no

Font
Theme

ယွမ်ယယ်မှာ မွေးဖွားလာကတည်းက ပြဿနာ​ရှာတတ်သူဖြစ်ပြီး အမြဲလိုလို ဒုက္ခ​ရောက်တတ်သည်။ သူက စည်းကမ်းလိုက်နာခြင်းမရှိဘဲ မွေးဖွားလာပုံရပြီး သူ၏မိသားစုကို တစ်ခါ​လေး​သော်မျှ စိတ်​အေး​အေးချမ်းချမ်း ​နေခွင့်မ​ပေး​သလို အမြဲလိုလို စိတ်ပူ​​နေစေတတ်၏။ 


ယွမ်ယယ်၏ဖခင် ယွမ်အန်းဖင်က ​ရှေး​ခတ်တရုတ်​ယဥ်​ကျေးမှုကိုလေ့လာ​သော စာ​ပေပါ​မောက္ခတစ်ဦးဖြစ်သည်။ သူက တင်းကျပ်​သော စည်းမျဥ်းစည်းကမ်းများနှင့် သူ့ဘဝကို ပုံမှန်​နေထိုင်ခဲ့ပြီး ကူကယ်ရာမဲ့စွာ ရယ်​မောလျက် အကြိမ်​တော်​တော်များများ ​ပြောတတ်သည်မှာ ဤသို့ပင်။ "ကျွန်​တော့်ဘဝရဲ့ ပုံမှန်လမ်း​ကြောင်းက​နေ ခွဲထွက်သွားတဲ့ တစ်ခုတည်း​သောအရာက ယွမ်ယယ်ရှိလာတာပဲ။" 


ယွမ်ယယ်က သူ့ဖခင်ဖြစ်သူနှင့် အလွန်ကွာခြား​သည်။ သူက အလွန်ထက်မြတ်ပြီး ဥာဏ်​ကောင်းသဖြင့် မူလတန်း​တွင် အတန်းသုံးတန်း​ကျော်တက်ခဲ့ရပြီး အထက်တန်းတွင်လည်း အတန်းတစ်တန်း​ကျော်တက်ခဲ့ရသည်။ သို့​သော် အထက်တန်းတွင် တစ်စုံတစ်ဦးနှင့် စကားများရန်ဖြစ်ခဲ့ရာ တစ်ဖက်လူကို ထိခိုက်ဒဏ်ရာဖြစ်​စေခဲ့၍ တစ်နှစ်ထပ်​နေခဲ့ရ၏။ 


သူက ဆိုးသွမ်းကာ ပုန်ကန်တတ်သူဖြစ်ပြီး ​ဒေါသလည်းကြီး​သော​ကြောင့် မကြာခဏဒုက္ခ​ရောက်တတ်သည်။ သူ့မိဘများက တစ်ခါတစ်ရံ စိတ်ဆိုး​ဒေါသထွက်ကြ​သော်လည်း တကယ်တမ်းမှာ​တော့ သူ့ကို အလိုလိုက်ကြ​ကေသည်။ မည်သည့်​ယောက်ျား​လေးက မဆိုးသွမ်းဘဲ​နေသနည်း။ ​​ယောက်ျား​လေးတစ်​ယောက်က ထိုသို့မဟုတ်ခဲ့လျှင် သူက အမှန်တကယ်​​တော့ ​ယောက်ျား​လေးမဟုတ်​တော့​ပေ။


သူ၏အထက်တန်းအတွက် ဘာသာရပ်များခွဲ​သည့်အချိန်​ရောက်​သောအခါ သူ၏မိဘများက သိပ္ပံအတန်းကို ​ရွေးချယ်​စေလို​သော်လည်း ယွမ်ယယ်က ဝိဇ္ဇာအတန်းကို တိတ်တိတ်​လေး ​ရွေးချယ်ခဲ့​၏။ ဝိဇ္ဇာအတန်းတွင် တစ်နှစ်ကြာပြီးနောက် သိပ္ပံအတန်းသို့ ​​​ရွှေ့​ပြောင်းခဲ့သည်။ သို့​သော် နှစ်လကြာပြီး​နောက် ပျင်းရိလာသဖြင့် ဝိဇ္ဇာအတန်းသို့ ပြန်သွားခဲ့​ပြန်သည်။ 


သူ၏မိသားစုက သူ့ကို မထိန်းနိုင်​တော့တဲ့အထိ သူ၏ခေါင်းမာမှုက အလွန်ကိုအား​ကောင်းလှ​၏။ ၎င်းတို့ပြောလျှင်​တောင်မှ သူက နား​ထောင်လိမ့်မည်မဟုတ်​ပေ။ 


​ကောလိပ်​ရောက်သည့်အခါတွင် ယွမ်ယယ်က သူ၏အတန်း​ဖော်များထက် သုံး​လေးနှစ်ငယ်​နေ​၏။ တခြားသူများ ​ကောလိပ်စဝင်ချင်း၌ အသက်ဆယ့်ရှစ်နှစ်၊ ဆယ့်ကိုးနှစ်ဖြစ်​သော်လည်း ယွမ်ယယ်က ​ကောလိပ်ပထမနှစ်တွင် အသက်ဆယ့်ငါးနှစ်သာရှိ​သေးသည်။ သူက စီမံခန့်ခွဲမှုပညာကို သင်ယူရန်စီစဥ်ထား​သော်လည်း ​လျှောက်လွှာဖြည့်သည့်အချိန်၌ ခဏတာစိတ်ရှုပ်​ထွေး​နေပြီး တရုတ်စာ​ပေကိုသာ ​ရွေးချယ်ခဲ့​သည်။ 


ယွမ်ယယ်က စည်းကမ်းများ သို့မဟုတ် သမားရိုးကျလုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာတတ်သူ လုံးဝမဟုတ်​ပေ။ သူက သမားရိုးကျမဟုတ်​သောအကြံများကို အမြဲတမ်းဖန်တီးတတ်သည်။ သူ့မိသားစုက ထိုအရာနှင့်အသားကျ​နေပြီး သူ့တွင် အကျင့်ဆိုးများရှိ​တတ်ကြောင်းကိုလည်း ​နှော​ကျေ​နေ​ပေ၏။ 


ထို့​နောက်တွင် ယွမ်ယယ် အသက်နှစ်ဆယ်ပြည့်​သောအခါ ရုတ်တရက် အိမ်သို့​ရောက်ချလာပြီး သူလက်ထပ်တော့မည်ဟု ​​ပြောလာခဲ့သည်။ 


ထိုအချိန်က ​နွေရာသီဖြစ်ပြီး အပူဒဏ်​ကြောင့် ယွမ်ယယ်တစ်​ယောက် ​သူ၏​ဦးခေါင်းကို အ​ပြောင်ရိတ်ထား​လေ၏။ သူ၏မျက်နှာတွင် မုတ်ဆိတ်​​မွေးရေး​ရေး​လေးသာ ရှိ​နေ​သည်။ ထိုအချိန်တုန်းက သူသည် ​ပြောင်​နေ​သော​ဦးခေါင်းကိုပွတ်ကာ အရှက်မဲ့စွာပြုံးလျက် သူ၏မိဘများကို ​ယခုလိုပြောခဲ့၏။ "မား၊ ပါး၊ ကျွန်​တော် လက်ထပ်တော့မယ်။" 


၎င်းက သူ၏ဖခင် ယွမ်အန်းဖင်ကို ​​ဒေါသထွက်​​သွားစေခဲ့ပြီး စိတ်ဆိုးတကြီး အိမ်မှကန်ထုတ်ခံခဲ့ရသည်။ 


သူနှင့် ဖန်း​ရှောက်ယိတို့အား ၎င်းတို့၏သူငယ်ချင်းများက အ​ပျော်ကစား​နေသည်ဟုသာ ထင်​နေ​ခဲ့ပြီး သူ အိမ်သို့ပြန်ကာ လမ်းခွဲလိုက်ပြီဟု ပြောလာမည့်​နေ့ကို ​စောင့်​နေခဲ့ကြသည်။ သို့​သော် ယင်းအစား သူ၏မာစတာဘွဲ့မရ​သေးခင်ပင် ယွမ်ယယ်က အိမ်သို့တစ်​ခေါက်ပြန်သွားကာ ဖန်း​ရှောက်ယိနှင့် လက်ထပ်တော့မည်ဟု ​ပြောခဲ့​လေ၏။ 


ယွမ်ယယ်က အသက်နှစ်ဆယ်မျှသာရှိ​သေးပြီး မရင့်ကျက်​သေးသဖြင့် သူ၏မိသားစုက ထိုကိစ္စကို သ​ဘောတူလိမ့်မည်မဟုတ်ပေ။ ၎င်းတို့က သူ့ကို အမြဲလိုလိုရှုပ်​ထွေး​နေ​သော ​ဖျော်ဖြေ​ရေးနယ်ပယ်ထဲမှ တစ်စုံတစ်​ယောက်နှင့် မည်ကဲ့သို့ လက်ထပ်​စေလိမ့်မည်နည်း။ ထို့အပြင် ဥပ​ဒေအရ လက်ထပ်လို့ရလျှင်​တောင် သူက အလွန်ငယ်​သေး​သည်။ 


သို့​သော် နှစ်နှစ်ကြာပြီး​နောက် ယွမ်ယယ်၏ အသက်နှစ်ဆယ့်နှစ်နှစ်ပြည့်​မွေး​နေ့၌ သူနှင့် ဖန်း​ရှောက်ယိတိို့ လက်ထပ်စာချုပ်ကို ရရှိခဲ့​ကြသည်။ 


သူက အိမ်သို့ပြန်ကာ သူ၏မိဘများကို ​ချော့​​မော့ဖျောင်းဖျခဲ့​သော်လည်း သူ့အ​ဖေက သူ့ကို သတိ​ပေးခဲ့သည်။ "မင်းက မင်းကိုယ်မင်း ဟာသတစ်ခုလို ​ပေါ့​ပေါ့တန်တန်ဆက်ဆံ​နေတာ။ မင်း အ​နှေးနဲ့အမြန်​နောင်တရလိမ့်မယ်။" 


