ယွမ်ယယ်က သူတို့၏ကျောင်းသို့ နေ့တိုင်းလိုလိုသွားခဲ့သည်။ တစ်ခါတစ်ရံ သူက တစ်နေ့လုံး လျှောက်ပတ်သွားနေပြီး အရမ်းနောက်ကျသွားသည့်အခါမျိုးတွင် ပြန်တောင်မပြန်တော့ပေ။ တစ်ညတွင် ၎င်းတို့တွေ ကွမ်းကျိုး၏အိပ်ဆောင်အခန်း၌ ဖဲချပ်ဆော့နေခဲ့ကြသည်။ ကွမ်းကျိုးက ပြောလာခဲ့၏။ "ဒီည ပြန်မနေနဲ့တော့၊ ငါ့အိပ်ရာထဲ အတူတူတိုးဝှေ့အိပ်လို့ရတယ်။"
ယွမ်ယယ်၏မျက်နှာပေါ်တွင် မှတ်စုတိုစာရွက်များ ဖုံးလွှမ်းနေ၏။ သူက ခေါင်းယမ်းပြလိုက်သည်။ "မင်းဘာသာမင်းအိပ်ပါ။ ငါမင်းနဲ့ တိုးဝှေ့မအိပ်ဘူး။"
"ဒါမှမဟုတ် ငါ ရှောင်တင်းရဲ့အိပ်ရာမှာ အိပ်လိုက်မယ်လေ။ သူ ဒီညအိမ်ပြန်သွားတယ်။" ကွမ်းကျိုးက ထပ်ပြောခဲ့သည်။
ယွမ်ယယ်က ခေါင်းယမ်းနေဆဲပင်။ "ငါ ဒီမှာ မအိပ်ဘူး။ မြန်မြန်ဆက်ဆော့ရအောင်။"
ကွမ်းကျိုးက ကတ်တချို့ကိုပစ်လိုက်ပြီး သူ့ကိုမေးလာ၏။ "တော်တော်လေးနောက်ကျနေပြီ၊ ပင်မဂိတ်တံခါးတောင် မကြာခင်ပိတ်တော့မှာ။"
ယွမ်ယယ်က ဖဲချပ်တစ်ချို့ကို ချလိုက်ပြီး ဂရုမစိုက်ဘဲ ပြောလိုက်သည်။ "ငါ ယိကောရဲ့အခန်းမှာ သွားနေမှာ။"
သူတို့နှင့်ကစားနေသောအခန်းဖော်က မော့ကြည့်လာပြီး ယွမ်ယယ်ကို မေးလာသည်။ "ယယ်ကော၊ မင်းနာမည်ကြီးတစ်ယောက်ရဲ့အခန်းကို ထပ်သွားဦးမှာလား။ ဘုရားရေ မင်း အခု နာမည်ကြီးတစ်ယောက်နဲ့ အိပ်တောင်အိပ်နိုင်နေပြီပေါ့???"
ယွမ်ယယ် သူ၏ချဲ့ကားလွန်းသောအမူအရာကို ရယ်မောလိုက်သည်။ ထို့နောက် သူက နှစ်နှစ်တွဲကို ပစ်လိုက်လေ၏ - မည်သူကမှ မနိုင်တော့ပေ။ ထို့ကြောင့် သူက ဖဲချပ်အားလုံးကို ပစ်ချကာ ပြောလိုက်သည်။ "ကောင်းပြီ၊ ငါထပ်မဆော့တော့ဘူး။ မင်းတို့ကောင်တွေလည်း စောစောအိပ်တော့! ငါ အခု သွားတော့မယ်!"
ထိုသို့ပြောပြီးနောက် သူ၏မျက်နှာပေါ်ရှိ မှတ်စုတိုစာရွက်များကို ဖယ်ချလိုက်ပြီး ထရပ်လိုက်ကာ ထွက်သွားတော့သည်။ စောစောက ကွမ်းကျိုးသာသတိမပေးခဲ့လျှင် ဘယ်အချိန်ရှိနေပြီလဲကိုပင် သူမေ့နေခဲ့သည်။ ကွမ်းကျိုးက သူ့အားမေးလာ၏။ "သူ့မှာ နေရာအပိုတောင်ရှိရဲ့လား။"
ယွမ်ယယ်က အနောက်သို့လှည့်မကြည့်ဘဲ လက်မြှောက်ပြီး ဝှေ့ယမ်းပြခဲ့သည်။ "ရှိတယ်၊ စိတ်ပူမနေနဲ့တော့။ မြန်မြန်လုပ်ပြီး သန့်ရှင်းလိုက်တော့။"
ယွမ်ယယ် ကွမ်းကျိုး၏အခန်းမှ ဖန်းရှောက်ယိ၏အခန်းဆီသို့သွားသည့်လမ်းအား အလွန်ရင်းနှီးနေပေသည်။ ၎င်းမှာ ပြေးသွားလိုက်လျှင် ငါးမိနစ်သာကြာသည်။ တံခါးမခေါက်ခင် သူ ဖန်းရှောက်ယိ၏ပြတင်းပေါက်ကို စစ်ဆေးရန် မေ့ာကြည့်လိုက်သည်။ 'Oops မီးတွေပိတ်သွားပြီ' ယွမ်ယယ် တံခါးကို ညင်ညင်သာသာလေးခေါက်လိုက်၏။ တံခါးခေါက်ပြီးနောက် သူခပ်မြန်မြန်မေးလိုက်သည်။ "ယိကော၊ အိပ်နေပြီလား။"
အထဲမှ မည်သည့်အသံမှ မကြားရပေ။ ယွမ်ယယ် တံခါးထပ်ခေါက်လိုက်သည်။ သူပ ဖန်းရှောက်ယိအိပ်ပျော်နေပြီဟု ထင်လိုက်ပြီး ပင်မဂိတ်ပေါက်ပိတ်သွားပြီလားဟု သွားကြည့်ရန် ပြင်လိုက်သည်။ ပိတ်သွားပြီဆိုလျှင် သူ ကွမ်းကျိုး၏အခန်းသို့ ပြန်သွားရလိမ့်မည်။ သူခြေနှစ်လှမ်းလောက် လှမ်းပြီးနောက် သူ့အနောက်မှ တံခါးပွင့်လာခဲ့လေသည်။
ယွမ်ယယ် ပြန်လှည့်ကြည့်လိုက်သောအခါ သူ၏မျက်နှာပေါ်ရှိ အပြုံးမှာ တောက်ပလာခဲ့သည်။ ထိုကဲ့သို့တောက်ပသောအပြုံးဖြင့် သူက အော်ခေါ်လိုက်လေ၏။ "ယိကော"
ဖန်းရှောက်ယိက တံခါးကို လက်တစ်ဖက်ဖြင့်ကိုင်ထားရင်း မျက်ခုံးများပင့်လျက် မေးလာခဲွသည်။ "မင်း ဘယ်သွားမလို့လဲ။"
"ငါ မင်းအိပ်နေပြီထင်လိုက်လို့ ကျောင်းကိုပြန်ရမလား ဒါမှမဟုတ် ကွမ်းကျိုးရဲ့နေရာကိုသွားရမလား စဥ်းစားနေတာ။" ယွမ်ယယ် ခေါင်းကုတ်လိုက်လေ၏။ "ငါ ကွမ်းကျိုးရဲ့အခန်းမှာ ဖဲချပ်ကစားနေတာလေ၊ အဲ့ဒါကြောင့် အချိန်ကိုမကြည့်မိလိုက်ဘူး။"
ဖန်းရှောက်ယိက သူ၏ခန္ဓာကိုယ်ကို ဘေးသို့စောင်းလိုက်သည်။ ယွမ်ယယ် ခေါင်းငုံ့ကာ မျောက်တစ်ကောင်လို တစ်ဖက်လူ၏လက်မောင်းအောက်ကနေ ဝင်သွားလိုက်သည်။
ဖန်းရှောက်ယိမှာ အမှန်တကယ် အိပ်ပျော်နေခဲ့သည်။ သူ့အိပ်ရာပေါ်ရှိစောင်က တွဲလောင်းကျလျက်ရှိပြီး ယွမ်ယယ်အတွက် တံခါးဖွင့်ပေးရန် တကူးတက ဆင်းလာခဲ့ပုံပင်။ ယွမ်ယယ် အနည်းငယ်အားနာသွားလေ၏။ "ပြန်အိပ်တော့လေ ယိကော။ ငါ့အတွက်မပူနဲ့။ ငါဆေးကြောပြီးရင် အိပ်ရာအလွတ်မှာ ဝင်အိပ်လိုက်မယ်။"
ဖန်းရှောက်ယိက ဘောင်းဘီတိုနှင့် တီရှပ်တစ်ထည်သာ ဝတ်ဆင်ထား၏။ ယခုအခိုက်အတန့်မှာ သူက နာမည်ကြီးတစ်ယောက်နှင့်မတူဘဲ သာမန် ရုပ်ချောချောကျောင်းသားတစ်ယောက်နှင့်သာတူနေသည်။ တစ်ခန်းလုံးတွင် စာကြည့်မီးကိုသာ ထွန်းထား၏။ အားနည်းသောမီးအလင်းရောင်က သူ့အား အနည်းငယ်နွေးထွေးစေခဲ့သည်။
ဖန်းရှောက်ယိက တီရှပ်တစ်ထည်နှင့် ဘောင်းဘီတိုတစ်ထည်ကို ဗီရိုထဲမှထုတ်ယူလိုက်ပြီး ယွမ်ယယ်ကိုပေးလိုက်သည်။ ထို့နောက် သူ့အားမေးလိုက်၏။ "မင်း ငါ့အိပ်ရာပေါ်အိပ်ရတာ မကြိုက်ဘူးလား။"
ယွမ်ယယ်က တခစ်ခစ်ရယ်လိုက်ပြီး: "မင်းရဲ့ အိပ်ရာက အနံ့ကောင်းတယ်။"
"သွား၊ ဆေးကြောလိုက်။" ဖန်းရှောက်ယိက သူ့ကိုပြောလိုက်သည်။
ယွမ်ယယ် ဖန်းရှောက်ယိ၏အိပ်ရာတွင် အိပ်စက်ရခြင်းကို အမှန်တကယ်နှစ်သက်ပေသည်။ သူ့အိပ်ရာမှာ ဖန်းရှောက်ယိ၏ကိုယ်သင်းနံ့နှင့် တူပေ၏။ ယွမ်ယယ် သူ၏ခေါင်းအုံးပေါ် လှဲလိုက်ရာ ဘေးပတ်ပတ်လည်မှထိုရနံ့က သူ့အား လွှမ်းခြုံထားခဲ့သည်။ ၎င်းမှာ အလွန်သက်တောင့်သက်သာရှိလှ၏။ ယွမ်ယယ်တစ်ယောက် သူ့မျက်နှာကို ဖန်းရှောက်ယိ၏ခေါင်းအုံးထဲ နှစ်ထားလိုက်သည်။ သူ၏နှလုံးသားထဲခံစားနေရသောခံစားချက်ကို အမှန်တကယ်မဖော်ပြနိုင်သော်လည်း ၎င်းက... သူ ဘယ်လိုပြောရမှန်းမသိသော်လည်း အတော်လေးစိတ်ဝင်စားဖွယ်ကောင်း၏။
နောက်တစ်နေ့မနက်တွင် ယွမ်ယယ်တသ်ယောက် အတန်းရှိသည့်အတွက် စောစောနိုးလာခဲ့သည်။ သူက ထုံးစံအတိုင်း အိပ်ရာပေါ်ကနေခုန်ဆင်းလိုက်၏။ ဖန်းရှောက်ယိတစ်ယောက် အပြင်ကနေပြန်ရောက်လာချင်း တံခါးအတွင်းမှ ပြုတ်ကျသံကို ကြားလိုက်ရသဖြင့် အလျင်အမြန်တံခါးဖွင့်လိုက်ရာ ဖိနပ်စီးနေသည့်ယွမ်ယယ့်ကို တွေ့လိုက်ရသည်။
ဖန်းရှောက်ယိက သူ့အား စိုးရိမ်ကာ ခေါင်းအစခြေအဆုံး အပြန်အလှန်စစ်ကြည့်လိုက်သည်။ "မင်း ပြုတ်ကျတာလား။"
"မဟုတ်ဘူး၊ မဟုတ်ပါဘူး။" ယွမ်ယယ်က ခေါင်းယမ်းပြလိုက်၏။ သူက ခပ်မတ်မတ်ရပ်လိုက်ပြီး ခပ်ညစ်ညစ်ပြုံးပြလိုက်၏။ "ငါ ခုန်ချလိုက်တာ။"
ဖန်းရှောက်ယိတသ်ယောက် မျက်မှောင်ကြုတ်ကာ သူ့ကိုဆူလိုက်သည်။ "မင်း ဘာလို့ အမြဲတမ်းခုန်ချနေရတာလဲ။ ထိခိုက်မိလိမ့်မယ်။"
"ငါ အကျင့်ဖြစ်နေပါပြီ။" ယွမ်ယယ်က ပြုံးလျက်ရှိနေဆဲပင်။ ထိုအချိန်က သူသည် အမြဲတမ်းပြုံးရယ်နေပေ၏။ "မထိခိုက်မိပါဘူး။ ငါငယ်ငယ်တုန်းကဆို အိမ်မျက်နှာကျက်ထုတ်တန်းကနေတောင် ခုန်ချသေးတာ။ ဒီအိပ်ရာက လုံးဝမြင့်မနေဘူး။"
ဖန်းရှောက်ယိမှာ ကူကယ်ရာမဲ့သွားခဲ့သည်။ သူ တစ်ဖက်လူအား ကလေးလိုလုပ်နေသည်ကို ရပ်တန့်လိုက်ပြီး ခေါင်းယမ်းကာသာ ပြောလိုက်သည်။ "မင်း ဘာလို့ အရမ်းကမြင်းရတာလဲ။"
ဆေးကြောသန့်စင်ပြီးနောက် ယွမ်ယယ် ဖန်းရှောက်ယိ၏ စာကြည့်စားပွဲတွင်ထိုင်ကာ မနက်စာစားလိုက်သည်။ ဖန်းရှောက်ယိက မနက်ခင်းအပြေးလေ့ကျင့်ပြီးနောက် သူ့အတွက် ဝယ်ခဲ့ခြင်းဖြစ်၏။
ယွမ်ယယ်က အတော်လေး နှလုံးသားမဲ့ပေသည်။ ထိုအချိန်က သူ ဖန်းရှောက်ယိထံ အကြိမ်များစွာလာရှာတတ်ပြီး တစ်ဖက်လူအား အနှောင့်အယှက်ပေးသလို မခံစားရသလို သူက သူနှင့် ဖန်းရှောက်ယိကြား ဝေးကွာမနေဟုလည်း ခံစားရပေသည်။ တခြားသူများက ဖန်းရှောက်ယိနှင့်စကားပြောလျှင် သတိကြီးကြီးထားတတ်သော်လည်း ယွမ်ယယ်ကတော့ တစ်ဖက်လူ၏အဝတ်အစားများကိုဝတ်ကာ သူ၏အခန်းထဲတွင်ထိုင်ပြီး သူဝယ်လာပေးသော မနက်စာကိုပင်စားနေခဲ့သည်။
ထိုအချိန်က ကွမ်ယယ် အမှန်တကယ်ကို အလွန်ငယ်သေးပေသည်။ သူသည် ဆယ့်ခုနစ်နှစ်သာရှိသေး၏။ သူ၏စိတ်ထဲတွင် ချစ်ခြင်းတရားနှင့်ဆက်စပ်သောအတွေးများ လုံးဝရှိမနေဘဲ ဆော့ကစားရန်သာ ရှိနေခဲ့သည်။ မည်သည့်အခြေအနေနှင့်ကြုံလာပါစေ၊ သူက အများကြီးမတွေးတောဘဲ ရိုးရိုးရှင်းရှင်းသာခံစားတတ်သည်။ သူ အဘယ့်ကြောင့်တချို့ခံစားချက်များ ခံစားရသည်ကို စဥ်းစားတတ်သည့်အလေ့အကျင့်လည်း မရှိခဲ့ပေ။ သူ၏ခေါင်းထဲ အတွေးများပိုများလာသည့်အခါ သူ ဖန်းရှောက်ယိနားတွင် ထိန်းချုပ်ထားလိမ့်မည်သာ။
ထိုအချိန်က ဖန်းရှောက်ယိသည် ဘွဲ့ရပြီးပြီဖြစ်၏။ ဘွဲ့လွန်ကျောင်းများပြန်မစခင် လပေါင်းများစွာကျန်နေသေးသည်။ နောက်ပိုင်းတွင် ဖန်းရှောက်ယိက ကျောင်းတွင် မနေတော့ဘဲ ရုပ်ရှင်ရိုက်ရန် ထွက်သွားခဲ့သည်။ သူခွဲခွာသွားချိန်၌ ယွမ်ယယ် နောက်ဆုံးတော့ ဘယ်လောက်တောင်ပျင်းရိငြီးငွေ့ဖွယ်ကောင်းကြောင်း အမှတ်ရလာတော့သည်။ သူ ကွမ်းကျိုးဆီသွားရန်လည်း အလွန်ပျင်းနေခဲ့သည်။ ထို့ကြောင့် ပုံမှန်အားဖြင့် သူ၏အိပ်ဆောင်ထဲတွင်သာ ဇာတ်ကားကြည့်လိုက်၊ စာအုပ်ဖတ်လိုက်နှင့်၊ သို့မဟုတ် ကျပန်းအကြောင်းအရာတစ်ခုကို ရေးသားနေခဲ့သည်။
သူ အလွန်ကိုပျင်းလာလျှင်တော့ ဖန်းရှောက်ယိထံ ဖုန်းခေါ်ခြင်း၊ စာပို့ခြင်းများ လုပ်လိမ့်မည်ဖြစ်၏။ သို့သော်လည်း ဖန်းရှောက်ယိဘက်မှ စတင်ဆက်သွယ်လာသည်က ရှားပေသည်။ ယွမ်ယယ်ကသာ အရင်ဆက်သွယ်ဖြစ်ခဲ့သည်။ သို့သော် ဖန်းရှောက်ယိက သူ့အား စာပြန်ရာတွင် အလွန်မြန်ပေ၏။ ယွမ်ယယ် ၎င်းမှာ ဖန်းရှောက်ယိ၏စရိုက်လက္ခဏာဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ အခြေခံအားဖြင့် သူက အခြားသူများကို ဆက်သွယ်ခြင်း သို့မဟုတ် ပြောဆိုဆက်ဆံခြင်းတွင် အစပြုခဲပေသည်။ သူက လူမှုဆက်ဆံရေးနှင့်ပတ်သက်လာလျှင် အမြဲတမ်းတိတ်ဆိတ်နေတတ်၏။ ၎င်းက သူ့အားအနေဝေးသွားစေပြီး ရင်းနှီးမှုယူရန် ခက်ခဲသည့်ပုံစံဖြစ်ပေါ်စေခဲ့သည်။
သို့သော် ယွမ်ယယ် ထိုအကြောင်းကို ဂရုမစိုက်သလို ထိုအရာများကို ဘယ်တော့မှ မတွေးခဲ့ပေ။ လူများနှင့် နွေးနွေးထွေးထွေးရှိစေရန် သင့်အတွက်နှေးကွေးနေလျှင် သူက နွေးထွေးမှုပေးသူလုပ်လိုက်မည်။ သင်ဖုန်းမခေါ်လျှင် သူကခေါ်လိမ့်မည်သာ။ ဖန်းရှောက်ယိဘက်က ဖုန်းစခေါ်ခဲသည့်အတွက်ကြောင့် ယွမ်ယယ် တစ်ဖက်လူဘက်မှ ဖုန်းခေါ်ဆိုမှုကို လက်ခံလိုက်ရချိန်တိုင်း အတိုင်းထက်လွန်ပျော်ရွှင်နေတတ်သည်။
ထိုနေ့တွင် ယွမ်ယယ်က သူ့အခန်းထဲမှာနေ၍ စာရွက်များပေါ် ဟိုခြစ်ဒီခြစ်ရေးခြစ်နေခဲ့သည်။ သူ၏ဖုန်းက အသံမြည်လာသောအခါ လက်လှမ်းကာဖြေဆိုလိုက်၏။ သူက ဖုန်းကို ပခုံးနှင့် နားရွက်ကြား ညှပ်လိုက်သည်။ "ဘယ်သူပါလဲ။"
ဖုန်းတစ်ဖက်မှ ဖန်းရှောက်ယိ၏အသံက ထွက်ပေါ်လာခဲ့သည်။ "ငါပါ။"
ယွမ်ယယ် သူ့အသံကိုမှတ်မိပေ၏။ သူ၏လေသံက ချက်ချင်းဆိုသလို ပျော်ရွှင်သွားခဲ့သညိ။ "ယိကော? ငါ ခဏနေရင်တောင် ခေါ်တော့မလို့ပဲ။"
"အမ်း၊ မင်းဘာလုပ်နေတာလဲ။" ဖန်းရှောက်ယိက သူ့ကိုမေးလာသည်။
ယွမ်ယယ် အခုလက်ရှိ၌ အတန်းများရှိမနေပေ။ သူ၏အတန်းဖော်တော်တော်များများကလည်း အလုပ်သင်ဆင်းရန်အတွက် သွားခဲ့ကြပြီဖြစ်သည်။ သူတစ်ယောက်တည်း အလွန်ပျင်းစရာကောင်းနေပေ၏။ သူ ဖန်းရှောက်ယိကို သူ့အခန်းထဲတွင် မှိုများတောင်ပေါက်လာတော့မည်ဟု ပြောလိုက်သည်။ ဖန်းရှောက်ယိတစ်ယောက် အဆုံးမရှိသော ညည်းညူသံများကို ဆက်တိုက်ကြားလိုက်ရပြီး အတော်လေးပျော်စရာကောင်းသည်ဟု ခံစားလိုက်ရ၏။ သူက ရယ်မောကာ မေးလိုက်သည်။ "မင်း ရိုက်ကွင်းမှာ လာကစားချင်လား။"
ယွမ်ယယ် ၎င်းကို စဥ်းစားလိုက်သည်။ "ဘာကစားရမှာလဲ။"
ဖန်းရှောက်ယိက ပြောလာ၏။ "မင်းလုပ်ချင်တာ ဘာပဲဖြစ်ဖြစ်။"
ထိုရုပ်ရှင်၏ဒါရိုက်တာက ဖန်းရှောက်ယိနှင့် အတော်လေးရင်းနှီးသောဦးလေးတစ်ယောက်ဖြစ်သည်။ သူ့အား ဖန်းရှောက်ယိအဖေ၏ သူငယ်ချင်းကောင်းဟုပင် ပြောနိုင်ပေသည်။
တစ်ယောက်က ဖန်းရှောက်ယိဖြစ်ပြီး
ရိုက်ကွင်းတွင်ကြီးပြင်းလာသူမို့ ထိုအရာများကို သိပ်စဥ်းစားမနေပေ။ တစ်ယောက်မှာ ယွမ်ယယ်ဖြစ်ပြီး အရာအားလုံးကို မကြောက်ရွံတတ်ဘဲ သူ၏ဦးနှောက်ထဲတွင် အကြောက်တရားနှင့်ပတ်သက်သော အာရုံကြောတစ်ခုလွတ်နေခဲ့သည်။ ထို့ကြောင့် ယွမ်ယယ် အမှန်တကယ်သွားခဲ့လေသည်။
ရထားစီးခြင်းက ခြောက်နာရီကျော်လောက် ကြာမြင့်ခဲ့သည်။ ထိုအချိန်က ယွမ်ယယ်တစ်ယောက် အဝတ်အစားအနည်းငယ်သာယူခဲ့ပြီး သူ၏ခရီးဆောင်အိတ်ကိုသယ်လျက် ရထားဘူတာရုံသို့ဦးတည်ကာလာခဲ့ပြီး လက်မှတ်ဝယ်ယူခဲ့သည်။ ထိုနေရာသို့ ညတွင်းချင်းပင် ရောက်သွားခဲ့သည်။
ဖန်းရှောက်ယိက သူ့ပို ဘူတာရုံတွင် ထိုင်စောင့်နေခဲ့၏။ ယွမ်ယယ် ရထားပေါ်မှဆင်းသောအခါ သူက ခရီးဆောင်အိတ်ကိုဆွဲကာ ပြုံးပန်းဆင်လျက် ပြေးသွားခဲ့သည်။ ဖန်းရှောက်ယိကလည်း ပြုံး၍ပင် သူ့ကိုပွေ့ဖက်လာ၏။ သူ တစ်ဖက်လူ၏အပြုံးကို မြင်လိုက်ရသည့်အခိုက်အတန့်၌ ယွမ်ယယ်တစ်ယောက် ပီတိဖြစ်သွားခဲ့သည်။ သူ၏၏ပျင်းရိငြီးငွေ့ခြင်းများနှင့် ဂနာမငြိမ်ခြင်း၏ အဆိုးမြင်စိတ်များအားလုံး လုံးဝပျောက်ကွယ်သွားခဲ့လေသည်။
ထိုအချိန်က ဖန်းရှောက်ယိသည် ယွမ်ယယ်၏ပစ္စည်းများအားလုံးကို သူ့အခန်းထဲထည့်ကာ မေးလာခဲ့၏။ "ကိုယ်နဲ့နေရမှာ၊ အဆင်ပြေလား။"
ယွမ်ယယ် ထိုမေးခွန်းကို တွေးတောဖို့တောင် စိတ်မရှိခဲ့ပေ။ သူက အရူးတစ်ယောက်လိုပြုံးကာ ဖန်းရှောက်ယိကို မေးလိုက်သည်။ "ငါဘယ်မှာအိပ်ရမှာလဲ။"
ဖန်းရှောက်ယိက ထိုအရူးလေး၏အသွင်အပြင်ကို မြင်လိုက်ပြီးနောက် ပါးကိုမဆွဲဘဲ မနေနိုင်ခဲ့ပေ။ သူကပြောလိုက်သည်။ "ကိုယ့်အထင်တော့ စတိုခန်းထဲအိပ်လို့ရမှာပါ။"
"မရပါဘူး။ ငါ မင်းနဲ့ပဲနေမှာ။" ယွမ်ယယ်က ပြောလိုက်၏။
ဤသို့ဖြင့် ယွမ်ယယ်တစ်ယောက် ဖန်းရှောက်ယိ၏အခန်းထဲမှာ နေခဲ့သည်။ နှစ်ဦးသား နေ့တိုင်း အတူသွား အတူလာခဲ့ကြသည်။ ယွမ်ယယ်က ဆယ့်ခုနစ်နှစ်သာရှိသေးသော်လည်း ဖန်းရှောက်ယိက နှစ်ဆယ့်တစ်နှစ်ပြည့်ပြီးဖြစ်၏။ ထိုနယ်ပယ်တွင် နှစ်ဆယ့်တစ်နှစ်သည် အသက်ကြီးသည်ဟု ယူဆ၍မရသော်လည်း သေချာပေါက် အသက်ငယ်သည်ဟုလည်း မယူဆတော့ပေ။ ဖန်းရှောက်ယိက သူနှင့်အတူ နေရာတိုင်းသို့ ကောင်လေးတစ်ယောက်ကို ခေါ်လာသည်အား ရုပ်ရှင်အဖွဲ့သားမျာ သတိထားမိသွားသောအခါ ၎င်းတို့ အတွေးလွန်နေကြသည်ကိုတော့ အပြစ်မဆိုသာပေ။
ဖန်းရှောက်ယိက သူ့ကို လမ်းပျောက်သွားမှာစိုးရိမ်သဖြင့် မျက်စိဒေါက်ထောက်ကြည့်နေခဲ့သည်။ ယွမ်ယယ်က ထိုင်ခုံငယ်လေးယူလာပြီး ဖန်းရှောက်ယိသရုပ်ဆောင်သည်ကို ထိုင်ကြည့်နေခဲ့၏။ ၎င်းမှာ ဖန်းရှောက်ယိသရုပ်ဆောင်တာကို တိုက်ရိုက်ကြည့်ရသော ပထမဆုံးအကြိမ်ဖြစ်သည်။ သူ ထိုဖန်းရှောက်ယိကို အနည်းငယ် မရင်းနှီးသလိုခံစားရပြီး အလွန်ကို အံ့သြမှင်သက်နေခဲ့သည်။
တစ်ခါတစ်ရံ ဖန်းရှောက်ယိက သူ၏လက်ထောက်ကို ပြောတတ်သည်။ "သူ့ကိုစောင့်ကြည့်ထားလိုက်။" ထိုအချိန်က သူ၏လက်ထောက်မှာ အသက်သုံးဆယ်အရွယ် မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူ(မ)က ဘွဲ့ရပြီးချင်း ထိုနယ်ပယ်ထဲ စတင်ဝင်ရောက်ခဲ့ပြီး တချို့အရာများအပေါ် အတော်လေးအကဲဆတ်တတ်သည်။ ထိုရက်များတွင် သူ(မ)က ဖန်းရှောက်ယိနှင့် ယွမ်ယယ်၏ဆက်ဆံရေးအကြောင်း အနည်းငယ်မှားယွင်းနေခဲ့သည်။
အချိန်တစ်ချို့ကြာပြီးနောက် ယွမ်ယယ်သည်လည်း စတင်သတိထားမိလာခဲ့သည်။ သူ(မ)က သူနှင့် ဖန်းရှောက်ယိအကြောင်းပြောလျှင် သူ(မ)၏လေသံက နူးညံ့နေပုံရသည်။ တစ်ရက်တွင် အလုပ်ပြီးနောက် သူတို့အခန်းပြန်ရောက်ချိန်၌ ယွမ်ယယ်က ဖန်းရှောက်ယိကို မေးခဲ့သည်။ "ယိကော၊ ငါတော့ မင်းရဲ့လက်ထောက်က အတွေးလွန်နေတာလားမသိဘူး။"
သူသည် ဇာတ်ညွှန်းဖတ်နေရင်း မေးလာ၏။ "ဘာကိုလဲ။"
ယွမ်ယယ်က အမြဲတမ်းတည့်တိုးသမားပင်။ "သူ(မ)က ငါတို့ကို အတူရှိနေတာလို့ထင်နေပုံပဲ။"
ဖန်းရှောက်ယိက သူ၏အကြည့်ကို ဇာတ်ညွှန်းပေါ်မှခွာလိုက်ပြီး ယွမ်ယယ်ထံရွှေ့လာ၏ သူက မေးလိုက်သည်။ "ဘယ်လိုအတူလဲ။"
"မင်းသိပါတယ်၊ စုံတွဲလိုလေ။" ယွမ်ယယ်က အိပ်ရာပေါ်မှာ ဝမ်းလျားမှောက်နေခဲ့သည်။ သူက ထိုကဲ့သို့အကြောင်းအရာကို ပြောနေရခြင်းအား ထူးဆန်းသည်ဟု မခံစားရပေ။ "သူ(မ) ဒီနေ့ ငါနဲ့ စကားအကြာကြီးပြောနေခဲ့တာ။ သူ(မ)ရဲ့လေသံကနေ ငါ့ကို မင်းရဲ့သက်ဆိုင်သူလို့ထင်နေတာကို ငါပြောနိုင်တယ်။"
ဖန်းရှောက်ယိက အံ့သြစရာကောင်းစွာပင် အခြားဘာမှမပြောခဲ့ပေ။ သူက နားလည်ပြီဖြစ်ကြောင်းသာ အသံပြုခဲ့သည်။
"မင်းက ဘာကို အမ်းပဲလုပ်နေတာလဲ၊ ဟားဟားဟား။ ထူးဆန်းတယ်လို့ မထင်ဘူးလား။" ယွမ်ယယ်က အိပ်ရာပေါ် လုံးလုံးလျားလျား မှောက်လှဲချလိုက်ပြီး ဖန်းရှောက်ယိအားကြည့်ရန် ခေါင်းလှည့်လိုက်သည်။ "ငါတောင် နည်းနည်းလေး ရှက်သွားသလိုခံစားလိုက်ရတယ်။"
ဖန်းရှောက်ယိ၏အကြည့်များက သူ့ပေါ်တွင်သာ ရပ်တန့်နေခဲ့သည်။ သူက အပြုံးရေးရေးလေးဖြင့် စနောက်လာ၏။ "မင်း ရှက်နေတယ်လို့ ငါမထင်မိပါဘူး။ မင်းတော်တော်လေးပျော်နေတယ်လို့ပဲ ငါထင်တယ်။"
ယွမ်ယယ် အမှန်တကယ်ကို အတော်လေးပျော်နေခဲ့သည်။ သို့သော် သူက ပုံမှန်အားဖြင့် သူ၏စိတ်ခံစားချက်များကို နားမလည်ပေ။ သူက ထိုခံစားချက်ကို မည်သို့ဖော်ပြရန် သို့မဟုတ် ဘာ့ကြောင့်ခံစားနေရသည်ကိုလည်း မသိချေ။ သူက ဖန်းရှောက်ယိကို ဆက်မေးလိုက်သည်။ "အနုပညာနယ်ပယ်ထဲမှာ ယောက်ျားလေးနှစ်ယောက်ဆက်ဆံရေးက သာမန်ပဲလား။"
ဖန်းရှောက်ယိက သူ့ကိုတစ်ချက်ကြည့်လာ၏။ "မင်းက ဒီအကြောင်းစိတ်ဝင်စားလို့လား။"
"မေးကြည့်ရုံတင်ပါ။" ယွမ်ယယ်က ပြောလိုက်သည်။
"သာမန်ပါပဲ။ လိင်အမျိုးအစားက ဘယ်သူက ဘယ်သူ့ကိုကြိုက်ရမယ်ဆိုပြီး ဆုံးဖြတ်လို့ရတဲ့ကဏ္ဍမဟုတ်ဘူး။" ဖန်းရှောက်ယိက ပေါ့ပေါ့ပါးပါးလေး အဖြေပေးလိုက်သည်။
ယွမ်ယယ်က နားလည်ပြီဖြစ်ကြောင်း အသံပြုလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။ သူ အတော်လေးကြာတဲ့အထိလှဲနေခဲ့သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် နောက်လှည့်ကာ ဖန်းရှောက်ယိကို စိုက်ကြည့်လိုက်၏။ ဖန်းရှောက်ယိက သူဘယ်လိုအတွေးမျိုးတွေရှိနေသည်ကို မသိခဲ့ပေ။ သူ စကားထပ်ပြောလာချိန်၌ သူ၏လေသံမှာ အတော်လေးပျော့ပျောင်းနေခဲ့သည်။ သူ၏ရင်ဘက်က နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး မေးလာခဲ့လေ။ "ယိကော၊ မင်း.....ယောက်ျားလေးတွေကိုသဘောကျလား။"
ဖန်းရှောက်ယိက ပြန်ကြည့်လာသည်။ သူက ခေါင်းတညိတ်ညိတ်ဖြင့် ဂရုစိုက်ခြင်းအလျင်းကင်းလျက် ပြန်ဖြေလိုက်သည်။ "သဘောကျတယ်။"
ယွမ်ယယ်တစ်ယောက် မျက်တောင်တဖျက်ဖျက်ခတ်လိုက်သည်။ သူ ဖန်းရှောက်ယိမျက်နှာပေါ်ရှိ အပြုံးသေးသေးလေးကို သတိထားမိပေ၏။ ထို့နောက် တစ်ဖက်လူက သူနှင့်အကြည့်ချင်းဆုံကာ ထပ်ပြောလာလေသည်။ "ကိုယ် ယောက်ျားလေးတွေကို သဘောကျတယ်။"
ထိုအချိန်က အကြောင်းတချို့ကြောင့် သူ၏အကြည့်မှာ ယွမ်ယယ်ကို စိတ်လှုပ်ရှားစေခဲ့သည်။ ယွမ်ယယ်တစ်ယေယာက် လက်မောင်းပေါ် မှောက်အိပ်လိုက်သည်။ "အိုး!"
သူ ဖန်းရှောက်ယိကို ကျောပေးထားသော်လည်း ဖန်းရှောက်ယိ၏ စကားများကို ကြားနေရဆဲပင်။ "မင်းရော သဘောကျလား.....။
ယွမ်ယယ်က နှာခေါင်းကိုပွတ်သပ်ကာ မေးလိုက်လေ၏။ "ငါက ဘာကိုသဘောကျရမှာလဲ။"
ဖန်းရှောက်ယိက စကားလုံးတစ်လုံးတည်းကိုသာပြောလိုက်လေသည်။ "ငါ။"
(*ငါ့ကို)
*****