အပိုင်း ၅
သစ်ပင်ထူထူများနှင့် အလှဖော်ပုံသွင်းထားသော ဥယျာဉ်လေးကွယ်နေသဖြင့် ဆိုင်နာမည်ဆိုင်းဘုတ်ကိုပင် ကောင်းကောင်းမမြင်ရချေ။ ပြတင်းပေါက်ကျယ်ကြီးမှတစ်ဆင့် အတွင်းထဲက စားပွဲများကို မြင်မှသာ ကော်ဖီဆိုင်မှန်းသိရ၏။ ဆိုင်လေးက တိတ်ဆိတ်ပြီး နွေးထွေးသည့်ခံစားမှုကို ပေးနေသည်။ ဝူဟျွန်းလည်း ပြုစားခံရသည့်အလား ဆွဲဆောင်မှုရှိသော ဆိုင်လေးထဲကို ဝင်သွားမိ၏။ သူက အမေရိကာနိုတစ်ခွက် မှာပြီး လူလုပ်ဥယျာဉ်လေးကို ကြည့်နေခဲ့သည်။
ထိုအချိန်တုန်းက ဝူဟျွန်းတစ်ယောက် ရုံးခန်းနှင့် နေအိမ် တစ်နေရာတည်းဖြစ်နေသဖြင့် ကောင်းကောင်းအနားမယူနိုင်ခဲ့။ အိမ်မှာရှိနေလျှင်လည်း အလုပ်တွေက မျက်စိထဲ အမြဲမြင်သာနေသည်။ အတင်းအကြပ် အိပ်ပျော်ဖို့ ကြိုးစားလျှင်တောင် နိုးလာသည်နှင့် နွမ်းနယ်မှုက တန်းရောက်လာ၏။ ဤဆိုင်လေးကတော့ တိတ်ဆိတ်ငြိမ်သက်ကာ အေးချမ်းလှပေသည်။
တိတ်ဆိတ်နေသည့် ကော်ဖီဆိုင်လေးထဲတွင် နွေအစ၏ စိုထိုင်းဆပါသော လေနုအေးလေးက လက်ဖျားလေးများကို ရှပ်ထိတိုက်ခတ်သွားသည်။ သူ့ခေါင်းထဲတွင် ပြည့်နှက်နေသော အတွေးများနှင့် အလုပ်များလည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတော့၏။ ဝူဟျွန်းလည်း ပြီးပြည့်စုံသည့် တိတ်ဆိတ်မှုထဲသို့ တဖြည်းဖြည်း ပျော်ဝင်သွားလေသည်။ သူ့မျက်လုံးများက အသာလေးမှေးမှိတ်သွား၏။ ပထမဆုံးအကြိမ်အဖြစ် ပြီးပြည့်စုံသော အနားယူခြင်းကို ရရှိနိုင်ခဲ့ခြင်းပင်။ ဝူဟျွန်းတစ်ယောက် ဤကော်ဖီဆိုင်လေးကို သဘောကျသွားတော့သည်။
ထိုနေ့မှစပြီး ဝူဟျွန်းတစ်ယောက် နေ့လယ် ၃ နာရီလောက်ဆိုလျှင် ကော်ဖီဆိုင်သို့ ရောက်နေတတ်သည်။ တစ်ခါတလေ နာရီဝက်၊ တစ်ခါတလေ မိနစ် ၄၀လောက် အနားယူရင်း နေ့ခင်းနေရောင်က ဥယျာဉ်လေးအား လွှမ်းခြုံထွေးပိုက်ထားသည်ကို ငေးကြည့်မိသည်။ ကော်ဖီဆိုင်သို့ ပုံမှန်လိုလို သွားနေခဲ့သည့် ဝူဟျွန်းလည်း ရုတ်တရက် ထိုကော်ဖီဆိုင်လေးကို ပိုင်ဆိုင်ချင်စိတ် ဖြစ်လာတော့၏။ လူနေအိမ်ရာများနှင့် အနည်းငယ်လှမ်းပြီး လူသွားလူလာနည်းသည့် ဆိုင်လေးဖြစ်သောကြောင့် ဈေးက တအားမြင့်လောက်မည်မထင်။ ထိုဆိုင်ကိုဝယ်ပြီး မိမိ၏ ကိုယ်ပိုင်အပန်းဖြေခန်းအဖြစ် သုံးချင်သည်ဟု အတွေးပေါက်ပြီးသည့်နောက်တွင် ဝူဟျွန်းတစ်ယောက် ထိုစိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်ရန် စတင်စဉ်းစားပါတော့သည်။ ကော်ဖီဆိုင်ပိုင်ရှင်နှင့် ဘယ်လို သဘောတူညီမှုယူရမလဲ၊ ဆိုင်ပိုင်ရှင်က မဖြစ်နိုင်သည့်ဈေးခေါ်လျှင် ဆွန်းထယ်ကို လွှတ်ပြီး ညှိခိုင်းရမလား အစရှိသဖြင့် အတွေးပေါင်းစုံ ဝင်လာ၏။ ထို့နောက်တွင်မှ ဝူဟျွန်း သတိထားမိလိုက်သည်က သူ ကော်ဖီဆိုင်ပိုင်ရှင်ကို လုံးဝမှတ်မိမနေခြင်းပင်။ မည်သို့ပင် ပြန်မှတ်မိအောင် ကြိုးစားပါစေ တွေးကြည့်၍မရခဲ့ပေ။ ဆိုင်ရောက်သည်နှင့် မီနူးကြည့်ပြီး ကတ်ပေးတတ်သည့် အကျင့်ကြောင့် ဆိုင်ပိုင်ရှင်ကိုမြင်ခွင့်မကြုံခဲ့။ မြင်ခဲ့လျှင်တောင် သေချာမကြည့်မိ၍ မှတ်ဉာဏ်ထဲတွင်ရှိမနေချေ။
ကော်ဖီဆိုင်ထဲရောက်သည်နှင့် ဝူဟျွန်းက ပုံမှန်လို မီနူးကိုမကြည့်ဘဲ မျက်နှာချင်းဆိုင်ကို စိုက်ကြည့်နေလိုက်သည်။ ဆိုင်ရှင်အမျိုးသမီးက ဆိုင်ကို ရောင်းဖို့စိတ်ကူးမည့်သူလား၊ ညှိနှိုင်းဖို့ ဘယ်ဘက်က အားသာချက်ရှိမလဲ။ ပြတ်သားသော လုပ်ငန်းရှင်စိတ်ဓာတ်မျိုးဖြင့် ကော်ဖီဆိုင်ပိုင်ရှင်ကို သေချာစောင့်ကြည့်ဖို့ သူ ဆုံးဖြတ်ထားခဲ့၏။
'ကြိုဆိုပါတယ်။'
အမျိုးသမီး၏ မျက်လုံးများက တည်ငြိမ်လှသည်။ သူ့အသားအရေက ဘာအနွေးဓာတ်မှ မရှိသလို အေးစက်နေ၏။ ညှိနှိုင်းမှုနှင့် လုံးဝမသက်ဆိုင်သည့် ခံစားချက်။ ဤသည်ကား အမျိုးသမီးနှင့်ပတ်သက်၍ ပထမဆုံးသော အထင်အမြင်ပင်။
ဝူဟျွန်းက မီနူးကိုကြည့်ရင်း ပြောလိုက်သည်။
"အမေရိကာနိုပူပူလေး တစ်ခွက်ပေးပါဗျ။"
ဝူဟျွန်း ကတ်ကိုလှမ်းပေးလိုက်တော့ အမျိုးသမီးက ယူလိုက်သည်။ ငွေရှင်းပြီးသည်နှင့် သူက အမြဲထိုင်နေကျ ပြတင်းပေါက်နားကခုံတွင် ဝင်ထိုင်လိုက်၏။
ဝူဟျွန်း၏အတွေးထဲဝင်လာသည်က ဤအမျိုးသမီးတွင် ကော်ဖီဆိုင်ကိုရောင်းဖို့ စိတ်ကူး လုံးဝမရှိဘူးဟူသောအချက်ပင်။ လူသွားလူလာနည်းသောဆိုင်ကို ဖွင့်ထားသော်လည်း အမျိုးသမီး၏ မျက်နှာတွင် စိုးရိမ်ပူပန်မှု သို့မဟုတ် ကြောင့်ကြမှုမျိုးကို လုံးဝမတွေ့ရပေ။ အမျိုးသမီးက တိတ်ဆိတ်ခြင်းနှင့် ငြိမ်သက်ခြင်းကို နှစ်သက်ပုံရ၏။
အမေရိကာနိုကိုသောက်ရင်း ဝူဟျွန်း ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေခဲ့သည်။ အေးချမ်းသော နေ့လယ်ခင်း၏ အလှဆုံးသောပုံစံကိုပြသနေသည့် ဥယျာဉ်ကို ကြည့်ရင်း ရှုပ်ထွေးနေသည့် အတွေးများသည်လည်း အသာလေး ပျောက်ကွယ်သွား၏။ ယင်းနေရာတွင် တစ်ယောက်သော အမျိုးသမီး၏ပုံရိပ် ပေါ်လာတော့သည်။
တည်ငြိမ်သော မျက်လုံးများနှင့်၊ နွေးထွေးမှုမရှိဘဲ အေးစက်နေသည့် အသားအရေကို ပိုင်ဆိုင်ထားသော အမျိုးသမီး။ နှစ်သိမ့်ပေးခြင်းထက် အကြံဉာဏ်ပေးတတ်သူ၊ လဲကျလျှင်လည်း နာကျင်သည်ဟု ညည်းညူမနေဘဲ ခပ်သွက်သွက် ပြန်ထလာမည့် ကြံ့ကြံ့ခံသူမျိုး ဖြစ်မည့်ပုံပင်။ သို့သော်လည်း နူးညံ့သိမ်မွေ့သည့် ခံစားချက်ကိုပါ ပေးစွမ်းနေပေသည်။ ဝူဟျွန်း၏ အကြည့်က နောက်ဘက်သို့ ရောက်ရှိသွားတော့၏။ အမျိုးသမီးက မျက်လုံးများကို မှိတ်ထားသည်။ ပွင့်နေသော ပြတင်းပေါက်ကြားမှ လေတိုက်ခတ်လာသည်နှင့်အမျှ အမျိုးသမီး၏ ဆံပင်များက လွင့်မျောသွားသည်။ တိတ်ဆိတ်ခြင်းနှင့် ငြိမ်သက်ခြင်းကို တစ်ကိုယ်လုံးဖြင့် ခံစားနေပုံရ၏။ အမျိုးသမီး၏ နှုတ်ခမ်းထောင့်စွန်းများ မသိမသာလေး ပင့်တက်သွားသည်တွင် ဝူဟျွန်း၏မျက်လုံးများ ကျုံ့သွားတော့၏။
'မျက်စိကျိန်းလောက်စရာပဲ...'
ဝူဟျွန်း ရုတ်တရက် ထိုသို့တွေးလိုက်မိသည်။ အမျိုးသမီး မျက်လုံးဖွင့်လာချိန်တွင် ဝူဟျွန်းလည်း ပြတင်းပေါက်ဘက်သို့ ဦးခေါင်းကိုလှည့်လိုက်သော်လည်း ဆက်လက်၍ ဘာမှမစဉ်းစားဘဲ မနေနိုင်တော့ပေ။ မျက်လုံးမှိတ်ထားသည့် အမျိုးသမီး၏ ပုံရိပ်က သူ့ခေါင်းထဲတွင် အကြာကြီးရှိနေခဲ့ပြီးမှ ပျောက်ကွယ်သွားခဲ့သည်။
မကြာမီတွင် မိုးရွာလာသည်။ နွေအစ၏ အစိုဓာတ်အနည်းငယ် ပါဝင်သော မိုးရေစက်များကိုကြည့်ရင်း ဝူဟျွန်းတစ်ယောက် အနက်ရောင်ထီးရှည်ကို ယူလိုက်သည်။ မိုးစက်များက ထီးပေါ်သို့ တဗြောင်းဗြောင်းကျလာ၏။ သစ်သားလက်ကိုင်ကို လက်ဖျားဖြင့် ပွတ်သပ်ရင်း ဝူဟျွန်းက ထီးအဖျားကို အနည်းငယ် မြှောက်လိုက်သည်။ ကော်ဖီဆိုင်က မြင်ကွင်းထဲ ဝင်ရောက်လာပေပြီ။ ရုတ်တရက် တိုက်ခတ်လာသောလေတွင် မြက်နံ့သင်းသင်းလေးများ ပြည့်နှက်နေ၏။ ရင်တဒိတ်ဒိတ်ခုန်လာတော့သည်။ အကြောင်းမဲ့၊ ရည်ရွယ်ချက်မဲ့။ နွေအစ ဖြစ်သောကြောင့်ပဲလား၊ ခြေဖျားများကို စိုစွတ်စေသော မိုးရေစက်များကြောင့်ပဲလား ဆိုသည်ကိုမူ သိနိုင်ခြင်းမရှိခဲ့ချေ။
ဝူဟျွန်းက အရင်ကထက် ပိုမိုမြန်ဆန်သော ခြေလှမ်းများဖြင့် ကော်ဖီဆိုင်ထဲသို့ ဝင်သွားလိုက်သည်။ အမေရိကာနိုအေးတစ်ခွက်မှာပြီးနောက် ထိုင်ခုံတွင် ထိုင်လိုက်၏။ ခဏအကြာတွင် အမျိုးသမီးက ကော်ဖီကို ယူလာခဲ့သည်။ ကော်ဖီကို ချပေးသော အမျိုးသမီး၏ လက်ချောင်းများမှာ ဖြူဖွေးပြီး ရှည်လျားလှ၏။ လက်ဖမိုးတွင် ဒဏ်ရာလေးတစ်ခုရှိနေပြီး ထိုဒဏ်ရာ၏ နောက်ကွယ်မှ ဇာတ်လမ်းကို ဝူဟျွန်း သိချင်မိသည်။ မေးမိအံ့ဆဲဆဲတွင် သူ ပါးစပ်ကို ပိတ်ထားလိုက်၏။
တစ်ယောက်ကိုတစ်ယောက် မသိမသာ သတိထားမိသွားသည့်အချိန်တွင် အေးချမ်းသည့်အငွေ့အသက်လေး ပျက်စီးသွားနိုင်ပေသည်။ ဝူဟျွန်း အမျိုးသမီးကို စိတ်ဝင်စားမိသည်မှာ မှန်သော်လည်း ဤကော်ဖီဆိုင်ကပေးသော ငြိမ်သက်ခြင်းက ပိုအရေးကြီး၏။ ကျောဘက်မှ အမျိုးသမီး ထွက်ခွာသွားသော ခြေသံကို ကြားလိုက်ရသည်။ သာယာငြိမ့်ငြောင်းသည့်ဂီတသံစဉ်လေး စီးဆင်းနေပြီး ယင်းအပေါ်တွင် မိုးသံနှင့် လေသံများ ထပ်ပေါင်းကာ ရင်ကို လှုပ်ခတ်စေသော တေးသွားတစ်ခု ဖြစ်ပေါ်လာတော့သည်။
အသက်ပြင်းရှူသွင်းရင်း အခိုက်အတန့်လေးကို ခံစားနေစဉ် အမျိုးသမီး၏အသံကို ကြားလိုက်ရ၏။
'Blind date လုပ်မဲ့သူ ရှာနေတာမဟုတ်ဘူး။ တစ်ရက်လောက်ပဲ လိုအပ်တဲ့ယောက်ျားကို။ ကောင်းကောင်းတွေ့ဆိုတာက ဘာစကားလဲ။'
ဝူဟျွန်းက ခေါင်းကိုအနည်းငယ် ငဲ့လိုက်သည်။ အမျိုးသမီးက သူ့ကိုကျောပေးပြီး တစ်စုံတစ်ဦးနှင့် ဖုန်းပြောနေ၏။ ဖုန်းပြောပြီးနောက် အရှေ့သို့ လှည့်လာသည်။ သူနှင့် မျက်လုံးချင်းဆုံသွားတော့၏။ အကြည့်တွင် နားမလည်နိုင်သလို အရိပ်အယောင်လေး ဖျတ်ခနဲလက်သွားသော်လည်း ယေဘုယျအားဖြင့် အမျိုးသမီး၏ပုံစံက ဘာမှမမှုသလိုပင်။ အကယ်၍ ရှက်သွားတာတို့၊ မျက်မှောင်ကြုတ်သွားတာတို့ ဖြစ်ခဲ့မည်ဆိုလျှင် ဝူဟျွန်း၏ စိတ်ဝင်စားမှုသည်လည်း ထိုနေရာတွင်ပင် အဆုံးသတ်သွားပေလိမ့်မည်။ အမျိုးသမီးက ခန္ဓာကိုယ်အပေါ်ပိုင်းကို ရှေ့သို့ကိုင်းကာ သူ့ကို ကြည့်ခဲ့သည်။ ရည်ရွယ်ချက်တစ်ခုခုတို့၊ မြှူဆွယ်ဖြားယောင်းမှုတို့မပါဘဲ စူးစမ်းအကဲခတ်မှုသီးသန့်သာဖြစ်သည့်အကြည့်ပင်။ သူ့ကို လေ့လာအကဲခတ်နေသော အမျိုးသမီး။ ထိုသို့ အကဲခတ်ခြင်းကို အိုးတိုးအမ်းတမ်း အစိမ်းသက်သက်ဖြစ်မနေသော အမျိုးသမီး။
ထိုအချိန်တွင် ပထမဆုံးအကြိမ်အဖြစ် ဝူဟျွန်းတစ်ယောက် ကော်ဖီဆိုင်ထက် အမျိုးသမီးကို ပို၍စိတ်ဝင်စားမိသွားတော့သည်။
~~~~~
"သူတို့ ရူးသွားပြီလား။ ဖောက်ပြန်တဲ့ဟာတွေက ဘာလို့ ဒီလောက်တောင် အရှက်မရှိရတာလဲ။"
ဝူဟျွန်း ကော်ဖီဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် သူစိမ်းအမျိုးသမီးတစ်ဦး၏ အသံကို ကြားလိုက်ရသည်။ ဤအချိန်က ပုံမှန်အားဖြင့် ဧည့်သည်ပါးသည့် အချိန်ပင်။ ဝူဟျွန်းလည်း လက်ပတ်နာရီက အချိန်ကို ကြည့်လိုက်သည်။ နေ့လယ် ၃ နာရီတိတိ။ အချိန်မှန်ရောက်လာခြင်းပင်။ အသံကိုမြှင့်ကာပြောနေသော အမျိုးသမီးနှင့် ကော်ဖီဆိုင်ပိုင်ရှင် အမျိုးသမီးတို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ သူရောက်လာသည်ကိုပင် သိပုံမရပေ။ အသံပေးဖို့တွေးလိုက်သော်လည်း အမျိုးသမီးနှစ်ဦး၏ မျက်နှာထားများက လေးနက်လှသဖြင့် ဝူဟျွန်းလည်း အရင်ဆုံးစောင့်နေရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူလိုအပ်သည်က ကော်ဖီမဟုတ်ဘဲ ဤကော်ဖီဆိုင် ဖြစ်သောကြောင့်ပင်။
ဝူဟျွန်း အမြဲထိုင်နေကျဆိုဖာ၏ လက်တင်ပေါ်တွင်ထိုင်ကာ ဥယျာဉ်ကို ငေးကြည့်နေစဉ်။
"ကိုယ့်ရဲ့ရည်းစားဟောင်းနဲ့ အဲ့ဒီရည်းစားဟောင်းကို လုယူသွားတဲ့ သူငယ်ချင်းရဲ့ မင်္ဂလာဆောင်လေ။ အဲ့ဒါဆိုရင် ငါ ဘယ်လိုယောက်ျားမျိုးကို ခေါ်ပြီးသွားသင့်လဲ။"
အမျိုးသမီးက တည်ငြိမ်စွာ မေးလိုက်တော့ မျက်နှာချင်းဆိုင်တွင်ထိုင်နေသော အမျိုးသမီးက ပါးစပ်ပိတ်ကာနှုတ်ဆိတ်နေသည်။
"ဟန်ဆော့လား။ သူက လူကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ ငါလိုချင်တာက ထာဝရအတူရှိသွားမဲ့ လက်တွဲဖော်မဟုတ်ဘူး။ တစ်ရက်လေးပဲ ငါ့ဘေးမှာ တောက်ပပေးမဲ့ ယောက်ျားမျိုးကို လိုချင်တာ။"
"ငါက နင့်ကို အဆင်ပြေစေချင်လို့လေ... ဖြစ်နိုင်ရင် ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်..."
"စေတနာကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါ အချစ်ရေးတွေ မလုပ်တော့ဘူး။ ငါလိုအပ်တာက အချစ်ကို မလိုအပ်တဲ့သူ၊ တော်ရုံသင့်ရုံဆိုတဲ့သဘောတရားကို နားလည်တဲ့ ယောက်ျားတစ်ယောက်ပဲ။"
မတတ်သာ၍ ကြားနေရသော စကားဝိုင်းဖြစ်သဖြင့် တစ်ဖက်နားကဝင်ပြီး တစ်ဖက်နားက ထုတ်နေစဉ်တွင်။ အမျိုးသမီး၏ စကားကြောင့် ဝူဟျွန်းလည်း ဦးခေါင်းကို လှည့်လိုက်မိသည်။
အချစ်ကို မလိုအပ်တဲ့သူ၊ တော်ရုံသင့်ရုံဆိုသောသဘောတရားကို နားလည်သည့်ယောက်ျား။
ဝူဟျွန်း လိုအပ်နေသော မိန်းမကလည်း အချစ်ကို မလိုအပ်သူ၊ တော်ရုံသင့်ရုံသဘောတရားကို နားလည်နိုင်ရမည့်သူပင်။ သူ့နှုတ်ခမ်းများ အနည်းငယ်ဟသွားပြီး နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ပင့်တက်သွားတော့သည်။
နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် သူ့ကို စိတ်ဝင်စားအောင်လုပ်နိုင်သည့် အမျိုးသမီးကို တွေ့ရပြီဖြစ်ကာ၊ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ့လိုလူမျိုးကို ရှာနေသော အမျိုးသမီးနှင့် ဆုံရခြင်းပင်။
ဝူဟျွန်း၏ မျက်ခုံးများက ခံစားချက်ကောင်းစွာ ကွေးညွတ်သွားပြီး ခေါင်းငဲ့သွားသည်။ ဆွန်းထယ်သာ မြင်လိုက်ရမည်ဆိုလျှင် 'အန္တရာယ်ရှိတဲ့ မျက်နှာထားပဲ' ဟု ထအော်နိုင်လောက်သည့် အေးရာအေးကြောင်း မျက်နှာအမူအရာပင်။ ပရောဂျက်အသစ်တစ်ခုမစတင်မီ သို့မဟုတ် အလုပ်တစ်ခုကို ကျေနပ်အားရစွာ အဆုံးသတ်နိုင်ခဲ့သည့်အခါမျိုးတွင် ပြုလုပ်တတ်လေ့ရှိသော မျက်နှာထားဖြစ်၏။
ဝူဟျွန်းက ဆွဲဆောင်မှုရှိသည်ဟု ခံစားရလောက်အောင် အေးရာအေးကြောင်းရှိသော မျက်နှာဖြင့် ကော်ဖီဆိုင်ကို လှည့်ပတ်အကဲခတ်လိုက်သည်။
ဤကော်ဖီဆိုင်ကို သူ သဘောကျသည်။ ထိုအထဲတွင်မှ စိတ်တိုင်းအကျဆုံးအရာတစ်ခုရှိ၏။ ဝူဟျွန်း၏ အကြည့်က ထိုင်နေရာမှထပြီး သူ့ကိုမြင်လိုက်ရသည်တွင် ဆတ်ခနဲတွန့်သွားသော အမျိုးသမီးထံသို့ ကျရောက်သွားတော့သည်။
ကျိန်းသေပေါက် ထိုအမျိုးသမီးပင်။
~~~~~
Miel's Translations