"အမ်း?"
ဖန်းရှောက်ယိ ဖုန်းပြန်ဖြေလိုက်သည့်အသံမှာ တကယ်ကို ဆွဲဆောင်မှုရှိပေသည်။ သူ၏အသံက နက်ရှိုင်းသော်လည်း အဆုံးသတ်တွင် သူ၏လေသံကို ညင်သာစွာပြောင်းလဲလိုက်၏။ ၎င်းအသံကိုသာ အခြားသူများကြားမိပါက စွဲလမ်းသွားနိုင်ပေသည်။
ယွမ်ယယ်၏အသံက ဖုန်းတစ်ဖက်ကနေ ထွက်လာ၏။ သူက ခေါ်လာခဲ့သည်။ "ယိကော?"
ဖန်းရှောက်ယိက အသံပြုလိုက်ပြီးနောက် မေးလိုက်၏။ "ဘာကိစ္စရှိလို့လဲ။"
ကျီရှောင်ထောင်းမှာ မယုံနိုင်လောက်အောင် အလိုက်သိပေသည်။ သူက ဖန်းရှောက်ယိ၏ရှပ်အင်္ကျီကိုဆွဲလှန်ကာ သူ၏ပခုံးပေါ် အကြောကပ်ပလာစတာကပ်ပေးလိုက်သည်။ ထို့နောက် နွေးထွေးစေရန် အပြင်မှ အပူပေးအိတ်တစ်ခုကို ထည့်လိုက်၏။ အကုန်လုပ်ပြီးနောက် သူက လက်ဟန်အမူအရာဖြင့် ဖန်းရှောက်ယိကို သူ အခန်းထဲပြန်တော့မည်ဟုပြောကာ ထွက်သွားတော့သည်။
ယွမ်ယယ်က လည်ချောင်းရှင်းကာ ပြောလာသည်။ "ဘာမှမဟုတ်ပါဘူး၊ ဒီတိုင်း လတ်တလောဘယ်လိုအခြေအနေရှိလဲ မေးမလို့ပါ။"
၎င်းတို့နှစ်ဦးမှာ အချိန်အတော်ကြာ ဖုန်းမဆက်ခဲ့ကြပေ။ ဖုန်းမှတစ်ဆင့် ရိုးရှင်းသောစကားဝိုင်းလေးက ရင်းနှီးကျွမ်းဝင်သောခံစားချက်တို့ကို ပေးစွမ်းနေသည်။ သို့သော်လည်း ကြားထဲကတစ်နှစ်ကြောင့် ထိုရင်းနှီးကျွမ်းဝင်သော ခံစားချက်က အစစ်အမှန်မဟုတ်တော့သလိုပင်။ အလင်းရောင်က နွေးနွေးထွေးထွေးရှိလှပြီး ဖန်းရှောက်ယိ၏နှလုံးသားမှာ နူးညံ့သွားသလို ခံစားလိုက်ရ၏။ သူ၏အသံက ဖုန်းကိုဖြတ်ကာ နက်ရှိုင်း ချောမွေ့နေပြီး ယွမ်ယယ်ကို နှလုံးခုန်မြန်စေခဲ့သည်။ "ကိုယ် အဆင်ပြေပါတယ်။"
သူ ခေါင်းအုံးကိုကျောမှီလိုက်ချိန် ယွမ်ယယ်၏အမေးကို ကြားလိုက်ရ၏။ "မင်းတို့အခုရောက်နေတဲ့နေရာက အရမ်းအေးတယ်မလား။ ပခုံးကရော အဆင်ပြေရဲ့လား။"
"အင်း၊ အဆင်ပြေပါသေးတယ်။" ဖန်းရှောက်ယိက ပြောလိုက်သည်။
ယွမ်ယယ်တွင် ထိုဖုန်းခေါ်ဆိုမှုကိုပြုလုပ်ရန် အခြားသောအကြောင်းပြချက်မရှိပါချေ။ ၎င်းမှာ ကျီရှောင်ထောင်းပို့လိုက်သည့်ပုံလေးကြောင့် သူ၏နှလုံးသားထဲ လေးလံလာခဲ့ရသောကြောင့်ပင်။ သူက စိတ်ပူနေခဲ့သောကြောင့် ဖုန်းခေါ်ပြီး မေးလိုက်မည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။ မေးမြန်းပြီးနောက် နှစ်ယောက်လုံးမှာ ဘာမှပြောစရာမရှိကြတော့ပေ။ ၎င်းတို့နှစ်ယောက်လုံး ဘာပြောရမှန်းမသိဖြစ်နေ၏၊ သို့မဟုတ် ၎င်းတို့၏လက်ရှိအနေအထားအရ သူတို့ဘာပြောနိုင်မလဲဆိုတာကို အမှန်တကယ်မသိခဲ့ကြပေ။
ခဏတာ တိတ်ဆိတ်မှုကြီးစိုးသွားပြီးနောက် ဖန်းရှောက်ယိက အရင်စကားစလိုက်သည်။ "မင်း အခု ဘာတွေလုပ်နေလဲ။"
ပျော့ပျောင်းသောလေသံလေး။ ၎င်းအား နူးညံ့သည်ဟုပင် ယူဆလို့ရသည်။ ယွမ်ယယ်က ဖုန်းတစ်ဖက်ကနေ မသိစိတ်အရ သူ၏လက်ချောင်းလေးများဖြင့် ဖုန်းကိုကုတ်ခြစ်လိုက်မိသည်။ ထို့နောက် ပြန်ဖြေလိုက်၏။ "စာရေးနေတာ။"
ဖန်းရှောက်ယိက ထပ်မေးလိုက်သည်။ "ဘာရေးနေတာလဲ။"
ယွမ်ယယ်က ပြောလာ၏။ "အရင်တုန်းကရေးတဲ့ဟာပဲ။ အဲ့ဒါကို ဘယ်တော့မှ အဆုံးမသတ်နိုင်ခဲ့ဘူး။ သိပ်မကြာခင်က ပိုပြီးစိတ်အေးအေးချမ်းချမ်းရှိလာလို့ ပြန်ပြီးရေးနေတာ။"
ဖန်းရှောက်ယိက 'အင်း' ဟုအသံပြုလိုက်သည်။ ထို့နောက် ၎င်းတို့နှစ်ယောက်လုံး စကားထပ်မပြောပြန်တော့ပေ။ အချိန်အတော်ကြာတဲ့အထိ ဖုန်းထဲမှ ၎င်းတို့၏အသက်ရှူသံကိုသာ ကြားနေရသည်။ ထို့နောက် ယွမ်ယယ်၏ ကီးဘုတ်ပေါ်စာရိုက်သံတို့ ထွက်ပေါ်လာခဲ့သည်။ သို့သော် အံသြစရာကောင်းသည်မှာ မည်သူကမှ ဖုန်းချမည့်အကြောင်း မပြောခဲ့ကြပေ။ ဖန်းရှောက်ယိက လက်တစ်ဖက်ဖြင့် ဖုန်းကိုကိုင်ထားပြီး ယွမ်ယယ်က ဖုန်းကို နားနှင့်ပခုံးကြား ညှပ်ထား၏။ ၎င်းတို့နှစ်ယောက်လုံး အဘယ့်ကြောင့်ဖုန်းမချသေးကြောင်း ရှင်းရှင်းလင်းလင်းမသိနိုင်ပေ။ ဖြစ်နိုင်သည်မှာ ၎င်းတို့ဖုန်းချရန်မေ့သွားခြင်း သို့မဟုတ် ၎င်းတို့နှစ်ယောက်လုံး တစ်ဖက်လူ၏အသက်ရှူသံကို နားထောင်နေချင်၍သာ။
အချိန်အတော်ကြာပြီးနောက် ယွမ်ယယ်က လေသံတိုးတိုးလေးဖြင့် နူးညံ့စွာမေးလာ၏။ "အိပ်ပျော်နေပြီလား။"
ဖန်းရှောက်ယိက ပြန်ပြောလာသည်။ "ဟင့်အင်း။"
ယွမ်ယယ်တစ်ယောက် ချက်ချင်းထရယ်တော့သည်။ သူက ပြောလိုက်သည်။ "ငါက မင်းအိပ်ပျော်သွားပြီထင်နေတာ။ အရမ်းနောက်ကျနေပြီ ဘာလို့မအိပ်သေးတာလဲ။ မနက်ဖြန် ရိုက်ကူးရေးရှိသေးတယ်မလား။"
ဖန်းရှောက်ယိက မျက်လုံးများမှိတ်ထားပြီး သူ၏လည်စလုတ်က တစ်ချက်လှုပ်ခတ်သွား၏။ သူကလည်း ရယ်လိုက်ပြီးနောက် ပြောလိုက်သည်။ "ကိုယ်အိပ်မပျော်ဘူး။"
ယွမ်ယယ်၏စာရိုက်သံမှာ ချက်ချင်းရပ်တန့်သွား၏။ ဖုန်းတစ်ဖက်မှာ လုံးဝတိတ်ဆိတ်သွားခဲ့သည်။ ထို့နောက်ယွမ်ယယ်က လည်ချောင်းရှင်းကာ ခေါ်လိုက်သည်။ "ကော"
မီးခြစ်သံတစ်ချက်ကြားလိုက်ရသည်။ ယွမ်ယယ်က ဆေးလိပ်မီးညှိကာ မီးခိုးတချို့ကို မှုတ်ထုတ်လိုက်၏။ ဖုန်းကို လက်တစ်ဖက်ဖြင့်ကိုင်ထားပြီး ထိုင်ခုံအနောက်သို့မှီကာ ရုတ်တရက်ပြောလာခဲ့သည်။ "...တောင်းပန်ပါတယ်။"
ဖန်းရှောက်ယိ၏ မူလကမှိတ်ထားသောမျက်လုံးများမှာ ပြန်ပွင့်လာ၏။ "ဘာလို့တောင်းပန်နေတာလဲ။"
ယနေ့ညလေထုမှာ အလွန်ကောင်းမွန်ပြီး ဖန်းရှောက်ယိက အလွန်နူးညံ့နေသောကြောင့် ယွမ်ယယ်တစ်ယောက် ရုတ်တရက် ထိုသို့ပြောချင်လာခြင်းဖြစ်လောက်သည်။ ယွမ်ယယ်က ထိန်းချုပ်ထားခြင်းမရှိဘဲ နောက်ထပ်စီးကရက်တစ်ရှိုက်ဖွာလိုက်၏။ "ဘာလို့လဲဆိုတာ... ငါလည်းမသိဘူး။ ကိစ္စတွေအများကြီးအတွက်ဖြစ်လောက်မယ်။"
ဖန်းရှောက်ယိ၏စရိုက်အရ ထိုကဲ့သို့တုံ့ပြန်မှုမျိုးရလာလျှင် ပုံမှန်အားဖြင့် ထပ်မေးမည်မဟုတ်ပေ။ သို့သော် ယနေ့မှာတော့ အံ့အားသင့်စရာကောင်းစွာပင် သူ ဆက်ပြီးသိချင်လာခဲ့သည်။ "ဘယ်လိုမျိုးလဲ။"
ယွမ်ယယ်က ထိုနေရာတွင်ထိုင်ကာ ခပ်တိုးတိုးရယ်လိုက်၏။ ဖုန်းလိုင်းထဲမှ သူ၏ရယ်မောသံများက အချိန်နှင့်အမျှ ပင်ပန်းနွမ်းနယ်နေသော လူတစ်ယောက်၏ အသံကဲ့သို့ဖြစ်နေသည်။ "ဥပမာ ရှုပ်ထွေးခဲ့တဲ့ အဲ့ဒီနေကလိုမျိုးအတွက် ထင်တာပဲ။ ငါ ငါ့ပါးသပ်ကို မထိန်းနိုင်ခဲ့မိဘူး။"
ထိုကိစ္စပြီးနောက် သူတို့နှစ်ဦးကြားရှိလေထုက အနည်းငယ် ကြောင်တောင်တောင်ဖြစ်ခဲ့ရသည်။ သို့သော် ယခုတွင် ယွမ်ယယ်က ထိုအကြောင်းကိုပြောလာခဲ့ပြီးနောက် ထိုအဆင်မပြေမှုတို့မှာလည်း လွင့်စင်သွားတော့၏။ ဖန်းရှောက်ယိက ပြောလာသည်။ "အဲ့ဒါက မင်းရဲ့အမှားမဟုတ်ပါဘူး။ ကိုယ့်အပြစ်ပါ။"
"အိုင်း အဲ့ဒါကိုမေ့လိုက်တော့။" ယွမ်ယယ်က ရှေ့သို့ကိုင်းကာ ဆေးလိပ်ပြာများကို ခါလိုက်၏။ သူက ပြောလိုက်သည်။ "ငါတို့ အတူတူတောင်အိပ်ခဲ့ပြီးပြီပဲ။ ဘာလို့အဲ့အကြောင်းကို ပြောနေဦးမှာလဲ။ ငါတို့နှစ်ယောက်လုံး တော်တော်အရှက်မရှိတာပဲ။"
အရိုးသားဆုံးပြောရလျှင် ယနေ့မှာ ယွမ်ယယ်တစ်ယောက် အလွန်နူးညံ့နေသည်။ အတိုင်းအတာတစ်ခုအထိ သူ့ကိုယ်သူနှင့်တောင် သိပ်မတူတော့ပေ။ သူက နူးညံ့နေပြီး ဒေါသဘာညာလည်းမရှိချေ။ သူ၏ကိုယ်ကိုဖုံးထားသောအခွံများအား ဖယ်ခွာပြီးနောက် ၎င်းအောက်မှာ နူးညံ့သောအသားလေးများသာ ကျန်နေခဲ့တော့သလိုပင်။
ယွမ်ယယ်က ပြောလာသည်။ "သွားအိပ်တော့။ စောစောအနာယူပြီး ကျန်းမာရေးဂရုစိုက်ဦး။ မင်းက ငယ်တော့တာမဟုတ်ဘူး ယိကော။"
ဖန်းရှောက်ယိက ဖြေလိုက်၏။ "ကောင်းပါပြီ။"
ယွမ်ယယ်က ရယ်လိုက်ပြီး ညင်သာစွာပြောလာသည်။ "ဒါဆို အခုဖုန်းချလိုက်တော့မယ်နော်?"
ဖန်းရှောက်ယိက သူ့ကိုရယ်လိုက်၏။ ဖုန်းကိုဖြတ်၍ ထွက်ပေါ်လာသော သူ၏ရယ်သံက အတော်လေးနွေးထွေးနေခဲ့သည်။ "အင်း ဟုတ်ပြီ။"
ယနေ့ညဖုန်းခေါ်ဆိုမှုက သူတို့နှစ်ဦးလုံးအတွက် အတော်လေးကို မထင်မှတ်ထားစရာပင်။ ယွမ်ယယ်က ထိုပုံကိုမြင်ပြီးနောက် သူ၏ဦးနှောက်ထဲ တစ်စုံတစ်ခုက နှောင့်ယှက်နေခြင်းကြောင့် ဖုန်းခေါ်ခဲ့သည်။ ထိုဖုန်းခေါ်ဆိုမှုအတွင်း ဖန်းရှောက်ယိက သူ၏စိတ်ကို ပျော့ပျောင်းစေခဲ့၏။ ဖန်းရှောက်ယိ၏စိတ်သဘောထားကြောင့် ယွမ်ယယ် တစ်ဖက်လူကိုခေါင်းငုံ့ရန် အစပျိုးမှုယူခဲ့သည်။ ထိုဖုန်းခေါ်ဆိုမှုတစ်ခုလေးက ၎င်းတို့နှစ်ဦးလုံးကို အေးဆေးတည်ငြိမ်စွာ စကားပြောဆိုနိုင်စေခဲ့သည်။ ပြတ်သားသောမှတ်ချက်များ၊ လျှို့ဝှက်လှောင်ပြောင်မှုများ သို့မဟုတ် ကျယ်လောင်သော ငြင်းခုံမှုများ မရှိခဲ့ချေ။ ဖုန်းခေါ်မှုပြီးဆုံးသွားသောအခါ နှစ်ဦးစလုံး၏နှလုံးသားများက နွေးထွေးသွားခဲ့လေသည်။
နောက်တစ်နေ့မနက် ကျီရှောင်ထောင်း တံခါးကနေဝင်လာသောအခါ ဖန်းရှောက်ယိမှာ အိပ်ပျော်နေဆဲပင်။ ကျီရှောင်ထောင်းက မီးများဖွင့်လိုက်၏။ "ယိကော ထရမဲ့အချိန်ရောက်ပြီ။"
ဖန်းရှောက်ယိက မျက်မှောင်ကြုတ်ကာ ထထိုင်လိုက်သည်။ "သိပြီ။"
ကျီရှောင်ထောင်းတစ်ယောက် တစ်ဖက်လူ၏အဝတ်ကိုယူရန် သွားလိုက်သော်လည်း သူ၏အတင်းအဖျင်းကြိုက်သည့်သဘာဝကို မထိန်းထားနိုင်ခဲ့ပေ။ သူက ဖန်းရှောက်ယိကို အဝတ်များလှမ်းပေးရင်း မေးလိုက်၏။ "မနေ့ညက ဖုန်းခေါ်တော့ ယယ်ကောက ဘာပြောသေးလဲ။"
ဖန်းရှောက်ယိက သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ သူက ဘောင်းဘီဝတ်ကာ ရေချိုးခန်းဆီဦးတည်လိုက်ရင်း ပြောလာလေ၏။ "သူကမေးတယ်။ မင်းက ဒီရက်ပိုင်း ဘာလို့အရမ်းစိတ်ရှုပ်စရာကောင်းနေရတာလဲတဲ့။"
"....."
ကျီရှောင်ထောင်းတစ်ယောက် 'ကောက ဒီနေ့ စိတ်အခြေအနေကောင်းနေပုံပဲ၊ မနက်ခင်းမှာ အားအင်အပြည့်ပဲ။' ဟု သူ့ဘာသာသူ တွေးလိုက်မိသည်။
၎င်းတို့တွေ ရိုက်ကူးရေးကို ဖြည်းဖြည်းချင်းအဆုံးသတ်ရန်လိုအပ်နေဆဲပင်။ ဖန်းရှောက်ယိ၏မိတ်ကပ်မှာလည်း ရှောင်လွှဲလို့မရပေ။ အဝတ်ဗလာဖြင့် ၎င်းတို့က အရင်ဆုံးသွေးအတုများကို ထည့်ရသည်။ ဒဏ်ရာအတုများကို ပြုလုပ်ရသည်။ ထို့နောက် အဝတ်အစားများဝတ်ဆင်ပြီးသော်လည်း ထပ်ပြီးထည့်ရန် လိုအပ်နေဆဲပင်။ ရုပ်ရှင်ထဲတွင် သူက မျက်လုံးတစ်ဖက်ကွယ်နေ၏။ ထိုမျက်လုံးကို မိတ်ကပ်လိမ်းရန်မှာ အလွန်ခက်ခဲပေသည်။ ရုပ်ရှင်ထဲတွင် ဇာတ်လမ်းတွဲများလို အပေါ်ယံလိမ်းချယ်မှုမျိုးလောက် မလွယ်ကူချေ။ ရုပ်ရှင်ဇာတ်ကားများက အလွန်အသေးစိတ်ပြီး စံနှုန်းများလည်း မြင့်များလှသည်။ အသေးစိတ်အချက်အလက်များက အရေးကြီးဆုံးဖြစ်သည်။
နောက်ဆုံးအခန်းမှာ အလွန်ကြေကွဲဖွယ်ကောင်းသောရိုက်ချက်ဖြစ်၏။ အဓိကဇာတ်ကောင် သေခြင်း၊ မသေခြင်းအပြင် ၎င်းက တိုင်းပြည်တစ်ခုပြိုလဲပျက်စီးခြင်းဇာတ်ဝင်ခန်းဖြစ်နေသည်။ ၎င်းတို့ ထိုအခန်းကို ရိုက်ကူးလို့မပြီးမချင်း ဖန်းရှောက်ယိ၏စိတ်အခြေအနေက လေးလံနေရမည်ဖြစ်ပြီး သူ့ကိုယ်သူ ထိုထဲတွင် နစ်မြှုပ်ထားရမည်ဖြစ်သည်။ သူတို့ ရိုက်ကွင်းထဲရောက်လာပြီးနောက် မိတ်ကပ်လိမ်းရသည့်အချိန်က သူထိုဇာတ်ကောင်ထဲဝင်သွားရန်အတွက် လုံလောက်သောအချိန်ဖြစ်သည်။ အခြေခံအားဖြင့် သူ မိတ်ကပ်လိမ်းပြီးချိန်၌ ဖန်းရှောက်ယိက ဖန်းရှောက်ယိမဟုတ်တော့ပေ။ သူ အဝတ်လဲခန်းထဲမှ လျှောက်ထွက်လိုက်သည်နှင့် သူက ဇာတ်ကားထဲမှ မျက်လုံးတစ်ဖက်ကွယ်နေသည့် လှည့်လည်သွားလာသူသာ။
ထိုအခန်းကို သူ့အား မည်သူကမျှထပ်ရှင်းပြနေရန် မလိုအပ်တော့ပေ။ လက်ရှိတွင် ၎င်းတို့က သရုပ်ဆောင်များကြောင့် ပြဿနာများကြုံနေရခြင်းမဟုတ်ဘဲ တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြား ပူးပေါင်းလုပ်ဆောင်မှုနှင့် ကြိုတင်ခန့်မှန်း၍မရသောအခြေအနေတို့ကြောင့် ခရီးဖင့်နေရခြင်းဖြစ်သည်။
ကန်းကျင့်ဝေရောက်လာသောအခါ ဖန်းရှောက်ယိက ဒါရိုက်တာ၏ဘေးတွင်ထိုင်ကာ မော်နီတာမှ ပြန်လည်ပြသမှုကို ကြည့်ရှုနေခဲ့သည်။ ၎င်းတို့က အခုလေးတင် ဇာတ်ဝင်ခန်းတစ်ခုကို ရိုက်ကူးပြီးသော်လည်း ယင်းက မအောင်မြင်ခဲ့ပေ။ ဖောက်ခွဲရေးက ထင်ထားသလိုပြုလုပ်ချက်မျိုး မဖြစ်ခဲ့ဘဲ မြို့တံတိုင်းကမပေါက်ကွဲသွားခဲ့ချေ။
ဖန်းရှောက်ယိက မော်နီတာပေါ်ရှိ သရုပ်ဆောင်ငယ်လေးကို ညွှန်ပြ၍ ပေပြာလိုက်သည်။ "ရှောင်ဝေ့ရဲ့အမူအရာက မှားနေတယ်။ ကျွန်တော့်စကားတောင်မဆုံးသေးဘူး သူက စငိုနေပြီ။"
အနောက်မှ သရုပ်ဆောင်ငယ်လေးက ပြောလာ၏။ "ကျွန်တော့်မျက်လုံးထဲ ခဲသေးသေးလေးဝင်သွားလို့မို့ပါ၊ ကျွန်တော် ဒီထက်ပိုပြီး ထိန်းထားချင်ပါသေးတယ်။"
ဖန်းရှောက်ယိက သူ့ကိုပြောလိုက်သည်။ "နောက်တစ်ခါ အဲ့လိုအခြေအနေမျိုးကြုံရရင် မင်း 'cut' လို့အော်လိုက်လို့ရတယ်။ ဖောက်ခွဲတာမလုပ်ရသေးသရွေ့ ကိစ္စမရှိဘူး။ ကိုယ့်ကိုယ်ကို တွန်းအားမပေးနဲ့။ အဲ့လိုဆို မင်းရဲ့မျက်လုံးထိခိုက်သွားလိမ့်မယ်။"
"ကောင်းပါပြီ ရှောက်ယိကော။" တစ်ဖက်လူက အလျင်အမြန် ခေါင်းညိတ်လာခဲ့သည်။
ထိုစဥ် ကျီရှောင်ထောင်းက ဖန်းရှောက်ယိကို အော်ခေါ်လာ၏။ "ကော၊ ကန်းကော လာပြီ။"
ဖန်းရှောက်ယိက လှည့်ကြည့်လိုက်သည်။ ကန်းကျင့်ဝေက လူငယ်လေးတစ်ယောက်နှင့် လျှောက်လာကာ ဒါရိုက်တာနှင့် လက်ဆွဲနှုတ်ဆက်လိုက်၏။ "ဒါရိုက်တာရှင်း။"
ဒါရိုက်တာက ပြုံးလျက် သူ့ကို ပြန်နှုတ်တက်လိုက်သည်။ "အိုး၊ အလုပ်များတဲ့လူက ဒီရောက်နေတယ်လား။"
"မဟုတ်ပါဘူးဗျာ။" ကန်းကျင့်ဝေက သူ့ဘေးနားက လူငယ်လေးကို ရှေ့သို့တွန်းပို့ပြီး ဒါရိုက်တာကို ပြောလိုက်သည်။ "ကျွန်တော် စာချုပ်အသစ်လက်မှတ်ထိုးထားတဲ့ကလေးက လေ့ကျင့်မှုတစ်ချို့လိုအပ်နေလို့ပါ။"
လူငယ်လေးက စိတ်အခြေအနေကောင်းနေပုံပင်။ သူ၏ခန္ဓါကိုယ်အချိုးအစားက ကောင်းမွန်ပြီး သန့်စင်ကြည်လင်သော မျက်နှာလည်းရှိသည်။ သူ့ကိုကြည့်ရသည်မှာ အတော်လေးနှစ်လိုဖွယ်ကောင်းပေ၏။ သူက ယဥ်ယဥ်ကျေးကျေးဖြင့် ပြောလာခဲ့သည်။ "မင်္ဂလာပါ ဒါရိုက်တာ။" ထို့နောက် ဖန်းရှောက်ယိကို ခေါင်းညိတ်ပြလာ၏။ "မင်္ဂလာပါ ရှောက်ယိကော။"
ဒါရိုက်တာက ပြုံးကာ ချီးကျူးခဲ့သည်။ "မဆိုးပါဘူး၊ အနာဂတ်မှာအရည်အချင်းတွေထက်မြက်လာဖို့ အခွင့်အရေးတွေရအောင် သူ့ကို ငါ့ဆီပို့ပေးလိုက်ပါလား။"
လူငယ်လေးက သူ၏နှုတ်ခမ်းကို ဖွဖွလေးဖိရင်း ယဥ်ကျေးစွာပင် ပြန်ဖြေလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဒါရိုက်တာ။"
ကန်းကျင့်ဝေက အထူးတလည် လာလည်ခြင်းမဟုတ်ပေ။ ကွမ်တုံးသို့ခရီးသွားရင်း အပြန်တွင် ရိုက်ကွင်း၌ တစ်ရက်လောက် ခရီးနားလိုက်ခြင်းဖြစ်သည်။ ဒါရိုက်တာကိုနှုတ်ဆက်ပြီးနောက် ကန်းကျင့်ဝေက ဖန်းရှောက်ယိနှင့် စကားစပြောတော့သည်။ သူက ဘေးတွင်ရပ်နေသောလူငယ်လေးကို မေးငေါ့ပြလာ၏။ "မင်းကို သူ့အကြောင်း အရင်ကပြောဖူးတယ်လေ။ မင်း တွေ့ကြည့်ရအောင် သူ့ကိုခေါ်လာလိုက်တာ။"
ဖန်းရှောက်ယိမှာ မျက်လုံးတစ်ဖက်တည်းကိုသာအသုံးပြုနိုင်ပြီး အခြားတစ်ဖက်ကို ဖုံးထားဆဲဖြစ်၏။ သူက တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ "မဆိုးပါဘူး။ အခုလောလောဆယ်တော့ ဘာမှမပြောနိုင်သေးဘူး။ ကောက ဒီလိုကိစ္စတွေကို ကိုင်တွယ်ရမှာပဲ။"
ကန်းကျင့်ဝေက ပြောလိုက်သည်။ "ဒါရိုက်တာကျန်းရဲ့ရုပ်ရှင်အတွက် သူ့ကို မင်းနဲ့အတူခေါ်သွားစေချင်တယ်။ သူအရင်က တစ်ခါမှသရုပ်မဆောင်ဖူးဘူး။ သူ့ကို နည်းနည်းလောက် သင်ပေးလိုက်ပါ။"
ဖန်းရှောက်ယိက အသံပြုလိုက်၏။ "အဲ့မှာ လိုနေတဲ့ဇာတ်ကောင်နေရာတွေရှိသေးလားလို့ မေးပြီး သူတို့နဲ့ဆွေးနွေးကြည့်လိုက်။"
ကန်းကျင့်ဝေက ယခု အသက်လေးဆယ်ကျော်ရှိနေပြီဖြစ်သည်။ သူက များသောအားဖြင့် စတိုင်ပန့်နှင့် အဖြူရောင်ကော်လံပါတီရှပ်များကို ဝတ်ဆင်လေ့ရှိသည်။ ယခု အပြင်ဘက်တွင် အတော်လေးအေးနေရာ ကုတ်အင်္ကျီတစ်ထည်ကိုလည်း ထပ်ဝတ်ထားသေးသည်။ သူ၏ထောင့်ကျကျမျက်နှာက အတော်လေးကြမ်းတမ်းကာ ခပ်တန်းတန်းအမူအရာကို ဖြစ်ပေါ်စေသည်။ သို့သော် ဤနှစ်များအတွင်း သူ၏အဆင့်အတန်းကမြင့်မားကာ ထိုနယ်ပယ်တွင် အတော်လေးနာမည်ရနေပြီဖြစ်၏။ အခြားသူများက သူ့နှင့်ဘေးချင်းဖြတ်လျှောက်လာချိန်တွင် ၎င်းတို့အားလုံးရပ်တန့်ကာ သူ့ကို နှုတ်ဆက်ကြလိမ့်မည်သာ။
စာချုပ်အသစ်လက်မှတ်ရေးထိုးထားသော လူငယ်လေးအကြောင်းပြောပြီးနောက် ကန်းကျင့်ဝေက စီးကရက်တစ်လိပ်မီးညှိကာ ဖန်းရှောက်ယိကို ဘေးသို့ဆွဲထုတ်ခေါ်လာသည်။ "ပြီးတော့ မင်းရဲ့အခြေအနေ၊ ငါမင်းကို ကြိုပြောထားမယ် မင်းပြင်ဆင်ထားဖို့လိုအပ်တယ်။"
ဖန်းရှောက်ယိက သူ့ကိုကြည့်လိုက်သည်။ "ကျွန်တော့်ရဲ့ ဘာအခြေအနေလဲ။"
ကန်းကျင့်ဝေက သူ့ကိုမေးခွန်းလေးဖြင့် တုံ့ပြန်လိုက်၏။ "မင်းက မင်းရဲ့ကိုယ်ပိုင်ကိစ္စကို ငါ့ကိုပြန်မေးနေတာလား။"
ဖန်းရှောက်ယိက မျက်ခုံးပင့်ကာ မေးလိုက်သည်။ "ကွာရှင်းတာ?"
"အင်း ငါ့ကိုတစ်ယောက်ယောက်ကဆက်သွယ်လာတယ်။" ကန်းကျင့်ဝေက ခေါင်းညိတ်လိုက်၏။ "ပိုက်ဆံလိုချင်လို့။"
ဖန်းရှောက်ယိက မေးလိုက်သည်။ "ဘယ်သူလဲ။"
"ကုမ္ပဏီအသစ်သေးသေးလေးပါ။ သူတို့မှာ အကောင့်အတုပဲရှိတာ၊ လွှမ်းမိုးမှုများများစားစားရှိတာမဟုတ်ဘူး။ သူတို့က ပိုက်ဆံတောင်းဖို့ ချိန်းခြောက်စာပို့လိုက်တာ။ မအောင်မြင်ခဲ့ရင် မင်းရဲ့အခြေအနေကို သုံးပြီး ပြဿနာရှာလိမ့်မယ်။" ကန်းကျင့်ဝေက ပြောလိုက်သည်။
ဖန်းရှောက်ယိက မေးလိုက်၏။ "ကော ဘယ်လိုဖြေလိုက်လဲ။"
"ငါ ငြင်းလိုက်တာပေါ့။" ကန်းကျင့်ဝေက စီးကရက်ကို ပါးစပ်မှာ ကိုက်ထားပြီး ဖန်းရှောက်ယိကို တစ်ချက်ကြည့်လိုက်သည်။ "မင်းတို့ရဲ့အခြေအနေကို တစ်သက်လုံးဖုံးကွယ်ထားလို့မရဘူး။ သတင်းတွေ ဘယ်ကနေပေါက်ကြားသလဲတော့ ငါတို့မသိပေမဲ့ ဒီခေတ်ကြီးမှာ သက်ရှိလူတိုင်း ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်ကိစ္စဆိုတာ မရှိတော့ဘူး။ လူတိုင်းသိနေတဲ့အခါ ထပ်ပြီး လျှို့ဝှက်ထားလို့လည်း အသုံးမဝင်ဘူး။ တစ်ရက်ကျ ကိစ္စတွေ ဖွင့်ထုတ်ခံရလိမ့်မယ်။ အဲ့ကျ တစ်ယောက်မကတဲ့လူတွေက မင်းကို ဖော်ထုတ်လိမ့်မယ်နော်။"
ဖန်းရှောက်ယိက ဘာမှပြန်မပြောခဲ့ပေ။ သူက ခေါင်းငုံ့ပြီး တိတ်ဆိတ်နေခဲ့သည်။ ထို့နောက်တွင် သူက ပြောလိုက်သည်။ "အဲ့ဒါကို တစ်သက်လုံး လျှို့ဝှက်ထားလို့မှမရတာ။ သူတို့ဆန္ဒရှိသလိုလုပ်ကြပါစေ။"
ကန်းကျင့်ဝေက မျက်မှောင်ကြုတ်လိုက်၏။ "မင်းတို့ရဲ့အခြေအနေက သောက်ကျိုးနည်း ငါ့ခေါင်းပေါ်ချိတ်ဆွဲထားတဲ့ လက်နက်လိုပဲ။ ငါသာ အချိန်မီမဖယ်ရှားနိုင်ရင် အဲ့ဒါက ပြုတ်ကျလာပြီး ငါတို့အားလုံးခေါင်းပြတ်သွားတော့မှာ။ ငါ PR ဌာနကို သတိပေးထားတယ်။ ငါတို့မှာ အရေးပေါ် အစီအစဥ်အတွက် ပြင်ဆင်ထားတယ်။ မင်းကြည့်လို့ရအောင် နောက်ကျပို့ပေးလိုက်မယ်။ ဒါပေမဲ့ အခုတော့ ဒီကိစ္စကို စိုးရိမ်နေဖို့မလိုပါဘူး။ ကိစ္စတွေက လုံခြုံတယ်၊ ဒါ့ကြောင့် မကြာခင်မှာ ဖော်ထုတ်ခံရဖို့တော့ မရှိဘူး။ အနည်းဆုံး ရှိုးထုတ်လွှင့်မှုပြီးတဲ့အထိတော့ သေချာပေါက်မဖြစ်ဘူး။ အဲ့ဒါပြီးမှ ငါတို့ဆွေးနွေးကြတာပေါ့။"
ဖန်းရှောက်ယိက ခေါင်းညိတ်လိုက်၏။ "ဘယ်သူကမှ မလိမ်ညာသလို ကျွန်တော်တို့က ဘာမကောင်းတဲ့သတင်းမှ မထုတ်ဘူး။ အဲ့ဒါက ကွာရှင်းတာသက်သက်ပဲ။ လူတွေက သစ္စာရှိမှုအကြောင်းကို ရက်နည်းနည်းလောက်တော့ ဆွေးနွေးနေကြလိမ့်မယ်။ သူတို့ဆန္ဒရှိသလို အတင်းအဖျင်းတွေပြောကြပါစေ။ တကယ့်သက်ရောက်မှုလည်း ရှိလာမှာမှမဟုတ်တာ။ အဲ့ဒါက အေးအေးချမ်းချမ်းလမ်းခွဲခဲ့ရုံပဲ။ ဘယ်သူ့အမှားမှဖြစ်အောင်မလုပ်နဲ့။ သိတယ်မလား။"
ကန်းကျင့်ဝေက ရယ်လိုက်၏။ သူက တစ်ဖက်လှည့်ကာဆဲရေးလိုက်သည်။ "ယွမ်ယယ်အပေါ် အပြစ်ပုံမချဖို့မလား။ မင်း တည့်ပဲပြောလိုက်ပါလားကွာ။"
ထို့ကြောင့် ဖန်းရှောက်ယိက သု့ကိုထပ်ပြောလိုက်လေ၏။ "အင်း၊ သူက ဒီနယ်ပယ်ကမဟုတ်ဘူး။ ဒါ့ကြောင့် ဒီလိုအရာတွေကို သူ နားမလည်ဘူး။ သူ့ကို အပြစ်ပုံချတာမျိုး မလုပ်နဲ့။"
ဖန်းရှောက်ယိက မျက်နှာတွင်အမူအရာမရှိဘဲ နွမ်းနယ်နေသည့် သူရဲကောင်းဓါးသမားတစ်ယောက်ပုံစံကို တပ်တင်ထားဆဲပင်။ သူ စကားပြောသောအခါ လေသံမှာ ပေါ့ပါးနေသော်လည်း သူဘာပဲပြောပြော သူ့တွင် အဓိကအချက်တစ်ချက်သာရှိသည် - PR ၏ အစီအစဥ်ကို သာမန်အတိုင်းသာလုပ်ရန်၊ ယွမ်ယယ်ကို အပြစ်ပုံချခြင်းမလုပ်ရန်သာ။
ကန်းကျင့်ဝေက ရယ်ကာ သူ့ကိုဆူလိုက်သည်။ "မင်းက တကယ့်သူရဲကောင်းလို ဖြောင့်မတ်ပြီး နူးညံ့သိမ်မွေ့တဲ့လူလို ပြုမူနေတာပဲ။ ဘာလဲ၊ ငါက အပျင်းတစ်နေပြီး လုပ်စရာမရှိဘူးလို့ထင်နေတာလား။"
ဖန်းရှောက်ယိကလည်း ပြုံးလိုက်ပြီး အခြားဘာမှမပြောတော့ပေ။
ထိုနေ့လယ်က ကန်းကျင့်ဝေသည် ပြန်မသွားခဲ့ပေ။ သူ့မှာ ဖန်းရှောက်ယိနှင့် ဆွေးနွေးစရာကိစ္စများရှိနေသေး၏။ နေ့ခင်းတွင် သူက စာချုပ်သစ်လက်မှတ်ထိုးထားသော ထိုလူငယ်လေးအား ဖန်းရှောက်ယိသရုပ်ဆောင်သည်ကို ကြည့်ရန် သူနှင့်အတူ ရိုက်ကွင်းသို့ခေါ်လာခဲ့သည်။ ထိုလူငယ်လေး၏အမည်က ယန်စစ်ရန်ဖြစ်သည်။ သူက ငယ်ရွယ်သည့်ပုံပေါ်သော်လည်း နှစ်ဆယ့်ငါးနှစ်ရှိပြီဖြစ်၏။ ကန်းကျင့်ဝေက သူ့ကိုပြောလိုက်သည်။ "လုံ့လစိုက်ထုတ်ပြီး သူ့ဆီကနေ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ သင်ယူထား။ သူက မင်းအသက်အရွယ်တုန်းကဆို ဝေဟွားက အသိအမှတ်ပြုထားတဲ့ အမျိုးသားဇာတ်ဆောင်တောင်ဖြစ်နေပြီ။"
ယန်စစ်ရန်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ပါ ဥက္ကဌကန်း။"
ကျီရှောင်ထောင်းက မျက်နှာတွင် အပြုံးပန်းဆင်လျက် အပြေးလေးလာကာ ကန်းကျင့်ဝေကို နှုတ်ဆက်လာ၏။ "မင်္ဂလာပါ ကန်းကော။"
"ငါ့ဖင်ကြီးကို မင်္ဂလာပါလား။ ငါ မင်းကို အကြိမ်တိုင်းပြောနေရတာ၊ ငါ့ဆီလာပြီး လူသစ်လေးတွေကိုလေ့ကျင့်ပေးဖို့ ကူညီပါလို့ဆိုတာကို မင်းက နားလေးချင်ယောင်ဆောင်နေတယ်။" ကန်းကျင့်ဝေက ဆူလိုက်သည်။
"ကျွန်တော် ထပ်ပြီးလေ့ကျင့်မပေးနိုင်တော့ဘူးလို့။ ကျွန်တော့်ကောက ကျွန်တော်မရှိရင် အသက်ရှင်နိုင်မှာမဟုတ်ဘူး။" ကျီရှောင်ထောင်းက ထိုသို့ပြောနေရခြင်းကို ရှက်တောင်မရှက်ပေ။ "ကျွန်တော့်ကောက အသက်အရွယ်လည်းရနေပါပြီ။ သူက လက်ထောက်တွေပြောင်းတာကို အသားမကျဘူးလေ။"
ကျီရှောင်ထောင်းက ကန်းကျင့်ဝေနှင့်စကားပြောနေစဥ် မိတ်ကပ်လက်ထောက်က ပြေးလာပြီး သူ့ကိုပြောလာ၏။ "ထောင်းကော၊ တစ်ယောက်ယောက်က တစ်ခုခုပို့လိုက်တယ်။ အစ်ကိုလက်ခံယူပြီး လက်မှတ်ထိုးပေးဖို့အတွက် စောင့်နေပါတယ်။"
"ဘာကြီးလဲ။" ကျီရှောင်ထောင်းက ထိုနေရာသို့လျှောက်သွားရင်း မေးလိုက်သည်။ သူက နောက်လှည့်ကာ ကန်းကျင့်ဝေအား လက်ပြနှုတ်ဆက်လိုက်၏။
ထိုနေ့ရိုက်ကူးရေးပြီးနောက် ကန်းကျင့်ဝေတစ်ယောက် ဖန်းရှောက်ယိတွင် ဘယ်တစ်ဖက်၊ ညာတစ်ဖက်ဖြင့် လျှပ်စစ်အပူပေးစက်နှစ်လုံးရှိနေသည်ကို သတိပြုမိလိုက်သည်။ သူက မျက်လုံးမှိတ်ကာ ထိုင်ခုံတွင်ထိုင်နေပြီး လက်ထောက်က မိတ်ကပ်ဖျက်ပေးမည်ကို စောင့်နေ၏။ သူ့ကိုကြည့်ရသည်မှာ ခမ်းနားသည့်မြင်ကွင်းတစ်ခုနှယ်။ ကျီရှောင်ထောင်းက ထိုအပူပေးစက်နှစ်ခုလုံးမှာ သူ၏ယယ်ကောဆီမှ လက်ဆောင်များဖြစ်ကြောင်းပြောပြခဲ့လေ၏။
ကန်းကျင့်ဝေက ခဏလောက် စိုက်ကြည့်နေခဲ့သည်။ သူက တစ်ချက်လှောင်ရယ်လိုက်ပြီး ဆေးလိပ်သောက်ရန် ထွက်လာခဲ့လိုက်သည်။
၎င်းတို့နှစ်ယောက်က ကိစ္စများကို မည်သို့မွှေနှောက်ရမည်ကို သောက်ကျိုးနည်းသိကြ၏။ သို့သော် အဆုံးတွင် မည်သူက ဒုက္ခရောက်ရသနည်း။
-နှစ်ယောက်လုံး သောက်ရူးတွေ။
*****