အပိုင်း ၁၄
"အစ်ကို၊ ဒီအပင်က ဘာလဲဟင်။"
ဝူဟျွန်းထံ အစီရင်ခံစာတင်ရန် ရောက်လာသည့် ဆွန်းထယ်က ဝူဟျွန်း၏ စားပွဲပေါ်တွင်တင်ထားသည့် အပင်လေးကိုကြည့်ကာ မေးခဲ့သည်။
"ရှားစောင်းပင်လေ။"
ဝူဟျွန်းက မော်နီတာဆီမှ အကြည့်မခွာဘဲ စိတ်နှင့်လူမကပ်သလို ပြန်ဖြေခဲ့သည်။
"ကျွန်တော့်မှာလည်း မျက်လုံးပါပါတယ်။ ကြည့်တာနဲ့ ရှားစောင်းပင်မှန်းတော့ သိတာပေါ့။ ဘာလို့ ရုတ်တရက်ကြီး ရှားစောင်းပင်ပျိုးရတာလဲလို့။ ဘယ်တုန်းက ဝယ်လိုက်တာလဲဟင်။ ဘာလို့ တစ်ပင်ပဲ ဝယ်လာရတာလဲ။ ဝယ်မယ်ဆိုရင်လည်း ကျွန်တော့်အတွက်ရော၊ စာရင်းကိုင်အဖွဲ့ကိုပါ ဝယ်ပေးမှပေါ့။"
ဆွန်းထယ်က အဓိပ္ပာယ်မရှိသည့်အကြံပဲဖြစ်သလို ပြန်ပြောရင်း နှုတ်ခမ်းစူပြသည်။
"ရလာတာ။"
"ဘယ်သူ့ဆီကလဲ။ ဒီရက်ပိုင်း တွေ့နေတဲ့ date mate ဆီကလား။"
"အင်း။"
"အခုအထိ တွေ့နေတုန်းပေါ့လေ။"
ဆွန်းထယ်က ထင်မထားသလို မေးခဲ့သည်။ ဝူဟျွန်းတွင် date mate တစ်ယောက်ရထားသည်မှာ တစ်ပတ်ကျော်ပေပြီ။
"အင်း။"
ဝူဟျွန်း၏ အဖြေက စိတ်ပျက်စရာကောင်းအောင် တိုတောင်းသော်လည်း သူ၏ ထိုသို့သောအဖြေမျိုးနှင့် အသားကျနေပြီဖြစ်သော ဆွန်းထယ်က လက်မလျှော့ဘဲ ဆက်ပြောခဲ့သည်။
"အစ်ကို၊ ထူးဆန်းနေတယ်။"
ဆွန်းထယ်က ခေါင်းကိုငဲ့စောင်းကာ ရှားစောင်းပင်ကို စိုက်ကြည့်လိုက်သည်။ ဝူဟျွန်းကတော့ တိုပြတ်ပြတ်ပြန်ဖြေဖို့ပင် ပျင်းသည့်အလား ပြန်တောင်မဖြေတော့ချေ။ ထိုအချိန်တွင် စားပွဲပေါ်တင်ထားသည့် ဖုန်းက အကြာကြီး တုန်ခါလာသည်။ ရပ်တန့်မသွားသည့် ဖုန်းသံကြောင့် ဝူဟျွန်းလည်း မတတ်သာဘဲ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်ပြီး မျက်နှာကို ခပ်ကြမ်းကြမ်း ရှုံ့မဲ့လိုက်၏။
"အစ်ကို၊ အမေဆီကဖုန်း မဟုတ်ဘူးလား။"
"မြင်တယ်။ အခု ဒီလောက်နဲ့ သွားလို့ရပြီ။"
"အာ၊ တာဝန်ကျေလိုက်ပါဦး။"
ဝူဟျွန်း၏ ခန္ဓာကိုယ်မှ မှောင်မိုက်သော အရောင်အဝါများ ထွက်လာသည်ကို မမြင်ချင်သည့် ဆွန်းထယ်တစ်ယောက် ဒါကိုပဲ စောင့်နေခဲ့သလို ပျောက်သွားတော့သည်။ ဆွန်းထယ် ထွက်သွားသည်အထိ ဖုန်းသံက ရပ်မသွားပေ။ ဝူဟျွန်းက ဖုန်းကို နားနားကပ်လိုက်သည်။
"ဟုတ်ကဲ့။"
-သား။ ဒီနေ့ ဆောအွန်း ပြန်ရောက်မဲ့နေ့ဆိုတာ သိတယ်မဟုတ်လား။
ဖုန်းထဲမှထွက်ပေါ်လာသော အသံက နူးညံ့သော်လည်း ဝူဟျွန်း၏ ကျုံ့နေသောမျက်ခုံးများကတော့ ပြေလျော့မသွားခဲ့ပေ။ အမေဖြစ်သူ ဖုန်းဆက်လာသည့် အကြောင်းရင်းက သူ၏ အိမ်ထောင်ရေးကိစ္စပင်။ လက်ထပ်ဖို့ စိတ်ကူးမရှိဘူးဟု ဝူဟျွန်းက ပြောထားသော်လည်း မိခင်ဖြစ်သူ၏ ခေါင်းမာမှုကတော့ လျော့မသွားခဲ့။ ကိုယ်လက်အင်္ဂါအစုံအလင်နှင့် ကျန်းမာသန်စွမ်းသော သားဖြစ်သူက လက်မထပ်ဘဲနေသည်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။
"သူ ပြန်ရောက်တာက ကျွန်တော်နဲ့ ဘာဆိုင်လို့ ဒီလိုဖုန်းဆက်ပြောရတာလဲ။"
သာမန်လူဆိုလျှင် ကြောက်ပြီးနောက်ဆုတ်သွားလောက်သည့် ဝူဟျွန်း၏ ရေခဲတမျှ အေးစက်သောအသံကို ကြားတာတောင် အမေဖြစ်သူက မကြောက်မရွံ့ဆက်ပြောခဲ့သည်။
-ကျောင်းသွားမတက်ခင်က ဆောအွန်း မဟုတ်တော့ဘူး။ ဓာတ်ပုံတွေကြည့်လိုက်တော့ အရမ်းကို လှနေတာပဲ။
"အလုပ်များနေလို့။ ဖုန်းချလိုက်တော့မယ်။"
-သား၊ သား။
ဖုန်းထဲမှ ထွက်ပေါ်လာသော လုံးဝမျှော်လင့်တကြီးဖြစ်နေသည့် အသံကိုကြားနေရသော်လည်း ဝူဟျွန်းက အညှာအတာမဲ့စွာ ဖုန်းချပစ်လိုက်သည်။ အမေဖြစ်သူ ထပ်ပြီးဖုန်းဆက်ဦးမည်ကို သိနေသဖြင့် ဘက်ထရီကိုပါ ကြိုတင်ပြီး ဖြုတ်ထားလိုက်၏။
ဆောအွန်းတဲ့လား။ ယင်းနာမည်ကို ကြားရုံနှင့်တင် ဝူဟျွန်း၏ခေါင်းတွေ ထိုးကိုက်လာရသည်။ ကလေးဘဝကတည်းက 'အစ်ကိုနဲ့ လက်ထပ်မှာ' ဟု ပါးစပ်ဖျားကမချစတမ်း ပြောတတ်သည့် ဆောအွန်းက တကယ်တမ်းတွင် ဝူဟျွန်းနှင့်တွဲသမျှ မိန်းကလေးတိုင်းကို မရမနေ လိုက်နှောင့်ယှက်ခဲ့သူပင်။ ထိုအဖြစ်ကို မကြည့်နိုင်တော့သည့် ဆောအွန်း၏ မိဘများက သူ့ကို နိုင်ငံခြား အတင်းပို့လိုက်တော့ ခဏငြိမ်သက်သွား၏။ ယခုတော့ ထိုဆောအွန်း ပြန်ရောက်လာပေပြီ။ ထို့အပြင် ဆောအွန်း၏ အနှောင့်အယှက်ပေးတတ်သည့် အကျင့်ကို သူ့မိဘတွေကပါ မီးလောင်ရာလေပင့်လုပ်နေကြသည်။ သူ့သားနှင့်လက်ထပ်နိုင်မည့် တစ်ဦးတည်းသော မိန်းကလေးဟု လုံးဝကို နားလည်မှုလွဲနေကြခြင်းပင်။
ကုလားထိုင်နောက်မှီပေါ် ကိုယ်ကို မှီချလိုက်သည့် ဝူဟျွန်းက ကုလားထိုင်ခေါင်းမှီတွင် ခေါင်းကိုမှီထားခဲ့သည်။
ဘယ်လိုလုပ်ရမလဲ။ လုပ်ငန်းကိစ္စတွေထက် ဤသို့သော လူမှုဆက်ဆံရေးကိစ္စများက ပို၍ပင်ဦးနှောက်ခြောက်ရ၏။ တစ်ချက်စဉ်းစားနေသော ဝူဟျွန်းတစ်ယောက် ဒါဟီးကို ပြေးသတိရလိုက်မိသည်။ ဒါဟီးက သွေးအေးသောစရိုက်ရှိသူပင်။ ထို့ကြောင့် ဆောအွန်း၏ တိုက်ခိုက်မှုတွင် အညံ့ခံမည်မဟုတ်သည့် တစ်ဦးတည်းသောမိန်းမဖြစ်၏။ မတော်လို့များဆိုပြီး ဤကိစ္စနှင့်ပတ်သက်၍ ဒါဟီးကို နည်းနည်းပါးပါးပင် အရိပ်အမြွက်ပြောထားခဲ့သေးသည်။ သို့သော် ထိုသို့လုပ်ပါက သူ့မိဘတွေ ဒါဟီးရှိနေကြောင်းကို သိသွားကြပေမည်။ ဘယ်နည်းလမ်းက စိတ်ထိခိုက်စရာ ပိုပြီးနည်းမလဲဆိုတာကို စဉ်းစားရင်း ဝူဟျွန်းတစ်ယောက် ဘယ်လိုမှဆုံးဖြတ်ချက်ချနိုင်ခြင်းမရှိခဲ့ပေ။
~~~~~
Miel's Translations