နိဒါန်း
ကြည်လင်သော မှန်ပြတင်းအပြင်ဘက်တွင် မိုးစက်လေးများက မျဉ်းစောင်းရှည်ရှည်လေးများအသွင် ပျောက်ကွယ်သွားသည်။ ကြယ်ကြွေသကဲ့သို့ တစ်စက်ပြီးတစ်စက် တောက်ပလိုက်၊ ပျောက်ကွယ်သွားလိုက်ရှိနေသည့် မိုးစက်များ တဖြည်းဖြည်း စုလာရာမှ နောက်ဆုံးတွင် ပြတင်းပေါက်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
ဒါဟီးက မေးကလေးထောက်ထားရင်း ကျနေသော မိုးစက်လေးများကို ကြည့်နေသည်။ "မိုးပြေးရွာတာပဲ" ဟု တီးတိုးရေရွတ်ရင်း ငေးမောကြည့်နေစဉ် တစ်ဝက်ဖွင့်ထားသော ပြတင်းပေါက်မှ မိုးသက်လေနှင့်အတူ နွေဦးအစ၏ရနံ့လေး ဝင်လာ၏။ လေကို ပြင်းပြင်းရှူလိုက်တော့ ရင်ထဲအေးချမ်းသွားပြီး ဒါဟီးလည်း မျက်လုံးလေးမှိတ်ထားလိုက်မိသည်။
ဤအချိန်လေးကို သူကြိုက်သည်။ တိတ်ဆိတ်ပြီး ငြိမ်သက်နေကာ တစ်ခါတရံ လေပြေအေးအေးလေးနှင့် စိုထိုင်းသောလေ တိုက်ခတ်လာသည့် ဤအခြေအနေ။
ဒါဟီး၏ ဆိုင်လေးက လူခြေတိတ်သည့် ထောင့်တစ်နေရာတွင်ရှိသောကြောင့် ဧည့်သည်ပါးကာ မိုးရွာသောနေ့များဆိုလျှင် လူမရှိသလောက်ပင်။ သို့သော် သူ့တစ်ဝမ်းစာတော့ အဆင်ပြေပြေလေး ရှာဖွေနိုင်သည့်အတွက် တိတ်ဆိတ်သောနေရာတွင် တစ်ယောက်တည်း နေရသည်ကို သဘောကျသော ဒါဟီးအဖို့ ဤအလုပ်က အသင့်တော်ဆုံးဖြစ်ပေသည်။
"ဒင်းဒေါင်" ဆိုသည့် အသံနှင့်အတူ ဆိုင်၏မှန်တံခါးလေး ပွင့်သွား၏။ တံခါးဖွင့်သံကြားကြားချင်း ဒါဟီးလည်း လူတစ်ယောက်ကို တွေးမိသွားပြီး ခေါင်းလှည့်ကြည့်လိုက်တော့ ထင်သည့်အတိုင်း အမျိုးသားတစ်ယောက်က ရပ်နေခဲ့သည်။ ချည်ဘောင်းဘီအဖြူ၊ နို့နှစ်ရောင်ဆွယ်တာ၊ မီးခိုးနဲ့ အနက်ရောထားသော ကာဒီဂန်ကို စတိုင်လ်ကျကျဝတ်ဆင်ထားပြီး ထီးရှည်တစ်ချောင်းကိုလည်း ကိုင်ထား၏။
သူက ကြည့်တောင်မကြည့်ဘဲ ထီးကို ထီးစိုက်သည့်နေရာတွင် အလိုအလျောက် ထိုးထားလိုက်သည်။ ရိုးရှင်းသည့် လုပ်ရပ်လေးကို လုပ်နေရင်းကပင် ယင်းလုပ်ရပ်ကို စတိုင်လ်ကျသည်ဟု ခံစားရစေလောက်အောင် တကယ် ခံ့ညားသူတစ်ယောက်ပင်။
"တရှပ်ရှပ်" ခြေသံနှင့်အတူ အမျိုးသားက ကောင်တာဆီသို့ လျှောက်လာသည်။ သူက အကျင့်ပါနေသည့်အတိုင်း မီနူးကို ဝေ့ဝဲကြည့်လိုက်သည်။
'ဘာပဲဖြစ်ဖြစ် အမြဲတမ်းမှာနေကျ အိုက်စ်အမေရိကာနိုပဲ မှာမှာကို။'
ဒါဟီးတွေးနေတုန်း အမျိုးသားက စကားစပြောလာသည်။
"အိုက်စ်အမေရိကာနိုတစ်ခွက် ပေးပါဗျ။"
အမျိုးသား၏ ရှည်သွယ်သော လက်ချောင်းများကြားတွင် ကတ်တစ်ခု ညှပ်ထားလျက်ရှိသည်။
"ဟုတ်ကဲ့။"
ဒါဟီးလည်း အမျိုးသားကမ်းပေးသည့်ကတ်ကို ကျသင့်ငွေဖြတ်ပြီး ပြန်ပေးလိုက်၏။
"ထိုင်ပါဦးရှင်၊ ကျွန်မ လာပို့ပေးပါ့မယ်။"
ဒါဟီး၏စကားကြောင့် အမျိုးသားက ပြတင်းပေါက်နားမှ စားပွဲဝိုင်းဆီသို့ လျှောက်သွားသည်။ ဒါဟီးလည်း တစ်ဖက်လှည့်ပြီး နံရံကပ်နာရီကို ကြည့်လိုက်၏။ ညနေ ၃ နာရီခွဲ။
အမျိုးသား ဆိုင်ကို စလာခဲ့တာ တစ်လလောက်ရှိပေပြီ။ ဆိုင်ကို အရင်ဆုံး စစရောက်တုန်းက အမျိုးသား၏မျက်နှာတွင် 'ဒီလိုနေရာမှာ ကော်ဖီဆိုင် ရှိတယ်ပေါ့လေ' ဟူသောမျက်နှာထားမျိုးနှင့်။ သူက အိုက်စ်အမေရိကာနိုမှာပြီး ပြတင်းပေါက်နားက မြင်ကွင်းအလှဆုံးနေရာတွင်ထိုင်ကာ နာရီဝက်လောက် အနားယူခဲ့၏။ ထို့နောက်ပိုင်းတွင် တစ်ရက်မှ မပျက်မကွက်စေဘဲ ဆက်လာခဲ့သည်။
ဤအမျိုးသားက ဤနေရာ၏ တိတ်ဆိတ်ငြိမ်သက်မှုကို သဘောကျမှန်း ဒါဟီး သိလိုက်ရတော့၏။ ပြတင်းပေါက်နားက ခုံတွင်ထိုင်ပြီး စိမ်းစိုသော ဥယျာဉ်ကို ငေးကြည့်နေသည့်အခါ သူ့ပခုံးတွေ လျော့ရဲကျနေတာကို ဒါဟီး သတိထားမိသည်။ သူ့ကြောင့် ဒါဟီးတွင်လည်း တိတ်တိတ်ပုန်း ဝါသနာလေးတစ်ခု ပေါ်လာရတော့၏။ ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်တတ်သည့် ခံ့ညားသော အမျိုးသားကို ရှုစားရခြင်းပင်။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ လှပသောအရာမှန်သမျှ ကြည့်ရတာ ကောင်းသည်ပဲလေ။
ဒါဟီလည်း အိုက်စ်အမေရိကာနိုကို အမြန်ဖျော်ပြီး လင်ပန်းပေါ်တင်လိုက်သည်။ အမျိုးသားကတော့ ပြတင်းပေါက်အပြင်ကို ကြည့်ရင်း တုတ်တုတ်မျှမလှုပ်ပေ။ အမျိုးသား၏ အတွေးစကို မနှောင့်ယှက်ချင်သောကြောင့် လင်ပန်းကို စားပွဲပေါ် အသာလေး တင်ပေးပြီး ဒါဟီးက သူ့နေရာသူ ပြန်လာလိုက်၏။
တဖြည်းဖြည်း ပြတင်းပေါက်အပြင်ဘက်တွင် မိုးပိုသည်းလာသည်။ ညအထိ ယခုအတိုင်းသာ ရွာနေမည်ဆိုလျှင် အလုပ်ကပြန်ရန် ခက်ပေတော့မည်။
'ဒါဆို ဒီမှာပဲ အိပ်ရမလား။'
ဒါဟီးက စတိုခန်းထဲတွင် ပြင်ဆင်ထားသော ခေါက်ခုတင်လေးကို သတိရလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူက တစ်ယောက်တည်းသမားဖြစ်တာကြောင့် အိမ်ကို မဖြစ်မနေပြန်စရာမလိုဘဲ ဝင်စွက်ဖက်မည့်သူလည်းမရှိပေ။ အလုပ်ဆင်းချိန်လောက်မှ ရာသီဥတုကိုကြည့်ပြီး ဆုံးဖြတ်မည်ဟုတွေးရင်း ဒါဟီးတစ်ယောက် သိပ်မများလှသော စာရင်းရှင်းတမ်းများကို ကြည့်နေစဉ်တွင်....
ဖုန်းမြည်သံ ထွက်ပေါ်လာ၏။ ဒါဟီးလည်း ဖုန်းကို အမြန်ဆုပ်ကိုင်လိုက်ကာ အမျိုးသားကို ကြည့်လိုက်သည်။ ကော်ဖီဆိုင်၏ တစ်ဦးတည်းသော ပုံမှန်ဧည့်သည် အနားယူချိန်ကို မနှောင့်ယှက်လိုပေ။ တော်သေး၍ အမျိုးသားက ဖုန်းသံကို မကြားလိုက်တာပဲလား၊ ဒါမှမဟုတ် ဂရုမစိုက်တာပဲလားမသိ၊ ပြတင်းပေါက်အပြင်ဘက်ကိုသာ ငေးကြည့်နေသည်။
ဒါဟီးလည်း အမျိုးသားကို တမင်ကျောပေးပြီး ဖုန်းကို နားနားကပ်လိုက်သည်။
"အေး... ထယ်ဆွန်း။"
-ဒါဟီး၊ ဖုန်းပြောလို့ အဆင်ပြေလား။
"အင်း... ပြော။"
-သန်ဘက်ခါကျရင် 'အဲ့ဒီလူ' လာလိမ့်မယ်။
" 'အဲ့ဒီလူ' ဆိုတာက။"
-နင်ပြောထားတဲ့ လူလေ။
"ဪ...ဪ။"
ဒါဟီးက တစ်ချက်မေ့သွားသည့် ကိစ္စကို ပြန်သတိရသွားပြီး နဖူးကို လက်ညှိုးနှင့် ပွတ်လိုက်သည်။
-အဆင်ပြေတဲ့လူမို့လို့ သေချာတွေ့ကြည့်ပေါ့။
"Blind date တွေ့ဖို့ လူရှာနေတာမှ မဟုတ်တာ။ တစ်ရက်လောက် လိုအပ်တဲ့သူကို။ ဘာကို သေချာတွေ့ရမှာလဲ။"
-လူတွေရဲ့ ဖူးစာက ဘယ်လိုဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။ မဟုတ်ဘူးလား။
ထယ်ဆွန်း၏ စကားကြောင့် ဒါဟီးက ပင်ပန်းသလိုမျက်နှာမျိုးနှင့် မျက်လုံးများကို မှိတ်ချလိုက်သည်။ ထယ်ဆွန်း၏ စိတ်ကို ကောင်းကောင်းနားလည်သော်လည်း ဒါဟီးအဖို့တော့ ဤသည်က စိတ်ရှုပ်စရာကိစ္စသက်သက်ပင်။ ဒါဟီးက လူတွေကို သိပ်မကြိုက်တတ်သူ၊ ပင်ပန်းစရာကိစ္စကို လုံးဝလက်မခံနိုင်သူ၊ အထူးသဖြင့် စိတ်ခံစားမှု ကုန်ခမ်းစေမည့်ကိစ္စဆိုလျှင် စိတ်ရှုပ်တာက အရင်ဖြစ်တတ်သည့် စိတ်နေစိတ်ထားရှိသူဖြစ်၏။ နဂိုကတည်းက ဤသို့ဖြစ်လာတာတော့မဟုတ်။ သူချစ်ခဲ့သော ယောကျ်ားများ သူ့ကိုထားခဲ့ကြသည့်နောက်ပိုင်းတွင်မှ ဤသို့ဖြစ်လာခြင်းဖြစ်သည်။
'မင်းက လူတွေကို ချစ်တတ်တဲ့သူ မဟုတ်ဘူး။'
'မင်း ငါ့ကို ချစ်နေတာ မဟုတ်ဘူး။'
'ငါ့ကို နည်းနည်းလေး ပိုချစ်ပေးလို့ မရဘူးလား။'
'မင်းက တအားသွေးအေးတာပဲ။'
အကြောင်းပြချက်များကတော့ အမျိုးမျိုးအဖုံဖုံပင်။ ဒါဟီးက ဘာမှ ပြန်ချေပခြင်းမရှိခဲ့။ ပြန်ချေပဖို့တောင် စိတ်ကုန်နေခဲ့သည်။ သူကတော့ တစ်ဖက်လူကို လုံလုံလောက်လောက် ချစ်ခဲ့သည်ပင်။ သို့သော် တစ်ဖက်လူတွေ လိုချင်သည့် အတိုင်းအတာအထိ မချစ်ပေးနိုင်ခဲ့တာပဲရှိသည်။ ပိုချစ်နည်းကို ဒါဟီး မသိခဲ့ပေ။
လမ်းခွဲခြင်းကို အလွယ်တကူ လက်ခံခဲ့သော ဒါဟီးကိုကြည့်ကာ ယောကျ်ားများက တစ်ဖန်ထပ်ပြီးစိတ်ပျက်ကြပြန်သည်။ အမြဲတမ်း ထိုကွာဟချက်ကြောင့်ပင် လမ်းခွဲခဲ့ကြရပြီး ဒါဟီးလည်း ယခုတော့ အချစ်ဆိုတာကို လက်လျှော့လိုက်လေပြီ။
"လောလောဆယ် သိပြီ။ သန်ဘက်ခါ အဲ့ဒီလူလာမှ ပြောကြတာပေါ့။"
-အင်း၊ သိပြီ။ သန်ဘက်ခါ ငါ လာခဲ့မယ်။
"အင်းပါ။"
ဒါဟီးက ဖုန်းပြောပြီးသည့်နောက် စားပွဲပေါ်သို့ ဖုန်းကို ပြန်တင်လိုက်သည်။ ခြောက်ကပ်ကပ်မျက်နှာနှင့် ဘေစင်ဘက်ကို ကြည့်လိုက်ချိန်တွင်...။ ကော်ဖီဆိုင်ထဲ၌ သာယာနာပျော်ဖွယ် သီချင်းသံလေး လွင့်ပျံ့နေ၏။
'ကြယ်ကြွေသလိုမျိုး အချစ်တွေ ကြွေကျလာတယ်' ဟူသော သီချင်းစာသားက ရုတ်တရက် နားထဲ ရောက်လာသည်။
'အဓိပ္ပာယ်မရှိတဲ့ စာသားတွေပါလား' ဟု ဒါဟီး တွေးလိုက်ရင်း ကိုယ်ကိုပြန်လှည့်လိုက်သည်။ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်မည်ဟူသော စိတ်ကူးဖြင့်။ ပင်ပန်းသည့်အခါမျိုးတွင် မိုးရွာနေသော ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်လျှင် စိတ်က အေးချမ်းသွားတတ်သည်။ သို့ရာတွင် ဒါဟီး၏အကြည့်က ပြတင်းပေါက်ဆီသို့ မရောက်လိုက်ပေ။ အမြဲတမ်း ပြတင်းပေါက်ကိုပဲ ကြည့်နေတတ်သည့် အမျိုးသားက ဒီဘက်ကို ကြည့်နေသည်။ ခေါင်းငဲ့ကာ ကြည့်နေခဲ့သည့် သူက ဒါဟီးနှင့် မျက်လုံးချင်းဆုံတော့လည်း ရှောင်ဖယ်မသွားခဲ့။ ဖုန်းပြောသံ ကျယ်သွားလို့ပဲဖြစ်လောက်မလား။ အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် အမျိုးသား၏မျက်နှာကို အဝေးမှ ယခုကဲ့သို့ မျက်နှာချင်းဆိုင် မြင်ရခြင်းကား ဤသည်ကပထမဆုံးအကြိမ်ပင်။ အမျိုးသားက မျက်လုံးကို ရှောင်ဖယ်မသွားခဲ့ပေ။
ခဏလောက် ပါးကို ပွတ်သပ်ပြီးနောက် ဒါဟီးက ကိုယ်ကို အရှေ့သို့ ကိုင်းလိုက်သည်။ မိုးစက်များကျနေသည့် ပြတင်းပေါက်နောက်ခံနှင့် မှုန်ပျပျနေရောင်အောက်တွင် အမျိုးသား၏မျက်နှာက လှပပေ၏။
ယခုမှမဟုတ်လျှင် ဘယ်တော့များမှ အမျိုးသား၏ မျက်နှာကို ဤမျှလောက်အသေးစိတ်ကျကျ မြင်ရမှာလဲ။ ဒါဟီးက စိတ်ဝင်စားသည့်ပုံစံ၊ သို့သော်လည်း သွေးရိုးသားရိုး စူးစမ်းလေ့လာသည့် အကြည့်မျိုးကလွဲပြီး တခြားဘာခံစားချက်မှ မပါသောပုံစံဖြင့် အမျိုးသားကို ကြည့်လိုက်သည်။ အမျိုးသား၏ မျက်နှာအမူအရာကိုတော့ ဖတ်၍မရပေ။
မျက်နှာချင်းဆိုင်တွေ့နေသော နှစ်ယောက်သား ဘာစကားမှမပြောခဲ့ကြ။ မျက်တောင်မခတ်စတမ်း အချိန်အတော်ကြာအောင် တစ်ယောက်ကိုတစ်ယောက် ကြည့်ခဲ့ကြသည်။
မိုးရွာသော တစ်နေ့သ၌။ ပြီးတော့ တစ်လအကြာတွင်။ မရင်းနှီးသော်လည်း ဆန်းကြယ်ပြီး နူးညံ့သိမ်မွေ့သည့် ပုံမှန်ဧည့်သည်က ပထမဆုံးအကြိမ်အဖြစ် ကော်ဖီဆိုင်ပိုင်ရှင်ဖြစ်သော ဒါဟီးအပေါ် စိတ်ဝင်စားမှုပြခဲ့လေသည်။
~~~~~
Miel's Translations