ထိုအချိန်က ယွမ်ယယ်သည် မည်သည့်အရာကိုမှ ​ကြောက်လန့်ခြင်းမရှိသည့် ငယ်ရွယ်​​နုပျို​​သောအရွယ်ဖြစ်သည်။ သူ​​က ခေါင်းညိတ်ကာ ​ပြန်ပြောခဲ့၏။ "ကျွန်​တော် ဘာကိုမှ ​နောင်တမရဘူး။ ဘဝက ပြဇာတ်တစ်ပုဒ်ပဲ၊ အဲ့ဒါကြောင့် ကျရာ​နေရာက​နေ ကျွန်​တော့်ဇာတ်ရုပ်ကို ကျွန်​တော်ကမယ်။" 


ထိုနှစ်က ယွမ်ယယ် 'The Axis' ဟု​ခေါ်​သော စာအုပ်တစ်အုပ်ကို ​ရေးသားခဲ့သည်။ ပထမစာမျက်နှာကို လှန်လိုက်လျှင် စာ​ရေးဆရာ၏မိတ်ဆက်၌ စာတစ်​ကြောင်းကိုသာ ​တွေ့ရ​ပေမည် - ယွမ်ယယ်သည် စာ​ရေးဆရာတစ်ဦးမဟုတ်ပါ၊ ဝင်ရိုးတွင် လှည့်ပတ်​နေ​သော လူတစ်ဦးမျှသာ။ 


[TN/ဝင်ရိုးက ခိုင်ခံ့ပြီးတည်ငြိမ်သလို တစ်​နေရာတည်းမှာပဲ တစ်သမတ်တည်း ရှိပါတယ်၊ ​ယွမ်ယယ်ကလည်း အဲ့လိုသ​ဘောပါပဲ၊ သူက '轴人' zhou ren လို့ ​ရေးထားပြီး​တော့ အဲ့ဒါကို ​ခေါင်းမာတဲ့သူလို့လည်း ​ပြောကြပါတယ်။] 


ဖန်း​ရှောက်ယိက ​အသက်နှစ်ဆယ့်ငါးနှစ်အရွယ်တွင် ဖျော်​ဖြေ​ရေး​လောက၌ အသက်အငယ်ဆုံး​သော သတို့သားတစ်​ယောက်ဖြစ်ခဲ့ပြီး ထိုအချိန်က ယွမ်ယယ်ကမူ နှစ်ဆယ့်နှစ်သာရှိ​သေးသည်။ လူ​တော်​တော်များများက ၎င်းတို့၏လက်ထပ်ပွဲကို အ​ပျော်သ​ဘောဟုသာ ထင်ခဲ့ကြပြီး ၎င်းက လူသိရှင်ကြားစတန့်ထွင်ခြင်းတစ်ခု​လော သို့မဟုတ် ၎င်းတို့ကပဲ တုံးအလွန်းသည်​လော မသိနိုင်ခဲ့ကြ​ပေ။ အများစုက ၎င်းတို့ကွာရှင်းပြတ်စဲမည့်အချိန်ကိုသာ ​စောင့်​နေခဲ့ကြသည်။ 


ထို​နေ့က အဖြူ​ရောင်အ​နောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထား​သော ဖန်း​ရှောက်ယိတစ်​ယောက် အလွန်​ခံ့ညားကာ ချော​မော၍ နှစ်လိုဖွယ်​ကောင်း​​နေခဲ့သည်။ သူက ယွမ်ယယ်အပါအဝင် လူတိုင်းကို မှင်တက်စွဲလမ်း​စေခဲ့​၏။ ယွမ်ယယ်က သူ့ကို စ​နောက်လိုက်သေးသည်။ "​ဟေး၊ တကယ်လို့ ငါတို့​တွေ အနာဂတ်မှာ ကွာရှင်းခဲ့မယ်ဆိုရင် မင်း အဖြူ​ရောင်အ​နောက်တိုင်းဝတ်စုံကို ဘယ်​တော့မှ ထပ်ဝတ်လို့မရဘူး။" 


ဖန်း​ရှောက်ယိက သူ့ကိုတစ်ချက်ကြည့်ကာ မျက်​မှောင်ကြုတ်လျက် ​ပြောလာ၏။ "ဘာအဓိပ္ပါယ်မရှိတာ​တွေ​ပြော​နေတာလဲ။" 


ယွမ်ယယ်က ပြုံးလျက် ပြန်​ပြောခဲ့သည်။ "ငါအတည်​ပြော​နေတာ။" 


အများသူငှာ​ရှေ့တွင် သူတို့နှစ်ဦးစလုံးက မပြောင်းလဲသောအမူအရာ၊ တည်ငြိမ်သောအပြုံးများနှင့် တိတ်တိတ်ဆိတ်ဆိတ်သာ စကားပြောနေခဲ့ရသည်။ ၎င်းတို့၏ သီးသန့်စကားဝိုင်းမှာသာ လွတ်လပ်စွာပြောဆိုနိုင်​ခဲ့သည်။ 


၎င်းတို့နှစ်ဦးသာကြားနိုင်​သော​နေရာ၌ ဖန်း​ရှောက်ယိက သူ၏​လေသံကိုနှိမ့်ကာ ယွမ်ယမ်ကို ​တီးတိုးပြောခဲ့သည်။ "​​မျောက်က​လေး၊ ​လျှောက်မလုပ်စမ်းနဲ့။ ဒီနေ့က ကိုယ့်ရဲ့မင်္ဂလာပွဲ​လေ၊ ဒါ့​ကြောင့် မင်းရဲ့ပါးစပ်ကို ပိတ်ထားပြီး တိတ်တိတ်​လေး​နေ​ပေး။" 


ထိုအခိုက်အတန့်၌ ယွမ်ယယ်က သူ့ကိုကြည့်လျက် ဆိုးသွမ်းသောလူငယ်တစ်​ယောက်လို အားရပါးရ ရယ်​မောခဲ့ပေသည်။ 


ဖန်း​ရှောက်ယိက သူ့ကို အလိုလိုက်​သောအမူအရာဖြင့် ကူကယ်ရာမဲ့စွာကြည့်​နေခဲ့သည်။ သူက ထို​မျောက်ရိုင်း​လေးတစ်​ကောင်ကို ဘယ်လိုမှထိန်းချုပ်မထားနိုင်​ပေ။ သူက အမြဲတမ်း ရိုးသားပွင့်လင်းသူတစ်ဦးဖြစ်ပြီး သူ၏အချစ်​ရေးကို ဖုံးကွယ်ထားရန် ဆန္ဒမရှိ​သလို ထိုအရိပ်က ၎င်းတို့၏အနာဂတ်ကို မည်သို့ထိခိုက်​စေမည်ကိုလည်း ဂရုမစိုက်ဘဲ အရာအားလုံးကို ​ဘေးဖယ်ထားပြီး ပွင့်ပွင့်လင်းလင်းလက်ထပ်ချင်ခဲ့သည်။ ဤသို့ဖြင့် ၎င်းတို့၏ ပြင်းပြသည့်ချစ်ခြင်း​မေတ္တာအ​ကြောင်းကို တစ်ကမ္ဘာလုံးဆီသို့ ​​ကြေညာခဲ့​လေ​၏။ 


ပုံမှန်အားဖြင့် သိုသိုသိပ်သိပ်​နေတတ်သူတစ်​ယောက်အတွက် အ​ပြောင်​မြောက်ဆုံးနှင့် အလွန့်အလွန်ကြီးကျယ်​သောအရာက ခမ်းနား​သော သူ၏မင်္ဂလာပွဲပင်။  


ကွမ်းကျိုးတစ်​ယောက် ယွမ်ယယ်ကို အဘယ့်​ကြောင့်ကွာရှင်းခဲ့ပြီး မည်သည်က ကွာရှင်းဖို့ဖြစ်​လာစေခဲ့သလဲဟု ​မေးမြန်း​နေခဲ့သည်။ 


ယွမ်ယယ် စီးကရက်တစ်လိပ်ကို ကုန်​အောင်သောက်ပြီး​နောက် ထို​စီးကရက်ဖင်စီကို ဝိုင်ခွက်ထဲထည့်လိုက်​ပြီး တစ်သျှူးအစိုတစ်ခုကိုထုတ်ယူကာ သူ့မျက်နှာကို ပွတ်သုတ်လိုက်​၏။ သုတ်ပြီး​နောက် ​ပေါ့​ပေါ့ပါးပါး​ပြောလိုက်သည်။ "ငါတို့ရဲ့ကံကြမ္မာက အဆုံးသတ်ဖို့ဖြစ်လာလို့။" 


ယွမ်ယယ်လက်ထပ်ခဲ့စဥ်က အသက်နှစ်ဆယ်အ​စောပိုင်းသာရှိ​သေး​သော်လည်း ယခုတွင် သူက အသက်သုံးဆယ်ထဲ​ရောက်​နေ​လေပြီ။ သူ့ဘဝမှာ ​အပိုင်းအခြားသစ်တစ်ခုသို့​ ရောက်ရှိလာပြီး ပတ်ဝန်းကျင်ရှိအရာများကလည်း ကွဲပြား​လာ၏။ 


ယွမ်ယယ် ငယ်ရွယ်စဥ်တုန်းက ​လောကကြီးကိုကြီးစိုးကာ သူအလိုရှိသည့်အရာမှန်သမျှကို အရယူခဲ့​သည်။ သူက သူ့ဘဝကို ရူးရူးမိုက်မိုက်ဖြတ်သန်းခဲ့သည်။ ယခု တချို့စာဖတ်ပရိတ်သတ်များက သူ့ကို စ​နောက်ကာ 'ဦး​လေးယယ်' ဟု ​ခေါ်ဆိုလာကြ၏။ '​ရှောင်ယွမ်' က​နေ 'ဦး​လေးယယ်' အဖြစ် ​ပြောင်းလဲလာပြီး ဘဝ၏အလွှာလိုက် အဆင့်အဆင့်တိုးပွားလာလိုက်၊ ​လျော့ရဲလာလိုက်ဖြင့် ဖန်း​ရှောက်ယိကိုပါ သူ့ဘဝထဲက​နေ ထုတ်ပယ်နိုင်ခဲ့သည်။ 


[TN/原野 Yuan Ye နာမည်ရဲ့ ​နောက်က Ye က အရိုင်းဆန်တယ်/ရိုင်းစိုင်းတယ်လို့ အဓိပ္ပါယ်ရပါတယ်။ သူ့ကို uncle wild လို့ နာမည်​ပြောင်​ခေါ်ကြတာပါ။ မြန်မာလို​ရေးရင် တစ်မျိုးဖြစ်​နေလို့ ဦး​လေးယယ်လို့ပဲ ​ရေးလိုက်ပါတယ်​။]


ယွမ်ယယ်က အပြုံး​လေးဖြင့်ထရပ်ကာ အပြင်သို့ ​လျှောက်သွားလိုက်သည်။ သီးသန့်အခန်းက ကျဥ်းလွန်းပြီး လူများပြည့်နှက်​နေရာ ပူ​လောင်​နေ​သော်လည်း သူ ​​စင်္ကြံဘက်သို့ ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် ​လေ​အေး​များက သူ့ကိုဖြတ်တိုက်သွားပြီး သူ့​ဦးခေါင်းထဲမှ ရှုပ်​ထွေး​​နေသောအ​တွေးစတို့ကို ရှင်းလင်းသွား​စေခဲ့သည်။ 


...


အစီအစဥ်၏ တရားဝင်ရိုက်ကူး​ရေးမစတင်ခင် လက်မှတ်ထိုးရန် ထုတ်လုပ်​ရေးအဖွဲ့သားနှစ်​ယောက်​က စာချုပ်အနည်းငယ်ဖြင့် သူ့ဆီ​ရောက်လာခဲ့ကြ၏။ ကျီ​ရှောင်​ထောင်းက ​ဆွေး​နွေးရန်လိုအပ်သည်များကို ​ဆွေး​နွေးထားပြီးဖြစ်ရာ ၎င်းတို့ကို ယုံကြည်စိတ်ချစွာဖြင့် လက်မှတ်​ရေးထိုးနိုင်​ကြောင်း ​ပြောလာခဲ့သည်။ 


ယွမ်ယယ်က ရိုးရှင်းစွာဖြင့် သူ့ကို ဖုန်းထဲက​နေသာပြန်ပြောလိုက်သည်။ "မင်းတို့က အဆင်​ပြေ​တယ်လို့​ပြော​တော့လည်း အဆင်​ပြေတယ်​ပေါ့၊ ငါ အဲ့ဒါကို ဖတ်ရမှာ အရမ်းပျင်း​နေတာ။" 


ကျီ​ရှောင်​ထောင်းက ရယ်​မောလျက် ​ပြောလာ၏။ "ဟုတ်ပါပြီ ယယ်​ကော၊ အဲ့ဒါကို စိတ်ပူမ​နေပါနဲ့။ အိမ်အပြင်ထွက်ပြီး ခရီး​လေးဘာ​လေးထွက်သလိုပဲ သ​ဘောထားလိုက်ပါ။" 


"အမ်း။" ယွမ်ယယ်က ​အေး​ဆေးတည်ငြိမ်စွာ ပြန်​​ပြောလိုက်သည်။ "ကိစ္စတစ်ခုခုရှိရင် ငါ့ကို ဖုန်းဆက်လိုက်​။" 


"​ကောင်းပါပြီ၊ ​ကော ​စော​စောအနားယူပါ။" ​ကျီ​ရှောင်​ထောင်းက ​ပြောလာခဲ့သည်။ သူက ယွမ်ယယ်နှင့် နှစ်​ပေါင်းများစွာသိကျွမ်းခဲ့သူဖြစ်ပြီး ၎င်းတို့၏ဆက်ဆံ​ရေးက အ​တော်​လေးရင်းနှီး​ပေ၏။ သို့သော်လည်း သူက ဖန်း​ရှောက်ယိ၏လက်​ထောက်ဖြစ်ပြီး ဖန်း​ရှောက်ယိနှင့် ယွမ်ယယ်တို့က အတိအလင်း လမ်းခွဲပြတ်စဲလိုက်ပြီဖြစ်ရာ သူနှင့်ယွမ်ယယ်က ရင်းနှီး​သောသူငယ်ချင်းများ မဖြစ်နိုင်​တော့​ပေ။ ၎င်းက မဖြစ်နိုင်ရုံမျှသာ။ 


ယွမ်ယယ်က 'အမ်း' ဟု အသံ​ပြုလိုက်ပြီး ဖုန်းချလိုက်​သည်။ ယခု ညဆယ်နာရီထိုး​နေပြီးဖြစ်​ကာ ယွမ်ယယ် ​ရေချိုးလိုက်ပြီး​နောက် ​ဆေးလိပ်​သောက်​နေခဲ့သည်။ သူအိပ်ရာဝင်သင့်​နေပြီဖြစ်​သော်လည်း သူ့စိတ်က နိုးကြားတက်ကြွ​နေ​သေးသည့်အပြင် အိပ်ချင်စိတ်ရှိ​​မ​နေပေ။ 


ထိုအစီအစဥ်အ​ကြောင်း ​တွေးလိုက်လျှင် ယွမ်ယယ် အနည်းငယ် စိတ်အ​နှောင့်အယှက်ဖြစ်လာ၏။ သူက ကင်မရာတကားကားနှင့် ဗီဒီယိုအရိုက်ခံရမည်ကို အမြဲလိုလို မုန်းတီးခဲ့သည်။ ကင်မရာမှန်ဘီလူးက သူ့ကို ချုပ်​နှောင်ထားသလိုခံစားမိ​စေပြီး လွတ်လပ်မှုမရှိ​သော တိရစ္ဆာန်ရုံထဲမှာ ပြသခံထား​ရသော​မျောက်သဖွယ် ကင်မရာ​ဘောင်အတွင်း ထိုသို့ထိန်းချုပ်ခံထားရသည်ကို သူ မနှစ်သက်​ပေ။ တကယ်တမ်း​တော့ ကွမ်းကျိုး​ပြောတာ မှန်ကန်​ပေ၏။ သူ ထိုအလုပ်ကို လက်ခံလိုက်သည့်အချိန်၌ သူ့စိတ်က တိမ်ဖုံးခံထားရခြင်းဖြစ်​နိုင်​သည်။ 


ယွမ်ယယ် သူ၏ကွန်ပျူတာကိုဖွင့်လိုက်ပြီး​ စာရေးဖို့စိတ်မပါဘဲ သူ၏ဓါတ်ပုံများကိုသာ ​ပေါ့​ပေါ့ပါးပါးလှန်​လှော​နေခဲ့သည်။ သူက တခြားသူများဆီက​နေ ဓါတ်ပုံရိုက်ခံရခြင်းကို မနှစ်သက်​ပေ။ သို့​သော် သူ​ကျောင်းတက်ချိန်ကတည်းက ဓါတ်ပုံရိုက်ခြင်းကို မြတ်နိုး​ပေသည်။ 


ကမ္ဘာ​လောကကြီးကို မြင်ကွင်းကျယ်များမှဖြတ်၍ ကြည့်​နေချိန်၌ ကမ္ဘာကြီးတစ်ခုလုံး ငြိမ်သက်​နေ​သ​ယောင်ပင်။ ထိုအခိုက်အတန့်တွင် မြင်ကွင်းများအားလုံး အချိန်နှင့်အမျှ လှုပ်ရှားနေလျှင်​တောင် ​နောက်ဆုံးတွင် ငြိမ်သက်တိတ်ဆိတ်သွားလိမ့်​မည်။ ၎င်းက လှပသည်ဖြစ်​စေ၊ ရုပ်ဆိုးသည်ဖြစ်​စေ၊ ဖွင့်သည်ဖြစ်​စေ၊ ပိတ်သည်ဖြစ်​စေ အမြဲတမ်းရပ်တန့်ကာ ​အချိန်အေးခဲ​နေသည့် မ​ရေမတွက်နိုင်​​သော အမှတ်တရများစုစည်းမှုမျှသာ။ 


ယွမ်ယယ်က ဓါတ်ပုံများကို စနစ်တကျစီစဥ်ထားခြင်းမဟုတ်ဘဲ ရှုပ်ရှုပ်ပွပွသိမ်းဆည်းထား​လေ၏။ သူက ပစ္စည်းများကို ​နေရာတကျစီစဥ်ရသည်အား သ​ဘောမကျပေ။ အတိတ်တုန်းက အားလပ်ချိန်များတွင် ဖန်း​ရှောက်ယိက သူ့ကိုကူညီ၍ စုစည်း​​ပေးခဲ့သည်။ သို့​သော် လွန်ခဲ့​​သောတစ်နှစ်၊ နှစ်နှစ်ကစကာ ဓါတ်ပုံများကို အစီစဥ်တကျမဟုတ်ဘဲ ကျပန်းသိမ်းဆည်းခဲ့​လေသည်။ 


ယွမ်ယယ်၏အကြည့်များက ဓါတ်ပုံတစ်ပုံ​ပေါ်ကျ​ရောက်သွားခဲ့ပြီး ထိုဓါတ်ပုံ​ပေါ်မနှိပ်မီ နှစ်စက္ကန့်​လောက် စိုက်ကြည့်​နေခဲ့သည်။ 


မြင်ကွင်းမှာ ​ရွှေ​ရောင်​တောက်ပ​နေ​၏။ ​နေ​ရောင်က ​ကောင်းကင်က​နေ သွန်းဖြာကျ​နေပြီး အ​ဆောက်အအုံငယ်​လေး၏ ​နောက်​ဖေးမြက်ခင်းပြင်အား လင်းလက်​နေ​​စေသည်။ ၎င်းမှာ ရုပ်လည်းမဆိုး၊ လှလည်းမလှသည့် သာမန်ပုံတစ်ပုံမျှသာဖြစ်​သော်လည်း ​နေ​ရောင်က ကြည့်​ကောင်း​နေ​သော​ကြောင့် လျှပ်တပြက်ရိုက်ကူးထားခြင်းဖြစ်သည်။ ယခုပြန်ကြည့်လိုက်ရာ ဖန်သားပြင်ကိုဖြတ်၍ ထိုအခိုက်အတန့်၏ ​တောက်ပလင်းလက်​​နေ​ခဲ့သော ​နွေး​ထွေးသည့်အလင်း​ရောင်ကို ပြန်မြင်နေရ​ပေ၏။ 


ယွမ်ယယ် ထိုဓါတ်ပုံကို အချိန်အ​တော်ကြာကြည့်​နေခဲ့ပြီး သူ၏မျက်လုံးများက တည်ငြိမ်​နေပုံ​ပေါ်၏။ အချိန်တစ်ခု၌ သူ တစ်ကြိမ်​လောက် မျက်​​မှောင်ကြုတ်လိုက်​မိသေးသည်။ ထို့​နောက် သူ၏လက်က စီးကရက်ဘူး​ပေါ်​ လှမ်းလိုက်သော်လည်း မ​သောက်​တော့ဖို့ဆုံးဖြတ်လိုက်ပြီး ပြန်ထားလိုက်​လေ၏။ ​နောက်ဆုံး၌ ယွမ်ယယ် ​အော်ရယ်လိုက်ပြီး ထိုင်ခုံတွင်ပြန်ထိုင်ကာ လက်​နှစ်ဖက်ကို အ​ညောင်းဆန့်လိုက်​သည်။  


ညနက်ချိန်တွင် လူများ၏အ​တွေးများကို ရပ်တန့်လို့မရ​ပေ။ ယွမ်ယယ် သူ့ကိုယ်သူ လွတ်လွတ်လပ်လပ်ဖြင့် ဂရုမစိုက်တတ်သူဟု ထင်ခဲ့​သော်လည်း ယခုတွင် ရံဖန်ရံခါ ဇာချဲ့တတ်ပြီး စိတ်ခံစားမှုများသည်ဟု ထင်မိ​ပေ၏။ 


သူလည်း မတတ်နိုင်ပါဘဲ ထို​မြေကွက်ငယ်​လေးကို လွမ်းဆွတ်​နေမိ​သည်။ 


ထားလိုက်ပါ​လေ... သူ တစ်ကြိမ်​လောက်သွားကြည့်ဦးမည်ဟု ​ဆုံးဖြတ်လိုက်​​​တော့သည်။ 


...


ယွမ်ယယ် ဖန်း​ရှောက်ယိနှင့် လက်ထပ်လိုက်သည့်အချိန်မှစ၍ ထို​အိမ်​လေး၌ ဆယ်နှစ်​ကျော်နေထိုင်ခဲ့​သည်။ ထိုအချိန်က ဗီလာအနည်းငယ်သာရှိ​သော ထိုနယ်​မြေကို ဆင်​ခြေဖုံးရပ်ကွက်ဟု ယူဆဆဲဖြစ်သည်။ သို့သော် မြို့ကို ချဲ့ထွင်လာသည်နှင့်အမျှ ၎င်းတို့၏ရပ်ကွက်က မြို့တွင်းခရိုင်တစ်ခုဖြစ်လာခဲ့​၏။ 


ယွမ်ယယ်​ နောက်ဆုံးတစ်​ခေါက်သွားလည်ခဲ့သည်မှာ တစ်နှစ်နီးပါးရှိ​တော့မည်ဖြစ်ပြီး ထိုအိမ်​လေးကို အလွန်ကြီးမားကာ ဗလာကျင်း​နေသည်ဟု ခံစား​နေရဆဲပင်။ အိပ်ခန်းနှစ်ခန်းပါ​သော သူ၏လက်ရှိတိုက်ခန်းကသာ မကြီးလွန်း၊ မ​သေးလွန်းဘဲ သူ​နေဖို့အတွက် သင့်​တော်​​ပေ၏။ 


သူကား​​မောင်းကာ ဖြတ်​​ကျော်လိုက်ချိန်၌ ဂိတ်​ပေါက်ရှိအာရုံခံစက်က အသံမြည်သွား​သော်လည်း တံခါးမှာ နည်းနည်း​လေးမှလှုပ်ရှားမလာ​​ချေ။ ထိုတံခါး၌ သူနှင့် ဖန်း​ရှောက်ယိတို့၏ လိုင်စင်နံပါတ်ပြားများကို အလိုအ​လျောက် မှတ်တမ်းတင်ထားခြင်းဖြစ်​ပြီး ယခုတွင် သူ၏ကားကို ထို​ရှေ့နား​လေးတင်ရပ်ထား​သော်လည်း ဂိတ်တံခါးက တုံ့ပြန်မှုမရှိ​ခဲ့ပေ။ 


ကားထဲတွင်ထိုင်လျက် ယွမ်ယယ် အ​တော်​လေးရယ်စရာ​ကောင်းသည်ဟု ခံစားလိုက်ရသည်။ 


သူပြန်လှည့်ထွက်​တော့မည့်အပြု လုံခြုံ​ရေးအ​စောင့်က ​ပြေးထွက်လာပြီး သူ့ကို နှုတ်ဆက်လာခဲ့၏။ "​ဟေး၊ ယွမ်​ကော ပြန်​ရောက်ပြီလား။ ကျွန်​တော်တို့ မ​တွေ့ရတာ အ​တော်ကိုကြာသွားပြီ။ အလုပ်​တွေရှုပ်​နေတာလား။" 


သူ​က ပြော​နေရင်းပင် တံခါးအားဖွင့်ရန် အ​ဝေးထိန်းခလုတ်ကို အသုံးပြုလိုက်​၏။ 


ယွမ်ယယ်က ကားပြတင်း​ပေါက်မှန်ကိုချကာ လုံခြုံ​ရေးအ​စောင့်ကို လက်ပြနှုတ်ဆက်၍ ​မေးလိုက်​လေသည်။ "ဟုတ်တယ်၊ ငါ အိမ်​ပြောင်းသွားလို့မို့​လေ။ တံခါးက ဘာဖြစ်တာလဲ၊ ပျက်​နေတာလား။" 


"မဟုတ်ဘူး၊ မပျက်ပါဘူး။ ကျွန်​တော်က အပြင်ကကားထင်လိုက်တာ။ ဒါ​ပေမဲ့ ထွက်ကြည့်​လိုက်တော့ ​အစ်ကို့ရဲ့ကားဖြစ်​နေတာကို ​တွေ့လိုက်လို့။" ဘာဖြစ်​နေလဲ ​သေချာမသိသည့်အတွက် အ​စောင့်ကပြန်​ပြောလိုက်၏။ "ယွမ်​ကော အရင်ဝင်သွားလိုက်​လေ။ ကျွန်​တော် ​နောက်မှ မန်​နေဂျာကို ​မေးကြည့်လိုက်မယ်။" 


ယွမ်ယယ်က ​ခေါင်းညိတ်ကာ ​ပြောလိုက်သည်။ "မလိုပါဘူး။ ငါထင်တာ​တော့ စနစ်ကို အဆင့်မြှင့်လိုက်တာ ဖြစ်နိုင်​လောက်တယ်။ ငါ အရင်ဝင်သွားလိုက်ဦးမယ်၊ ​နောက်မှ ငါပြန်ထွက်လာရင် တံခါးဖွင့်ဖို့အတွက် ကူညီ​ပေးဦး​။" 


"ဟုတ်ပါပြီ ယွမ်​ကော၊ ဝင်သွားလိုက်။ ပြန်ထွက်လာရင် ကျွန်​တော့်ကို လှမ်း​သာအော်လိုက်၊ ကျွန်​​တော်ကြားတယ်ရယ်။" အ​စောင့်က ပြန်​ပြောလာ၏။ 


ယွမ်ယယ်က ဂိတ်က​နေဝင်သွားပြီး ​ကျေးဇူးတင်​ကြောင်း ဟွန်းအသာ​လေးတီးကာ အချက်​ပေးလိုက်သည်။ အ​စောင့်က သူ့​အနောက်က​နေ လက်​​ဝှေ့ယမ်းပြ​နေခဲ့​၏။ ယွမ်ယယ် သူ့ကို ​နောက်ကြည့်မှန်မှတစ်ဆင့်ကြည့်ကာ အပြုံး​ရေး​ရေး​လေးဖြင့် ​ခေါင်းယမ်းနေမိသည်။ 


သူ ​မေးစရာပင်မလို​ပါချေ။ သူနှင့် ဖန်း​ရှောက်ယိတို့ ကွာရှင်းခဲ့သည်မှာ အ​တော်ကြာ​နေပြီဖြစ်၏။ သူ ထိုအိမ်မှပြောင်းသွားခဲ့ပြီဖြစ်ပြီး ပြန်လာစရာအ​ကြောင်းမရှိ​ပေ။ သူ၏လိုင်စင်နံပါတ်ကိုလည်း စနစ်က​နေ ဖယ်လိုက်ပြီးဖြစ်နိုင်​သည်။ သူ ထိုအ​ကြောင်းကို ​မေ့​လျော့​နေခဲ့ပြီး သို့တည်းမဟုတ် သူ ဒီ​နေ့ မလာခဲ့သင့်​ပေ။ 


ယွမ်ယယ် ဓါတ်ပုံထဲမှ မြက်ခင်းပြင်​သေး​သေး​လေး​ကြောင့်သာ လာခဲ့ခြင်းမဟုတ်ဘဲ ဤအိမ်မှာ ကင်မရာနှင့် မှန်ဘီလူးအနည်းငယ်ကျန်​နေခဲ့သည့်အတွက် လာယူခြင်းလည်းဖြစ်​ပေ၏။ ထိုအချိန်က သူ အ​လောတကြီးထွက်လာခဲ့စဥ် အရာရာတိုင်းကို သိမ်းဆည်း​နေဖို့အချိန်မရဘဲ ထိုအရာများကို အချိန်ရလျှင်လာယူမည်ဟု စီစဥ်ထား​ခဲ့သော်လည်း မလာဖြစ်ခဲ့​ပေ။ 


သို့​သော်လည်း နောက်ဆုံးတွင် သူ၏ပစ္စည်းများကို ​ယူသွားသင့်​ပေသည်။ တစ်ခြားသူ၏နေရာကို ထိုပစ္စည်းများနှင့် ​နေရာယူထားခြင်းက မှန်ကန်သည့်အပြုအမူမဟုတ်​ပေ။ 


*****

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment