no

Font
Theme

အပိုင်း ၂၇

နောက်နေ့မနက်မှာပင် ရောက်ချလာသော ဒါဟီး၏မိခင်က ကောင်တာကို ထုရိုက်ရင်း အော်ဟစ်ခဲ့သည်။

"တကယ်ပဲ ဘာဖြစ်နေတာလဲ ကောင်မလေးရဲ့။ အမေကို အရှက်ခွဲဖို့ ဆုံးဖြတ်ထားတာလား။"

မိခင်၏ စူးစူးရှရှ အသံကိုနားထောင်ရင်း ဒါဟီးတစ်ယောက် နောက်တစ်ရက် ထပ်နားခဲ့လျှင်ကောင်းသားဟု တွေးလိုက်မိ၏။ ဒါဟီးက လက်ဖက်ရည်အေးကို တစ်ငုံသောက်လိုက်သည်။

"ငါ့စကားကို စကားလို့မမှတ်ဘူးလား။"

"မှတ်ပါတယ်။"

ဒါဟီး တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်တော့ မိခင်ဖြစ်သူ၏ မျက်ခုံးများ ပင့်တက်သွားသည်။ သူက ဒါဟီးကို စိုက်ကြည့်ခဲ့၏။ သို့သော် ဒါဟီး၏ မျက်နှာထားက အနည်းငယ်မျှပင် ပြောင်းလဲမသွားချေ။ ငယ်စဉ်ကတည်းက ဘာတွေးနေမှန်းမသိနိုင်လောက်အောင် ဒါဟီး၏ မျက်နှာအမူအရာက အပြောင်းအလဲ သိပ်မရှိခဲ့။ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျသည်အထိ ဆူပူဆုံးမသော်လည်း 'ဒီလိုဒီလို လုပ်မိလို့ မှားပါတယ်။ နောက် မလုပ်တော့ပါဘူး' ဟု ပြတ်သားစွာ ပြန်ဖြေတတ်ရုံသာ။ တကယ်တမ်းလည်း မျက်ရည်ကျသည်အထိ ဆူပူဆုံးမရလောက်အောင် ပြဿနာရှာခြင်းမျိုး မရှိခဲ့။ ခံစားချက်ကင်းမဲ့ပုံရသည့် ဒါဟီးတစ်ယောက် အမှန်တကယ် ချစ်သူထားနိုင်ပါ့မလားဟု စိုးရိမ်ခဲ့ရပြီး စိုးရိမ်ခဲ့သည့်အတိုင်း ချစ်သူထားသော်လည်း လက်ထပ်သည်အထိ တစ်ခါမှ မရောက်ခဲ့ပေ။ အသက်ရှူမှန်အောင် ပြန်ထိန်းလိုက်သော မိခင်ဖြစ်သူက ဒါဟီး၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

"သွားမယ်ဆိုပြီး ဘာလို့ မသွားတာလဲ။"

"ရုတ်တရက် ပင်ပန်းသွားလို့ပါ။ ရူးလောက်အောင် ပင်ပန်းသွားလို့။"

"ဘာ။"

'ဒါလေးပဲလား'ဟု ပြောနေသလို မိခင်ဖြစ်သူက ခက်ထန်စွာ မေးခဲ့သည်။

"ဟူး... ဒါဆို ဘယ်ရောက်နေတာလဲ။ အိမ်မှာလည်း မရှိဘူး၊ ကော်ဖီဆိုင်မှာလည်း မရှိဘူး။"

"ထယ်ဆွန်းအိမ်မှာပါ။"

"Blind date ဖျက်ပြီး သွားမဲ့သွားတော့လည်း အိမ်ထောင်သည် သူငယ်ချင်းရဲ့အိမ်ကိုပေါ့လေ။ ထယ်ဆွန်းကိုကြည့်ပြီး ဘာမှမခံစားရဘူးလား။"

မိခင်ဖြစ်၏ ဆူပူသံကြောင့် ဒါဟီး ခေါင်းမော့ကြည့်လိုက်သည်။ ဒါဟီး၏မျက်နှာက ပုံမှန်ထက် ပိုမိုချောင်ကျနေ၍ မိခင်၏ ပါးစပ်လည်း အလိုအလျောက် ပိတ်သွား၏။ ဒါဟီးက တစ်ချက်သက်ပြင်းချပြီး နဖူးကို စမ်းကြည့်လိုက်သည်။ နဖူးပေါ်ရှိ လက်ဖမိုးက ပူနေ၏။ အဖျားတက်နေသည့်ပုံပင်။ မနက်ကတည်းက ချမ်းစိမ့်စိမ့်ဖြစ်နေတာ ထို့ကြောင့်ကိုး။ ဒါဟီးက ခွေးတောင်မဖျားသည့် နွေရာသီ တုပ်ကွေးမိနေသော ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း ထိုင်ခုံနောက်ကျောတွင် ချိတ်ထားသည့် အင်္ကျီလက်ရှည်ကို ဝတ်လိုက်သည်။

"နင်၊ မျက်နှာအရောင်အသွေးက ဘာလို့ ဒီလိုဖြစ်နေတာလဲ။ နေမကောင်းဘူးလား။"

"ဘာမှမဖြစ်ပါဘူး။ ပြီးတော့ အမေ။ အခုလက်လျှော့လိုက်ပါတော့။"

"ဘာကိုလဲ။"

"ရှေ့လျှောက် blind date တွေ မသွားတော့ဘူး။ အချိန်တန်လို့ လုပ်ရမဲ့အခြေအနေ ရောက်လာရင် လက်ထပ်မှာပါ။ ဒါပေမဲ့ လူတစ်ယောက်ကို မရမနေအတင်းရှာပြီး လက်ထပ်ချင်စိတ်တော့မရှိပါဘူး။"

"ဘာဖြစ်လို့လဲ။"

"ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိလို့။"

ဒါဟီး မျက်လွှာချထားလိုက်သည်။

"ဘယ်သူကရော တွေ့တာနဲ့ တန်းပြီးလက်ထပ်ခိုင်းနေလို့လဲ။ တစ်ခါလောက်ပဲ တွေ့ကြည့်ပါလို့ ပြောတာလေ။"

မိခင်ဖြစ်သူက စိတ်ပျက်လက်ပျက်ဖြင့် ရင်ဘတ်ကိုထုရင်း အော်ပြောခဲ့သည်။ ဒါဟီးက ထိုသို့သော မိခင်ဖြစ်သူကို ငေးစိုက်ကြည့်နေရာက မျက်လွှာချလိုက်၏။ ထို့နောက် ခဏလေး အသက်ရှူမှန်အောင် လုပ်လိုက်သည်။ အဖျားတက်နေ၍ပဲလား၊ ဒါမှမဟုတ် ပင်ပန်းနေ၍ပဲလားမသိ ပုံမှန်ဆိုလျှင် မရှိဖူးသော ခံစားချက်များ တရစပ် ပေါ်လာလေသည်။ ခေါင်းထဲတွင် ဖြတ်သန်းသွားသော အတွေးများစွာကို အသာဘေးပို့လိုက်ရင်း ဒါဟီးက ခပ်တိုးတိုး စကားစ​လိုက်၏။

"အမေ၊ သမီး အဖေ့ကို အမြဲသနားမိတယ်။"

"ဟဲ့၊ ဒီကလေးမ ရုတ်တရက်ကြီး အဲ့ဒီစကားက ဘယ်ကထွက်လာတာလဲ..."

မိခင်၏ အသံက ရုတ်တရက် ထူးဆန်းလာသည်။ ဖခင်ဖြစ်သူအပေါ် တစ်စုံတစ်ရာ အပြစ်ရှိသည်ဟု ခံစားနေရသော မိခင်ပင်။ ထိုအချက်ကိုသိသော ဒါဟီးက မိခင်ဖြစ်သူအား ဖခင်အကြောင်း လုံးဝမပြောခဲ့ဖူးချေ။ ဒါဟီး၏ မျက်လုံးများ ဝေဝါးလာ၏။

"အဖေက အမြဲအလုပ်များနေတဲ့ အမေ့ရဲ့ကျောပြင်ကိုပဲ ကြည့်နေခဲ့ရတာ။"

"အခု နင် blind date မသွားချင်တာက ငါ့အပြစ်လို့ ပြောနေတာလား။"

မိခင်၏ အသံက စူးစူးရဲရဲဖြစ်လာ၏။

"ဟင့်အင်း၊ အဲ့ဒီလိုမဟုတ်ပါဘူး။ လုံးဝမတူညီတဲ့ အခြေအနေဆိုပေမဲ့...သဘောတရားချင်းတော့ အတူတူပါပဲ။ သမီး ကိုယ့်ဘာသာတောင်မသိလိုက်ဘဲနဲ့ အဲ့ဒီလိုမျိုး တစ်စုံတစ်ယောက်ကို နာကျင်အောင်လုပ်မိမှာ ကြောက်တယ်လို့ ပြောချင်တာ။ အမေ၊ သမီး ကိုယ့်ကိုယ်ကိုယ် တကယ် ကြောက်တယ်။"

ပြင်းပြင်းပြပြ မပူနွေးနိုင်သည့် ကိုယ့်ကိုယ်ကိုယ် ကြောက်သည်။

ပြင်းပြင်းပြပြပူနွေးမှုမရှိသည့် တစ်ဖက်လူကိုချစ်မိပြီး ညှိုးရော်လာသည့် ဖခင်၏ပုံစံကို သူ မြင်ခဲ့ရ၏။ ဖခင်ဖြစ်သူ ပင်လယ်ကို ထိုမျှအထိ ချစ်ရသည့်အကြောင်းရင်းက ပင်လယ်မှာပင် မိခင်ကို ပထမဆုံး တွေ့ခဲ့သောကြောင့်ဖြစ်သည်ဟု ပြောပြဖူးသည်။ မသိနားမလည်မီကတော့ အိမ်မှာထက် အပြင်မှာ အလုပ်များနေရကောင်းလားဟု မိခင်ကို အပြစ်တင်မိခဲ့သော်လည်း ရင့်ကျက်လာပြီးနောက်တွင်တော့ မိခင်ဖြစ်သူ ချစ်သည့်အရာက 'အလုပ်' ဖြစ်ကြောင်းကို သိသွားပြီး အပြစ်ပင်မတင်နိုင်တော့။ အလုပ်ကိုချစ်သည့် မိခင်ဖြစ်သူကို ဖခင်က သိလျက်နှင့်ချစ်ခဲ့ခြင်းပင်။ သို့သော် ဒါဟီး အခုအထိ မှတ်မိနေသေး၏။ ဖခင်၏ အထီးကျန်လှသော ပခုံးများကို၊ ဆွေးမြည့်အထီးကျန်မှု၏ ရနံ့ကို၊ မိခင်ဖြစ်သူ အိပ်ပျော်နေသည်ကို ငြိမ်သက်စွာ ငေးကြည့်နေတတ်လေ့ရှိသော ဖခင်၏ ဘေးတစ်စောင်းပုံရိပ်ကို။

ဒါဟီး၏ အသံက တိမ်ဝင်သွားသည်။ မိခင်၏ နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟလာ၏။ သူ့အတွက်တော့ ဒါဟီး ဤကဲ့သို့သော မျက်နှာအမူအရာနှင့် အသံမျိုး ပြုလုပ်သည်ကို ဘဝတွင် ဒုတိယအကြိမ် တွေ့ကြုံရခြင်းပင်။ ဖခင်ဖြစ်သူ ဆုံးပါးပြီးနောက်ပိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်၏။

မိခင်ဖြစ်သူ၏ ထိုသို့သော တုံ့ပြန်မှုကို သတိမထားမိဘဲ ဒါဟီး၏အကြည့်က ကြမ်းပြင်ပေါ်ရှိ တစ်နေရာသို့သာ ဦးတည်နေဆဲပင်။ ဒါဟီး၏ မျက်လုံးများက ဝမ်းနည်းစွာ တောက်ပနေ၏။ ဖခင်အကြောင်း စဉ်းစားပြီးသွားသည့်နောက် ဝူဟျွန်းကို သတိရလာသည်။ ဒါဟီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိ၏။

ချစ်မိမှာမဟုတ်ဘူးဆိုသည့် အတွေးကြောင့် ပေါ့ဆမိခဲ့သည်။ ပြီးတော့ နောက်ဆုံးတွင် ထိုပေါ့ဆမှုကြောင့်ပင် ဝူဟျွန်းကို ချစ်မိသွားခဲ့၏။ ဝူဟျွန်း ဖွင့်ပြောလာသည့်အခိုက်အတန့်တွင် သူလည်း ဝူဟျွန်းကို သဘောကျနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော်လည်း ဒါဟီးတွင် ဝူဟျွန်းကို တွန်းထုတ်ရုံမှတစ်ပါး တခြားမရှိခဲ့ပေ။

ဝူဟျွန်း၏နှလုံးသားက ၄၀ ဒီဂရီသို့ ရောက်ရှိပြီး အချစ်နှင့် ရူးသွပ်နေလျှင်တောင် ဒါဟီး၏ အပူချိန်ကတော့ ထုံးစံအတိုင်း ၃၈ ဒီဂရီလောက်ပဲ ရှိနေဦးမည်သာ။ ပြီးလျှင် ဝူဟျွန်းက ၂ ဒီဂရီ ကွာခြားချက်ကို သည်းမခံနိုင်ဘဲ ၃၆.၅ ဒီဂရီ ကိုယ်အပူချိန်ဆီသို့ ပြန်သွားပေလိမ့်မည်။ တခြားသူတွေ လုပ်ခဲ့ဖူးသလို 'မင်း ငါ့ကို မချစ်ဘူး' ဆိုသည့် စကားကို ပြောပေလိမ့်မည်။ ထိုအခါ ဒါဟီးသည်လည်း တစ်ယောက်တည်း ၃၇ ဒီဂရီ အဖျားငွေ့ငွေ့ကို အချိန်အကြာကြီး ခံစားရပေဦးမည်။ ယခု ထိုအဖျားငွေ့ငွေ့ကို ထပ်ပြီးခံစားနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိတော့။ ထို့ထက်ပို၍ ဝူဟျွန်းကြောင့် ဖြစ်ရသည့် အဖျားဆိုပါလျှင် ပို၍ပင် ခံနိုင်ရည်မရှိနိုင်တော့ပေ။

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment