အပိုင်း ၁
ဒါဟီးက ခြေချင်းချိတ်ထိုင်ကာ သူ့အရှေ့တွင်ရှိနေသော အမျိုးသားကို ကြည့်လိုက်သည်။ ထယ်ဆွန်း အမျိုးသား၏ လုပ်ဖော်ကိုင်ဖက်။ ယုံကြည်အားကိုး၍ရပြီး တည်ငြိမ်သည့် လူကောင်းတစ်ယောက်ဟုဆို၏။ ထိုစကားကို ကြားရကတည်းက သတိထားမိခဲ့သင့်သည်။ စကားထဲတွင် ရုပ်ရည်သွင်ပြင်နှင့်ပတ်သက်ပြီး ဘာတစ်ခုမှ မပါဘူးဆိုသည့်အချက်ကိုပင်။
အမျိုးသားက အရပ်အမြင့် ၁၇၀ စင်တီမီတာကျော်သော ဒါဟီးနှင့် မျက်နှာချင်းဆိုင်ရပ်လျှင် မျက်လုံး level ချင်း တန်းတူဖြစ်လောက်အောင် အရပ်မတိမ်းမယိမ်းရှိသည်။ သို့သော် အရပ်က အရေးမကြီး။ စောစောကတည်းက လက်ထဲတွင် ကိုင်ထားသည့် လက်ကိုင်ပုဝါနှင့် နဖူးမှချွေးတို့ကို သုတ်နေတာက ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်စေသည်။
“နာမည်က အီဟန်ဆူလို့ ပြောလိုက်တာလားရှင့်။”
စောစောက ဖလှယ်ခဲ့သော နာမည်ကို ပြန်မှတ်မိဖို့ ကြိုးစားရင်း ဒါဟီးက အမျိုးသားကို မေးလိုက်သည်။ ထိုအခါ အမျိုးသားက သွားဖုံးတွေပေါ်အောင် ရယ်ပြီး ခေါင်းခါခဲ့သည်။
“မဟုတ်ပါဘူး။ အီဟန်ဆော့လို့ ပြောခဲ့တာပါဗျာ။”
“တောင်းပန်ပါတယ်ရှင့်။ ကျွန်မက နာမည်တွေကို မှတ်မိခဲလို့ပါ။”
“ကိစ္စမရှိပါဘူး။ အဲ့ဒါလေးလောက်ကိုတော့ တောင်းပန်စရာမလိုပါဘူးဗျာ။ ဟားဟားဟား။ ဓာတ်ပုံထဲကထက် အများကြီး ပိုလှတယ်လို့ ပြောကြတာ တကယ်ပဲနော်။”
ဟန်ဆော့က စိတ်ရင်းအပြည့်နှင့် ချီးကျူးခဲ့သည်။ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဓာတ်ပုံကို ပြလာသည့် ပထမဆုံးအကြိမ်ကတည်းက ဟန်ဆော့တစ်ယောက် မျက်တောင်မခတ်နိုင်ခဲ့ပေ။ အေးစက်ပြီး ခက်ထန်ပုံပေါက်သော်လည်း ဆန်းကြယ်စွာ ဖြူစင်နေပြန်သလို ခံစားချက်ကို ပေးနေသည်။ 'သူ့ရဲ့ပြုံးနေတဲ့မျက်နှာကို မြင်ချင်လိုက်တာ' ဟုပင်ခံစားရ၏။ ထို့ကြောင့် ဟန်ဆော့လည်း လုပ်ဖော်ကိုင်ဖက်၏ လက်ကို ချက်ချင်းဆွဲကာ နားပူနားဆာလုပ်မိတော့သည်။ Blind date ချိတ်ပေးရန် အတင်းတွယ်ကပ်ပြီး နားပူနားဆာလုပ်ခဲ့ရာက နောက်ဆုံးတွင် မျက်နှာချင်းဆိုင် တွေ့ခွင့်ရခဲ့ခြင်းပင်။ ထို့အပြင် ဟန်ဆော့က လက်ရှိတွင် ကိုယ့်ဆုံးဖြတ်ချက်ကိုယ် ကျေနပ်နေသည်။
ဒါဟီးက ဓာတ်ပုံထဲကထက် အများကြီးပိုပြီး ဆွဲဆောင်မှုရှိကာ လှပသောရုပ်ရည်ရှိသူဖြစ်၏။ ဖြူဖွေးသောအသားအရေနှင့် ပီပြင်ထင်ရှားသော မျက်နှာသွင်ပြင်ရှိပြီး ဖြောင့်တန်းစွာ စေ့ပိတ်ထားသည့် နှုတ်ခမ်းထောင့်စွန်းလေးများက အနည်းငယ် ကော့တက်နေကာ ပြုံးနေသယောင် ခံစားရသည်။ ဤသို့သော မိန်းမလှတစ်ဦးက လူသူအရောက်အပေါက်နည်းသည့် နေရာတွင် ကော်ဖီဆိုင် ဘာကြောင့် ဖွင့်ထားရသလဲဆိုသည်မှာ နားမလည်နိုင်စရာကိစ္စပင်။
“ကျေးဇူးအများကြီးတင်ပါတယ်။”
ဒါဟီးက တိုပြတ်ပြတ် ပြန်ဖြေလိုက်သည်။ ထို့နောက် ပြတင်းပေါက်အပြင်ဘက်သို့ မျက်နှာလွှဲလိုက်၏။ နှစ်ရက်လုံး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ယနေ့မှသာ နေသာလာခြင်းဖြစ်သည်။ ကျေးဇူးကြောင့် ဆိုင်ရှေ့ရှိ ဥယျာဉ်ငယ်လေးမှ မြက်ခင်းပြင်များသည် စိမ်းလန်းစိုပြည်စွာ တလက်လက်လင်းလဲ့နေသည်။ ဤမျှ လှပသောအချိန်တွင် ထိုသို့သော အမျိုးသားနှင့် မျက်နှာချင်းဆိုင် ထိုင်နေရခြင်းကို ဒါဟီး နှမြောမိ၏။
“အသက် ဘယ်လောက်ရှိပြီလဲဗျ။”
အမျိုးသားက မေးလိုက်တော့ ဒါဟီးက မျက်နှာကို ရှေ့သို့ ပြန်လှည့်လာသည်။ ထယ်ဆွန်း အမျိုးသား၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သောကြောင့် ဟန်ပျက်၍မဖြစ်ပေ။ ထို့အပြင် ရွှေလိုအဖိုးတန်သော ပိတ်ရက်ကို လက်လွှတ်ကာ ဤနေရာအထိ လာရောက်ခဲ့သည့် အမျိုးသား၏ ဝီရိယကိုလည်း အသိအမှတ်ပြုရပေမည်။ ဒါဟီးက ခြေထောက်ချိတ်ထိုင်နေရာမှ လက်နှစ်ဖက်ကို ခြေထောက်ပေါ်သို့ သပ်ရပ်စွာ တင်လိုက်သည်။
“သုံးဆယ်ပါ။”
“နုလိုက်တာဗျာ။ နှစ်ဆယ်ကျော်လောက်ပဲ ထင်နေတာ။”
ဟန်ဆော့၏ မြှောက်ပင့်စကားများကို ဒါဟီးက မတုံ့ပြန်ဘဲ ဖြေလိုက်သည်။
“ကျေးဇူးတင်ပါတယ်။”
“ကျွန်တော့်အသက်ကိုရော ဘယ်လောက်လို့ထင်လဲ။”
ဟန်ဆော့၏ မေးခွန်းကြောင့် ဒါဟီးက ထွက်လာအံ့ဆဲဆဲ သက်ပြင်းကို အောင့်အည်းထိန်းချုပ်လိုက်သည်။ ငြီးငွေ့ဖွယ်ကောင်းသော စကားပြောပုံပင်။ မေးခွန်းများ အတောမသတ်နိုင်အောင် လာတော့မည်။ ဒါဟီးလိုချင်သော အမျိုးသားမှာ ဤကဲ့သို့သော အမျိုးသား မဟုတ်ပေ။ ထို့ကြောင့် ဤအမျိုးသားကို စိတ်မထိခိုက်စေဘဲ မည်သို့ ပြန်လွှတ်ရမလဲဟု စဉ်းစားရင်း ဒါဟီးက ပြန်ဖြေလိုက်သည်။
"၃၃ နှစ်ပါ။"
"အိုး...ကွက်တိ ခန့်မှန်းလိုက်တာပဲ။"
"ကျွန်မက လူကဲခတ်တော်ပါတယ်ရှင့်။"
"ဪ... ဒီလိုကိုး။ ဒါနဲ့ ဒီကော်ဖီဆိုင်ကို တောက်လျှောက်ဖွင့်လာတာလားဗျ။"
"ဟုတ်ပါတယ်။"
"ဘယ်လောက်ကြာပြီလဲ။"
"၃ နှစ်လောက် ရှိပါပြီ။"
"ဪ... ဒီလိုကိုး။ ကိုယ်ပိုင်ဆိုင်လား။"
အမျိုးသား၏ မေးခွန်းကြောင့် ဒါဟီး၏ နှုတ်ခမ်းထောင့်စွန်းများက ခပ်မဲ့မဲ့ လှုပ်ရှားသွားသည်။ မထီတရီပြုံးဖြစ်သော်လည်း ဒါဟီး ပထမဆုံးအကြိမ် ပြုံးသည်ကို မြင်လိုက်ရခြင်းဖြစ်သည့် အမျိုးသားက အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ လှရက်လေခြင်း။
"ဟုတ်ကဲ့၊ ကျွန်မရဲ့ ကော်ဖီဆိုင်ပါ။"
"ဪ...ဒီလိုမေးခွန်းမျိုးမေးဖို့ စောသေးလောက်မယ်ဆိုပေမဲ့ သိချင်လိို့ ဒီအတိုင်း မေးကြည့်တာနော်။ အိမ်ထောင်ကျပြီးရင်လည်း ကော်ဖီဆိုင်ကို ဆက်ဖွင့်သွားဖို့ စဉ်းစားထားတာလားဗျ။"
ပေါ့ပေါ့ပါးပါးမေးသည်ဆိုသော်လည်း အမျိုးသား၏ ခန္ဓာကိုယ်အပေါ်ပိုင်းက အရှေ့ကိုကိုင်းလာသည်။ သူ့အတွက် အရေးအကြီးဆုံးဟုသဘောထားသော မေးခွန်းဖြစ်ကြောင်း သူ၏ ကိုယ်နေဟန်ထားမှာတင် ပေါ်လွင်နေ၏။
"ဟုတ်ကဲ့။ ကော်ဖီဆိုင်ကို ဆက်ဖွင့်သွားဖို့ စဉ်းစားထားပါတယ်။"
ဟန်ဆော့၏မျက်နှာ အနည်းငယ် မဲ့သွားတော့ ဒါဟီးလည်း သူ မှန်ကန်စွာ ဖြေဆိုလိုက်ကြောင်း သဘောပေါက်သွားသည်။ တစ်ချက်စဉ်းစားလိုက်ပြီးနောက်တွင် ဟန်ဆော့က ပြုံးလျက် စကားစလာ၏။
"ဒီလိုပြောတာ ဘယ်လိုထင်မလဲတော့ မသိပေမဲ့ ခင်ပွန်းသည်ရဲ့ ဝင်ငွေနဲ့ လုံလုံလောက်လောက်ကို သက်သောင့်သက်သာနေနိုင်တဲ့ အခြေအနေဆိုရင်ရော ဘယ်လိုလဲဗျ။ ခင်ပွန်းက ကော်ဖီဆိုင်ကို ပိတ်ခိုင်းမယ်ဆိုရင်ရော..."
တော်တော်လေးကို အဆင့်ကျော်ပြီး စဉ်းစားနေတာပါလား။
ဒါဟီးက ခေါင်းလေးအနည်းငယ်ငဲ့ကာ ဆံပင်တိုများကို သပ်တင်လိုက်သည်။ ဆံပင်သား ကောင်းသောကြောင့် ချက်ချင်းပင် မူလနေရာသို့ ပြန်ကျလာ၏။
"အဲ့ဒီလိုလုပ်ဖို့ စိတ်ကူးမရှိပါဘူး။"
"ဗျာ... အဲ့ဒီလိုဆိုပေမဲ့လည်း ခင်ပွန်းက ဝင်ငွေကောင်းတယ်ဆိုရင် ကော်ဖီဆိုင်ဆက်ဖွင့်ဖို့ လိုအပ်ပါ့ဦးမလား။"
ဟန်ဆော့က သူ့သဘောထားကို ခေါင်းမာစွာ ထုတ်ဖော်ပြောဆိုလာသည်။ ဒါဟီးလည်း ပြင်းထန်သော စိတ်မောမှုကို ခံစားလိုက်ရ၏။ ဤအတွက်ကြောင့် ဒါဟီးက အမျိုးသားများနှင့် blind date လုပ်ရသည်ကို မနှစ်သက်ခြင်းပင်။ တစ်ဦး၏ အခြေအနေ၊ တစ်ဦးနှင့်တစ်ဦး သဘောတူနိုင်သည့် အချက်ကို ရှာဖွေရင်း အဆုံးမရှိ စကားပြောနေရသည့် ဤအချိန်က အလွန်အဖိုးတန်လွန်းလှသည်။ ထို့အပြင် ဤအမျိုးသားက တစ်စုံတစ်ရာကို လုံးဝ နားလည်မှုလွဲနေသည်မှာ သေချာ၏။ အတတ်နိုင်ဆုံး ယဉ်ယဉ်ကျေးကျေး ဖြေဆိုရန် ကြိုးစားနေသော ဒါဟီးလည်း အတွေးပြောင်းလိုက်တော့သည်။ ကိုယ်ကို မတ်လိုက်သည့် ဒါဟီးက ဟန်ဆော့ကို ကြည့်လိုက်၏။
"ခင်ပွန်းသည်ရဲ့ ဝင်ငွေနဲ့ မဆိုင်ဘဲ ကော်ဖီဆိုင်ကို ဆက်ဖွင့်သွားဖို့ စဉ်းစားထားပါတယ်။ ပြီးတော့ သေချာမကြားထားဘူးထင်တယ်ရှင့်။ ကျွန်မက လက်ထပ်ဖို့ စိတ်ကူးမရှိတဲ့ တစ်ကိုယ်တည်းသမားပါ။"
"...ဗျာ။"
ဒါဟီး၏ စကားကြောင့် ဟန်ဆော့၏ မျက်နှာက တစ်ချက်ကြောင်အမ်းအမ်းဖြစ်သွားသည်။
"ဘယ်လိုပဲဖြစ်ဖြစ် စကားပြောတဲ့နေရာမှာ ပြဿနာရှိသွားတယ် ထင်ပါရဲ့။ ကျွန်မ လိုချင်တာက blind date partner မဟုတ်ဘူးရှင့်။ တစ်ရက်လောက် ချစ်သူလိုမျိုး ဘေးမှာရှိပေးမဲ့ ယောက်ျားကို လိုချင်တာပါ။ တန်ဖိုးရှိတဲ့အချိန်ကို ဒီထက်ပိုပြီး မဖြုန်းတီးဘဲ ဒီလောက်နဲ့ ရပ်လိုက်ကြတာပေါ့။"
ယဉ်ကျေးသော်လည်း ပြတ်သားသည့် ဒါဟီး၏ စကားကြောင့် ဟန်ဆော့၏ မျက်နှာက တစ်ချက် ဖြူဖျော့သွားပြီးနောက် နားမလည်နိုင်သလို မျက်နှာထားအဖြစ် ပြောင်းလဲသွားသည်။
"တစ်ရက်လောက် ချစ်သူလို နေပေးမဲ့ အမျိုးသားဆိုတော့... မဟုတ်မှ..."
"One-night stand လိုအရာမျိုးကို ပြောတာမဟုတ်ပါဘူးရှင်။"
ဟန်ဆော့ ပြောမထွက်သည့် စကားကို ဒါဟီးက ဖြတ်ပြောလိုက်သည်။ ထိုအခါ ဟန်ဆော့၏ မျက်နှာအမူအရာက ပို၍ပင် နားမလည်သလို ဖြစ်သွားတော့၏။ စိတ်သက်သာရာရသလိုလို၊ စိတ်ပျက်သလိုလို ပုံစံမျိုးပင်။
"အဲ့ဒီ တစ်ရက်တာအတွက် ယောက်ျားဆိုရင်..."
ဟန်ဆော့၏ မျက်နှာတွင် ထူးဆန်းသော မျှော်လင့်ချက်အရောင်တစ်မျိုး တစ်ဖန်ပြန်၍ ပြည့်လာသည်။ ဧကန္တ သူပါ ဝင်လျှောက်ဖို့များလား။ ဒါဟီးက ပိုပြီး စိတ်မောလာသလို ခံစားရကာ နဖူးကို ပွတ်လိုက်သည်။ သည်းခံရန် မဖြစ်နိုင်တော့ပေ။
"တစ်ရက်တာအတွက် အမျိုးသားက ဟန်ဆော့နဲ့ မသင့်တော်ဘူး ထင်ပါတယ်။ ဟန်ဆော့က လူကောင်းတစ်ယောက်ဖြစ်ပြီးတော့ ကျွန်မက သူငယ်ချင်းနဲ့ ပတ်သက်နေတဲ့သူတွေနဲ့လည်း မပတ်သက်တတ်ပါဘူး။ ဒီအထိ လာပေးလို့ ကျေးဇူးတင်ပါတယ်။ ဂရုစိုက်သွားပါရှင့်။"
ဒါဟီး နေရာမှ ထလိုက်သည်။
"ဟို... ခဏလေး။"
ဟန်ဆော့က မရဲတရဲ ခေါ်လိုက်သော်လည်း ဒါဟီးက လှည့်မကြည့်ပေ။ မြန်မြန်ဆန်ဆန် ကောင်တာဆီသို့ လျှောက်သွားပြီး အမျိုးသား ထွက်သွားသည်အထိ တစ်ချက်မျှ လှည့်မကြည့်ခဲ့။ ယတိပြတ် အငြင်းခံလိုက်ရကြောင်း သဘောပေါက်သွားသော ဟန်ဆော့လည်း ခြေသံတဒုန်းဒုန်းဖြင့် ကော်ဖီဆိုင်ထဲမှ ထွက်ခွာသွားတော့သည်။
~~~~~
အချိန်က နေ့လယ်သို့ ရောက်လာချိန်ဖြစ်သည်။ ဟန်ဆော့ ထွက်သွားပြီးနောက် ဧည့်သည်အချို့ လာကာပြန်သွားကြ၏။ ထိုဧည့်သည်တို့ အသုံးပြုခဲ့သော ခွက်များကို ဆေးကြောနေစဉ် ထယ်ဆွန်း ရောက်လာသည်။
"နင်။"
ထယ်ဆွန်းက ဆိုင်ထဲတွင် ဧည့်သည်မရှိသည်ကို မြင်သောအခါ ဒါဟီးကို အော်ပြောခဲ့သည်။ ဒါဟီးက ဆေးကြောပြီးစီးသွားသော ခွက်များကို အခြောက်ခံသည့်စင်ပေါ် တင်လိုက်ပြီး ရာဘာလက်အိတ်များကို ချွတ်လိုက်သည်။
"ဘာလဲ။"
"နင် one-night stand အဖော်ရှာနေတယ်ဆိုပြီး ဟန်ဆော့ကို ပြောလိုက်တယ်ဆို။"
"One-night stand မဟုတ်ဘူးလို့ ပြောခဲ့တာပဲလေ။ အဲ့ဒီအဘိုးကြီးက ဘာလို့ ပြောင်းပြန်အဓိပ္ပာယ်ကောက်သွားရတာလဲ။"
ဒါဟီးက မအံ့ဩလေဟန်ဖြင့် ပြန်ဖြေရင်း ပြတင်းပေါက်ဘေးမှနေရာကို ညွှန်ပြရန် ပြင်ပြီးမှ ရပ်လိုက်သည်။ မကြာခင် ပုံမှန်လာနေကျ ဧည့်သည်အမျိုးသား ရောက်လာတော့မည်။ တံခါးဝနှင့် နီးသော ပြတင်းပေါက်ဘေးဘက်နေရာကို အလွတ်ထားသင့်သည်ဟု ခံစားရ၏။ ဒါဟီးက လက်ကို ပြောင်းကာ ဆိုင်အတွင်းဘက်ရှိ နေရာကို ညွှန်ပြလိုက်သည်။
"ထိုင်လေ။ ဘာကော်ဖီ သောက်မလဲ။"
"မသောက်ဘူး။ အခုချက်ချင်း ဒီကိုလာခဲ့။"
ထယ်ဆွန်းက ဒါဟီး၏ လက်မောင်းကို ဆွဲကာ ဆိုင်အတွင်းဘက်ရှိ စားပွဲတွင် ဝင်ထိုင်ခဲ့သည်။ ဒါဟီးလည်း ပူညံပူညံလုပ်ရန် ပြင်ဆင်နေသော ထယ်ဆွန်း၏ မျက်နှာကို ကြည့်ရင်း ထိုင်လိုက်၏။
"ဘာလဲ။"
"ဟန်ဆော့က ဘယ်လိုလူလဲဆိုတာ နင်သိရဲ့လား။ အဲ့ဒီလူရဲ့ တစ်နှစ်ဝင်ငွေက ဝမ်သန်းတစ်ရာဟဲ့။ စိတ်ထားလည်း ကောင်းတယ်၊ မိသားစုအသိုင်းအဝိုင်းလည်း ကောင်းတယ်၊ စိတ်နေစိတ်ထားကလည်း ပျော့ပျောင်းပြီး လူမှုဆက်ဆံရေးလည်းကောင်းလို့ နင့်လို အေးတိအေးစက်နိုင်တဲ့သူနဲ့ အံကိုက်ပဲ။ ယောက်ျားတစ်ယောက်မှာ ဘာများ ထပ်လိုဦးမယ်ထင်လဲ။ စိတ်ထားကောင်းပြီး မိသားစုကောင်းရင်၊ ပုံမှန်ဝင်ငွေတည်တည်ငြိမ်ငြိမ်ရှိရင် အကောင်းဆုံး ယောက်ျားပဲပေါ့။"
"အဲ့ဒီလိုလူမျိုးက ဘာလို့ အခုအထိ အိမ်ထောင်မပြုသေးတာလဲ။"
"အလုပ်များလို့လေ။"
"အလုပ်အတူတူလုပ်နေတဲ့ နင့်ယောက်ျားကတော့ ၂၈ နှစ်မှာ အိမ်ထောင်ပြုခဲ့တာကို။"
"အဲ့... အဲ့ဒါကတော့ ဟန်ဆော့က သူ့ရဲ့ ဖူးစာဖက်ကို မတွေ့သေးလို့ပေါ့ဟယ်။"
"အဲ့ဒီဖူးစာဖက်က ငါဖြစ်မယ်ဆိုပြီး ဘာလို့ ထင်ရတာလဲ။"
စလာကတည်းက တည်ငြိမ်ပြီး အနည်းငယ် အေးစက်စွာ ပြန်ဖြေနေသော ဒါဟီးကို ကြည့်ရင်း ထယ်ဆွန်း ပါးစပ်ပိတ်သွားသည်။ ဒီရေခဲတုံးမနဲ့တော့။ တစ်ဖက်လူက မည်မျှပင် စိတ်ခံစားချက်များနှင့်ပြောနေပါစေ၊ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့သူက ထိုမျှလောက်အထိ ဆင်ခြင်တုံတရားရှိပြီး အကျိုးသင့်အကြောင်းသင့်ရှိနေလျှင် ဒေါသပိုထွက်ရန် မဖြစ်နိုင်တော့ပေ။ ထယ်ဆွန်းက သက်ပြင်းမောချပြီး ဒါဟီးကို စူးစိုက်ကြည့်လိုက်သည်။
~~~~~
Miel's Translations