no

Font
Theme

အပိုင်း ၂၂

-အစ်ကို၊ ဘယ်တော့ရောက်မှာလဲ။

ဆွန်းထယ်ဆီမှ ဖုန်းပင်။ ဝူဟျွန်းက ဖုန်းကို နားနားကပ်ထားရင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။

"ဒီညနေ လေယာဉ်နဲ့။"

-ဘာလို့ ဒီလောက် ဆူညံနေတာလဲ။ ဘယ်ရောက်နေတာလဲ။

"Duty-Free ဆိုင်။"

ဝူဟျွန်းက ပြန်ဖြေရင်း Duty-Free ဆိုင်ကို ဖြည်းဖြည်းချင်း လှည့်ပတ်ကြည့်ခဲ့သည်။

ဖခင်ဘက်မှအဘိုး၏ အသက် ၇၀ ပြည့် မွေးနေ့ပွဲကို အမေရိကန်တွင် ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့၏။

ဝူဟျွန်းက အလုပ်ကို အကြောင်းပြကာ မတက်ရောက်ဘဲနေရန် ကြိုးစားခဲ့သော်လည်း သားဖြစ်သူ၏ လှည့်ကွက်များကို မည်သူ့ထက်မဆို ပို၍လျင်မြန်စွာရိပ်မိသော မိခင်ဖြစ်သူက 'မလာရင် ဆောအွန်းနဲ့ အတင်းအကျပ် လက်ထပ်ပေးမှာ။ နင့်ပါးစပ်ကို ပိတ်ပြီးတော့တောင်' ဟု ခြိမ်းခြောက်ခဲ့သောကြောင့် မတတ်သာဘဲ တက်ရောက်ခဲ့ရ၏။ နှစ်ညအိပ်သုံးရက်ခရီးစဉ် ပြီးဆုံးပြီးနောက် ဝူဟျွန်း တစ်ယောက်တည်း Duty-Free ဆိုင်သို့ ဝင်ခဲ့သည်။ ကိုရီးယားတွင်ရှိနေစဉ်က အလုပ်များပြီး ပင်ပန်းသောကြောင့် ကုန်တိုက်သွားရန် အချိန်မရှိခဲ့။ ယခုလို အနားရတုန်းတွင် လိုအပ်တာများ ဝယ်ယူရန် စဉ်းစားလိုက်မိ၏။

-Duty-Free ဆိုင်ပေါ့လေ။ အရင်ကတော့ ကျွန်တော်က သွားရအောင်ပါလို့ ဘယ်လောက်ပဲ တောင်းပန်တောင်းပန် မျက်တောင်တစ်ချက်တောင် မခတ်ခဲ့ဘဲနဲ့။

ဆွန်းထယ်က မကျေမနပ် ရေရွတ်လိုက်သည်။

"ဟုတ်ပါရဲ့။"

ဝူဟျွန်းက ဘာမှထွေထွေထူးထူးမဟုတ်သလို ပြန်ဖြေခဲ့သည်။

-ဘာတွေဝယ်မလို့လဲ။

"ပိုက်ဆံအိတ်နဲ့ ရေမွှေး။"

Duty-Free ဆိုင်ကို ရောက်လာစက ဝူဟျွန်း ဤကဲ့သို့ စိတ်ကူးထားခဲ့ခြင်းမဟုတ်။ သို့သော် တကယ်တမ်းတွင် သူ့ခြေလှမ်းများက Chanel လက်ကိုင်အိတ်များ ပြသထားရာစင်အရှေ့တွင် ရပ်တန့်သွားပြီး မရွေ့တော့ချေ။ ဝူဟျွန်း၏ အကြည့်က စင်၏အပေါ်ဆုံးထပ်တွင်ရှိနေသော အနက်ရောင်လက်ကိုင်အိတ်ဆီသို့ ရောက်သွား၏။

ဆိုင်ဝန်ထမ်း အမျိုးသမီးက အသာလေးလျှောက်လာကာ ဝူဟျွန်းဘေးတွင်လာရပ်ခဲ့သည်။

"အဲ့ဒါလေး ပြပေးပါဗျ။"

ဝူဟျွန်းက စင်အပေါ်ဆုံးရှိအိတ်ကို ညွှန်ပြရင်း အင်္ဂလိပ်လို ပြောလိုက်သည်။ လက်အိတ်အဖြူဝတ်ထားသည့် ဝန်ထမ်းအမျိုးသမီးက အိတ်ကို ဂရုတစိုက် ယူချပေးကာ လက်ကိုင်၊ အတွင်းပိုင်းနှင့် အနားသပ်များကိုပါ သေချာပြသပေးခဲ့သည်။

-အစ်ကို၊ ဘာပြပေးနေတာလဲ။ ကျွန်တော့်အတွက် လက်ဆောင်လား။

ဆွန်းထယ်က စိတ်လှုပ်ရှားစွာ မေးခဲ့သည်။

"အမျိုးသမီးတွေရဲ့ အကြိုက်ဆုံး လက်ကိုင်အိတ်ပါ။"

ဝူဟျွန်းကို ကိုရီးယားလူမျိုးမှန်း သိလိုက်သည့် ဝန်ထမ်းအမျိုးသမီးက ကိုရီးယားလို ပြောခဲ့သည်။

-အစ်ကို၊ ဘယ်မှာလဲ။ အမျိုးသမီးပေါ့လေ။ လက်ကိုင်အိတ်လား။

ဝူဟျွန်း အမျိုးသမီးဝန်ထမ်းကို ကြည့်နေချိန်တွင် နားပါးသည့် ဆွန်းထယ်က ချက်ချင်း ပြန်မေးခဲ့သည်။

"လက်ဆောင်ပေးမလို့။"

-အမေလား။

"မဟုတ်ဘူး။"

-အစ်ကို၊ စိတ်မရှည်လို့ မေးကြည့်တာဆိုပေမဲ့ ဧကန္တ ကော်ဖီဆိုင်ပိုင်ရှင် မိန်းမကို လက်ဆောင်ပေးမလို့လား။

ဝူဟျွန်းက နှုတ်ဆိတ်လျက် တုံ့ပြန်ခဲ့သည်။

-တကယ်ပဲလား။

ဆွန်းထယ် ဘုရားတလိုက်မိ၏။ အထိမ်းအမှတ်နေ့များမှလွဲ၍ ချစ်သူကို လက်ဆောင်ပေးလေ့မရှိသော ဝူဟျွန်းက လက်ကိုင်အိတ် ဝယ်ပေးရန်ပင် သွားသတဲ့။

-အဲ့ဒီမိန်းမနဲ့။

"ပြန်ပြော။"

ပြန်ပြောခိုင်းသလိုမျိုး ဝူဟျွန်းက တိုတိုပြတ်ပြတ်ပြောလိုက်တော့ ဖုန်းတစ်ဖက်က တိတ်ဆိတ်သွား၏။ ဆွန်းထယ် ဆတ်ခနဲကျုံ့သွားသည့်ပုံပင်။

-အဲ့ဒီမိန်းမနဲ့ တွဲနေတာလားဗျ။

"ဟင့်အင်း။"

-ဒါပေမဲ့ လက်ကိုင်အိတ် လက်ဆောင်ပေးမယ်ပေါ့လေ၊ ဟုတ်လား။ တခြားသူလည်းမဟုတ်ဘဲ အစ်ကို့လို လူကများ။

ဝူဟျွန်းက နောက်ထပ်ငြင်းခုံလိုစိတ် မရှိတော့သည့်ပုံစံဖြင့် ဆွန်းထယ်၏ စကားကို ဖြတ်လိုက်သည်။

"ငါ ဘာဝယ်နေလဲဆိုတာ စစ်ဆေးဖို့ဖုန်းဆက်တာလား။ အဓိက​လိုရင်းပဲ ပြော။"

-မန်နေဂျာ ဂင်က အစ်ကိုပြန်လာရင် ညစာတစ်နပ်စားချင်တယ်တဲ့။ သူ့တူရဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို အပ်ချင်နေတဲ့ပုံပဲ။

"ချိန်းလို့ရမဲ့အချိန်ကို ပြောခိုင်းထားလိုက်။ တတ်နိုင်သမျှ အချိန်ညှိပြီး လာတွေ့ပါ့မယ်လို့ ယဉ်ယဉ်ကျေးကျေး ပြောထား။"

ဝူဟျွန်းက လေသံတင်းတင်းဖြင့် ပြန်ဖြေရင်း ဝန်ထမ်းအမျိုးသမီး ပြပေးနေသည့်အိတ်ကို သေချာကြည့်လိုက်သည်။

-ဟုတ်ကဲ့။ အစ်ကို ရောက်တုန်းရောက်ခိုက် ကျွန်တော့်ကိုလည်း ပိုက်ဆံအိတ်လေး ဝယ်ခဲ့ပေးပါဦး။ ကျွန်တော့် ပိုက်ဆံအိတ်က စုတ်ပြတ်နေပြီ။ ကျွန်တော်သုံးတဲ့ Brand ကို သိတယ်မဟုတ်လား။ အဲ့ဒီကထုတ်တဲ့ ပစ္စည်းအသစ်လေး ဝယ်ခဲ့ပေးပါ။

"အင်း။"

ဖုန်းပြောပြီးနောက် ဝူဟျွန်းက လက်ကိုင်အိတ်ကို ကြည့်ခဲ့သည်။ ဈေးကြီးပြီး သေသပ်၏။ အိတ်ကိုမြင်လိုက်သည်နှင့် ဒါဟီးကို သတိရမိသွားသည်။ ဒါဟီး၏ တည်ငြိမ်သည့်ပုံစံနှင့် လက်ကိုင်အိတ်က လိုက်ဖက်ညီလှ၏။

'ဒါပေမဲ့ လက်ကိုင်အိတ် လက်ဆောင်ပေးမယ်ပေါ့လေ။ တခြားသူလည်းမဟုတ်ဘဲ အစ်ကို့လို လူကများ။'

အံ့ဩတကြီးမေးလာသည့် ဆွန်းထယ်၏ အသံကို ဝူဟျွန်း ပြန်အမှတ်ရလိုက်သည်။ ချစ်သူရှိစဉ်ကပင် အထိမ်းအမှတ်နေ့များမှလွဲ၍ ဘာလက်ဆောင်မှ ပေးခဲ့သူမဟုတ်။ သို့သော် ယခုတော့ ချစ်သူပင်မဟုတ်သည့် မိန်းမအတွက် လက်ကိုင်အိတ်ကို ရွေးချယ်နေခဲ့သည်။ မိမိအတွက် ရေမွှေးနှင့် ပိုက်ဆံအိတ်ကိုပင် အခုအထိ မဝယ်ရသေးပေ။

"ဒီတစ်ခုယူမယ်ဗျ။"

သို့သော်လည်း ဝူဟျွန်းက တွေဝေမနေဘဲ ရွေးချယ်ခဲ့သည်။

ဒါဟီး ပျော်ရွှင်နေသည့်ပုံစံကို မြင်ချင်၏။ အိတ်ကို ရွေးချယ်လိုက်ရသည့် အကြောင်းပြချက်ကား ယင်းအချက်တစ်ခုတည်းကြောင့်ပင်။

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment