no

Font
Theme

အပိုင်း ၃

ဒါဟီးတစ်ယောက် ထိုလူ ဘာမေးမလဲဆိုတာကို သိချင်နေသည်။ အမည်၊ အသက်၊ တခြားအရာတွေ အများကြီးမေးစရာရှိသော်လည်း အရေးအကြီးဆုံးက ဘာကြောင့်မေးသလဲဟူသည့်အချက်ပင်။

"စောစောက ပြောနေတဲ့လူကို ရှာတွေ့ပြီလားဗျ။"

ထိုလူက ဒါဟီး၏ထင်မြင်ချက်နှင့်ဆန့်ကျင်စွာ မေးခွန်းထုတ်ခဲ့သည်။

"ဘယ်လူလဲရှင့်။"

ဒါဟီး၏တုံ့ပြန်စကားကြောင့် ထိုလူက လေးတိလေးပင်နှင့် မျက်လုံးကို မှိတ်လိုက်၊ ဖွင့်လိုက် လုပ်လေ၏။ ထူးဆန်းသောအကြည့်ကြောင့် ဒါဟီးလည်း မျက်လုံးကိုကျုံ့လိုက်မိသည်။

"တစ်ရက်လောက်လေးပဲ ဘေးမှာ တောက်ပပေးရမဲ့လူလေ။"

"ကြားလိုက်တာလားရှင့်။"

"တမင်နားထောင်ဖို့ ရည်ရွယ်တာမဟုတ်ပေမဲ့ ကြားလိုက်ပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ရင် တောင်းပန်ပါတယ်ဗျ။"

"မဟုတ်ပါဘူး။ ကျွန်မသိချင်တာက ကြားလား မကြားလားဆိုတာထက် ဘာလို့ အဲ့ဒါကို သိချင်ယောင်ဆောင်ပြီး မေးရတာလဲဆိုတာကိုပါ။ ဘာဖြစ်လို့မေးတာလဲရှင့်။ မိတ်ဆက်ပေးမလို့လား။"

"ဖြစ်နိုင်ရင်ပေါ့။ တိတိကျကျပြောရရင် ဘယ်လိုလူမျိုးကို ရှာနေတာလဲ။"

"တောက်ပပေမဲ့ မတွယ်ကပ်တတ်တဲ့လူမျိုး။"

ဒါဟီးက ကြည်လင်သေသပ်စွာ ပြုံးလိုက်သည်။ ထိုလူက ပိုပြီးအကျယ်ရှင်းပြစေချင်ပုံဖြင့် ခေါင်းငဲ့ခဲ့သည်။ တစ်ပြိုင်နက်တည်းမှာပင် သူ၏ နူးညံ့သောဆံပင်များ အရှေ့ကိုကျလာတော့၏။

တကယ် တောက်ပသည့်လူပင်။

"ပြောလိုက်တဲ့အတိုင်းပါပဲ။ ခံ့ညားပေမဲ့ ကျွန်မကို မကပ်တွယ်မဲ့လူ။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်မရှိဘဲ အချစ်ကို မယုံကြည်တဲ့သူမျိုး။"

ထိုလူက စိုက်ကြည့်ခဲ့သည်။ ဒါဟီးက သူ့မျက်လုံးတွေကို တည့်တည့်ပြန်ကြည့်ရင်း စကားဆက်လိုက်၏။

"အချစ်ကိုမယုံကြည်ဘဲ၊ ယုံကြည်ရင်တောင် လွယ်လွယ်နဲ့ အချစ်မှာအညံ့မခံမဲ့လူမျိုးပေါ့။ ပတ်ဝန်းကျင်မှာများ အဲ့ဒီလိုလူမျိုးများရှိလားရှင့်။"

"ရှိတယ်။"

ထိုလူ၏စကားကြောင့် ဒါဟီး၏မျက်လုံးများက စိတ်ဝင်တစား ကျဉ်းမြောင်းသွားတော့သည်။ အရှေ့တွင်ရှိနေသည့်လူက ဒါဟီးလိုချင်သော ရုပ်ပိုင်းဆိုင်ရာအရည်အချင်းများနှင့် အကုန်လုံးကိုက်ညီနေသည်။ ဤသို့သောလူမျိုးက မိတ်ဆက်ပေးမည့်သူဆိုလျှင် ယုံကြည်လို့ရလောက်သည်ဟု တွေးနေစဉ်မှာပင်။

"ကျွန်တော်ပဲလေ။"

အမျိုးသား၏စကားကြောင့် ဒါဟီး၏မျက်လုံးများ ကျုံ့သွားတော့သည်။ ထင်မှတ်မထားသည့်အဖြေဖြစ်သဖြင့် ခဏလောက် စကားမပြောနိုင်ဖြစ်သွား၏။ ထိုလူကတော့ ဒါဟီး အတွေးများစုစည်းနိုင်မည့်အချိန်အထိ စောင့်စားမည့်အလား ထိုင်ခုံနောက်မှီကိုမှီထားသည်။ ကမ်းလှမ်းခဲ့သူက သူပင်ဖြစ်သော်လည်း ထိုလူက တစ်လျှောက်လုံး အေးအေးဆေးဆေးပင်။ အငြင်းခံရလျှင်တောင် ဂရုစိုက်မည့်ပုံမပေါ်သည့် မျက်နှာထားမျိုး။ ယင်းမျက်နှာထားက ဒါဟီးကို လာဆွခဲ့သည်။

"ဘာဖြစ်လို့ လျှောက်ထားတာလဲ။"

ခဏတာတိတ်ဆိတ်မှု၏အဆုံးတွင် ဒါဟီးက မေးခဲ့သည်။

"ကျွန်တော်က အဲ့ဒီလိုလူမျိုးဖြစ်နေလို့လေ။"

ထိုလူ၏ လက်ချောင်းထိပ်က စားပွဲကို တောက်တောက်ခေါက်နေသည်။

"နောက်ထပ် အကြောင်းပြချက် ထပ်ပေးရမယ်ဆိုရင် စိတ်ဝင်စားဖို့ကောင်းမယ်ထင်လို့ပါ။"

"ကျွန်မက မသိတဲ့လူနဲ့ sex လုပ်မှာ မဟုတ်ပါဘူး။"

"လုပ်ရအောင်လို့လည်း မပြောပါဘူးဗျ။ လုပ်မယ်ဆိုရင်တော့ ငြင်းစရာအကြောင်းမရှိပေမဲ့ လုပ်ရအောင်လို့ အဆိုပြုဖို့လည်း စိတ်ကူးမရှိဘူး။"

အမျိုးသား၏ နှုတ်ခမ်းများ ကွေးညွတ်သွားသည်။ သူ့စိတ်ကို ခန့်မှန်းရခက်၏။ နွေရာသီအစ၏ မိုးကြီးသည့်တစ်ရက်တွင် မျက်လုံးချင်းအကြာကြီး ဆုံခဲ့ပြီးသည်နောက် ရက်အတော်ကြာသည်အထိ စကားတစ်ခွန်းမှ မပြောဖူးခဲ့ပေ။ ယခု သူက ဒါဟီးရှာနေသည့် အမျိုးသားဖြစ်လာပေးမည်ဟု ရုတ်တရက်ကြီး ပြောလာသည်။

"ကျွန်မ ပိုက်ဆံတော့အများကြီး မပေးနိုင်ပါဘူး။ မြင်တဲ့အတိုင်းပဲ ဆိုင်ကလည်း သိပ်အခြေအနေမကောင်းဘူးဆိုတော့။"

ဒါဟီး၏အဖြေကြောင့် အမျိုးသားက ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်းပြီး ရယ်ခဲ့သည်။ တိုးညင်းညင်းရယ်သံက ဆိုင်ကြမ်းပြင်တစ်ခွင်အနှံ့ ပျံ့နှံ့သွား၏။ ရယ်သံက နားထောင်ကောင်းသားပဲဟူသော အတွေးနှင့်အတူ ဘာကြောင့်ရယ်တာလဲဟူသော မေးခွန်းက တစ်ပြိုင်နက်တည်းပေါ်လာတော့သည်။ ထိုလူက မျက်လုံးများကို မှေးမှိတ်ရင်း ပြောခဲ့သည်။

"ပိုက်ဆံမလိုပါဘူး။"

"ဒါဆို ဘာဖြစ်လို့ အချိန်ကုန်ခံပြီး အဲ့ဒီလူဖြစ်ပေးချင်ရတာလဲရှင့်။"

"ပြောပြီးပြီလေ။ စိတ်ဝင်စားဖို့ကောင်းမယ်ထင်လို့ပါဆို။"

"..."

"ပြီးတော့ အကြောင်းပြချက်တစ်ခု ထပ်ထည့်ရမယ်ဆိုရင် ကျွန်တော်လည်း ခင်ဗျားကို လိုအပ်လို့။"

ထိုလူ၏မျက်လုံးများက လခြမ်းကွေးလို ကွေးညွတ်သွားသည်။ မျက်နှာသေနှင့်ရှိနေတုန်းကတော့ မသိသာသော်လည်း ပြုံးလိုက်သည့်အခါ သူ့မျက်နှာက နွေရာသီအစောပိုင်းလို ကြည်လင်လတ်ဆတ်လှ၏။ သို့သော် နူးညံ့မှုနှင့် လတ်ဆတ်မှုသာရှိကာ နွေးထွေးမှုတော့ မရှိပေ။

"ကျွန်တော်က အဲ့ဒီလိုလူမျိုးပဲ။ စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စတွေကို ကြိုက်ပြီး တကယ့်အချစ်မပါဘဲ တော်ရုံသင့်ရုံ ဟန်ဆောင်ပြီးချစ်နိုင်တဲ့သူ။"

ထိုလူ၏စကားကို ဆက်နားထောင်ပြီးသည့်နောက်တွင် ဒါဟီး သေချာသွားတော့သည်။ သူ့အရှေ့တွင်ရှိနေသည့်လူက သူနှင့်တူသည့်လူမျိုးဖြစ်သည်ဟူ၍။ အကောင်းဆုံးကြိုးစားပြီး ချစ်ကြည့်သော်လည်း ဘယ်တော့မှ ခံစားချက်က နွေးမလာတတ်သည့်လူမျိုး၊ စိတ်ခံစားချက်ထက် ဆင်ခြင်တုံတရားက အမြဲအရှေ့ရောက်နေပြီး ထို့ကြောင့်ပင် ချစ်ရသူကို နာကျင်ရအောင်သာ လုပ်တတ်သောလူမျိုး။

ဒါဟီးက လက်မထိပ်ဖျားလေးနှင့် ဖန်ခွက်အနားသတ်ကို ပွတ်လိုက်သည်။ အေးစက်သော ရေစက်လေးများ လက်ချောင်းတစ်လျှောက် အေးစိမ့်စိမ့်စီးကျလာ၏။

ဘာလုပ်သင့်သလဲ။ ထိုလူက သူရှာနေသည့် ရုပ်ရည်သွင်ပြင်နှင့်လည်း ကိုက်ညီသည်။ သူ၏အရှိန်အဝါနှင့် အသံအထိပါ အပြစ်အနာအဆာမရှိ ပြီးပြည့်စုံ၏။

"ကျွန်မကို ဘာအတွက်လိုအပ်တာလဲ။"

ခဏလောက် မျက်နှာငုံ့ထားသည့် ဒါဟီးက ခေါင်းမော့ပြီး မေးလိုက်သည်။

"ရန်ဖြစ်ရတာ ကြိုက်လား။"

"ကိုယ်ထိလက်ရောက် ရန်ဖြစ်တာကိုပြောတာလား။"

"မဟုတ်ဘူး။ သူတစ်ခွန်းကိုယ်တစ်ခွန်း စကားနိုင်လုရတဲ့ စိတ်ပိုင်းဆိုင်ရာရန်ပွဲ။"

"မကြိုက်ပေမဲ့ ကောင်းကောင်းတော့လုပ်နိုင်တယ်ရှင့်။"

"ထင်ပါတယ်။"

"ချီးကျူးပေးတာ ကျေးဇူးပါ။"

ဒါဟီး၏ ခြောက်ကပ်ကပ်အဖြေကြောင့် ထိုလူက အသာလေးရယ်လိုက်သည်။

"ဒီအတိုင်း စိတ်ရှုပ်စရာကောင်းတဲ့လူတွေကို ရှင်းထုတ်ပေးရုံပါပဲ။"

မိန်းမပြဿနာကိုး။

ဒါဟီးက ထိုလူလိုချင်သည့်အရာကို ချက်ချင်းသဘောပေါက်လိုက်သည်။ တစ်ချက်တော့ တွေဝေမိ၏။ စိတ်ချင်းပြိုင်ဆိုင်တာ သို့မဟုတ် စကားနိုင်လုရတာကို မကြိုက်သော်လည်း ရှုံးတော့မရှုံးဖူးပေ။ ဤသည်က ပြဿနာမရှိ။ သို့သော် ဘာတွေဆက်ဖြစ်လာမလဲဟုတော့ သိချင်မိ၏။ ဒါဟီးက မကြာမီကျင်းပတော့မည့် ရည်းစားဟောင်း၏ မင်္ဂလာပွဲကို ပြန်တွေးရင်း သူ့အရှေ့တွင်ရှိနေသောလူကို ကြည့်လိုက်သည်။ သူက ဒါဟီး၏ဆုံးဖြတ်ချက်ကို စောင့်နေသည်။

သူ့ကို ငြင်းလိုက်၍လည်း ဒါဟီး၏ ငြိမ်းချမ်းသည့်ဘဝက ပြောင်းလဲသွားမည်တော့မဟုတ်။ သို့သော် နောင်တတော့ ရပေလိမ့်မည်။

"စိတ်ဝင်စားစရာကောင်းမှာပဲရှင့်။"

ဒါဟီးက ပြုံးလိုက်သည်။ ဒါဟီး၏ သဘောတူမှုကြောင့် ထိုလူက လုပ်ငန်းကတ်အိတ်ထဲမှ လုပ်ငန်းကတ်ကိုထုတ်ပြီး ကမ်းပေးခဲ့သည်။

[ဘဏ္ဍာရေးအကြံပေး မာဝူဟျွန်း]

ဒါဟီးလည်း လုပ်ငန်းကတ်ကိုကြည့်ပြီးမှ ဒီလူ ဘာကြောင့် ဒီအချိန်ကြီး အပြင်မှာ လွတ်လွတ်လပ်လပ် ရှိနေသလဲဆိုတာကို နားလည်သွားတော့၏။ သို့သော် ဝတ်စားဆင်ယင်ပုံက မေးခွန်းထုတ်စရာဖြစ်နေသည်။ ပုံမှန်အားဖြင့် ဘဏ္ဍာရေးအကြံပေးများက ယုံကြည်မှုတည်ဆောက်ရန်အတွက် အနောက်တိုင်းဝတ်စုံနှင့် စာရွက်စာတမ်းအိတ်ကိုကိုင်ကာ သွားလာကြလေ့ရှိသည်။ ဒါက နည်းနည်းထူးဆန်းတဲ့အခြေအနေပဲဟု ဒါဟီး တွေးလိုက်မိ၏။

"ကျွန်မမှာတော့ လုပ်ငန်းကတ်မရှိပါဘူး။ နာမည်က အီဒါဟီးလို့ခေါ်ပါတယ်ရှင့်။ အသက်က သုံးဆယ်ပါ။ ရှင့်အသက်ကရော ဘယ်လောက်လဲမသိဘူး။"

"သုံးဆယ့်နှစ်နှစ်ပါ။"

"ရှေ့လျှောက် မာဝူဟျွန်းလို့ပဲ ခေါ်ပါ့မယ်။"

ဒါဟီးက "အစ်ကို" ဟူသည့် အသုံးအနှုန်းကို မမျှော်လင့်ဖို့ပြောနေသည့်အလား စည်းသားလိုက်သည်။ ဝူဟျွန်းက ဒါဟီးကိုကြည့်ပြီး ညင်သာသောအသံနှင့် ပြောခဲ့သည်။

"ကောင်းပါပြီ။ အီဒါဟီးခင်ဗျ။"

~~~~~

ကော်ဖီဆိုင်ကထွက်လာသည့် ဝူဟျွန်းက မှန်ပြတင်းပေါက်အပြင်မှနေ၍ ဆိုင်ထဲတွင် အသာလေးထိုင်နေသော ဒါဟီးကို လှမ်းကြည့်လိုက်သည်။ သူက ကွန်ပျူတာဖန်သားပြင်မှ Point of Sales (POS) ကို ကြည့်ကာ တစ်ခုခုကို ရေးသားနေပုံပင်။

ကော်ဖီဆိုင်က မထွက်ခင် ဝူဟျွန်းက သိချင်တာမရှိဘူးလားဟု မေးခဲ့၏။ ဒါဟီးက သိချင်တာရှိရမှာလားဟူသောပုံစံဖြင့် 'မရှိပါဘူး' ဟု ဖြေခဲ့သည်။ ထို့အပြင် 'ဖြစ်နိုင်ရင် တစ်ယောက်အကြောင်းတစ်ယောက် သိချင်စိတ်လည်း မထားဘဲနေကြရအောင်။ အဲ့ဒီလိုစည်းတစ်ခုထားတာက နှစ်ယောက်စလုံးအတွက် ပိုအဆင်ပြေတယ်လေ' ဟုပါ ထပ်ပြောလိုက်သေးသည်။ သပ်ရပ်ပြီး ခေတ်ဆန်သည့် ရုပ်ရည်သွင်ပြင်နှင့်လိုက်ဖက်သည့် စိတ်နေစိတ်ထားပင်။ ထိုအချက်ကို သူ သဘောကျ၏။

ဝူဟျွန်းက ချက်ချင်း အိမ်ပြန်လာခဲ့သည်။ ကော်ဖီဆိုင်မှ ၁၀ မိနစ်လောက်ဝေးသည့်နေရာက လူနေရပ်ကွက်ပင်။ ကြီးမားလှသည့် ရဲတိုက်လိုအဆောက်အအုံများကြားတွင် မီးခိုးရောင် သေတ္တာပုံစံ ခေတ်မီအဆောက်အအုံတစ်ခုရှိ၏။ ဝူဟျွန်း လျှို့ဝှက်နံပါတ်ရိုက်ထည့်လိုက်တော့ မှန်တံခါးက လျှောပွင့်သွားသည်။ ဒုတိယထပ်ကို တက်သွားလိုက်သည်နှင့် ဆွန်းထယ်က သူ့အရှေ့တွင် လာရပ်လေသည်။

"ဘယ်တွေသွားနေတာလဲဗျာ။ ဒီလောက်အလုပ်တွေအများကြီးကို ပစ်ထားပြီးတော့။"

ဆွန်းထယ်၏ မျက်နှာက နာရီဝက်အတွင်းမှာတင် နွမ်းလျနေပေပြီ။ ဆွန်းထယ်က ဝူဟျွန်း၏ တစ်ဦးတည်းသော လုပ်ဖော်ကိုင်ဖက်နှင့် ဂျူနီယာဖြစ်သည်။ ဝူဟျွန်းက ဆွန်းထယ်ကို ကျော်လျှောက်သွားရင်း ဘာမှမဟုတ်သလို ပြန်ဖြေလိုက်သည်။

"ကော်ဖီဆိုင်။"

"အဲ့ဒီကို ထပ်သွားပြန်ပြီလား။"

"ဒီနေ့က စနေနေ့ဆိုတော့ ကိစ္စမရှိဘူးလေ။"

"နောက်တစ်ပတ် တနင်္လာနေ့လည်း သွားဦးမှာပဲမဟုတ်လားဗျ။ ဈေးကွက်ပိတ်တာနဲ့ ချက်ချင်း သွားဦးမှာကို။ ဈေးကွက်ပြင်ပ ရင်းနှီးမြှုပ်နှံမှုကိုတော့ ထည့်တောင်မတွေးဘဲနဲ့။"

"ဈေးကွက်ပြင်ပ ရင်းနှီးမြှုပ်နှံမှုကိုက မင်းဆီပဲ အပ်ထားတာလေ။"

ဝူဟျွန်းက ရုံးခန်းတံခါးကိုဖွင့်ပြီး ဝင်သွားလိုက်သည်။

"ရှင်းလည်းမရှင်းပြဘဲ 'တာဝန်ကျေလိုက်ပါဦး' လို့ပြောပြီး ပျောက်သွားတာကို အပ်တယ်တဲ့လား။ စီနီယာ။ ကျွန်တော့်ရဲ့ အပိုင်းက အိမ်ခြံမြေပါ။ ရှယ်ယာတွေ၊ ရန်ပုံငွေတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေက အကုန်စီနီယာ့အပိုင်းလေ။"

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment