no

Font
Theme

အပိုင်း ၁၀

“ဘယ်ကိုသွားနေတာလဲရှင့်။”

မြစ်ရေစီးသလို တရွေ့ရွေ့ဖြတ်သန်းသွားသည့် လမ်းဘေးမှ သစ်ပင်တန်းရှုခင်းကိုကြည့်ရင်း ဒါဟီးက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။ မင်္ဂလာဆောင်ခန်းမမှ ထွက်လာပြီး နာရီဝက်ကြာမှသာ ဒါဟီးတစ်ယောက် သွားနေသည့်ဦးတည်ရာကို သိချင်စိတ်ပေါ်လာခြင်းပင်။

“ဒိတ်လုပ်ဖို့လေ။”

ဝူဟျွန်းက ကားမောင်းနေရင်း ခပ်တည်တည် ပြန်ဖြေခဲ့သည်။

“တကယ်ကြီးလား။”

“အင်း။”

“ဒါနဲ့ ဘယ်တုန်းကစပြီး စကားကိုတရင်းတနှီး ပြောသွားရတာလဲရှင့်။”

“မင်္ဂလာခန်းမမှာကတည်းကပဲ။ 'ချစ်သူ' ဆိုတဲ့ သဘောတရားဖြစ်ရမှာကို တရင်းတနှီးမပြောရင် ရယ်စရာကြီး ဖြစ်နေမှာပေါ့။ မကြိုက်ဘူးလား ဒါဟီးခင်ဗျ။”

မကြိုက်လျှင် ယဉ်ယဉ်ကျေးကျေးပဲ ပြန်ပြောပေးမည့်ပုံစံမျိုးလုပ်နေသော်လည်း အဆုံးအထိ ယဉ်ယဉ်ကျေးကျေးမပြောသည့် ဝူဟျွန်းကိုကြည့်ကာ ဒါဟီး ရယ်လိုက်မိသည်။ ယဉ်ယဉ်ကျေးကျေးပြောခြင်းထက် တရင်းတနှီးပြောခြင်းက ဝူဟျွန်းနှင့်ပိုလိုက်ဖက်သလိုခံစားရပြီး ဒါဟီးလည်း ထိုပုံစံကို ပို၍သဘောကျ၏။

“တရင်းတနှီးပဲပြောပါ။”

“ကောင်းပြီလေ။ မင်းလည်း ကိုယ့်ကို တရင်းတနှီးပြောမယ်ဆိုရင်ရော။”

“ဖြည်းဖြည်းချင်း စဉ်းစားကြည့်ပါ့မယ်။”

“ဘာဖြစ်လို့လဲ။”

“ကျွန်မက မရင်းနှီးတဲ့သူကို တရင်းတနှီးစကားနဲ့ မပြောတတ်ပါဘူး။”

ဒါဟီးက ပြတ်ပြတ်သားသားပင် စည်းသားလိုက်၏။ အခြားသူသာဆိုလျှင် စိတ်ဆိုးမည်ဖြစ်သော်လည်း ဝူဟျွန်းကတော့ ရယ်သာရယ်ခဲ့သည်။

“ကိုယ်ကတော့ တရင်းတနှီးပြောလို့ အဆင်ပြေတယ်ပေါ့။”

“ကိစ္စမရှိပါဘူးရှင့်။”

“ကောင်းပြီလေ။ ဒါဆိုလည်း ပိုရင်းနှီးလာတဲ့အခါ တရင်းတနှီးပြောပေါ့။”

“ဒိတ်လုပ်မယ်ဆိုတော့ စဉ်းစားထားတဲ့နေရာ ရှိလားရှင့်။”

ဒါဟီးက မေးလိုက်သည်။

“ပင်လယ်ကို ကြိုက်လား။”

“ကြိုက်ပါတယ်။ ညဘက်ပင်လယ်ကြည့်ရင်း ဘီယာသောက်ရတာကို ပိုကြိုက်တယ်ရှင့်။”

“ဒါဆို အဲ့ဒီလို လုပ်ကြတာပေါ့။”

ဝူဟျွန်းက စတီယာရင်ဘီးကိုလှည့်ပြီး အမြန်လမ်းမပေါ်သို့ မောင်းဝင်လိုက်သည်။ ဒါဟီးက ပြတင်းမှန်ကို တစ်ဝက်ချကာ အပြင်ကရှုခင်းများကို ငေးကြည့်နေ၏။

နွေအစ၏ လေ​ပြည်က ပေါ့ပါးလှသည်။ ရွှင်မြူးတက်ကြွပြီး လန်းဆန်းစေ၏။ ထို့ကြောင့် ဒါဟီးက နွေအစကို နှစ်သက်သည်။ ပြီးတော့ ဝူဟျွန်းက နွေအစ၏ လေ​ပြည်နှင့်တူသူပင်။ ပေါ့ပါးသည်၊ ရွှင်မြူးတက်ကြွသည်၊ တွယ်ကပ်မှုမရှိ၊ မည်သို့သောအပြုအမူကိုမဆို အဓိပ္ပာယ်လိုက်ဖွင့်မနေဘဲ ပေါ့ပေါ့ပါးပါး သဘောထားတတ်ပုံပေါ်၏။

မင်္ဂလာခန်းမမှ ထွက်လာပြီးနောက် မင်္ဂလာပွဲအကြောင်းကို လုံးဝ မမေးမြန်းခဲ့ခြင်းက သက်သေပင်။ ‘အဆင်ပြေရဲ့လား’၊ ‘စိတ်ထိခိုက်သွားလား’ စသည့် နမော်နမဲ့မေးခွန်းများဖြင့် စိတ်ကိုလှုပ်ခါအောင်လည်း မလုပ်ခဲ့ပေ။ ဒါဟီး၏ နှုတ်ခမ်းဖျားတွင် အပြုံးရေးရေးတစ်ခု ပေါ်လာတော့၏။

သူ့ကိုတော့ နည်းနည်းသဘောကျမိသည်။

~~~~~

"အစားအရင်စားရအောင်။"

နှစ်နာရီကြာပြီးနောက် ပင်လယ်ကမ်းခြေသို့ ရောက်ရှိလာခဲ့ပြီး ဝူဟျွန်းက စားသောက်ဆိုင်တစ်ဆိုင်ကို မေးငေါ့ပြခဲ့သည်။ ဝူဟျွန်းညွှန်ပြသည့် စားသောက်ဆိုင်က ဆာရှိမိဆိုင်နှင့်မတူဘဲ တိတ်ဆိတ်ပြီး နွေးထွေးသော အငွေ့အသက်များ လွှမ်းခြုံနေ၏။ သူ့စိတ်ကြိုက်လည်းဖြစ်သည့် ဝူဟျွန်း၏ ဆုံးဖြတ်ချက်ကို သဘောကျသဖြင့် ဒါဟီးလည်း ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ။”

ဆိုင်အပြင်ပိုင်းထက် အတွင်းပိုင်းက ပိုမိုနွေးထွေးပြီး တိတ်ဆိတ်ငြိမ်သက်၏။ နေရာတိုင်းတွင် သစ်သားကန့်လန့်ကာများ ကာရံထားပြီး၊ အစောတည်းက ရောက်နေသည့် ဧည့်သည်များအားလုံးကလည်း တိတ်တိတ်ဆိတ်ဆိတ် စကားပြောနေကြသည်။

“မလာတာကြာပြီနော်။”

စားသောက်ဆိုင်ဝန်ထမ်းက ဝူဟျွန်းကို ပုံမှန်ဖောက်သည်တစ်ယောက်လို သိကျွမ်းဟန်ဖြင့် နှုတ်ဆက်လာသည်။ ဝူဟျွန်းက ဝန်ထမ်းလှမ်းပေးသော မီနူးစာအုပ်ကိုယူရင်း ပြုံးရုံသာ ပြုံးပြပြီး ပြန်မဖြေခဲ့ပေ။ သူက ဝန်ထမ်းပြန်သွားပြီးနောက် မီနူးစာအုပ်ကိုဖွင့်ကာ ဒါဟီးရှေ့သို့ ချပေးခဲ့သည်။

“ဘာကြိုက်လဲ။”

“ဆာရှိမိကြိုက်ပါတယ်။”

“ဘယ်လိုဆာရှိမိလဲ။”

“အမျိုးအစား မရွေးပါဘူး။”

“ကောင်းပြီလေ၊ ဒါဆိုလည်း။”

ဝူဟျွန်းက ဝန်ထမ်းကို လှမ်းခေါ်ပြီး ဆာရှိမိ အမျိုးအစားစုံ ပွဲလတ်တစ်ပွဲ မှာလိုက်သည်။ ဝန်ထမ်းက 'ဟုတ်ကဲ့' ဟု ပြောပြီး ဦးညွှတ်၍လှည့်ထွက်ရန်ပြင်လိုက်စဉ် ဒါဟီးက 'ခဏလေး' ဟု ခေါ်ကာ တားလိုက်၏။

“ဘီယာတစ်လုံးလည်း ပေးပါ။”

“တစ်ယောက်တည်း သောက်မှာလား။”

ဝူဟျွန်းက မျက်လုံးကျုံ့ကြည့်ရင်း မေးလာသည်။

“ဟင့်အင်း။ အတူတူသောက်ကြတာပေါ့။ ကားထဲမှာ ခဏနားပြီးမှ ပြန်လို့ရတာပဲလေ။ အလုပ်များနေလို့လားရှင့်။”

ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည့် ဒါဟီး၏စကားကြောင့် ဝူဟျွန်းတစ်ယောက် ပါးစပ်ပိတ်သွားတော့သည်။ ညပင်လယ်ကို တစ်ညလုံးကြည့်ရန် စဉ်းစားထားသည့်ပုံပင်။ ဝူဟျွန်းက ပြတင်းပေါက်အပြင်ဘက်ကို အရင်ကြည့်လိုက်သည်။ အခုမှ နေ့လယ်ပိုင်းပင် ရှိသေး၏။ ညပင်လယ်ကိုကြည့်ရန် အချိန်အများကြီး လိုသေးသည်။ ဝန်ထမ်းက အဖြေကို မျှော်နေသလိုမျိုး ဝူဟျွန်းကို ကြည့်နေသည်။

“ဘီယာတစ်လုံး ပေးပါ။”

“ဟုတ်ကဲ့။”

ဝန်ထမ်းလည်း ဦးညွှတ်ပြီးနောက် ပျောက်သွားတော့သည်။ သေသပ်စွာရက်လုပ်ထားသော ကန့်လန့်ကာက အောက်သို့ ရှည်လျားစွာတွဲကျနေသည်။ ကန့်လန့်ကာပေါ်တွင် ဧရာမ ဂန္ဓမာပန်းပုံကို ရေးဆွဲထား၏။

ဒါဟီးက ပြတင်းပေါက်မှတစ်ဆင့် မြင်နေရသည့် ပင်လယ်ကမ်းခြေကို ငေးကြည့်နေခဲ့သည်။ ဝူဟျွန်းက ထိုသို့သော ဒါဟီးကို ကြည့်နေ၏။ အနည်းငယ် ကျဉ်းမြောင်းသည်ဟု ခံစားရသည့် နေရာ၊ ထို့အပြင် ကန့်လန့်ကာချထား၍ တစ်ဝက်တစ်ပျက် ကွယ်နေသော နေရာ၌ပင် ဒါဟီးက ဝူဟျွန်းကို စိတ်ထဲမမှုခဲ့ပေ။ သတိထားမိခြင်းပင်မရှိဘဲ လျစ်လျူရှုထားခြင်းနှင့် ပိုတူပေသည်။

အမျိုးသမီးတစ်ဦးထံမှ ဤမျှအထိ အရေးမလုပ်ခြင်းမျိုးကို ပထမဆုံးအကြိမ် ခံရခြင်းဖြစ်၍ ဝူဟျွန်းတစ်ယောက် အံ့အားသင့်ရသလို တစ်ဖက်တွင်လည်း အတော်လေး သဘောတွေ့နေခဲ့သည်။

တစ်ဖက်လူက သူ့အပေါ် အလွန်အမင်း စိတ်ဝင်စားမှုမရှိသောအခါ သူကပင် ထိုတစ်ဖက်လူကို သိချင်လာရသောကြောင့်ပင်။

ဝန်ထမ်းက ဆာရှိမိတစ်ပွဲ၊ ဘီယာတစ်လုံးနှင့် ဖန်ခွက်နှစ်လုံးကို စားပွဲပေါ်သို့ စတင်ချပေးခဲ့သည်။

“အရသာရှိရှိ သုံးဆောင်ပါ။”

ဦးညွှတ်ပြီးနောက် ဝန်ထမ်းလည်း ပျောက်ကွယ်သွားပြန်သည်။ ဒါဟီးက တူနှင့်ဇွန်းကို သဘာဝကျကျလေးယူ၍ ဝူဟျွန်းထံသို့ လှမ်းပေးခဲ့သည်။ သူ့ကို စိတ်မဝင်စားသဖြင့် မေ့နေပြီဟုပင် ထင်ခဲ့သော်လည်း ထိုသို့ဟုတ်ပုံမပေါ်ပေ။

“ယူပါ။”

ဇွန်းနှင့်တူကိုသာ ကြည့်နေသည့် ဝူဟျွန်းကို ဒါဟီးက ပြောလိုက်သည်။ ဝူဟျွန်းက ဒါဟီးလှမ်းပေးသည့် ဇွန်းနှင့်တူကို ယူလိုက်၏။ ဝူဟျွန်း ဘီယာဘူးကို ဖွင့်နေစဉ် ဒါဟီးက အဆင်ပြေပြေ စားသောက်နိုင်ရန် နေရာပြင်ဆင်ပေးထားခဲ့သည်။ ဒါဟီးက ထင်ထားသည်ထက်ပို၍ အတော်လေး စိတ်ထားနူးညံ့ပုံရ၏။

“အရက်ကြိုက်လား။”

ဝူဟျွန်းက ဒါဟီး၏ ဖန်ခွက်ထဲသို့ ဘီယာထည့်ပေးရင်း မေးလိုက်သည်။

“မကြိုက်ပါဘူး။”

ဒါဟီးက ဘီယာခွက်ကို လက်ခံယူရင်း ခေါင်းကို အနည်းငယ်ခါယမ်းခဲ့သည်။

“ဒါဆို ဘာလို့သောက်တာလဲ။”

“ထူးထူးဆန်းဆန်း ပင်လယ်ကမ်းခြေကို ရောက်တာနဲ့ အရက်သောက်ချင်စိတ် ပေါ်လာတယ်လေ။ ပင်လယ်ကမ်းခြေမှာ အရက်သောက်တာက အဖေ့ရဲ့ အလေ့အကျင့်ပါ။ အဖေ ဆုံးသွားပြီး တစ်နှစ်အကြာမှာ အဲ့ဒီအကျင့်က ကျွန်မဆီ ရောက်လာတာပါပဲ။”

“အဖေက ဆုံးသွားပြီကိုး။”

စာနာသနားသည့် အရိပ်အယောင် လုံးဝမတွေ့ရသောအသံပင်။ ဒါဟီးက ခပ်ပေါ့ပေါ့ပင် ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့။ အမေတော့ သက်ရှိထင်ရှားရှိပါသေးတယ်။”

“အမေနဲ့ အတူနေတာလား။”

“မနေပါဘူးရှင့်။ ကျွန်မကို စိတ်မဝင်စားဘူးလေ။ အမေ့ရဲ့ခံယူချက်က သားသမီးဆိုတာ ကိုယ့်ဘဝကိုယ်နေရမယ်တဲ့။ သူ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်အောင်မလုပ်ရင်ရပြီ။ အဲ့ဒါပဲ အရေးကြီးတာ။ ဪ ဒါနဲ့ ကျွန်မရဲ့ အိမ်ထောင်ရေးကိုတော့ အာရုံစိုက်တယ်ရှင့်။ အဖေဘက်ကအဘွားက ကျွန်မအိမ်ထောင်ပြုတာကို မြင်ချင်တာလေ။ အဖေဘက်ကအဘွားနဲ့ ကင်းရှင်းချင်လို့ အမေက ကျွန်မကို အိမ်ထောင်ပြုဖို့ လောနေတော့တာပေါ့။”

ဒါဟီးက ပေါ့ပေါ့ပါးပါးပင် ခပ်တည်တည် ပြန်ဖြေခဲ့သည်။

“အဲ့ဒါကတော့ ကိုယ်တို့အိမ်နဲ့ တူတာပဲ။”

ဝူဟျွန်းက ပေါ့ပေါ့ပါးပါးပြုံးရင်း ပြန်​ပြောခဲ့သည်။ ဒါဟီးက ဆာရှိမိတစ်ဖတ် ယူစားပြီး 'အရသာရှိတယ်' ဟုပြောရင်း ပျော်ရွှင်စွာ ပြုံးလိုက်၏။ ထို့နောက် နှစ်ယောက်သား တိတ်ဆိတ်စွာပင် ဆက်လက်စားသောက်ခဲ့ကြသည်။ အရက်ခွက်လွတ်သွားလျှင် အရက်ပြန်ဖြည့်ပေးပြီး၊ တစ်ခါတရံ ပြောစရာအကြောင်းအရာတူတစ်ခု ပေါ်လာသည့်အခါ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆိုကြ၏။

“ထင်မထားဘူး။”

ဝူဟျွန်း၏စကားကြောင့် ဒါဟီးက 'ဘာကိုလဲ' ဟု မေးနေသည့်အလား မျက်လုံးပင့်ကြည့်လိုက်သည်။

“ကိုယ်ရေးကိုယ်တာတွေပြောဖို့ တွေဝေနေလိမ့်မယ်လို့ထင်ထားတာ။”

“…”

“လူတွေကို သိပ်မကြိုက်ဘူးမဟုတ်လား။”

“ဒီလောက်စကားလေးတောင် မပြောနိုင်ဘူးဆိုရင် ရှင်နဲ့ ဘယ်တွေ့နေပါ့မလဲ။ လူတွေကို မျက်နှာကြည့်ရုံသက်သက်အတွက် တွေ့တာမဟုတ်ဘူးလေ။ ပြီးတော့ ဒီလိုစကားတွေကလျှို့ဝှက်ချက်မှမဟုတ်တာ။”

ဒါဟီးက ဝူဟျွန်း၏ ခွက်အလွတ်ထဲသို့ ဘီယာထည့်ပေးလိုက်သည်။ အဖြူရောင် ဘီယာအမြှုပ်များ ဖန်ခွက်ထဲတွင်ဖောင်းကြွလာပြီးမှ အနည်းငယ်ပြန်ကျသွား၏။ ဒါဟီးက ဝူဟျွန်း၏ခွက်ကို ကြည့်ပြီး 'ကောင်းကောင်းငှဲ့တတ်တာပဲ' ဟု ကျေနပ်သလို မျက်နှာဖြင့် ပြောခဲ့သည်။

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment