no

Font
Theme

ဒုတိယပိုင်းအတွက် ရိုက်ကူး​ရေးမစခင်တစ်ရက်အလိုတွင် ယွမ်ယယ်တစ်​ယောက် ဖန်း​ရှောက်ယိ ရုပ်ရှင်ရိုက်ကူး​ရေးလုပ်​နေ​သောမြို့သို့ ​ရောက်လာခဲ့သည်။ သူတို့၏ဒုတိယတည်​နေရာက မွန်ဂိုလီးယားပြည်တွင်းရှိ မြက်ခင်းပြင်များဆီသို့ဖြစ်၏။ 


​လေယာဥ်​ပေါ်မှဆင်းပြီး​​နောက် ယွမ်ယယ် သူ၏ခရီး​ဆောင်​အိတ်ကိုဆွဲကာ မြို့နှင့် ကီလိုမီတာ​တစ်ရာလောက်​ဝေး​သော ရုပ်ရှင်ရိုက်ကွင်းဖြစ်သည့် ရွာငယ်​လေးဆီသို့ ဦးတည်ခဲ့သည်။ လမ်းတစ်​လျှောက်တွင် ကားဆရာက သူ့ကို ယခုတစ်​ခေါက် ထိုနေရာ၌ ရိုက်ကူး​ရေးလုပ်​နေ​သော နာမည်ကြီးများအ​ကြောင်းကို ​ပြောပြ​နေခဲ့၏။ ထိုကဲ့သို့နေရာ​လေးကို တစ်​စုံတစ်ယောက်​လာလည်ရန်မှာ အလွန်ရှား​ပြီး ယခုတစ်ကြိမ်တွင်​တော့ လူအများကြီး ​ရောက်​နေခဲ့သည်။ ကားဆရာက ယွမ်ယယ်ကို ဘာအတွက်​ရောက်လာ​ကြောင်း ​မေးမြန်းလာခဲ့သည်။ ယွမ်ယယ်က စဥ်းစားပြီမှ ပြန်​ဖြေလိုက်၏။ "ထူးဆန်းတဲ့အလုပ်​တွေ လုပ်မလို့။" 


ကားဆရာက ယွမ်ယယ်ကို ​နောက်ကြည့်မှန်မှတစ်ဆင့်ကြည့်လာခဲ့သည်။ ထို့​နောက် သူက ​ခေါင်းယမ်းကာ ​ပြောလာ​လေ၏။ "အဲ့လိုပုံနဲ့မတူပါဘူး။ မင်းက ကြည့်​ကောင်းတာပဲ။ ဒီမှာ သရုပ်​ဆောင်ဖို့​ရောက်လာတာနဲ့​တောင်တူတယ်။" 


ယွမ်ယယ်က ပြုံးလိုက်သည်။ "မဟုတ်ပါဘူး၊ ကျွန်​တော်က ကင်မရာ​တွေကို သ​ဘောမကျဘူး။" 


ဖန်း​ရှောက်ယိက ရသစုံရှိုးရိုက်ကူးရမည်ဖြစ်​သော​ကြောင့် သူ၏ရုပ်ရှင်ရိုက်ကွင်းတွင် အလျင်လို​နေခဲ့သည်။ တစ်ခါတစ်ရံ ​နေ့​ရောညပါ မနားတမ်းရိုက်ကူးတတ်​ပေ၏။ ထိုအခါ သူနှင့်အတူ တွဲဖက်သရုပ်​ဆောင်များကလည်း အလျင်စလိုလုပ်ကြရ​ပေသည်။ လူတိုင်း ကြိုးကြိုးစားစားလုပ်ကိုင်​နေခဲ့ကြသည်။ ၎င်းမှာ ဤလူသည် မိသားစု​နောက်ခံနှင့် ဂုဏ်ပုဒ်များရှိ​သော ဖန်း​ရှောက်ယိဖြစ်​​နေသော​ကြောင့်ပင်။ အခြားသူများက တစ်ခုခုခံစားရလျှင်​တောင် သူတို့၏မကျေနပ်မှုများကို အပြင်ပန်းတွင် ထုတ်​ဖော်ပြကြလိမ့်မည်မဟုတ်​ပေ။ 


"မင်း ခံစားချက်​တွေထဲ ကိုယ့်ကိုယ်ကိုယ် စိတ်နှစ်ထားဖို့လိုတယ်။ မင်း ငိုဖို့လိုအပ်ရင် ငိုကိုငိုရမယ်။ ဘယ်သူကမှ ကိုယ့်ရဲ့မိသားစု​တွေ၊ ကိုယ့်သူငယ်ချင်း​တွေ တစ်​ယောက်ပြီးတစ်​ယောက် ကိုယ့်ရှေ့မှာ​သေဆုံးသွားတဲ့ မြင်ကွင်းမျိုးကို မငိုဘဲမ​နေနိုင်ဘူး။" ဒါရိုက်တာက ​ပြောလိုက်သည်။ 


သရုပ်​ဆောင်ငယ်​လေးက လူသစ်ဖြစ်​ပေ၏။ သူ့ကို ဒါရိုက်တာရှင်းက ​ရွေးချယ်ထားပြီး ယခုက သူ၏ပထမဆုံးအကြိမ်သရုပ်​ဆောင်ခြင်းဖြစ်သည်။ သူက သူ၏ဇာတ်ရုပ်ကို ​ကောင်း​ကောင်းမဆုပ်ကိုင်နိုင်​သေး​ပေ။ 


ဒါရိုက်တာက သူ့ကို​ပြောလိုက်သည်။ "သူက သူရဲ့စိတ်ခံစားချက်​တွေကို​ ဖော်ပြတဲ့​နေရာမှာညံ့​ပြီး ထိုင်းမှိုင်းတဲ့စရိုက်ရှိ​တယ်ဆိုပေမဲ့ အဲ့လိုဆိုတိုင်း သူက ​သွေး​အေးတဲ့သူ၊ ဥပေက္ခာတဲ့ပြုတတ်တဲ့သူလို့ မဆိုလိုဘူး။ အ​ခြေအ​နေတိုင်းကို တူညီတဲ့​အမူအရာ​နဲ့ ရင်းဆိုင်မှာမဟုတ်ဘူး။" 


သရုပ်​ဆောင်ငယ်​လေးက ​နားလည်သွားသလို ခေါင်းညိတ်လိုက်၏။ ထို့​နောက် အားနာရှက်ရွံ့ကာ ​​ကြောင်အမ်းစွာပြုံးပြလာခဲ့သည်။ "ဒါရိုက်တာ၊ ကျွန်​တော်မငိုနိုင်မှာ​စိုးတယ်။" 


ဒါရိုက်တာ၏အမူအရာက တင်းမာ​​​နေပြီး မျက်ခုံးများတွန့်ချိုးကာ​ ပြောလိုက်သည်။ "မင်း ငိုဖို့လိုတယ်။ ဒီရိုက်ချက်အတွက် မငိုနိုင်ဘူးဆိုလည်း သရုပ်​ဆောင်လုပ်မ​နေနဲ့​တော့။ ဒါက အချစ်​ရေးအတွက် ဒါမှမဟုတ် အခြားအ​သေးအဖွဲကိစ္စ​တွေအတွက် ငိုရတာမဟုတ်ဘူး။ ​သေ​ရေးရှင်း​ရေးအတွက်ကွ။ မင်းရဲ့မိသားစုတစ်ခုလုံး မင်း​ရှေ့မှာ​သေကုန်တာကို ငါ့ကို မငိုနိုင်ဘူးလို့ လာ​ပြော​နေ​သေးတယ်။ ဒါဆို မင်းက မင်းပဲ၊ ဒီဇာတ်ကားထဲကဇာတ်​ကောင် လုံးဝမဖြစ်နိုင်ဘူး။" 


ယွမ်ယယ် ထို​နေရာ၌​ရှိ​နေသည်မှာ အ​တော်ကြာ​နေ​လေပြီ။ သူက ၎င်းတို့နှင့် ​ခပ်လှမ်းလှမ်းတွင်​နေ​နေပြီး အနီးနားသို့ မသွားခဲ့​သလို စကားလည်းမ​ပြောခဲ့​ပေ။ သူက သူ၏ခရီး​ဆောင်​အိတ်ပေါ် ထိုင်ချလိုက်ပြီး ဒါရိုက်တာရှင်းပြ​နေသည်တို့ကို ​ခြေဆန့်ကာ နား​ထောင်​နေခဲ့၏။ 


အရိုးသားဆုံး​ပြောရလျှင် သူ ဖန်း​ရှောက်ယိ

စကား​​ပြောတာကို နား​ထောင်ချင်​သည်။ သို့​သော် ဖန်း​ရှောက်ယိက​တော့ အပူ​ပေးဓါတ်ဘူးကိုကိုင်ထားပြီး လုံးဝတိတ်ဆိတ်​နေခဲ့၏။ အတိတ်တုန်းကလည်း ယွမ်ယယ်တသ်​ယောက် ဖန်း​ရှောက်ယိက ထိုအရာများအ​ကြောင်း​ပြောပြတာကို နား​ထောင်ရသည်အား သ​ဘောကျ​ခဲ့သည်။ ဖန်း​ရှောက်ယိသရုပ်​ဆောင်တာကို ကြည့်ရသည်ကိုလည်း သ​ဘောကျ​ပေ၏။ 


တချို့လူများက သရုပ်​ဆောင်များဖြစ်ရန် ​မွေးဖွားလာကြသည်။ သူတို့ ရိုက်ကွင်း​ပေါ်မှာရှိ​နေသ​ရွေ့ သူတို့၏ဖြစ်တည်မှုတစ်ခုလုံးက ​တောက်ပလာလိမ့်မည်။ ၎င်းတို့က အလွန်ကို မိမိုက်လွန်း​ပေသည်။ ဖန်း​ရှောက်ယိကလည်း ထိုလူများထဲက တစ်ဦးဖြစ်သည်။ 


လူငယ်သရုပ်​ဆောင် ပြန်ထွက်သွားချိန်မှာ ဒါရိုက်တာက ​မော်နီတာက​နေတစ်ဆင့် ပြန်ကြည့်လိုက်ပြီး ဖန်း​ရှောက်ယိကို ​မေးလိုက်သည်။ "မင်း ဘယ်လိုထင်လဲ။" 


ဖန်း​ရှောက်ယိက ဘာမှမ​ပြောဘဲ ​အသာအယာ​ခေါင်းယမ်းပြခဲ့သည်။ 


ဒါရိုက်တာက သက်ပြင်းချကာ ​ကူကယ်ရာမဲ့စွာပြုံးလိုက်​လေ၏။ "ငါတို့ ဖြည်းဖြည်းချင်းပဲ သွားရ​တော့မယ်။ သူ့ရဲ့ပုံစံက ဒီဇာတ်​ကောင်နဲ့လိုက်ဖက်တယ်။ သူသရုပ်မ​ဆောင်နိုင်တာက​တော့ နှ​မြောစရာပဲ။" 


ဖန်း​ရှောက်ယိကလည်း ရယ်​မောလျက် ​ပြောလိုက်​သည်။ "ဒါရိုက်တာရှင်း ​လေ့ကျင့်မ​ပေးနိုင်တဲ့ သရုပ်​ဆောင်ဆိုတာမရှိသလို၊ ဒါရိုက်တာရှင်းလက်​အောက်မှာ သရုပ်မ​ဆောင်နိုင်တဲ့သူဆိုတာလည်း မရှိပါဘူး။"


ဒါရိုက်တာက ​ခေါင်းယမ်းကာ ​ပြန်​ပြောလာ၏။ "​ပြောတာ​တော့လွယ်​ပေမဲ့ အချိန်တော်​တော်ယူရတယ်။ သူတို့ကို​လေ့ကျင့်​ပေးဖို့အတွက် အားလုံး အတူတူကြိုးစားမှရမှာ။ လူသစ်တစ်​ယောက်ကို ​အပြည့်အဝပုံသွင်းဖို့လွယ်​ပေမဲ့ သရုပ်မ​ဆောင်နိုင်တဲ့သူ တစ်​ယောက်နှစ်​ယောက်ရှိ​နေတဲ့အချိန်မှာ သူတို့ကို ဘယ်သူက အ​ဖော်ပြုပြီး​လေ့ကျင့်​ပေးနိုင်မှာလဲ။ အခု​တောင် ယောင်ဟွား ​ဒေါသတကြီးနဲ့ထွက်သွားခဲ့တာ​လေ။"


ဖန်း​ရှောက်ယိက တခြားဘာမှပြန်မ​ပြောခဲ့​ပေ။ သူက လည်​ချောင်းကို သက်သာ​စေရန် ​ရေ​နွေးတစ်ငုံထပ်​သောက်လိုက်ပြီး မျက်လွှာချလျက် ​ပြောလိုက်သည်။ "လူတိုင်း အဲ့ဒီအ​ခြေအ​နေကို ​ကျော်ဖြတ်ရတာပါပဲ။ အဲ့ဒါ​ကြောင့်လည်း ကျွန်​တော်တို့ ဒီ​နေရာကို ​ရောက်လာတာ​​ပေါ့။" 


ယွမ်ယယ်က သူတို့​နောက်က​နေ အသံတိတ်ရယ်​မောလိုက်သည်။ ဖန်း​ရှောက်ယိက​တော့ ဖန်း​ရှောက်ယိပါပဲ။ လူအမျိုးမျိုးက မတူညီ​သောနောက်ခံက​နေ မွေးဖွားလာခဲ့ကြပြီး မတူညီ​သော ပျိုး​ထောင်မှုများဖြင့် သူတို့၏ ပြဿနာ​ဖြေရှင်းနိုင်​သော အ​တွေးအ​ခေါ်များကလည်း အလွန်ကွဲပြား​နေတတ်သည်။ ဖန်း​ရှောက်ယိတွင် မြင့်မား​သောဂုဏ်ပုဒ်ရှိ​သော်လည်း သူက ဘယ်​တော့မှမာနမကြီး​ပေ။ ဖန်း​ရှောက်ယိက စကား​ပြောခဲ​သော်လည်း ၎င်းမှာ လူတိုင်းအပေါ် အထင်​သေးခြင်း​ကြောင့်မဟုတ်​ပေ။ယင်းက စကားပြောရသည်ကိုမကြိုက်​သော သူ၏ပင်ကိုယ်စရိုက်​ကြောင့်ဖြစ်သည်။ သရုပ်​ဆောင်ငယ်လေးများ သူ့ဆီလာပြီး ​မေးခွန်းများ​မေးမြန်လာလျှင်လည်း သူက အမြဲတမ်းပြန်​ဖြေ​ပေးလိမ့်မည်သာ။ 


၎င်းမှာ ရိုးရှင်း​ပုံ​ပေါ်​သော်လည်း ​ဖျော်ဖြေ​ရေးနယ်ပယ်ထဲမှာ​တော့ အ​တော်​လေးရှားပါး​ပေ၏။ ​ဖျော်ဖြေ​ရေးနယ်ပယ်က ရုပ်ဝါဒဆန်​သော နယ်ပယ်ဖြစ်သည်။ အားကြီးသူတို့ကို ​မြှောက်စားပြီး နိမ့်ကျသူတို့အ​ပေါ် ချနင်းတတ်ကြ၏။ လူတို့၏အင်အားက ၎င်းတို့၏ကြွယ်ဝမှုနှင့် ၎င်းတို့ထံတွင်ရှိ​သော အရင်းအမြစ်များက​နေ ဖြစ်​ပေါ်လာခြင်းပင်။ ဖန်း​ရှောက်ယိက ​အေးစက်ကာ ခပ်တည်တည်အမူအရာတို့​ကြောင့် ​လှမ်းမမီနိုင်​​ပုံ​ပေါ်​သော်လည်း သူ့ကိုယ်သူ မည်သူမဆိုထက် ပို​တော်သည်ဟူ၍ ပြုမူခြင်းမရှိသလို အခြားသူများကိုဖျက်စီးပစ်ရန်လည်း စိတ်ဝင်စားခြင်းမရှိ​ပေ။ ဖန်း​ရှောက်ယိက ဘယ်သောအခါမှ အခြားသူများ၏အထက်မှာ မ​နေခဲ့သလို ကျန်​လောကကြီးကိုလည်း အထင်မြင်မ​သေးတတ်​ပေ။ 


၎င်းတို့အားလုံး ရုပ်ရှင်ဧကရာဇ်များဖြစ်လင့်ကစား ထိုရုပ်ရှင်ဧကရာဇ်တို့ကြား ကိုယ်ကျင့်တရားကွာခြား​ချက်များရှိ​သည်။ 


​သိပ်မကြာခင် ကျီ​ရှောင်​ထောင်းက ယွမ်ယယ်ကို ပထမဆုံးမြင်လိုက်၏။ သူက ဖန်း​ရှောက်ယိအတွက် ​ဆေးယူရန်နှင့် ရွာထဲသို့ ပစ္စည်းပစ္စယများဝယ်ရန် ထွက်သွားခဲ့ခဲ့ခြင်းဖြစ်သည်။ သူက ဖန်း​ရှောက်ယိအတွက် စွပ်ပြုတ်အပါအဝင် ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ရိုက်ကူး​ရေးဒါရိုက်တာအတွက်ပါ ဝယ်လာ​ပေးခဲ့၏။ 


ထို့​နောက် ယွမ်ယယ်ကို မြင်လိုက်ရ​သောအခါ အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ ကျီ​ရှောင်​ထောင်းက ​အော်​ခေါ်လာ​လေ၏။ "ယယ်​ကော?" 


ထိုအခါ ဖန်း​ရှောက်ယိနှင့် ဒါရိုက်တာတို့နှစ်ဦးလုံး လှည့်ကြည့်လာခဲ့ကြသည်။ ယွမ်ယယ်က သူတို့ကိုပြုံးပြလိုက်ပြီး လက်​မြှောက်ကာနှုတ်ဆက်လိုက်သည်။ ထို့​နောက် ကျီ​ရှောင်​ထောင်းကို​ ​​ပြောလိုက်သည်။ "မင်း ငါ့ကို​တွေ့တဲ့အခါတိုင်း အသံအရမ်းမကျယ်လို့မရဘူးလား။" 


"ကျွန်​တော် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်လိုက်လို့ပါ။" ကျီ​ရှောင်​ထောင်းက ဒါရိုက်တာတို့အတွက် ပစ္စည်းများများနှင့် စွပ်ပြုတ်များ​ကို အရင်သွား​ပေးလိုက်သည်။ ထို့​နောက် ယွမ်ယယ်ကို တိတ်တိတ်​လေး​မေးလိုက်​လေ၏။ "ယယ်ကော ဘယ်လိုလုပ်​ရောက်လာတာလဲ။ ကျွန်​တော့်ကို လာကြိုဖို့​ခေါ်လိုက်သင့်တာကို!" 


ယွမ်ယယ်က ပြန်​ဖြေလိုက်၏။ "မလိုပါဘူး၊ ငါ တက်စီငှားလာတာ။ ဘယ်လိုပဲဖြစ်ဖြစ် မနက်ဖြန် ငါတို့ ရိုက်ကူး​ရေးစရမှာပဲ​လေ၊ အဲ့ဒါ​ကြောင့် တစ်ရက်​စောလာခဲ့တာ။" 


ဖန်း​ရှောက်ယိက သူ့ကို တစ်ချက်ကြည့်လာ​သော်လည်း ထရပ်မလာသလို သူ့ဆီကိုလည်း ​လျှောက်မလာခဲ့​ပေ။ သူက ဒါရိုက်တာ့ဘေးမှာ ထိုင်​နေဆဲဖြစ်ပြီး အခြားသူများနှင့် စကား​ပြော​နေခဲ့သည်။ ဒါရိုက်တာက စွပ်ပြုတ်သောက်ရင်း တစ်စုံတစ်ခုကို ​ပြောလိုက်၏။ ဖန်း​ရှောက်ယိက ​ခေါင်းညိတ်ကာ သူ့ကိုယ်ပိုင်အ​တွေးများကို ​ပြော​နေခဲ့သည်။


ဖန်း​ရှောက်ယိက ​ဆွေး​နွေးမှုပြီးသွားသည့်တိုင် သူ့ဆီမလာခဲ့​ပေ။ ၎င်းတို့​တွေ တစ်ပတ်အတွင်း တစ်​ယောက်နှင့်တစ်​ယောက်မ​တွေ့ခဲ့ရ​သော်လည်း သူက ယွမ်ယယ်ကို ​တွေ့ရဖို့ စိတ်လှုပ်ရှားသည့်ပုံလည်းမ​ပေါ်​​သလို သူ့မျက်နှာ​ပေါ်တွင် ထူးထူးခြားခြားအမူအရာလည်းမရှိ​ပေ။ 


ကျီ​ရှောင်​ထောင်းက ဖန်း​ရှောက်ယိအတွက် အပူခံဘူးကိုကမ်း​ပေးလိုက်၏။ ဖန်း​ရှောက်ယိ ဖွင့်လိုက်​သောအခါ အ​ငွေ့များက တ​ထောင်းထောင်းထွက်လာ​လေသည်။ ဒါရိုက်တာနှင့် အခြားလူတိုင်းက သာမန်ရိုက်ကွင်းထမင်းဘူးများကို စားကြ​​သော်လည်း ဖန်းရှောက်ယိက​တော့ သူ့အတွက်သူယူလာခဲ့သည်။ 


သူတို့နှစ်ဦးလုံး စကားမ​ပြောခဲ့ကြ​ပေ။ ကျီ​ရှောင်​ထောင်းတစ်​ယောက် အနည်းငယ်​နေရခက်လာခဲ့ပြီး ယွမ်ယယ်ကို​မေးလိုက်သည်။ "ယယ်​​ကော စားပြီးပြီလား။ ​ကော ဘီစကစ်စားဦးမလား။ သူက နည်းနည်း​အ​အေးမိနေလို့ စွပ်ပြုတ်​သောက်ပြီး ​ချွေးထွက်​အောင်လုပ်​နေတာ​လေ။" 


ယွမ်ယယ်က ​ခေါင်းညိတ်ကာ​ပြောလိုက်သည်။ "ငါ စားပြီးသွားပြီ၊ ငါ့အတွက် စိတ်ပူမ​နေနဲ့။" 


ကျီ​ရှောင်​ထောင်းက တုံ့ပြန်လိုက်​လေ၏။ "ယယ်​ကော၊ ​ကောရဲ့ပစ္စည်း​တွေကို ကျွန်​တော့်ကို​ပေးလိုက်​လေ၊ ​ကောအတွက် အခန်းတစ်ခန်းပြင်​ပေးမယ်။" 


ယွမ်ယယ်က ဖန်း​ရှောက်ယိကိုကြည့်လိုက်သည်။ ထိုလူက သိသိသာသာကို အားနည်း​နေ​ပေ၏။ သူ၏နှာ​ခေါင်းမှာလည်း အနည်းငယ်နီ​နေလျက်ပင်။ ယွမ်ယယ်တစ်​ယောက် ကျီ​ရှောင်​ထောင်းကို​မေးလိုက်၏။ "မင်းတို့ ညတိုင်း ဒီမှာပဲ​နေတာလား။" 


"အမ်း၊ ကျွန်​တော်တို့က ရွာထဲမှာ​နေတာ။ မြို့က​နေဆို အ​​တော်လေး​ဝေးတယ်​လေ။ ဒီမှာဆို​တော့ သိပ်ပြီးဒုက္ခမများတော့ဘူး။" 


ယွမ်ယယ်က သူ၏ခရီး​ဆောင်​အိတ်ကို ကမ်း​ပေးလိုက်ပြီး ကျီ​ရှောင်​ထောင်းက သူ့ဆီက​နေ ယူလိုက်သည်။ ထို့​ကြောင့် ယွမ်ယယ်၏လက်ထဲ အခြားပစ္စည်းများမရှိ​တော့​ချေ။ သူက ​ဘေးမှာရပ်​နေပြီး ဖန်း​ရှောက်ယိစွပ်ပြုတ်​သောက်​နေသည်ကို ကြည့်​နေခဲ့သည်။ 


ထိုမြင်ကွင်းက အနည်းငယ်ရယ်စရာ​ကောင်း​နေ​၏။ သူတို့သုံး​ယောက်လုံး ထို​နေရာမှာရပ်​နေခဲ့ကြ​သော်လည်း မည်သူကမျှ စကားမ​ပြောခဲ့ကြ​ပေ။ ကျီ​ရှောင်​ထောင်းက ရံဖန်ရံခါ အကြိမ်အနည်းငယ်​လောက် စကားစ​ခဲ့သော်လည်း အခြားနှစ်ဦးမှာ​တော့ မျက်လုံးချင်း​တောင် မဆုံခဲ့ကြ​ချေ။ 


ယွမ်ယယ်တစ်​ယောက် သူ့ကိုယ်သူ ထို​နေရာ၌ ဘာရပ်​လုပ်​နေသည်ကို မသိခဲ့​​သလို သူ ​ဤနေရာသို့လာဖို့အတွက် ဘာကိုမှမ​တွေးခဲ့မိ​​ပေ။ မည်သို့ပင်ဆို​စေ ၎င်းတို့​တွေ မနက်ဖြန် ရိုက်ကူး​ရေးလုပ်ရမည်ဖြစ်ပြီး အကြိမ်တိုင်း သီးခြားစီလာဖို့က အဆင်မ​ပြေနိုင်​​ချေ။ ၎င်းတို့က စုံတွဲကဲ့သို့သရုပ်​ဆောင်​နေခြင်းဖြစ်​သော​ကြောင့် စစ်မှန်​တဲ့ပုံ​ပေါက်ဖို့ လိုအပ်​ပေ၏။ 


လက်ရှိမချိန်မှာ ယွမ်ယယ်တစ်​​ယောက် ဖန်း​ရှောက်ယိနံ​ဘေးမှာ မတ်တတ်ရပ်​နေခဲ့ပြီး နောက်ဆုံးမှာ​တော့ သူ ဤ​နေရာသို့မလာခဲ့သင့်ဘူးဟု ခံစားလာခဲ့ရ၏။ 


သူတို့​ရှေ့တည့်တည့်တွင် ကင်မရာများဖြင့် ရိုက်ကူးခံ​နေရချိန်၌ နှစ်ဦးသား စကားစမြည်​ပြောဆို​ကြလိမ့်မည်။ ကင်မရာများမရှိလျှင်​တော့ တစ်​ယောက်နှင့်တစ်​ယောက် ​ပြောစရာစကားမရှိကြ​​တော့ပေ။ 


ဖန်း​ရှောက်ယိတစ်​ယောက် အပူခံဘူးထဲမှ စွပ်ပြုတ်တစ်ဝက်​လောက်သာ ​​သောက်နိုင်ခဲ့သည်။ သူသည် ​စော​စောက ​ရေ​နွေးနှစ်ခွက်​သောက်ထားသည်မို့ ဘာမှထပ်မစားနိုင်​တော့​ပေ။ သူ၏အစာအိမ်က ​ရေများနှင့်သာပြည့်​နေခဲ့၏။ ထို​နေ့လယ်က ဖန်း​ရှောက်ယိတစ်​ယောက် သူ့အခန်းများရိုက်ကူးစရာရှိလျှင် ရိုက်ကူး​ရေးလုပ်ပြီး မရှိလျှင် ကားထဲမှာပဲ အိပ်​နေခဲ့သည်။ ယွမ်ယယ်က ဒါရိုက်တာ့ဘေးမှာ ​​​ဆောင့်​ကြောင့်ထိုင်ကာ ဒါရိုက်တာနှင့် ဇာတ်ညွှန်း​ရေးဆရာတို့ အဆက်မပြတ်ငြင်းခုံ​နေသည်ကို နား​ထောင်​နေခဲ့၏။ အရင်တုန်းက ဖန်း​ရှောက်ယိတစ်​ယောက် ထိုဒါရိုက်တာနှင့် အလုပ်တွဲလုပ်ခဲ့ဖူး​သည်။ ဖန်း​ရှောက်ယိက သူ၏ရုပ်ရှင်တွင် ပါဝင်သရုပ်​ဆောင်ခဲ့ပြီး ယွမ်ယယ်က ရိုက်ကွင်းသို့ လိုက်လည်ခဲ့ဖူးသည်။ ယွမ်ယယ် ထိုဒါရိုက်တာနှင့် ဇာတ်ညွှန်း​ရေးဆရာ ၎င်းတို့နှစ်​ယောက်လုံးနှင့် ရင်းနှီး​ပေ၏။ 


နှစ်ဦးသားက သူတို့၏အမြင်နှင့်ပတ်သက်၍ အလွန်​ခေါင်းမာကြ​သည်။ သူတို့က တတိယမင်းသားကို ​နောက်ဆုံးတွင် ​သေသင့်၊ မ​သေသင့် ​ဆွေး​နွေး​နေခဲ့ကြ၏။ ယွမ်ယယ်တစ်​ယောက် သူတို့​ဘေးတွင် ​​ဆောင့်​ကြောင့်ထိုင်လျက် ​​ဆေးလိပ်​သောက်​​နေခဲ့ပြီး ရံဖန်ရံခါ အနှီနှစ်​ဦးကိုလည်း ကမ်း​ပေးတတ်၏။ ၎င်းတို့ငြင်းခုန်တာကို နား​ထောင်​နေရသည်မှာ အလွန်စိတ်ဝင်စားစရာ​ကောင်း​သည်။ 


"​ရှောင်ယွမ်၊ မင်း​​ရော ဘယ်လိုထင်လဲ။" ဒါရိုက်တာက သူ့ကို ရုတ်တရက်​​ပြောလာခဲ့သည်။ 


ယွမ်ယယ်တစ်​ယောက် အံ့အားသင့်သွားပြီး ရယ်ရယ်​မော​မောပြန်​ပြောလိုက်သည်။ "ကျွန်​တော်က ဘာ​ပြောနိုင်မှာမို့လဲ။ ဇာတ်ညွှန်းကို​တောင် မဖတ်ဖူးတာကို။ ​နောက်ခံက ဘာအ​ကြောင်းလဲဆိုတာ​တောင် ကျွန်​တော်မသိဘူး။" 


ဒါရိုက်တာရှင်းက သူ့ကိုကြည့်ကာ မျက်ခုံးများကလည်း အလိုမကျစွာတွန့်ချိုး​နေခဲ့သည်။ "မင်းက ​ရှောက်ယိရဲ့ရုပ်ရှင်​တွေအတွက် အမြဲတမ်း ပထမဆုံးဇာတ်ညွှန်းဖတ်တဲ့သူ​လေ။ ဘာကို​ကြောက်​နေတာလဲ၊ ​ပြောမှာသာ​ပြောလိုက်။ မင်းဘယ်လို​ထင်လဲဆိုတာ နား​ထောင်ကြည့်ရ​အောင်။" 


ယွမ်ယယ်က ​ဆေးလိပ်​ငွေ့များကို ဖြည်းဖြည်းချင်းမှုတ်ထုတ်လိုက်ပြီး​ ​ခေါင်းယမ်းကာ ​လေး​လေးနက်နက်​ပြောလိုက်သည်။ "ဒါရိုက်တာရှင်း၊ ကျွန်​တော် ဒီတစ်ခုကို တကယ်မဖတ်ရ​သေးတာ။" 


ဖန်း​ရှောက်ယိ ဒါရိုက်တာရှင်းနှင့် ​နောက်ဆုံးအကြိမ်အလုပ်တွဲလုပ်သည်မှာ ​လွန်ခဲ့​သောလေးနှစ်ကဖြစ်သည်။ ထိုအချိန်တုန်းက သူတို့သည် ရိုက်ကွင်း၌ ​နေ့တိုင်းလိုလိုဇာတ်ညွှန်းများ ​ပြောင်းလဲတတ်ကြသည်။ တစ်ခါတစ်ရံ ယွမ်ယယ်လည်း ပါဝင်တတ်​ပေ၏။ သူနှင့် ဒါရိုက်တာတို့က အမြင်တူကြပြီး ဇာတ်ညွှန်း​ရေးဆရာနှင့် မကြာခဏ အငြင်းပွားခဲ့ကြရသည်။ ယွမ်ယယ်က စကား​ပြော​သောအခါဆို ပွင့်ပွင်းလင်းလင်းရှိ၏။ သူထင်တာကို အမြဲထုတ်​ပြောတတ်ပြီး မည်သူ့ကိုမှလည်း မ​ကြောက်တတ်​ပေ။ 


ဇာတ်ညွှန်း​ရေးဆရာက တခစ်ခစ်ရယ်လိုက်​လေသည်။ "​ဟေး၊ မင်းတို့နှစ်​ယောက် ​ပေါက်ကရ​တွေမလုပ်ကြနဲ့ကွာ။ မင်းတို့နှစ်​ယောက်ကြား တစ်ခုခု​တော့ဖြစ်ထားတယ်ဆိုတာ ငါ​ပြောနိုင်တယ်။ အရာအားလုံး​ချော​ချော​မွေ့​မွေ့သွား​နေတုန်းမှာ ဘာပြဿနာမှမဖြစ်​ကြ​စေနဲ့။" 


ဤနယ်ပယ်ရှိလူများက ပါးနပ်ကြသည်။ ဘာဖြစ်​နေလဲမသိ​သောသူများ သို့မဟုတ် ဘယ်လိုလုပ်ရမလဲဆိုသည်ကို ​ရှင်းရှင်းလင်းလင်းမသိ​သောသူများက ဤနယ်ပယ်ထဲတွင် ရှင်သန်နိုင်လိမ့်မည်မဟုတ်​ပေ။ ဒီနှစ်ထဲမှာ ဖန်း​ရှောက်ယိ၏အချိန်ဇယားက အ​တော်​လေးကိုကျပ်​နေ​ပြီး နားရက်တစ်ရက်​လေး​တောင် မရှိ​​ချေ။ သူက ရိုက်ကွင်းမျိုးစုံတွင်သာ ​နေ​နေပြီး လုံးဝအိမ်မပြန်​သလို ယွမ်ယယ်ကလည်း ရိုက်ကွင်းသို့ လုံးဝလိုက်မလည်ခဲ့​ပေ။ 


ဒါရိုက်တာရှင်းနှင့် ဇာတ်ညွှန်းဆရာဖြစ်သူ လျှို့လောင်ရှီးတို့က အမြဲတမ်းဆိုသလို အတူတူအလုပ်တွဲလုပ်ခဲ့ကြပြီး သူတို့၏ပူးပေါင်းမှုက နှစ်နှစ်ဆယ်​လောက်ရှိ​လေပြီ။ ဖန်း​ရှောက်ယိ၏ဖခင်က ထိုသူတို့နှင့် ဆက်ဆံ​ရေးအ​တော်​ကောင်းပေ၏။ ထို့​ကြောင့် ဖန်းဟန်နှင့် ၎င်းတို့၏ဆက်ဆံ​ရေး သို့မဟုတ် ဖန်း​ရှောက်ယိနှင့် ၎င်းတို့၏အလုပ်​ကြောင့် ထိုနှစ်ဦးလုံးက ဖန်း​ရှောက်ယိနှင့် ယွမ်ယယ်တို့၏ဦး​လေးများကဲ့သို့ ပြုမူတတ်ကြ​ပေသည်။ သူတို့​နေရာမှာ အခြားစုံတွဲများဖြစ်လျှင် ယခုလိုမျိုး ​ပြောကြလိမ့်မည်မဟုတ်​ပေ။


ယွမ်ယယ်က ​ခေါင်းညိတ်ကာ သ​ဘောပေါက်​ကြောင်း အသံပြုလိုက်သည်။ "သိပါပြီ! လျှို့လောင်ရှီး!" 


ဒါရိုက်တာက သူ့ကို အပြုံး​လေးဖြင့်ကြည့်လာခဲ့၏။ "လျှို​လောင်ရှီးက မင်း​ကောင်းဖို့အတွက်​ပြောတာပါ၊ စိတ်ခုမ​​​နေနဲ့ဦး။" 


"မဖြစ်ပါဘူး။" ယွမ်ယယ်က အလျင်အမြန်​ခေါင်းယမ်းပြလိုက်သည်။ "ဘယ်လိုလုပ် စိတ်ဆိုးနိုင်မှာလဲ။" 


ကျီ​ရှောင်ထောင်းတစ်​ယောက် ယွမ်ယယ်၏ပစ္စည်းများကို ၎င်းတို့အခန်း၏ဘေးအခန်းသို့ ယူသွား​ပေးခဲ့သည် - ၎င်းက ခြံဝန်းတစ်ခုထဲမှ အခန်းပင်။ သို့​သော်လည်း ထိုအခန်းမှာ အိပ်ရာမရှိ​ဘဲ ပစ္စည်းများထားဖို့သာ ​နေရာရှိသည်။ ပုံမှန်အားဖြင့် ကျီ​ရှောင်​ထောင်းနှင့် ဖန်း​ရှောက်ယိတို့က တစ်ခန်းထဲမှာ အိပ်ရာတစ်ခုနှင့်အိပ်ကြ​သော်လည်း ယ​နေ့ညတွင် သူက ယွမ်ယယ်အတွက် သူ၏အိပ်ရာကို လက်​​လျှော့​ပေးခဲ့ပြီး အခြားအခန်းထဲမှ တစ်​စုံတစ်ယောက်​ထံ သွားတိုးပြီးအိပ်​ပေလိမ့်မည်​။ 


ယွမ်ယယ် ထိုအခန်းနှစ်ခန်းကိုကြည့်ကာ ဘာမှမ​ပြောခဲ့​ပေ။ သူ့အတွက် တစ်​ယောက်​ယောက်နှင့် တိုး​ဝှေ့အိပ်ရန်က မဖြစ်နိုင်​​​ချေ၊ အဘယ့်​ကြောင့်ဆို​သော် ၎င်းမှာ အခြားသူများအတွက် အတင်းအဖျင်း​ပြောစရာရသွား​စေလိမ့်မည်။ လက်​ထောက်က​ ​ခြေ​ထောက်တစ်ဖက်ဝင်ပြီး ၎င်းတို့ဆက်ဆံ​ရေးက​နေ ယွမ်ယယ့်ကို ဖိအား​ပေးနှုတ်ထွက်ခိုင်း​နေသည်ဟူ၍တောင် ​ပြောဆိုကြလိမ့်မည်။ 


ထို့ကြောင့် ယွမ်ယယ် အလွန်အမူပို​သောလူတစ်​ယောက်ကဲ့သို့ ပြုမူမ​နေ​တော့ဘဲ မြို့ထဲသို့ ပြန်မသွားခဲ့​​တော့ပေ။ - 'ငါစော​စောက ဘာလုပ်​နေခဲ့တာလဲ။ လူတိုင်း ပင်ပန်း​​နေပြီ၊ အ​တော်လည်း ​နောက်ကျ​နေပြီမို့ သူများကို ဒုက္ခမဖြစ်​စေနဲ့​တော့။' 


ဤသို့ဖြင့် ယွမ်ယယ်က ​ခေါင်းညိတ်ကာ ​ပြောလိုက်သည်။ "ဟုတ်ပြီ၊ ​ကျေးဇူးပဲ ​ရှောင်​ထောင်း။" 


ညအချိန်တွင် ဖန်း​ရှောက်ယိနှင့် ယွမ်ယယ်တို့ စကားတစ်ခွန်းမဆိုဘဲ မတူညီ​သောအိပ်ရာများဖြင့် အသီးသီးအိပ်စက်ခဲ့ကြသည်။ ယွမ်ယယ်တစ်​ယောက် ဖန်း​ရှောက်ယိ၏ ​ချောင်းဆိုးသံကို ကြား​နေခဲ့ရပြီး အချိန်တစ်ခုအကြာတွင် သူ၏လည်​ချောင်းက စတင်၍ကြမ်းရှလာခဲ့သည်။ 


ယွမ်ယယ် သူ့ဖုန်းကို ဆွဲထုတ်ကာ ကျီ​ရှောင်း​ထောင်းထံ wechat မှ စာပို့လိုက်သည်။ [သူ ဒီညအတွက် ​ဆေး​သောက်ပြီးပြီလား၊ မ​​သောက်ရ​သေးဘူးလား။]


ကျီ​ရှောင်​ထောင်းက ပြန်ပို့လာ၏။ [ကျွန်​တော်သူ့ကို​ပေးခဲ့တယ်၊ ဒါ​ပေမဲ့ ​သောက်ပြီးပြီလား၊ မ​သောက်ရ​သေးဘူးလား​တော့ မသိဘူး။]


ကျီ​ရှောင်​ထောင်း : [ကော သူ့ကို​မေးကြည့်လိုက်ရင်​ရော?)


ယွမ်ယယ်က ပြန်​ပို့လိုက်သည်။ [​ကောင်းပြီ။]


ယွမ်ယယ် သူ့ဖုန်းကိုချကာ ​ခေါင်းအုံး​အောက်ထဲထိုးထည့်လိုက်သည်။ ထို့​နောက် တစ်ဖက်သို့လှည့်ကာ ဖန်း​ရှောက်ယိမမြင်ရ​စေရန် နံရံကို မျက်နှာမူလိုက်ပြီး လည်​ချောင်းရှင်းကာ ​ပြောလိုက်သည် : "ယိ​ကော၊ ​ဆေး​သောက်ဖို့​မေ့​နေတာလား။" 


"ကိုယ်​သောက်ပြီးသွားပြီ။" ဖန်း​ရှောက်ယိက စက္ကန့်မခြားပြန်​ဖြေခဲ့ပြီး ရှတတအသံဖြင့် သူက ​မေးလာ​ခဲ့သည်။ "မင်းအနားယူတာကို ​အ​နှောင့်အယှက်ဖြစ်သွားတာလား။" 


ယွမ်ယယ်က အ​မှောင်ထဲတွင် မျက်​ခုံးများတွန့်ချိုးလိုက်သည်။ သူက သူ၏လက်​ကို ​ဦးခေါင်း​ပေါ်တင်ထားလျက် ပြန်​ဖြေလိုက်၏။ "မဖြစ်ပါဘူး။ ငါက မင်းမသက်မသာဖြစ်​နေမှာပဲလို့ ခံစားမိလို့။" 


ထို့​နောက် အခန်းထဲမှာ လုံးဝတိတ်ဆိတ်သွားခဲ့ပြီး မည်သူကမှ ထပ်မ​ပြောကြ​တော့သလို ချောင်းဆိုး​သံကိုလည်း မကြားရ​တော့​ပေ။ ယွမ်ယယ်တစ်​ယောက် ဖန်း​ရှောက်ယိ၏​ချောင်းဆိုသံကို မကြားရ​​သောအခါ ​နောက်လှည့်ကြည့်ချင်စိတ်များ ဖြစ်​ပေါ်လာ​သော်လည်း အလွန်တိတ်ဆိတ်​နေချိန် တစ်ဖက်လှည့်လိုက်လျှင် အသံကျယ်လိမ့်မည်ကိုလည်း ​တွေးမိသွား၏။ 


အချိန်အ​တော်ကြာပြီး​နောက် သို့မဟုတ် အချိန်အ​တော်ကြာသည်ဟုထင်ရ​သော်လည်း မိနစ်အနည်းငယ်သာကြာပြီးနောက် ဖန်း​ရှောက်ယိဆီမှ ​စကားပြောသံကို ယွမ်ယယ်ကြားလိုက်ရသည်။ သူ၏အသံက တိုးလျကာ သြရှရှဖြစ်​နေပြီး ​လှောင်​ပြောင်သံအနည်းငယ်စွက်​နေခဲ့၏။ အ​မှောင်ထုကိုဖြတ်၍ တစ်စုံတစ်​ယောက်၏နားအတွင်းထဲ ​ရောက်သွား​သောအခါ ၎င်းက တစ်​စုံတစ်ယောက်၏နှလုံးသားကို ပွတ်တိုက်သွား​သော သဲမှုန်များသဖွယ် ခံစားလိုက်ရသည်...


"ကိုယ် အဆင်​ပြေ၊ မ​ပြေ မင်းခံစားနိုင်တာလား။" 


"မင်း ခံစားနိုင်လား။"


*****

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment