no

Font
Theme

အပိုင်း ၂၄

ဝူဟျွန်း ကော်ဖီဆိုင်တံခါးကို တွန်းဖွင့်ကာ ဝင်လိုက်သည်။ ပုံမှန်ဆိုလျှင် တိတ်ဆိတ်ငြိမ်သက်နေသင့်သော ကော်ဖီဆိုင်ထဲတွင် အနည်းငယ် ဆူညံနေ၏။ ကောင်တာတွင် ရပ်နေသည့် သပ်ရပ်သော ဝတ်စုံဝတ်ထားသူ အမျိုးသမီးနှင့် ဒါဟီးတို့က ဝူဟျွန်းရောက်လာသည်ကိုပင် သတိမထားမိဘဲ စကားပြောနေကြသည်။

"တော်ပါတော့၊ အမေ။"

ဒါဟီး၏ ပါးစပ်မှ 'အမေ' ဟူသော စကားလုံး ထွက်လာသည်နှင့် ဝူဟျွန်းက ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ဝူဟျွန်း၏ အကြည့်က သက်လတ်ပိုင်းအရွယ် အမျိုးသမီးဆီသို့ တစ်ဖန်ပြန်ရောက်သွားသည်။ ဖောင်းဖောင်းကားကား စတိုင်လ်သွင်းထားသည့် ဆံပင်ပုံစံ၊ အနီရောင်ဂါဝန်နှင့် ဒေါက်မြင့်ဖိနပ်စီးထားသည့် အမျိုးသမီးက သပ်ရပ်ပြေပြစ်ကာ ခေတ်မီလှ၏။

'သားသမီးရဲ့ဘဝကို သိပ်ပြီးစိတ်မဝင်စားတဲ့သူပါ။ ကော်ဖီဆိုင်ဖွင့်ပြီးကတည်းက တစ်ခါမှ လာမကြည့်ဖူးဘူးရှင့်။ ကျွန်မအမေက နာမည်ကြီး အသံသရုပ်ဆောင်တစ်ယောက်လေ။ အခုအထိ သူ့ကို လိုအပ်တဲ့သူတွေ အများကြီးရှိနေသလို၊ အသံသရုပ်ဆောင်သင်တန်းကျောင်း ဖွင့်ပြီးတဲ့နောက်မှာ ပိုလို့တောင် အလုပ်များသွားလို့ တစ်နှစ်တစ်ခါ မျက်နှာတွေ့ရဖို့တောင် ခက်ခဲတဲ့အထိပါပဲ။'

တစ်ချိန်က ဒါဟီး ကော်ဖီသောက်ရင်း ဘာရယ်မဟုတ် ပြောခဲ့ဖူးသည့် စကားများ ပြန်ပေါ်လာသည်။ ထိုသို့ပြောနေစဉ်တွင် ဒါဟီးက သူ့ပုံစံနှင့်မတူအောင် ခံစားချက်အမျိုးမျိုး ရောထွေးနေသည့် မျက်နှာထားကိုပြခဲ့၏။ ထုတ်မပြောသော်လည်း မိခင်ဖြစ်သူအပေါ် မကျေနပ်ချက်များစွာ ရှိနေသည်ကို သိလိုက်ရသည်။

ဝူဟျွန်းက ကောင်တာဆီသို့ လျှောက်သွားတော့မည့် ခြေလှမ်းများကို ပြန်လှည့်ကာ ပြတင်းပေါက်နားရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ဥယျာဉ်ထဲရှိ သစ်ပင်ကြီး၏ အရိပ်က ပြတင်းပေါက်နားမှနေရာကို အုပ်ကွယ်ထားသဖြင့် အေးမြနေ၏။

"ငါက ခက်ခဲတဲ့အရာကို တောင်းဆိုနေတာလည်းမဟုတ်ဘူး။"

သက်လတ်ပိုင်းအရွယ် အမျိုးသမီး၏ အသံက အနည်းငယ် ကျယ်လောင်လာသည်။ နားထောင်ချင်သည်ဖြစ်စေ၊ မထောင်ချင်သည်ဖြစ်စေ သူတို့နှစ်ယောက်၏ စကားဝိုင်းကို အစအဆုံး ကြားနေရ၏။

"သမီးအတွက်တော့ ခက်ခဲပါတယ်။"

ဒါဟီး၏ ဒေါသထွက်နေသလိုအသံကလည်း ကျယ်လာသည်။ ဒါဟီး ဤမျှလောက် စိတ်လှုပ်ရှားနေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

"လက်ထပ်ဖို့ စီစဉ်ပေးထားတဲ့လူနဲ့ တွေ့ရမှာ ခက်ခဲလို့လား။ နင် ဘယ်အချိန်အထိ တစ်ယောက်တည်း ကော်ဖီဆိုင်ဖွင့်ပြီး နေမှာလဲ။"

"တစ်ယောက်တည်းနေတာလောက်တော့ လုပ်နိုင်ပါတယ်။"

"လူတွေ ဘယ်လောက်တောင် အတင်းပြောနေလဲ သိရဲ့လား။ အမျိုးတွေကလည်း နင့်ကို အိမ်ထောင်မချပေးနိုင်ရကောင်းလားဆိုပြီး အကုန်ပူညံပူညံလုပ်နေကြတာ။ နင်တို့အဖေဘက်က အဖွားဆီကနေ နင့်ကို အိမ်ထောင်မချပေးနိုင်သေးလို့ဆိုပြီး ဘယ်အချိန်အထိ ပူညံပူညံအလုပ်ခံနေရမှာလဲ။ နင့်အဖေလည်း မရှိတော့ဘူးဆိုတော့ နင် လက်ထပ်ပြီးသွားရင် ငါလည်း နင့်အဖေ့ဘက်က ဆွေမျိုးတွေနဲ့ အဆက်ဖြတ်တော့မယ်။ အဲ့ဒါကြောင့် မြန်မြန်အိမ်ထောင်ပြုတော့။"

သက်လက်ပိုင်းအရွယ် အမျိုးသမီး၏ အသံတွင် စိတ်ပျက်အားမရမှုများ အပြည့်စွက်နေသည်။

"ဒီခေတ်ကြီးထဲမှာ အိမ်ထောင်ပြုဖို့က မဖြစ်မနေလိုအပ်တာမှမဟုတ်တာ။"

ဒါဟီးက တစ်ချက်ရပ်ပြီး တည်ငြိမ်သည့်အသံဖြင့် ပြောခဲ့သည်။ ထိုအခါ သက်လတ်ပိုင်းအရွယ် အမျိုးသမီး၏ အရှိန်အဝါက လျော့ကျသွားသော်လည်း သူ၏ ခေါင်းမာမှုကတော့ မလျော့ကျခဲ့ချေ။

"လိုအပ်တယ်ဟဲ့။ ဒီခေတ်ကြီးမှာ မလိုအပ်ဘူးဆိုရင်တောင် နင်ရဲ့ အဖေနဲ့ အမေဘက်က ဆွေမျိုးတွေအတွက် နင်အိမ်ထောင်ပြုဖို့က မဖြစ်မနေကို လိုအပ်တယ်။ နားလည်လား။ အမေကို ပင်ပန်းရအောင်မလုပ်ဘဲ သွားတွေ့လိုက်စမ်းပါ။ ပြီးတော့ ဖြစ်နိုင်ရင် ဒီနှစ်အတွင်း လက်ထပ်ဖြစ်အောင်လက်ထပ်။ အိမ်ထောင်မပြုဘူးဆိုရင် နင် ငါနဲ့ အတူနေရမှာနော်။ အသက်ကြီးပြီး သေတဲ့အထိ။ အဲ့ဒီလိုနေချင်လို့လား။"

သက်လတ်ပိုင်းအရွယ် အမျိုးသမီးထံမှ ခြိမ်းခြောက်မှုမဆန်သည့် ခြိမ်းခြောက်စကားများ ဆက်တိုက် ထွက်ပေါ်လာသည်။ သူတို့နှစ်ယောက်၏ စကားဝိုင်း ရပ်တန့်သွား၏။ စကားမပြောသော်လည်း စိတ်ချင်းတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်ကို ခံစားမိရသည်။ ဝူဟျွန်းက ဥယျာဉ်ဘက်သို့ အကြည့်လွှဲရင်း ဖြည်းဖြည်းချင်း မျက်လုံးများကို မှိတ်လိုက်၊ ဖွင့်လိုက် လုပ်နေ၏။

'ဟင့်အင်း' ဒါမှမဟုတ် 'မလုပ်နိုင်ဘူး'။

ဝူဟျွန်းက ဒါဟီး ထိုသို့ပြန်ဖြေလိမ့်မည်ဟု ခန့်မှန်းထားခဲ့သည်။

"...ကောင်းပါပြီ။ ဘယ်တော့လဲ။"

ခန့်မှန်းချက် လွဲချော်သွားသောအခါ ဝူဟျွန်း၏ လက်ဖျားများ တုန်ယင်သွား၏။ 'ကောင်းပါပြီ' တဲ့လား။ သူ ကောင်းကောင်းကြားလိုက်တာမှဟုတ်ရဲ့လားဟု သံသယဝင်မိတော့သည်။

"မနက်ဖြန် နေ့လယ်။ အလတ်စားလုပ်ငန်းရှင်တစ်ယောက်ရဲ့ တစ်ဦးတည်းသောသား။ မိန်းကလေးက အသက် ၃၀ ကျော်ရင် အိမ်ထောင်ဖက်ရှာရတာ ခက်ခဲတယ်ဟဲ့။ ငါက နင့်အမေဖြစ်နေလို့သာ ဖြစ်နိုင်တာ။ သွားပြီး ပြဿနာမရှာလာနဲ့၊ စိတ်ထားကိုပြောင်းပြီး ကောင်းကောင်းမွန်မွန် ပြုမူခဲ့။ လက်ထပ်ပြီးသွားရင် အတူနေရင်းနဲ့ လင်မယားကြားမှာ သံယောဇဉ်ဆိုတာ ဖြစ်လာတာပဲ။ နားလည်လား။"

သက်လတ်ပိုင်းအရွယ် အမျိုးသမီး၏ အသံက တစ်ဖြည်းဖြည်း ပျော့ပျောင်းသွားပြီး နောက်ဆုံးတွင် ကြင်ကြင်နာနာပါဖြစ်လာသည်။ ထို့နောက်တွင် အမျိုးသမီးက ဒါဟီးအား 'အသေးစိတ်အချက်အလက်တွေ ဒီညနေ ပြောပြမယ်။ မနက်ဖြန် သွားတွေ့ပြီးရင် ပြန်ဆက်သွယ်။' ဟူသော စကားကို ချန်ရစ်ကာ လှည့်ထွက်သွား၏။ ဒါဟီးကတော့ ပြန်မဖြေခဲ့ပေ။

"ဪ၊ ဧည့်သည် ရှိနေတာပဲ။"

အမေဖြစ်သူ၏ စကားကြောင့် ဒါဟီး ခေါင်းလှည့်လာသည်။

"ဂရုစိုက်။"

အမေဖြစ်သူက လက်ဝှေ့ယမ်းပြရင်း တံခါးဖွင့်ကာ ထွက်သွား၏။ ဒါဟီးက ပြတင်းပေါက်ဘေးတွင် ထိုင်နေသော ဝူဟျွန်း၏ ကျောပြင်ကျယ်ကို ကြည့်လိုက်သည်။

'ကြားလိုက်လား၊ မကြားလိုက်ဘူးလား။'

အပြစ်လုပ်ထားခြင်း မဟုတ်သော်လည်း ဝူဟျွန်း၏ ကျောပြင်ကို ကြည့်နေသော ဒါဟီးတစ်ယောက် ကိုယ်လေးကျုံ့သွား၏။ နောက်ဆုံးတွင် ဝူဟျွန်းက နေရာမှထရပ်ခဲ့သည်။ ကော်ဖီဆိုင်ကိုဖြတ်ပြီး ကောင်တာဆီ လာနေသော ဝူဟျွန်းကိုကြည့်ရင်း ဒါဟီး သက်ပြင်းချလိုက်မိ၏။

ဒီနေ့တော့ ကံမကောင်းဘူး ထင်ပါရဲ့။

"ဘာသောက်မလဲ။"

ဒါဟီးက မီနူးကိုကြည့်ရင်း မေးလိုက်သည်။

"Blind date သွားမယ်ဆိုတာက ဘာစကားလဲ။"

အေးစက်သည့် အသံကြောင့် ဒါဟီး၏ မျက်လုံးများ ဖြည်းဖြည်းချင်းလှုပ်ရှားသွားသည်။ အသံနှင့်ဆန့်ကျင်စွာ ဝူဟျွန်း၏မျက်နှာတွင်တော့ ဘာအမူအရာမှမရှိပေ။

"ပြောလိုက်တဲ့အတိုင်းပါပဲ။ Blind date သွားတွေ့မှာပါ။"

"အဲ့ဒါကြောင့်လေ ဘာလို့လဲလို့။"

Aircon လေထက် ဝူဟျွန်း၏ အသံက ပို၍ပင် အေးစက်နေသည်။

"အမေရဲ့ အတင်းအကျပ်ဖိအားကြောင့်လို့ပဲ ပြောရမှာပေါ့။ အမေ ခေါင်းမာရင် ကျွန်မ ခေါင်းမာတာထက် ဆယ်ဆလောက်သာတယ်ရှင့်။ ဒီအတိုင်းထားလိုက်ရင် တစ်နေကုန် blind date သွားဖို့ပဲ ပြောနေမှာ။ ကြည့်ရတာ ဒီနေ့ အချိန်ဇယားတွေပါ ဖျက်ပြီးလာခဲ့တဲ့ပုံပဲ။"

"ဟန်ပြသက်သက်ပဲလား။"

"လောလောဆယ်တော့ အဲ့ဒီလိုပဲပေါ့။ ဘာသောက်မလဲ။"

"အမေရိကာနို။"

"အမေရိကာနိုအေးပဲ လုပ်လိုက်မယ်။"

ဝူဟျွန်းက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်။ ဒါဟီး အမေရိကာနိုဖျော်နေစဉ် သူက လက်ချောင်းထိပ်ဖြင့် စားပွဲကို ခေါက်နေ၏။

"လက်ထပ်တာကရော။"

ဝူဟျွန်းက ရုတ်တရက် မေးခဲ့သည်။ ဒါဟီးက ဘာကိုပြောချင်တာလဲဟူသည့်ပုံစံဖြင့် ကြည့်လိုက်တော့ ဝူဟျွန်းက ဆက်ပြောလေ၏။

"အမေက လက်ထပ်ခိုင်းရင်ရော အဲ့ဒီအခါ လက်ထပ်မှာလား။"

"မပြောတတ်ဘူး။ အဲ့ဒါတော့ စဉ်းစားဖူးတာမျိုးမရှိလို့။"

"မလုပ်ဘဲနေဖို့ စိတ်ကူးလည်းမရှိဘူးဆိုတဲ့သဘောပဲပေါ့။"

ဝူဟျွန်း၏ စကားကြောင့် ဒါဟီးက နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။

လက်ထပ်တာ၊ သူနှင့် မလိုက်ဖက်ဆုံး စကားလုံးဆိုတာ ရှိပါ့ဦးမလား။ သို့သော် ဘာကြောင့်များလဲ။ အင်မတန်အလှမ်းဝေးသည်ဟု ထင်ရသည့် အိမ်ထောင်ပြုခြင်းကို အခုတလော နည်းနည်းစိတ်ဝင်စားမိလာရသည့် အကြောင်းရင်းက ဘာများလဲ။ တကယ့်ကိုမှ တစ်ခါတလေလေးတွင် လက်ထပ်ခြင်းကို စဉ်းစားမိသည့်အခါ ဝူဟျွန်းကို သတိရမိ၏။ ယခုနောက်ပိုင်း ဝူဟျွန်း၏ အိပ်ခန်းထဲတွင် မျက်လုံးဖွင့်နိုးထဖြစ်တာ များလာသလို၊ ဝူဟျွန်းကလည်း သူ့အိမ်ကို ဝင်ထွက်နေသည်။ လက်ထပ်တာက ဤသို့သောပုံစံမျိုးဆိုလျှင် လုပ်ဖို့မဆိုးလှဘူးဟုပင် တွေးမိ၏။

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment