အပိုင်း ၁၅
ဆိုင်ပိတ်ပြီး အပြင်ထွက်လာသည့် ဒါဟီးတစ်ယောက် တစ်ချက်ရပ်လိုက်မိသည်။ ဝူဟျွန်း၏ကားက ကားပါကင်တွင် ရပ်ထားလျက်ရှိနေ၏။ ဒီနေ့ နေ့လယ်ခင်းကတင် ခဏလာသွားခဲ့သူပင်။ တစ်နေ့ကို တစ်ခါထက် ပိုမလာတတ်သူက ဘာကိစ္စပါလိမ့်ဟု တွေးလိုက်မိသည်။
ဒါဟီး ကားအနားရောက်သွားတော့ ဝူဟျွန်းက ကားပေါ်မှ ဆင်းလာသည်။ ဒါဟီးက နားမလည်သလို မျက်နှာနှင့် ဝူဟျွန်းကို ကြည့်လိုက်၏။
"ဒီမှာ ဘာလုပ်နေတာလဲ။ ရောက်လာရင်လည်း ဝင်လာရောပေါ့။"
"ဆိုင်ပိတ်နေပြီမဟုတ်လား။"
"ဘာကိစ္စရှိလို့လဲရှင့်။"
"ညစာ စားပြီးပြီလား။"
ဒါဟီးက ခေါင်းခါပြလိုက်သည်။ ညစာစားချိန်ဝန်းကျင်လောက်တွင် ရပ်ကွက်ထဲမှ သူဌေးကတော် အဒေါ်ကြီးငါးယောက် လူမှုရေးတွေ့ဆုံစုဝေးပွဲလုပ်ရန်အတွက် ရောက်လာခဲ့ကြသည်။ ကော်ဖီအပါအဝင် အချိုပွဲများမှာယူခဲ့ကြသော သူဌေးကတော်တွေက သုံးနာရီကြာအောင် စကားပြောနေခဲ့ကြပြီး ဒါဟီးလည်း ကောင်တာတွင် စောင့်နေခဲ့ရသဖြင့် ညစာမစားနိုင်ခဲ့ပေ။
"ချိန်းထားတာရှိလား။"
"မရှိပါဘူး။ အတူတူ ညစာစားမလို့လား။"
အကင်းပါးသည့်အပြင်၊ အကင်းပါးကြောင်းကို လုံးဝ ဖုံးကွယ်ထားခြင်းမရှိသည့် ဒါဟီးကိုကြည့်ရင်း ဝူဟျွန်း ခပ်ပေါ့ပေါ့လေး ရယ်လိုက်မိသည်။
"အင်း။"
"ဘာလို့ ညစာမစားရသေးတာလဲရှင့်။"
"ထွက်ပြေးလာတာ။"
"ထွက်ပြေးတယ်။"
"ရုံးကို အမေနဲ့ တခြားလူတွေ ရောက်လာဖို့ အလားအလာများနေလို့။"
အမေနှင့် 'တခြားလူတွေ' ဟု ပြောရရုံလေးနှင့်တင် ဝူဟျွန်း၏ မျက်နှာထားက ပင်ပန်းသည့်ပုံဖြစ်သွားတော့သည်။ အရင်ဆုံး ရုံးမှထွက်ပြေးလာခဲ့သော်လည်း သွားစရာနေရာ မရှိခဲ့ပေ။ ထို့ကြောင့် ရောက်လာသည့်နေရာက ဤ Café Sema ပင်။ ဆိုင်ပိတ်သိမ်းနေသော ဒါဟီးကို အနှောင့်အယှက် မဖြစ်စေချင်သောကြောင့် အပြင်ကသာ စောင့်နေခဲ့၏။
"ဘာစားကြမလဲ။"
ဒါဟီးက ခရီးသည်ထိုင်ခုံဘက်မှ တံခါးကို သဘာဝကျကျ ဖွင့်လိုက်ရင်း မေးခဲ့သည်။
"မင်းက ဘယ်လိုအစားအသောက်မျိုးကြိုက်လဲ။"
"ဒီနေ့ကျမှ ဆီများတာလေး စားချင်နေတယ်။ cream spaghetti ဆိုရင် အဆင်ပြေမလား။"
ယာဉ်မောင်းသူဘက်မှ တံခါးကိုဖွင့်နေသည့် ဝူဟျွန်းက တစ်ချက်တုံ့သွားပြီးမှ ပြုံးလိုက်ရင်း ခေါင်းညိတ်ခဲ့သည်။
"ကောင်းပြီလေ။"
ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော ဒါဟီးက ဝူဟျွန်းကိုကြည့်ရင်း ပြောခဲ့သည်။
"ကျွန်မ ကောင်းကောင်းသိတဲ့ နေရာတစ်ခုရှိတယ်။ သွားကြည့်ချင်နေတာလည်း ကြာပြီရှင့်။"
"သွားကြည့်ချင်နေတာကို ဘာလို့ အခုအထိ မသွားဖြစ်သေးတာလဲ။"
"အတူတူသွားမဲ့သူမရှိလို့ပါ။"
"သူငယ်ချင်းတွေကရော။"
"သူငယ်ချင်းတွေ အကုန်လုံး အိမ်ထောင်တွေကျပြီး ဘဝအတွက်ရုန်းကန်နေကြရပြီလေ။ Cream spaghetti သွားစားရအောင်လို့ပြောတော့ သူတို့က ဘူဖေးသွားစားကြမယ်တဲ့။ အဲ့ဒီမှာ pizza ရော၊ spaghetti ရော အကုန်ရှိတယ်ဆိုပြီးတော့။ အဲ့ဒါနဲ့ပဲ တစ်ခါမှမသွားဖြစ်တာ။"
"ဒါဆို ကိုယ်ရှိလို့ တော်သေးတာပေါ့။"
ရယ်သံသဲ့သဲ့ကြောင့် ကားမောင်းနေသည့် ဝူဟျွန်းလည်း ဒါဟီးဘက်သို့ လှည့်ကြည့်လိုက်မိသည်။ ဒါဟီးက ပြုံးနေသည့် နှုတ်ခမ်းများကို လက်ဖြင့်အုပ်ထားရင်း ဝူဟျွန်းကို ကြည့်ခဲ့၏။
"ဟုတ်တယ်နော်။ ဝူဟျွန်းရှိနေလို့ တော်သေးတာပေါ့။"
အရသာရှိတာ စားရတော့မည်ဟူသော အတွေးဖြင့် ဒါဟီးက စိတ်လှုပ်ရှားစွာ ပြန်ဖြေခဲ့သည်။ သို့သော် ဝူဟျွန်း၏ မျက်နှာထားက တဖြည်းဖြည်း တင်းမာလာသဖြင့် နည်းနည်းအနေခက်စရာဖြစ်လာသည်။ ဒါဟီးလည်း အလေးအနက်မျက်နှာထားဖြင့် ဝူဟျွန်းကို မေးလိုက်၏။
"ဘာဖြစ်လို့လဲရှင့်။"
"ဘာကိုလဲ။"
"မျက်နှာထားက..."
"ဘာမှမဟုတ်ပါဘူး။"
ဝူဟျွန်းက ခေါင်းကို အရှေ့တည့်တည့်ပြန်လှည့်လိုက်သည်။ ဒါဟီးက သူ့စကားကိုပဲ ရိုးရိုးသားသား ပြန်ပြောခဲ့ခြင်းဖြစ်မှန်းသိသည်။ သိလျက်နှင့်ပင် 'ဝူဟျွန်းရှိလို့ တော်သေးတာပေါ့' ဆိုသည့် စကားကြောင့် ရင်ထဲတွင် ဒိတ်ခနဲဖြစ်သွားခဲ့၏။ မျက်လုံးလေးတွေ မှေးမှိတ်သွားအောင် ပြုံးလိုက်သည့် မျက်နှာနှင့်၊ စိတ်လှုပ်ရှားနေသလို ပေါ့ပါးသည့် ဒါဟီး၏ အသံကြောင့် သူ အနည်းငယ် တုန်ယင်သွားခဲ့ရသည်။
ရည်းစားမထားရတာ ကြာပြီဖြစ်တာကြောင့်ပဲ အာရုံခံဆဲလ်တွေ အကုန်နိုးကြားလာတာလား၊ ဒါမှမဟုတ် ထူးဆန်းတဲ့ဘက်ကို ပြောင်းလဲလာတာလားဟူသည်ကိုမူ ခွဲခြား၍မရနိုင်ခဲ့ပေ။ ဒါဟီးက 'ဘာပါလိမ့်' ဟူသော စူးစမ်းသလို မျက်နှာနှင့် ဝူဟျွန်းကို တစ်ချက်ကြည့်ပြီးနောက် ပြတင်းပေါက်အပြင်ဘက်သို့ အကြည့်ကိုပြောင်းလိုက်သည်။
Cream spaghetti ရောင်းသည့် အီတလီစားသောက်ဆိုင်က ၁၅မိနစ်ကြာအောင် ကားမောင်းရသည့် အကွာအဝေးတွင်ရှိသည်။ မြို့လယ်ခေါင်နှင့် နည်းနည်းလှမ်းကာ မြို့ပြင်တွင်ရှိနေသည့် စားသောက်ဆိုင်က နာမည်ကြီးသည့်နေရာဖြစ်ပုံရပြီး ကျယ်ဝန်းသည့် ကားပါကင်ပင် ကားများပြည့်နေ၏။
နေရာယူကာ ထိုင်လိုက်ပြီးနောက် ဝူဟျွန်းက ဒါဟီးထံ မီနူးစာအုပ်ကို သဘာဝကျကျလေး ထိုးပေးလိုက်သည်။ အစားအသောက် အထူးမရွေးတတ်သည့် ဝူဟျွန်းက အမြဲလိုလို ဒါဟီးကိုသာ မီနူးရွေးစေခဲ့၏။
"Cream spaghetti တစ်ပွဲနဲ့၊ chicken risotto တစ်ပွဲပေးပါ။"
ဒါဟီးက သဘာဝကျကျလေး မှာယူပြီးနောက် စားပွဲထိုးကို မီနူးစာအုပ် ပြန်ပေးလိုက်သည်။ အမျိုးသားစားပွဲထိုးက ဒါဟီး၏ မျက်နှာကိုကြည့်ပြီး မျက်နှာမသိမသာနီသွား၏။
"ဟုတ်ကဲ့၊ သိပါပြီ။"
အစားအသောက်မှာနေစဉ် တစ်လျှောက်လုံး ဒါဟီးကို ခိုးခိုးကြည့်နေသည့် အမျိုးသား စားပွဲထိုးကိုကြည့်ရင်း ဝူဟျွန်း၏ မျက်နှာက တင်းမာလာတော့သည်။ ကိုယ့်အလုပ်ကိုယ် အာရုံမစိုက်ဘဲ ဧည့်သည်ကို အထာပေးနေသူပင်။ အပြန်တွင် မန်နေဂျာကို တစ်ခုခုတော့ပြောရမည်ဟု ဝူဟျွန်း တွေးလိုက်၏။
"ရော့ပါ။"
ဒါဟီးက wet wipe တစ်ရွက် ကမ်းပေးခဲ့သည်။ Wet wipe ကို လှမ်းယူလိုက်သည့် ဝူဟျွန်း၏ လက်ဖျားများက ဒါဟီး၏လက်ဖျားများနှင့် ထိမိသွား၏။ ဝူဟျွန်း၏ မျက်လုံးများ ကျုံ့သွားခဲ့သည်။ ဒါဟီးကတော့ တစ်ချက်ကလေး တုံ့ခနဲဖြစ်သွားသော်လည်း ဘာမှမဖြစ်သလို လက်ကိုပြန်ရုပ်သိမ်းခဲ့၏။ ဝူဟျွန်းလည်း wet wipe နှင့် သူ့လက်သူ သဘာဝကျကျ သုတ်လိုက်သည်။
လွန်ခဲ့သောတစ်ပတ် နမ်းပြီးကတည်းက ခန္ဓာကိုယ်ချင်း ထိတွေ့ဖြစ်သည်မှာ ယခုက ပထမဆုံးအကြိမ်ပင်။ ကော်ဖီဆိုင်တွင် နေ့တိုင်း မျက်နှာချင်းဆိုင် တွေ့နေရသော်လည်း တိုင်ပင်ထားသလားမှတ်ရလောက်အောင် နှစ်ယောက်စလုံး ထိုနေ့က အနမ်းအကြောင်း ဘယ်သူမှ စကားမစခဲ့ကြချေ။ သို့သော် ထိုအကြောင်း မပြောဖြစ်ဘဲနှင့်တောင်၊ ဝူဟျွန်းကတော့ ထိုနေ့က အဖြစ်ကို စိတ်ထဲတွင် မကြာခဏ ပြန်တွေးနေမိသည်။
လပြည့်ဝန်းနှင့် ကြယ်ပွင့်လေးများ လင်းလက်စွာ ပြန့်ကျဲနေသည့် ညတစ်ညတွင် နှစ်ယောက်သား အကြည့်ချင်းဆုံပြီး နှစ်ဦးသားကြားမှ အငွေ့အသက်ကလည်း ပူနွေးညင်သာလှ၏။ ဝူဟျွန်း၏ အကြည့်များက ဒါဟီး၏ နှုတ်ခမ်းဆီသို့ ရောက်ရှိသွားသည်။ တစ်ခါထပ်ပြီး ထိချင်မိ၏။ ဝင်သက်ထွက်သက်ချင်း ရောယှက်ကာ ထိုထက်ပို၍ရမ္မက်ဆန်သော လျှာချင်းရစ်ပတ်ယှက်နွယ်သည့် လှုပ်ရှားမှုကို တစ်ခါထပ်ပြီး ခံစားလိုသည်။ ဝူဟျွန်း၏ မျက်လုံးများ ဝေဝါးလာတော့၏။
"ခဏလောက် ခွင့်ပြုပါဦး။"
ဒါဟီး နေရာမှထလိုက်သည်။ ဝူဟျွန်းတစ်ယောက် နှမြောတသသည့်အကြည့်ကို မဖုံးကွယ်နိုင်ဘဲ မျက်လုံးမှိတ်လိုက်မိ၏။
"အစ်ကို။"
တစ်ကိုယ်လုံး စိမ့်ခနဲဖြစ်သွားစေသည့် စိတ်ကူးများကို ဖြတ်တောက်ပစ်လိုက်သော ရင်းနှီးနေသည့်အသံကြောင့် ဝူဟျွန်း၏ မျက်ခုံးများ ကျုံ့သွားတော့သည်။ စိတ်ထင့်မှုကဝင်ရောက်လာ၏။ ခေါင်းလှည့်လိုက်သည့်အခိုက်အတန့်တွင် သူ၏စိတ်ထင့်မှုက မှန်ကန်နေကြောင်း သိလိုက်ရလေသည်။ ဆောအွန်းက မျက်လုံးများကိုကျုံ့ကာ သူ့ကို စိုက်ကြည့်နေ၏။ ဝူဟျွန်း၏ မျက်နှာလည်း မဲ့သွားတော့သည်။
ဥပဒေရေးရာမိသားစုမှ ဆင်းသက်လာသူ တစ်ဦးတည်းသောသမီးဖြစ်သည့် ဆောအွန်းကား မိခင်ဘက်ရော၊ ဖခင်ဘက်ကပါ ချစ်ခင်အလိုလိုက်မှုများဖြင့် ကြီးပြင်းလာခဲ့သူပင်။ ထို့ကြောင့် သူလိုချင်သည့်အရာကိုရမှ ကျေနပ်တတ်သည့် စိတ်နေစိတ်ထားရှိသည်။ သူ အလိုချင်ဆုံးအရာက တခြားမဟုတ်ဘဲ ဝူဟျွန်းပင် ဖြစ်ပေ၏။ ပိုဆိုးသည်မှာ ဝူဟျွန်းက လက်ထပ်ရန်မပြောနှင့်၊ ရည်းစားပင်မထားဘဲနေသောကြောင့် သူ့မိသားစုက ဆောအွန်းကို အားတက်သရော ထောက်ခံအားပေးလာကြရာမှ အခြေအနေများ ပို၍ရှုပ်ထွေးသွားတော့သည်။
~~~~~
Miel's Translations