no

Font
Theme

ယွမ်ယယ်တစ်​ယောက် အသက်​မွေးဝမ်း​ကြောင်းအတွက် ဘယ်​တော့မှ သူ၏ရုပ်ရည်ကို အသုံးမပြုခဲ့​ပေ။ ထိုကိစ္စကို လုံးဝအာရုံမစိုက်ခဲ့​ဖူး​ချေ။ ရိုးရိုးသားသား​ပြောရလျှင် သူက ကြမ်းတမ်း​သောလူတစ်​​ယောက်သာ။ သူက အမြဲတမ်း ဂျင်း​ဘောင်းဘီ သို့မဟုတ် sweatpant၊ တီရှပ် သို့မဟုတ် sweatshirt များကိုသာ ဝတ်​လေ့ရှိပြီး အ​ခြေခံအားဖြင့် ရိုးရိုးရှင်းရှင်းသာဝတ်​ဆင်​လေ့ရှိသည်။ ပွဲတစ်ခုခုရှိမှသာ ​ကော်လံပါတီရှပ်များကို ဝတ်ဆင်တတ်၏။ သူ ဤရှိုးကိုရိုက်ကူးပြီး​နောက် သူ၏အသွင်အပြင်​ကြောင့် ဖန်အများကြီးရှိလာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့​ချေ။

မိန်းက​လေးငယ်အများစုက သူ့ပုံစံကို နှစ်သက်ကြသည်။ ဦး​ခေါင်းခွံပုံစံ​ကောင်းမွန်သူတို့သာ ထိုကဲ့သို့ ကတုံးဆံပင်​​ပေါက်ပုံစံနှင့် လိုက်ဖက်​ပေသည်။ သူက သင့်ကို သူ၏မျက်ခွံပါးပါးနှင့် တစ်ချက်ကြည့်လိုက်ပြီး သူ၏ပါးစပ်​ထောင့်ကို ​လှောင်ပြုံးသဖွယ် ပင့်တင်လိုက်ချိန်တွင် ဆိုးသွမ်း​သော​ကောင်​လေးတစ်​ယောက်နှင့် လုံးဝတူသွားလိမ့်မည်။ သို့တည်းမဟုတ် ပို၍တိတိကျကျ​ပြောရလျှင် ဆိုးသွမ်း​သောဦး​လေးတစ်​ယောက်ပင်။ ကတုံးဆံပင်​ပေါက်ဦး​လေးယယ်သည် အခြားမည်သူတစ်ဦးမျှ လုံးဝတုပနိုင်မည်မဟုတ်​သော ပုံစံမျိုးဖြစ်သည်။ အခြားသူ၏မျက်လုံးထဲမှာ ထိုကဲ့သို့အရာခပ်သိမ်းကို​ကောင်းစွာသိ​သော အကြည့်မျိုးမရှိ​ပေ။ ၎င်းတို့က လုံလုံ​လောက်​လောက် မစူးရှသလို ဆွဲ​ဆောင်မှုလည်းမရှိ​ချေ။

အမှန်မှာ ယွမ်ယယ်က ပျင်း​နေခြင်းသာ။ သူ၏ဆံပင်ပုံစံကို နှစ်​ပေါင်းများစွာမပြောင်းလဲခြင်းက မိမိုက်​နေ​စေရန် သို့မဟုတ် ကြည့်​ကောင်း​နေ​စေရန်မဟုတ်ဘဲ ငါးနှစ်​ခြောက်နှစ်​လောက် ထိုဆံပင်ပုံစံကိုပဲထားခဲ့ခြင်း​ကြောင့်သာဖြစ်သည်။ သူသည် ၎င်းနှင့်အသားကျ​နေပြီဖြစ်၏။ ​နေ့တိုင်း သူမျက်နှာသစ်​နေစဥ် လုပ်ရမည်က သူ၏ဆံပင်ကို ​ရေအနည်းငယ်နှင့် ​လျှော်လိုက်ရုံသာပင်။ ဆံပင်ပုံစံသွင်းရန်၊ အ​ခြောက်ခံရန်အတွက် အလုပ်မရှုပ်​တော့ဘဲ မြန်ဆန်လွယ်ကူသွား​ပေသည်။

သို့​သော်လည်း ယွမ်ယယ်၏ပရိသတ်ဖြစ်ရသည်မှာ နာကျင်ရ​ပေသည်။ ထိုအစီအစဥ်မှလွဲ၍ အပြင်တွင် သူ၏အရိပ်အ​ယောင်အား တစ်စက်က​လေးမျှပင် ဖမ်းမိနိုင်မည်မဟုတ်​ပေ။ သူ့မှာ မည်သည့်​ကြော်ငြာ သို့မဟုတ် ​မည်သည့်ထောက်ခံချက်မှလည်းမရှိ​​ပေ။ ရှိုးအတွက် အ​ခြေခံပရိုမိုးရှင်းများမှလွဲ၍ သူ၏ Weibo တွင် ဘာမှမရှိ​ချေ။ အခြားနာမည်ကြီးများဆိုလျှင် ရှိုးက​နေနာမည်ကြီးလာစဥ်အတွင်း ​လေဆိပ်ဓါတ်ပုံများ များစွာရှိ​နေလိမ့်ည်။ ၎င်းတို့၏ပရိသတ်များက ​လေဆိပ်တွင်​စောင့်ကာ ကိုယ်တိုင်ဓါတ်ပုံရိုက်၊ ကိုယ်တိုင်အ​ကြောင်းအရာဖန်တီးကာ ပို့စ်တင်ကြလိမ့်မည်။ တစ်ခါတစ်ရံ နာမည်ကြီးအနုပညာရှင်များက သူတို့​၏နေ့စဥ်ဘဝပုံရိပ်များကို ဓါတ်ပုံများတင်​ပေးလိမ့်မည်။ ဤသို့ဖြင့် အနည်းဆုံး​တော့ ပရိသတ်များအတွက် ကြည့်ရှုစရာတစ်စုံတစ်ခုကို ​ပေးတတ်​ကြသည်။ သို့​သော် ယွမ်ယယ်၏အချိန်ဇယားက မည်သို့ရှိ​ကြောင်း မည်သူမျှ သဲလွန်စ​လေး​တောင် မသိကြ​ပေ။ ထို့​ကြောင့် ၎င်းတို့အတွက် သူ့အား ​လေဆိပ်တွင်​စောင့်​နေရန်မှာ မဖြစ်နိုင်​ချေ။

ပရိသတ်အသစ်​လေးများတွင် သွားစရာမရှိသဖြင့် သူ၏ Weibo ပို့စ်​အောက်၌သာ မှတ်ချက်များ​ရေးကြ​တော့သည်။ "ငါတို့မှာ အဖွဲ့အစည်းတစ်ခုခုရှိလား။ ​ကော​ကောအ​ဟောင်းတို့ ​ကျေးဇူးပြုပြီး ဦး​ဆောင်ကြပါ! အရင်က ရှောင်တိ​လေး​တွေက အကုန်လုံးလုပ်နိုင်ပါတယ်။ ငါတို့ရဲ့ကျွမ်းကျင်မှုက level 100 ပဲ 555555*။"

[*wuwuwu ငိုတာပါ]

သူ၏ပရိသတ်အ​ဟောင်းများက ထို​အောက်တွင် စာပြန်ခဲ့ကြ၏။ "ငါတို့မှာ ဘာအဖွဲ့အစည်းမှမရှိဘူး။ ရှိရင်​တောင် သူတို့အကုန်လုံး ရိုင်းတယ်။ ငါတို့ထဲကအများစုက စာအုပ်ပရိသတ်​​တွေပဲ။ မင်း ဒီမှာ​နေမယ်ဆိုရင်၊ ဗုဒ္ဓဘာသာ*ကိုလိုက်နာပါ။ ​နောက်ကျ ကျင့်သားရသွားပါလိမ့်မယ်။"

[*​အေး​အေးချမ်းချမ်း​နေပြီး စိတ်ရှည်ရှည်ထားပါလို့​ပြောချင်တာပါ။]

ပရိသတ်အ​ဟောင်းတစ်ချို့ကလည်း မှတ်ချက်တွင် စကားစမြည်​​တောင် ပြော​လာကြသည်။ သူတို့က ​ရေကန်အ​ဟောင်းထဲကို ​ရေသစ်​များထပ်ထည့်ကာ အလွန်စိတ်လှုပ်ရှားစရာ​ကောင်းသည်ဟု ​ပြော​နေခဲ့ကြသည်။

ရိုက်ကူး​ရေးပြီး​နောက် ယွမ်ယယ်က လုံးဝကို ​ပျောက်ကွယ်သွား၏။ ပရိသတ်များက သူ့ကို​တွေ့ချင်လျှင် ရှိုးနှင့် ​နောက်ကွယ်ရိုက်ချက်တစ်ချို့ကိုသာ အွန်လိုင်း​ပေါ်၌ ရှာကြည့်နိုင်​ကြသည်။ ရုပ်သံအစုံကလည်း သူနှင့် အင်တာဗျူးလုပ်ချင်ကြ​သော်ငြား ယွမ်ယယ်က ၎င်းတို့၏ဖိတ်ကြားချက်များကို လက်မခံခဲ့​ပေ။ - ဘာအ​ကြောင်းကို အင်တာဗျူးကြမှာလဲ။ သူများများ​ပြော​လေ အမှားတစ်ခုခု​ပြောမိရန် လွယ်ကူ​လေဖြစ်လိမ့်မည်။ ထို့ပြင် သူက သူ၏ပုဂ္ဂိုလ်​ရေးကိစ္စများကို အခြားလူများနှင့် မျှ​ဝေရန် ဆန္ဒမရှိ​ချေ။ သူတစ်ခုခုကို​ပြောချင်လျှင် ၎င်းအား သူ၏စာအုပ်ထဲ​ရေသားလိမ့်မည်။ သူက ဇာတ်​ကြောင်းများပြန်​ပြောပြရန်အတွက် သူ၏ပါးစပ်ကိုမဟုတ်ဘဲ သူ၏​ဘောပင်ကိုသုံးရသည်အား သ​ဘောကျ​ပေသည်။

ယခုတွင် ကျီ​ရှောင်​ထောင်းပင်လျှင် သူ့ကိုအချိန်နှင့်အမျှ အဆက်အသွယ်မရ​တော့​ပေ။ သူ့ဆီက ပြန်စာများရရန်မှာ တစ်ကမ္ဘာလောက်ကြာ​နေတတ်သည်။

ကန်းကျင့်​ဝေက ရုပ်သံဌာနမန်​နေဂျာနှင့် စကား​ပြောပြီး​နောက် ထုတ်လုပ်​ရေးအဖွဲ့သည် အသစ်အသစ်​သောဒရမ်မာများခင်းခြင်းကို ယာယီရပ်တန့်သွား​လေ၏။ အမှန်မှာ ထိုအ​ခြေအ​​နေက ကိစ္စ​သေး​သေး​​လေးသာဖြစ်ပြီး လူသိများ​စေရန်အတွက်သာ။ ဒါရိုက်တာလင်း​ဝေက စိတ်ဆိုးပြီး ပြဿနာတစ်ချို့ကို တမင်ဖန်တီးလိုက်ခြင်းဖြစ်သည်။ သူသည် ယွမ်ယယ်က ဘာမှပြန်မ​ပြောရဲဘူးဟု ထင်​​နေ၏။ ၎င်းက ကွာရှင်းသည်နှင့်ပတ်သက်၍​တော့ ဘာမှ​ပြောရဲမည်မဟုတ်​ပေ။ အကယ်၍ ၎င်းကိုသာ​ဖော်ထုတ်ခံလိုက်ရလျှင် ထုတ်လုပ်​ရေးအဖွဲ့ဘက်က မည်သည့်အကျိုးအမြတ်မျှ ရမည်မဟုတ်​​တော့​ချေ။ ထို့ပြင် သူသာ ထိုအကန့်အသတ်ကို​ကျော်လိုက်ပါက အနာဂတ်တွင် သူတို့နှင့် မည်သူကမျှ ပူး​ပေါင်းလုပ်​ဆောင်ရဲမည်မဟုတ်​တော့​ပေ။

ဖန်း​ရှောက်ယိ၏ဇာတ်ကားက ​နောက်ဆုံးခန်းရိုက်ကူး​ရေးကို လုံးဝ အဆုံးမသတ်ရ​​သေးပေ။ ၎င်းမှာ တစ်ပတ်နီးပါးကြာ​နေပြီဖြစ်၏။ ထိုရိုက်ချက်အတွက် ဒါရိုက်တာနှင့် ဇာတ်ညွှန်း​ရေးဆရာတို့က ဘယ်​လိုမှ သ​ဘောထားချင်းမတူကြ​ပေ။ ဒါရိုက်တာက ဖန်း​ရှောက်ယိကို အသက်ရှင်​စေချင်ပြီး ဇာတ်ညွှန်း​ရေးဆရာက ထိုဇာတ်​ကောင်ကို စစ်ပွဲအတွင်း​သေသွား​စေချင်၏။ ထို့ပြင် ယခင်ရိုက်ချက်များအားလုံးက ထိုဇာတ်လမ်းအသွားအလာနှစ်ခုလုံးနှင့်အညီ ရိုက်ကူးခဲ့ပြီး ကွဲလွဲမှုအနည်းငယ်သာရှိသည်။ ဤ​နောက်ဆုံးရိုက်ချက်တွင်လည်း ရိုက်ချက်ခွဲများ အများအပြားရှိ၏။ တည်းဖြတ်ချိန်တွင် ၎င်းတို့က နှိုင်းယှဥ်ကြည့်ကာ ​နောက်ဆုံးဆုံးဖြတ်ချက်ချမည်ဖြစ်သည်။

ထိုဇာတ်ကားကို 《Wind Wanderer》 ဟု​ခေါ်သည်။ ၎င်းက ကျန်းဟူဓါးသမားတစ်​ယောက်၏ ဘဝအ​ကြောင်းဖြစ်သည်။ သူသည် ငယ်ရွယ်စဥ်က ဓါးတစ်လက်နှင့် နယ်​မြေအစုံလှည့်လည်သွားလာခဲ့ပြီး ဘာကိုမှမ​ကြောက်ရွံ့တတ်​ပေ။ ​နောက်ပိုင်းတွင် လက်ဖက်ရည်တစ်ခွက်​ကြောင့် ကျန်းဟူရန်ပွဲများတွင် ပါဝင်ခဲ့ရပြီး ရလဒ်အ​နေဖြင့် မျက်လုံးတစ်ဖက်ကွယ်ခဲ့ရ၏။

နှစ်​ပေါင်းများစွာကြာပြီး​နောက် တိုက်ပွဲများစွာစတင်​လေသည်။ ကျန်းဟူမှာ ​အရင်ကကျန်းဟူမဟုတ်​တော့​ပေ။ ပုဂ္ဂိုလ်ရေး ရန်ငြိုးဖွဲ့မှုများနှင့် အမျိုးသားရေး ပြိုင်ဆိုင်မှုများ ပေါင်းစပ်လာခဲ့၏။ သို့​သော် ​သေ​ရေးရှင်​ရေးအချိန်တွင်​တော့ ကမ္ဘာကြီးက ကျန်းဟူဖြစ်​နေဆဲပင်။

​နောက်ဆုံးရိုက်ချက်က ထိုဇာတ်ကား၏ အ​ရေးကြီးဆုံး​သောအခန်းတစ်ခုဖြစ်သည်။ ရာ​ပေါင်းများစွာ​သောအပိုလူများလည်း ရိုက်ကူး​ရေးတွင် ပါဝင်ရ​၏။ ဖန်း​ရှောက်ယိ၏ ​နောက်ဆုံးအခန်းအတွက် ဒဏ်ရာမိတ်ကပ်လိမ်းခြင်းမှာ သုံးနာရီ​လောက်ကြာမြင့်ခဲ့သည်။ အပိုလူများစွာနှင့် ရိုက်ကွင်းကိုထိန်းချုပ်ရန်မှာ ခက်ခဲ​သည်။ မြို့တံတိုင်း​ပေါက်ကွဲသည့်အခန်းမှာလည်း တစ်ကြိမ်ကျရှုံးခဲ့​ပြီး ၎င်းကို ပြန်ပြင်ရန်အတွက် အနည်းဆုံး သုံရက်ခန့် အချိန်လိုအပ်​ပေသည်။

ဒါရိုက်တာရှင်းမှာ လူအုပ်ကြားထဲ အမိန့်​ပေးရန်အတွက် စပီကာကို သွား​လေရာသယ်သွားရ​၏။ သူ၏အသံက တစ်ချိန်လုံး ကြမ်းရှနေခဲ့သည်။

လူလုပ်မိုးအတုမှာ အဆင်မပြတ်ရွာသွန်း​နေ၏။ ​ရေစိုခံရန်အတွက် ဖန်း​ရှောက်ယိ၏မိတ်ကပ်ကို ပို၍​စေးကပ်ပြီး ​​ခိုင်မာ​အောင်ပြုလုပ်ထားရသည်။ ရိုက်ကူး​ရေးပြီးနောက် ထိုအရာများကို​ဆေး​ကြောရန် တစ်နာရီ​လောက်ကြာမြင့်ခဲ့ရသည်။ ထိုအခန်းရိုက်ကူး​ရေးမှာ အ​တော်​လေးခက်ခဲခဲ့၏။ ​အထူးသဖြင့် ဖောက်ခွဲ​ရေးအဖွဲ့နှင့် ပစ္စည်းဆင်ရသည့်အဖွဲ့မှ ဖိအားအ​တော်များ​သည်။ အချိန်ကို တိတိကျကျ မထိန်းချုပ်နိုင်လျှင် အရာအားလုံးက အလဟဿဖြစ်သွားလိမ့်မည်။

ဒါရိုက်တာက ​​ခေါင်း​ဆောင်ရိုက်ကူး​ရေးသမားကို​မေးလိုက်သည်။ "အခု သုံးနာရီဆို​​​တော့ ​မ​မှောင်ခင်​နောက်တစ်ခန်းရိုက်လို့ရနိုင်မလား။"

​ခေါင်း​ဆောင်ရိုက်ကူး​ရေးဆရာက ​ခေါင်းယမ်းပြလာ၏။ "အလင်း​ရောင်က ​လေးနာရီ​နောက်ပိုင်းဆို မ​ကောင်း​တော့ဘူး။ စက်ပစ္စည်း​တွေပြန်တပ်ဆင်ဖို့ဆို အနည်းဆုံးမိနစ်​လေးဆယ်​လောက် အချိန်ယူရမှာ။ ကျွန်​​တော်တို့မှာ အချိန်လုံလုံ​လောက်​လောက် မ​ရှိဘူး။"

ဒါရိုက်တာရှင်းက မျက်​မှောင်ကြုတ်လိုက်ရာ သူ၏မျက်ခုံးနှစ်ဖက်ကြားတွင် ချိုင့်ရာ​လေး​တောင်ဖြစ်​နေ၏။ သို့​သော်လည်း သူ့တွင်​ ရွေးချယ်စရာမရှိ​ပေ။ ရိုက်ကူး​ရေးမှာ ထိုကဲ့သို့ပင်။ တစ်ခါတစ်ရံ ​ချော​​​ချော​မွေ့​မွေ့ပြီးသွားတတ်ပြီး တစ်ခါတစ်ရံမှာ​တော့ ထိုသို့မဟုတ်​ပေ။ သူ အ​ခြေအ​နေနှစ်ရပ်လုံးကို လက်ခံရ​ပေသည်။ ဒါရိုက်တာက​ ပြောလိုက်၏။ "ဒီ​နေ့အတွက်ရိုက်ကူး​ရေးပြီးပြီ။ လူတိုင်းပြန်သွားပြီး အနားယူလို့ရပါပြီ။ မနက်ဖြန်မှာ ဒီရိုက်ချက်ကို ကြိုးစားပြီး​ကျော်ဖြတ်ကြမယ်။"

ကျီ​ရှောင်​ထောင်းက ကုတ်အင်္ကျီကိုင်ျက် ​ဘေးကနရပ်​စောင့်​နေ၏။ ဒါရိုက်တာက ပြီးပြီဟု​ပြောလိုက်သည်နှင့် ဖန်း​ရှောက်ယိအတွက် ကုတ်အင်္ကျီဝတ်​ပေးရန် သွားခဲ့သည်။ သူ၏အဝတ်များက စို​ရွှဲနေပြီး သူက ​အေးခဲ​နေပြီဖြစ်၏။

ဖန်း​ရှောက်ယိက လက်ခါပြကာ မလိုဘူးဟု​ပြောခဲ့သည်။

ကျီ​ရှောင်​ထောင်း: "ဒီမြို့တံတိုင်းသာ ​နောက်တစ်ခါထပ်ပြီး​ ​ဖောက်ခွဲခံရရင် လုံးဝပြိုကျသွားလိမ့်မယ်လို့ထင်​နေတယ်။ ကျွန်​တော်တို့ ပြန်ပြင်ဆင်ဖို့ ​နောက်ထပ်သုံးရက်​လောက် ​စောင့်သင့်တာကို။"

ဖန်း​ရှောက်ယိက သူ၏ဝတ်စုံကိုချွတ်ကာ မိတ်ကပ်တဲထဲသို့ အဝတ်ဗလာဖြင့် ​လျှောက်ဝင်သွား၏။ ​အဝတ်အစား​ပေါ်က သွေးအတုများသည် ​ခြောက်​တောင်​နေပြီဖြစ်ရာ မနက်ဖြန်အတွက် သုံးလို့မရ​တော့​ပေ။ သူ့အတွက် ​နေ့တိုင်းအဝတ်အစားအသစ်များ လိုအပ်​ပေသည်။ အဝတ်အစားအဖွဲ့မှာ ဝတ်စုံဒါဇင်​ကျော်ရရန် အ​လျင်အမြန်ပြုလုပ်ခဲ့ရသည်။ ဝတ်စုံ​ကောင်း​ကောင်းတစ်စုံရရန် အချိန်နှစ်ရက်​လောက်လို​၏။ အဝတ်အစားအဖွဲ့က သူတို့ရိုက်ကူး​ရေး မည်မျှကြာ​အောင်လုပ်ရမည်ကို မည်သူမှ မသိ​သော​ကြောင့် ဝတ်စုံများကို အဆက်မပြတ်လုပ်​နေခဲ့ကြရသည်။

ဖန်း​ရှောက်ယိ၏မိတ်ကပ်ကိုဖျက်ရန် မိတ်ကပ်အကူလက်​ထောက်အများကြီး လိုအပ်​သည်။ သို့မှသာ သူပြန်၍အနားယူနိုင်လိမ့်မည်။ မျက်ကပ်မဖျက်ခင် ​မျက်နှာ​ပေါ်မှ ပလာစတာများတစ်လွှာပြီးတစ်လွှာ ဖယ်ခွာ​နေသည်မှာ အ​ရေပြားကို ထုံထိုင်းပြီး သဲကြမ်းများဖြင့်ပွတ်တိုက်​နေသလို ခံစားရ​စေသည်။ ၎င်းမှာ အလွန်အဆင်မ​ပြေဖြစ်ပြီး အသားအ​ရေလည်း အ​တော်​လေးပျက်စီး​ပေလိမ့်မည်။ လက်​ထောက်များက အကြမ်းပတမ်းမလုပ်ရဲကြ​ပေ။ ၎င်းတို့က သူ၏မျက်နှာကို ဂရုတစိုက်နှင့် သန့်စင်​ပေး​နေကြ၏။

ဖန်း​ရှောက်ယိက တစ်ချိန်လုံး ​ခပ်မတ်မတ်ထိုင်​နေခဲ့ရသည်။ သူ့ကို မိတ်ကပ်ဖျက်​ပေး​နေကြ​သော ထိုအကူ​လေးများမှာ တချို့က ​စောင့်​ကြောင့်ထိုင်လျက်၊ တချို့ကလည်း သူ၏​ခြေ​ထောက်များကို တိုက်မိ​နေလျက်ရှိသည်။ ကြမ်းပြင်​ပေါ်တွင်လည်း ​ရေပုံးတစ်ချို့ရှိ၏။ တစ်​နေ့တစ်​နေ့ မိတ်ကပ်လိမ်းခြင်းနှင့်ဖျက်ခြင်းအမှုသည် ငါးနာရီခန့်ရှိ​ပြီး အလွန်ပင်ပင်းလှသည်။ ဖန်း​ရှောက်ယိ၏အသံမှာလည်း အက်ရှ​နေပြီး သူတို့ကို​ပြောလိုက်၏။ "စိတ်မပူပါနဲ့ ပိုပြီးကြမ်းကြမ်းပွတ်လိုက်။ ဒါကိုလွယ်လွယ်ဖျက်နိုင်ရင် မြန်မြန်ပြီးသွားပြီး ပိုပြီးမြန်မြန်အိမ်ပြန်ရ​လေပဲ။"

သူ၏မျက်နှာကို ဖျက်​ပေး​နေ​သောမိန်းက​လေးက​ နူးညံ့စွာ​ပြောလာသည်။ "ကျွန်မတို့ မလုပ်ရဲပါဘူး။ ​နေ့တိုင်း မျက်နှာကို ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်​နေရင် အရမ်းပျက်စီးကုန်မှာ။ ဖန်း​လောင်ရှီး ပြန်​ရောက်ရင် တကယ်ကိုဂရုစိုက်ဖို့လိုတယ်​နော်။"

ဖန်း​ရှောက်ယိက မျက်လုံးများမှိတ်ထားလျက် အသံပြုလိုက်သည်။ သူ ထိုမိတ်ကပ်အလွှာများအားလုံးဖျက်ပြီးရန်ကိုသာ စောင့်​နေခဲ့​လေသည်။

ကျီ​ရှောင်​ထောင်းက အပူ​ပေးပန်ကာအ​သေး​လေးကို ဆွဲယူလာပြီး ဖန်း​ရှောက်ယိဘက်ကို လှည့်ထားလိုက်သည်။ ထိုကဲ့သို့ပြင်ပရိုက်ကူး​ရေးများတွင် အဝတ်လဲခန်းဟူ၍ မရှိ​ပေ။ ထို့​ကြောင့် လူတိုင်းမှာ ယာယီတဲများကိုသာ အသုံးပြုရသည်။ အထဲရှိအပူချိန်နှင့် ပြင်ပအပူချိန်မှာ အတူတူပင်ဖြစ်၏။ နှစ်ခုလုံး စိုစွတ်ကာ ​အလွန်​အေး​​နေသည်။ ဖန်းရှောက်ယိက ​ဘောင်းဘီတိုကိုသာဝတ်ထားရပြီး ကျန်​သောကိုယ်တစ်ပိုင်းမှာ ဗလာကျင်း​နေသည်။ ​နေ့တိုင်း မည်သူမှ ထိုအ​ခြေအ​နေကို မကူညီနိုင်​ပေ။

ထိုရက်များတွင် ကျီ​ရှောင်​ထောင်းက စကားမ​ပေါ​တော့​ပေ။ သူသည် ဖန်း​ရှောက်ယိအလွန်ပင်ပန်းရသည်ကို သိပြီး သူ၏အနားယူချိန်ကို ​နှောင့်ယှက်မိမည်အား စိုးရိမ်​နေသည်။ သူက မျက်စိမှိတ်ကာ မိတ်ကပ်အဖျက်ခံ​နေ​သော ဖန်း​ရှောက်ယိ၏ပုံကို ရိုက်ယူလိုက်သည်။ အ​တွေးတစ်ခု​ပေါ်လာပြီး​နောက် ယွမ်ယယ်ဆီသို့ ထိုပုံကို ပို့လိုက်​လေ၏။

ဖန်း​ရှောက်ယိက မျက်လုံးဖွင့်လာကာ သူ့ကိုကြည့်လိုက်သည်။ ​ထို့​နောက် ခပ်နက်နက်​လေသံဖြင့် ​ပြောလာ၏။ "အဲ့ပုံကို Weibo ​ပေါ်မတင်နဲ့။"

ကျီ​ရှောင်​ထောင်းက ထို​နေရာတွင် ​ဆောင့်​ကြောင့်ထိုင်ကာ ​ခေါင်းညိတ်လိုက်၏။ "မတင်ပါဘူး။ ကျွန်​တော် ယိ​ကောဆီကိုပို့လိုက်တာ။"

ဖန်း​​ရှောက်ယိက မျက်​မှောင်ကြုတ်ကာ သူ့ကိုစိုက်ကြည့်လိုက်​လေ၏။ "​လျှောက်မ​လုပ်နဲ့။"

"ကျွန်​တော်​ လျှောက်လုပ်​နေတာမဟုတ်ပါဘူး။ ကျွန်​တော်င နာကျင်​နေတာ။" ကျီ​ရှောင်​ထောင်က ညင်ညင်သာသာပြန်​​ပြောလေသည်။

မကြာခင်က ရသစုံရှိုးမရိုက်ကူးခင်ကနှစ်နှင့်မတူဘဲ သူသည် ယွမ်ယယ်နှင့် ကြိမ်ဖန်များစွာ အဆက်အသွယ်လုပ်ခဲ့၏။ ထိုနှစ်က ၎င်းတို့အဆက်အသွယ်လုပ်သည်မှာ အလွန်ရှား​ပါးခဲ့သည်။ ကျီ​ရှောင်​ထောင်းမှာ ၎င်းတို့နှစ်ဦး၏အ​တွေးများကို ရှင်းရှင်းလင်းလင်းနားမလည်နိုင်​ပေ။ သူတို့နှစ်ဦး လုံးဝအဆက်အသွယ်ဖြတ်လိုလျှင်လည်း သူပါကြားထဲက​နေပါသွားရန်မှာ သူ့အတွက်မတရား​ပေ။ မည်သို့ပင်ဖြစ်​စေ ရိုက်ကူး​ရေးပြီးဆုံးသွားကတည်းက သူ ယွမ်ယယ်နှင့် အဆက်အသွယ်ရှိ​နေဆဲပင်။ ယွမ်ယယ်၏စိတ်သ​ဘောထားကလည်း ​အေးစက်မသွားဘဲ ကျီ​ရှောင်​ထောင်းနှင့် ထိုသို့စစ​နောက်​နောက်ရှိ​နေဆဲဖြစ်၏။ ကျီ​ရှောင်​ထောင်းတစ်​ယောက် ထိုအ​ခြေအ​နေကိုတစ်ပတ်ပြန်လှည့်ရန် အခွင့်အ​​ရေးရှိ​လောက်မည်ဟု ခံစားမိ​​နေသည်။

ဖနိး​ရှောက်ယိက သူ့ကို​ပြောလိုက်သည်။ "ပြန်ဖျက်လိုက်။"

ကျီ​ရှောင်​ထောင်းက ကြိုးစားကြည့်လိုက်ပြီး​နောက် ​ပြောလာ၏။ "လုပ်လို့ရတဲ့အချိန်အကန့်အသတ်​ကျော်သွားပြီ။"

ဖန်းရှောက်ယိက သူ့ကို ထပ်မဆူ​​​တော့​ချေ။ သူက မျက်ခုံးများတွန့်ချိုး​နေပြီး​နောက် ​နောက်တစ်ကြိမ်မျက်လုံးများမှိတ်ထားလိုက်​တော့သည်။

နာရီဝက်ကြာပြီးနောက် ယွမ်ယယ်က စာပြန်ခဲ့၏။ ဖန်း​ရှောက်ယိမိတ်ကပ်ဖျက်​နေသည်မှာ မပြီး​သေး​သော်လည်း ပြီးခါနီး​နေပြီဖြစ်သည်။ သူက ထို​နေရာ၌ မျက်လုံးမှိတ်ကာထိုင်​နေပြီး အိပ်​ပျော်​နေပုံပင်။

ယွမ်ယယ်: "မင်းတို့​ကောင်​တွေ ဘာရိုက်ကူး​ရေးလုပ်​နေရတာလဲ။"

ကျီ​ရှောင်​ထောင်းက တုံ့ပြန်လိုက်သည်။ "​နောက်ဆုံးအခန်းပါ။ တစ်ပတ်​တောက်ရှိ​နေပြီ၊ ဒါ​ပေမဲ့ ခုထိမ​အောင်မြင်​သေးဘူး။"

ယွမ်ယယ်: "မိတ်ကပ်ကဘယ်မှာလိမ်းရတာလဲ။"

ကျီ​ရှောင်​ထောင်း; "တဲထဲမှာ။"

ယွမ်ယယ်က စက္ကန့်အနည်းငယ်ကြာပြီး​နောက် စာလုံးတစ်လုံးတည်းဖြင့် စာပြန်လာ၏။ "Fuck"

ကျီ​ရှောင်​ထောင်းက အပူ​ပေးပန်ကာအ​သေးစား​လေးကို ဓါတ်ပုံရိုက်ကာ ယွမ်ယယ်ထံပို့လိုက်သည်။ "ကျွန်​တော် အ​ကောင်းဆုံးကြိုးစားခဲ့​ပေမဲ့ ကျွန်​တော်တို့မှာ ဒါ​လေးပဲရှိတယ်။"

ယွမ်ယယ်: "အမ်း။"

ကျီ​ရှောင်​ထောင်းတစ်​ယောက် ထိုထက်ပိုပြီး မ​ပြောရဲ​ချေ။ သူသည် ဖန်း​ရှောက်ယိက သူ့ကိုထိုသို့လုပ်​နေခြင်းမှ တားဆီးလာမည်ကို ​ကြောက်​ပေ၏။ ထို့ပြင် သူတို့သာ တမင်တကာ သနားစရာ​ကောင်းသည့်ပုံစံဟန်​ဆောင်​​ပြီး ဖန်း​ရှောက်ယိကို​ရောင်းစားပါက ဆိုးရွားသွားလိမ့်မည်။ ၎င်းက လုံ​လောက်​နေပြီဖြစ်သည်။ ကျီ​ရှောင်​ထောင်းက မတုံ့ပြန်ခဲ့​ပေ။ သူလုပ်​နေတာမှန်ရဲ့လားကို သူ မသိ​ပေ။ ယုတ္တိရှိရှိ​ပြောရလျှင် သူက တစ်စုံတစ်​ယောက်၏ စုံတွဲပြဿနာများကြားတွင် မပါဝင်သင့်​သော်လည်း သူတို့နှစ်ဦးနှင့် အ​တော်​လေးရင်းနှီး​ပေသည်။ ၎င်းမှာ သူရဲရဲဝံ့ဝံ့ ကြိုးစားလိုသည့် တစ်ခုတည်း​သော အ​ကြောင်းပြချက်ပင်။

ခဏကြာပြီး​နောက် ယွမ်ယယ်က ​နောက်ထပ်မက်​ဆေ့ပို့လာ၏။: "မင်းတို့ပြန်သွားပြီးမှ အဲ့ဒါကိုလုပ်လို့မရဘူးလား။ မိတ်ကပ်လက်​ထောက်​တွေကို မင်းတို့အခန်းထဲလိုက်ပြီး မိတ်ကပ်ဖျက်​ပေးဖို့ ​​ပြောလိုက်​လေ။"

ကျီ​ရှောင်​ထောင်းက မြန်မြန်စာပြန်လိုက်သည်။ "ယိ​ကောက ခွင့်မပြုဘူး။ အဲ့ပစ္စည်း​တွေအကုန်လုံးက အမှုန်​တွေဖြစ်ရင်ဖြစ် မဟုတ်ရင် ဆီ​တွေလိုရွှဲနေတာ။ အဆင်မ​ပြေဘူး။ ပြီး​တော့ ကျွန်​တော်တို့က ကားနဲ့ပြန်ရတာဆို​တော့ အဲ့မိတ်ကပ်​တွေနဲ့ဆို သွားရလာရတာလည်း ခက်တယ်​လေ။"

ဖန်း​ရှောက်ယိက မျက်လုံးများပွင့်လာ၏။ သူက​မေးလိုက်သည်။ "သူဘာ​ပြောလဲ။"

ကျီ​ရှောင်​ထောင်းက​ ပြောလိုက်၏။ "ယယ်​ကောက ကျွန်​တော်တို့ကို ဘာလို့ဟိုတယ်ကိုပြန်ပြီးမှ မိတ်ကပ်မဖျက်တာလဲလို့​မေး​နေတာ။"

သူတို့​ဘေးပတ်ပတ်လည်မှာ လူအများကြီးရှိ​နေသည်။ ဖန်း​ရှောက်ယိက ဘာမှမ​ပြောဘဲ "မ​ကောင်းတာဘာမှမ​ပြောနဲ့" ဟုသာ ပြန်​ပြောလိုက်သည်။

"အို​ကေ၊ ကျွန်​တော် ဘာမှမ​ပြောပါဘူး။" ကျီ​ရှောင်​ထောင်းက​ ပြောလိုက်၏။

မိတ်ကပ်လက်​ထောက်က ဖန်း​ရှောက်ယိကို ​ဘေးဘက်မှ ​မော့ကြည့်လိုက်သည်။ သူမက အပြုံး​လေးဖြင့်​ပြောလာ၏။ "ကျွန်မ 《In The Time》ကို ကြည့်ပြီးသွားပြီ။ ​လောင်ရှီးနဲ့ ယွမ်ယယ်​လောင်ရှီးတို့က ဆက်​ဆံ​ရေးအရမ်း​ကောင်းတယ်​နော်။ ယွမ်ယယ်​လောင်ရှီးက ​ဒေါသထွက်လွယ်တဲ့သူမလား..."

ဖန်း​ရှောက်ယိက​ ပြောလိုက်သည်။ "မဟုတ်ပါဘူး။ သူက စိတ်ထားအရမ်း​ကောင်းတယ်။"

ညအချိန်၌ ဒါရိုက်တာက ဖန်း​​ရှောက်ယိ၏အခန်းသို့​​ရောက်လာပြီး သူနှင့်အချိန်အ​တော်ကြာ စကား​ပြော​နေခဲ့သည်။ တကယ်​တမ်းတော့ ၎င်းတို့က ရိုက်ကူး​ရေးအဆုံးသတ်ချိန်အတွက် ဖန်း​ရှောက်ယိနှင့်စာချုပ်ချုပ်ဆိုထား​သောအချိန်ကို​ ​ကျော်သွားပြီဖြစ်​သော်လည်း အချိန်ဇယားထက် ပိုကြာ​နေတတ်သည်မှာ ရိုက်ကူး​ရေးတွင် ပုံမှန်ပဲဖြစ်သည်။ ဒါရိုက်တာသည်လည်း သူနှင့်ရင်းနှီး​သောသူဖြစ်​လေရာ ထိုကိစ္စမှာ ကြီးကြီးမားမား​တော့မဟုတ်​ပေ။ သူကလည်း ရသစုံရှိုးရိုက်ကူး​ရေးတွင်ပါရန် ရိုက်ကူး​ရေးတွင်ခွင့်ယူသွားခဲ့ရသည်များလည်းရှိခဲ့သည်။ သူ ထိုအခန်းများအားလုံးကို အလျင်အမြန် အ​ကောင်းဆုံးကြိုးစားရိုက်ကူးထားပြီးဖြစ်​သော်လည်း ရုပ်ရှင်အဖွဲ့သားများအတွက်​တော့ ပြဿနာအနည်းငယ်ရှိနေဆဲပင်။

ဒါရိုက်တာက သူ့ကို​ပြောလာ၏။ "မင်းလည်း ကြိုးစားခဲ့ပါတယ်။ ဒီအခန်းက ရိုက်ကူးရတာ ​တော်​​တော်ခက်တယ်။"

"လူတိုင်းကြိုးစားကြပါတယ်။" ဖန်း​ရှောက်ယိကပြုံးလျက်: "လက်ရာ​ကောင်းတစ်ခုဖန်တီးဖို့အတွက် အချိန်လိုတာပဲ​လေ။"

"မင်းရဲ့​နောက်လာမဲ့အချိန်ဇယား​တွေနဲ့ပတ်သက်ပြီး ပြဿနာမရှိဘူး​နော် ဟုတ်တယ်မလား။" ဒါရိုက်တာရှင်းက ပြုံးလိုက်သည်။ "​လောင်ကျန်းက​ရော မင်းကို ခက်ခဲ​အောင်လုပ်​သေးလား။ မင်းအတွက် ဒီဦး​လေးက သူ့ဆီဖုန်း​ခေါ်​ပေးဖို့လို​သေးလား။"

ဒါရိုက်တာရှင်းနှင့် ဖန်း​​ရှောက်ယိ၏ဖခင်တို့မှာ အ​တော်​လေးရင်းနှီးကြသည့်ဆက်ဆံ​ရေးရှိသည်။ ရိုက်ကွင်းတွင် သူက တစ်ဖက်လူကို 'ဒါရိုက်တာ' ဟု​ခေါ်​သော်လည်း သီးသန့်အချိန်တွင် 'ဦး​လေး' ဟု ​ခေါ်တတ်သည်။ ဖန်း​ရှောက်ယိက ​ခေါင်းယမ်းကာ​ပြောလိုက်သည်။ "မလိုပါဘူး။ ​ကောင်း​ကောင်းအနားယူပြီး ရိုက်ကူး​ရေးကိုပဲဆက်လုပ်​နေပါ။ ကျွန်​တော်လည်း အလျင်လို​မနေပါဘူး။ ဒါရိုက်တာကျန်းကလည်း ဦး​လေးရဲ့ရုပ်ရှင်ဖြစ်​နေရင် ကျွန်​တော်ကို မ​လောပါဘူး။"

"သူလုပ်ခဲ့ရင် ငါ့ကို​ပြောလိုက်၊ ငါ သူနဲ့စကား​ပြောလိုက်မယ်။" ဒါရိုက်တာက​ ပြောလိုက်သည်။

ဖန်း​ရှောက်ယိက ပြုံးကာ ​ခေါင်းညိတ်ပြလိုက်သည်။ မိနစ်အနည်းငယ်​လောက် စကားထပ်​ပြောပြီး​နောက် သူသည် ဒါရိုက်တာကို လမ်း​လျှောက်ကာပို့​ပေးလိုက်​တော့၏။

ဒါရိုက်တာထွက်သွားသည်နှင့်တစ်ပြိုင်နက် ကျီ​ရှောင်​ထောင်းက သူ၏ထိုင်ခုံ​ပေါ်က​နေ အလန့်တကြားခုန်ထလိုက်သည်။ သူက ဖန်းရှောက်ယိ၏ဖုန်းကို သူ့လက်ထဲသိူ့ ထိုး​ပေးလိုက်၏။ "​ကော! ​ခု​လေးတင်ပဲ ယယ်​ကောဆီက ဖုန်းလာသွားတယ်!"

ဖန်း​ရှောက်ယိက မျက်ခုံးပင့်ကာ သူ၏ဖုန်းကိုငုံ့ကြည့်လိုက်ရာ လွတ်သွား​သောဖုန်း​ခေါ်ဆိုမှုတစ်ခုရှိ​နေ၏။ ၎င်းမှာ အမှန်ပင် ယွမ်ယယ်ဆီမှဖြစ်​လေသည်။

နာမည်​ပြောင်မှာလည်း အရင်ကနှင့်အတူတူပဲဖြစ်၏ - သူက '​မျောက်က​လေး' ဟု မှတ်ထားခဲ့ပြီး ယခုကြည့်ရတာ နည်းနည်း​တော့ရယ်စရာ​ကောင်း​နေသည်။

ဖန်း​ရှောက်ယိက သူ၏ဖုန်းကို ​​ဘေးသို့ချထားလိုက်သည်။ သူက ပြန်​ခေါ်ဖို့အစီအစဥ်မရှိသလို ယွမ်ယယ်ကလည်း ထပ်​ခေါ်လိမ့်မည်မဟုတ်​ကြောင်း သူသိ​​နေ၏။ မ​မျှော်လင့်ထားစွာပင် ဆယ်မိနစ်ခန့်ကြာပြီး​​နောက် သူ၏ဖုန်းက ထပ်မံတုန်ခါလာခဲ့သည်။

၎င်းမှာ '​မျောက်က​လေး' ဖြစ်​နေဆဲ။

ဖန်းရှောက်ယိက အနည်းငယ်အံ့သြသွားပြီး နှုတ်ခမ်းကို တင်းတင်းဖိကာ ဖုန်းကို​ဖြေဆိုလိုက်​တော့သည်။

*****

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment