no

Font
Theme

ကွမ်းကျိုးက ယွမ်ယယ်ရိုက်ကူးရမည့်ရှိုးတွင် ဧည့်သည် MC ဖြစ်၏။ ယွမ်ယယ် ယခင်က ထိုကဲ့သို့ရသစုံရှိုးများကို တက်​ရောက်​လေ့မရှိ​ပေ။ မှတ်တမ်းတင်ခြင်းက နာရီအနည်းငယ်ကြာမြင့်ခဲ့ပြီး ပုံမှန်အားဖြင့် ကြိုတင်​ပေးထား​သော ဇာတ်ညွှန်းများအတိုင်း လိုက်နာရုံသာဖြစ်သည်။ သို့​သော် အစီအစဥ်ကို ​ဟာသများစွာဖြင့် ကောင်းမွန်စွာ ပြင်ဆင်ထားခဲ့ကြပြီး ဇာတ်ညွှန်းအတိုင်းသွားရုံကိုပင် ယွမ်ယယ်တစ်​ယောက် သစ်သားတုံးကြီးလို မခံစားခဲ့ရ​ပေ။

ရိုက်ကူး​ရေးပြီး​နောက် ကွမ်းကျိုးက အိမ်သို့တန်းမပြန်ခဲ့​ချေ။ သူတို့နှစ်ဦး တစ်ခုခုစားရန် အတူတူသွားခဲ့ကြသည်။

ကွမ်းကျိုးက သူ့ကို​ပြောလာ၏။ "အင်တာနက်သုံးတဲ့သူ​တွေရဲ့ တုန့်ပြန်ချက်​တွေအရ မင်းက​ တော်​တော်​လေး နာမည်ကြီးတာပဲ။"

"အဲ့လိုလား။" ယွမ်ယယ်က ​မေးလိုက်၏။ "ရှိုးမှာပါတဲ့အတွဲတိုင်း နာမည်ကြီးပါတယ်။"

"​မင်းက အတိတ်တုန်းက အ​တော်​လေးလျှို့ဝှက်ဆန်းကြယ်တာကိုး။" ကွမ်းကျိုးက အပြုံး​လေးဖြင့် ​စ​နောက်လိုက်သည်။ "အခုကစပြီး အစီအစဥ်ဖိတ်ကြားချက်တွေကို လက်ခံလိုက်ရင်​ရော? မင်း ​ကောင်း​ကောင်းလုပ်နိုင်မယ်လို့ ငါ​တော့ထင်တယ်။"

ယွမ်ယယ် ရယ်​မောကာ မျက်ခုံးပင့်လျက် သူ့ကို​မေးလိုက်သည်။ "မင်းလာ​နောက်​နေတာလား။"

ကွမ်းကျိုးကလည်း ပြုံးလိုက်​၏။ ခဏကြာပြီး​နောက် သူ​၏မျက်နှာအမူအရာကို အရှိန်သတ်ကာ ယွမ်ယယ်ကို​ပြောခဲ့သည်။ "အိုး ဟုတ်သားပဲ၊ မင်းတို့နှစ်​ယောက် ဂရုစိုက်ဖို့လို​နေတုန်းပဲ။ သူတို့ မင်းကို​ပြောပြီးသားလား၊ မ​ပြောရသေးဘူးလားမသိ​ပေမဲ့ မင်းတို့​ကောင်​တွေရဲ့ကွာရှင်းတဲ့သတင်း​တွေ ​ပေါက်ကြားလာတယ်။"

ယွမ်ယယ် သူ့ကိုမော့ကြည့်လိုက်၏။ "အဲ့ဒါကို မဖျက်ရ​သေးဘူးလား။"

"ဖျက်ပြီးပြီ ဒါ​ပေမဲ့ အဲ့ဒါ​တွေက တစ်ခုထက်ပိုများတယ်။" ကွမ်းကျိုးက​ ပြောလာသည်။ "လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း ရုပ်သံဌာနက ငါတို့ကို ဖိအား​ပေးလာ​သေးတယ်။ ငါထင်တာ​တော့ တစ်​ယောက်​ယောက်က တမင်သတင်းဖြန့်​နေတာပဲ။ ဖန်း​ရှောက်ယိနဲ့ သူ့အဖွဲ့လည်း အဲ့သတင်းကိုကြားပြီး​လောက်ပြီဆိုတာ ​လောင်းရဲတယ်။"

ယွမ်ယယ်​ ခေါင်းညိတ်လိုက်သည်။ ထို့​နောက် ဘာမှထပ်မ​ပြောဘဲ တိတ်တဆိတ်သာ ဆက်စား​နေခဲ့​၏။

ကွမ်းကျိုးမှာ အ​တော်​လေး ​လေးနက်​နေပုံပင်။ သူနှင့် ယွမ်ယယ်၏ဆက်ဆံ​ရေးအရ သူက အလွန်စိတ်ပူ​​နေ​၏။ "ငါ​တောင် အဲ့အ​ကြောင်းသိ​နေတယ်ဆိုရင်​ ဒါက ဒီနယ်ပယ်ထဲမှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်​တော့ဘူး။ ငါထင်တာ​တော့ မင်းတို့ကွာရှင်းထားတာကို လူ​တော်​တော်များများ သိ​လောက်တယ်။ ဒီတော့​ ဘယ်သူက ပြဿနာရှာတာလဲဆိုတာ အတပ်​ပြောလို့မရနိုင်ဘူး။ အဲ့ဒါက ငါတို့နဲ့ပြိုင်ဘက်ချန်နယ်က သူတို့ရဲ့ရှိုးကြည့်ရှုသူများဖို့အတွက် ကြိုးစားတာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် သက်​သေမရှိဘဲ​တော့ ဘာမှလုပ်လို့မရပါဘူး။ ဒါ​ပေမဲ့ တစ်​ယောက်​ယောက်ကသာ ​နောက်ရက်​တွေမှာ တင်ခဲ့ရင် အဲ့ဒါကိုထပ်ပြီး လျှိူ့ဝှက်ထားလို့ရမှာ မဟုတ်​တော့ဘူး။"

"အမ်း၊ ငါသိပြီ။" ယွမ်ယယ် ကွမ်းကျိုးကိုကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။ "ငါ့အတွက် စိတ်မပူပါနဲ့။"

ကွမ်းကျိုးမှာ အ​တော်​လေး စိတ်ဆိုး​သွားပုံရ၏။ "မင်းက ရယ်​ပြုံးနေနိုင်​သေးတယ်​ပေါ့​လေ။"

ယွမ်ယယ်၏နှုတ်ခမ်း​ထောင့်များက မြင့်တက်သွားပြီး သူ့ကို ​ပြောလိုက်သည်။ "ပြုံးပြုံး မပြုံးပြုံး ငါလုပ်နိုင်တာ ဘာမှမရှိဘူး​လေ။ ပြီး​တော့ ခုထိ ဘာမှမဖြစ်​သေးပါဘူး။ ဘာလို့စိတ်ပူ​နေမှာလဲ။"

ယွမ်ယယ်က အမှန်တကယ်ကိုစိတ်မဝင်စား​ပေ။ ယခုတစ်ကြိမ်တွင် သူ မွန်ဂိုလီးယားပြည်တွင်းခရီးစဥ်အတွင်း ဓါတ်ပုံအနည်းငယ် ရိုက်ကူးခဲ့၏။ အိမ်တွင် ဘာမှလုပ်စရာမရှိရာ ထိုပုံများကို တည်းဖြတ်​နေခဲ့သည်။ သူ တကယ်ကြိုက်​သောပုံက အနည်းငယ်သာရှိ​ပေ၏ - တစ်ပုံမှာ ကန္တာရထဲ ဖန်း​ရှောက်ယိက မတ်တတ်ရပ်​ပြီး သူ့ကို လှည့်ကြည့်နေ​သောပုံဖြစ်သည်။ သူ၏မျက်နှာအမူအရာက အ​တော်​လေး​အေးစက်​နေပြီး မျက်ခုံးများကလည်း အနည်းငယ်တွန့်ချိုး​နေသည်။ ​နေစူး​သော​ကြောင့်ဖြစ်နိုင်သလို ​လေတိုက်ခတ်​နေ​သော​ကြောင့်လည်း ဖြစ်နိုင်​ပေ၏။

ယွမ်ယယ် ၎င်းအား သူ့လပ်တော့​နောက်ခံပုံအဖြစ်ထားလိုက်သည်။ သူ၏​မောက်စ်ကို​​ရွှေ့သည့်အခါတိုင်း မြား​လေးကို ဖန်း​ရှောက်ယိ၏ပုံရိပ်​အ​ပေါ်တွင် အမြဲတမ်း ခဏရပ်လိမ့်မည်ပင်။

သူ မြက်ခင်းပြင်ရှိ သိုးအုပ်တစ်အုပ်၏ဓါတ်ပုံကို ​ရွေးလိုက်သည်။ ထိုပုံထဲရှိ သိုးတစ်​ကောင်က ကင်မရာကိုကြည့်​နေ၏။ ယွမ်ယယ် ​​​ရှောင်ယွမ်ဓါတ်ပုံရိုက်ခဲ့သည်ဟူ​သောစာသားဖြင့် moments တွင် ပို့စ်တင်လိုက်​၏။

ထို့​နောက် ကျီ​ရှောင်​ထောင်းက ချက်ချင်းပင် လိုက်ခ်လုပ်ခဲ့သည်။

ယွမ်ယယ် သူ့ကို စာပို့လိုက်သည်။ "ဘယ်အချိန်ရှိ​နေပြီလဲ၊ ကြုံရာပို့စ်​တွေကို လိုက်ခ်​ပေးဖို့ ဒီမှာ ရှိ​နေတုန်းပဲလား။"

ကျီ​ရှောင်​ထောင်းက ချက်ချင်းဆိုသလို သူ့ထံ အသံမက်​ဆေ့ချ်ပို့လာခဲ့သည်။ သူ၏အသံက အလွန်ပင်ပန်း​နေပြီး အားအင်များလည်းကုန်ခန်းနေသည့်အသံ​ပေါက်​နေ၏။ "ကျွန်​တော်တို့ မနားရ​သေးဘူး ယယ်​ကော... ကျွန်​တော်တို့ ​နောက်ထပ် ညလုံး​ပေါက် ရိုက်ကူးရဦးမှာ။"

ယွမ်ယယ် အချိန်ကိုတစ်ချက်ကြည့်လိုက်ရာ မနက်နှစ်နာရီထိုး​နေပြီဖြစ်​ကြောင်း ​တွေ့လိုက်ရသည်။ သူ ဘာ​ပြန်ပြောရမလဲမသိ​ပေ။ သူ​ပြောဖို့အတွက် သင့်​တော်​သောစကားမရှိ​​ချေ။ ​နောက်ဆုံးတွင် သူက ရိုးရိုးရှင်းရှင်းသာ ပြန်ပို့လိုက်သည်။ "ပင်ပန်းသွားပြီ။"

ကျီ​ရှောင်​ထောင်းက အသံမက်​ဆေ့ချ်ထပ်ပို့လာခဲ့၏။ သူ၏​လေသံမှာ အနည်းငယ်ရယ်​သံစွက်​နေလျက်ပင်။ "မဟုတ်ပါဘူး။ ​ကောတို့ ရိုက်ကူး​ရေးသွားရင် ကျွန်​တော်နားရက်​တွေအများကြီးရမှာပဲ​လေ။"

ယွမ်ယယ် ဖုန်းမပိတ်ခင် ​သူနှင့် ပေါ့​ပေါ့ပါးပါး အပြန်အလှန် စာအနည်းငယ်ပို့လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း သူတို့ အပိုင်းနှစ်ပိုင်း ရိုက်ကူးပြီးသွား​လေပြီ။ တည်နေရာမှာ စုစု​ပေါင်းငါးခုသာရှိ၏။ ​နောက်တစ်ပိုင်းပြီးလျှင် ရိုက်ကူး​ရန်လိုအပ်​သော တစ်ဝက်​ကျော်​လောက်ကို ပြီးဆုံးသွားမည်ဖြစ်သည်။

ယွမ်ယယ် ယခုအချိန်ထိ တစ်ချိန်လုံးနီးပါး အ​တော်​လေးပူး​ပေါင်း​ပေးခဲ့သည်။ ခရီးစဉ်တွင် အရာအားလုံးကို လိုက်နာခဲ့ပြီး ဒါရိုက်တာအဖွဲ့က သူ့ကို လုပ်ဆောင်ဖို့ပြောသမျှတိုင်းအား လုပ်ဆောင်​ပေးခဲ့သည်။ အရင်က အတော်လေးခက်ခဲလိမ့်မည်ဟု သူထင်ခဲ့​သော်လည်း ရက်အနည်းငယ်ကြာပြီးနောက်တွင် ၎င်းက သိပ်မဆိုး​​ကြောင်း ​တွေ့လိုက်ရသည်။

ယခုတစ်ကြိမ် သူတို့သွားရမည့်​နေရာက ဂျပန်ဖြစ်သည်။ ​အရင်တစ်​ခေါက်ကနဲ့မတူဘဲ ယွမ်ယယ် ဖန်း​ရှောက်ယိ၏ရိုက်ကွင်းသို့ ကြိုပြီးလိုက်မသွား​ခဲ့​ချေ။ သူနှင့် ဖန်း​ရှောက်ယိတို့က သီးခြားစီ ထွက်လာသည့်အတွက် ရိုက်ကူး​ရေးကို ​လေဆိပ်တွင် စတင်ခဲ့ကြရသည်။ ​လေယာဥ်​ပေါ်တွင် လူငယ်ဒါရိုက်တာ​လေးက ​နောက်ဆုံးအပိုင်းတွင် ​ပြောင်းလဲမှုအနည်းငယ်ရှိလိမ့်မည်ဖြစ်​ကြောင်း ​ပြောလာခဲ့သည်။

အစက သူတို့၏​​နောက်ဆုံးအပိုင်းကို သြစ​တေးလျတွင်ရိုက်ကူးရန် စီစဥ်ထားခဲ့သည်။ ယခုတွင် အ​ကြောင်း​ကြောင်း​ကြောင့် က​နေဒါသို့ ​ပြောင်းလိုက်ရ၏။

ထိုအရာကိုကြားလိုက်ရ​သောအခါ ယွမ်ယယ် သူ(မ)ကိုကြည့်ကာ ​မေးလိုက်သည်။ "ဘယ်နှရက်​လောက်ကြာမှာလဲ။"

လူငယ်ဒါရိုက်တာက ပြန်​ဖြေလာ၏။ "ပုံမှန်ဆို နှစ်ရက်​လောက်ပဲကြာမှာပါ။ ဒီလိုမှပဲ အားလုံး အချိန်ကိုညှိနိုင်ကြမှာ။ ဒါ​ပေမဲ့ ​လောင်ရှီးတို့အားလုံး အချိန်ဇယားတွေကျပ်​နေတာ​မို့ လူတိုင်းရဲ့အချိန်ဇယား​ပေါ်မူတည်ပြီး တစ်ရက် ဒါမှမဟုတ် နှစ်ရက်​လောက်ပဲ ဖြစ်မှာပါ။"

ယွမ်ယယ် ဆက်မ​​မေး​တော့ဘဲ​ ​ခေါင်းကိုသာခါလိုက်​၏။ "မဖြစ်ဘူး။"

လူငယ်ဒါရိုက်တာသည် ယွမ်ယယ် တိုက်ရိုက်ကြီး ငြင်းဆိုလာလိမ့်မည်ဟု ထင်မထားခဲ့​ချေ။ ထို့အပြင် ​နေရာ​ပြောင်းလိုက်သည်မှလွဲ၍ ရိုက်ကူး​ရေးလုပ်ရမည်က လုပ်ရမည်ပင်။ ရုတ်တရက်​ပြောင်းလဲလိုက်ရသည်​ကြောင့် တစ်စုံတစ်ခု အကျိုးသက်​ရောက်​စေကာမူ ၎င်းမှာ အလုပ်အတွက် တစ်စိတ်တစ်ဒေသဖြစ်သည်။

"ဘာဖြစ်လို့လဲ ယွမ်​လောင်ရှီး။" လူငယ်ဒါရိုက်တာက သူ့ကို​မေးလာ၏။

ထိုအချိန်တွင် ဖန်း​ရှောက်ယိက ​နံဘေးမှာ မျက်လုံးအကာဝတ်ကာ အိပ်စက်​နေခဲ့သည်။ ယွမ်ယယ်က သူ၏​လေသံကို​​လျှော့ကာ သူ(မ)ကိုပြောလိုက်၏။ "စာချုပ်ထဲမှာပါတဲ့အတိုင်းပဲလုပ်ပြီး ကျွန်​တော်တို့ အရင်ကဆုံးဖြတ်ထားတဲ့​နေရာကိုပဲ သွားရ​အောင်။ က​နေဒါက​တော့ ဖြစ်မှာမဟုတ်ဘူး။ ဒါမှမဟုတ် မင်းတို့ ပိုနီးတဲ့တစ်​နေရာရာကို​ ရွေးလိုက်ရင်​ရော။ အိန္ဒိယ၊ ထိုင်း၊ ​ဆော်​ဒီအာ​ရေးဗီးယား - အဲ့ဒါတွေလည်း အဆင်​ပြတာပဲ။ ဥ​ရောပဘက်​တွေဆို မဖြစ်ဘူး။"

လူငယ်ဒါရိုက်တာမှာ လုံးဝဆွံ့အသွားခဲ့သည်။ သူ(မ) ထိုကိစ္စကို စကားအနည်းငယ်​ပြောလိုက်ရုံဖြင့် ​ဖြေရှင်းနိုင်လိုက်မည်ဟု ထင်​နေခဲ့၏။ မ​မျှော်လင့်စွာဖြင့် ယွမ်ယယ်က ယခုလိုတုံ့ပြန်လာခဲ့သည်။ သူ(မ) ​နောက်တစ်ကြိမ်ကြိုးစားကြည့်လိုက်သည်။ "ယွမ်​လောင်ရှီး၊ ဘာလို့လဲဆိုတာကို ကျွန်မ​ မေးကြည့်လို့ရမလား။"

ယွမ်ယယ် ​ခေါင်းယမ်းလိုက်၏။ သူ၏မျက်နှာအမူအရာမှာ ထပ်ပြီး​မ​ဆွေး​နွေးချင်​တော့ဘူးဟု ​ပြော​နေ​သ​ယောင်ပင်။ "အ​ကြောင်းပြချက်မရှိဘူး။ ကျွန်​တော်က ရုတ်တရက်​ပြောင်းလဲမှု​တွေကို မကြိုက်ရုံပဲ။ ကျွန်​တော် စာချုပ်ထဲမှာ သ​ဘောတူထားတာကိုပဲ ရိုက်ကူးနိုင်မယ်။ စာချုပ်ထဲမှာ သြစ​တေးလျမှာရိုက်မယ်လို့​ပြောထားတယ်။ မင်းတို့က ​ရုတ်တရက်ကြီး ​နေရာ​ပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီးမှ ကျွန်​တော့်ကိုသတိ​ပေးတာမျိုး လုပ်လို့မရဘူး​လေ။ ဒါက အကျိုးကြောင်းမသင့်ဘူးဆိုတာ မင်းတို့ မ​ပြောနိုင်ဘူးလား။"

လူငယ်ဒါရိုက်တာမှာ အရင်က ထိုကဲ့သို့​သောအဖြစ်အပျက်မျိုးတွင် ပါဝင်ခြင်းမရှိခဲ့​ဖူးသဖြင့် လက်ရှိအ​ခြေအ​နေကို မည်သို့ကိုင်တွယ်ရမှန်း မသိ​တော့​ပေ။ သူ(မ)က လေယာဥ်​ပေါ်ကဆင်းဆင်းချင်း သူ(မ)၏​ဘော့စ်ထံ ချက်ချင်းတင်ပြကာ သူ့အား ယွမ်ယယ်​ပြောသမျှကို ​ပြောပြလိုက်သည်။ တစ်ဖက်တွင် သူ(မ)၏​ဘော့စ်က ယွမ်ယယ်ကို ချက်ချင်းဖုန်း​ခေါ်၍ သူ၏အ​​တွေးများကို​မေးမြန်းလာသည်။ ယွမ်ယယ်က အလွန်ယဥ်​ကျေးစွာ​ပြောခဲ့​သော်လည်း သူ၏စိတ်ကို​ပြောင်းလိမ့်မည်မဟုတ်​ကြောင်း ပြတ်ပြတ်သားသား​ပြောခဲ့သည်။

"မစ္စတာ၊ ကျွန်​တော်တို့ သ​​ဘောတူညီမှုကို ​ပြောင်းလိုက်လို့ရတယ်။ ကျွန်​တော်တို့ သြစ​တေးလျကိုမသွားဘူးဆိုရင် နီးတဲ့နိုင်ငံတစ်ခုခုကို ​ရွေးချယ်လို့ရပါတယ်။ က​နေဒါက​တော့ အဆင်မ​ပြေနိုင်ပါဘူး။"

​စော​စောက ​လေယာဥ်​ပေါ်တွင် ဖန်း​​ရှောက်ယိက အိပ်​ပျော်​နေခဲ့ပြီး ယွမ်ယယ် သူ၏အသံကို​​လျှော့ထားရာ ထိုအ​ကြောင်းကို မသိ​ခဲ့ပေ။ လက်ရှိတွင် ယွမ်ယယ်ဖုန်း​​ပြော​နေစဥ် လူငယ်ဒါရိုက်တာက သူ့အား အ​ခြေအ​နေကို ရှင်းပြလာခဲ့သည်။ ဖန်း​ရှောက်ယိက ​ခေါင်းညိတ်ကာ သူ(မ)အား သ​ဘော​ပေါက်​ကြောင်း ​ပြောလိုက်၏။ သူက ဖုန်း​ပြော​နေဆဲဖြစ်​သော ယွမ်ယယ်ကို ကြည့်လိုက်သည်။ သူ၏အမူအရာကမှာ စိတ်မရှည်​တော့သည့်ပုံပင်။

ဖန်း​ရှောက်ယိက လက်လှမ်းကာ သူ၏လက်ကောက်ဝတ်ကို ဆွဲလိုက်၏။ ထို့​နောက် ယွမ်ယယ်ကို ​ခေါင်းယမ်းပြလိုက်သည်။

ယွမ်ယယ်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ဖုန်းတစ်ဖက်ရှိလူကို ​ထပ်​ပြောလိုက်၏။ "ကောင်းပါပြီ။ ကျွန်​တော်တို့ ​နောက်မှ ​ဆွေး​နွေးကြတာ​ပေါ့။"

ဖုန်းချပြီး​နောက် သူက ဖုန်းကို လူငယ်ဒါရိုက်တာဆီပြန်​ပေးလိုက်သည်။ ဖန်း​ရှောက်ယိက သူ့ကို​ပြောလာ၏။ "​ဒေါသကို နည်းနည်း​လောက်ထိန်းထားဦး။"

ယွန်ယယ်က သူ့ကိုပြန်ကြည့်ကာ ​ပြောလိုက်၏။ "ငါ ​ဒေါသထွက်​နေတာမဟုတ်ဘူး။ ငါ မသွားချင်ရုံပဲ။"

သူတို့​ဘေးမှာ လူအများကြီးရှိ​နေသဖြင့် ဖန်း​ရှောက်ယိက ဘာမှထပ်မ​ပြော​တော့​ပေ။ သူက ​ခေါင်းငုံ့လျက်လမ်း​လျှောက်​နေသည့် ယွမ်ယယ့်ကို အခြားသူများအား ဝင်မတိိုက်မိ​အောင် သူ့လက်ကိုဆွဲထားခဲ့သည်။

ဖန်း​ရှောက်ယိက လူငယ်ဒါရိုက်တာကို ​ပြောလိုက်၏။ "စိတ်မရှိပါနဲ့။ ကျွန်​တော်တို့ ​နောက်မှ ထပ်​ဆွေး​​နွေးကြတာ​ပေါ့။"

"အာ၊ ​ကောင်းပါပြီ ဖန်း​လောင်ရှီး။" လူငယ်ဒါရိုက်တာက အလျင်အမြန်​ခေါင်းညိတ်လိုက်သည်။ "ကိစ္စမရှိပါဘူး။"

ယွမ်ယယ်နှင့် ဖန်းရှောက်ယိတို့က ​မြောက်ပိုင်းက​နေ ပျံသန်းလာခဲ့ကြရာ ရိုက်ကူး​ရေး​နေရာသို့ အ​စောဆုံး​ရောက်လာခဲ့ကြသည်။ အခြားအဖွဲ့များက ​တောင်ပိုင်းမြို့များတွင်ရှိ​နေရာ သူတို့​၏လေယာဥ်ချိန်က ​နေ့လယ်ထိ ​ရောက်လိမ့်မည်မဟုတ်​ပေ။

ယွမ်ယယ်နှင့် ဖန်း​ရှောက်ယိတို့က ဟိုတယ်တွင် အနားယူခဲ့ကြသည်။ ဖန်း​ရှောက်ယိက အိပ်ရာ​ပေါ် လှဲကာ အနားယူ​နေစဥ် ယွမ်ယယ်က ​ဘေးတွင်ထိုင်ပြီး ဖုန်း​သုံးနေခဲ့သည်။

ကွမ်းကျိုး၏သတင်းအရင်းအမြစ်က မြန်ပေ၏။ ​နေ့ခင်းတွင် သူက ယွမ်ယယ်ထံ WeChat မက်​ဆေ့ချ်ပို့လာသည်။ [မင်း အခုဘာဖြစ်​နေတာလဲ။ မင်း ဘယ်ငရဲက​နေ တက်လာတာများလဲ။]

ယွမ်ယယ်: [နေ့စဥ်ငရဲက တက်လာတာ။]

ကွမ်းကျိုး: [ကောင်းပါပြီ ငရဲက​နေ ပိုပြီး ညင်ညင်သာသာ​လေး တက်လာလို့ရမလား၊ သာ့ကော​ရ။ လူ​တွေအများကြီးကို စိတ်ဆိုးမ​နေစမ်းပါနဲ့။]

ယွမ်ယယ်: [ငါ အမြဲတမ်း အရမ်းကိုယဥ်ယဥ်​ကျေး​ကျေး​လေး​ပဲပြောတာပါ။]

ကွမ်းကျိုး: [ဒါရိုက်တာလင်း​ဝေနဲ့ ထုတ်လုပ်သူနဲ့ မင်းကို ဘယ်လို​တောင်ချေးများသလဲဆိုပြီး မှတ်ချက်​ပေး​နေကြတာ ငါကြားခဲ့တယ်။ မင်းရဲ့မိသားစု*က အဆင့်အတန်းမြင့်​နေတာ​ကြောင့်သာ သူထပ်မ​ပြော​တော့တာ​။ မင်း​နေရာမှာ တခြားသူသာဆို လင်း​ဝေက​ ​သေချာ​ပေါက် ဆဲဆိုနေ​လောက်ပြီ။ သူက ပါးစပ်ထဲက​နေ ညှစ်ထုတ်ဖို့ ဦး​နှောက်မရှိတဲ့သူတစ်​ယောက်ပဲ။ ဒါ​ပေမဲ့ မင်း'မိသားစု'ထဲက အဲ့ဒီလူရဲ့အဆင့်အတန်းက အခု မင်းနဲ့ ဘာမှမဆိုင်​တော့ဘူး သာ့​ကော။ မင်း အဲ့ဒါကို ​သေချာသိ​အောင် လုပ်ထားဦး။]

[TN/ ဖန်း​ရှောက်ယိကို​ပြော​​နေတာပါ။]

ယွမ်ယယ် စုတ်သတ်လိုက်ပြီး သူ့ကို မက်​ဆေ့ချ်ပို့လိုက်၏။ [မင်းအလုပ်သာ ပြန်သွားလုပ်စမ်းပါကွာ။ ငါ့ကိုစိတ်ပူစရာမလိုပဘူး။]

ကွမ်းကျိုးမှာ အမှန်ပင်အလုပ်များ​နေခဲ့သည်။ သူ ထိုသတိ​ပေးစကားများပို့ပြီး​နောက် ထပ်​ပြောမလာ​တော့​ပေ။

ဖန်း​ရှောက်ယိ၏အချိန်ဇယားက အလွန်ကျပ်​ပေ၏။ သူ ဘယ်​လောက်​တောင် အိပ်​ရေးပျက်ခဲ့လဲကို မည်သူသိနိုင်မည်နည်း။ သူက သူ့ဘက်အခြမ်းအိပ်ရာ​ပေါ်မှာ လှဲလိုက်ပြီး ဖြည်းဖြည်းမှန်မှန်အသက်ရှူကာ အိပ်​ပျော်သွားခဲ့သည်။

​ထို့​နောက်တွင် ချန်ရုနှင့် သူ(မ)၏ခင်ပွန်းတို့မှလွဲ၍ အခြားအဖွဲ့နှစ်ဖွဲ့လည်း ​ရောက်​လာခဲ့ကြသည်။ ယွမ်ယယ် အချိန်ကိုတစ်ချက်ကြည့်လိုက်၏။ လူငယ်ဒါရိုက်တာက မကြာခင် သူတို့ကို ​ခေါ်​တော့မည်ပင်။ ယွမ်ယယ်တစ်​ယောက် ​ခြေသံအရမ်းမကျယ်အောင် အသာ​လေးလျှောက်သွားလိုက်ပြီး ဖန်း​ရှောက်ယိအိပ်​နေ​သော အိပ်ရာဘက်အခြမ်း၌ ရပ်လိုက်သည်။ ယွမ်ယယ် ​ဆောင့်​ကြောင့်ထိုင်ကာ ဖန်း​ရှောက်ယိကိုနှိုးရန် ပါးစပ်ဖွင့်ဟလိုက်သော်လည်း သူပါးစပ်ဖွင့်လိုက်ရုံသာဖြစ်ပြီး အသံတစ်သံမှ မထွက်နိုင်ခဲ့​ပေ။

ဖန်း​ရှောက်ယိ၏မျက်နှာက အမှန်တကယ်ကို ချော​မော​လှသည်။ သူ၏အသွင်အပြင်များက ထင်း​နေပြီး သူ၏နှာ​တံကလည်း ​ဖြောင့်စင်း​​နေ၏။ ယွမ်ယယ် သူ၏နှာ​တံကို ​တော်​တော်​လေး​သ​ဘောကျသည်။ အတိတ်တုန်းက သူ ထိုနှာ​တံ​လေးကို နှ​မြောမ​နေဘဲ မကြာခဏကိုက်ခဲတတ်​ပေသည်။

ဖန်း​​ရှောက်ယိက နှစ်နှစ်ခြိုက်ခြိုက် အိပ်​ပျော်​နေခဲ့သည်။ သူက အလွန် သက်​​တောင့်သက်သာရှိ​နေပုံ​ပေါ်ပြီး သူ၏အမူအရာမှာလည်း ​အေးချမ်း​နေခဲ့၏။ သူ​အိပ်​ပျော်​နေသည်ကို ကြည့်ပြီး ယွမ်ယယ် ထိုသက်​တောင့်သက်သာရှိမှုထဲက​နေ သူ့ကို မနှိုးချင်​တော့​ပေ။

သူ​ ဆောင့်​ကြောင့်ထိုင်တာ ပင်ပန်းလာ​သောအခါ ကြမ်းပြင်​ပေါ် ထိုင်ချလိုက်ပြီး ဖန်း​ရှောက်ယိ၏အိပ်ရာနှင့် ပိုနီး​အောင်တိုးကပ်ကာ မှီချလိုက်​၏။ ထို့​နောက်သူလည်း အိပ်​ပျော်သွားခဲ့​လေသည်။

သို့​သော် သူ​က ရှစ်မိနစ်၊ ဆယ်မိနစ်​လောက်သာ မှေးခနဲဖြစ်သွားခဲ့သည်။ ရိုက်ကူး​ရေးအချိန် ​ရောက်​တော့မည်ဖြစ်ရာ ဖန်း​ရှောက်ယိကိုနှိုးဖို့က လိုအပ်​နေဆဲပင်။ ယွမ်ယယ် ထရပ်လိုက်ပြီး ဖန်း​ရှောက်ယိ၏ပခုံးကိုပုတ်ကာ ​​ခေါ်လိုက်၏။ "ယိ​ကော။"

ဖန်း​ရှောက်ယိက တုံ့ပြန်မလာ​ပေ။ ထို့ကြောင့် ယွမ်ယယ်က ထပ်​ခေါ်လိုက်သည်။ "ယိ​ကော"

ဖန်း​​ရှောက်ယိ၏မျက်​တောင်များ လှုပ်ရှားလာကြ၏။ စက္ကန့်အနည်းငယ်ကြာပြီး​နောက် မျက်လုံးများ ပွင့်လာခဲ့သည်။

ဖန်း​ရှောက်ယိတစ်​​ယောက် အလွန်နှစ်ခြိုက်စွာ အိပ်ပျော်​နေခဲ့သည်။ အခန်းတွင်းအပူချိန်ကလည်း အလွန်ကွက်တိကျ​နေခဲ့ရာ အိပ်မက်​ကောင်း​​ကောင်း​တောင် မက်ခဲ့​သေးသည်။ သူ၏မျက်လုံးများထဲမှာ အနည်းငယ်​သော ရှုပ်ထွေးမှုများရှိသော်လည်း နိုးလာပြီးနောက်တွင် မျက်မှောင်ကြုတ်သွားခြင်းမရှိခဲ့ပေ။ ယွမ်ယယ် ၎င်းကို လှမ်းကိုင်ပြီး ထိတွေ့လိုစိတ်များအား ထိန်းချုပ်လိုက်ရသည်။ "...မအိပ်နဲ့​တော့။"

ဖန်း​ရှောက်ယိက မျက်​တောင်ခတ်လိုက်၏။ သူ ယွမ်ယယ်ကိုကြည့်လာရာ နှစ်​ယောက်သား အကြည့်ချင်းဆုံသွားခဲ့သည်။ လက်ရှိတွင် သူတို့၏အကြည့်များထဲမှာ မည်သည့်ရှုပ်​ထွေး​သောစိတ်ခံစားချက်မှ မပါ​ဝင်ခဲ့ပေ။ အရာရာတိုင်းက ရိုးရှင်းပြီး တည်ငြိမ်​နေခဲ့သည်။

ယွမ်ယယ်က ဖန်း​ရှောက်ယိ အပြည့်အဝနိုးလာ​​စေရန် တစ်ခုခု​ပြောလိုက်ချင်​သော်လည်း သူအခွင့်အ​​ရေးမရခင်ပင် ဖန်း​ရှောက်ယိက လက်ဆန့်ထုတ်ကာ ယွမ်ယယ်ကို သိုင်းဖက်လာခဲ့သည်။ အိပ်စက်ထားပြီး​နောက် ဖန်း​ရှောက်ယိ၏ခန္ဓာကိုယ်အပူချိန်က အလွန်မြင့်​နေခဲ့၏။ ​​ခြောက်​သွေ့​သည့်​နွေး​ထွေးမှု​လေးက ယွမ်ယယ်၏အသက်ရှူလမ်း​ကြောင်းထဲ ဝင်​ရောက်လာပြီး သူ့ကို အံ့သြမှင်တက်သွား​စေခဲ့သည်။

သူ၏မျက်နှာက ဖန်း​ရှောက်ယိ၏ရင်ခွင်ထဲ မြှုပ်​နေခဲ့၏။ တစ်ဖက်လူ၏ကိုယ်သင်းနံ့က ရင်းနှီး​​နေသော သက်​တောင့်သက်သာရှိမှုတို့ကို ခံစားရ​စေသည်။ ၎င်းမှာ အလွန်နှစ်လိုဖွယ်​ကောင်း​ပေသည်။ ယွမ်ယယ် ဘာမှမ​ပြောဘဲ သူ၏မျက်လုံးများကိုသာ မှိတ်ထားခဲ့သည်။

သူ၏မျက်လုံးက တိုက်တိုက်ဆိုင်ဆိုင် ဖန်း​ရှောက်ယိ၏ညှပ်ရိုးနားတွင် ရှိ​နေပြီး အရိုး​ခပ်မာမာပေါ်မှာ မှီ​​နေရသည့်အတွက် အနည်းငယ်နာကျင်​ရ၏။

ဖန်း​ရှောက်ယိက ယွမ်ယယ်၏ဦး​ခေါင်းအ​နောက်ဘက်ကို လက်တစ်ဖက်ဖြင့်ဖိကပ်လာပြီး လက်ဖဝါး​နွေး​နွေးက သူ၏ဦး​ရေပြားကိုထိလာခဲ့သည်။ ထို​နွေး​ထွေးမှု​လေးက အလွန်နှစ်လိုဖွယ်​ကောင်းပြီး ယွမ်ယယ်တစ်​ယောက် တစ်​ရေးတစ်​မော​တောင် အိပ်ချင်လာခဲ့သည်။

​နောက်ဆုံးမှာ​တော့ ယွမ်ယယ်က အရင်ဆုံး လှုပ်ရှားလိုက်၏။ ထိုအ​နေအထားက သူ့ကို ပင်ပန်း​စေသည်။ သူသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ဖန်း​ရှောက်ယိ၏လက်ကို ဖယ်ရှားလိုက်သည်။ ယွမ်ယယ် ​ခေါင်း​မော့ကာ ဖန်း​ရှောက်ယိ၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သူတို့၏အကြည့်များ ​နောက်တစ်ခါထပ်ဆုံသွားချိန်မှာ ယွမ်ယယ်က ပြုံးပြလိုက်ပြီး ဘာမှမဖြစ်ခဲ့သည့်အတိုင်း ​မေးမြန်းလိုက်သည်။ "ဘာဖြစ်လို့လဲ။"

ဖန်း​ရှောက်ယိက သူ့ကိုစိုက်ကြည့်​နေပြီး အခိုက်အတန့်တစ်ခု​လောက် တိတ်ဆိတ်​နေခဲ့သည်။ ထို့​နောက် အကြည့်လွှဲကာ မျက်ခုံးနှစ်ဖက်ကြား​နေရာကို ဖိလိုက်ရင်း ပြန်​ဖြေခဲ့​လေ၏။ "ဘာမှမဟုတ်ဘူး။ အိပ်မက်မက်လို့။"

*****

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment