အပိုင်း ၁၂
ဒါဟီးက လက်ပိုက်လျက်ထိုင်နေပြီး အရှေ့ကို အကြောင်သား ငေးကြည့်နေခဲ့သည်။
မနေ့ညက အနမ်းက အရက်ရှိန်ကြောင့်ပဲလား။ ဟင့်အင်း။ မူးနေသော်လည်း ကိုယ့်သဘောထားကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်သေး၏။
ဝူဟျွန်းက အတင်းအကြပ်လုပ်ခဲ့တာလား။ ဟင့်အင်း။ သူက ဒါဟီး၏သဘောထားကို မေးခဲ့ပြီး ဒါဟီးကလည်း ငြင်းပယ်ခြင်းမရှိခဲ့ပေ။ ယောက်ျားနှင့်မိန်းမ ဆက်ဆံရေးတွင် ငြင်းဆန်မှုမရှိခြင်းက သဘောတူသည်ဟူသော အဓိပ္ပာယ်ပင်။
ပုံမှန်ထက် နာရီဝက်နောက်ကျပြီးမှ ဆိုင်ဖွင့်ဖြစ်ခဲ့သည့် ဒါဟီးတစ်ယောက် ကုလားထိုင်တွင်ထိုင်ကာ မနေ့ညက ဖြစ်ခဲ့သည့်ကိစ္စများကို ပြန်တွေးနေခဲ့သည်။ နောင်တရသည်တော့ မဟုတ်သော်လည်း မိမိ၏ စိတ်လိုက်မာန်ပါဆုံးဖြတ်ချက်အပေါ် သံသယဝင်မိတာတော့ အမှန်ပင်။ ဘာကြောင့်များလဲ။ ဒါဟီးက မေးထောက်ပြီး စဉ်းစားလိုက်သည်။ သူက ခန္ဓာကိုယ်ချင်းထိတွေ့မှုကို မကြိုက်သည့်အတွက် အရင်ချစ်သူများနှင့်လည်း ထိုအကြောင်းရင်းကြောင့်ပင် အမြဲလိုလို ပြဿနာတက်ခဲ့ရသည်။ အဲ့ဒီလို သူက ဝူဟျွန်း၏ အနမ်းကိုတော့ လက်ခံခဲ့၏။ အမှန်အတိုင်းပြောရလျှင် အနမ်းကကောင်းသည်ဟု ပထမဆုံးအကြိမ် ထင်မိခြင်းပင်။
လျှာချင်းလိမ်ယှက်ပြီး ပါးစပ်မှထွက်လာသော ထွက်သက်နွေးနွေးတို့က ဆွဲဆောင်မှုရှိစွာ ရောထွေးသွား၏။ မျက်လုံးဖွင့်လိုက်လျှင် ကြယ်တွေကိုမြင်ရပြီး နားထဲတွင်တော့ လှိုင်းခတ်သံများ အဆက်မပြတ်ကြားရသည့် အနမ်း၊ အချစ်နှင့် ရမ္မက်ကြားက တစ်နေရာတွင် ရှိနေသည့်အနမ်း။
"သူကပဲ အနမ်းကောင်းတာလား။ ငါကပဲ အထီးကျန်တတ်လာတာလား။"
ဒါဟီးက မေးထောက်ကာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်နေခဲ့သည်။ သို့သော် အဖြေတော့မရခဲ့။ ဖုန်းက တုန်ခါသံနဲ့အတူ မြည်လာသည်။
"အင်း၊ ထယ်ဆွန်း။"
-ဒါဟီး၊ နင် မင်္ဂလာဆောင် သွားတယ်ဆို။
"အင်း။"
-သူငယ်ချင်းတွေက နင် အရမ်းမိုက်တဲ့လူကို ခေါ်လာတယ်ဆိုပြီး ပွက်လောရိုက်နေကြတာ။ ဘယ်သူလဲဟင်။ လူရှာတွေ့သွားတာလား။
"အင်း။"
-ဘယ်သူလဲ။
"ကော်ဖီဆိုင်က ပုံမှန်ဖောက်သည်တစ်ယောက်။"
-သူငယ်ချင်းတွေက အရမ်းကြည့်ကောင်းပြီး ချောတယ်လို့ ပြောနေကြတယ်။
"အင်း။"
ထယ်ဆွန်းတစ်ယောက် ဆွံ့အသွားတော့သည်။
-ဝါး၊ လူခေါ်နိုင်တဲ့အရည်အချင်းကတော့ အံ့ဩစရာပဲနော်။ ပုံမှန်ဖောက်သည်ကို ဘယ်လိုများ ရအောင်ခေါ်လာတာလဲ။
"ငါက ခေါ်ခဲ့တာမဟုတ်ဘူး။"
-ဒါဆို သူက နင့်ကိုချဉ်းကပ်ပြီး ခေါ်ခိုင်းတာလား။
"အင်း။"
-ဘာ။
ထယ်ဆွန်းက ကြားလိုက်ရသည့်စကားကို မယုံနိုင်သလို မေးခဲ့သည်။ ဒါဟီးက ရှည်ရှည်ဝေးဝေး ရှင်းပြရမည်ကိုပျင်းသည်နှင့် တဲ့တိုးသာပြန်ဖြေခဲ့၏။
ဖုန်းတစ်ဖက်မှ ထယ်ဆွန်းတစ်ယောက် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည့်အသံကို ကြားနေရသည်။
"အခုတော့ date mate ပဲ။"
-တွဲနေကြပြီလား။
"ဟင့်အင်း။ ပြောတဲ့အတိုင်း ဒိတ်လုပ်ရုံပဲ။"
-ယောက်ျားနဲ့ မိန်းမကြားမှာ အဲ့ဒီလိုအရာမျိုး ဘယ်မှာရှိလို့လဲ။
"ရှာကြည့်လိုက်တော့ ရှိနေတယ်လေ။"
ဒါဟီး၏ စကားကြောင့် ထယ်ဆွန်းလည်း တစ်ဖန်ထပ်ကာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားရပြန်သည်။ ဒါဟီးက ထယ်ဆွန်း သတိပြန်ဝင်ပြီး ပြန်ဖြေလာချိန်အထိ စိတ်ရှည်လက်ရှည် စောင့်နေရင်း စားပွဲပေါ်တင်ထားသည့် ရှားစောင်းပင်ကို ကြည့်နေလိုက်၏။ ရေမလောင်းတာ ကြာပြီထင်ရသော်လည်း ရှားစောင်းပင်ကတော့ ဇွဲကောင်းကောင်းနှင့် ရှင်သန်နေဆဲပင်။ ထို့ကြောင့် ဒါဟီး ရှားစောင်းပင်ကို ကြိုက်သည်။ ဒါဟီး၏ အတွေးများ တခြားနေရာသို့ ရောက်အံ့ဆဲဆဲတွင် ထယ်ဆွန်းက အံ့ဩသည့်အသံနှင့် ပြောလာ၏။
-ဒီတော့ နင်ပြောချင်တာက ပုံမှန်ဖောက်သည်နဲ့ date mate ပေါ့လေ၊ ဟုတ်လား။ Sex လုပ်ခဲ့ကြသေးလား။
"ဟင့်အင်း။"
-အေးလေ။ နင့်ရဲ့စရိုက်အရဆိုရင် အဲ့ဒီလိုလုပ်စရာ အကြောင်းဘယ်ရှိပါ့မလဲ။ ဒီကိစ္စကို ပျော်ရမှာလား၊ မပျော်ရဘူးလား။ အဲ့ဒီလူကရော နင့်ကို ကြိုက်နေတာမဟုတ်ဘူးလား။ ပါးစပ်ကသာ date mate လို့ ပြောပေမဲ့ အဲ့ဒီထက်ပိုတာမျိုးလေ။
"ဟင့်အင်း။"
-မကြိုက်ဘူးပေါ့လေ။
"အင်း၊ သေချာတယ်။"
ဒါဟီးက လုံးဝ အဲ့ဒီလိုဖြစ်စရာအကြောင်းမရှိဘူးဟူသောပုံစံဖြင့် ခိုင်မာပြတ်သားစွာ ဖြေခဲ့သည်။ ထယ်ဆွန်းက နှမြောသလို သက်ပြင်းအရှည်ကြီးချပြီး ခပ်တိုးတိုးမေးလာ၏။
-ဒါဆို နင်ကရော။"
"နင် ငါ့အကြောင်း သိပြီးသားပဲကို။ အခု အချစ်ရေးတွေ မလုပ်တော့ဘူး။"
ဒါဟီးက သက်သောင့်သက်သာ ကိုယ်နေဟန်ထားဖြင့် ဘာမှမဟုတ်သလို ပြန်ဖြေခဲ့သည်။
-ဟုတ်ပါရဲ့လေ။
ထယ်ဆွန်း၏ နားလည်ပါပြီဟူသော သဘောပါသည့် အဖြေကိုနားထောင်ရင်း ဒါဟီး ခေါင်းမော့လိုက်သည်။ 'အချစ်' ဟု အမည်တပ်ထားသော ဆက်ဆံရေးတိုင်းက သူ့အား နာကျင်စေခဲ့သည်ချည်းသာ။ နာမည်ဂုဏ်သတင်းကို မြတ်နိုးတန်ဖိုးထားသော မိခင်ဖြစ်သူ၏ ကျောပြင်ကိုသာ ကြည့်နေခဲ့ရသည့် သူ့ဖခင်က အမြဲတစေ ဆွေးမြည့်အထီးကျန်နေခဲ့ပြီး၊ မိခင်ရော ဖခင်ကိုပါချစ်သည့် ဒါဟီးကတော့ မပျော်ရွှင်ခဲ့ရပေ။ မရေမတွက်နိုင်အောင် ချစ်ခွင့်ပန်ခြင်းခံခဲ့ရသည့်အထဲမှ ဂရုတစိုက် ရွေးချယ်ကာ ချစ်ခဲ့သည့်ယောက်ျားများပင်လျှင် နောက်ဆုံးတော့ သူ့အား ဒဏ်ရာများနှင့် ချန်ရစ်ထားခဲ့ကြသည်ချည်းသာ။
ဝူဟျွန်းနှင့် ဤမျှလောက်သော ဆက်ဆံရေးက ကောင်းသည်။ အားကုန်ထုတ်ကာ လက်ကိုလွှဲလျှင်ပင် တစ်ယောက်နှင့်တစ်ယောက်၏ စိတ်နှလုံးကို ထိခိုက်စေနိုင်ခြင်းမရှိသော ဤအကွာအဝေးကို ကျေနပ်မိ၏။
-အိုး၊ ခဏနေမှ ဖုန်းပြန်ခေါ်လိုက်မယ်နော်၊ အခုလေးတင် ယောက္ခမ ရောက်လာလို့။ အရေးကြီးတဲ့အချိန်မှ ရုတ်တရက်ကြီး ဘာကိစ္စပါလိမ့်။
ထယ်ဆွန်းက မကျေမနပ် ရေရွတ်ခဲ့သည်။
“အေးပါ၊ သိပြီ။”
-ဆောရီးပါဟယ်။ နောက်မှပဲ ပြောကြတာပေါ့။
~~~~~
Miel's Translations