ယွမ်ယယ် ဖန်းရှောက်ယိနှင့် ပထမဆုံးအကြိမ်တွေ့ချိန်တုန်းက တက္ကသိုလ်တတိယနှစ်တွင်ဖြစ်၏။ ထိုနှစ်က ကွမ်းကျိုးတစ်ယောက် တက္ကသိုလ်စတက်သောနှစ်ဖြစ်သည်။ တကယ်တော့ ကွမ်းကျိုးက သူ့ထက် ခြောက်လလောက်သာငယ်သော်လည်း ယွမ်ယယ်က အတန်းများကိုကျော်တက်ခဲ့ရ၍ သူ့ထက်နှစ်နှစ်စောကာ တက္ကသိုလ်တက်ခွင့်ရခဲ့သည်။ ကျောင်းစဖွင့်သည့်နေ့တွင် ယွမ်ယယ်က သူ့ကို သူ၏ခရီးဆောင်နှင့်အတူ ကျောင်းအိပ်ဆောင်ထဲရွှေ့ပြောင်းရန် ကူညီပေးခဲ့သည်။ ၎င်းမှာ သူတို့နှစ်ဦးတည်းသာဖြစ်၏။
ကျောင်းသားအသစ်များကိုကြိုဆိုရန် တာဝန်ပေးခံရသည့် အကြီးတန်းများက သူတို့နှင့်စကားပြောနေစဥ် လမ်းခုလတ်တွင် အခေါ်ခံလိုက်ရသောကြောင့် သူတို့အား ဘယ်နေရာသို့ ဘယ်လိုသွားရမည်ကိုသာ ညွှန်ပြလိုက်သည်။ သို့သော် ယွမ်ယယ်နှင့် ကွမ်းကျိုးတို့ ရေကန်တစ်ဝိုက်တွင်လျှောက်နေသည်မှာ ကန်တစ်ပတ်ပင်ပြည့်လင့်ကစား သူတို့သွားရမည့်နေရာကို ရှာမတွေ့ခဲ့ကြပေ။
ရာသီဥတုက ပူလွန်း၍ ယွမ်ယယ်၏နဖူး၌ ချွေးများစို့လာခဲ့၏။ သူ၏စိတ်မရှည်မှုအဆင့်ကလည်း မြင့်တက်လျက်ပင်။ ထိုသို့ဆိုလျှင်တောင် ဖြတ်သွားသူများကို လမ်းမေးရာ၌ ယဥ်ကျေးနေဆဲဖြစ်၏။ သူတို့ရှေ့မှ လူနှစ်ယောက် လမ်းလျှောက်လာနေပြီး ယွမ်ယယ်တစ်ယောက် ယဥ်ကျေးစွာဖြင့် ချဥ်းကပ်သွားကာ မေးမြန်းလိုက်သည်။ "တစ်စိတ်လောက်ပါ၊ အတန်းဖော်တို့! အဆောင်ခန်းတွေက ဘယ်မှာလဲဆိုတာ မေးချင်လို့ပါ။"
ယွမ်ယယ်က 'အတန်းဖော်'ဘဟု ခေါ်လိုက်ခြင်းကို အလွန်ဖော်ရွေကာ ကြင်နာတတ်သည်ဟု ခံစားလိုက်ရသည် - သူက လမ်းပဲမေးချင်တာကို သူတို့ကို ဘွဲ့တစ်ခုပါပေးပြီး 'တစ်စိတ်လောက်ပါ' လို့လည်း ပြောလိုက်တယ်လေ။ သို့သော် သူ့ဘေးနားရှိလူက သူ့ကို လုံးဝလျစ်လျူရှုခဲ့ပြီး ထို့လူ့နံဘေးရှိ နောက်တစ်ယောက်ကလည်း သူ့အား အပြုံးမမည်သောအပြုံးမျိုးနှင့် ကြည့်နေခဲ့သည်။ ထိုသူနှစ်ယောက်လုံးက ချောမောကြပေ၏။ ထိုအချိန်တွင် ယွမ်ယယ် 'နာမည်ကြီးတွေကိုမွေးထုတ်ပေးတဲ့ကျောင်းက တကယ့်ကို ကွာခြားတာပဲ' ဟူသော အတွေးမျိုး တွေးလိုက်မိသည်။ သူက ကျပန်းလူနှစ်ယောက်နှင့် အမှတ်တမဲ့တွေ့ဆုံခဲ့သော်လည်း ၎င်းတို့မှာ ထိုကဲ့သို့သောအရည်အသွေးမျိုး ရှိနေခဲ့လေ၏။
အမှန်တကယ်တော့ ယွမ်ယယ် ထိုအချိန်တုန်းက ဆယ့်ခုနစ်နှစ်သာ ရှိသေးပြီး အသွင်အပြင်က ထိုထက်ငယ်ရွယ်ပုံလည်းပေါက်နေသည်။ သူ၏မျက်နှာက သူ့ကို အထက်တန်းကျောင်းသားတစ်ယောက်သဖွယ် ထင်ရစေ၏။ သူက သူ၏ကျောင်းတွင် တတိယနှစ်ကောကောတစ်ယောက်ဖြစ်နေသော်လည်း အခြားသူများအတွက်တော့ အသစ်ဝင်လာသော ပထမနှစ်ကျောင်းသားအဖြစ် ထင်ရစေသည်။ ထို့ပြင် သူက ခရီးဆောင်အိတ်ကိုလည်း သယ်ထားသေး၏။
ယွမ်ယယ်တစ်ယောက် လွန်စွာမှရိုကျိုးနေပြီဟု ခံစားရသော်လည်း ရိုးရိုးသားသားပြောရလျှင် ပထမနှစ်လူသစ်လေးက ထိုအရေးပါသောလူပုဂ္ဂိုလ်နှစ်ဦးကို ပို၍လေးစားသမှုရှိသော 'စီနီယာ' ဟု ခေါ်ရမည့်အစား 'အတန်းဖော်' ဟုခေါ်လိုက်ခြင်းနှင့် တူနေပေတော့သည်။
သူနှင့်မျက်နှာချင်းဆိုင်တွင်ရှိနေသော 'အတန်းဖော်' နှစ်ယောက်က ဖန်းရှောက်ယိနှင့် ကျန်းရွှီတို့ဖြစ်ကြသည်။ နှစ်ဦးလုံးက လက်ရှိမှာ ရေပန်းစားနေသည့် လူငယ်အမျိုးသားသရုပ်ဆောင်များပင်။ သူတို့က နာမည်ကြီးဒါရိုက်တာနှင့်မှမဟုတ်လျှင် အလုပ်တွဲမလုပ်ကြပေ။ ဆယ့်ခြောက်နှစ်အရွယ်တွင် ဖန်းရှောက်ယိက ဒါရိုက်တာဝေ့ထုံ၏《သဲမုန်တိုင်း》ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့ပြီး တစ်ဟုန်ထိုး နာမည်ကြီးလာခဲ့၏။ ကျန်းရွှီက ပို၍အထင်ကြီးစရာကောင်းသည်။ အသက်လေးနှစ်အရွယ်တွင် ရုပ်သံဇာတ်လမ်းတွဲများ၌ စတင်သရုပ်ဆောင်နေလေပြီ။ ယခု အတော်လေးနာမည်ကြီးနေသော အနုပညာရှင်များအားလုံး ယခင်က သူ၏မိဘနေရာ၌ သရုပ်ဆောင်ခဲ့ကြဖူးသည်။
သို့သော်လည်း ယွမ်ယယ်ကတော့ တစ်ယောက်ကိုမှ မမှတ်မိပေ။ ၎င်းမှာ သူတို့ နာမည်မကြီးသောကြောင့် သို့မဟုတ် ရေပန်းမစားသည့်အတွက်ကြောင့်မဟုတ်ပေ - ၎င်းမှာ ယွမ်ယယ်က ထိုအရာများအပေါ် စိတ်ဝင်စားမှုမရှိခြင်းကြောင့်ပင်။ ယွမ်ယယ်က TV ကြည့်ခဲသည်။ သူ အွန်လိုင်းတက်သည့်အချိန်က ဂိမ်းကစားရန် သို့မဟုတ် စာရေးရန်သာဖြစ်၏။ ယွမ်ယယ်တစ်ယောက် ထိုအရာများကို လုံးဝဂရုမစိုက်တတ်ပေ။
သူ၏မျက်လုံးထဲတွင် ထိုလူနှစ်ယောက်က အမှန်တကယ်ကိုချောမောသော်လည်း အနည်းငယ်စိတ်အနှောက်အယှက်တော့ဖြစ်စေ၏။ တစ်ယောက်က ပါးစပ်ကိုကော်ကပ်ထားသလို ပိတ်ထားပြီး နောက်တစ်ယောက်က ဘာကြောင့်ရယ်နေမှန်းမသိပေ။ အလွန် စိတ်ပျက်စရာပင်။
ယွမ်ယယ် မျက်ခုံးများတွန့်ချိုးကာ ထိုနှစ်ယောက်ကို မေးလိုက်သည်။ "မင်းတို့ မသိဘူးလား။"
ကျန်းရွှီက သူ့နောက်သို့ ညွှန်ပြလိုက်ပြီး ရယ်လျက်သားနှင့် ပြန်ဖြေခဲ့၏။ "အရှေ့ကို ဆက်လျှောက်သွား၊ အဆုံးကိုရောက်ရင် ဘယ်ဘက်ကိုချိုးလိုက်။" ထိုသို့ပြောပြီး နောက်ထပ် ထပ်ပြောလာသည်။ "အတန်းဖော်လေး။"
"ကျေးဇူးပဲ။" ယွမ်ယယ်က ခရီးဆောင်အိတ်ကိုသယ်ကာ ပြန်တုံ့ပြန်လိုက်၏။"အတန်းဖော်လေး။"
ယွမ်ယယ် ငယ်ငယ်ကတည်းက သူ့အခန်းထဲရှိလူတိုင်းထက်ငယ်၏။ သူ့ဆရာများနှင့် အတန်းဖော်များက သူ့ကို တစ်ခါတလေ 'ယွမ်ယယ်လေး' ဟု ခေါ်တတ်ကြသည်။ ထို့ကြောင့် ယွမ်ယယ်က သူအသက်ငယ်သည်ဟူသောအချက်ပေါ် လူများအာရုံစိုက်နေသည်ကို မုန်းပေ၏။ သူ သုံးလေးလှမ်းလောက် လျှောက်သွားပြီးနောက် သူ့အမေးကိုပြန်ဖြေခဲ့သောလူက တိတ်ဆိတ်နေခဲ့သောလူကို ပြောနေသည်အား ကြားလိုက်ရသည်။ "ဟားဟား၊ မင်းကြားလိုက်လား။ ငါ့ကို အတန်းဖော်လေးလို့ ခေါ်သွားတယ်။"
၎င်းမှာ ယွမ်ယယ်နှင့် ဖန်းရှောက်ယိတို့ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းပင်။ သူက ဖန်းရှောက်ယိကို လမ်းမေးခဲ့သော်လည်း ဖန်းရှောက်ယိက သူ့ကို လျစ်လျူရှုခဲ့သည်။
ယင်းမှာလည်း ကွမ်းကျိုးက ရှက်ကြောက်တတ်သောကြောင့်ပင်။ တကယ်တော့ ကွမ်းကျိုးက ယွမ်ယယ်၏နောက်တွင် တစ်ချိန်လုံးရပ်နေခဲ့ပြီး ထိုနှစ်ယောက်ထဲမှတစ်ယောက်ကို မှတ်မိနေခဲ့သည်။ သူက 《သဲမုန်တိုင်း》ရုပ်ရှင်ကို မကြည့်ရသေး၍ ဖန်းရှောက်ယိက မည်သူဖြစ်ကြောင်း မသိခဲ့သော်လည်း ကျန်းရွှီကိုတော့ သိနေ၏။ ကွမ်းကျိုးက သူ့ဇာတ်လမ်းတွဲများကို ကြည့်ဖူးပေသည်။ သို့သော်လည်း နာမည်ကြီးတစ်ယောက်နှင့်တွေ့ဆုံရန် ရှက်နေသည့်အတွက် သူတို့နှင့် စကားအချေအတင်မပြောရဲခဲ့ပေ။
နောက်ပိုင်းတွင် ယွမ်ယယ် ၎င်းတို့၏တွေ့ဆုံမှုကိုပြန်တွေးတိုင်း အတော်လေးထူးဆန်းသည်ဟု အမြဲလိုလို ခံစားခဲ့ရသည်။ ကွမ်းကျိုးတို့ကျောင်းတွင် လူပေါင်းများစွာရှိသော်လည်း လမ်းမေးရန်အတွက် ဖန်းရှောက်ယိတို့နှင့် ဆုံခဲ့ရသည်။ ယွမ်ယယ် ၎င်းက ကံကြမ္မာပဲဟု မကြာခဏပြောတတ်ပေ၏။ ၎င်းတို့တွေ့ဆုံရန် ကံကြမ္မာဖန်လာပြီး အတူတူရှိနေစေရန် အကြောင်းဖန်လာခဲ့သည်။
ယွမ်ယယ်၏ကျောင်းက ကွမ်းကျိုးတို့ကျောင်းနှင့် အလွန်နီးပေ၏။ ယွမ်ယယ်တစ်ယောက် ပိတ်ရက်များတွင် ဘာမှလုပ်စရာမရှိလျှင် ကွမ်းကျိုးဆီ သွားလည်တတ်သည်။ ထိုအချိန်က ယွမ်ယယ်မှာ တော်တော်လေးငယ်သေးသည်။ ကွမ်းကျိုးတို့ကျောင်းတွင် ချောမောသည့်ကောင်လေးများနှင့် လှပသောကောင်မလေးများ အများကြီးရှိသော်လည်း သူတို့ကိုကြည့်ဖို့တောင် ဂရုမစိုက်ခဲ့ပေ။ သူက ကွမ်းကျိုးနှင့် ပျော်ပျော်ပါးပါးကစားဖို့သာ သူ့ကျောင်းကိုသွားခြင်းဖြစ်သည်။
တစ်ရက်မှာတော့ ယွမ်ယယ် သူတို့ ထိုနေ့ကတွေ့ခဲ့သောနှစ်ယောက်မှာ နာမည်ကြီးသရုပ်ဆောင်များကြောင်း သိရှိသွားခဲ့သည်။ ယွမ်ယယ် 《သဲမုန်တိုင်း》ရုပ်ရှင်ကို အထူးတလှယ်ရှာကြည့်ခဲ့ပြီး ၎င်းကိုကြည့်ပြီးနောက် အမှန်တကယ်ကို သဘောကျသွားခဲ့၏။
ထိုဇာတ်ကားက အကောင်းဆုံးဒါရိုက်တာနှင့် အကောင်းဆုံးဇာတ်ညွှန်းဆုများအပါအဝင် အခြားသောဆုများလည်း ရရှိခဲ့သည်။ ယွမ်ယယ် တရုတ်ဘာသာကိုလေ့လာနေပြီး ထိုဇာတ်လမ်းကို နှစ်သက်ပေ၏။
ဖန်းရှောက်ယိက ကလေးဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့သည်။ ရိုက်ချက်တစ်ခုတွင် ဖန်းရှောက်ယိတစ်ယောက် သူ၏သွားဖြူဖြူလေးများပေါ်အောင် ရယ်လျက် ကင်မရာကို ရုတ်တရက်ပြုံးပြခဲ့သည်။ ထိုအပြုံးမှာ ခက်ခဲလှပေ၏။ မျက်လုံးများမှာ တောက်ပနေပြီး အနာဂတ်အတွက် အဆုံးမရှိသောမျှော်လင့်ချက်အပြည့်နှင့် ဘဝနှင့်ပတ်သက်သော မြတ်နိုးဖွယ်ရာများ၊ ဇာတ်ကောင်၏ လွတ်လပ်မှုများအားလုံးကို ထိုမျက်လုံးထဲတွင် စုစည်းထားပြီး ဖြူစင်ကြည်လင်နေရမည်ဖြစ်သည်။
ဝေ့ထုံက ထိုရိုက်ချက်အတွက် အကြိမ်နှစ်ရာလောက် ထပ်တလဲလဲရိုက်ကူးရန် တောင်းဆိုခဲ့ကြောင်း ဖန်းရှောက်ယိက နောက်ပိုင်းတွင် ဖြေကြားခဲ့ဖူးသည်။ သူက ထိုအပြုံးကို ရိုက်ကူးရေးစတင်သည့်ရက်ကနေ စတင်လေ့ကျင့်ခဲ့ရပြီး ရိုက်ကူးရေးအဆုံးသတ်ချိန် လေးလကြာတဲ့အထိ တစ်လျှောက်လုံးပင်။ ဝေ့ထုံက သူ့ကို ဘာလမ်းညွှန်ချက်မှမပြောဘဲ သူ၏အမျိုးမျိုးသောအပြုံးတို့ကို ကင်မရာထက် ရိုက်ကူးစေခဲ့၏။
တစ်ရက် သို့မဟုတ် နှစ်ရက်ကြာတိုင်း အပြုံးတချို့ကို ရိုက်ကူးရသည်။ နောက်ဆုံးရိုက်ကူးရေးရက်၌ပင် နောက်တစ်ခါ ရိုက်ကူးခဲ့ရ၏။ ထိုသုံးစက္ကန့်ရိုက်ချက်မှာ ရိုက်ချက်ပေါင်းနှစ်ရာကျော်ထဲက ရွေးထုတ်ထားခြင်းဖြစ်သည်။ အသက်ဆယ့်ခြောက်နှစ်ရွယ် သရုပ်ဆောင်တစ်ဦးအတွက် ၎င်း၏စိတ်ခံစားချက်ကို အကြိမ်ကြိမ်ချိန်ညှိကာ သူ့ကိုယ်သူတည်ငြိမ်စေရန်မှာ အလွန်ခဲယဥ်းပေသည်။
ယွမ်ယယ် ထိုဇာတ်ကားကို နှစ်ကြိမ်ကြည့်ဖူးသောကြောင့် ဖန်းရှောက်ယိနှင့် နောက်တစ်ကြိမ်ဆုံသောအခါ သူ့ကို ချက်ချင်းမှတ်မိသွားခဲ့၏။
ယွမ်ယယ်က ကွမ်းကျိုး၏အိပ်ဆောင်ထဲနေ ထွက်လာခဲ့ပြီး သူ၏ကျောင်းကိုပြန်ရန် ဦးတည်လိုက်စဥ် ဖန်းရှောက်ယိကို အဝေးကနေ လှမ်းမြင်လိုက်ရသည်။ တစ်ဖက်လူက အားကစားဝတ်စုံဝတ်ထားပြီး သူ့ကိုစောင့်ကြည့်နေသောမိန်းကလေးများက အနောက်ကနေ လိုက်လာနေခဲ့ကြ၏။ ယွမ်ယယ်က ရဲရဲတင်းတင်း လျှောက်သွားလိုက်ပြီး လျှာသပ်လိုက်သည်။ ထို့နောက် ဖန်းရှောက်ယိကို ပြုံးပြကာ နှုတ်ဆက်လိုက်၏။ "ဟေး၊ အတန်းဖော်!"
ဖန်းရှောက်ယိက သူ့ကိုကြည့်လာသည်။ ယွမ်ယယ်တစ်ယောက် တစ်ဖက်လူက သူ့ကိုမှတ်မိသလား မပြောတတ်ပေ။
ယွမ်ယယ် သူ့ဘေးသို့လျှောက်သွားလိုက်ပြီး သူ့ကို အလွန်ရက်ရောစွာ ချီးကျူးလိုက်သည်။ ထိုအချိန်က ယွမ်ယယ်မှာ ဖန်းရှောက်ယိထက် အတော်လေးအရပ်ပုရာ ဖန်းရှောက်ယိကို စကားပြောရာ၌ ထိုလူ့ကိုမော့ကြည့်နေရ၏။ "ငါ မင်းရဲ့ ဇာတ်ကားကို ကြည့်ပြီးပြီ။"
ဖန်းရှောက်ယိက အတော်လေး သီးသန့်ဆန်ပုံရပြီး ယခုလိုချဥ်းကပ်မှုမျိုးကို မကြာခဏ ကြုံဖူးပုံပင်။ သူက အသာလေး မျက်ခုံးပင့်လိုက်၏။ "ကျေးဇူးတင်စကားပြောရဦးမှာလား။"
"မလိုပါဘူး။" ယွမ်ယယ် ခေါင်းယမ်းလိုက်၏။ သူ၏မျက်နှာပေါ်တွင် အပြုံးကို ဆင်မြန်းထားဆဲပင်။ "ငါ ကြည့်တာမကြည့်တာက ငါ့ရဲ့ကိစ္စပါ။"
၎င်းတို့၏တွေ့ဆုံမှုများက ယွမ်ယယ်ဘက်ကနေ ဖန်းရှောက်ယိကို ထိုကဲ့သို့လိုက်ကပ်ခြင်းဖြင့်သာ။ ထိုအချိန်က ယွမ်ယယ် များများစားစားမတွေးဖြစ်ခဲ့ပေ။ သူ ထိုဇာတ်ကားကိုသဘောကျသောကြောင့် ဖန်းရှောက်ယိကိုလည်း သဘောကျတာဖြစ်မည်ဟု ထင်ခဲ့သည်။
ယွမ်ယယ်က အမှန်တကယ်တော့ စိတ်ကြီးသူတစ်ယောက်ဖြစ်၏။ သူက တစ်စုံတစ်ယောက်နှင့်ဆက်ဆံရေးအတွက် သူ့ဘက်ကအစပျိုးရမည်ကို စိတ်မရှည်တတ်ပေ။ ဖန်းရှောက်ယိကသာ ပထမဆုံးခြွင်းချက်ဖြစ်ခဲ့သည်။ ယွမ်ယယ်က ဖန်းရှောက်ယိကိုဆို ချိုချိုသာသာလေးပြောတတ်ပြီး ဖန်းရှောက်ယိနှင့် ကျောင်းဝင်းထဲမှာဆုံချိန်တိုင်း တစ်ဖက်လူအား နှစ်လိုဖွယ်အပြုံးလေးဖြင့် 'ယိကော' ဟု နှုတ်ဆက်တတ်၏။ ၎င်းမှာ ရင်းနှီးသောလေထုကို ပေးစွမ်းခဲ့သည်။
အကြိမ်အနည်းငယ်လောက် ဆုံပြီးနောက် ဖန်းရှောက်ယိ၏မျက်နှာက သိပ်ပြီးအေးစက်မနေတော့ပေ။ သူက ယွမ်ယယ်နှင့်ဆုံချိန်တိုင်း ပြန်လည်တုံ့ပြန်ကာ ပြုံးပြလာတတ်၏။ ထိုအချိန်က ဖန်းရှောက်ယိတစ်ယောက် ယွမ်ယယ်ကို သူတို့ကျောင်းမှဖြစ်မည်ဟု ထင်ခဲ့ပြီး မေးမြန်းလာခဲ့သည်။ "မင်းက ဘယ်မေဂျာကလဲ။"
ယွမ်ယယ်က ပြန်ဖြေလိုက်သည်။ "တရုတ်မေဂျာ၊ တတိယနှစ်ကျောင်းသား။"
ဖန်းရှောက်ယိ၏မျက်ခုံးအစုံမှာ မြင့်တက်သွားခဲ့သည်။ သူက တစ်ဖက်လူကို ကြည့်လိုက်၏။ "မင်းက တတိယနှစ်?"
"အမ်း။" ယွမ်ယယ် ခေါင်းညိတ်ပြလိုက်ပြီး အပြုံးလေးဖြင့် ထပ်ပြောလိုက်သည်။ "မင်းက စတုတ္ထနှစ်ဆိုတာ ငါသိတယ်။"
ဖန်းရှောက်ယိတစ်ယောက် သူ့မျက်နှာကို စေ့စေ့စပ်စပ်ကြည့်လာခဲ့ပြီးနောက် ရယ်မောခဲ့၏။ "မင်းအသက်ဘယ်လောက်လဲ။"
အကြောင်းတချို့ကြောင့် ယွမ်ယယ် သူ့ကို အမှန်တိုင်းမပြောခဲ့ပေ။ သို့သော် လိမ်လည်း မလိမ်ခဲ့ချေ။ သူက မရေမရာ အဖြေပေးခဲ့သည်။ "မင်းက စတုတ္ထနှစ်၊ ငါက တတိယနှစ်၊ အဲ့တော့ မင်းထက် တစ်နှစ်ငယ်တာပေါ့။"
ထို့နောက် သူက အမှန်တကယ်တတိယနှစ်ဖြစ်ကြောင်း သက်သေပြရန် ယွမ်ယယ်တစ်ယောက် သူ၏ကျောင်းသားကတ်ကိုပင် ပြခဲ့သေးသည်။
ဖန်းရှောက်ယိက သူ့ကိုမေးလာ၏။ "ငါတို့ကျောင်းကမဟုတ်ဘူးလား။"
"မဟုတ်ဘူး။" ယွမ်ယယ်က ပြောလိုက်သည်။ "ငါ့သူငယ်ချင်းကို လာတွေ့တာ။"
အရင်က ယွမ်ယယ်သည် ပိတ်ရက်တိုင်း လာလည်တတ်သော်လည်း ဖန်းရှောက်ယိနှင့် အမြဲတမ်း မတွေ့ခဲ့ရပေ။ တစ်ဖက်လူက ကျောင်းတွင် အချိန်တိုင်းရှိမနေတတ်သောကြောင့်ပင်။ သူသွားလည်သည့်တစ်ခါက ကွမ်းကျိုးသည် သူ့ကို ဖန်းရှောက်ယိ ကျောင်းသို့ပြန်ရောက်နေပြီဖြစ်ကြောင်း ပြောပြလာခဲ့သည်။
ယွမ်ယယ်၏ စရိုက်က အသည်းမာကာ ခေါင်းမာတတ်သော လူတစ်ယောက်ပင်။ သူက ဖန်းရှောက်ယိ၏အိပ်ဆောင်သို့ ပျော်ရွှင်စွာပြေးသွားခဲ့လေ၏။ ဖန်းရှောက်ယိက သူ့ကိုမြင်သောအခါ တံခါးဖွင့်ပေးပြီး ခေါင်းယမ်းလျက် ရယ်မောခဲ့သည်။ "မင်းရဲ့သတင်းကလည်း မြန်လိုက်တာ။"
"ငါ့မှာ အရင်းအမြစ်တွေရှိတယ်လေ။" ယွမ်ယယ်၏မျက်ခွံပေါ်တွင် အမာရွတ်သေးသေးလေးရှိပေ၏။ သူ ပြုံးလိုက်ချိန်တိုင်း ထိုနေရာ၌ အချိုင့်လေးဖြစ်သွားတတ်သည်မှာ အတော်လေးစိတ်ဝင်စားဖွယ်ကောင်းသည်။
ဖန်းရှောက်ယိက အကြည့်လွှဲလိုက်သည်။ ထို့နောက် တံခါးရှေ့ကနေဖယ်ပေးလိုက်ပြီး မေးလိုက်၏။ "ဝင်လာပြီး ခဏထိုင်ဦးမလား။"
"အာ၊ ကောင်းပြီလေ။" ယွမ်ယယ်က ခေါင်းညိတ်ပြခဲ့သည်။
ဖန်းရှောက်ယိက နှစ်ယောက်အိပ်အခန်းတွင် နေထိုင်သည်။ အခန်းထဲမှာ သူတစ်ယောက်တည်းရှိသည်မို့ ကွမ်းကျိုး၏အခန်းထက် ပို၍ဇိမ်ကျပေ၏။ သူက ယွမ်ယယ်ကို သူ့ထိုင်ခုံတွင်ထိုင်စေခဲ့ပြီးနောက် ရေတစ်ဘူးယူကာ သူ့ကို ကမ်းပေးလာခဲ့သည်။ ယွမ်ယယ်က သူ့ကျောပိုးအိတ်ထဲမှ စာအုပ်ငယ်များစွာကို ဆွဲထုတ်၍ ပြောခဲ့သည်။ "ယိကော၊ ငါ့ကို ဒီမှာ လက်မှတ်လေးတွေထိုးပေးလို့ရမလား။"
ဖန်းရှောက်ယိက သူ့ကိုမေးလာခဲ့၏။ "ဘာအတွက်လဲ။"
ယွမ်ယယ်က ပြန်ဖြေလိုက်သည်။ "ရောင်းဖို့။ ငါ အနာဂတ်မှာ ငါ့ရဲ့ဘေးပေါက်လုပ်ငန်းအနေနဲ့ လက်မှတ်ရောင်းတဲ့အလုပ်ကို တိုးချဲ့ဖို့စဥ်းစားထားတယ်။"
ဖန်းရှောက်ယိက သူ၏စကားအပြောအဆိုကို ကျင့်သားရနေလေပြီ။ သူက ဘောပင်ကိုယူလိုက်ပြီးနောက် သူ့အတွက် စာအုပ်သေးသေးလေးများအားလုံးအားလုံးကို လက်မှတ်ထိုးပေးခဲ့သည်။
ယောက်ျားလေးနှစ်ယောက်ကြား ပေါင်းသင်းဆက်ဆံသည့်အခါ ရှုပ်ရှုပ်ယှက်ယှက်အရာများစွာ မရှိပေ။ 'မင်းက ကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး ငါက သာမန်ကလေးတစ်ယောက်ပဲ။ အဲ့တော့? မင်းဆီကနေ ဘာကိုမှ အခွင့်အရေးယူမှာမဟုတ်ဘူး။ ငါက ဒီတိုင်း မင်းနဲ့ကစားရတာကို သဘောကျရုံပဲ။ ဒီတော့ ဘာဖြစ်လဲ။ အများဆုံးမှ အတန်းထဲက မိန်းကလေးတွေ မင်းရဲ့လက်မှတ်ကိုတောင်းခိုင်းတာလောက်ပဲ။ အဲ့ထက်ပိုပြီး မင်းဆီက အခွင့်အရေးယူမှာမဟုတ်ဘူး။'
ထိုအချိန်က ယွမ်ယယ်၏နှလုံးသားထဲတွင် ဖန်းရှောက်ယိက သူ၏သူငယ်ချင်း သို့မဟုတ် သူ့အစ်ကိုတစ်ယောက်သာ။ အစပိုင်းတွင် ယွမ်ယယ်တစ်ယောက် ဖန်းရှောက်ယိ၏ကြယ်ပွင့်ဂုဏ်ပုဒ်ကို အသစ်အဆန်းဖြစ်ပြီး စိတ်ဝင်တစားရှိသော်လည်း လုံလောက်သောအချိန်တစ်ခု၌ ၎င်းက သမားရိုးကျဖြစ်သွားခဲ့သည်။ ဖန်းရှောက်ယိကလည်း ယွမ်ယယ်၏သမားရိုးကျမဟုတ်သောစရိုက်ကို နှစ်သက်ပုံပင်။ ထို့ကြောင့် သူ့ကို ညီတစ်ယောက်ကဲ့သို့ ဆက်ဆံပေးခဲ့ပြီး သူတို့တွင် ဘာမှလုပ်စရာမရှိလျှင် ယွမ်ယယ်ကို စနောက်နေတတ်ပေ၏။
ယွမ်ယယ် ဖန်းရှောက်ယိနှင့်အတူ ကျောင်းကန်တင်း၌ ညစာစားခဲ့သည်။ ထိုအခါ ၎င်းတို့ဘေးပတ်ပတ်လည်တွင် ကောင်မလေးများ အများကြီးဝိုင်းထိုင်နေခဲ့၏။ ယွမ်ယယ် ဖန်းရှောက်ယိကို တိုးတိုးတိတ်တိတ်မေးလိုက်သည်။ "ယိကော၊ မင်း စိတ်အနှောင့်အယှက်မဖြစ်ဘူးလား။"
ဖန်းရှောက်ယိက ပြန်ဖြေခဲ့သည်။ "ကျင့်သားရနေပြီ။"
"ငါသာဆို တော်တော်လေး ဒေါသထွက်မိမှာပဲ။" ယွမ်ယယ် သူ၏ပြောင်းဖူးကိုကိုက်ကာ ထပ်ပြောလိုက်သည်။ "အခုတောင် အတော်လေး ဒေါသထွက်နေပြီ။"
ဖန်းရှောက်ယိက ပြုံးလျက် ပြောလာခဲ့၏။ "စားမှာသာ စားပါ။"
ကွမ်းကျိုးမှာမူ ယွမ်ယယ်၏မျက်လုံးထဲတွင် ရှိမနေတော့ချေ။ ယွမ်ယယ်က သူနှင့် ဆယ်နှစ်ကျော်လောက် အတူတူကစားခဲ့ပြီးဖြစ်ရာ သူ့အတွက် အသစ်အဆန်းမဟုတ်တော့ပေ။ ထိုနေ့ရက်များတွင် ယွမ်ယယ်၏တစ်ခုတည်းသောပန်းတိုင်က ဖန်းရှောက်ယိနှင့်ကစားရန်သာဖြစ်၏။ ယွမ်ယယ် ထိုနှစ်က ခရစ္စမတ်ကိုတောင် ဖန်းရှောက်ယိနှင့်အတူ ဖြတ်သန်းခဲ့သည်။
ဖန်းရှောက်ယိရော၊ ယွမ်ယယ်ကပါ ခရစ္စမတ်ကို အရေးကြီးသည်ဟု မထင်ကြပေ။ ၎င်းတို့က သာမန်ပိတ်ရက်ဟုသာ သဘောထားကြသည်။ ယွမ်ယယ်က ဖန်းရှောက်ယိ၏အိပ်ဆောင်ထဲတွင်ရှိနေပြီး သူ့အိပ်ရာပေါ်မှာထိုင်နေ၏။ သူက ခြေထောက်များကို အိပ်ရာအစွန်းကနေ တွဲလောင်းချထားပြီး ရံဖန်ရံခါလွှဲယမ်းနေခဲ့သည်။ ဖန်းရှောက်ယိက ထိုင်ခုံတွင်ထိုင်ကာ စာဖတ်နေ၏။ ခဏအကြာတွင် ယွမ်ယယ့်ကို မေ့ာကြည့်ကာ မေးလာခဲ့သည်။ "ရိုက်ကွင်းကို လိုက်လည်ချင်လား။ ကိုယ် မင်းကို ခေါ်သွားပေးမယ်။"
ယွမ်ယယ်က မေးလိုက်၏။ "ဒါရိုက်တာဝေ့ရဲ့ ရိုက်ကွင်းလား။"
ဖန်းရှောက်ယိက ခေါင်းယမ်းကာ အပြုံးလေးဖြင့်ပြန်ပြောလိုက်သည်။ "ဘာလဲ၊ ကိုယ်ရိုက်တဲ့ ရုပ်ရှင်မှန်သမျှက ဒါရိုက်တာဝေ့ရဲ့ရုပ်ရှင်ဖြစ်ရမှာလား။"
ယွမ်ယယ်က ပြန်ပြောလိုက်သည်။ "ဒါဆို တော်ပြီ။"
သူ ငြင်းလိုက်သော်လည်း နောက်ဆုံးမှာတော့ လိုက်သွားခဲ့လေသည်။ ၎င်းမှာ ယွမ်ယယ်အတွက် ပထမဆုံးအကြိမ် ရိုက်ကွင်းသို့ရောက်ဖူးခြင်းဖြစ်ပြီး အပြင်အဆင်၏ခမ်းနားမှုက သူ့ကို အံ့အားသင့်သွားစေခဲ့၏။ ၎င်းမှာ စစ်တွင်းနောက်ခံနှင့် သမိုင်းဝင်ဇာတ်ကားဖြစ်သည်။ အပြင်အဆင်က ကြီးမားပြီး လူရာကျော်ဆန့်ပေသည်။ ဖန်းရှောက်ယိ၏ဇာတ်ကောင်က ဘုရင်ငယ်လေးတစ်ပါးဖြစ်ပြီး သူရိုက်ကူးရမည့်အလှည့်မရောက်သေးပေ။
ထိုအချိန်က ယွမ်ယယ် ski ဦးထုပ်အဝိုင်းလေးကိုဆောင်းထားပြီး ကျောပိုးအိတ်လွယ်ထားသည်။ အနောက်မှကြည့်လျှင် သူက စက်ပစ္စည်းအဖွဲ့မှာ အလုပ်လုပ်နေသော ကောင်ငယ်လေးတစ်ယောက်နှင့် တူနေခဲ့သည်။
ထိုစဥ် တစ်စုံတစ်ယောက်က ပစ္စည်းများရွှေ့နေပြီး သူတို့ဘေးမှ ဖြတ်သွားခဲ့သည်။ ဖန်းရှောက်ယိက လက်လှမ်းကာ ယွမ်ယယ်ကို သူ့ဘေးနားသို့ဆွဲခေါ်၍ ပြောလိုက်သည်။ "မင်း ဝင်တိုက်မခံရစေနဲ့။"
ယွမ်ယယ် ပစ္စည်းများရွှေ့နေသောလူဆီကနေ ဝင်တိုက်ခံရလုနီးပါးဖြစ်သွားပြီး ရှောင်လိုက်သဖြင့် သူ့ကို အခြေပျက်သွားစေခဲ့၏။ ကံကောင်းစွာဖြင့် ဖန်းရှောက်ယိက သူ့ဘေးမှာရပ်နေခဲ့သည်။ ယွမ်ယယ်၏မျက်နှာက တစ်ဖက်လူ၏ကော်လံနှင့် တိုက်ရိုက်မိတ်ဆက်သွားခဲ့လေသည်။
ထိုအခိုက်အတန့်၌ ဖန်းရှောက်ယိ၏ကိုယ်သင်းနံ့က သူ့နှာခေါင်းထဲ ချက်ချင်းဝင်ရောက်လာခဲ့သည်။ ယွမ်ယယ်က ဖန်းရှောက်ယိ၏ရနံ့ကို အမြဲတမ်းသဘောကျနေခဲ့၏။ သူ့အခန်းထဲမှာလည်း ထိုကဲ့သို့မှိန်ဖျဖျရနံ့ဖြင့် ပြည့်နှက်နေပြီး အမှန်တကယ် နှစ်လိုဖွယ်ကောင်းသည်။ ဖန်းရှောက်ယိက ချက်ချင်းဆိုသလို သူ့လက်ကိုမြှောက်ကာ ယွမ်ယယ့်ကို ထိန်းဖမ်းပေးခဲ့သည်။
ယွမ်ယယ် ဖန်းရှောက်ယိ၏ကိုယ်ပေါ်မှာ သုံးလေးငါးစက္ကန့်လောက် ကပ်နေခဲ့သည်။ ပစ္စည်းများရွှေ့နေသူက သူတို့နားကနေ ဖြတ်လျှောက်သွားတော့မှသာ မတ်မတ်ပြန်ရပ်လေခဲ့၏။
ယွမ်ယယ် အင်္ကျီအိတ်ကပ်ထဲထည့်ထားသော လက်တစ်ဖက်ကိုထုတ်ကာ သူ့နှာခေါင်းကို ပွတ်သပ်လိုက်သည်။ ထို့နောက် ဖန်းရှောက်ယိကိုကြည့်လိုက်ရာ နှစ်ဦးသား အကြည့်ချင်းဆုံသွားခဲ့၏။ အနီးနားရှိ ရောင်ပြန်က သူ့မျက်လုံးများထဲ အလင်းထင်ဟပ်နေခဲ့ပြီး ပိုလို့တောင် တောက်ပလာစေခဲ့သည်။ ယွမ်ယယ် သူ၏နှာခေါင်းကို ပွတ်သပ်လိုက်ပြီးနောက် ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။ "ယိကော၊ မင်းရဲ့အနံ့က အရမ်းကောင်းတာပဲ။"
ထို့နောက်မှာတော့ ယွမ်ယယ်တစ်ယောက် ရှေ့သို့ထပ်တိုးလာကာ ဖန်းရှောက်ယိ၏ကော်လံပေါ် နှာခေါင်းတင်လိုက်သည်။ သူ၏နှာခေါင်းထိပ်က တစ်ဖက်လူ၏မေးစေ့ကိုတောင် ပွတ်တိုက်သွားခဲ့သည်။
ရာသီဥတုက အတော်လေးအေးနေပြီး ယွမ်ယယ်၏နှာခေါင်းကလည်း အနည်းငယ် အေးစက်နေခဲ့၏။ ၎င်းတို့၏အရေပြားချင်း ထိတွေ့သွားသောအခိုက်အတန့်မှာ ပုစဥ်းလေးများက ငြိမ်သက်နေသောကန်ရေပြင်ထက် ထိခတ်သွားသလို သို့မဟုတ် လိပ်ပြာလေးများက ကြောင်ပေါက်လေးကို ရှက်ရွံ့စွာအနမ်းပေးလိုက်သလို ခံစားလိုက်ရသည်။
*****