no

Font
Theme

အပိုင်း ၆

ကော်ဖီဆိုင်မှ ထွက်လာသည့် ဒါဟီးတစ်ယောက် ဆိုင်ရှေ့တွင် ရပ်နေသော အမျိုးသားကို တွေ့လိုက်ရသည်။ သူက ချို့ယွင်းချက်မရှိ ပြေပြစ်သည့် အနောက်တိုင်းဝတ်စုံနှင့် ဆွဲဆောင်မှုရှိစွာပြုံးနေ၏။

မနေ့ညနေက ဒါဟီး ဝူဟျွန်းကို ပေါ့ပေါ့ပါးပါးပဲ ပြောပြခဲ့သည်။ အချိန်အကြာကြီးတွဲခဲ့သည့် ရည်းစားဟောင်းက သူ့သူငယ်ချင်းနှင့် ဖောက်ပြန်ခဲ့ပြီး ယခု လက်ထပ်ကြတော့မည့်အကြောင်း၊ ထိုမင်္ဂလာပွဲကို တက်ရောက်ရန် သူ့ကို ဖိတ်ထားကြောင်း။ သူ့အား တက်ရောက်စေလိုသော နှစ်ယောက်စလုံး၏ ဆန္ဒကို လေးစားသည့်အနေနှင့် တက်ရောက်ရန် ဆုံးဖြတ်ထားသဖြင့် အနောက်တိုင်းဝတ်စုံဝတ်ပြီး လာပေးဖို့ တောင်းဆိုခဲ့၏။

'အဲ့ဒါက ဘေးမှာ တစ်ရက်ပဲ တောက်ပပေးမဲ့ယောက်ျားကို ရှာရတဲ့အကြောင်းရင်းလားဗျ။'

ဝူဟျွန်း၏ စကားကြောင့် ဒါဟီးက ခေါင်းအသာလေးညိတ်ခဲ့သည်။

"ဒီလောက်ဆို ရပြီလားဗျ။"

ဝူဟျွန်းက လက်နှစ်ဖက်ကို အနည်းငယ်ဖြန့်ကာ မေးလိုက်သည်။

"ဟုတ်ကဲ့၊ ပြည့်စုံပါတယ်။"

ဒါဟီး၏ စကားကြောင့် ဝူဟျွန်းရဲ့ နှုတ်ခမ်းများက ​နူးညံ့သောအပြုံးအဖြစ်သို့ ပြေလျော့သွား၏။ ချောတဲ့ယောက်ျားတွေက တစ်ခါတလေ ပြုံးလိုက်လျှင်မလှတတ်ဘူးဟု ​ဆိုကြသော်လည်း ဝူဟျွန်းကတော့ ထိုသို့ဟုတ်ပုံမပေါ်ပေ။

ဝူဟျွန်းကိုကြည့်ပြီး ပြုံးလိုက်သည့် ဒါဟီးက လက်ပွေ့အိတ်ကိုဖွင့်ကာ ဖုန်း၊ သော့ အစရှိသည်တို့ကို စစ်ဆေးရင်း ရှေ့ကနေ လျှောက်သွားလိုက်သည်။

"မင်္ဂလာခန်းမက ဒီကနေဆို နည်းနည်းဝေးတယ်ရှင့်။ အနောက်တိုင်းဝတ်စုံနဲ့ဆိုတော့ ဘတ်စ်ကားတို့၊ ရထားတို့စီးရင် သက်သောင့်သက်သာမရှိဖြစ်မှာမို့လို့ တက္ကစီနဲ့ သွားကြတာပေါ့။ တက္ကစီဂိတ်က ဒီလမ်းအတိုင်း ဆင်းသွားရင်......."

"ဒါဟီးခင်ဗျ။"

"ရှင်။"

"တက္ကစီထက် ဒါက ပိုမကောင်းဘူးလား။"

သူက အနက်ရောင် ဖာရာရီကားဘေးတွင်ရပ်ကာ ပြောခဲ့သည်။

"ပြင်ဆင်လာခဲ့တာလားရှင့်။"

ဒါဟီး၏ မေးခွန်းကို ဝူဟျွန်းက ပခုံးအသာတွန့်ပြခဲ့သည်။ ဒါဟီးက အံသြတကြီးမျက်နှာဖြင့် ဖာရာရီနှင့်ဝူဟျွန်းကို တစ်လှည့်စီ ကြည့်ရင်းပြောလိုက်၏။

"ဒီနေ့ အရသာရှိတာ ဝယ်ကျွေးပါ့မယ်။"

ဒါဟီး၏စကားကြောင့် ခရီးသည်ခုံဘက်မှတံခါးကို ဖွင့်နေသည့် ဝူဟျွန်းက ပြုံးခဲ့သည်။

"အရင်ဆုံး တက်ပါဗျ။"

ဝူဟျွန်း၏ လမ်းညွှန်မှုနှင့် ခရီးသည်ခုံသို့ တက်လိုက်သော ဒါဟီးက ကားထဲကို စနည်းနာကြည့်လိုက်သည်။ တစ်ရှူး၊ သန့်စင်ဆေး အစရှိသည့် တစ်ကိုယ်ရည်သုံးပစ္စည်းများထားရှိရာ ဖာရာရီ ကား၏ အတွင်းပိုင်းကို မြင်တွေ့ရမှသာ ဤကားက ဝူဟျွန်း၏ ကိုယ်ပိုင်ကားဖြစ်ကြောင်း နားလည်သွားတော့၏။

ငယ်ငယ်လေးနဲ့ ချမ်းသာတာပဲ။

ဘဏ္ဍာရေးအကြံပေးဟူသည့် သူ၏ အလုပ်အကိုင်ကို ပြန်တွေးကြည့်မိတော့ ဆန်းကြယ်လှသည်လည်းမဟုတ်ပေ။

ယာဉ်မောင်းသူနေရာတွင် ဝင်ထိုင်လိုက်သည့် ဝူဟျွန်းက ကားကို စက်နှိုးလိုက်သည်။ ကားလေးက လမ်းမပေါ်တွင် ချောမွေ့စွာပြေးသွား၏။

ဒါဟီးက အရှေ့ကို ငေးကြည့်ရင်း လုံးဝလှုပ်ရှားမှု မရှိခဲ့ပေ။ မှန်လုံပိတ်ကားထဲတွင် သူစိမ်းအမျိုးသားတစ်ဦးနှင့် နှစ်ယောက်တည်း ရှိနေခြင်းက တစ်မျိုးဖြစ်နေနိုင်သော်လည်း သူကတော့ ဘာမှမမှုသည့်ပုံပင်။ ဆန့်ကျင်ဘက်အနေဖြင့် အချိန်ကို တစ်ချက်ကြည့်ပြီး 'သတ်မှတ်ချိန်ထက် စောစောရောက်တော့မှာပဲ' ဟူသော ပေါ့ပေါ့ပါးပါးညည်းတွားသံသာ ထွက်လာသည်။

"ဒီနေ့ ဘာဝယ်ကျွေးမှာလဲဗျ။"

ဒါဟီး တစ်ခုခုမေးလာမည်ကို စောင့်ဆိုင်းရင်း စိတ်မောလာသည့် ဝူဟျွန်းက အရင်စပြီး စကားစလိုက်သည်။ ကားပေါ် တက်လာပြီးသည်နောက် ဒါဟီးက ဝူဟျွန်းကို ပထမဆုံးအကြိမ် လှည့်ကြည့်ခဲ့၏။

"ဘာစားချင်လဲရှင့်။ အရသာရှိတဲ့ ညစာဆိုရင်ရော။"

"မင်္ဂလာဆောင်မှာပဲ နေ့လယ်စာရော ညစာပါ စားကြမယ်မဟုတ်ဘူးလား။"

"အဲ့ဒီလူတွေက အစားအသောက်ကို ဘာလုပ်ထားမယ်မှန်းမသိတော့ မစားရဲပါဘူး။ ပြီးတော့ မင်္ဂလာဦးလက်ဖွဲ့ပေးဖို့လည်း စိတ်ကူးမရှိဘူးရှင့်။"

"လက်ဖွဲ့မပေးဘူးပေါ့လေ။"

"ကျွန်မမိဘတွေက တန်ဖိုးရှိတဲ့ငွေကို အဓိပ္ပာယ်မရှိတဲ့နေရာတွေမှာသုံးပစ်ရင် အပြစ်ပေးခံရလိမ့်မယ်ဆိုပြီး ​အမြဲတမ်း ပြောနေကျမို့လို့ပါ။"

ပြတ်သားလှသော ဒါဟီး၏ အဖြေကြောင့် ဝူဟျွန်း၏ နှုတ်ခမ်းများ ပြုံးယောင်သမ်းသွားလေသည်။ စကားကို ဝေ့လည်ကြောင်ပတ် မပြောတတ်သည့်အမျိုးသမီးပင်။ သို့သော် လက်ထပ်ကြမည့်သူနှစ်ဦးအပေါ် ရန်လိုသောခံစားချက်ကိုလည်း ဖော်ပြခြင်း မရှိခဲ့ပေ။ တခြားလူတစ်ယောက်အကြောင်း ပြောပြနေသကဲ့သို့ 'အဲ့ဒီလိုပြောတာပဲ' ဟူသော ဘာမှမမှုသလို ခံစားချက်ကိုသာ ပြခဲ့သည်။ ဝူဟျွန်းက အမျိုးသမီးများ ထုတ်လွှတ်လေ့ရှိသော ထိလွယ်ရှလွယ် ခံစားချက်ကြိမ်နှုန်းများနှင့် လိုက်လျောညီထွေဖြစ်အောင် ညှိယူသည့်နေရာတွင် လူတကာထက်ပို၍ အခက်တွေ့ရသူပင်။

ဒါဟီးတွင် ထိုသို့သောအရာမျိုး ရှိပုံမပေါ်ဘဲ၊ ထိုသို့သော ဒါဟီးကို သိမြင်နိုင်ခဲ့သည့် သူ၏မျက်စိလျင်မှုကို ဒီနေ့တော့ ပို၍စိတ်တိုင်းကျမိခဲ့သည်။

"လိုချင်တာများ ရှိလားရှင့်။ စားချင်တာမျိုးတို့ ဘာတို့......"

ဒါဟီးက မေးလိုက်သည်။

"ဒီကားကို မောင်းလာခဲ့တာက ကျွန်တော့်ရဲ့ အဆင်ပြေသက်သာရေးအတွက်ပဲမို့လို့ စိတ်ပူနေစရာမလိုပါဘူးဗျ။"

"ကျွန်မကြောင့် အချိန်ကုန်သွားရတာပဲမဟုတ်လား။ ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်ရှင့်။"

"အဲ့ဒါဆိုရင်..."

ဝူဟျွန်းက စကားစလိုက်သည်။ ဒါဟီးက ခေါင်းလှည့်ပြီး ဝူဟျွန်းကို ကြည့်လိုက်၏။ သူ့နှုတ်ခမ်းများက ဒီနေ့တော့ ထူးထူးခြားခြား ဆွဲဆောင်မှုရှိသည့် အရောင်တစ်မျိုးနှင့် တောက်ပနေသလိုပင်။ ဝူဟျွန်းအပေါ် ခံစားချက်နှင့်မသက်ဆိုင်ဘဲ ဒါဟီးက ထိုနှုတ်ခမ်းများနှင့် အနမ်း​ခြွေလာလျှင် အင်မတန် ခံစားလို့ကောင်းမှာပဲဟု တွေးနေစဉ်တွင်။ ထိုနှုတ်ခမ်းများ လှုပ်ရှားလာ၏။

"ကော်ဖီအခမဲ့သောက်ခွင့်ကတ် ၅ခု ပေးပါ။"

"ဒီလောက်လေးပဲလား။"

"အနည်းဆုံး ကျွန်တော်တို့ ၅ ကြိမ် တွေ့ရမယ်ဆိုတဲ့ သဘောပဲပေါ့။ ဒါတောင် 'ဒီလောက်လေးပဲလား'လို့ ပြောဦးမှာလား။"

ဝူဟျွန်းက ရယ်မောရင်း မေးခဲ့သည်။ ထင်ထားတာထက် ပိုပြီးရယ်မောတတ်သူပင်။ ထို့ကြောင့်လည်း ပတ်ဝန်းကျင်အငွေ့အသက်က တင်းမာမှုမရှိခဲ့ချေ။

"'ဒီလောက်လေး' တော့ မဟုတ်ဘူးပဲ။ ဒါပေမဲ့ ခက်ခဲတာတော့မဟုတ်ပါဘူး။ ၅ ကြိမ်လောက်ကို ပြောပါတယ်။ မနက်ဖြန် ကော်ဖီဆိုင်ကိုလာခဲ့ပါ။ ကတ်ထုတ်ပေးပါ့မယ်။"

"မျှော်လင့်နေမယ်ဗျ။"

ဝူဟျွန်းရဲ့ စကားကို ဒါဟီးက ပခုံးလေးအသာတွန့်ရင်း တုံ့ပြန်လိုက်သည်။

"ပြောစရာမလိုပါဘူးရှင်။"

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment