အပိုင်း ၇
မင်္ဂလာဆောင်ရောက်မှပဲ ဒါဟီးလည်း သတို့သမီးနှင့် သတို့သားက သူ့ကို ဘာကြောင့် အသည်းအသန် ဖိတ်ခဲ့ကြမှန်း သိသွားတော့သည်။ တက္ကသိုလ်ကသူငယ်ချင်းများအပြင် ယခင်အလုပ်မှ လုပ်ဖော်ကိုင်ဖက်များပါ အကုန်လုံး တစ်နေရာတည်းတွင် ရောက်နေကြ၏။
ဒါဟီးနှင့် သတို့သမီး ဟယ်ယောင်းတို့က တက္ကသိုလ်တွင် တစ်ဌာနတည်းမှ ဘွဲ့ရခဲ့ကြပြီး၊ အလုပ်ဝင်တော့လည်း တစ်နေရာတည်းကို အတူတူဝင်ခဲ့ကြသည့် ရှားရှားပါးပါးသူငယ်ချင်းများ ဖြစ်ကြသည်။ အနည်းဆုံးတော့ ဟယ်ယောင်းက ဒါဟီး၏ ချစ်သူ ဂန်းဟိုကို စိတ်မဝင်စားခင်အထိပင်။
ဂန်းဟိုက ဘယ်သူပဲကြည့်ကြည့် ချောမောခံ့ညားသော ယောက်ျားတစ်ယောက်ဖြစ်၏။ တောင့်တင်းကြံ့ခိုင်သောခန္ဓာကိုယ်၊ သပ်ရပ်သောရုပ်ရည်နှင့် ချမ်းသာကြွယ်ဝမှုတို့ကို ပိုင်ဆိုင်ထားသော သူက ဒါဟီးကို အချိန်အတော်ကြာအောင် လိုက်ခဲ့သူပင်။ ကျောင်းတုန်းက ဌာန၏ သီချင်းဆိုပြိုင်ပွဲတွင် သီချင်းဆိုနေသော ဒါဟီးကိုမြင်ကာ သဘောကျခဲ့ပြီးနောက် တစ်နှစ်ပတ်လုံး ဇွဲရှိရှိ လိုက်ခဲ့ပြီး ရလဒ်အဖြစ် ဒါဟီးက သူနှင့်ချစ်ကြိုက်ခဲ့သော်လည်း သုံးနှစ်အကြာတွင် ဇာတ်လမ်းဆုံးသွားခဲ့သည်။ 'မင်း ငါ့ကို မချစ်ဘူး' ဟူသော သူ၏စကားနှင့်အတူ။ ဒါဟီးကို နာကျင်စေချင်သော ဂန်းဟို ရွေးချယ်ခဲ့သည့်သူက ဟယ်ယောင်းပင်။ ဟယ်ယောင်းက သူ့စိတ်ထဲတွင် ဘာရှိသည်ကို သိပါလျက်နှင့်ပင် သူ့အား တွန်းလှန်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ဒါဟီးက သူများနှင့်ယှဉ်လျှင် ခံစားချက်မရှိသူတစ်ဦး ဖြစ်သော်လည်း နာကျင်မှုကို မခံစားတတ်သည်တော့မဟုတ်။ ဂန်းဟို လိုချင်ခဲ့သည့်အတိုင်း ဒါဟီးတစ်ယောက် နာကျင်ခဲ့ရပြီး၊ ဘဝတွင်ရှင်သန်နေထိုင်ရခြင်း၏ သဘောတရားအားလုံးကို စိတ်ကုန်ငြီးငွေ့လာတော့၏။ ငွေလိုအပ်၍ ကုမ္ပဏီတွင် အလုပ်ဝင်ခဲ့ခြင်းမဟုတ်သောကြောင့် ဒါဟီးလည်း နုတ်ထွက်စာတင်ပြီးနောက် တစ်နှစ်အနားယူခဲ့သည်။
ဒါဟီးက အတိတ်တွင်ရရှိခဲ့သော ဒဏ်ရာများကို ပြန်ပြောင်းသတိရရင်း သူတို့နှစ်ဦး၏ မင်္ဂလာဆောင်ဓာတ်ပုံများကို ကြည့်နေ၏။ ခဏနေတော့ ဒါဟီးဘေးသို့ ဝူဟျွန်း ရောက်ရှိလာတော့သည်။
"ဘယ်ကပြန်လာတာလဲ။"
"ကားပါကင်ထိုးပြီး ပြန်လာတာလေ။"
ဝူဟျွန်း ပြုံးလိုက်တော့ ဒါဟီးက နားမလည်သည့်ပုံစံဖြင့် ကြည့်ခဲ့သည်။ မြေအောက်ကားပါကင်တွင် ကားပါကင်ထိုးခြင်းက ဤမျှလောက်ကြာမည်မဟုတ်ပေ။
"ဒါဟီး မဟုတ်လား။"
သို့လောသို့လောဖြစ်နေကြသူများက တစ်ယောက်ပြီးတစ်ယောက် ဒါဟီးကို မှတ်မိကြောင်း ပြလာကြသည်။
"မင်္ဂလာပါ။"
ဒါဟီး၏ နှုတ်ဆက်စကားကို သူတို့က 'အင်း၊ တွေ့ရတာဝမ်းသာလိုက်တာ'၊ 'မတွေ့တာကြာပြီနော်' အစရှိသည်ဖြင့် တုံ့ပြန်ခဲ့ကြသော်လည်း သူတို့မျက်နှာပေါ်တွင် ဖျောက်ဖျက်မရသည့် မသက်မသာဖြစ်မှုများ ရှိနေ၏။ 'ဘာလို့များ ဒီကို ရောက်နေရတာလဲ' ဟူသော သူတို့၏မျက်နှာများကို ကြည့်ရင်း ဒါဟီးက ပြုံးလိုက်သည်။
"ဖိတ်စာရထားလို့ပါ၊ နှစ်ယောက်စလုံးဆီကလေ။"
ဒါဟီးက လက်ပွေ့အိတ်ထဲမှ ဖိတ်စာကို ထုတ်ယူကာ လူတွေကို ပြလိုက်သည်။ ဒါဟီးကို ဝန်းရံထားသော လူများ၏ မျက်နှာများ ချက်ချင်း ရှုံ့မဲ့သွားကြ၏။ ဒါဟီးက သတို့သမီး၏ သူငယ်ချင်းဖြစ်ပြီး၊ သတို့သား၏ ရည်းစားဟောင်းဖြစ်သည်ဟူသော အချက်ကို သူတို့အားလုံးလည်း အသိပင်။
"တကယ်ပဲ ဘာဖြစ်လို့ ဒီလိုတွေ လုပ်ရတာလဲ။"
တစ်ယောက်က မဖုံးကွယ်နိုင်တော့သည့် စိတ်ထဲမှစကားကို ထုတ်ပြောလိုက်သည်။
"ခွင့်လွှတ်ပေးတာလိုချင်ပါတယ်ဆိုပြီး မဖြစ်မနေတက်ရောက်ပေးဖို့ စာပို့လာတာပါ။"
"ဘယ်သူလဲ။ ဟယ်ယောင်းဆီကလား။"
သူငယ်ချင်းတစ်ယောက်က မေးလာသည်။ ဒါဟီး ရယ်လိုက်၏။
"သတို့သားနဲ့ သတို့သမီး နှစ်ယောက်စလုံးဆီကပါ။"
ဒါဟီး၏ စကားကြောင့် လူတွေလည်း တီးတိုးတီးတိုး ပြောကုန်ကြတော့သည်။ 'ဘာလို့ ဒီလိုတွေ လုပ်ကြတာလဲ'၊ 'ရက်စက်လိုက်ကြတာ' ဟူ၍ တီးတိုးတီးတိုးစပြောလိုက်ကြသည်နှင့် ထိုစကားများက တခြားသူများထံသို့ ကူးစက်သွားတော့၏။ တချို့ဆိုလျှင် သတို့သမီးစောင့်ဆိုင်းခန်းကိုပင် စိုက်ကြည့်နေကြသည်။
"ကျွန်မ သတို့သမီးစောင့်ဆိုင်းခန်းကို သွားလိုက်ပါဦးမယ်။ ရောက်တုန်းရောက်ခိုက် ဓာတ်ပုံဖြစ်ဖြစ်တော့ ရိုက်သွားရသေးတာပေါ့။"
ဒါဟီးက ညင်သာစွာ ပြုံးလိုက်ပြီးနောက် သတို့သမီးစောင့်ဆိုင်းခန်းဆီသို့ ဦးတည်သွားခဲ့သည်။ ဖြူလွလွ သတို့သမီးဝတ်စုံကို ဝတ်ဆင်ထားသော ဟယ်ယောင်းက ဝင်လာသည့် ဒါဟီးကိုမြင်တော့ ထူးဆန်းသော အမူအရာဖြစ်သွားသည်။
"ဒါဟီးရေ။"
ဟယ်ယောင်းက ထူးခြားသော နူးနူးညံ့ညံ့အသံလေးဖြင့် ဒါဟီးကို ခေါ်ခဲ့သည်။ ဒါဟီးက မရေမတွက်နိုင်သော မီးရောင်များအောက်တွင် သေသေသပ်သပ်ထိုင်နေသော ဟယ်ယောင်းကိုကြည့်ပြီး ပြုံးပြလိုက်၏။
"မတွေ့တာကြာပြီနော်။"
"ရောက်လာတာပဲ။ ကျေးဇူးပါနော်။"
ဟယ်ယောင်း၏ အသံက တုန်ရီနေ၏။
"ဖိတ်ထားတာကို လာရမှာပေါ့။"
ဒါဟီး၏ စကားကြောင့် ဟယ်ယောင်း၏ မျက်လုံးများ တုန်ယင်သွားသည်။ ဟယ်ယောင်းက သူ့ဘေးတွင် ဝန်းရံနေသော သူငယ်ချင်းများကိုကြည့်ပြီး ပြောလိုက်၏။
"ခဏလောက် အပြင်ထွက်ပေးကြပါလား။ ပြောစရာလေးတွေ ရှိနေလို့။"
ဟယ်ယောင်း၏ တောင်းဆိုမှုကြောင့် သူငယ်ချင်းများက ဒါဟီးကို ကွက်ကြည့်ကွက်ကြည့်လုပ်ရင်း ထွက်သွားကြသည်။ ဒါဟီးလည်း တစ်ဖက်လှည့်ပြီး ဝူဟျွန်းကို ကြည့်လိုက်၏။
"ခဏလေး အပြင်မှာ စောင့်နေပေးပါလား။"
ဒါဟီး၏ စကားကြောင့် ဝူဟျွန်းက ပေါ့ပေါ့ပါးပါးခေါင်းညိတ်ပြီး အပြင်သို့ ထွက်သွားခဲ့သည်။ ဟယ်ယောင်းက ထွက်သွားသော ဝူဟျွန်း၏ ကျောပြင်ကို နားမလည်သလို မျက်နှာဖြင့် ကြည့်နေ၏။
"ဘယ်သူလဲဟင်။"
"မင်္ဂလာပွဲတက်တာကို ဘယ်သူ့များ ခေါ်လာရဦးမှာလဲ။"
ဒါဟီး ပြန်ဖြေလိုက်တော့ ဟယ်ယောင်း၏ မျက်နှာအမူအရာက တစ်မျိုးဖြစ်သွားသည်။
"ဒီတော့ တွေ့နေတဲ့သူရှိတယ်ပေါ့လေ။ တော်သေးတာပေါ့။ ကြည့်ကောင်းတယ်နော်။"
"အဲ့ဒါပြောဖို့ ငါ့ကို ခေါ်လိုက်တာလား။ ပြောစရာရှိတယ်ဆို။ ဘာပြောမလို့လဲ။"
ဒါဟီးက မေးလိုက်သည်။ ဟယ်ယောင်းတစ်ယောက် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် စကားစရန်ပြင်နေစဉ်တွင်။
" 'တောင်းပန်ပါတယ်၊ ခွင့်လွှတ်ပေးပါ' ဆိုတဲ့ စကားမျိုးတွေ မပြောဘဲနေကြရအောင်။"
ဒါဟီးက ပြတ်ပြတ်သားသား ပြောလိုက်သောအခါ ဟယ်ယောင်း၏မျက်နှာက တင်းသွားတော့သည်။ ဒါဟီးက လက်ပိုက်ပြီး ဟယ်ယောင်းကို မျက်နှာသေဖြင့် စိုက်ကြည့်နေ၏။
~~~~~
Miel's Translations