ဖန်းရှောက်ယိမှာ ကတ်ကြေးနှင့်အကျွမ်းတဝင်ရှိနေပြီဖြစ်သည်။ သူ ထိုနေရာ၌ရပ်နေလျှင် နည်းနည်းလေးအရပ်ရှည်နေသည်မှလွဲ၍ ဆံပင်ညှပ်ဆရာပေါက်စလေးနှင့်ပင် တူနေ၏။ သူ တစ်စုံတစ်ယောက်၏ဆံပင်ကို သက်သက်သာသာနှင့်ထိနိုင်ရန် ထိုင်ခုံကို မြင့်နိုင်သလောက်မြင့်ပေးထားရန်လိုအပ်သည်။ လျှိုအန်းက သူ ယခု အတော်လေးအဆင်ပြေနေပြီဟု ပြောလာသည်။ သူသာ ကပ်ကြေး၊ ဘီး၊ လေမှုတ်စက်တို့နှင့် အကျွမ်းတဝင်ရှိနေရုံဖြင့် လုံလောက်နေပေပြီ။ လျှိုအန်းက လူငယ်လေးတစ်ယောက်ကို ဆွဲခေါ်လာပြီး ပြောလာ၏။ "လာခဲ့ မင်းရဲ့ဆံပင်တွေရှည်နေပြီ။ ရှောက်ယိကောကို ဆံပင်ညှပ်ခိုင်းလိုက်။"
လူငယ်လေး၏အကြည့်မှာ ကြောက်ရွံ့မှုလေးရှိသော်လည်း တုန်လှုပ်မနေချေ။ သေခြင်းတရားကိုရင်ဆိုင်ရန်သွားသကဲ့သို့ သူက ထိုင်ခုံတွင်ဝင်ထိုင်လိုက်ကာ ပြောလာခဲ့သည်။ "ကောင်းပါပြီ။"
ဖန်းရှောက်ယိက မှန်ထဲမှတစ်ဆင့် ထိုလူငယ်လေးနှင့် အကြည့်ချင်းဆုံကာ ပြုံးပြလိုက်၏။ "စိတ်မလှုပ်ရှားပါနဲ့။"
"မဖြစ်နိုင်တာ..." လူငယ်လေး၏အမူအရာက နာကျင်နေဟန်ပင်။ "ဒါပေမဲ့ ကျွန်တော့်ရဲ့ဆံပင်က ရှည်တာမြန်တယ်၊ ဒါကြောင့်မို့ အဆင်ပြေပါတယ်။"
လျှိုအန်းက သူ့ပခုံးကို ပုတ်လိုက်ပြီး ဘေးဘက်သို့ ကိုယ်ကိုယို့ကာ သူ၏နို့လက်ဖက်ရည်ကို စုပ်သောက်လိုက်သည်။ "ဆိုးဆိုးရွားရွားပုံထွက်လာရင် တစ်ယောက်ယောက်ကို ပြန်ပြင်ခိုင်းပေးပါ့မယ်။"
လူငယ်လေးက ခေါင်းညိတ်ကာ ထိုနေရာတွင်ထိုင်ပြီး ဖန်းရှောက်ယိစိတ်ရှိသလိုသာ လုပ်ခွင့်ပြုထားလိုက်သည်။
ဆံပင်ညှပ်ခံရသည်မှာ အရိုးသားဆုံးပြောရလျှင် သူထင်ထားတာထက်ပိုပေ၏။ ဆံပင်ညှပ်ရုံတင်မကဘဲ ဦးခေါင်းကိုလည်း နှိပ်ပေးသေးသည်။ ရိုက်ကူးရေးအတွက် နောက်ခံအပြင်အဆင်မှာ ရှုပ်ထွေးသော်လည်း ၉၀ ခုနှစ်စတိုင်နှင့် ဆင်တူ၏။ ထို့ကြောင့် ခေတ်မီအလှပြင်ဆိုင်များရှိ ကျောမှီဆိုဖာထိုင်ခုံများကဲ့သို့ ထိုင်ခုံများမရှိပေ။ ဆံပင်ညှပ်နေစဥ်အတွင်း ဧည့်သည်က ထိုထိုင်ခုံပေါ်မှာပဲ ခေါင်းလျှော်၊ အနှိပ်ခံနိုင်သည်။ ထိုလက်များသည် ရုပ်ရှင်ဧကရာဇ် ဖန်းရှောက်ယိ၏လက်များဖြစ်ပြီး သူ၏ဆံပင်ကို ပွတ်ပေးနေ၏။ ထိုလူငယ်လေးက ပြုံးယောင်သန်းလာပြီး ပြောလာသည်။ "ကျွန်တော် အခုပုံကို တကယ်ရိုက်ထားပြီး ကျွန်တော့်ကောင်မလေးဆီ ပို့ရမယ်။ သူက ဖန်းလောင်...စန်းချာကို အရမ်းသဘောကျတာ။"
ဖန်းရှောက်ယိကလည်း သူ့ကိုပြန်စလိုက်သည်။ သူက တစ်ဖက်လူကို မှန်ထဲမှတစ်ဆင့်ကြည့်၍ ပြောလိုက်လေ၏။ "မင်း မနေ့က ငါ့ကိုအမိန့်ပေးနေတုန်းက မင်းကောင်မလေးအတွက် တိုက်ရိုက်လွှင့်ပေးလိုက်သင့်တယ်နော်။"
"အမယ်လေး။" လူငယ်လေးက မျက်တောင်ခတ်လိုက်သည်။ သူက ဘေးတွင်တခစ်ခစ်ရယ်နေသော လျှိုအန်းကိုကြည့်ကာ ပြောလိုက်၏။ "ဒါရိုက်တာကပြောထားတယ်လေ ဖန်းလောင်...သူက! အငြိုးအတေးမထားဘူးဆို?"
ကြည့်နေသူများကလည်း ရယ်ကြတော့သည်။ ပတ်ပတ်လည်ရှိလေထုမှာ ဖန်းရှောက်ယိအလုပ်လုပ်နေသောကြောင့် အနည်းငယ်သက်တောင့်သက်သာဖြစ်နေလေသည်။ သူ့တွင် လုပ်စရာမရှိလျှင် ထိုလူများက သူ့အတွက် လုပ်စရာရှာပေးရမည်ဖြစ်။ သူ့အား အပြင်ထုတ်ထားရန်လည်း လိုအပ်သည်။ မည်သို့ပင်ဖြစ်စေ လူတိုင်း ထိုအရာနှင့် အသားကျနေပြီဖြစ်သည်။ တစ်ခါတလေ ၎င်းတို့သည် သူက သူတို့၏နှလုံးသားထဲမှ ဖန်းရှောက်ယိဖြစ်သည်ကိုပင် မေ့လျော့နေတတ်ကြ၏။ ၎င်းတို့က ကိုယ့်ကိုယ်ကိုယ် အောင်အောင်မြင်မြင်ဦးနှောက်ဆေးခံလိုက်ရလေပြီ။
ဖန်းရှောက်ယိစတင်ရိုက်ကူးရန် တစ်ပတ်ခန့်သာလိုတော့သည်။ ထိုတစ်လနီးပါးအချိန်ကာလက အသက်ရှင်ရန် အလွန်ခက်ခဲခဲ့သည်။ တစ်ခါတလေ လူတော်တော်များများက သက်သက်အပြစ်ရှာကာ သူ့ကိုခက်ခဲအောင်ပြုလုပ်ကြသည်။ သူက ဖန်းရှောက်ယိဖြစ်နေသောကြောင့်သာ အရာရာတိုင်းက အဆင်ပြေသွားခဲ့သည်။ သူ့နေရာတွင် သူနှင့်အဆင့်အတန်းတူသော အခြားသရုပ်ဆောင်သာဖြစ်ပါက ၎င်းတို့၏ဒေါသကို မထိန်းထားနိုင်ဘဲ ပေါက်ကွဲထွက်သွားလိမ့်မည်သာ။
ယွမ်ယယ်က ဖန်းရှောက်ယိကို လိုက်မည်ဟုပြောထားသော်လည်း ထိုသို့ပြောပြီးနောက်ပိုင်း ဘာမှဖြစ်မလာခဲ့ပေ။ သူတို့၏ကွာရှင်းမှုအကြောင်းပြောဆိုနေမှုများလည်း အွန်လိုင်းတွင် ထပ်မပြန့်တော့ချေ။ ၎င်းမှာ ဖန်းရှောက်ယိ၏ Weibo ပို့စ်တစ်ခုဖြင့် အဆုံးသတ်သွားခဲ့၏။ ၎င်းနောက်တွင်တော့ အသေးအမွှားအငြင်းပွားမှုများသာရှိတော့သည်။ လူအများစုမှာ မျက်စိစုံမှိတ်ပြီး ခန့်မှန်းကာ ခွဲခြမ်းစိတ်ဖြာနေသူများသာ။ ခံရသူတို့(ဖန်းရှောက်ယိနဲ့ ယွမ်ယယ်)က ထပ်ပြီးပေါ်မလာတော့သည့်အခါ အရာအားလုံးရပ်တန့်သွားခဲ့၏။ မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးတွင် တူးဆွလို့ရနိုင်သည့် အတင်းအဖျင်းများလည်း မရှိပါချေ။ သို့သော် ၎င်းမှာ ကန်းကျင့်ဝေနှင့် ကုမ္ပဏီ၏ PR ဌာနဘက်မှ အဆက်မပြတ် ဖိနှိပ်ကာ မှတ်ချက်များကို ထိန်းချုပ်နေခြင်းကြောင့်လည်း ဖြစ်ပေသည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ဖန်းရှောက်ယိမှာ သူ၏ PR ဌာနကို အသုံးပြုခဲပေသည်။ ၎င်းမှာ သူ ထိုသို့ကြီးမားသောလုပ်ဆောင်ချက်ကိုလိုအပ်သည့် ပထမဆုံးအကြိမ်လည်းဖြစ်ခဲ့သည်။
ကန်းကျင့်ဝေမှာ သူတို့နှစ်ယောက်ကြောင့် အလွန်ကိုပင်ပန်းနေခဲ့ရသည်။ သူဖုန်းပြောခဲ့သည်မှာ ရက်အတော်ကြာခဲ့ပြီဖြစ်၏။
ခဏအကြာတွင် ကျီရှောင်ထောင်းက အဝတ်လဲခန်းထဲသို့ တစ်စုံတစ်ဦးကို ခေါ်လာခဲ့သည်။ သူက ဖန်းရှောက်ယိကို ပြောလိုက်၏။ "ကော၊ ကုမ္ပဏီရဲ့ လူသစ်လေးရောက်ပြီ။"
ဖန်းရှောက်ယိက သူတို့ကိုလှည့်ကြည့်လိုက်သည်။ ကန်းကျင့်ဝေအရင်ကခေါ်လာခဲ့သော လူငယ်လေးက သူ့ကိုပြုံးကာ ခေါင်းညိတ်ပြီး နှုတ်ဆက်လာ၏။ "ရှောက်ယိကော။"
ဖန်းရှောက်ယိကလည်း ခေါင်းညိတ်ပြကာ မေးလိုက်သည်။ "မင်း ဒါရိုက်တာနဲ့ တွေ့ပြီးပြီလား။"
ယန်စစ်ရန်က ပြောလာ၏။ "မတွေ့ရသေးဘူး။ ကျွန်တော် အခုမှ ရောက်တာမို့ပါ။"
ဖန်းရှောက်ယိက အသံပြုလိုက်သည်။ "ကုမ္ပဏီက မင်းအတွက် တစ်ယောက်ယောက်ကို ထည့်ပေးလိုက်သေးလား။"
"ဟုတ်၊ ဥက္ကဌကန်းက ကျွန်တော့်အတွက် လက်ထောက်တစ်ယောက်စီစဥ်ပေးထားပါတယ်။" ယန်စစ်ရန်ကခေါင်းညိတ်လိုက်သညိ။
"ဟုတ်ပြီ။" ဖန်းရှောက်ယိက ပြောလိုက်သည်။ "မင်းတစ်ခုခုလိုရင် ရှောင်ထောင်းကိုလည်း ပြောလို့ရတယ်။"
သီးသန့်အချိန်တွင် ကျီရှောင်ထောင်းက ဖန်းရှောက်ယိကိုပြောလာ၏။ "ဒီကလေးက မဆိုးဘူးလို့ ကျွန်တော်တော့ထင်တာပဲ။ သူက အတော်လေးနာခံမှုရှိတယ်၊ ခွင့်လွှတ်လို့မရတဲ့ ဘာပြဿနာမှလည်းမရှိဘူး။ သူ့ရဲ့စိတ်သဘောထားလေးကလည်း ကောင်းတယ်။ သူ့ကို ကောင်းကောင်းလေးပရိုမိုရှင်းဆင်းပေးနိုင်ရင် နာမည်ကြီးလာနိုင်တယ်။"
အမှန်တော့ ဖန်းရှောက်ယိက ထိုလူငယ်လေးနှင့် အဆက်အဆံသိပ်မရှိပေ။ ကန်းကျင့်ဝေက သူ့ကို ပရိုမိုးရှင်းဆင်းပေးစေချင်သည့်အတွက် သူကလည်း တစ်ဖက်လူကိုကူညီလိုက်ခြင်းဖြစ်ပြီး သူ့တွင် မည်သည့်ထင်မြင်ချက်မှမရှိချေ။
မည်သို့ပင်ဖြစ်စေ ထိုလူသစ်လေးက ဖန်းရှောက်ယိ၏ကုမ္ပဏီနှင့် စာချုပ်ထားသည်။ ထို့ပြင် ဖန်းရှောက်ယိကလည်း ရိုက်ကွင်းမှာရှိနေရာ လူတိုင်းက သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံကြလေ၏။ ယန်စစ်ရန်က လူတိုင်းကို ယဥ်ယဥ်ကျေးကျေးဆက်ဆံပြီး ရိုက်ကူးရေးအလုပ်သမားကိုပါ ထိုသို့ဆက်ဆံခဲ့သည်။ သူက မည်သို့မျှ အရေးပါသည့်လူလို မပြုမူခဲ့ပေ။ သို့သော်လည်း လူသစ်လေးများက နာမည်မကြီးခင် ထိုသို့ သရုပ်ဆောင်တတ်ကြပေ၏။ အနာဂတ်တွင် ၎င်းတို့ အောင်မြင်ကျော်ကြားလာပါက စရိုက်များပြောင်းလဲသွားတတ်ကြသည်။ ဖျော်ဖြေရေးနယ်ပယ်က ချမ်းသာကြွယ်ဝခြင်းနှင့် အောင်မြင်ခြင်းဖြင့်သာ လှုံ့ဆော်နိုင်ပေသည်။ ကိုယ့်ထက်နိမ့်ကျသူများအပေါ် ချနင်းပြီး ကိုယ့်ထက်မြင့်မားသည့်သူများကို ကပ်ဖားရပ်ဖားလုပ်ခြင်းက အကျင့်တစ်ခုလို ဖြစ်လာခဲ့သည်။
ဖန်းရှောက်ယိ၏ ပထမဆုံးအခန်း၌ သူနှင့်ပူးပေါင်းရိုက်ကူးရမည်ဖြစ်သည်။ ၎င်းမှာ ဒါရိုက်တာက တမင်စီစဥ်ထားခြင်းဖြစ်သည်။ သရုပ်ဆောင်များအားလုံးထဲတွင် ယန်စစ်ရန်သာ လူသစ်လေးဖြစ်၏။ ဒါရိုက်တာက သူ၏ပထမဆုံးသောအခန်းကို ဖန်းရှောက်ယိနှင့်ဖြစ်စေချင်ပြီး ဇာတ်ကောင်ထဲ လျင်လျင်မြန်မြန်ဝင်ရောက်နိုင်ရန်အတွက် ထိုအရာကို အခွင့်အရေးအဖြစ် အသုံးချနိုင်စေရန်ပင်။ ထို့ပြင် သူက ဖန်းရှောက်ယိ၏ အနုပညာရှင်ဖြစ်သည်။ ဖန်းရှောက်ယိက သူ့ကို ရိုက်ကွင်းသို့ခေါ်လာခြင်းဖြစ်ရာ ယန်စစ်ရန်အား မည်သို့သရုပ်ဆောင်ပြီး ဇာတ်ညွှန်းများကို လေ့ကျင့်ပေးရန်အတွက်လည်း တာဝန်ရှိပေသည်။
ရိုက်ကူးရေးမစခင် ယန်စစ်ရန်က ဖန်းရှောက်ယိကို ပြောလာခဲ့သည်။ "ရှောက်ယိကော၊ ကျွန်တော် အရင်က တစ်ခါမှသရုပ်မဆောင်ဖူးဘူး။ ကျွန်တော် တစ်ခုခုမှားနေရင် ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းသာပြောလိုက်ပါ။ ကျွန်တော့်အတွက် မျက်နှာနာစရာဘာညာကို စိတ်မပူပါနဲ့။"
ဖန်းရှောက်ယိက သူ့ကိုတစ်ချက်ကြည့်လိုက်၏။ "စိတ်မပူပါနဲ့။ စိတ်လှုပ်ရှားနေဖို့လည်းမလိုဘူး။ ဥက္ကဌကန်းက စာချုပ်ချုပ်ထားတယ်ဆိုမှတော့ မင်းမှာအရည်အချင်းရှိလို့ပဲ။ ဖြေးဖြေးချင်းပဲသွားတာပေါ့။"
"အမ်း၊ ကျွန်တော်က အစ်ကို့အတွက် နှောင့်နှေးသွားမှာကို စိုးရိမ်တာပါ။" သူက ရှက်ပြုံးလေးဖြင့် ပြောလာ၏။ "ဒါ့ကြောင့်မို့ ကျွန်တော် သရုပ်ဆောင်တာ မကောင်းနေရင် ကျွန်တော့်ကိုပြောပါနော်။"
သို့သော် မမျှော်လင့်ထားစွာပင် ထိုလူငယ်လေးက အတော်လေး သရုပ်ဆောင်ကောင်းနေခဲ့သည်။ ပထမဆုံးအခန်းက ဖန်းရှောက်ယိ ထိုမြို့ငယ်လေးသို့ရောက်လာပြီး အခန်းငှားသည့်အခန်းဖြစ်သည်။ ယန်စစ်ရန်၏ ဇာတ်ကောင်က မျက်မှန်နှင့် အလွန်ကြောက်တတ်သော ကောလိပ်ကျောင်းသား၊ စန်းချာ၏ အိမ်ရှင်နေရာမှဖြစ်၏။ သူ၏ဇာတ်ကောင်က ဘွဲ့ရပြီးနောက် ဆေးဝါးစက်ရုံတွင် အလုပ်လုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ကျန်းမာရေးဆိုးရွားလာမှုကြောင့် အလုပ်ထွက်ခဲ့ရသည်။ စန်းချာ ထိုမြို့ငယ်လေးသို့ရောက်သည့်အချိန်တွင် သူက အိမ်ငှားပြီး အသက်မွေးဝမ်းကြောင်းပြုသူဖြစ်သည်။
တစ်ခါတလေတွင် လူသစ်လေးများအတွက် ပထမဆုံးအခန်းကို ရက်အတော်ကြာရိုက်ကူးတတ်ရသည်။ သို့သော် ယခုတွင် ထိုအခန်းကို အောင်မြင်ရန် လေးခါလောက်သာ ပြန်ရိုက်လိုက်ရ၏။ တချို့သောလူများတွင် ကင်မရာအတွက် သဘာဝကျသောခံစားချက်များရှိတတ်ကြသည်။ ၎င်းတို့က တစ်ခါမှသရုပ်မဆောင်ဖူးသော်လည်း ကင်မရာပေါ်တွင် မည်သို့ပြုမူရန် ပြင်းထန်သောတွန်းအားများ ရှိတတ်ကြသည်။
ဒါရိုက်တာများက ထိုသို့သောလူမျိုးကို ပို၍နှစ်သက်ကြ၏ - သူတို့၏အနှစ်သက်ဆုံးမှာ ယခင်က တကယ်သရုပ်မဆောင်ဖူးသော်လည်း အရည်အချင်းရှိသောသူများပင်။ ဆိုလိုသည်မှာ ၎င်းတို့က အလွန်ရှင်းလင်းသော ရိုက်ချက်များဖြစ်ကြသည်ဟု ဆိုလိုခြင်းဖြစ်၏။ ၎င်းတို့သည် ယခင်က နည်းစနစ်များစွာကို မသင်ယူခဲ့ပေ။ ထို့ပြင် ၎င်းတို့၏သဘာဝစွမ်းရည်များအပြင် ၎င်းတို့အား ပုံသွင်းရန် ပို၍လွယ်ကူပေသည်။ ပုံသွင်းခြင်းလုပ်ထုံးလုပ်နည်းပြီးနောက်၊ မမျှော်လင့်ထားသော အံ့အားသင့်စရာများ ဖြစ်လာနိုင်ပေသည်။
နောက်ပိုင်းတွင် ဒါရိုက်တာကျန်းက ဖန်းရှောက်ယိကိုပြောလာ၏။ "သရုပ်ဆောင်သစ်လေးက အဆိုးဘူးပဲ။"
ဖန်းရှောက်ယိက ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။ "သူက အဆင်ပြေပါတယ်။ ဒါရိုက်တာ့ရဲ့ရုပ်ရှင်နဲ့ ပွဲဦးထွက်ရမှာဆို သူက ကံကောင်းတာပေါ့။"
"ကံကောင်းတယ်?" ဒါရိုက်တာကျန်းက နှာမှုတ်လိုက်၏။ "မင်းရဲ့ ဥက္ကဌကန်းကပဲ သူ့ကိုပို့ပေးလိုက်တာပါကွာ။ အစတုန်းက မင်းတို့ကြောင့် အဝေးလွင့်သွားတဲ့ ပိုပြီးသင့်တော်တဲ့ သရုပ်ဆောင်လေးရှိခဲ့တယ်လေ။"
ဖန်းရှောက်ယိက ပြုံးလိုက်သည်။ သူက ကျန်းလင်းချွမ်နှင့်စကားပြောနေစဥ် ပို၍ပွင့်လင်းပေသည်။ "ဥက္ကဌကန်းက ကျွန်တော့်ကို သူ့ကိုကူညီပေးစေချင်နေတာပါ။"
ကျန်းလင်းချွမ်က ဘာမှထပ်မပြောခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ၎င်းမှာ အရေးပါသည့်ဇာတ်ကောင်မဟုတ်ပေ။ ထို့ပြင် ထိုကလေး ယန်စစ်ရန်သည်လည်း မဆိုးပါလေ။
ခေတ်သစ်နောက်ခံဇာတ်ကားများက သမိုင်းနောက်ခံဇာတ်ကားများလောက် ရိုက်ကူးရေးမခက်ခဲပေ။ ဖန်းရှောက်ယိက ဘာမှမခံစားရသဖြင့် ကျီရှောင်ထောင်းသည်လည်း ပို၍သက်သက်သာသာနေနိုင်ခဲ့သည်။ ထို့ကြောင့် သူက အသုံးမဝင်သောကိစ္စများကို စတင်စိုးရိမ်လေတော့သည်။
သူက ဖန်းရှောက်ယိကိုမေးလိုက်၏။ "ကော၊ ကျွန်တော့်ရဲ့ယယ်ကောက ကောကိုလိုက်ပြီလား၊ မလိုက်ရသေးဘူးလား။"
ဖန်းရှောက်ယိက ပြန်ပြောလိုက်သည်။ "မင်းဘယ်လိုထင်လို့လဲ။"
"ကျွန်တော် ကောတို့နှစ်ယောက်ကြား ဘာမှဖြစ်လာတာ မတွေ့သေးဘူး။" ကျီရှောင်ထောင်းက မေးလိုက်လေ၏။ "ယယ်ကောက ဘယ်အချိန်စလိုက်မှာလဲဟင်။"
ဖန်းရှောက်ယိမှာ မော့ပင်မကြည့်ခဲ့ချေ။ "သူ့ကိုသွားမေး။"
"သူက ကျွန်တော့်ကိုစိတ်ကုန်သွားလို့ ကျွန်တော့်ရဲ့စာတွေကိုတောင် စာမပြန်တော့ဘူး။" ကျီရှောင်ထောင်းက ပြောလိုက်သည်။
ထိုရက်များတွင် ယွမ်ယယ်က သူ၏စာများကို အမှန်တကယ်ပင် ပြန်မပြောခဲ့ချေ။ ၎င်းမှာ ကျီရှောင်ထောင်းအား တစ်ဖက်လူကို ဘလော့ပစ်ချင်လောက်အောင် စိတ်ဆိုးစေခဲ့သည်။
ဖန်းရှောက်ယိက ဆူလိုက်၏။ "သူ့ကို သွားမနှောင့်ယှက်နဲ့လို့ မင်းကိုပြောထားတယ်လေ။"
"ကျွန်တော်သာ သူနဲ့မဆက်သွယ်ရင် ကောတို့နှစ်ယောက် ထပ်ပြီး အချိန်အကြာကြီး စကားမပြောကြတော့မှာ ကျွန်တော်ကြောက်တယ်။ ကျွန်တော်ပဲ စိတ်ဖိစီးနေတာလား။" ကျီရှောင်ထောင်းသည် လက်ထောက်ဒါရိုက်တာက ဖန်းရှောက်ယိအတွက်ပေးသွားသော မနက်ဖြန်အတွက်ဇာတ်ညွှန်းကို ကမ်းပေးလိုက်ရင်း ထပ်ပြာလိုက်သည်။ "ကျွန်တော်တို့က နောက်နှစ်မေလအထိ ဒီမှာ ရိုက်ကူးရေးလုပ်နေရမှာ။ ကောကလည်း ရိုက်ကွင်းမှာပဲနေပြီး ဘယ်မှမသွားဘူး။ ကျွန်တော်သာ ယယ်ကောကို လှမ်းမခေါ်ရင် ကောတို့ ဘယ်အချိန်မှပြန်ပြီး စကားပြောနိုင်ကြမှာလဲ။"
ဖန်းရှောက်ယိလည်း သူ့ကိုစိတ်ရှုပ်လာခဲ့သည်။ သူက တံခါးကိုမေးငေါ့ပြ၍ ပြောလိုက်လေ၏။ "မြန်မြန် မင်းအခန်းမင်းပြန်ပြီး သွားအိပ်တော့။ ဒီမှာနေပြီး ငါ့ကိုလက်ချာပေးမနေနဲ့။"
ကျီရှောင်ထောင်းမှာ အစကတည်းက ပြန်သွားရန်စီစဥ်ထားသည်မို့ ပြန်ပြောလိုက်၏။ "ဒါဆို ကောလည်းစောစောအိပ်ဦး။ မနက်ဖြန် ခြောက်နာရီထရမှာ။ ကျွန်တော်လာနှိုးလိုက်မယ်။"
ဖန်းရှောက်ယိက လက်ဝှေ့ယမ်းကာ သူ့ကို ထွက်သွားစေချင်လှပြီဖြစ်သည်။ ကျီရှောင်းထောင်းကလည်း ထွက်သွားပြီး တံခါးပိတ်လိုက်လေသည်။
ယွမ်ယယ်က လုံးဝကိုမယုံကြည်ရပေ။ သူက ဖန်းရှောက်ယိကို လိုက်မည်ဟုပြောခဲ့သော်လည်း ထိုဖုန်းခေါ်ဆိုလေးပြီးနောက်တွင် ပျောက်ကွယ်သွားခဲ့သည်။ အွန်လိုင်းရှိ CP ဖန်များက ယွမ်ယယ်၏တိုးတက်မှုအကြောင်းကို နေ့တိုင်းမေးနေကြပြီး ၎င်းတို့တွေ ခွေးစာများ တလေကြီးစားနိုင်မည့်နေ့ရက်အား အိပ်မက်မက်နေခဲ့ကြသည်။ သို့သော်လည်း ထိုလူမှာ နောက်တစ်ကြိမ် ပျောက်ကွယ်သွားခဲ့သည်။ တစ်ယောက်ယောက်ကို မျှော်လင့်ချက်များပေးပြီး ပုန်းကွယ်နေခဲ့သည်။
ဖန်းရှောက်ယိက ဖုန်းကိုကောက်ယူကာ ယွမ်ယယ်ထံစာပို့လိုက်သည်။
၎င်းတို့၏စကားပြောခန်းသည် နောက်ဆုံးတစ်ကြိမ်က ယွမ်ယယ်ပြောခဲ့သော "ဒီကံကြမ္မာအတွက်ကျေးဇူးတင်ပါတယ်။"ဟူသောနေရာတွင် ရှိနေဆဲဖြစ်၏။ ထို့နောက်တွင် ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက်စာမပို့ခဲ့ကြတော့ပေ။ ဖန်းရှောက်ယိက နှုတ်ခမ်းများကို ဖိကာ ယွမ်ယယ်ဆီ ပို့လိုက်လေသည်။ [ကံတရားက မင်းခေါင်းပေါ်ရောက်လာမယ့်အချိန်ထိ စောင့်နေတုန်းလား။]
သူသည် ယွမ်ယယ်စာပြန်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သို့သော် တစ်ဖက်လူက သူ့ဖုန်းကိုစစ်ကြည့်လိုက်လိမ့်မည်ဟု မည်သူသိမည်နည်း။
ယွမ်ယယ်စာပြန်သည့်အချိန်၌ ဖန်းရှောက်ယိမှာ အိပ်ပျော်နေပြီဖြစ်၏။ ညသန်းခေါင်အချိန်မှ သူပြန်ပြောထားသည်မှာ - [ဟားဟားဟားဟားဟားဟားဟား။]
ဖန်းရှောက်ယိ၏ဖုန်းက အိပ်ရာခေါင်းရင်းနားမှာဖြစ်သည်။ သူက ဖုန်းကိုဆွဲယူကာ တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်၍ အသံမက်ဆေ့ချ်ပို့လိုက်သည်။ [မင်း ငတုံးလို ဘာတွေရယ်နေတာလဲ။]
သူက အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေရာ သူ၏အသံမှာ သြရှရှဖြစ်နေခဲ့သည်။ ၎င်းက ဖုန်းကိုဖြတ်၍ ယွမ်ယယ်ဆီရောက်သွားသောအခါ ယွမ်ယယ်၏နားရွက်ဖျားအား ထုံထိုင်းသွားစေခဲ့လေ၏။ ယွမ်ယယ်ကလည်း အသံမက်ဆေ့ချ်ဖြင့် ပြန်ပို့လိုက်သည်။ [မင်းက ငါ့ကို ဆွဲဆောင်နေတာပဲ ကော။[
ဖန်းရှောက်ယိက မျက်လုံးများမှိတ်ထားပြီး အသံမက်ဆေ့ချ်ပို့လိုက်သည်။ [မင်းရဲ့ဘာကို ဆွဲဆောင်တာလဲ။]
ယွမ်ယယ်က အလျင်အမြန်ပြန်ပြောလိုက်၏။ [ငါ့ရဲ့နားရွက်ကို ဆွဲဆောင်နေတာ။]
ဖန်းရှောက်ယိက မျက်လုံးများမဖွင့်သေးဘဲ ပြန်မေးလိုက်သည်။ [မင်းမာနေပြီလား။]
ယွမ်ယယ်သည် အစက ဘဲဥပုံများကို ပို့လိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် နှစ်စက္ကန့်စာအသံမက်ဆေ့ခဖ်ကို ထပ်ပို့လိုက်၏။ သူက ရယ်လျက်နှင့်ပင်။ [Fuck.....]
ထိုလူနှစ်ယောက်က အတော်လေးရူးကြသည်။ တစ်ယောက်က အိပ်ပျော်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေပြီး တစ်ယောက်က အိပ်ရာမဝင်ရသေးချေ။ ထို့နောက် အဓိပ္ပါယ်မရှိသော စကားဝိုင်းလေးဖန်တီးပြီး အပြန်အလှန်စကားပြောနေခဲ့ကြသည်။
ယွမ်ယယ်က ဖန်းရှောက်ယိကို မေးလိုက်၏။ [ရှောင်ထောင်းက ကွေးသွားပြီလား။ ငါမြင်ရတာတော့ ဒီရက်ပိုင်း သူ ပိုပိုပြီးအဖြောင့်တစ်ယောက် မဟုတ်တော့သလိုပဲ။ သူက အန်တီကြီးတစ်ယောက်လိုတောင် အချိန်ဖြုန်းနေတာ။]
[မသိဘူးလေ။] ဖန်းရှောင်ယိမှာ သူ့လက်ထောက်၏ အချစ်ရေးကိစ္စကို စိတ်မဝင်စားပေ။ သူက ထိုအကြောင်းအရာကို ဘာမှမသိချေ။ [သူ မင်းကို ထပ်ပြီးနှောင့်ယှက်နေရင် သူ့ကို ဘလော့ပစ်လိုက်။]
[အဲ့လိုလုပ်လို့မရဘူး။ တစ်ခါတစ်လေကျ သူ့မှာ တကယ့်အရေးကြီးကိစ္စတွေရှိတယ်။]
သူတို့နှစ်ယောက် ထိုသို့စကားမပြောဖြစ်သည်မှာ အတော်လေးကြာနေခဲ့ပြီ။ တစ်ယောက်နှင့်တစ်ယောက် ရိုးရိုးရှင်းရှင်းစကားလေးများကို စာပို့၍ ပြောနေခဲ့ကြခြင်းပင်။ နောက်ဆုံးအကြိမ်က လွန်ခဲ့သောနှစ်အတော်ကြာကဖြစ်လောာက်သည်။ ထိုအချိန်က ၎င်းတို့သည် ဘာကိုမှ များများစားစားမတွေးဘဲ ၎င်းတိုွလုပ်ချင်တာကိုသာ လုပ်ခဲ့ကြ၏။။
ထို့နောက် ယွမ်ယယ်က ဖုန်းခေါ်လိုက်ပြီး ဖန်းရှောက်ယိက ကိုင်ခဲ့သည်။ ယွမ်ယယ်က ရယ်လျက် ခေါ်လိုက်လေ၏။ "ယိကော။"
ဖန်းရှောက်ယိက တုံ့ပြန်လိုက်သည်။ "အမ်း။"
ယွမ်ယယ်: "ငါတို့က အခု ဒီခေတ်လူငယ်တွေပြောနေတာကို အတုယူနေတဲ့ ညုတုတုဦးလေးကြီးနှစ်ယောက်လို ဖြစ်နေတယ်လို့ မင်းခံစားရလား။"
ဖန်းရှောက်ယိက မျက်ခုံးပင့်လိုက်၏။ "ကိုယ်တို့က လူငယ်တွေမဟုတ်တော့ရင် စကားပြောလို့မရဘူးလား။ သူတို့က မူပိုင်ခွင့်လျှောက်ထားလို့လား။"
ယွမ်ယယ်မှာ အားရပါးရရယ်မောတော့သည်။ သူ့မှာ ၎င်းကြောင့် သီးတောင်သီးသွားသေးသည်။
ယွမ်ယယ်ရ ယ်လို့ပြီးသွားသည့်အခါမှာတော့ ဖန်းရှောက်ယိကခေါ်လိုက်၏။ "ယွမ်ယယ်။"
ယွမ်ယယ်မှာ ဖန်းရှောက်ယိက သူ့နာမည်ခေါ်လာခြင်းကို နားထောင်ရသည်အား အလွန်သဘောကျသူဖြစ်သည်။ သူ တကယ်တကယ့်ကို သဘောကျသည်။ ၎င်းမှာ တူညီသောစကားလေးနှစ်လုံးဖြစ်သော်လည်း တခြားသူများခေါ်သည့်အခါ ခံစားချက်နှင့် ဖန်းရှောက်ယိခေါ်သည့်အခါ ခံစားရသောခံစားချက်မှာ လုံးဝမတူပေ။ သူခေါ်သည့်အချိန်တိုင်း အလွန်ပင် နားထောင်လို့ကောင်းနေခဲ့သည်။ ယွမ်ယယ်က ပြန်ထူးလိုက်၏။ "အင်း။"
ဖန်းရှောက်ယိက တောင်းဆိုလိုက်သည်။ "ဖြစ်နိုင်ရင် ဆေးလိပ်ဖြတ်လိုက်ပါလား။"
ယွမ်ယယ်က ခဏရပ်တန့်သွားပြီး ရယ်မောလျက် ပြောလာ၏။ "ဒီအကြောင်းပြောတော့မယ်ဆိုတာ သိသားပဲ။"
ယခင်က ယွမ်ယယ်သည် အချိန်အတော်ကြာဆေးလိပ်သောက်ခဲ့သည်။ စာရေးဆရာအများစုတွင် ထိုပြဿနာရှိပေသည်။ ၎င်းတို့က စာရေးနေရင်း ဆေးလိပ်ကို ကောက်ကိုင်တတ်ကြသည်။ ယွမ်ယယ်တစ်ယောက် ထိုအတွက်ကြောင့် ချောင်းခဏခဏဆိုးတတ်၏။ ထို့ကြောင့် ဖန်းရှောင်ယိက သူ့ကိုဆေးလိပ်ဖြတ်လိုက်ရန် တိုက်တွန်းခဲ့သည်။
ယခုတွင် သူ၏ဆေးလိပ်စွဲခြင်းက အတော်လေးပြင်းထန်လာခဲ့သည်။ ၎င်းမှာ ဖြတ်ရန်မလွယ်ကူလောက်ပေ။ ယွမ်ယယ်က ပြောလိုက်၏။ "ငါလျော့သောက်ပါ့မယ်။"
ဖန်းရှောက်ယိက ထပ်မပြောဘဲ အသံပြုလိုက်သည်။ "ကောင်းပြီ။"
ထိုကဲ့သို့ပင် ၎င်းတို့နှစ်ယောက်လုံး ဖုန်းကို ဆက်ကိုင်ထားခဲ့ကြ၏။ နှစ်ယောက်လုံး နားနားမှာ ဖုန်းကိုကပ်ထားပြီး တစ်ဖက်လူ၏တီးတိုးပြောသံလေးများကို နားထောင်နေခဲ့ကြသည်။ ၎င်းမှာ အတော်လေးသက်တောင့်သက်သာရှိလှပေသည်။ နောက်ဆုံးတွင်တော့ အတော်လေး ညနက်လာပြီဖြစ်၏။ ဖန်းရှောက်ယိမှာ မနက်တွင် ရိုက်ကူးရေးရှိနေသေးသည်။ ထို့ကြောင့် ယွမ်ယယ်က ပြောလိုက်၏။ "အခုအိပ်တော့လေ။ မဟုတ်ရင် မနက်ဖြန် မိတ်ကပ်လိမ်းရခက်နေဦးမယ်။"
ဖန်းရှောက်ယိကလည်း သဘောတူလိုက်ပြီး သူ့ကို သတိပေးလိုက်၏။ "မင်းလည်းစောစောအိပ်ဦး။ နောက်ကျတဲ့ထိမနေနဲ့။ မင်းလည်း သုံးဆယ်ကျော်နေပြီ။"
ယွမ်ယယ်က ပြန်ပြောလိုက်သည်။ "အင်းပါ။"
နှစ်ယောက်စလုံးက တစ်ဖက်လူဖုန်းအရင်ချမှာကို စောင့်နေခဲ့ကြသည်။ ဖုန်းမချခင် ဖန်းရှောက်ယိက ယွမ်ယယ်ကို နောက်တစ်ကြိမ်ထပ်ခေါ်လာသဖြင့် ယွမ်ယယ်က ပြန်ထူးလိုက်သည်။ "ဘာလဲ။"
ဖန်းရှောက်ယိက မျက်လုံးများမှိတ်ထားပြီး နူးနူးညံ့ညံ့လေး မေးလိုက်လေသည်။ "ကံတရားကို ဘယ်အချိန်မှာ ထွက်ရှာဖို့ စီစဥ်ထားတာလဲ။"
*****