ငါ မင်းကိုတွေ့ချင်ရုံသက်သက်ပဲ။
ထိုသို့ပြောလိုက်ပြီးနောက် ယွမ်ယယ်ကိုယ်တိုင်လည်း အံအားသင့်သွားခဲ့သည်။ အမှန်တော့ ထုတ်မပြောချင်ခဲ့ပေ။ သူ 'ဒီရှိုးကို ပြီးသွားအောင် ကောင်းကောင်းရိုက်ကူးကြရအောင်' ဟူသော ပထမအပိုင်းကိုသာ ပြောချင်ခဲ့၏။
သို့သော် သူ ထိုအရာကို ပြောလိုက်ပြီးဖြစ်ရာ ပြန်ဝှက်လို့မရတော့ပေ။ ယွမ်ယယ် ချောင်းဟန့်ကာ ရယ်ရယ်မောမောဖြင့် ဖန်းရှောက်ယိကို မေးလိုက်သည်။ "ငါ အဲ့စကားကို ပြန်ရုပ်သိမ်းလို့ရမလား။"
ဖန်းရှောက်ယိသည် အစက သူ့ကို တိတ်တဆိတ်သာစိုက်ကြည့်နေခဲ့၏။ ခဏအကြာတွင် နောက်ဆုံးတော့ သူပြောလာခဲ့သည်။ "ဒါဆို မင်းကြိုးစားကြည့်ပေါ့။"
ယွမ်ယယ် ထိုနေရာ၌ ဆောင့်ကြောင့်ထိုင်ချကာ မြက်ခင်းပြင်ပေါ် ခလုတ်တစ်ခုခုကိုနှိပ်သလိုမျိုး ဟန်ဆောက််လိုက်၏။ "ယွမ်ယယ်က ဤစာကြောင်းကို ပြန်ဖျက်သွားသည်။"
ဖန်းရှောက်ယိက မတ်တတ်ထရပ်လိုက်၏။ ထို့နောက် တစ်ဖက်လူကို လက်ကမ်းပေးခဲ့သည်။ ယွမ်ယယ် မော့ကြည့်ကာ သူ့ကိုပြုံးပြလိုက်ပြီး သူ၏လက်ကိုကိုင်၍ ထရပ်လိုက်သည်။
ယွမ်ယယ်၏စကားများက သူ့ကို အလွန်နိမ့်ကျသော အနေအထားတွင် ရှိနေစေသည်။ သူ အရင်ကပြောခဲ့သမျှမှာ အသုံးမဝင်တော့ပေ။ 'ငါ မင်းကိုတွေ့ချင်ရုံသက်သက်ပဲ'ဟု ထွက်လာပြီးနောက် သူ၏ချဥ်းကပ်မှုကို ပို၍ပျော့ပျောင်းသွားစေခဲ့သည်။ သို့သော် ဖန်းရှောက်ယိဘက်က အရိပ်အမြွက်တစ်ခုခုကို ပြန်မပေးလျှင်တောင် ယွမ်ယယ် စိတ်မသက်မသာ မဖြစ်နိုင်သလို ပိုပြီးစျေးပေါသွားမှာလည်း မဟုတ်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ၎င်းမှာ သူ၏ယိကောဖြစ်သည်။ သူပြောလိုက်သည့်စကားများက သူ့အပြောသာ။
ထို့နောက် သူတို့နှစ်ဦးက ကင်မရာရှေ့တွင် ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး စကားပြောရယ်မောကာ ကြည့်ကောင်းနေခဲ့ကြ၏။ ညအချိန်တွင် အိပ်ရာမဝင်ခင် တစ်ယောက်ကမျက်နှာသစ်နေစဥ် အခြားတစ်ယောက် ခြေထောက်ချိတ်ကာထိုင်ပြီး ဖုန်းဆော့နေခဲ့သည်။ ၎င်းမှာ အတော်လေး ငြိမ်းချမ်းနေပေ၏။
နောက်တစ်ရက်တွင် သူတို့အားလုံး သဲကန္တာရသို့ သွားခဲ့ကြသည်။ ကန္တာရလမ်းကြမ်းသည်လည်း ယွမ်ယယ်နှစ်သက်သော အရာတစ်ခုပင်။ တစ်ရက်တာ လျှောက်သွားဆော့ကစားပြီးနောက် သူ ရေချိုးခန်းထဲမှာ သဲကီလိုဝက်လောက် ဆေးကြောလိုက်ရသည်။ အမှန်တကယ်တော့ ဤအစီအစဥ်တွင် တစ်ချိန်လုံးကင်မရာများဖြင့် လိုက်ရိုက်ကူးမနေဘဲ အချိန်ခဏလောက်ဖယ်ပေးမည်ဆိုလျှင် ပိုပျော်စရာကောင်းလိမ့်မည်။ နေရာတိုင်းသို့ခရီးသွားပြီး အရာရာတိုင်းကို စမ်းကြည့်ရနိုင်၏။ တိကျသောပန်းတိုင်လည်းမရှိ၊ လူတိုင်း၏မက်ဆေ့များကို အကြောင်းပြန်ရန် ဖုန်းတစ်လုံးကို အိတ်ကပ်ထဲ အချိန်ပြည့်ထည့်ထားရန်လည်း မလိုအပ်ပေ။ အလွန်ကောင်းပေသည်။
ရိုက်ကူးရေးပြီးနောက် ယွမ်ယယ် အရင်တစ်ခေါက်ကလို အိမ်သို့တိုက်ရိုက်ပြန်သွားခဲ့ပြီး ဖန်းရှောက်ယိက ရုပ်ရင်ရိုက်ကွင်းသို့ ပြန်သွားခဲ့သည်။ ရိုက်ကူးရေးတစ်ကြိမ်ပြီးတိုင်း ယွမ်ယယ် သူ့ဘဝတစ်ဝက်လောက် အလဟဿဖြစ်သွားသလိုခံစားခဲ့ရပြီး ပြန်လည်သက်သာလာဖို့ နှစ်ရက်လောက် အချိန်ယူရပေ၏။ သို့သော် ယခုတစ်ကြိမ်တွင် နောက်ဆယ့်နှစ်ရက်ကြာမှ ရိုက်ကူးရေးပြန်စမည်ဖြစ်ရာ နားချိန်ပိုရသည်။
ဒီကြားထဲတွင် ယွမ်ယယ် အပြည့်အဝအနားယူခဲ့သည်။ တစ်ရက်မှာတော့ တူညီသောရုပ်သံဌာနအတွက် အစီအစဥ်ရိုက်ကူးရန် သွားရမည်ဖြစ်သည်။ ၎င်းသည် ပရိုမိုရှင်းပွဲတစ်ခုဖြစ်ပြီး သူ၏စာချုပ်ထဲတွင်လည်း ပါဝင်ပေ၏။ အနည်းဆုံး စုံတွဲတစ်တွဲကို တစ်ဦးတက်ရောက်ရမည်ဖြစ်ရာ ယွမ်ယယ်ကပဲ တာဝန်ယူလိုက်သည်။
ယွမ်ယယ် ဤအနားယူချိန်ကို အသုံးချကာ သူ့မိဘများ၏နေရာသို့ ပြန်သွားခဲ့သေးသည်။ သူ့အမေက သူ့ကိုမြင်သောအခါ ပထမဆုံးပြောလာသည်မှာတော့...
"အိုး ဘုရားရေ။ မင်း ဘယ်လိုလုပ် ကိုယ်အလေးချိန်တွေဒီလောက်ကျသွားရတာလဲ။"
ယွမ်ယယ် ရယ်မောရင်း သူ့အမေ၏ပခုံးကိုပုတ်လိုက်သည်။ "ကျွန်တော်ကိုတွေ့တိုင်း ဒီစကားကိုပဲ ထပ်ကာထပ်ကာ မပြောလို့မရဘူးလား။"
သူလျှောက်သွားလိုက်သော်လည်း သူ့အဖေကို မတွေ့ရပေ။ ယွမ်ယယ်သည် အသံကျယ်ကျယ်ဖြင့် အိမ်ထဲသို့ လှမ်းအော်လိုက်၏။ "ပါမောက္ခယွမ်အန်းဖင်က ဘယ်မှာလဲဗျို့။"
သူ့အဖေ၏အသံမှာ လသာဆောင်မှ ထွက်လာပြီး သူ့ကို ဆူလာခဲ့သည်။ "မင်းရဲ့အသံက ဒီကနေ နှစ်ကီလိုမီတာအကွာကနေတောင်ကြားရတယ်။"
ယွမ်ယယ် ပြုံးပြုံးရွှင်ရွှင်လမ်းလျှောက်လာပြီး သူ့အဖေမွေးထားသည့်ငှက်ကလေးများကို စနောက်ရင်း မေးလိုက်။ "ဒီနေ့အတန်းမရှိဘူးလား ပါမောက္ခယွမ်?"
ပါမောက္ခက ပြန်ဖြေခဲ့သည်။ "နေ့တိုင်းသင်ကြားဖို့လိုတဲ့ အတန်းတွေအများကြီးယူပြီး ဘာလုပ်ရမှာလဲ။ တစ်ပတ်မှာ နှစ်တန်းပဲရှိတယ်။"
ယွမ်ယယ်ငယ်စဥ်က မိဘများသည် သူ့ကိုအမြဲစိုးရိမ်နေခဲ့ကြသော်လည်း ယခုအသက်အရွယ်ရလာသည့်အခါ သူ့အတွက် စိတ်မပူကြတော့ပေ။ အသက်သုံးဆယ်ကျော် အရွယ်ရောက်ပြီးသူက သူ့ကိုယ်ပိုင်ဘဝနှင့်သူရှိပြီး အခြားသူများက သူ့အတွက် စိတ်ပူစရာမလိုပေ။ ယွမ်ယယ် ဖန်းရှောက်ယိနှင့် ကွာရှင်းပြတ်စဲမှုကို ဖုံးကွယ်ထားခြင်းမရှိပေ။ သူ၏မိဘများက သူ့ကိုတားရန်ကြိုးစားခဲ့သော်လည်း နောက်ဆုံးမှာတော့ ကွာရှင်းခဲ့ကြသည်သာ။
သို့သော် ထိုဇနီးမောင်နှံက သူ့ကို ဘာမှမပြောခဲ့ကြပေ။ သူတို့က ယွမ်ယယ်၏ဒဏ်ရာကို မပုတ်ခတ်ခြင်းသလို ဆားလည်းမဖြူးဘဲ 'တွေ့လား၊ မင်းနောင်တရလိမ့်မယ်လို့ ငါတို့ပြောပါတယ်' ဟုလည်း မပြောခဲ့ပေ။ သူတို့က ပြန်အစမဖော်ခဲ့ချေ။
ယွမ်ယယ်၏အကျင့်စရိုက်သည် ငယ်ငယ်ကတည်းက ဤကဲ့သို့ဖြစ်၏။ သူဆုံးဖြတ်ပြီးသားကိစ္စတစ်ခုကို မည်သူကမျှ မပြောင်းလဲနိုင်ပေ။ ရလဒ်ကမည်သို့ဖြစ်စေ ဘယ်တော့မှ ညည်းညူခြင်း သို့မဟုတ် အသံထွက်ခြင်း မရှိခဲ့ပေ။
"ဒီတစ်ခါ ဘယ်ကိုသွားခဲ့ရတာလဲ။" ညစာစားရင်း သူ၏အမေက မေးလာ၏။"
ယွမ်ယယ်: "မွန်ဂိုလီးယားပြည်တွင်း။"
"ဘယ်အချိန် TV မှာ လွှင့်မှာလဲ။ မားလည်းကြည့်ချင်တယ်။"
ယွမ်ယယ်သည် ပြုံးလျက် ခေါင်းရမ်းလိုက်၏။ သူသည် သူမအား ဟင်းခပ်ထည့်ပေးလိုက်သည်။ "မေ့လိုက်ပါ၊ မကြည့်ပါနဲ့။ အဲ့ထဲမှာ ကျွန်တော်က အရမ်းတုံးလွန်းတယ်။ အဲ့တာကိုကြည့်ပြီးသွားရင် မား ကျွန်တော့်ကို မှတ်မိနိုင်မှာ မဟုတ်တော့ဘူး။"
"ဒါဆို မင်းက ပုံမှန်ဆို ငတုံးတစ်ယောက်မဟုတ်ဘူးလို့ ထင်နေတာပေါ့?" သူ၏မိခင်ကရယ်လျက်: "မင်းက ဒီလောက်နှစ်တွေကြာတဲ့ထိ တုံးအနေတာပဲ။ မားကျင့်သားရနေပါပြီ။"
ယွမ်ယယ် ခဏလောက်ရပ်လိုက်ပြီးနောက် ပြောလိုက်သည်။ "အဲ့လိုမျိုးမဟုတ်ဘူး။ အဲ့ဒါက သိက္ခာမရှိတာမျိုး။"
သူ၏အဖေက တစ်ချက်ကြည့်ကာ တုံ့ပြန်လာ၏။ "မင်း သွားချင်နေတုန်းပဲလား။"
ယွမ်ယယ်က ရယ်လိုက်သည်။ "ကျွန်တော် စာချုပ်ချုပ်ထားပြီးပြီ။ ကျွန်တော် သဘောတူထားတော့ သွားရမှာပဲ။ ပြီးတော့ ပိုက်ဆံကလည်း တော်တော်များတယ်။ ဒါကို ဘာလို့ကျော်သွားရမှာလဲ၊ ဟုတ်တယ်မလား။"
သူ့အဖေက ထိုအကြောင်းကို ဆက်မပြောတော့ပေ။ "လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်လုံး မင်းဘဝမှာ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်စေမဲ့အရာတွေပဲ လုပ်ခဲ့တယ်။ အနာဂတ်မှာလည်း အဲ့လိုပဲ နေသွားနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ မင်းကို ပျော်ရွှင်ရစေချင်တယ်။ ဒါပေမဲ့ ဘဝမှာ ပျော်စရာတွေချည်းပဲလည်းမရှိနိုင်ဘူး။ လူတိုင်း ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ရတယ်။ မင်းရဲ့နှလုံးသားနောက်ကိုလိုက်ပါ။ အမှန်တရားကိုမြင်ပြီး ကိစ္စတွေကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်လာလိမ့်မယ်။ ငါတို့ ဒီထပ်ပိုပြီး မပြောနိုင်တော့ဘူး။"
ယွမ်ယယ် ခဏတာ အေးခဲသွားခဲ့၏။ ထို့နောက် သူ့အဖေကို အပြုံးလေးဖြင့် ကြည့်လိုက်သည်။ သူ အရက်မသောက်ထားဘဲ ဖျော်ရည်တစ်ခွက်သာ သောက်နေပြီး သူ့အဖေကိုလည်း ဖျော်ရည်တစ်ခွက်ငှဲ့ထည့်ပေးကာ ခွက်ချင်းတိုက်လိုက်သည်။ ထို့နောက် သူ တစ်ငုံသောက်လိုက်၏။ သူ့အဖေမှာ သူ့ကို ထူးဆန်းသည်ဟုထင်နေသော်လည်း နောက်ဆုံးတော့ သောက်လိုက်ပေသည်။
"မင်း ပုံမှန်အတိုင်းပဲ စားစမ်းပါ။" သူ့ဖခင်က ဆူလိုက်သည်။ "စိတ်ရှုပ်စရာကောင်းတယ်။"
"ကျွန်တော်က စိတ်ရှုပ်စရာကောင်းတယ်ဆိုရင် ဘာလို့သောက်လိုက်တာလဲ။" ယွမ်ယယ်က စနောက်လိုက်၏။ သူ ပါမောက္ခယွမ်၏ တင်းမာသော်လည်း နူးညံ့သောမျက်နှာအမူအရာကို နှစ်သက်ပေသည်။
အမှန်တကယ်တော့ ယွမ်ယယ်က အရမ်းမတင်းကျပ်သောပတ်ဝန်းကျင်တွင် ကြီးပျင်းလာခဲ့ရသည်။ သူ့မိဘများက သူ့ကို လွတ်လွတ်လပ်လပ်ကြီးပျင်းလာစေခဲ့ပြီးသူတို့က သူ၏အပြုအမူများ၊ လှုပ်ရှားမှုများကို ထိန်းချုပ်မထားပေ - သူတို့ထိန်းချုပ်လျှင်လည်း သူက နားမထောင်ချေ။ နင်းလု၊ ကွမ်းကျိုးတို့နှင့် ယှဥ်ရလျှင် သူ့မိသားစုက ထိန်းချုပ်မှုအနည်းဆုံးဖြစ်၏။ နင်းလုငယ်ငယ်က ခါးပတ်နှစ်ခုပျက်စီးသွားတဲ့အထိ သူ့အဖေရိုက်တာကို ခံခဲ့ရဖူးသည်။ ကွမ်းကျိုးက ထိုမျှမဆိုးသော်လည်း သူ့မိသားစုက သူ့အပေါ် အရမ်းတင်းကျပ်ပေသည်။ သူ နေ့တိုင်း အပိုအတန်းချိန်များ တက်ခဲ့ရသည်။
ယွမ်ယယ်တစ်ယောက်တည်းကသာ တစ်နေ့လုံး လျှောက်ပတ်ကစားနေခဲ့၏။ သို့သော်လည်း သူ၏အဆင့်က အကောင်းဆုံးဖြစ်ပြီး လုံးဝအကျိုးကြောင်းမသင့်ပေ။
မူလက အစီအစဥ်ကို နောက်လထိ ထုတ်လွှင့်ရန် အစီအစဥ်မရှိသေးသော်လည်း ထိုချန်နယ်တွင်ပြသနေသော အခြားအစီအစဥ်တစ်ခုက မမျှော်လင့်ထားသောပြဿနာတစ်ခုဖြစ်ခဲ့သည်။ ထိရှလွယ်သောအကြောင်းအရာများကြောင့် ထိုအစီအစဥ်မှ ဧည့်သည်တစ်ဦးကို ဖယ်ထုတ်ခဲ့ရ၏။ အစိုးရကလည်း ထိုအစီအစဥ်ကို ထုတ်လွှင့်မှုရပ်ဆိုင်းရန် အမိန့်ပေးခဲ့သည်။ ထုတ်လုပ်ရေးအဖွဲ့သားများမှာ ပထမဆုံး ထိုအစီအစဥ်ကို ရုပ်သိမ်းကာ သူတို့၏အစီအစဥ်နှင့် အစားထိုးခဲ့၏။ နောက်တစ်ဆင့်အနေဖြင့် ထိုဧည့်သည်၏နေရာအတွက် အခြားတစ်ယောက်ယောက်ကိုရှာကာ အစားထိုးရမည်ဖြစ်သည်။
ထို့ကြောင့် လွန်ခဲ့သောရက်အနည်းငယ်အတွင်း ၎င်းတို့ရိုက်ကူးထားခဲ့သော အကြိုဓါတ်ပုံအချို့က လိုင်းပေါ်တွင် ရုတ်ချည်းပေါ်လာခဲ့သည်။ ၎င်းတို့ကို စုံတွဲတစ်တွဲစီအလိုက် ထုတ်ဝေခြင်းဖြစ်၏။ ယင်းက ဖန်းရှောက်ယိနှင့် ယွမ်ယယ်တို့၏ ပထမဆုံးရသစုံရှိုးဖြစ်ရာ သူတို့အကြောင်းမှာ လူပြောအများဆုံးဖြစ်ခဲ့သည်။
နောက်ပိုင်းတွင် ထုတ်လုပ်ရေးအဖွဲ့က ပရိုမိုးရှင်းဆင်းရန် ဗီဒီယိုအတိုလေးများကို Weibo ပေါ်တွင် တင်ခဲ့ကြသည်။ ၎င်းတို့အားလုံး မူရင်းပို့စ်ကို ပြန်မျှဝေရန် လိုအပ်၏။ ယွမ်ယယ် သူ၏ Weibo အကောင့်ကို ကျီရှောင်ထောင်းဆီပေးလိုက်ပြီး သူ့အား ကိုင်တွယ်ရန် အပ်နှံလိုက်တော့သည်။ သူ ထိုအရာမျိုးကို ကိုယ်တိုင်လုပ်ရမှာအလွန်ပျင်းပေသည်။
အစပိုင်းတွင် ယွမ်ယယ် အကုန်လုံးကို အကြမ်းဖျင်းလောက်တော့ ကြည့်ခဲ့သေး၏။ နောက်ပိုင်းတွင်မူ ထပ်မကြည့်တော့ပေ။
တစ်ရက်တွင် သူ နင်းလုအပါအဝင် အခြားသူများနှင့် group chat ထဲတွင် စနောက်ကာ စကားစမြည်ပြောနေစဥ် ရုတ်တရက် ဖုန်းဝင်လာခဲ့၏။ ခေါ်ဆိုသူအမည်ကို မြင်လိုက်ရသော် ယွမ်ယယ် မျက်ခုံးများပင့်တက်သွားခဲ့သည်။
"ဟေး၊ CEO ကန်း?" ယွမ်ယယ် ဖုန်းပြန်ဖြေကာ နှုတ်ဆက်လိုက်၏။
ခေါ်ဆိုသူမှာ ယခင်က ဖန်းရှောက်ယိ၏မန်နေဂျာ ကန်းကျင့်ဝေပင်။ ယခုလက်ရှိမှာ သူက ဖန်းရှောက်ယိ၏ ရုပ်သံဌာနမှာ အကြီးအကဲဖြစ်သည်။ ဖန်းရှောက်ယိ ဆယ်ကျော်သက်အရွယ်ကတည်းက ဘွဲ့ရသည်အထိ ဖန်းဟန်ရွေးချယ်ပေးခဲ့သူဖြစ်သော ကန်းကျင့်ဝေ၏ စီမံခန့်ခွဲမှုအောက်တွင် လုပ်ကိုင်ခဲ့သည်။ ဖန်းဟန်၏ရွေးချယ်မှုက မမှားယွင်းခဲ့ပေ။ သူက လူတော်တစ်ယောက်ဖြစ်ပြီး ဤနယ်ပယ်ထဲတွင် ရွှေအဆင့်မန်နေဂျာတစ်ဦးလည်းဖြစ်လာခဲ့သည်။ သို့သော်လည်း သူနှင့် ယွမ်ယယ်၏ဆက်ဆံရေးက သာမန်မျှသာ။ သူတို့က အဆင်ပြေကြသော်လည်း ယွမ်ယယ်နှင့် ကျီရှောင်ထောင်းတို့ရင်းနှီးသလောက်တော့ မဟုတ်ပေ။
ကန်းကျင့်ဝေက အပြစ်ကင်းသော အဖြူရောင်ယုန်ကလေး ကျီရှောင်ထောင်းနှင့်မတူချေ။ သူသာ ထိုကဲ့သို့စရိုက်မျိုးရှိပါက မန်နေဂျာတစ်ယောက် ဖြစ်လာနိုင်မည်မဟုတ်။
ဤနှစ်များအတွင်း ဖန်းရှောက်ယိက ဆိုးရွားသောရုပ်ရှင်များ၏ ဇာတ်ဆောင်နေရာကို လက်မခံခဲ့ပေ။ ထိုအစား သူက အရည်အသွေးမြင့်သည့် ဇာတ်ညွှန်းများကို အဆက်မပြတ်ရယူနိုင်ခဲ့သည်။ သူက ဖန်းဟန်၏သားဖြစ်ပြီး အမှန်တကယ် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သည်ဆိုသောအချက်အပြင် ကန်းကျင့်ဝေက ထိုကဲ့သို့အရင်းအမြစ်များနှင့် အဆက်အသွယ်ရယူကာ ထိန်းသိမ်းထားနိုင်ခြင်းကြောင့်လည်း တစ်ချက်အပါအဝင်ဖြစ်၏။ သူက ဤနယ်ပယ်တွင် မည်ကဲ့သို့အောင်မြင်အောင်လုပ်ရမည်ကို အတိအကျသိပေသည်။
သူနှင့် ယွမ်ယယ်တို့ တစ်ယောက်နှင့်တစ်ယောက် သီးသန့်ဆက်သွယ်သည်မှာ ရှားပေ၏။ ယွမ်ယယ် သူ့ဆီကနေ ဖုန်းခေါ်ဆိုမှုကို တစ်ခါမှ လက်ခံရရှိခြင်းမရှိခဲ့ဖူးပေ။ ထို့ကြောင့် ယခု အနည်းငယ် အံ့သြနေခဲ့သည်။
ကန်းကျင့်ဝေက သူ့ကို နှုတ်ဆက်လာသည် : "မတွေ့တာကြာပြီ ယယ်တိ*။"
[TN/ယယ်တိ = ညီလေးယယ်]
ထိုလု့မှာလည်း ဆေးလိပ်သောက်သူ၏ လည်ချောင်းမျိုးရှိသည်။ သူ့အသံက အလွန်ကြမ်းရှပြီး အသံနက်နက်ဖြစ်နေသည်။ ယွမ်ယယ်က ပြောလိုက်သည်။ "အတော်ကိုကြာပြီပဲ။ ဘာကိစ္စရှိလို့လဲ CEO ကန်း?"
"ငါ့ဖင်ကြီး CEO ပါလား။" တစ်ဖက်လူက ရယ်မောကာ ဆူလာခဲ့သည်။ "ကန်းကောတော့လုပ်ပါကွာ။ မင်းတို့နှစ်ယောက်ကွာရှင်းထားတာနဲ့ ငါ့ကို ကောလို့တောင် မခေါ်တော့ဘူးလား။ အဲ့လိုဆို ငါက မင်းကို ယွမ်လောင်ရှီးလို့ခေါ်ရမဲ့သဘောပဲမလား။"
"ဟားဟားဟား၊ ကျွန်တော်က နောက်တာပါ။" ယွမ်ယယ်ကပြောလိုက်သည်။
ကန်းကျင့်ဝေက တစ်ခုခုမဖြစ်ဘဲ ဖုန်းခေါ်တတ်သည့်လူမျိုးမဟုတ်ပေ။ သို့သော်လည်း ကြီးကြီးမားမားမဟုတ်ဘဲ ယွမ်ယယ်ကိုမေးလာသည်။ "လွန်ခဲ့တဲ့နှစ်ရက်က လိုင်းသုံးသေးလား။ တစ်ယောက်ယောက်က မင်းတို့ကွာရှင်းထားတဲ့အကြောင်း ပြောနေတယ်။ မင်းတွေ့မိသေးလား။"
ယွမ်ယယ်က မျက်မှောင်ကြုတ်လိုက်၏။ "ဘယ်လို? ကျွန်တော်မကြည့်ရသေးဘူး။"
"စိတ်မပူပါနဲ့၊ ပို့စ်တစ်ခုတည်းပါ။ နောက်ကျ တစ်ယောက်ယောက်ကိုဖျက်ခိုင်းလိုက်မယ်။" ကန်းကျင့်ဝေက ဆက်ပြောလာ၏။ "တကယ်တော့ ငါ အဲ့အကြောင်းကို ပြောမလို့မဟုတ်ဘူး။ မင်းကို မေးချင်တာရှိလို့ ယယ်တိ။"
ယွမ်ယယ်သည် 'အမ်း'ဟု အသံပြုကာ ပြောလိုက်သည်။ "မေးပါ။"
ကန်းကျင့်ဝေက မေးလာသည်။ "မင်းနဲ့ ဖန်းရှောက်ယိနဲ့ကြားက အခြေအနေကို မင်းဘယ်လိုတွေးလဲ။"
ထိုမေးခွန်းက အလွန်တိုက်ရိုက်ဆန်လွန်း၏။ ယွမ်ယယ်၏ဦးနှောက်ထဲ တစ်စုံတစ်ခုဝင်လာခဲ့သည်။ ထို့နောက် သူပ ရယ်မောလျက် ပြန်ပြောလိုက်၏။ "ကျွန်တော်ဘယ်လိုတွေးလဲ? ကျွန်တော်ဘယ်လိုမှ မတွေးဘူး။ ကောတို့ပြောဖို့လိုသလို ပြောလိုက်လို့ရပါတယ်။ ကျွန်တော့်အတွက် ကိစ္စမရှိဘူး။ အဲ့ဒါက နောင်တစ်ချိန်မှာ တကယ်ပဲ လူသိရှင်ကြားဖြစ်လာမယ်ဆိုရင်... ဖန်းရှောက်ယိအတွက် တတ်နိုင်သမျှ အကျိုးဆက်နည်းတာကိုပဲ လိုချင်တယ်။ ကောတို့ ကျွန်တော် ဖောက်ပြန်ခဲ့တယ်လို့ပြောလိုက်လို့လည်းရတယ်။ ကျွန်တော်က ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်။"
ကန်းကျင့်ဝေက ဖုန်းဖြင့် ယဥ်ကျေးစွာပြောနေဖို့ကို စိတ်မဝင်စားပေ။ သူသည် ဆဲရေးလိုက်၏။ "ငါ မင်းတို့ရှုပ်နေတဲ့အရာတွေကို မဖြေရှင်းနိုင်တော့ဘူး။ ကန်းကောက အသက်ကြီးနေပြီကွာ။ ငါ မင်းတို့ကို ဒီရှိုးကိုလက်မခံဖို့ပြောခဲ့ပေမဲ့ မင်းတို့နှစ်ယောက်လုံးက ရိုက်ချင်နေခဲ့ကြတာ။ မင်းတို့ကွာရှင်းပြီး ဒီရှိုးကိုဆက်ရိုက်နေတာ မင်းတို့ လူတိုင်းကို အရူးတွေလို ဆက်ဆံနေတာပဲမဟုတ်ဘူးလား။ အမှန်တရားသာထွက်ပေါ်လာရင် ဘယ်သူကမှ အလွယ်တကူလွှတ်ပေးမှာမဟုတ်ဘူး။"
"ကျွန်တော် အဲ့ဒါကို စဥ်းစားပြီးပါပြီ" ယွမ်ယယ်က ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး လက်ထဲမှ ဖုန်းကို ညှစ်ကိုင်ထားသည်။ သူသည် မျက်လုံးများမှိတ်၍ ဦးခေါင်းကို ဆိုဖာပေါ်သို့ နောက်လှန်မှီလိုက်၏။ "အဲ့လိုနေ့အမှန်တကယ်ရောက်လာပြီဆိုရင်... ကျွန်တော်ပဲ အပြောအဆိုခံလိုက်မယ်။ ကွာရှင်းပြတ်စဲရတာက ကျွန်တော်ကြောင့်ပဲ၊ ရှိုးမှာ ဆက်ရိုက်ချင်တာကလည်း ကျွန်တော်ပဲ။ အသေးစိတ်ကတော့ ကျွန်တော်ပြောစရာမလိုလောက်ပါဘူး။ ကောမှာ ကျွန်တော်ထက် ပိုကောင်းတဲ့အကြံရှိမှာ သေချာတယ်။ အဲ့နေ့ကျ ကျွန်တော့်အတွက် စိုးရိမ်စရာမလိုပါဘူး ကန်းကော။ ကျွန်တော်က သရုပ်ဆောင်မဟုတ်ဘူး၊ ကောတို့ရဲ့ ဖျော်ဖြေရေးနယ်ပယ်ကလူလည်း မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ဂရုမစိုက်ဘူး။"
"မင်း ဖန်းရှောက်ယိကို နားမလည်ဘူးလား။" ကန်းကျင့်ဝေက အေးစက်စက်ရယ်လိုက်၏။ "သူက အဲ့လိုလူမျိုးလား။"
"သူကမဟုတ်ပေမဲ့ ကောကဟုတ်တယ်လေ။" ယွမ်ယယ်က ရယ်လိုက်လေသည်။ ထို့နောက် ဆက်ပြောလိုက်၏။ "တကယ်ပြောတာ၊ ကျွန်တော် ဘာကိုမှမကြောက်ဘူး။ ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်။ ကျွန်တော်က စားသောက်ဖို့အတွက် ကျွန်တော့်ရဲ့ဘောပင်ပေါ် မှီခိုနေရတဲ့သူတစ်ယောက်ပါ။ မပွေမရှုပ်တဲ့စာရေးဆရာက ဘယ်လောက်ရှိမှာမို့လဲ။ ဟုတ်တယ်မလား ကန်းကော။"
ကန်းကျင့်ဝေက ထိုစကားဝိုင်းကို ဆက်မပြောတော့ပေ။ "ဒီအကြောင်းကို နောက်မှ ထပ်ပြောရအောင်။ ဘာမတော်တဆမှ မရှိဘူးဆိုရင် အဲ့ဒါက ဖော်ထုတ်ခံရမှာ မဟုတ်ပါဘူး။ အဲ့လိုဆိုရင်တောင် ငါ ထိန်းချုပ်ထားနိုင်သေးတယ်။ မင်းတို့နှစ်ယောက်နဲ့တော့ ငါ မကြာခင်သေရတော့မှာပဲ။"
ယွမ်ယယ် ထပ်မံရယ်မောလိုက်ပြန်၏။ စကားအနည်းငယ်ပြောပြီးနောက် ဖုန်းခေါ်ဆိုမှုအား အဆုံးသတ်လိုက်၏။
ယွမ်ယယ် မျက်လုံးများမှိတ်ကာ နောက်သို့မှီထားလျက် မျက်ခုံးနှစ်ခုကြားနေရာကို နှိပ်နှယ်နေခဲ့သည်။ ခဏအကြာတွင် ဖုန်းကိုကောက်ယူလိုက်ပြီး Weibo ထဲသို့ ဝင်ခဲ့လိုက်သည်။
အင်တာနက်အသုံးပြုသူများက သူနှင့် ဖန်းရှောက်ယိတို့၏ အချစ်ရေးသမိုင်းကြောင်းကို အကျဉ်းချုပ်စတင်ရေးသားနေကြပြန်သည်။ အရင်က အခြားသူများလည်း ထိုအကြောင်းကို တင်ခဲ့ဖူးသည်။ ယခုတွင် ထိုပို့စ်များကို ထပ်မံတူးဆွနေခဲ့ကြ၏။ အချို့သောအရာများက အခြားသူများ၏မှတ်ချက်ကိုဖတ်ရုံဖြင့်ပင် နွေးထွေးနူးညံ့သိမ်မွေ့စေခဲ့သေးသည်။
ယွမ်ယယ် ဗီဒီယိုတစ်ခုကို ဖွင့်လိုက်သည်။ ၎င်းမှာ ဖန်းရှောက်ယိ သူ၏ပထမဆုံး ရုပ်ရှင်ဧကရာဇ်ဆုကို အနိုင်ရသည့်နေ့ကဖြစ်၏။
ထိုဗီဒီယိုမှာ အတော်လေးကြာနေလေပြီ။ အရည်အသွေးမမြင့်သော်လည်း ယွမ်ယယ် ဖန်သားပြင်၏အလယ်တည့်တည့်တွင် အလွန်အမင်း တောက်ပစွာရပ်နေသောလူကို ရှင်းရှင်းလင်းလင်းမြင်နေရဆဲပင်။ ဖန်းရှောက်ယိက အနောက်တိုင်းဝတ်စုံကို ဝတ်ထားသည်။ သူက ဆုတံဆိပ်ကိုကိုင်ထာလျက် ထိုနေရာ၌ရပ်နေပြီး အလွန်ချောမောနေ၏။ ထိုအချိန်က...
"ဒါရိုက်တာနဲ့ ရုပ်ရှင်အဖွဲ့သားတွေကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ရှောင်ဖန်းနဲ့အတူ သရုပ်ဆောင်ခဲ့ကြတဲ့ စီနီယာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ လောင်ရှီးတို့က ကျွန်တော့်ကို အများကြီး ရင့်ကျက်စေခဲ့တာပါ။ ကျေးဇူးတင်ပါတယ်။"
ထိုသို့ပြောပြီးနောက် သူက လက်ထဲကဆုတံဆိပ်ကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် ၎င်းကို ဝှေ့ယမ်းကာ အာရုံစူးစိုက်ပြီး ညင်သာသောအကြည့်ဖြင့် ပြုံးလျက်ပြောလိုက်သည်။ "ကျွန်တော် ဒီဆုကို ကျွန်တော်ရဲ့ ချစ်ရသူ ယွမ်ယယ်ကိုပေးချင်ပါတယ် - မျောက်ကလေးယယ် မွေးနေ့မှာ ပျော်ရွှင်ပါစေ။"
*****