖြစ်ကြပေ။ ၎င်းမှာ အတော်လေးကြာနေပြီဖြစ်၏။ ယခုတွင် ဖန်းရှောက်ယိက ကိစ္စများကို လျှို့ဝှက်မထားချင်တော့ချေ။ ဒီလမ်းမဟုတ်ရင် ဟိုလမ်းသာရှိသည်။ သူ လမ်းကြောင်းရွေးချယ်ရန် လိုအပ်ပေ၏။
ညအချိန်တွင် ဖန်းရှောက်ယိက ထုံးစံအတိုင်း ဇာတ်ညွှန်းဖတ်နေခဲ့သည်။ သူသည် နားမလည်သောအပိုင်းများကို ဝိုင်းထား၏။ ကျီရှောင်ထောင်းက သူ့အခန်းသို့ပြန်မသွားသေးချေ။ သူက ဖန်းရှောက်ယိ၏အခန်းထဲတွင် အောင်းနေကာ ဖုန်းပွတ်နေခဲ့သည်။
လိုင်းပေါ်ရှိလူများက သတင်းစောင့်နေကြဆဲပင်။ စောင့်ရင်းဖြင့် 《In The Time》အပိုင်းသစ်ကိုလည်း ကြည့်နေကြသည်။ ၎င်းမှာ သူတို့၏နောက်ဆုံးခရီးစဥ်ဖြစ်သော သြစတေးလျသို့သွားသည့်အပိုင်းဖြစ်၏။ ဤအပိုင်းအပြီး နောက်တစ်တစ်ပတ်ပြသမည့်အပိုင်းက ရာသီ၏နောက်ဆုံးအပိုင်းဖြစ်လောက်မည်။
ယနေ့မတိုင်ခင်ထိ ပရိသတ်အများစုမှာ သိပ်သဘောမတွေ့ကြပေ။ အထူးသဖြင့် ဖန်းရှောက်ယိနှင့် ယွမ်ယယ်၏ပရိသတ်များပင်။ ၎င်းတို့နှစ်ဦးတွင် ပုံမှန်အားဖြင့် အခြားသူများကိုကျွေးရန် သကြားလုံးမရှိပေ။ အစီအစဥ်အတွက် ရိုက်ကူးရေးပြီးနောက် ၎င်းတို့မှာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ ထိုအစီအစဥ်ပြီးသွားသောအခါ ၎င်းတို့၏သကြားလုံးကိုစားရန်မှာ အလွန်ခက်ခဲသွားလေပြီ။
သို့သော်လည်း ယနေ့၏ဝ က်ဝက်ကွဲနေသောသတင်းကြောင့် ပရိသတ်များ၏စိတ်အခြေအနေမှာ ရှုပ်ထွေးနေခဲ့သည်။ စုံထောက်ပရိသတ်များက အပိုင်းတစ်ခုချင်းစီကို အသေးစိတ်ကျကျ တူးဖော်ကြပြီး ထိုယုတ္တိမရှိသောအပိုင်းများကိုဆွဲထုတ်ကာ စာအရှည်ကြီးများ ရေးတင်လာကြသည်။ ၎င်းတို့က ထိုအရာများကို ၎င်းတို့နှစ်ဦးတကယ်ကွာရှင်းလိုက်ပြီဖြစ်ကြောင်း သက်သေအနေဖြင့် သုံးခဲ့ကြသည်။ အဓိကသက်သေမှာ ထိုရှိုးအစမှ အဆုံးအထိ နှစ်ယောက်လုံး လက်စွပ်ဝတ်မထားခြင်းပင်။ ထို့နောက် လူတော်တော်များများက ရှိုး၏တရားဝင် Weibo အကောင့်အောက်တွင် ရှင်းလင်းချက်ထုတ်ပေးရန် အများအပြားပြောဆိုလာခဲ့ကြသည်။ ၎င်းတို့က သူတို့နှစ်ဦးသာ တကယ်ကွာရှင်းပြီးပြီဆိုလျှင် ထိုရှိုးက ပရိသတ်များကို လိမ်ညာသည်ဟု ယူဆလို့ရမလားဟု မေးမြန်းထားကြ၏။
ယခုတွင် ခေါင်းဆောင်ဒါရိုက်တာလင်းဝေတစ်ယောက် ရှုပ်ရှုပ်ယှက်ယှက်မလုပ်ရဲတော့ဘဲ နာနာခံခံလေး ပုန်းအောင်းနေသည်။ အပိုင်းထုတ်လွှင့်မှုအတွက် ပရိုမိုးရှင်းမှလွဲ၍ တခြားဘာကိုမှ မပြောခဲ့ပေ။
ကျီရှောင်ထောင်းက သူ၏တက်ဘလက်ဖြင့်လည်း 《In The Time》ကိုကြည့်နေခဲ့သည်။ ကြည့်နေရင်း ဖြင့်: "ကျွန်တော့်ရဲ့ယယ်ကောက တကယ့်ကိုချောတာပဲ။ ရိုးရာသဘောအရချောတာမျိုးမဟုတ်ဘဲ ဘယ်သူမှ သူ့ကိုတုပလို့မရနိုင်တဲ့ ချောမောမှုမျိုး။"
ဖန်းရှောက်ယိက သူ့ကိုလျစ်လျူရှုထားပြီး အကြည့်လေးတစ်ချက်တောင်မပေးခဲ့ချေ။
"ဘုရားဘုရား၊ ဒီ skydiving က ကျွန်တော့်ကို သေလောက်အောင်ကြောက်စေတာပဲ။" ကျီရှောင်ထောင်းမှာ ဆက်လက်ညည်းတွားနေဆဲပင်။ "ကော၊ ကောအဲ့အချိန်တုန်းက ကြောက်နေလား။ ကျွန်တော်တော့ ကြည့်ရုံလေးနဲ့တင်ကို နှလုံးခုန်ရပ်သွားတော့မလိုပဲ ခံစားရတယ်။ ကျွန်တော်သာဆို လေထဲမှာတင် နှလုံးခုန်ရပ်သွားလောက်တယ်။"
ထိုထဲတွင် ယွမ်ယယ်က သူ၏နည်းပြနှင့် တွဲချည်ပြီးနောက် ဖန်းရှောက်ယိကို မေးလိုက်သည်။ "ဒါကို လှည့်စားတယ်လို့ ထည့်တွက်လို့မရဘူး ဟုတ်တယ်မလား။"
ထိုမေးခွန်းကြောင့် အင်တာနက်မှာ ထပ်မံပေါက်ကွဲသွားပြန်သည်။ လူတိုင်းက ထိုစာကြောင်းကို စခရင်ရှော့ရိုက်ကာ ဒါက သူတို့တကယ်ကွာရှင်းလိုက်တာရဲ့ သက်သေလား၊ သူတို့ကွာရှင်းရခြင်း၏အကြောင်းပြချက်မှာ ယွယ်ယယ်ကသစ္စာဖောက်လို့လားဟု မေးထားကြလေသည်။ ၎င်းမှာ ဖြစ်နေကျပင်။ သင်က တစ်စုံတစ်ခုကို ဆုံးဖြတ်ထားပြီး ၎င်းကိုထောက်ပံ့ပေးမည့် အရာများကိုသာရှာဖွေနေလျှင် သင်မြင်သမျှအရာရာတိုင်းမှာ သက်သေဖြစ်သွားလိမ့်မည်*။
[TN/ ကိုယ်ယုံကြည်နေတာကို မြင်တာပါ။ အခုလည်း ယွမ်ယယ်တို့ကွာရှင်းထားတယ်လို့ယုံတဲ့သူတွေက ဘာပဲတွေ့တွေ့ သူတို့ကွာရှင်းထားတာရဲ့ သက်သေပဲလို့ထင်နေကြတာ။]
အင်တာနက်သုံးစွဲသူတို့က ယခုတွင် ထိုအစီအစဥ်အား မှန်ဘီလူးဖြင့်ကြည့်ရှုနိုင်ရန်သာ ဆန္ဒရှိနေကြသည်။ ၎င်းတို့က အသေးစိတ်အချက်အလက်တိုင်းကို စူးစမ်းချင်နေကြ၏။ တချို့က သူတို့ကွာရှင်းထားသည်ကို ငြင်းဆန်ကာ ၎င်းမှာ အတင်းအဖျင်းအကောင့်လေး၏ လိမ်ညာမှုသာဖြစ်သည်ဟု သက်သေပြချင်နေကြသည်။ အခြားသူများကတော့ ဖရဲသီးစားရန်အတွက်သာရှိနေကြသည်။ ၎င်းတို့မှာ ဖရဲသီးစားရန်အတွက်သာဖြစ်ပြီး မည်သည့်ဖြစ်နိုင်ချေရှိသောရလဒ်ကိုမဆို မစိုးရိမ်ကြပေ။
အစီအစဥ်မှာ skydiving အပိုင်းကို လှပစွာတည်းဖြတ်ထားသည်။ လူတစ်ဦးစီတိုင်း ကောင်းကင်မှ တိုက်ရိုက်ပြုတ်ကျလာပြီး တိမ်တိုက်များကို ဖြတ်သန်းခဲ့ကြသည်။ လေကလည်း သူတို့၏ဆံပင်များကို ရှုပ်ပွစေပြီး နောက်ဆုံးတွင် ထိုးထိုးထောင်ထောင်များပင် ဖြစ်နေစေခဲ့၏။ ၎င်းတို့၏မျက်နှာများကလည်း ပုံစံများပြောင်းလဲသွားကြသည်။ သူတို့ထဲတွင် ယွမ်ယယ်က ကြည့်အကောင်းဆုံးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူ့တွင်ဆံပင်မရှိသောကြောင့်ပင်။ ထို့ကြောင့် သူ၏ပုံပန်းသွင်ပြင်မှာ ပြောင်းလဲမသွားခဲ့ချေ။
ယွမ်ယယ်က အလွတ်တန်းပြုတ်ကျလာသည့်အချိန်၌ ပြုံးနေလျက်ပင်။ သူ၏အမူအရာက လွန်စွာကျေနပ်နေဟန်ဖြင့်။ အခြားလူများက ရှိုးအတွက် သဏ္ဍာန်လုပ်ဟန်ဆောင်နေပုံရပြီး သူတစ်ယောက်တည်းကသာ skydiving အတွေ့အကြုံကို အမှန်အကန်ပျော်ရွှင်နေပုံရသည်။ သူ အတော်လေးပျော်ရွှင်နေခဲ့သည်။
"ကျွန်တော့်ရဲ့ယယ်ကောက skydiving ခုန်တာ အရမ်းကိုတော်တာပဲ။" ကျီရှောင်ထောင်းက ပြောလာသည်။
ဖန်းရှောက်ယိက အသံပြုလိုက်၏။ သူသည်လည်း ထိုအချိန်က ယွမ်ယယ်ဘယ်လိုရှိနေသလဲဆိုတာ ပြန်စဥ်းစားလိုက်မိသည်။ သူက ယွမ်ယယ်ခုန်ပြီးနောက်မှ လိုက်ခုန်ချခဲ့သည်။ ထို့ကြောင့် ၎င်းတို့မှာ သိပ်မကွာပေ။ ပြုတ်ကျနေစဥ် သူ၏မျက်လုံးများက ယွမ်ယယ်၏ပုံရိပ်တွင်သာ ကပ်ငြိနေခဲ့၏။ ထိုအချိန်က ဖန်းရှောက်ယိ၏အတွေးများမှာ ယွမ်ယယ်သည် ၎င်းကို သေချာပေါက်ပျော်နေလိမ့်မည်ဟူသည့် အတွေးသာရှိနေခဲ့သည်။ သူက အသစ်အသစ်သောအရာများကို စမ်းကြည့်ရခြင်းအား နှစ်သက်သဘောကျသူပင်။
ထိုအချိန်အတောအတွင်း သူ အဆုံးမရှိသော အဖြူရောင်ပြင်ကျယ်ကြီးကိုသာ မြင်နေခဲ့ရသည်။ ယွမ်ယယ်တစ်ဦးတည်းသာပါဝင်သော သန့်စင်သည့် အဖြူရောင်ကမ္ဘာကြီးပင်။
ထိုအပိုင်းတွင် ယွမ်ယယ်က ဆင်းသက်ပြီးသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် ဖန်းရှောက်ယိကို မော့ကြည့်နေခဲ့သည်။ သူသည် တိတ်တဆိတ်ဖြင့် ဖန်းရှောက်ရှိရာအရပ်သို့ လက်ကိုဆန့်တန်းထားပြီး ပြုံးနေခဲ့၏။ ၎င်းမှာ အလွန်ရိုးရှင်းကာ လွတ်လပ်သောအပြုံးမျိုးပင်။ ထို့နောက် သူ၏အကြည့်များက ဖန်းရှောက်ယိထံတွင်သာရှိနေပြီး သူဆင်းသက်လာမည်ကို စောင့်နေခဲ့သည်။
ကျီရှောင်ထောင်းမှာ တိတ်ဆိတ်သွား၏။ ခဏကြာပြီးနောက် သူက ဖန်းရှောက်ယိဘက်လှည့်ကာ ပြောလိုက်သည်။ "ကော...ကော ဒီအပိုင်းကိုကြည့်သင့်တယ်လို့ ကျွန်တော်ထင်တယ်။"
အကြောင်းတချို့ကြောင့် စောစောက ယွမ်ယယ်၏အပြုံးမှာ သူ၏နှာခေါင်းကို ကျဥ်စူးလာစေခဲ့သည်။ ထိုအပြုံးက အလွန်ရိုးရှင်း၏။ မည်သည့်အရာမှမပါဘဲ သန့်စင်ကြည်လင်နေခဲ့သည်။
အင်တာနက်သုံးစွဲသူတို့ကလည်း ဦးလေးယယ်၏အကြည့်နှင့် သူလက်ကိုမြှောက်လိုက်သည့်ပုံစံတို့ကို အခြေခံပြီး ၎င်းတို့ကွာရှင်းကြောင်းကို ယုံကြည်ရန်ငြင်းဆန်သည်ဟု ပြောလာကြ၏။
ကျီရှောင်ထောင်းက ဖန်းရှောက်ယိဆီ တိုးသွားပြီး သူ့လက်ထဲက ဇာတ်ညွှန်းကိုဖယ်လိုက်သည်။ သူက တကဘလက်ကို သူတို့နှစ်ယောက်ကြားထဲ နေရာချလိုက်ပြီး ဗီဒီယိုကို ယွမ်ယယ်မြေပြင်ပေါ်သို့ဆင်းသက်သည့်နားအထိ ပြန်ရစ်လိုက်လေ၏။
ဖန်းရှောက်ယိက ကြည့်လိုက်သည်။ ဆင်းသက်ပြီးနောက် ယွမ်ယယ်၏ပထမဆုံးအပြုအမူမှာ သူ၏နားကိုစစ်ဆေးခြင်းမဟုတ်၊ သူ့ကိုယ်ပေါ်ရှိ ပစ္စည်းများကို ဖယ်ပြီး နည်းပြနှင့် ခွဲထွက်ရန်မဟုတ်ဘဲ အပေါ်မော့ကြည့်ကာ တစ်စုံတစ်ဦးကိုသာရှာဖွေနေခဲ့သည်။ သူ့(ဖန်းရှောက်ယိ)ကိုတွေ့သွားပြီးနောက် သူ(ယွမ်ယယ်)က ပြုံးလိုက်သည်။ ထိုအပြုံးက သူ့အသက်ဆယ့်ခုနစ်၊ ဆယ့်ရှစ်အရွယ်ကအပြုံးနှင့် တူပေ၏။ ၎င်းမှာ အလွန်တောက်ပနေခဲ့သည်။
ဖန်းရှောက်ယိတစ်ယောက် ဗီဒီယိုထဲရှိယွမ်ယယ်ကို စိုက်ကြည့်နေခဲ့သည်။ သူ၏အကြည့်က အလွန်ညင်သာပြီး နူးညံ့ကာ နွေးထွေးနေခဲ့၏။
ကင်မရာထဲတွင် ယွမ်ယယ်က နည်းပြဆီမှ ထွက်လာပြီး သူ၏နားရွက်များကို ထိကာပြောလိုက်သည်။ "ကျွန်တော်ဘာမှမကြားတော့ဘူး။"
သူ၏အသံမှာ သူ့ကိုယ်သူမကြားရသောကြောင့် လေသံကိုမထိန်းချုပ်နိုင်ဘဲ နည်းနည်းကျယ်နေခဲ့၏။ နည်းပြက သူ့ကို စိတ်အေးအေးထားရန်၊ ပြန်လည်သက်သာလာဖို့ တစ်နာရီခန့်လိုအပ်ကြောင်း ပြောပြခဲ့သည်။ သူက နှုတ်ခမ်းလှုပ်တာကိုကြည့်ပြီး နားလည်သွားခဲ့၏။
ကင်မရာက အခြားအဖွဲ့များကိုလည်း ရိုက်ကူးပြလေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ဖန်းရှောက်ယိလည်း ဆင်းသက်လာခဲ့သည်။ သူဆင်းသက်လာပြီးနောက် သူ့ကိုယ်ပေါ်က ပစ္စည်းများကိုဖယ်၍ ယွမ်ယယ်ဆီသို့ လျှောက်သွားလိုက်သည်။ ယခုတွင် ထိုဗီဒီယိုမှာ ဖန်းရှောက်ယိ၏အနောက်ရှိ ကင်မရာသမား၏ရှုထောင့်မှဖြစ်ပြီး ယွမ်ယယ်နှင့် မျက်နှာချင်းဆိုင်ဖြစ်နေသည်။
ထိုအချိန်၌ မျောက်ကလေးယယ်က သူပြောလိုက်သည့်စကားကို သူကိုယ်တိုင်က မကြားနိုင်သည့်အတွက် ဖန်းရှောက်ယိလည်းမကြားနိုင်ဟု ထင်လိုက်သော်လည်း မိုက်ခရိုဖုန်းကတော့ ကြားနေနိုင်ဆဲဖြစ်သည်ကို မေ့လျော့သွားလောက်သည်။
ကင်မရာက ကြည့်ရှုသူများဆီသို့ အရာရာကို ထုတ်ဖော်ပေးခဲ့၏။ ယွမ်ယယ်၏လျှို့ဝှက်ချက်မှာ ဖန်သားပြင်ပေါ်တွင်လည်း ဖော်ထုတ်ခံလိုက်ရတော့သည်။
ထိုအပိုင်းတွင် ယွမ်ယယ်က ပြုံးနေပြီး ဖန်းရှောက်ယိ၏နားနားသို့ တိုးကပ်သွားကာ ညင်သာစွာပြောခဲ့လေသည်။
"ပေါင်ပေ့၊ ငါ မင်းကို နောက်တစ်ကြိမ် ပြန်လိုက်ချင်လိုက်တာ။"
ကျီရှောင်ထောင်းတစ်ယောက် ချက်ချင်းဆိုသလို ဖန်းရှောက်ယိကို လှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးများက ဝိုင်းစက်နေခဲ့၏။ ဖန်းရှောက်ယိ၏အကြည့်က စခရင်ပေါ်တွင်သာ ကျောက်ချထားပြီး မော့တောင်ကြည့်မလာချေ။ ထုတ်လုပ်ရေးအဖွဲ့က ထိုအပိုင်းလေးအတွင်း နောက်ခံသီချင်းပင်ထည့်ထားသေးသည်။ ၎င်းတို့က ထိုအပိုင်းကို ရိုမန်တစ်ဆန်ဆန်ပန်းရောင်လေးအဖြစ်လည်း တည်းဖြတ်ထားပေးခဲ့၏။
အင်တာနက်မှာလည်း ရှုပ်ပွသွားပြန်သည်။ အင်တာနက်သုံးစွဲသူတစ်ဝက်က ထိုအချစ်ဇာတ်လမ်းကို ချီးမွမ်းကာ ယွမ်ယယ်၏ မြင်ရခဲသည့်နူးညံ့မှုအောက်တွင် ပျော်ဝင်သွားကြသည်။ အခြားတစ်ဝက်ကတော့ ထိုစကားမှာ သူတို့နှစ်ဦးကွာရှင်းပြီးဖြစ်ကြောင်းသက်သေဟု ပြောလာကြသည်။ မဟုတ်လျှင် သူက 'နောက်တစ်ကြိမ် ပြန်လိုက်မယ်' ဟု အဘယ့်ကြောင့်ပြောလိမ့်မည်နည်း။ သူတို့ကွာရှင်းထားကြောင်း သိသာလှပေ၏!
စောစောက မတော်တဆသာ မဖြစ်ခဲ့လျှင် ထိုစကားက ဤကဲ့သို့ဦးတည်ချက်မျိုးဟု မည်သူကမျှ စဥ်းစားမိမည်မဟုတ်ချေ။ သို့သော် အရင်က ကွာရှင်းသည့်သတင်းနှင့် ယခုယွမ်ယယ်၏စကားကြောင့် အတည်ပြုသလိုဖြစ်သွားပြီး ရှင်းရန် မလွယ်ကူတော့ပေ။
"ဘုရားရေ..." ကျီရှောင်ထောင်း၏အသံမှာ အလွန်ပျော့ပျောင်းနေပြီး သူ၏ယယ်ကောဆီကနေ လှုံ့ဆော်ခံလိုက်ရသည်။ သူက ဖန်းရှောက်ယိကို ဂရုတစိုက်ကြည့်ကာ ပြောလိုက်သည်။ "ကော၊ ယယ်ကောက ကောကို နောက်တစ်ကြိမ်ပြန်လိုက်ချင်တယ်တဲ့..."
ဖန်းရှောက်ယိက ဘာမှမပြောဘဲ ထိုအစီအစဥ်ကိုသာ အဆုံးထိကြည့်နေခဲ့သည်။
ထို့နောက် နောက်တစ်ရက်တွင် ယွမ်ယယ်၏ပါးစပ်မှာ ဒဏ်ရာရခဲ့သည်။ သူ၏အမူအရာကလည်း အနည်းငယ်မည်းမှောင်နေပြီး ဖန်းရှောက်ယိမှလွဲ၍ မည်သူကမှ အကြောင်းအရင်းကို မသိခဲ့ပေ။
နေ့ခင်းဘက်မှာ ယွမ်ယယ်က သူ၏နားထဲ ထိုသို့တိုးတိုးလေးပြောလာခဲ့သည်။ ထိုနေ့ညက ဖန်းရှောက်ယိတစ်ယောက် သူ၏ဦးနှောက်ထဲ မည်သည့်အာရုံကြောများ ပြတ်တောက်သွားသည်ကိုမသိဘဲ အခြားတစ်ခုကို လုပ်ခဲ့မိလေ၏။
...အရမ်း ဆိုးရွားတာပဲ။
ထိုအပိုင်းအဆုံးသတ်ပြီး ငါးမိနစ်ကြာပြီးနောက် ကန်းကျင့်ဝေက ဖုန်းခေါ်လာရာ ဖန်းရှောက်ယိက ကိုင်လိုက်လေသည်။ ကန်းကျင့်ဝေက ချက်ချင်းပင် ပြောဆိုလာတော့၏။ "ငါတော့ မင်းတို့နှစ်ယောက်နဲ့တင် သေတော့မှာပဲ။ အစီအစဥ်မှာ ယွမ်ယယ်က သောက်ကျိုးနည်း ဘာပြောခဲ့တာလဲ။"
ဖန်းရှောက်ယိသည် ထိုနေ့က ယွမ်ယယ်သူ့ကိုပြောခဲ့သည်အား ပြန်စဥ်းစားလိုက်သည်။ သူက ရယ်မောကာ ၎င်းကိုပြန်ပြောပြလိုက်သည်။ "ချစ်စကားတွေ။"
"ဒီတော့ မင်းတို့နှစ်ယောက်ရဲ့ အစီအစဥ်ကဘာလဲ၊ ပြန်လက်ထပ်တာလား?" ကန်းကျင့်ဝေ၏အသံမှာ အလွန်စိတ်လှုပ်ရှားနေပုံပင်။ သူက သေလောက်အောင် စိတ်အနှောင့်အယှက်ဖြစ်နေပုံလည်းပေါ်နေ၏။
ဖန်းရှောက်ယိမှာတော့ ရယ်နေဆဲပင်။ "ကျွန်တော် မသိဘူးလေ။ သူပြောတာတော့ ကျွန်တော့်ကိုလိုက်မယ်တဲ့။ ဒီတော့ ကျွန်တော်စောင့်လိုက်မယ်။"
"ဒါဆို မနက်ဖြန် ငါဘာလုပ်ရမလဲ။" ကန်းကျင့်ဝေ၏အသံမှာ အနည်းငယ်ကြမ်းတမ်းနေခဲ့သည်။ "မင်းရဲ့ သရုပ်ဆောင်အလုပ် အစောပိုင်းဆယ်နှစ်လောက်က ကောင်းကောင်းမွန်မွန်နေခဲ့ပြီးတော့ ခု အသက်အရွယ်ရလာတော့မှ ဘာလို့ပြဿနာတွေရှာနေရတာလဲ။"
ဖန်းရှောက်ယိမှာ ညင်ညင်သာသာလေး ရယ်နေဆဲပင်။ သူက ပြောလိုက်သည်။ "ကန်းကော အလုပ်ကြိုစားလို့ပါ။"
"ငါ တကယ် သောက်ကျိုးနည်း ကြိုးစားခဲ့ရတာ။" ကန်းကျင့်ဝေက ပြောလိုက်၏။
ဖန်းရှောက်ယိက သူ့ကိုပြောလိုက်သည်။ "မနက်ဖြန် ပို့စ်တင်လိုက်ဦး။"
"အဲ့ဒါ ဘယ်လိုတင်လိုက်ရမှာလဲ။"
"ကျွန်တော်တို့ မကွာရှင်းထားဘူးလို့။" ဖန်းရှောက်ယိက ပြောလိုက်သည်။
ကန်းကျင့်ဝေက ဆဲလိုက်ပြီးနောက် ပြောလိုက်လေ၏။ "ကောင်းပြီ ကောင်းပါပြီ။"
ဖန်းရှောက်ယိ ဖုန်းချလိုက်ပြီးနောက် ကျီရှောင်ထောင်းတစ်ယောက် သူ့နားတိုးကပ်လာ၏။ သူက တစ်ဖက်လူကိုကြည့်ကာ မေးလိုက်သည်။ "ကော၊ ကျွန်တော့်ရဲ့ယယ်ကောနဲ့ အတူတူပြန်ရှိကြတော့မှာမလားဟင်။"
ဖန်းရှောက်ယိက ပြောလိုက်သည်။ "မသိဘူး။"
"ကောတို့ အတူတူပြန်ရှိကြမယ်လို့ ကျွန်တော်ခံစားမိတယ်။ ကောတို့နှစ်ယောက်ကလေ ကွာရှင်းကြတာ ရူးနေလို့ပဲ။ ဘာမှလည်းလုပ်စရာမရှိ ပျင်းနေကြတာ..." ယွမ်ယယ်၏စကားက ကျီရှောင်ထောင်းကို ခွန်အားများပေးစွမ်းလိုက်ပုံပင်။ ယခုတွင် သူက အရာရာကိုပြောရဲသည့်သတ္တိအလုံအလောက်ရှိနေလေပြီ။ "ကောတို့တွေ တခြားသူနဲ့တောင် နေနိုင်လို့လား။"
ဖန်းရှောက်ယိမှာ ပြန်မဖြေခဲ့ပေ။ သူ၏အမူအရာမှာ တည်ငြိမ်နေသော်လည်း သူ၏မျက်လုံးထောင့်များကတော့ လခြမ်းကွေးလေးပမာ ပျော့ပျောင်းနေခဲ့သည်။
"ဒီတော့ အပြင်လူတွေကို ကောတို့ မကွာရှင်းထားဘူးလို့ ပြောမှာပေါ့?" ကျီရှောင်ထောင်းက ထပ်မေးလိုက်သည်။
ဖန်းရှောက်ယိက ခေါင်းညိတ်ကာ အသံပြုလိုက်သည်။
ကျီရှောင်ထောင်းမှာ အတော်လေးစိတ်လှုပ်ရှားနေခဲ့သည်။ သူက သွားမအိပ်ချင်သေးဘဲ ဖန်းရှောက်ယိနားမှာ တမင်နေနေခဲ့သည်။ ဖန်းရှောက်ယိတစ်ယောက် စိတ်အနှောင့်အယှက်ဖြစ်လာကာ သူ့အား ကိုယ့်အခန်းကိုပြန်ရန် ပြောလိုက်သည်။ ကျီရှောင်ထောင်ကတော့ ငြင်းခဲ့သည်။
သို့သော် သိပ်မကြာခင်တွင် ကန်းကျင့်ဝေက ဖုန်းထပ်ခေါ်လာ၏။
ဖန်းရှောက်ယိက မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။"
ကန်းကျင့်ဝေက ပါးစပ်ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ဆဲတော့သည်။ "ငါတကယ်ကို သောက်ကျိုးနည်း သေပြီပဲ။"
ဖန်းရှောက်ယိက မျက်ခုံးပင့်လိုက်၏။
ကန်းကျင့်ဝေ: "ငါတို့ ပို့စ်တင်လို့မရတော့ဘူး။ မင်းဟာမင်း လိုင်းတက်ကြည့်လိုက်ဦး။ သူကတကယ့်ကို မျောက်ရိုင်းလေးပဲ။ တော်သေးတယ်၊ သူကငါ့လက်အောက်က အနုပညာရှင်မဟုတ်လို့။ မဟုတ်ရင်တော့ ငါသူ့ကို အရေခွံချွတ်မိတော့မှာ။ သူကပြဿနာရှာတဲ့နေရာမှာ အရမ်းတော်တာပဲ။"
ဖန်းရှောက်ယိသည် ဖုန်းကို နားမှခွာလိုက်သည်။ သူ Weibo ဖွင့်လိုက်သည်နှင့် ရေပန်းစားနေသည့်အကြောင်းအရာအားလုံးက ယွမ်ယယ်နှင့်ပတ်သက်နေသည်ကို သတိပြုမိလိုက်သည်။
#ယွမ်ယယ်
#ယွမ်ယယ်ကနောက်တစ်ကြိမ်လိုက်မယ်
#ယွမ်ယယ်၏ပြန်စာ
"ဒီလိုဆိုရင်ရော၊ မင်းလည်း မင်းဘာသာမင်း ဆုံးဖြတ်ပြီး ငါ့ကို နောက်ဆုံးလုပ်ဆောင်ချက်လေးပဲပေးလေ။ ငါဘာမှမတင်ရသေးလို့ တော်သေးတယ်။ ငါသာတင်လိုက်ရင် ခုဆို သောက်ကျိုးနည်းကို စည်ကားနေတော့မှာ။ နှစ်သစ်ကူးပွဲတော်လိုမျိုးကို စည်ကားနေမှာ။" ကန်းကျင့်ဝေက ဖုန်းထဲမှ ပြောနေခဲ့သည်။
ဖန်းရှောက်ယိက ထိုအကြောင်းအရာများထဲမှ တစ်ခုကို နှိပ်လိုက်၏။ ပထမဆုံးပို့စ်မှာ ယွမ်ယယ်၏ Weibo မှဖြစ်သည်။
ဓါတ်ပုံတစ်ပုံ။ ဓါတ်ပုံမှာ စာအုပ်တစ်အုပ်ပေါ်မှ လက်စွပ်နှစ်ကွင်းပုံဖြစ်သည်။ ရိုးရှင်းပြီး အလှဆင်မထားသော လက်စွပ်နှစ်ကွင်း။
"တစ်ယောက်ယောက်က ကျွန်တော့်ကို ဖော်ကောင်လုပ်ချင်နေတယ်လို့ ကြားမိတယ်။ အဲ့လိုမဖြစ်အောင် ကျွန်တော့်ဟာကျွန်တော်ပဲ ဖော်ထုတ်လိုက်ပါ့မယ်။ အကုန်လုံးက ကျွန်တော့်အမှားတွေပါ။ ဒီလိုတွေဖြစ်အောင် ကျွန်တော်ကပဲလုပ်ခဲ့တာ။ မင်းတို့ ဒီကိစ္စလေးတွေကို ဖော်ထုတ်ဖို့အရေးအတွက် ပေါက်ကွဲစေတဲ့ အကြောင်းအရာအဖြစ် သုံးစရာမလိုပါဘူး။ ဘာအရေးလဲ။ အဲ့ဒီအစီအစဥ်ရိုက်ကူးနေရတုန်းက ကျွန်တော် မကြားနိုင်တဲ့အတွက်ကြောင့် တစ်လောကလုံးကိုလည်း မကြားနိုင်ဘူးလို့တွေးခဲ့မိတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်တော်ကမှ မကြားရတဲ့သူဖြစ်မဲ့ပုံပဲ။ ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ဒီတော့ ဘောလုံးက မင်းရဲ့လက်ထဲမှာပဲရှိတယ်၊ ဖန်းရှောက်ယိ။ ငါ မင်းကို နောက်တစ်ခါ ပြန်လိုက်လို့ရမလား။ မင်းရဲ့အဖြေက Yes ဆိုရင် ငါလိုက်မယ်။ No ဆိုရင် ငါနောက်နှစ်မှာ ထပ်ကြိုးစားမယ်လေ။"
*****